← Chapters

အခန်း (၈၉၁-၈၉၂)

Vol. 88 Ch. 891-892

အခန်း (၈၉၁-၈၉၂)

Vol. 88 Ch. 891-892

အခန်း (၈၉၁) ထူးခြားသော အခမ်းအနား

လုံချန်း၏ စကားသံကို ကြားလိုက်ရသဖြင့် မင်လန်သည် ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။

​"ဘာမှမဟုတ်ပါဘူး... ငါ တစ်ခုခုကို စဉ်းစားနေမိလို့ပါ။ နင်တို့ဘာသာ နင်တို့ ဆက်လုပ်ကြပါ" လုံချန်းက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ရင်း ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။

​သူသည် မင်လန်ရှိရာဘက်သို့ လှည့်၍ မကြည့်ချေ။

​"ငါက နင့်ကို ဒီမှာ အများကြီး သတိရနေတာလေ။ နင်လည်း အထဲကို လိုက်လာခဲ့ပါလား" မင်လန်က ဆိုလိုက်၏။

​"နင်တို့ပဲ ဆက်ချိုးကြပါ။ ငါ အပြင်မှာ အချက်အလက် တချို့ကို စစ်ဆေးဖို့ လိုနေသေးတယ်။ အရေးတကြီး ကိစ္စမရှိရင် အခန်းထဲကနေ အပြင်မထွက်ကြနဲ့" လုံချန်းက ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။

​ထို့နောက် သူသည် ခြေလှမ်းကျဲကျဲဖြင့် အခန်းထဲမှ ထွက်ခွာလာခဲ့တော့၏။

​"ဟွန်း..." မင်လန်က နှုတ်ခမ်းလေးဆူကာ မျက်စောင်းထိုးလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားလေသည်။

​"အခုကော ဘယ်ကို သွားဦးမလို့လဲ" လုံချန်း အခန်းပြင်သို့ ရောက်သည်နှင့် ရွှင်းက မေးလိုက်သည်။

​"မြို့ထဲက အခြေအနေနဲ့ လုံခြုံရေးတွေကို စစ်ဆေးဖို့ လိုသေးတယ်။ ပြီးတော့ မင်းသားဆီက ဆွဲကြိုးကို ရဖို့အတွက် သူ့ကို သွားတွေ့ရမယ်" လုံချန်းက လှေကားထစ်များအတိုင်း ဆင်းရင်း ပြန်ဖြေလိုက်၏။

​"ရှန်းဝူရဲ့ ဂူသင်္ချိုင်းထဲမှာ နင် အားထုတ်ရတာနဲ့ ထိုက်တန်တဲ့ အရာတစ်ခုခု တကယ်ပဲ ရှိလိမ့်မယ်လို့ ထင်နေတာလား" ရွှင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ငါ့အထင်တော့ သွေးမျိုးဆက်ကျောင်းတော် ထဲက ဆုလာဘ်တွေက ပိုပြီး အဖိုးတန်မယ် ထင်တာပဲ"

​"အဲဒါကတော့ အတိအကျ ပြောလို့မရဘူး။ နင် ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်လေ... သာမန်လူသားတစ်ယောက်ဟာ ဒီလောက်အထိ အစွမ်းထက်လာဖို့ ဘယ်လိုဖြစ်နိုင်မလဲ။ သူတော်စင်ဘုရင် ရှန်းဝူမှာ ဘာအရင်းအမြစ်မှ မရှိခဲ့ဘူး။ အဲဒီခေတ်က လူသားတွေဆီမှာ ရှိတဲ့ အညံ့ဖျင်းဆုံး ကျင့်စဉ်လေးတွေကိုပဲ သူ ရခဲ့တာလေ"

​"အဲဒီလို လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အစွမ်းထက်လာရတာလဲ။ ကျင့်စဉ်တွေရော၊ အရင်းအမြစ်တွေရော အစုံအလင်ရှိတဲ့ ဒီလောကရဲ့ အင်အားအကြီးဆုံး ဧကရာဇ်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့အထိ ဘယ်လိုလုပ် သန်မာလာရတာလဲ" သူက ပြန်မေးလိုက်၏။

​"သူက ကျင့်စဉ်တွေရဲ့ သဘောတရားကို နားလည်နိုင်စွမ်းရှိပြီး ပိုပြီး သန်မာအောင် ဖန်တီးနိုင်တဲ့ ပါရမီရှင်မို့လို့ဆိုတဲ့ အဆိုရှိတယ် မဟုတ်လား" ရွှင်းက ဆိုသည်။

​"ဒါကတော့ ပါးစပ်ရာဇဝင် သမိုင်းကြောင်းသက်သက်ပါပဲ။ ဘာအကူအညီမှ မပါဘဲ ဒီလောက်အထိ ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတောင် သွေးမျိုးဆက် ကျောင်းတော်ရဲ့ အကူအညီတွေ အများကြီး ရထားတာတောင် အခုထိ ဘာမှ မဟုတ်သေးဘူး။ ဧကရာဇ်ကို ခြိမ်းခြောက်ဖို့ နေနေသာသာ ထိပ်တိုက်ရင်ဆိုင်ဖို့တောင် အင်အား မလုံလောက်သေးဘူး"

​"ဒီလောက်အထိ ကန့်သတ်ချက်တွေ များနေတဲ့ ကြားထဲကနေ သူ ဘယ်လိုများ ကျော်ဖြတ်နိုင်ခဲ့တာလဲ။ အဲဒီဂူသင်္ချိုင်းထဲမှာ တစ်ခုခုတော့ ရှိကို ရှိရမယ်။ အဲဒါက ငါ့အတွက် တကယ့်ကို အသုံးဝင်မယ့် အရာ ဖြစ်နိုင်တယ်" လုံချန်းက ဖြေလိုက်၏။ သူသည် တည်းခိုခန်းထဲမှ ထွက်လာကာ တော်ဝင်နန်းတော်ရှိရာဘက်သို့ ဦးတည် လျှောက်လှမ်းလိုက်သည်။

​"နင့်ရဲ့ သွေးမျိုးဆက်သာ အပြည့်အဝ နိုးထလာခဲ့ရင် ဘယ်ရတနာမှ နင်နဲ့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို အသေးအမွှားလေးတွေကို လိုက်ရှာပြီး အချိန်မဖြုန်းပါနဲ့။ သွေးမျိုးဆက်အပေါ်မှာပဲ အာရုံစိုက်ပါ။ အပြည့်အဝ နိုးထလာပြီးရင် နင် အလိုအလျောက် သန်မာလာလိမ့်မယ်။ ဒီလို အန္တရာယ်များတဲ့ နေရာတွေမှာ အချိန်ဖြုန်းနေစရာ မလိုဘူး" ရွှင်းက အကြံပြုပြန်သည်။

​'ငါ့ရဲ့ သွေးမျိုးဆက် နိုးထလာတာထက် ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းက ပိုမြန်မြန် သန်မာလာဖို့ လိုအပ်တယ်။ သွေးမျိုးဆက် အပြည့်အဝ နိုးထလာပြီဆိုတာနဲ့ ထျန်းရှန်နဲ့ ရင်ဆိုင်ရတော့မှာလေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲနဲ့တော့ အဲဒီလို မလုပ်နိုင်ဘူး။ သူက ဘယ်သူပဲဖြစ်ဖြစ်... ငါ့ကို သတ်ဖို့ လာတယ်ဆိုရင် ငါကလည်း သူ့ကို ပြန်သတ်ရမှာပဲ။ သူတစ်ပါးရဲ့ ရည်မှန်းချက်တွေအတွက် ငါက အရင်အသေခံပြီး အစားအစာ အဖြစ်မခံနိုင်ဘူး' လုံချန်းက တွေးတောရင်း သူ၏ မျက်နှာထက်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာ၏။ သို့သော် သူက စကားတော့ ပြန်မပြောချေ။

​"ဟင်း... ကြည့်ရတာ နင် ငါ့စကားကို နားမထောင်တော့တာ အတော်ကြာပြီပဲ။ နင်က တကယ်ပဲ မင်းသားကို တွေ့ပြီး သူ့ဆီက ဆွဲကြိုးကို ယူနိုင်မယ်လို့ ထင်နေတာလား။ နင် အခုသွားနေတာက ဒီလောကမှာ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ရဲ့ နန်းတော်ကိုလေ။ တကယ်လို့ သူသာ နင် ဘယ်သူလဲဆိုတာ သိသွားရင်တော့ နင့်ကို သတ်ဖို့ မြေလှန်ရှာမှာပဲ"

​လုံချန်းက သူမ၏ စေတနာရှေ့ထားသော အကြံပြုချက်ကို လျစ်လျူရှုရုံတင်မက သူမကို လူအ,တစ်ယောက်လို ပြုံးကြည့်နေသည်ဟု ခံစားလိုက်ရသဖြင့် ရွှင်းမှာ စိတ်ပျက်သွားပုံ ရပေသည်။

​သူမက ဆက်ပြောသည်။ "ကောင်းပြီလေ... နင့်ရဲ့ မာနတွေနဲ့ပဲ ဆက်သွားလိုက်ပါ။ အန္တရာယ်နဲ့ တွေ့တဲ့အခါကျရင်တော့ ငါ့ဆီကို လာပြီး အကူအညီ မတောင်းနဲ့တော့"

​ဆိုပြီးသည်နှင့် သူမသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

​"ငါ နင့်ရဲ့ စကားတွေကို နားမထောင်တာ မဟုတ်ပါဘူး ရွှင်းရယ်။ ငါ့ခေါင်းထဲမှာ အမြဲတမ်း အစီအစဉ် ရှိပြီးသားပါ။ အဲဒါကို အမြဲတမ်း လိုက်ရှင်းပြနေဖို့က အင်အားကုန်လွန်းလို့ပါ။ ငါ့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ရင်းနဲ့ ငါ့ကိုယ်ငါ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိပါတယ်။ တစ်ခါတလေ ကျဆုံးတာ ရှိနိုင်ပေမဲ့ ပျက်စီးသွားအောင်တော့ အဖြစ်မခံပါဘူး" သူက ဆက်လက် ရေရွတ်နေမိသည်။

​"မင်းသားနဲ့ ပတ်သက်လို့တော့ နင်ပြောတာ မှန်ပါတယ်။ သူက နန်းတော်ထဲမှာ ရှိနေမှာပဲ။ ငါက သာမန်လူတစ်ယောက်လို သွားတွေ့လို့ မရနိုင်ပေမဲ့ ဖုန်းရှုရဲ့ မင်းသားတစ်ယောက် အနေနဲ့တော့ သွားတွေ့လို့ ရတာပေါ့။ အင်ပါယာတစ်ခုနဲ့ ယှဉ်ရင် ဘုရင်နိုင်ငံလေးတွေက ဘာမှမဟုတ်ပေမဲ့ မင်းသားတစ်ယောက် အနေနဲ့တော့ တွေ့ခွင့်ရနိုင်ပါတယ်။ သူ့နားကို ကပ်နိုင်ဖို့က အောင်မြင်မှုရဲ့ တစ်ခုတည်းသော လမ်းစပဲ" လုံချန်းက ဝေးကွာလှသော နေရာမှ မြင့်မားစွာ တည်ရှိနေသည့် တော်ဝင်နန်းတော်ကြီးကို စိုက်ကြည့်ရင်း ပြောလိုက်၏။

​သူ မြင်နေရသည့် နေရာမှကြည့်လျှင် နန်းတော်ကြီးမှာ တစ်ကီလိုမီတာခန့် ကျယ်ဝန်းပုံ ရပေသည်။ ၎င်းကို ရေခဲပြာရောင် ပစ္စည်းများဖြင့် တည်ဆောက်ထားသဖြင့် ရေခဲ အစစ်များဖြင့် ထုဆစ်ထားသည့်နှယ် ထင်မှတ်ရ၏။

​"မဆိုးဘူးပဲ။ လောကကြီးတစ်ခုလုံးကို အုပ်ချုပ်ရတဲ့အခါ ရရှိလာတဲ့ အကျိုးကျေးဇူးတွေပေါ့" လုံချန်းက အတွေးနက်သော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

​လမ်းမထက်တွင် လူအုပ်ကြီးမှာ ဟိုဟိုဒီဒီ သွားလာနေကြ၏။

​နန်းတော်ဆီသို့ ဦးတည်သွားနေကြသော ရထားလုံး အမြောက်အမြားကိုလည်း လမ်းမပေါ်တွင် တွေ့ရပေသည်။ ထိုရထားလုံးများသည် အင်မတန် ခမ်းနားထည်ဝါလှသော်လည်း တော်ဝင်မိသားစု၏ အမှတ်တံဆိပ်တော့ ပါမနေချေ။ ထူးခြားသော အမှတ်အသား အမျိုးမျိုးကိုသာ ၎င်းတို့ပေါ်တွင် ထွင်းထုထား၏။

​"ဒါတွေက အင်ပါယာရဲ့ အထက်တန်းစား မိသားစုတွေ ဖြစ်ရမယ်။ ဒီမိသားစုတွေ အားလုံးက နန်းတော်အနီးမှာ အခြေချနေကြတာလား။ နန်းတော်ဆီကို ဦးတည်သွားနေတဲ့ ဒီလိုရထားလုံး အစင်း ၂၀ ထက်မနည်း ငါ တွေ့ခဲ့ရပြီ။ ဒါမှမဟုတ် ဒီနေ့က နန်းတော်ထဲမှာ တစ်စုံတစ်ရာ ထူးခြားတဲ့ အခမ်းအနား ရှိနေလို့လား" လုံချန်းက ရထားလုံးများကို စောင့်ကြည့်ရင်း တွေးနေမိသည်။

​ရထားလုံးအားလုံးမှာ ပြတင်းပေါက်များကို လိုက်ကာများဖြင့် ပိတ်ထားသဖြင့် အတွင်းပိုင်းသို့ မြင်နိုင်စွမ်း မရှိချေ။

​သူသည် ဖြတ်သွားဖြတ်လာတစ်ဦးကို မေးမြန်းရန် ဆုံးဖြတ်လိုက်၏။

​သူသည် မည်သူ့ကို မေးလျှင် ကောင်းမည်နည်းဟု ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်သည်။

​ဘေးပတ်ဝန်းကျင်တွင် လူအတော်များများ ရှိနေသော်လည်း အားလုံးမှာ အလျင်စလို သွားလာနေကြသဖြင့် သူတို့ကို တားဆီးကာ စကားပြောဖို့ဆိုသည်မှာ ခက်ခဲလှပေသည်။

​"အဲဒီမှာ တစ်ယောက်ရှိသားပဲ" ထိုသို့ ဆိုကာ အေးအေးဆေးဆေး လျှောက်လှမ်းနေသော လူတစ်ယောက်ကို သူ တွေ့လိုက်ရ၏။ ထိုသူသည် လုံချန်းနှင့် ရွယ်တူခန့်ရှိမည့် လူငယ်တစ်ဦး ဖြစ်ပေသည်။

​ထိုသူသည် အလုပ်ကိစ္စ အထူးတလည် မရှိဘဲ လမ်းလျှောက် ထွက်လာသည့်ပုံ ရပေသည်။

​လုံချန်းသည် ထိုလူငယ်ထံသို့ အမြန်လျှောက်သွားလိုက်ပြီး မေးလိုက်သည်။ "ခွင့်ပြုပါဦး ညီလေး။ ငါ့ကို တစ်ခုလောက် ကူညီပေးလို့ ရမလား"

​လူငယ်လေးသည် လုံချန်းကို ခြေဆုံးခေါင်းဆုံး တစ်ချက် ကြည့်လိုက်ပြီးနောက် ပြန်မေးလိုက်သည်။ "ငါက မင်းကို ကူညီရင် ငါက ဘာပြန်ရမှာလဲ"

​"ငါ သိချင်တဲ့ အရာတစ်ခုကိုပဲ ဖြေပေးရင် ကျေနပ်ပါပြီ။ တခြား အကူအညီ မလိုပါဘူး။ အဲဒီအတွက် ငါက မင်းကို အထူးပဲ ကျေးဇူးတင်မှာပါ" လုံချန်းက ပြန်ပြောလိုက်၏။

​အခန်း (၈၉၂) တော်ဝင်မျိုးနွယ်

"မင်းရဲ့ ကျေးဇူးတင်စကားကို ငါက စားလို့ရမှာမို့လို့လား။ အဲဒါကို ရောင်းပြီး ငါကြိုက်တဲ့ ပစ္စည်းတွေ ဝယ်လို့ရမှာမို့လို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပေးလို့ရမှာမို့လို့လား။ မင်းရဲ့ ကျေးဇူးတင်စကားကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ" ထိုလူငယ်က မျက်စောင်းထိုးရင်း မေးလိုက်၏။

​"ဒီနေ့ တော်ဝင်နန်းတော်မှာ အထက်တန်းစား မိသားစုတွေရဲ့ စုံညီပွဲတော်ဖြစ်ဖြစ်၊ တစ်စုံတစ်ရာ အောင်ပွဲခံတဲ့ အခမ်းအနားဖြစ်ဖြစ် ရှိနေလားဆိုတာကိုပဲ ငါ သိချင်တာပါ" လုံချန်းက ရှင်းပြလိုက်သည်။

​"သူတို့မှာ အခမ်းအနား ရှိရှိ မရှိရှိ မင်းက ဘာလို့ ဂရုစိုက်နေရတာလဲ။ ပြီးတော့ မင်းသိချင်တာကို ငါက ဘာလို့ ပြောပြနေရမှာလဲ" လူငယ်က ရွှေပြည်အေးလေသံဖြင့် ပြန်မေးပြန်သည်။

​ထိုလူငယ်၏ မောက်မာလှသော မျက်နှာပေးကို ကြည့်ပြီး လုံချန်းမှာ သူ့ပါးအား ဖြတ်ရိုက်ပစ်ချင်စိတ် ပေါက်သွား၏။

​တကယ့်ကို စိတ်အနှောင့်အယှက် ပေးနိုင်သော ကောင်လေးပင်။ အကယ်၍ လုံချန်းသာ တစ်ယောက်တည်းဆိုလျှင် ထိုကောင်လေးကို ဒေါသတကြီးနှင့် ကောင်းကင်ပေါ်ရောက်အောင် ရိုက်ထုတ်ပစ်လိုက်မိမှာ သေချာသည်။ သို့သော်လည်း ယခုက လူအများကြား ရောက်နေခြင်းဖြစ်သလို ပြဿနာလည်း မတက်ချင်သဖြင့် စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်ရ၏။

​သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း လေကို ပြင်းပြင်းရှူလိုက်သည်။

​"မင်း ဖြေပေးမယ်ဆိုရင် ငါ့ဆီက ဝိညာဉ်အဆင့် ရှိတဲ့ ဆွဲသီးလေးတစ်ကုံး ပေးမယ်" သူက ကမ်းလှမ်းလိုက်၏။ အခြားသူများကို လိုက်မေး၍ ရသော်လည်း ဤမျှ အင်အားကုန်ခံရမည့် အလုပ်အား သူ ထပ်မလုပ်ချင်တော့ချေ။

​ထိုဆွဲသီးမှာ သူ၏ သိုလှောင်လက်စွပ်ထဲတွင် နေရာယူနေသည့် အသုံးမဝင်သော ပစ္စည်းများထဲမှ တစ်ခုသာ ဖြစ်ပေသည်။ သူ့အတွက် တန်ဖိုးမရှိသော်လည်း လာဘ်ထိုးသည့်နေရာတွင်တော့ သုံး၍ ရသည် မဟုတ်လော။

​"ဝိညာဉ်အဆင့် ပစ္စည်းဟုတ်လား။ ငါ့ကို အဲဒီလောက်လေးနဲ့ ဝယ်လို့ရမယ့် သူတောင်းစားလို့ မင်း ထင်နေတာလား" ထိုသို့ ဆိုကာ လူငယ်လေးက လှောင်ပြောင် ရယ်မောလိုက်၏။

​"ဒါဆို မင်း ဘာလိုချင်လို့လဲ" လုံချန်းက သက်ပြင်းချရင်း မေးလိုက်သည်။

​"ငါ့ကို ကောင်းကင်အဆင့် ပစ္စည်းတစ်ခု ပေး" ထိုလူငယ်က တည်တည်ငြိမ်ငြိမ်ပင် ဆိုလိုက်၏။

​လုံချန်းသည် ထိုလူငယ်ကို မည်သို့ ပြန်ပြောရမှန်း မသိလောက်အောင် မှင်တက်စွာ ကြည့်နေမိသည်။

​"ညီလေး... လောဘရှိတာ ကောင်းပေမဲ့ လောဘကြီးလွန်းရင်တော့ နောင်ရေးအတွက် မကောင်းဘူးကွ။ တစ်ခါတလေ ဘယ်နားမှာ ရပ်ရမလဲဆိုတာ သိဖို့ လိုတယ်။ ငါမေးတာက ဒီနားက လူတိုင်း သိနိုင်မယ့် အဖြေမျိုးပါ။ အရမ်းကြီးတော့ မတောင်းပါနဲ့" လုံချန်းက အတန်ကြာမှ ပြန်ပြောလိုက်၏။

​"အရမ်းကြီးတယ် ဟုတ်လား။ ဒီလို သာမန်လူတန်းစားတွေက ဒီအဖြေကို သိမယ်လို့ မင်း ထင်နေတာလား။ သွားလေ... မင်းဘာသာ မင်း စမ်းကြည့်လိုက်ဦး" ထိုလူငယ်က ပြုံးလျက် ဆိုလိုက်သည်။

​သူသည် နံရံတစ်ခုကို ကျောမှီရပ်လိုက်ပြီး လက်ပိုက်လျက် လုံချန်းအား အကဲခတ်နေ၏။

​လုံချန်းသည် ထိုလူငယ်ကို အတွေးနက်စွာ စိုက်ကြည့်နေမိသည်။ သူ၏ ယုံကြည်မှု အပြည့်ရှိနေသော ပုံစံအရ သူပြောသည်မှာ အမှန်တရား ဖြစ်နိုင်ပေသည်။

​သို့သော် သူက အဘယ်ကြောင့် တခြားသူများကို သာမန်လူတန်းစားဟု ခေါ်ရသနည်း။ သူကိုယ်တိုင်လည်း သာမန်အဝတ်အစားများသာ ဝတ်ထားသည် မဟုတ်လော။ ထိုသို့ဆိုလျှင် သူက အထက်တန်းစား မိသားစုတစ်ခုခုက အဖွဲ့ဝင် ဖြစ်နိုင်သည်လော။ ဤသည်က အထက်တန်းစားများသာ သိနိုင်သော ကိစ္စမျိုး ဖြစ်နေသည်လော။ လုံချန်း တွေးတောနေမိသည်။

​"သွားလေ... သွားစမ်းကြည့်လိုက်ဦး၊ ပြီးမှ ငါ့ဆီ ပြန်လာခဲ့" လူငယ်က လက်ဟန်ခြေဟန်ဖြင့် ဆိုလိုက်၏။

​လုံချန်းသည် သူ၏ အတွေးမှန် မမှန် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

​သူသည် အလျင်စလို သွားလာနေသော အမျိုးသမီးတစ်ဦးထံသို့ လျှောက်သွားလိုက်၏။

​"ခွင့်ပြုပါဦးခင်ဗျာ... ခဏလေး အချိန်ပေးပါ။ အခု နန်းတော်ထဲမှာ အထက်တန်းစား မိသားစုတွေ အားလုံး သွားနေကြတဲ့ ထူးခြားတဲ့ အခမ်းအနားတစ်ခုခု ရှိနေလို့လား။ အဲဒါကို သိရင် ပြောပြပေးပါလား" သူမ မေးလိုက်သည်။

​"ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ အထက်တန်းစားတွေနဲ့ ပတ်သက်တဲ့ ကိစ္စဆိုတာ သူတို့အချင်းချင်းပဲ သိကြတာလေ။ သူတို့မှာ အခမ်းအနား ရှိနေရင်တောင် ကျွန်မတို့လို လူတွေက သိမှာ မဟုတ်ဘူး" ထိုအမျိုးသမီးက အလျင်အမြန် ပြန်ဖြေ၏။ "ကဲ... ကျွန်မ အချိန်ကို မဖြုန်းပါနဲ့တော့"

​လုံချန်းသည် ထိုအမျိုးသမီးနောက်သို့ ဆက်မလိုက်တော့ဘဲ နံရံကို မှီကာ ပြုံးစိစိ လုပ်နေသော လူငယ်လေးထံသို့ ပြန်လည် ကြည့်လိုက်မိသည်။

​'ငါ ထင်တာ မှန်တာပဲ။ အဲဒါကြောင့် သူက ဒီလောက် ယုံကြည်မှု ရှိနေတာကိုး' သူ တွေးလိုက်၏။

​သူသည် ထိုလူငယ်လေးထံသို့ ပြန်လျှောက်သွားလိုက်သည်။

​"ဟင်... မြန်လှချည်လား။ အနည်းဆုံးတော့ တခြားသူတွေကိုပါ ထပ်မေးဦးမယ် ထင်တာ။ တစ်ယောက်တည်း မေးပြီးတာနဲ့ ဘာလို့ ပြန်လာတာလဲ" လူငယ်က လုံချန်းကို မေးလိုက်၏။

​"မင်းက ဘယ်တော်ဝင်မျိုးနွယ်ကလဲ" လုံချန်းက တိုက်ရိုက်ပင် မေးလိုက်သည်။

​"ဪ... ဟို အမျိုးသမီးက သာမန်လူတွေက ဒီလိုအကြောင်းတွေကို သိခွင့်မရှိဘူးလို့ ပြောလိုက်ပုံရတယ်၊ ဟုတ်တယ်မလား။ အဲဒါကြောင့် မင်း သိသွားတာပေါ့" ထိုလူငယ်က ခေါင်းညိတ်ကာ ရေရွတ်လိုက်၏။

​သူသည် မတ်တပ်ရပ်ကာ နန်းတော်ရှိရာဘက်သို့ စတင် လျှောက်လှမ်းလိုက်သည်။

​"တစ်ဝက်ပဲ မှန်ပါတယ်။ မင်းက သူတို့ကို သာမန်လူတန်းစားလို့ ခေါ်နေကတည်းက ငါက ရိပ်မိပြီးသားပါ။ ဟို အမျိုးသမီးရဲ့ အဖြေက ငါ့အထင်ကို အတည်ပြုပေးလိုက်တာပဲ" လုံချန်းက ပြုံးလျက် ပြန်ဖြေလိုက်၏။

​"ဒါဆို... မင်းက ငါ့ကို ကောင်းကင်အဆင့် ပစ္စည်းတစ်ခု ပေးပြီး ငါ့ဆီက အဖြေကို ဝယ်တော့မလို့လား" လူငယ်က ပြုံးစိစိဖြင့် မေးပြန်သည်။

​"ဟင်း... မင်းက တော်ဝင် မျိုးနွယ် ဖြစ်နေတာတောင် အတော်လေး လောဘကြီးတာပဲ။ ကံမကောင်းတာက ငါ့ဆီမှာ ကောင်းကင်အဆင့် ပစ္စည်း နည်းနည်းပဲ ရှိတာ၊ အဲဒါကိုတော့ ငါ မပေးနိုင်ဘူး။ ဒီတစ်ခါတော့ အခွင့်အရေးကို လက်လွှတ်ရတော့မှာပဲ" လုံချန်းက ခေါင်းယမ်းကာ ဆိုလိုက်၏။

​"ဪ... အဲဒီလိုလား။ မင်းကို ငါ အတင်းအကျပ်တော့ မခိုင်းပါဘူး။ ဒါပေမဲ့ ကောင်းကင်အဆင့် ပစ္စည်းတွေတောင် အများကြီး ပိုင်ဆိုင်ထားတယ်ဆိုတော့ မင်းက တော်တော် ချမ်းသာတာပဲ။ မင်းက ဘယ်မိသားစုကလဲ" လူငယ်က မေးလိုက်သည်။

​"ငါက ဒီအင်ပါယာက မဟုတ်ဘူး။ မင်း ငါ့ကို သိမှာ မဟုတ်ပါဘူး" လုံချန်းက ပြုံးလျက် ပြန်ဖြေ၏။

​"ဪ... ဒီအင်ပါယာက မဟုတ်ဘဲနဲ့တောင် ဒီလောက် ချမ်းသာနေတာလား။ ဒါဆို မင်းက တောပုန်းဓားပြဖြစ်ဖြစ် ဒါမှမဟုတ် ဘုရင်နိုင်ငံတစ်ခုခုက မင်းသားဖြစ်ဖြစ် ဖြစ်ရမယ်။ ကဲ... ဘယ်သူလဲ ပြောစမ်းပါဦး"

​"ငါက ဓားပြတစ်ယောက်လို့ ပြောရင် မင်း ဘာလုပ်မလဲ" လုံချန်းက ခပ်နောက်နောက် မေးလိုက်သည်။

​ထိုအဖြေကို ကြားသောအခါ လူငယ်လေးက သဘောကျစွာ ရယ်မောလိုက်၏။ "ဟားဟား... မင်းသာ တကယ် ဓားပြဆိုရင်တော့ တကယ့်ကို ပွင့်လင်းပြီး ယုံကြည်မှုရှိတဲ့ ဓားပြပေါ့။ ဒါဆို မင်းက မင်းသားတစ်ယောက် ဖြစ်ရမယ်။ ဘယ်နိုင်ငံကလဲ"

​"ငါက ဖုန်းရှု နိုင်ငံကပါ" ထိုသို့ ဆိုကာ လုံချန်းက သူ၏ အမှတ်အသား တံဆိပ်ကို ထိုလူငယ်အား ထုတ်ပြလိုက်သည်။

​"ဪ... အဲဒီကကိုး" လူငယ်က ရေရွတ်လိုက်၏။

​"မင်း အဲဒီကို ရောက်ဖူးလို့လား" လုံချန်းက မေးလိုက်သည်။ ထိုလူငယ်က အံ့သြသွားပုံ မရသဖြင့် လုံချန်းမှာ စိုးရိမ်စရာ မရှိဟု ဆုံးဖြတ်လိုက်၏။

​"ကိုယ်တိုင်တော့ မရောက်ဖူးပါဘူး။ ဒါပေမဲ့ ငါ ငယ်ငယ်က နိုင်ငံအသီးသီးက အကြောင်းတွေကို သင်ယူခဲ့ရဖူးတယ်။ အဲဒါကြောင့် အချို့အချက်တွေကို သိနေတာပါ။ မင်းဆီမှာ အဖိုးတန် ပစ္စည်းတွေ ရှိနေတာ မဆန်းပါဘူး။ ဒါပေမဲ့ မင်းသားတစ်ယောက် ဖြစ်ပြီးတော့ အတော်လေး ကပ်စေးနှဲတာပဲ" လူငယ်က ထောက်ပြလိုက်၏။

​"အဲဒီလိုလည်း ဖြစ်နိုင်တာပဲ။ ငါတို့နိုင်ငံက မင်းတို့ အင်ပါယာနဲ့မှ မယှဉ်နိုင်တာ။ ဒီလို သယံဇာတတွေကို ငါက အလကား မဖြုန်းနိုင်ဘူးလေ" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။

​"အမှန်ပဲ။ ငါတို့ အင်ပါယာနဲ့ ယှဉ်ရင် ဘုရင်နိုင်ငံတွေက အတော်လေး ဆင်းရဲပါတယ်။ မင်းတို့ ဖုန်းရှုနိုင်ငံဆိုတာလည်း အချမ်းသာဆုံး နိုင်ငံတွေထဲမှာ မပါပါဘူး" လူငယ်က ခေါင်းညိတ်ကာ ဆိုလိုက်၏။

​"မင်း ငါ့ကို မဖြေရသေးဘူး။ မင်းက ဘယ်တော်ဝင်မျိုးနွယ်ကလဲ။ ဒါမှမဟုတ် ဒီအဖြေအတွက်လည်း ငါ့ဆီက တစ်ခုခု ပြန်တောင်းဦးမလို့လား" လုံချန်းက စူးစမ်းလိုက်သည်။

​"ကောင်းပြီလေ... မင်းက ငါ့မေးခွန်းတစ်ခုကို ဖြေခဲ့ပြီးပြီဆိုတော့ ငါကလည်း အပြန်အလှန်အနေနဲ့ မင်းမေးတာ တစ်ခုကို ဖြေပေးပါ့မယ်။ မင်းက တကယ်ပဲ ငါ့ရဲ့ မိသားစုနာမည်ကို သိချင်တာလား၊ ဒါမှမဟုတ် ဟို အခမ်းအနားအကြောင်းကို သိချင်တာလား" ထိုလူငယ်က ရွှေပြည်အေး အပြုံးဖြင့် မေးလိုက်လေသည်။

All Chapters