← Chapters

အခန်း (၈၉၃-၈၉၄)

Vol. 88 Ch. 893-894

အခန်း (၈၉၃-၈၉၄)

Vol. 88 Ch. 893-894

​အခန်း (၈၉၃) ခံစားချက်ကင်းမဲ့သူ

"ဟင်... မင်းပြောချင်တာက ငါမေးတဲ့အထဲက တစ်ခုခုကိုပဲ ဖြေမယ်လို့ ဆိုလိုတာလား" လုံချန်းက မေးလိုက်၏။

​"မင်းက တော်တော်လေး နှေးတာပဲ။ ဟုတ်တယ်... ငါပြောတာ အဲဒါပဲလေ" လူငယ်လေးက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ရင်း ခပ်ပေါ့ပေါ့ပင် ဆိုလိုက်သည်။

​"ငါလည်း ပျင်းနေတာနဲ့ အတော်ပဲ။ မင်း ငါ့ကို အချိန်ပေးပြီး စကားပြောပေးလို့ မင်းအတွက် လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ" သူက ဆက်ပြော၏။

​"ဒါဆိုရင် တော်ဝင်နန်းတော်အကြောင်း ပြောပြစမ်းပါ။ အဲဒီမှာ ဘာတွေ ဖြစ်နေလို့လဲ။ ဘာလို့ ရထားလုံးတွေ အားလုံးက အဲဒီဘက်ကိုပဲ ဦးတည်သွားနေကြတာလဲ"

​"ဪ... အဲဒါလား။ ရိုးရိုးလေးပါပဲ။ ဒီနေ့က ဒုတိယမင်းသားရဲ့ မွေးနေ့ပွဲလေ။ အထက်တန်းစား မိသားစုတွေကိုပဲ တက်ရောက်ခွင့် ပေးထားတာဆိုတော့ သူတို့ပဲ သိကြတာပေါ့။ အထက်တန်းစားတွေနဲ့ နန်းတော်စောင့် တပ်သားတွေကလွဲရင် ကျန်တဲ့သူ ဘယ်သူမှ ဒါကို မသိကြဘူး" ထိုလူငယ်က ပြုံးလျက် ဆိုလိုက်သည်။

​"ဟင်... ပြည်သူတွေက မင်းသားရဲ့ မွေးနေ့ကို မသိကြဘူးလား။ ဘာလို့ ဒီလောက်အထိ လျှို့ဝှက်ထားရတာလဲ။ ဒါက သာမန်ပြည်သူတွေပါ သိခွင့်ရှိပြီး ဆင်နွှဲသင့်တဲ့ ပျော်ပွဲရွှင်ပွဲကြီး မဟုတ်ဘူးလား" လုံချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်၏။

​မြို့ထဲက အခြေအနေမှာ အတော်လေး ပျင်းရိငြီးငွေ့စရာ ကောင်းနေသလို လူတိုင်းမှာလည်း ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြသဖြင့် ယနေ့သည် မင်းသားတစ်ပါး၏ မွေးနေ့ဖြစ်သည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူကမူ ဧကရာဇ်က အထက်တန်းစားများနှင့် အရေးကြီးကိစ္စ ဆွေးနွေးပွဲလုပ်နေသည်ဟု ထင်ခဲ့ခြင်း ဖြစ်သော်လည်း တကယ်တမ်းမှာမူ မွေးနေ့ပွဲ ဖြစ်နေပေသည်။

​"ပြည်သူတွေက ဘာလို့ သိနေရမှာလဲ။ ဒီနေ့က ငါတို့ ဧကရာဇ်မင်းမြတ်ရဲ့ မွေးနေ့မှ မဟုတ်တာ။ အင်ပါယာတစ်ခုလုံးက ဧကရာဇ်ရဲ့အရေးကိုပဲ ဂရုစိုက်ရတာလေ။ အိမ်ရှေ့မင်းသားက ထီးနန်းကို မဆက်ခံမချင်းတော့ သူတို့ကို ဧကရာဇ်နဲ့ တန်းတူ ဆက်ဆံလို့ မရဘူးလေ" လူငယ်က ပြန်ဖြေ၏။

​ထို့နောက် သူက မေးလိုက်သည်။ "မင်းတို့ နိုင်ငံမှာရော အဲဒီလိုပဲလား"

​"အင်ပါယာဆိုရင် ပိုပြီးတော့ ခမ်းခမ်းနားနား ကျင်းပလိမ့်မယ်လို့ ငါ ထင်ထားလို့ပါ" လုံချန်းက ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။

​"ဒါနဲ့... မင်းကရော ဘာလို့ အခမ်းအနားကို မသွားတာလဲ။ အခုဆို စတော့မှာ မဟုတ်လား။ အထက်တန်းစား တစ်ယောက်အနေနဲ့ မင်းလည်း တက်ရောက်သင့်တာပေါ့။ ဒါမှမဟုတ် မသွားဖို့ ဆုံးဖြတ်ထားတာလား"

​"မဟုတ်ပါဘူး။ ငါလည်း သွားဖို့ စိတ်ကူးရှိပါတယ်။ ဒီနေ့ ပျင်းပျင်းရှိတာနဲ့ လမ်းလျှောက် ထွက်လာတာပါ။ တကယ့် အခမ်းအနားက နှုတ်ခွန်းဆက်တာတွေ ပြီးမှ စမှာလေ။ အစားအသောက်တွေ ကျွေးမယ့်အချိန်ကျမှပဲ ငါ သွားတော့မယ်" လူငယ်လေး ဟူမုန့်လင်က ပြန်ဖြေလိုက်၏။ "မင်းရော တက်ချင်လို့လား"

​"ဟုတ်တယ်။ ငါက ဗဟုသုတ ရှာဖွေဖို့အတွက် ငါ့နိုင်ငံကနေ ထွက်လာတာလေ။ ဒီအင်ပါယာကနေပဲ ငါ့ရဲ့ ခရီးစဉ်ကို စတင်ဖို့ ဆုံးဖြတ်ထားတာ။ အချိန်ကိုက် ဒီကို ရောက်နေတုန်းမှာ မင်းသားကို နှုတ်ဆက်ရင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးတာမျိုး လုပ်ရင် ကောင်းမလားလို့ပါ" လုံချန်းက ဖြေလိုက်သည်။

​"အင်း..." လူငယ်လေးသည် လုံချန်းကို စူးစမ်းစွာ ကြည့်ရင်း ခေတ္တမျှ စဉ်းစားလိုက်၏။ "မင်းမှာ မင်းရဲ့ ဇာစ်မြစ်ကို သက်သေပြနိုင်မယ့် အမှတ်တံဆိပ်ရှိရင်တော့ ဝင်လို့ရမှာပါ။ အဲဒါမျိုး ပါလာလား"

​"ပါပါတယ်။ ဒါကတော့ အသုံးဝင်မယ် မထင်ပေမဲ့ ငါနဲ့အတူ ယူလာခဲ့တဲ့ အရာတွေထဲက တစ်ခုပေါ့" ထိုသို့ဆိုကာ လုံချန်းက အမှတ်တံဆိပ်ကို ထုတ်ပြလိုက်သည်။

​"ဪ... ကောင်းပြီလေ။ မင်း ဝင်လို့ရမှာပါ။ ငါတို့ အတူတူ သွားကြမလား။ ဒီလို ပွဲလမ်းသဘင်တွေမှာ ငါက တစ်ယောက်တည်းဆို အမြဲတမ်း ပျင်းနေတတ်တာ။ မင်းက ငါ့ကို အဖော်လုပ်ပေးလို့ ရတာပေါ့" သူက သာယာသော လေသံဖြင့် ဆိုလိုက်၏။

​'ဟင်း... အဲဒါက ပိုတောင် လွယ်သွားဦးမယ်။ သူနဲ့ အတူသွားရင် နန်းတော်ထဲ ဝင်ဖို့ ပိုအဆင်ပြေမှာပဲ' လုံချန်းက တွေးတောရင်း ထိုလူငယ်ကို ကြည့်လိုက်သည်။

​"ကောင်းပြီလေ... အတူတူ သွားကြတာပေါ့"

​သူသည် ထိုလူငယ်လေးထံမှ မည်သည့် ကျင့်ကြံခြင်း စွမ်းအားကိုမျှ မခံစားရချေ။ သို့သော်လည်း သူ၏ အတွေ့အကြုံအရ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို မမြင်ရရုံနှင့် သာမန်လူဟု သတ်မှတ်၍ မရမှန်း သူ ကောင်းကောင်း သိပေသည်။

​ကျင့်ကြံမှု စွမ်းအားကို ဖုံးကွယ်ထားနိုင်သည့် နည်းလမ်းများစွာ ရှိသည် မဟုတ်လော။ ပုံမှန်အားဖြင့်တော့ မိမိ၏ ကျင့်ကြံမှု အဆင့်နိမ့်နေသဖြင့် သူတစ်ပါး အထင်မသေးစေရန် ဖုံးကွယ်ထားတတ်ကြသော်လည်း အချို့သော ပုဂ္ဂိုလ်များကမူ အဆင့်မြင့်နေသော်လည်း လူသိမခံလိုသဖြင့် ဖုံးကွယ်ထားတတ်ကြပေသည်။

​လုံချန်းကိုယ်တိုင်လည်း သူ၏ စွမ်းအားကို ဖုံးကွယ်ထား၏။ ထိုသို့ ပြုလုပ်ခြင်းက သူ့အား မင်းသားတစ်ပါးတွင် ရှိသင့်သည့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါမျိုးကို ရရှိစေပေသည်။

​"ကောင်းပြီ... ဒါဆို နန်းတော်ကို မသွားခင် တစ်ခုခု အရင်စားကြစို့။ မင်းက ဒကာခံရမယ်နော်" ထိုသို့ ဆိုကာ လူငယ်လေးက လမ်းဘေး အစားအသောက် ရောင်းသူတစ်ဦးထံသို့ ရယ်မောလျက် လျှောက်သွားတော့သည်။

​"ဪ... ဟုတ်သားပဲ။ မိတ်ဆက်ဖို့ မေ့သွားတယ်" ထိုသို့ ဆိုကာ သူက ခြေလှမ်းရပ်လျက် လှည့်ကြည့်လိုက်၏။ "ငါ့နာမည်က ဟူမုန့်လင်တဲ့။ မင်းနာမည်က ဘယ်သူလဲ"

​"ငါ့နာမည်က..." လုံချန်းသည် သူ၏ အမည်ရင်းကို ပြောမိတော့မည့်ဆဲဆဲမှာပင် သတိဝင်လာ၏။

​သူသည် အချိန်မီပင် စကားကို ရပ်လိုက်ပြီး သံသယ မဖြစ်စေရန်အတွက် သူယူလာသော အမှတ်တံဆိပ် ပိုင်ရှင်ဖြစ်သည့် မင်းသား၏ အမည်ကိုသာ ပြောလိုက်လေသည်။ ဤနေရာကလူများသည် အခြားနိုင်ငံများ၏ အကြောင်းကို လေ့လာထားကြသဖြင့် မပေါ့ဆသင့်ချေ။

​ဟူမုန့်လင်သည် ထိုအမည်ကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး အစားအသောက် ရောင်းသူထံသို့ ပြန်လည် လျှောက်သွားလိုက်၏။

​"ငါ့ကို ရာရှီ အစုံသုပ် နှစ်ပွဲပေးပါ"

​ရောင်းသူသည် အိုးတစ်လုံးကို ဖွင့်လိုက်ပြီး သက်တန့်ရောင် ရှိသည့် အသီးလေးများကို ခွက်တစ်ခွက်ထဲ ထည့်လိုက်၏။ ထို့နောက် ပျစ်ချွဲနေသော အဖြူရောင် အရည်များကို လောင်းထည့်လိုက်ရာ လုံချန်းမှာ တစ်စုံတစ်ဦးကို သတိရသွားသဖြင့် ခပ်ပြုံးပြုံး ဖြစ်သွားရသည်။ နောက်ဆုံးတွင် အလားတူ ပျစ်ချွဲနေသော လိမ္မော်ရောင် အရည်များကို အပေါ်မှ ဆမ်းလိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ဖြူးလိုက်လေသည်။

​"ရော့... မင်းက ပိုက်ဆံရှင်းရမှာဆိုတော့ ပထမတစ်ပွဲကို အရင်ယူလိုက်"

​လုံချန်းသည် ဟူမုန့်လင်ကို အတန်ကြာ မှင်တက်စွာ ကြည့်နေမိပြီးမှ ပြန်မေးလိုက်သည်။ "ငါက ဘယ်တုန်းက ပိုက်ဆံရှင်းမယ်လို့ ပြောလို့လဲ"

​ထိုသို့ ပြောလိုက်သော်လည်း သူက ခွက်ကိုတော့ လှမ်းယူလိုက်သည်။

​'ဒီလိုမျိုး အစားအစာကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ။ ဒါပေမဲ့ ဒါက ဘာလဲလို့ ငါက သွားမေးလို့ မဖြစ်ဘူး။ တကယ်လို့ ဒါက ဒီလောကမှာ သာမန် အစားအစာတစ်ခု ဖြစ်နေရင် ငါ့ကို သူက သံသယ ဝင်သွားလိမ့်မယ်။ ဖုန်းရှုမြို့တော်က ဈေးထဲမှာတုန်းကလည်း ဒါမျိုး ငါ မတွေ့ခဲ့ဘူးဆိုတော့ အတော်လေးတော့ ထူးခြားမှာပဲ' သူ တွေးတောနေမိသည်။

​"ဘာလဲ... အံ့သြသွားလို့လား။ စိတ်မပူပါနဲ့၊ ဒါက အဆိပ်မဟုတ်ပါဘူး။ ငါတို့ တော်ဝင်မြို့တော်ရဲ့ နာမည်ကြီး အစားအစာလေ။ တခြား ဘယ်နေရာမှာမှ ဒါကို ရောင်းခွင့်မရှိဘူး။ မြို့တော်ကလူတွေပဲ ဒါကို စားခွင့်ရှိတာ။ ပြီးတော့ ဒီနေရာမှာတင် စားရတယ်၊ အပြင်ကို ယူသွားခွင့် မရှိဘူး။ မင်း ဒါကို ပထမဆုံး မြင်ဖူးတာဆိုတော့ အံ့သြနေတာကို ငါ နားလည်ပါတယ်" ဟူမုန့်လင်က ပြုံးလျက် ဆိုလိုက်၏။

​လုံချန်းက ခေါင်းညိတ်ပြလိုက်ပြီး ဇွန်းဖြင့် တစ်ဇွန်း ခပ်စားလိုက်သည်။

​'ဟင်... ဒါက ဘာကြီးလဲ။ ဒီကလူတွေက ဒါကို ကြိုက်ကြတာလား။ ဒါက စပျစ်သီးတွေကို အရည်ပျော်နေတဲ့ ဗနီလာရေခဲမုန့်၊ ခရမ်းချဉ်သီးဆော့စ်တို့နဲ့ ရောနယ်ထားသလိုပဲ။ ဟင်းခတ်အမွှေးအကြိုင်တွေကလည်း တကယ့်ကို ထူးဆန်းလိုက်တာ။ ဒါက နာမည်ကြီး အစားအစာ မဟုတ်ပါဘူး၊ ဒီကလူတွေရဲ့ ထူးဆန်းတဲ့ အရသာခံမှု သက်သက်ပါပဲ။ တခြား ဘယ်သူမှ မကြိုက်လို့ အပြင်မှာ မရောင်းတာ နေမှာပါ' လုံချန်းက ခေါင်းယမ်းရင်း တွေးနေမိသည်။

​သူသည် ထိုအရာကို လွှင့်ပစ်လိုက်ချင်သော်လည်း မင်းသားတစ်ပါး၏ အမူအရာကို ထိန်းသိမ်းရမည် ဖြစ်သဖြင့် အောင့်ကာနမ်းကာပင် ဆက်စားလိုက်ရတော့သည်။

​လူငယ်လေးသည်လည်း ဒုတိယမြောက် ခွက်ကို ယူလိုက်၏။

​"အရသာ ရှိလိုက်တာ" သူက ဆိုကာ မြိန်ရည်ယှက်ရည် စားသောက်နေတော့သည်။

အခန်း (၈၉၄) ပြန်လည်ရောက်ရှိခြင်း

'သူက ဒါကို တကယ်ပဲ ကြိုက်တာလား။ ဒီကလူတွေရဲ့ လျှာကတော့ ဒါမျိုးကို အရသာတွေ့နေကြပြီ ထင်ပါရဲ့။ ဒါပေမဲ့ ငါကော ဒါကို တကယ်ပဲ ဆက်စားရမှာလား' လုံချန်းက သူ၏လက်ထဲမှ ခွက်ကိုကြည့်ရင်း တွေးနေမိသည်။ 'ထားလိုက်ပါတော့လေ... အနည်းဆုံးတော့ ဒါက အဆိပ်မှ မဟုတ်တာပဲ။'

​သူသည် နောက်ထပ် ထပ်မစဉ်းစားတော့ဘဲ စတင်စားသောက်လိုက်၏။ ထိုထူးဆန်းလှသော အရသာက သူ၏နှလုံးသားဆီ မရောက်လာခင်မှာပင် အမြန်ဆုံး ကုန်သွားစေရန် သူက အားထုတ်နေခြင်း ဖြစ်ပေသည်။

​"ဟင်... မင်းက အကုန်စားလိုက်ပြီလား။ မင်း တော်တော်ကြိုက်ပုံရတယ်" လုံချန်း တစ်ခွက်လုံးကို အမြန်စားလိုက်သည်အား မြင်သောအခါ ဟူမုန့်လင်က ရယ်မောလျက် ဆိုလိုက်သည်။

​"ထပ်မှာပေးရမလား" သူက မေး၏။

​"ရပါပြီ... တော်ပါပြီ။ ငါ ဒါပဲ စားနိုင်တော့မယ်" လုံချန်းက ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

​"မင်းသဘောပါပဲလေ" ထိုသို့ ဆိုကာ ဟူမုန့်လင်က သူ၏ခွက်ကို ဆက်လက် စားသောက်နေပြန်သည်။ သူကတော့ တကယ့်ကို အရသာတွေ့နေပုံရပြီး တစ်ငုံချင်းအား အရသာခံနေပေ၏။

​လုံချန်းက ပထမဆုံး ခွက်ကို ပြန်အပ်လိုက်ပြီးနောက် လူငယ်လေးကလည်း မကြာခင်မှာပင် လိုက်အပ်လိုက်သည်။

​"ငါ့ဆီမှာ မင်းတို့အင်ပါယာရဲ့ ငွေကြေး မပါလာဘူး။ အဲဒီအစား ငွေထက်ပိုတန်ဖိုးရှိတဲ့ လက်နက် တစ်ခု ပေးပါ့မယ်" လုံချန်းက ဆိုကာ တန်ဖိုးနည်းသော လက်နက်တစ်ခုဖြင့် အဖိုးအခကို ရှင်းလိုက်၏။ ဤလောကတွင် လက်နက်များသည် ငွေကြေးကဲ့သို့ပင် အသုံးဝင်သဖြင့် နေရာတိုင်းတွင် အလုပ်ဖြစ်ပေသည်။

​"ဟင်း... မင်းက တကယ့်ကို ပြင်ဆင်မှုမရှိတဲ့ မင်းသားပဲ။ လက်ထဲမှာ သုံးစွဲဖို့ ငွေတောင် မရှိဘူးလား" ဟူမုန့်လင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

​"ငါက ဒီကို အပျော်ခရီး ထွက်လာတာ မဟုတ်ဘူးလေ။ ပြီးတော့ နိုင်ငံတိုင်းရဲ့ ငွေကြေးကို လိုက်ဆောင်ထားဖို့လည်း စိတ်ကူးမရှိဘူး။ လက်နက်တွေနဲ့ ပေးလိုက်တာက ပိုပြီးတော့ လွယ်ကူတယ်လေ" လုံချန်းက ခေါင်းယမ်းရင်း ပြန်ဖြေလိုက်၏။

​"အဲဒါကလည်း တစ်ကြောင်းပေါ့လေ။ ဒါပေမဲ့ ဖြုန်းတီးရာတော့ ရောက်တာပေါ့။ ထားပါတော့... ငါက ပြောပိုင်ခွင့်ရှိတာမှ မဟုတ်တာ" ဟူမုန့်လင်က ဆိုသည်။

​"သွားကြစို့... နန်းတော်ကို ရောက်ဖို့လည်း အချိန်နည်းနည်း ပေးရဦးမှာ" သူက ဆက်ပြောကာ မြောက်ဘက်သို့ ဦးတည် လျှောက်လှမ်းလိုက်တော့၏။

​လုံချန်းသည်လည်း သူ၏နောက်မှ လိုက်ပါလာခဲ့သည်။

​"ဒါနဲ့... မင်းက ဗဟုသုတ ရှာဖို့အတွက် တစ်ယောက်တည်း ထွက်လာတာလား" ဟူမုန့်လင်က လုံချန်းကို မေးလိုက်၏။

​"မဟုတ်ပါဘူး။ ငါ့ဇနီးနဲ့အတူ လာခဲ့တာပါ" လုံချန်းက ပြန်ဖြေလိုက်သည်။ ကင်းစောင့် တပ်သားများက သူတို့ကို မြင်တွေ့ထားပြီးဖြစ်ရာ တော်ဝင်မိသားစုဆီသို့ သတင်းရောက်သွားနိုင်သည့် အတွက် ယခုအချိန်တွင် လိမ်နေဖို့ မလိုအပ်တော့ချေ။

​"ဪ... ဒါဆို မင်းက ဘာလို့ သူ့ကို အတူမခေါ်လာတာလဲ။ မိန်းမကို တစ်ယောက်တည်း ထားခဲ့ပြီး မင်းကတော့ ပျော်ပွဲရွှင်ပွဲ သွားနွှဲမယ်ပေါ့... မကောင်းဘူးနော်" ဟူမုန့်လင်က ပြုံးစိစိဖြင့် စနောက်လိုက်၏။

​"အဲဒီလို မဟုတ်ပါဘူး။ တကယ်တော့ သူက နေလို့ သိပ်မကောင်းလို့ပါ။ ငါတို့ နှစ်ယောက်လုံး သွားပြီး မိတ်ဆက်ဖို့ စိတ်ကူးထားတာပေမဲ့ သူက အဆင်မပြေဘူးဖြစ်နေလို့ ငါပဲ ထွက်လာခဲ့တာ။ လမ်းမှာ ရထားလုံးတွေ အများကြီးတွေ့လို့ စူးစမ်းရင်းနဲ့ မင်းနဲ့ ဆုံတာပဲလေ။ ကျန်တာတော့ မင်းသိတဲ့အတိုင်းပဲ" လုံချန်းက ရှင်းပြလိုက်သည်။

​"ဪ... အဲဒီလိုကိုး။ စိတ်မကောင်းစရာပဲ" ထိုလူငယ်က ခေါင်းယမ်းရင်း ရေရွတ်လိုက်၏။

​"ဒါနဲ့... ငါက ဒီစားပွဲလေးအတွက် ဒကာခံခဲ့ရပြီဆိုတော့ မင်းဆီကနေ မေးခွန်းတစ်ခု ထပ်မေးခွင့်ရှိသေးတယ် မဟုတ်လား" လုံချန်းက သာယာသော လေသံဖြင့် မေးလိုက်သည်။

​"ဟားဟား... မင်းက တော်တော်လေး လည်တာပဲ။ ဒါကိုတောင် အသုံးချတတ်သေးတယ်။ ကောင်းပြီလေ... မေးခွန်းတစ်ခု ထပ်ဖြေပေးပါ့မယ်"

​"မင်းက ဘယ်မင်းသားလဲ" လုံချန်းက ထိုလူငယ်ကို စိုက်ကြည့်ရင်း မေးလိုက်၏။

​လုံချန်း၏ စကားကို ကြားလိုက်ရသဖြင့် ဟူမုန့်လင်၏ ခြေလှမ်းများမှာ ရုတ်တရက် တုံ့ခနဲ ရပ်သွားတော့သည်။ မကြာမီမှာပင် သူသည် တစ်စုံတစ်ခုကို ဟာသဖြစ်နေသကဲ့သို့ အကျယ်ကြီး ရယ်မောလိုက်၏။ ထို့နောက် လုံချန်းဘက်သို့ လှည့်ကြည့်ကာ ရွှေပြည်အေး မျက်နှာပေးဖြင့် ဆိုလိုက်သည်။

​"ငါလား... ငါက မင်းသား ဟုတ်လား။ ဘာလို့ အဲဒီလို ထင်ရတာလဲ။ အစောကတော့ ငါ့ကို အထက်တန်းစား မိသားစုကလို့ ပြောခဲ့တာ မဟုတ်လား။ ဟူဆိုတာ တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်လည်း မဟုတ်ဘူးလေ။ မင်း ဘာလို့ အဲဒီလို ယူဆလိုက်တာလဲ" သူက ဆိုကာ ဆက်လက် လျှောက်လှမ်းနေပြန်သည်။

​"မင်းရဲ့ တည်ငြိမ်လွန်းတဲ့ အမူအရာက သက်သေပြနေတာပဲ။ အထက်တန်းစား မိသားစုက ဘယ်သူမှ မင်းသားတစ်ပါးရဲ့ မွေးနေ့ပွဲကို သွားတဲ့အခါ ဒီလောက်အထိ အေးအေးဆေးဆေး ရှိမနေနိုင်ဘူး။ ပွဲအစကို မမီမှာကိုတောင် မင်းက ဂရုမစိုက်ဘူးလေ။ အထက်တန်းစားတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို အမြဲတမ်း ဂရုစိုက်ကြတာ။ မင်းရဲ့ မိသားစုကသာဆိုရင် မင်းကို ဒီလို နောက်ကျအောင် ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့က မင်းကို လုံးဝ မခေါ်သွားတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အချိန်မီ ရောက်အောင် ခေါ်သွားမှာပဲ ဖြစ်ဖြစ် တစ်ခုခု လုပ်မှာ သေချာတယ်" လုံချန်းက ဖြေလိုက်၏။

​"အထက်တန်းစား တစ်ယောက်အနေနဲ့ ဒီလောက်အထိ စိတ်အေးလက်အေး ရှိမနေနိုင်ဘူး။ ပြီးတော့ မင်းပဲ ပြောခဲ့တယ်လေ... တော်ဝင်မျိုးနွယ်တွေနဲ့ အထက်တန်းစားတွေပဲ ဒီပွဲအကြောင်း သိတာဆိုတော့... မင်းက အထက်တန်းစား မဟုတ်ဘူးဆိုရင် တော်ဝင်ကိုယ်ရံတော် ဒါမှမဟုတ် မင်းသား တစ်ပါးပါပဲ။ ကိုယ်ရံတော်ဆိုရင်လည်း ဒီလောက် စိတ်အေးနေမှာ မဟုတ်ဘူးဆိုတော့ မင်းသားပဲ ကျန်တော့တာပေါ့။ တခြား အကြောင်းပြချက်တွေလည်း ရှိသေးပေမဲ့ ဒါကတော့ အရှင်းဆုံး နည်းလမ်းပါပဲ" လုံချန်းက ဆက်ပြောလိုက်သည်။

​"ဟင်း... မင်းက ဒီလောက်တောင် ယုံကြည်မှုရှိရှိ ပြောနေမှတော့ ငါကလည်း မဟုတ်ဘူးလို့ ငြင်းလို့ မကောင်းတော့ဘူးပေါ့။ မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ကြယ်တာရာ အင်ပါယာရဲ့ တတိယမင်းသားပါ" ထိုလူငယ်က ဖြေလိုက်၏။

​"ငါ ထင်တဲ့အတိုင်းပါပဲ။ ဒါဆို မင်းရဲ့ နာမည်ရင်းက ဘာလဲ။ မင်းပြောသလိုပဲ ဟူဆိုတာ တော်ဝင်မျိုးရိုး မဟုတ်ဘူးဆိုတော့ မင်း ငါ့ကို နာမည်အတု ပြောခဲ့တာ သေချာတယ်"

​လူငယ်လေးက ပြုံးလျက် ခေါင်းညိတ်လိုက်၏။ "ငါ ထင်ထားသင့်တာပဲ။ မင်းက မင်းသားတွေရဲ့ နာမည်ကိုတောင် မသိသေးဘူးပဲ။ ငါ့နာမည်က မုန့်ဟူလင်ပါ"

​"ဒီနေ့က မင်းရဲ့ အစ်ကို မွေးနေ့လား" လုံချန်းက စူးစမ်းလိုက်သည်။

​"ဟုတ်တယ်... ငါ့ရဲ့ ဒုတိယအစ်ကို မွေးနေ့ပေါ့" မုန့်ဟူလင်က ပြန်ဖြေ၏။

​သူတို့နှစ်ဦးသည် သာမန်ခြေလှမ်းများဖြင့် စကားတပြောပြော လျှောက်လာခဲ့ကြရာ မကြာမီမှာပင် တော်ဝင်နန်းတော်၏ ဝင်ပေါက်သို့ ရောက်ရှိလာတော့သည်။ ဧည့်သည်အများစုမှာ အတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ဝင်ပေါက်တွင် လူရှင်းနေ၏။ အထက်တန်းစား မိသားစုများ၏ ရထားလုံးများနှင့် တော်ဝင်ရထားလုံးများမှာ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်တန့်ထားကြပေသည်။

​"အရှင်မင်းသား... ပြန်လည်ကြိုဆိုပါတယ်" မုန့်ဟူလင်ကို မြင်သည်နှင့် ကင်းစောင့် တပ်သားများက ချက်ချင်းပင် ဦးညွှတ် နှုတ်ဆက်ကြ၏။

​"ပွဲက စပြီလား" မုန့်ဟူလင်က မေးလိုက်သည်။

​"မစသေးပါဘူး အရှင်မင်းသား။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့မင်းသားတို့ အခမ်းအနား ခန်းမထဲကို မရောက်လာကြသေးပါဘူး။ မကြာခင် ရောက်လာတော့မယ်လို့ သိရပါတယ်" တပ်သားများက ပြန်လျှောက်ကြ၏။

​"ဪ... ကံမကောင်းစွာနဲ့ပဲ အချိန်မီ ရောက်လာပြန်ပြီပေါ့။ ထားပါတော့လေ" ထိုလူငယ်က ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။

​ထို့နောက် လုံချန်းဘက်သို့ လှည့်ကာ ဆိုလိုက်သည်။ "လာ... အထဲဝင်ကြစို့"

​"အရှင်မင်းသား... သူကရော..." တပ်သားများက လုံချန်းကို ကြည့်ကာ မေးမြန်းလိုက်ကြသည်။

​"သူက ဖုန်းရှု ဘုရင်နိုင်ငံက မင်းသားလေ။ ငါ လမ်းမှာ တွေ့လို့ ခေါ်လာတာ။ သူ့ကို ဝင်ခွင့်ပေးလိုက်ပါ။ ငါကတော့ ဘာပြဿနာမှ မရှိဘူးလို့ မြင်တယ်။ မင်းတို့ကော ပြဿနာရှိလို့လား" မုန့်ဟူလင်က ပြုံးစိစိဖြင့် မေးလိုက်၏။

​တတိယမင်းသား၏ ထိုအပြုံးကို မြင်လိုက်ရသောအခါ တပ်သားများမှာ ချွေးစေးများပင် ထွက်လာကြတော့သည်။

​"မ...မရှိပါဘူး အရှင်မင်းသား။ ကြွပါ... ကြွပါ" ထိုသို့ ဆိုကာ သူတို့သည် ဘေးသို့ ဖယ်ပေးလိုက်ကြ၏။

​မုန့်ဟူလင်သည် လုံချန်းနှင့်အတူ နန်းတော်အတွင်းသို့ ဝင်သွားလေတော့သတည်း။

​ထိုအချိန်တွင် ကြယ်တာရာ အင်ပါယာ၏ တော်ဝင်မြို့တော် အပြင်ဘက်၌ ပျံသန်းနိုင်သော သားရဲတစ်အုပ်သည် တော်ဝင်နန်းတော် ရှိရာဘက်သို့ ဦးတည် ပျံသန်းလာနေ၏။ ထိုသားရဲများပေါ်တွင် လူငါးဦး လိုက်ပါလာကြသည်။

​ထိုလူငါးဦးမှာ လုံချန်းနှင့် တွေ့ဆုံခဲ့ဖူးသော ကြယ်တာရာ အင်ပါယာမှ တမန်တော်များပင် ဖြစ်ပေသည်။ သူတို့သည် လုံချန်းကို ဖမ်းဆီးရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့သဖြင့် ယခုမှ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်၏။

​သူတော်စင် သတ်ဖြတ်သူ၏ အမွေခံနှင့် ပတ်သက်ပြီး မည်သို့ ဖြစ်ပျက်ခဲ့ကြောင်း၊ သူ၏ မျက်နှာက ယခင်နှင့် မတူဘဲ ပြောင်းလဲနေကြောင်းကို ဧကရာဇ်ထံ သတင်းပို့ရန် သူတို့ ပြန်လာကြခြင်း ဖြစ်ပေသည်။

​"နောက်ဆုံးတော့ မြို့တော်ကို ပြန်ရောက်ပြီပေါ့။ ငါတို့ ဒီကနေ ထွက်သွားတာ တော်တော်တောင် ကြာသွားပြီပဲ"

​"ဟုတ်ပါ့ဗျာ... လမ်းမှာ တွေ့တဲ့ နိုင်ငံတိုင်းကို သတင်းလိုက်ပေးနေရတာရယ်၊ နှင်းမုန်တိုင်းတွေရယ်ကြောင့်သာ မဟုတ်ရင် ဒီထက်တောင် ပိုစောစော ရောက်နေမှာ"

All Chapters