အခန်း (၈၉၅-၈၉၆)
Vol. 88 Ch. 895-896
အခန်း (၈၉၅) ကြန့်ကြာမှုလား
ဖူမင်သည် အင်ပါယာမှ စေလွှတ်လိုက်သော တမန်တော်အဖွဲ့ကို ဦးဆောင်လာသူ ဖြစ်ပေသည်။ သူသည် ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းနေပြီး သူ၏နောက်တွင် မိန်းကလေးများဖြစ်ကြသော လင်ယီနှင့် တုလျန်တို့က လိုက်ပါလာကြ၏။ အဖွဲ့၏ နောက်ဆုံးတွင်မူ ကုယန်နှင့် ပုရှိုတို့ ရှိနေကြသည်။
"ငါတို့သာ လမ်းမှာတွေ့သမျှ နိုင်ငံတွေကို ဝင်ပြီး သတင်းမပေးခဲ့ရင် အခုဆို အိမ်ကို စောစောစီးစီး ရောက်နေလောက်ပြီ" ကုယန်က ညည်းညည်းညူညူ ဆိုလိုက်သည်။
လုံချန်းက အင်ပါယာဘက်သို့ လာမည်ဟု တပ်အပ် မပြောနိုင်သဖြင့် လမ်းတွင် တွေ့သမျှ နိုင်ငံများအား သတင်းဝင်ပေးနေမည့်အစား အင်ပါယာသို့သာ တိုက်ရိုက်ပြန်ပြီး ဧကရာဇ်မင်းမြတ်ကို နောက်ထပ် ရှာဖွေရေးအစီအစဉ်အတွက် ဆုံးဖြတ်ချက် တောင်းခံသင့်သည်ဟု သူက အစကတည်းက ပြောခဲ့ခြင်း ဖြစ်ပေသည်။
"ဟင်း... ညည်းမနေစမ်းပါနဲ့။ လမ်းမှာ ဘုရင်တွေကို သတင်းပေးတာက အချိန်အများကြီး ကုန်သွားတာမှ မဟုတ်တာ။ တကယ်တမ်း ငါတို့ကို ကြန့်ကြာအောင် လုပ်ခဲ့တာက နှင်းမုန်တိုင်းတွေလေ" သူက တွေးလိုက်မိ၏။
"မင်းတို့ ခဏလောက် ငြိမ်ငြိမ်နေလို့ မရဘူးလား။ တစ်လမ်းလုံး ဒီကိစ္စနဲ့ပဲ ငြင်းလာကြတာ။ အခု မြို့တော်ကို ရောက်တော့မယ်လေ။ ဒီအငြင်းပွားမှုတွေကို အခုပဲ အဆုံးသတ်လိုက်ကြရအောင်" ပုရှိုက စိတ်မရှည်နိုင်တော့ဘဲ ဟန့်တားလိုက်ရသည်။
"ဟုတ်ပါ့... မင်းတို့ အဲဒီကိစ္စထက် ငါတို့ ရင်ဆိုင်ရမယ့် ပြစ်ဒဏ်အကြောင်းကိုပဲ ပိုပြီး စိတ်ပူနေသင့်တယ်" တုလျန်က ဆိုလိုက်၏။
ဖူမင်သည် သူတို့၏ စကားဝိုင်းထဲသို့ ဝင်မပါသော်လည်း အားလုံးကို ကြားနေရပေသည်။ သူ၏ သားရဲမှာ အမြန်ဆုံး ဖြစ်သဖြင့် အခြားသူများနှင့် အလွယ်တကူ အလှမ်းကွာသွားအောင် ပျံသန်းနိုင်သော်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ သူတို့နှင့် နီးကပ်စွာ ရှိနေပေးရ၏။
"ပြစ်ဒဏ် ဟုတ်လား... ဘာဖြစ်လို့ ပြစ်ဒဏ် ခံရမှာလဲ" လင်ယီက မေးလိုက်သည်။
"ဟင်း... နင် တကယ်ပဲ မသိလို့လား။ ငါတို့ရဲ့ အမှားအတွက် ဧကရာဇ်မင်းမြတ်က ငါတို့ကို အလွတ်ပေးလိမ့်မယ်လို့ ထင်နေတာလား။ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံက ငါတို့ ရှေ့တည့်တည့်မှာ ရှိနေတာတောင် ငါတို့ သူ့ကို ဖမ်းမမိခဲ့ဘူးလေ။ ဒီအကြောင်းကို ဧကရာဇ်ဆီ သတင်းပို့တဲ့အခါ ဘာတွေ ဖြစ်လာမလဲဆိုတာ နင် စဉ်းစားကြည့်ပေါ့" တုလျန်က မျက်စောင်းထိုးရင်း ပြန်ပြောလိုက်၏။
"အနည်းဆုံးတော့ ဆုလာဘ် ချီးမြှင့်ခံရမှာ မဟုတ်တာတော့ သေချာတယ်" ပုရှိုက နောက်ပြောင်သလိုလိုဖြင့် ဝင်ပြောလိုက်သည်။
"ဒါပေမဲ့ ဒါက ငါတို့ အမှားမှ မဟုတ်တာ။ အဲဒီမှာ ထူးဆန်းတာတွေ အများကြီး ဖြစ်ခဲ့တာပဲ။ အထက်ကမ္ဘာကလို့ ယူဆရတဲ့ လူငယ်လေးကလည်း ရုတ်တရက် ရူးသလိုလို ဘာလိုလို ဖြစ်သွားတယ်။ ငါတို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ပြီးတော့ လူတွေကလည်း ဟိုနားမှာ ပျောက်လိုက်၊ ဒီနားမှာ ပေါ်လိုက်နဲ့လေ။ နောက်ဆုံးတော့ အမွေခံကလည်း ပျောက်သွားတာပဲ။ သူ့ဆီမှာ တကယ့်ကို အံ့မခန်း ရတနာတစ်ခုခု ရှိနေမှာ သေချာတယ်။ ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ကို ဖမ်းမိမှာ မဟုတ်ဘူး" လင်ယီက ပြန်ချေပသည်။
"ငါတို့က သူ့ရဲ့ စွမ်းရည်တွေကို မသိခဲ့လို့ပါ။ အခု သိပြီဆိုတော့ နောက်တစ်ကြိမ် ဆုံရင် ဖမ်းလို့ရမှာပေါ့။ အဲဒါပါပဲ" သူမက ဆက်ပြော၏။
"ငါတို့ မြို့တော်ထဲကို မဝင်ခင် တစ်ရက်လောက် စောင့်ကြည့်ရင် မကောင်းဘူးလား" ကုယန်က တိုးတိုးလေး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ" ပုရှိုက ထူးဆန်းသလို မေးလိုက်၏။ "မင်းပဲ အချိန်မဖြုန်းသင့်ဘူးလို့ ပြောခဲ့တာ မဟုတ်လား"
"ဟုတ်ပါတယ်... ငါပြောခဲ့တာပါ။ ဒါပေမဲ့ အစောကြီး ရောက်တာက ကိစ္စမရှိပေမဲ့ ဒီနေ့မှ ရောက်သွားတာကတော့ နည်းနည်း..." ကုယန်က စကားကို တစ်ဝက်နှင့် ရပ်လိုက်၏။
"မင်း ဘာကို ဆိုလိုချင်တာလဲ" တုလျန်က စူးစမ်းလိုက်သည်။
"မင်းတို့အားလုံး ဒီနေ့ ရက်စွဲကို မေ့နေကြတာလား" ကုယန်က အံ့သြသလို မေးလိုက်၏။
ထိုအချိန်တွင် ဖူမင်၏ မျက်မှောင်များမှာ တွန့်ချိုးသွားတော့သည်။ သူသည် သူ၏ နှုတ်ခမ်းပါးကို ဖွင့်ဟကာ ဖြေလိုက်သည်။ "ဒီနေ့က ဒုတိယမင်းသား ချန်ရဲ့ မွေးနေ့ပဲ"
"ဒုတိယမင်းသား ချန်ရဲ့ မွေးနေ့ ဟုတ်သားပဲ... ငါ လုံးဝ မေ့သွားတယ်။ အဲဒါက ပိုဆိုးသွားတာပေါ့။ ဒီလို အခါသမယမျိုးမှာ ဧကရာဇ်ဆီ သွားပြီး ငါတို့ ရှုံးနိမ့်ခဲ့တဲ့ အကြောင်း သတင်းပို့ရမှာလား" တုလျန်က စိုးရိမ်တကြီး ရေရွတ်လိုက်၏။
"အတိအကျပါပဲ။ မြို့တော်ကို ရောက်ပြီးမှ သတင်းမပို့ဘဲ ကြန့်ကြာနေရင်လည်း သတင်းဖုံးကွယ်ထားတယ်ဆိုပြီး ဧကရာဇ်က ပိုပြီး ဒေါသထွက်ဦးမယ်။ အတော်လေး ဆိုးတာပဲ။ ဒီနေ့တော့ မြို့ပြင်မှာပဲ စခန်းချပြီး မပြန်ကြသေးဘဲ နေရအောင်။ မနက်ဖြန်မှ သွားတာ ပိုကောင်းမယ်" သူမက ဆက်ပြောသည်။
"ဟုတ်တယ်၊ အဲဒါ ပိုကောင်းတယ်။ တည်းခိုခန်းတစ်ခန်းမှာပဲ တစ်ည တည်းလိုက်ကြစို့။ မနက်ဖြန်မှပဲ ထွက်ကြတာပေါ့" လင်ယီကလည်း သဘောတူလိုက်၏။
"ငါလည်း စောင့်သင့်တယ်လို့ ထင်တယ်။ အခြေအနေကို ပိုပြီး ဆိုးမသွားစေချင်ဘူး" ပုရှိုက ဆိုသည်။
"ဖူမင်... မင်းရော ဘယ်လိုထင်လဲ။ မင်းလည်း သဘောတူသင့်တာပေါ့" ကုယန်က တိုးတိုးလေး မေးလိုက်၏။
"ငါတော့ သဘောမတူနိုင်ဘူး။ တော်ဝင်အဖွဲ့အစည်းရဲ့ သစ္စာရှိ အဖွဲ့ဝင်တွေအနေနဲ့ အင်ပါယာအတွက် အကောင်းဆုံး လုပ်ဆောင်ဖို့က ငါတို့ရဲ့ တာဝန်ပဲ။ အဆူခံရမှာ၊ အပြစ်ပေးခံရမှာကို ကြောက်ပြီး သတင်းပို့ဖို့ နောက်ကျနေလို့ မဖြစ်ဘူး။ အဲဒါက သစ္စာမရှိရာ ရောက်လိမ့်မယ်။ လုံးဝ မလွဲမရှောင်သာတဲ့ အခြေအနေ မဟုတ်ရင် ငါတို့ မရပ်နားသင့်ဘူး" ဖူမင်က ခေါင်းယမ်းရင်း ပြန်ဖြေလိုက်၏။
"ကဲ... နှင်းမုန်တိုင်းသာ တကယ် ကျလာမယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ မင်းတို့ နားချင်တယ်ဆိုရင်တော့ နှင်းမုန်တိုင်း ကျပါစေလို့ပဲ ဆုတောင်းကြတော့။ အဲဒီလိုဆိုရင်တော့ ငါ ဘာမှ မပြောဘူး။ ဒါပေမဲ့ ဒီလို ရာသီဥတု ကောင်းနေတဲ့အချိန်မှာ ရပ်နားဖို့ကတော့ ငါ့အတွက် မဖြစ်နိုင်ဘူး" သူက ဆက်ပြောသည်။
"ဟင်း... ဒါဆိုရင်တော့ ဒီနေ့ပဲ သွားကြရတော့မှာပေါ့။ ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ ရာသီဥတုက အတော်လေး ဆိုးနေခဲ့တာ။ အခုလို ရာသီဥတု ဆိုးဖို့ လိုအပ်နေတဲ့ အချိန်ကျမှပဲ နေသာနေတော့တာပဲ။ ငါတို့ရဲ့ ကံတရားကလည်း အတော်လေးကို ဆန်းကြယ်ပါပေ့" လင်ယီက ကြည်လင်နေသော ကောင်းကင်ကြီးကို ကြည့်ကာ ညည်းတွားလိုက်တော့၏။
နှင်းမုန်တိုင်း ကျလာမည့် အလားအလာ လုံးဝ မရှိသဖြင့် အားလုံးမှာ စိတ်ပျက်သွားကြရသည်။
ဖူမင်ကိုယ်တိုင်ပင်လျှင် ယနေ့ မပြန်ချင်သဖြင့် နှင်းမုန်တိုင်း ကျလာစေရန် ဆန္ဒရှိနေမိသော်လည်း သူ၏ တာဝန်သိစိတ်က ကြောက်ရွံ့မှုကို ကျော်လွန်နေပေသည်။
လုံချန်းနှင့် မုန့်ဟူလင်တို့သည် တော်ဝင်နန်းတော်အတွင်းသို့ အတူတူ ဝင်လာခဲ့ကြ၏။
"ငါ့ခမည်းတော်နဲ့ ငါ့အစ်ကိုတွေကလည်း အခမ်းအနား ခန်းမထဲမှာ မရှိကြသေးဘူးဆိုတော့ အခုချက်ချင်း အဲဒီကို သွားနေဖို့ မလိုသေးပါဘူး။ ငါ မင်းကို နန်းတော်ထဲ လိုက်ပြရင်ရော ဘယ်လိုလဲ" မုန့်ဟူလင်က လုံချန်းကို မေးလိုက်သည်။
"ကောင်းပြီလေ" လုံချန်းက ခေါင်းညိတ်လိုက်၏။ မင်းသားတစ်ပါးနှင့် ရင်းနှီးခွင့်ရခြင်းမှာ ကောင်းမွန်သော ကိစ္စဖြစ်သဖြင့် ဤအခွင့်အရေးကို သူ လက်လွတ်မခံနိုင်ချေ။
"ကောင်းပြီ"
မုန့်ဟူလင်သည် လုံချန်းကို လူသွားစင်္ကြံလမ်းတစ်ခုအတိုင်း ခေါ်ဆောင်လာခဲ့သည်။ သို့သော် ခေတ္တမျှ လျှောက်လှမ်းပြီးနောက် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုသူသည် ဘုရင်တစ်ပါး၏ အရှိန်အဝါရှိသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်ရုံမှာ ထူထဲချောမွေ့ပြီး တစ်ိုက်လုံးတွင် အရှားပါးဆုံးနှင့် အဆန်းပြားဆုံး သားရဲ၏ အရေခွံဖြင့် ချုပ်လုပ်ထားခြင်း ဖြစ်ပေသည်။
ထိုသူမှာ သရဖူကိုလည်း ဆောင်းထား၏။
လုံချန်းအတွက် ခန့်မှန်းရသည်မှာ မခက်ခဲချေ။ ဤသူသည် ဤတိုက်ကြီး၏ ဧကရာဇ်ဖြစ်ပြီး ဤလောကတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ သေချာပေါက် သိလိုက်ရသည်။
လုံချန်းသည် ဧကရာဇ်၏ ကျင့်ကြံမှုအဆင့်ကို မည်သို့ပင် ကြိုးစားကြည့်ရှုသော်လည်း မမြင်နိုင်ချေ။
'သူ့ရဲ့ ကျင့်ကြံမှုက ဒီလောက်အထိ မြင့်မားနေဖို့ မဖြစ်နိုင်ဘူး။ ငါ ကမ္ဘာမြေအဆင့်မှာတုန်းကတောင် ကောင်းကင်နဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတွေရဲ့ စွမ်းအားကို မြင်နိုင်ခဲ့တာပဲ။ အခု ငါက ကောင်းကင်အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေပြီဆိုတော့ သူတော်စင်အဆင့်ကိုတောင် မြင်နိုင်ရမှာ။ ဧကရာဇ်က အဲဒီထက် ပိုပြီး သန်မာနေမယ်ဆိုရင် သူက အင်မော်တယ် လောကကို ထွက်သွားပြီးလောက်ပြီ' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။
'သူက သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာတစ်ခုခုကို သုံးနေတာပဲ ဖြစ်ရမယ်။ စိတ်ဝင်စားစရာပဲ' သူက ကောက်ချက်ချလိုက်၏။
ဧကရာဇ်၏ နောက်တွင် အသက် ၂၀ ကျော် အရွယ်ခန့်ရှိသော လူငယ်တစ်ဦး ရှိနေပေသည်။ ထိုလူငယ်သည် သူ၏ ဖခင်ကဲ့သို့ပင် ရှည်လျားသော အစိမ်းရောင် ဆံပင်များ ရှိပြီး သရဖူတစ်ခုကိုလည်း ဆောင်းထား၏။ သို့သော် သူ၏ သရဖူမှာ ဧကရာဇ်၏ သရဖူထက်စာလျှင် ပို၍ ပါးလွှာပြီး ပေါ့ပါးပုံ ရပေသည်။
'အဲဒါကတော့ အိမ်ရှေ့မင်းသား ဖြစ်ရမယ်' လုံချန်းက တွေးတောနေလေသည်။
အခန်း (၈၉၆) သာမည မင်းသား
အိမ်ရှေ့မင်းသားမှ အစပြု၍ ကြည့်လိုက်သော်... သူ ယခင်က မြင်တွေ့ခဲ့ဖူးသော ဒုတိယမင်းသား ချန်ကို တွေ့လိုက်ရလေသည်။ ထိုဆွဲကြိုးလေးမှာ သူ၏ လက်ထဲတွင် ရှိနေဆဲပင်။
ယခင်ကနှင့်မတူ သူ၏ ဝတ်စားဆင်ယင်မှုများက ပြောင်းလဲနေလေပြီ။ အရင်က ချမ်းသာကြွယ်ဝပြီး သပ်ရပ်ခန့်ညားသော သူဌေးသားတစ်ဦးနှင့် တူသော်လည်း ယခုအခါတွင်မူ တန်ခိုးအာဏာ ကြီးမားလှသော အုပ်စိုးသူတစ်ပါး၏ ဟန်ပန်မျိုး ပေါက်နေလေသည်။
လုံချန်း၏ အာရုံကို ထိုနည်းတူစွာ ဖမ်းစားသွားသော နောက်ထပ် လူတစ်ယောက်လည်း ရှိနေသေး၏။ ထိုသူကား အနောက်ဆုံးတွင် ရပ်နေသော အမျိုးသမီးတစ်ဦးပင် ဖြစ်ပေသည်။
ထိုအမျိုးသမီးမှာ အသက် နှစ်ဆယ်စွန်းစွန်း အရွယ်ခန့်သာ ရှိသေးပုံရသည်။ သူမသည် အစေခံတစ်ဦးလား သို့တည်းမဟုတ် တော်ဝင်မိသားစုအတွက် အလုပ်လုပ်ပေးရသူ တစ်ဦးလား ဆိုသည်ကို လုံချန်း သေချာ မသိပါချေ။ သို့သော် သူမ၏ ဝတ်စားဆင်ယင်မှုနှင့် အရှိန်အဝါအရမူ မင်းသမီးတစ်ပါးနှင့် တထေရာတည်း တူနေလေသည်။
ဧကရာဇ်မင်းမြတ်နှင့် မတူဘဲ သူမ၏ မျက်ဝန်းများမှာ ပြာလဲ့နေပြီး ဆံကေသာမှာမူ နက်မှောင်နေပေသည်။
မိန်းမစိုးများက သူတို့ရှေ့ရှိ တံခါးကြီးကို ဖွင့်လှစ်ပေးလိုက်ကြ၏။ ဧကရာဇ်နှင့်တကွ နောက်ပါအခြွေအရံများသည် အတွင်းသို့ ဝင်ရောက်သွားကြပြီး သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြလေတော့သည်။
"ဟင်း... နောက်ဆုံးတော့လည်း သူတို့ ဝင်သွားကြပြီပဲ။ ကဲ... သွားကြစို့။ ဒီနေ့တော့ မင်းကို နန်းတော်ထဲ လိုက်မပြနိုင်တော့ဘူး ထင်တယ်။ အခမ်းအနားက စတော့မှာ" မုန့်ဟူလင်က ဆိုကာ ထိုတံခါးဝဆီသို့ ဦးတည် လျှောက်လှမ်းသွားလေသည်။
လုံချန်းလည်း သူ၏နောက်မှ လိုက်ပါသွား၏။
"သူတို့နဲ့အတူ ပါသွားတဲ့ မိန်းကလေးက ဘယ်သူလဲ" လုံချန်းက ထိုမိန်းကလေးကို စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "မင်းရဲ့ အစ်မလား"
"ဟုတ်တယ်။ သူက ငါ့ရဲ့ အစ်မပဲ။ သေချာပြောရရင် ငါ့ကို ဖယ်လိုက်ရင် သူက အငယ်ဆုံးပေါ့။ သူ့ရှေ့က တစ်ယောက်ကတော့ ဒီနေ့ မွေးနေ့ရှင် ဒုတိယအစ်ကို ချန်လေ"
"ရှေ့ဆုံးက တစ်ယောက်ကတော့ မင်း ခန့်မှန်းမိတဲ့အတိုင်း ငါ့ရဲ့ ခမည်းတော် ဧကရာဇ် မုန့်လျန်ပေါ့။ ဒီနယ်မြေကို အုပ်စိုးတဲ့သူလေ။ သူ့နောက်က တစ်ယောက်ကတော့ အကြီးဆုံးမင်းသား မုန့်လုချီ၊ ငါနဲ့ ဖအေတူ မအေကွဲ အစ်ကိုပေါ့"
"ဖအေတူ မအေကွဲ ဟုတ်လား။ မင်းရဲ့ ဒုတိယအစ်ကိုအကြောင်း ပြောတုန်းကတော့ အဲဒီလိုမျိုး မပြောခဲ့ပါလား" လုံချန်းက မေးလိုက်၏။ "သူနဲ့မင်းက အမေတူ အဖေတူတွေလား"
"အင်း... ဒုတိယအစ်ကိုနဲ့ ငါက ညီအစ်ကိုအရင်းတွေလေ။ ဘာဖြစ်လို့လဲ" မုန့်ဟူလင်က ပြန်ဖြေသည်။
"ဘာမှမဟုတ်ပါဘူး။ မင်း သူ့အကြောင်း ပြောတဲ့လေသံကို ထောက်ရင် မင်း သူ့ကို သိပ်မကြည်ဖြူသလို ခံစားရလို့ပါ" လုံချန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။
မုန့်ဟူလင်သည် လုံချန်းအား ခံစားချက် ကင်းမဲ့နေသော မျက်နှာဖြင့် စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်နေပြီးမှ အကျယ်တဝင့် ရယ်မောလိုက်လေတော့သည်။
"ဟားဟား... မင်း ထင်တာ မမှားပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို မကြည်ဖြူဖို့အတွက် သူက ငါနဲ့ ဖအေတူ မအေကွဲ ဖြစ်နေဖို့ လိုတယ်လို့ ဘယ်မှာ ရေးထားလို့လဲ" သူက ဆိုသည်။
"ကဲ... ငါ သူ့ကို ဘာလို့ မကြိုက်ရတာလဲ ဆိုတာတော့ လိုက်မမေးနဲ့တော့။ အဲဒါက မင်း သိဖို့ မလိုအပ်တဲ့ ကိစ္စမို့လို့ပါ"
လုံချန်းက ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ပါချေ။ တကယ်တမ်းလည်း ထိုအကြောင်းရင်းကို သူ သိစရာ မလိုပေ။ သို့သော် ဤအချက်က သူ့ကို စိတ်ပျက်သွားစေသည်။
မုန့်ဟူလင်နှင့် ရင်းနှီးခြင်းက မုန့်ချန်နှင့် နီးကပ်ရန် လမ်းစဖြစ်မည်ဟု သူ တွေးထင်ထားခဲ့မိသည်။ မုန့်ဟူလင်ကတစ်ဆင့် သူ၏အစ်ကိုထံမှ ဆွဲကြိုးကို ယူရန် သူ ဆန္ဒရှိခဲ့သော်လည်း ယခုမူ ထိုသို့ဖြစ်ရန် အလွန်ပင် ခဲယဉ်းသွားချေပြီ။ အကယ်၍ မုန့်ဟူလင်က ဆွဲကြိုးကို တောင်းပေးမည် ဆိုလျှင်ပင် မုန့်ချန်ကလည်း သူ၏ညီအား ပြန်လည် မုန်းတီးနေမည်မှာ သေချာသလောက် ရှိနေသဖြင့် ထိုဆွဲကြိုးကို ရရန် အကြောင်းမမြင်တော့ပေ။
ရန်ငြိုးဆိုသည်မှာ တစ်ဖက်သတ် ဖြစ်ခဲသည် မဟုတ်လော။
သူသည် ဤပွဲထဲသို့ မုန့်ဟူလင်၏ အကူအညီဖြင့် ဝင်လာခဲ့ရသဖြင့် ပွဲအတွင်း၌ မုန့်ဟူလင်၏ အနီးမှ ထွက်ခွာသွား၍လည်း မဖြစ်ပြန်ပေ။ အကယ်၍ မုန့်ဟူလင်၏ အနားတွင်သာ နေရမည်ဆိုပါက ဧကရာဇ် မုန့်လျန်နှင့်လည်း နီးကပ်နိုင်မည် မဟုတ်ချေ။ အခြေခံအားဖြင့် သူသည် ခန်းမ၏ နေရာမှားတွင် ပိတ်မိနေသကဲ့သို့ ဖြစ်နေလေပြီ။
"မျက်နှာကြီး ညိုးငယ်မနေစမ်းပါနဲ့ကွာ။ ဒီလောက် ခမ်းနားတဲ့ ပွဲမျိုးကို မင်း ပထမဆုံး တက်ဖူးတာ မဟုတ်လား။ ငါကတော့ ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ မင်းအတွက်တော့ အစပထမမှာတင် အထင်ကြီးခံရအောင် နေနိုင်ရင် ကောင်းတာပေါ့" လုံချန်း စိတ်ပျက်နေသည်ကို သတိထားမိသောအခါ မုန့်ဟူလင်က ဆိုလိုက်သည်။
"အင်း..." လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်၏။ သူ မည်သည့်နေရာတွင် ရှိနေပါစေ၊ မည်သည့်ဘက်တွင်ပင် ရပ်တည်နေပါစေ အရေးမကြီးတော့ပါ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြီး မိမိအစွမ်းရှိသမျှ အကောင်းဆုံး ကြိုးစားရန်သာ ရှိတော့ပေသည်။
လူငယ်နှစ်ဦးသည် ခန်းမ၏ ဝင်ပေါက်သို့ ရောက်ရှိသွားကြ၏။ ကင်းစောင့်တပ်သားများက မင်းသားလေးအား အရိုအသေပေး နှုတ်ဆက်ကြပြီးနောက် တံခါးကို ဖွင့်ပေးလိုက်ကြသည်။
မုန့်ဟူလင်က ရှေ့မှ အရင်ဝင်သွားပြီး လုံချန်းက နောက်မှ လိုက်ပါသွား၏။
လုံချန်း အတွင်းသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် လူအများ၏ စကားပြောသံများကို ကြားလိုက်ရလေသည်။ စင်္ကြံလမ်းမှာ တိတ်ဆိတ်နေခဲ့သော်လည်း ခန်းမအတွင်း၌မူ အထက်တန်းစား မျိုးနွယ်စုများက ရာဇပလ္လင်ပေါ်တွင် စံမြန်းနေသော ဧကရာဇ်မင်းမြတ်ထံ သွားရောက် ခစားနှုတ်ဆက်နေကြသဖြင့် အတော်လေး ဆူညံလျက် ရှိပေသည်။
မျိုးနွယ်စု အများစုမှာလည်း မိမိတို့အချင်းချင်း အုပ်စုဖွဲ့ကာ စကားစမြည် ပြောဆိုနေကြ၏။
ခန်းမတစ်လျှောက်လုံးတွင် စားပွဲဝိုင်း အမြောက်အမြားကို ခင်းကျင်းထားပြီး စားပွဲတိုင်းကို သန့်စင်သော စားပွဲခင်းများဖြင့် လွှမ်းခြုံထားသည်။ မျိုးနွယ်စု အပေါင်းတို့သည် ထိုစားပွဲဝိုင်းများတွင် အုပ်စုလိုက် နေရာယူ ထိုင်နေကြပေသည်။
အကြီးဆုံးမင်းသားသည် ဒုတိယမင်းသားနှင့်အတူ ထိုကဲ့သို့သော စားပွဲဝိုင်းတစ်ဝိုင်းတွင် ထိုင်နေ၏။ သူတို့၏ စားပွဲမှာ ရာဇပလ္လင်နှင့် အနီးဆုံးတွင် ရှိပေသည်။ မင်းသမီးလေးကလည်း ထိုစားပွဲ၌ပင် နေရာယူထားလေသည်။
မျိုးနွယ်စုများသည် ဧကရာဇ်မင်းမြတ်အား နှုတ်ဆက်ပြီးနောက် မင်းသားများထံသို့လည်း သွားရောက် နှုတ်ဆက်ကြ၏။ ဒုတိယမင်းသားအတွက်လည်း မွေးနေ့ဆုတောင်းများ ဆက်သကြပေသည်။
"ဟေး... တတိယညီလေး မဟုတ်လား" အိမ်ရှေ့မင်းသားက အဝေးမှနေ၍ မုန့်ဟူလင်ကို သတိထားမိသွားသည်။
"အရင်တခေါက်တွေလိုပဲ မင်း နောက်ကျနေဦးမယ်လို့ ထင်နေတာ။ အခုတော့ ဘယ်လိုဖြစ်ပြီး အချိန်မီ ရောက်လာရတာလဲ။ ထားပါတော့လေ... လာ၊ ငါတို့နဲ့အတူ လာထိုင်လှည့်" သူက ဝမ်းသာအားရ ခေါ်ဆိုလိုက်၏။
"ငါ အိပ်မက်များ မက်နေတာလား မသိဘူး။ ဒီကောင်က ဘယ်တော့မှ အချိန်မီ ရောက်လာလေ့ရှိတာ မဟုတ်ဘူး၊ အထူးသဖြင့် ငါ့မွေးနေ့မှာဆို ပိုဆိုးသေး။ ဒါဟာ ကမ္ဘာပျက်တော့မယ့် နိမိတ်တစ်ခုခုများလားပဲ" မုန့်ချန်က စောင်းကြည့်ရင်း လှောင်ပြောင်လိုက်သည်။
"ဒုတိယညီလေး... တခြား မျိုးနွယ်စုတွေရှေ့မှာ ဒီလို အပြုအမူမျိုး မလုပ်စမ်းပါနဲ့။ ငါတို့ မိသားစုရဲ့ အတွင်းရေးတွေကို တခြားသူတွေရှေ့မှာ ဘယ်တော့မှ ထုတ်မပြသင့်ဘူး။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစမ်းပါ။ မင်းသားတစ်ပါးအနေနဲ့ ဒီလို အပြုအမူမျိုးက မလျောက်ပတ်ဘူး" အိမ်ရှေ့မင်းသားက လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။
မုန့်ချန်က တတိယမင်းသားအား သရော်လှောင်ပြောင်နေသည်ကို သူ သဘောမကျချေ။ သူကိုယ်တိုင်လည်း ထိုသို့ ဆင်တူသော စကားမျိုး ပြောဆိုခဲ့သော်လည်း သူက နောက်ပြောင်သော သဘောဖြင့်သာ ပြောခဲ့ခြင်း ဖြစ်သည်။ ဒုတိယမင်းသားကမူ တကယ့်ကို အတည်ကြီး လှောင်ပြောင်နေခြင်း ဖြစ်ပေသည်။
မုန့်ဟူလင်သည် အခြားမင်းသားများ ထိုင်နေသော စားပွဲကို တစ်ချက်မျှ စူးစိုက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"လာ... ငါ့ရဲ့ အစ်ကိုတွေနဲ့ မိတ်ဆက်ပေးမယ်" သူက လုံချန်းအား ပြောကာ မိသားစုဝင်များ ရှိရာသို့ လျှောက်သွားလိုက်၏။
"မင်းနဲ့အတူ ပါလာတဲ့ ဒီလူငယ်က ဘယ်သူလဲ" အိမ်ရှေ့မင်းသားက မေးလိုက်သည်။ "မင်းရဲ့ သူငယ်ချင်းအသစ်လား"
"အဲဒီလိုပဲ သဘောထားလိုက်ပါ။ ကျွန်တော် သူ့ကို လမ်းမှာ ဆုံခဲ့တာ။ သူက ဖုန်းရှု နိုင်ငံက မင်းသားလေ..."
မုန့်ဟူလင်က သူတို့နှစ်ဦး မည်သို့ တွေ့ဆုံခဲ့ကြောင်း ပြောပြရင်း လုံချန်းကို မိတ်ဆက်ပေးလိုက်သည်။
ထို့နောက် စားပွဲအနီးရှိ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်ရင်း သူ၏ မိသားစုဝင်များကိုလည်း လုံချန်းနှင့် မိတ်ဆက်ပေးလိုက်၏။
"မင်းက ဘာလို့ မတ်တပ်ရပ်နေတာလဲ။ ဝင်ထိုင်လေ" သူက လုံချန်းအား လှမ်းပြောလိုက်သည်။
လုံချန်းသည် သူ၏အနီးတွင် နောက်ထပ် အားနေသော ကုလားထိုင်တစ်လုံးကို တွေ့လိုက်ရ၏။ သူ ထိုင်ရန်အတွက် ထိုကုလားထိုင်ကို ဆွဲယူရန် လက်လှမ်းလိုက်သောအခါ...
"မင်း ဘာလုပ်နေတာလဲ" မုန့်ချန်က မျက်လုံးကို မှေးကာ လုံချန်းအား စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဘာပြဿနာ ရှိလို့လဲ ဒုတိယအစ်ကို" မုန့်ဟူလင်က ပြန်လည် မေးခွန်းထုတ်လိုက်၏။
"ဒါက တော်ဝင်မိသားစုတွေ ထိုင်တဲ့ စားပွဲလေ။ မင်းရဲ့ သူငယ်ချင်းကို မိတ်ဆက်ပြီးပြီဆိုတော့ သူက နောက်ဘက်မှာ သွားထိုင်ဖို့ လိုပြီပေါ့။ သူက ဘယ်လိုလုပ် ငါတို့နဲ့အတူ လာထိုင်လို့ ရမှာလဲ" မုန့်ချန်က ပြန်လည် ချေပသည်။
"မင်း မမြင်ဘူးလား။ အထက်တန်းစား မျိုးနွယ်စုတွေ အများကြီးတောင် နောက်ဘက်မှာပဲ ထိုင်နေကြရတာလေ။ သူတို့တောင်မှ ငါတို့နဲ့အတူ ထိုင်ဖို့ မထိုက်တန်တာ... အညတရ နိုင်ငံငယ်လေး တစ်နိုင်ငံက ဘာမဟုတ်တဲ့ သာမည မင်းသားတစ်ပါးကို ငါက ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ" သူက မောက်မာစွာ ဆက်ပြောလေသည်။