အခန်း (၈၉၇-၈၉၈)
Vol. 88 Ch. 897-898
အခန်း (၈၉၇) ဖယ်ခွာခြင်း
"အဆင့်အတန်း မြင့်မားတဲ့ မျိုးနွယ်စုတွေတောင် ငါတို့နဲ့အတူ ထိုင်ခွင့်မရကြဘူး။ အညတရ နိုင်ငံငယ်လေးက မင်းသားတစ်ပါးကို ငါတို့နဲ့အတူ ထိုင်ခွင့်ပေးနိုင်မယ်လို့ မင်း ထင်နေလား" မုန့်ချန်က မုန့်ဟူလင်ကို ကြည့်ကာ ပြောလိုက်သည်။
"ကဲ... ငါတို့ကို အခက်တွေ့အောင် လုပ်မနေစမ်းပါနဲ့။ မင်းရဲ့ သူငယ်ချင်းဆိုတဲ့လူကို နောက်ဘက်မှာ သွားထိုင်ဖို့သာ ပြောလိုက်စမ်းပါ" သူက ဆက်ပြောလေသည်။
လုံချန်းသည် မုန့်ချန်ကို စကားတစ်ခွန်းမျှ ပြန်မပြောဘဲ စိုက်ကြည့်နေမိ၏။ ထိုစကားရပ်က သူ့ကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း သိသော်လည်း သူ၏ မကျေနပ်မှုအား ထုတ်ဖော်ရန်ကား မဖြစ်နိုင်ချေ။ သူ၏ မျက်လုံးများမှာ ထိုသူ၏ လည်ပင်းမှ ဆွဲကြိုးဆီသို့ မသိမသာ ဝေ့ဝဲသွားလေသည်။
'ဟင်း... အစကတည်းက ငါထင်ထားတာထက် ပိုဆိုးနေပါလား။ ဒီလူ့ဆီက ဆွဲကြိုးကို ရိုးရိုးသားသား နည်းလမ်းနဲ့ ရဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ငါ့ရဲ့ နည်းလမ်းဟောင်းတွေကိုပဲ ပြန်သုံးရတော့မယ်' လုံချန်းက တွေးတောလိုက်သည်။
မုန့်ဟူလင်၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ခဏမျှ ပေါ်သွားသော်လည်း ချက်ချင်းဆိုသလိုပင် ပြုံးယောင်သန်းလာ၏။
သူက တဟားဟား ရယ်မောရင်း ဆိုလိုက်သည်။ "ကောင်းပါပြီလေ၊ နောက်ဘက်က နေရာကလည်း သိပ်မဆိုးပါဘူး"
သူသည် ဆွဲထုတ်ထားသော ကုလားထိုင်ကို မူလနေရာသို့ ပြန်ထားပြီးနောက် ခန်းမအဆုံးရှိ စားပွဲအလွတ်တစ်ခုံဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားလေတော့သည်။
"ညီလေး... နေဦးလေ" မုန့်ဟူလင် ထွက်ခွာသွားသည်ကို မြင်သောအခါ အိမ်ရှေ့မင်းသားက လှမ်းခေါ်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ အစ်ကို" မုန့်ဟူလင်က လှည့်၍ မေးလိုက်၏။
"မင်း ဘယ်ကို သွားမလို့လဲ။ ဒီနေ့တော့ ငါတို့နဲ့အတူ ထိုင်ရမှာပေါ့" မုန့်လုချီက အခြားသူများ မကြားစေရန် လေသံကို ထိန်း၍ အေးအေးဆေးဆေး ပြောလိုက်သည်။
"ဒါပေမဲ့ ဒုတိယ အစ်ကိုက ကျွန်တော့်ကို တစ်စားပွဲတည်း အတူမထိုင်စေချင်ဘူးလေ။ ဒီနေ့က သူ့မွေးနေ့ဆိုတော့လည်း သူ့ဆန္ဒကို ကျွန်တော် မလွန်ဆန်ချင်ဘူး" မုန့်ဟူလင်က အပြစ်ကင်းစင်သော ပုံစံဖြင့် ပြန်ပြောလေသည်။
"စကားတတ်တိုင်း မပြောနဲ့ဦး။ ငါက မင်းကို ပြောတာ မဟုတ်ဘူး။ မင်းကတော့ ငါတို့နဲ့အတူ ထိုင်လို့ ရပါတယ်။ ငါပြောတာက မင်းရဲ့ ဟိုသူငယ်ချင်းကို ပြောတာ" မုန့်ချန်က ကြားဖြတ်၍ ဆိုလိုက်သည်။
မုန့်လုချီကလည်း ခေါင်းညိတ်ပြကာ ဆက်ပြောသည်။ "မင်းက ငါတို့ ညီအစ်ကိုပဲလေ၊ ငါတို့နဲ့အတူ ထိုင်ခွင့်ရှိပါတယ်"
"စိတ်မရှိပါနဲ့ အစ်ကို။ ဒီနေ့ သူ့ကို အဖော်လုပ်ပေးပါ့မယ်လို့ ကျွန်တော် ကတိပေးထားပြီးသား။ မင်းသားတစ်ယောက်အတွက် ကတိဆိုတာ အသက်ပဲ၊ ကျွန်တော် မဖျက်နိုင်ဘူး" မုန့်ဟူလင်က ခေါင်းခါရင်း ပြန်ဖြေလိုက်၏။ "သူ ကျွန်တော်နဲ့အတူ ထိုင်လို့ မရဘူးဆိုတာဟာ ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ မထိုင်နိုင်ဘူးလို့ ပြောတာနဲ့ အတူတူပဲပေါ့"
မင်းသားများ အချင်းချင်း အချေအတင် ဖြစ်နေသည်အား လုံချန်းက စကားဝင်မပြောဘဲ မည်သို့ အဆုံးသတ်မည်ကိုသာ စောင့်ကြည့်နေလေသည်။
အိမ်ရှေ့မင်းသားသည် ခဏမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။ "မင်းက ကတိပေးပြီးသားဆိုတော့လည်း ငါတို့ ဘာမှမတတ်နိုင်တော့ဘူး။ ကဲ... သူ့ကိုပါ ငါတို့နဲ့အတူ ထိုင်ခိုင်းလိုက်ပါ"
"ဒါပေမဲ့ အစ်ကို... သူသာ ကျွန်တော်တို့နဲ့အတူ ထိုင်ရင် ကျွန်တော်တို့ ဂုဏ်သိက္ခာ ဘာဖြစ်သွားမလဲ။ နိုင်ငံငယ်လေးက မင်းသားတစ်ယောက်နဲ့ ကျွန်တော်တို့ တစ်စားပွဲတည်း ထိုင်နေတာကို မြင်ရင် မျိုးနွယ်စုတွေက ဘယ်လို ထင်ကုန်ကြမလဲ" ဒုတိယမင်းသား မုန့်ချန်က ကန့်ကွက်လေသည်။
"သူတို့ ထင်ချင်ရာ ထင်ပါစေ။ ဒါပေမဲ့ မင်း တစ်ခုတော့ မေ့နေတယ်။ တတိယညီလေးက ငါတို့နဲ့ ခွဲထိုင်နေတာကို မြင်ရင်ရော သူတို့ ဘယ်လို ထင်မလဲ။ မိသားစုဆိုတာ ငါတို့ရဲ့ အင်အားပဲ။ မျိုးနွယ်စုတွေကို ထင်ရာစိုင်းခွင့် ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် မင်းသားတွေကြားမှာ အက်ကြောင်းထနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်လာလိမ့်မယ်။ အဲဒီလို အခြေအမြစ်မရှိတဲ့ စကားတွေ ထွက်လာမှာကို ငါ အလိုမရှိဘူး" မုန့်လုချီက ပြန်လည် ဖြေရှင်းလိုက်သည်။
"အစ်ကို ပြောတာ မှန်ပါတယ်" ထိုအချိန်တွင် မင်းသမီးလေးကလည်း ပထမဆုံး စကား ပြောလိုက်လေသည်။
သူမ၏ အသံမှာ တိုးညင်း ငြိမ့်ညောင်းလွန်းသဖြင့် နားထောင်ရသည်မှာ အလွန်ပင် သာယာလှ၏။ လုံချန်းပင်လျှင် ထိုအသံကြောင့် စိတ်ထဲ၌ အေးချမ်းသွားရသည်။
အခြားသူများကပါ သဘောတူနေသည်ကို မြင်သောအခါ မုန့်ချန်လည်း သူတို့ပြောသည်မှာ အကျိုးအကြောင်း ဆီလျော်သည်ဟု တွေးမိကာ နောက်ဆုံးတွင် သဘောတူလိုက်ရလေတော့သည်။
"ကောင်းပြီလေ။ သူ ငါတို့နဲ့အတူ ထိုင်လို့ ရပါတယ်"
မုန့်ဟူလင်က ပြုံးဖြီးဖြီးဖြင့် နောက်သို့ ပြန်လျှောက်လာကာ သူ၏ နေရာတွင် ဝင်ထိုင်လိုက်သည်။
"မင်းက ဘာရပ်လုပ်နေတာလဲ။ ထိုင်လေ။ ခမည်းတော်ကို ဂါရဝပြုတဲ့ အစီအစဉ်တောင် ပြီးတော့မယ်" ရပ်နေဆဲဖြစ်သော လုံချန်းကို လှမ်းပြောလိုက်၏။
လုံချန်းက ခေါင်းညိတ်ပြကာ မုန့်ဟူလင်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ကဲ... လူငယ်လေး။ ငါတို့ အင်ပါယာဆီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။ ငါတို့ သိသလောက်တော့ ဖုန်းရှု နိုင်ငံက ဒီကနေဆို အတော်လေး ဝေးတယ် မဟုတ်လား။ အရေးကြီးတဲ့ ကိစ္စများ ရှိလို့လား" အိမ်ရှေ့မင်းသားက လုံချန်းကို စိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"အထူးတလည်တော့ မရှိပါဘူး" လုံချန်းက ခေါင်းခါရင်း ပြန်ဖြေ၏။ "ကျွန်တော်က ဒီတိုက်ကြီးကို လှည့်လည်သွားလာရင်း နေရာဒေသ အသီးသီးက အတွေ့အကြုံတွေကို ရှာဖွေဖို့ အိမ်က ထွက်လာခဲ့တာပါ။ မင်းသား တစ်ယောက်အနေနဲ့ ဒါဟာ ကျွန်တော့်အတွက် ကောင်းတဲ့ ခရီးစဉ်တစ်ခု ဖြစ်မှာပါ။ အင်ပါယာဆိုတာကတော့ အခုလောလောဆယ် ကျွန်တော် ရောက်ရှိနေတဲ့ နေရာတစ်ခုပါပဲ"
"ဪ... အတွေ့အကြုံ ရှာတာပေါ့လေ။ ဟိုးအရင်တုန်းကတော့ လူတွေ ဒီလို လုပ်လေ့ရှိတယ်လို့ ငါ ကြားဖူးတယ်။ မင်းက ရှေးထုံးစံတွေကို လိုက်နာရတာ ဝါသနာပါပုံပဲ။ အခုခေတ်မှာတော့ လိုအပ်တဲ့ သတင်းအချက်အလက် မှန်သမျှကို တမန်တော်တွေဆီကပဲ ရအောင် ယူကြတော့တာလေ။ မင်းသားတွေ ကိုယ်တိုင် သွားတယ်ဆိုတာက အရင်ခေတ်ကတောင် အတော်လေး ရှားတဲ့ ကိစ္စပဲ" အိမ်ရှေ့မင်းသားက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
အိမ်ရှေ့မင်းသား စကားပြောနေစဉ် မုန့်ချန်သည် စကား ဝင်မပြောဘဲ စိတ်မရှည်သည့် ပုံစံဖြင့်သာ ထိုင်နေလေသည်။
ထိုသို့ အစပျိုး နှုတ်ဆက်စကား ဆိုပြီးသည့်နောက်တွင် အားလုံးမှာ တိတ်ဆိတ်သွားကြပြီး မည်သူမျှ စကားမပြောကြတော့ချေ။
လုံချန်းသည် ခေါင်းငုံ့ကာ စဉ်းစားနေမိ၏။ 'ရတနာတစ်ခုခုနဲ့ လဲပြီး သူ့ဆွဲကြိုးကို တောင်းကြည့်ရင် ကောင်းမလား'
'ဒါပေမဲ့ သူက ငါ့ကို ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါ ပေးနိုင်တဲ့ ရတနာမှန်သမျှကို သူကလည်း ပိုင်ဆိုင်ထားပြီးသား ဖြစ်မှာပဲ။ လှည့်ကွက်တွေ သုံးလို့ ရပေမဲ့ တကယ်လို့သာ အစီအစဉ် ပျက်သွားရင်တော့ ငါ့မှာ ခိုးယူဖို့ကလွဲလို့ တခြား လမ်းမရှိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအလုပ်ကို ငါ လုပ်ရမှာပဲ။ ပြဿနာက အခု ဆွဲကြိုးကို သွားတောင်းကြည့်ပြီးမှ ညကျမှ ခိုးမယ်ဆိုရင်တော့ ငါ့လက်ချက်ဆိုတာ သူ သေချာပေါက် သိသွားလိမ့်မယ်'
'အဲဒီအစား အခုတော့ ဘာမှစိတ်မဝင်စားသလို နေပြီးမှ ညကျမှ ခိုးမယ်ဆိုရင်တော့ ဘယ်သူမှ ငါ့ကို သံသယဝင်မှာ မဟုတ်ဘူး။ ငါက ဟင်းလင်းပြင် တံခါးတွေအကြောင်းကို စုံစမ်းဖို့ ဒီမှာ ဆက်နေရဦးမှာလေ။ ကိုယ့်ကိုယ်ကိုယ် သံသယအဖြစ်ခံလို့ မဖြစ်ဘူး' သူက ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် မျက်နှာတွင် အေးအေးဆေးဆေး ပြုံးထားပြီး ထိုနေရာတစ်ခုလုံးကို စိတ်ဝင်စားနေသည့် ပုံစံမျိုး ဖန်တီးထားလိုက်၏။ ထိုဆွဲကြိုးဆီသို့မူ တစ်ချက်ကလေးပင် လှမ်းမကြည့်မိအောင် ဂရုစိုက်နေလေသည်။
"ဟိုမှာ နောက်ဆုံးလူပဲ။ ချင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်လေ။ သူ ပြီးသွားရင်တော့ ဂါရဝပြုပွဲ ပြီးပြီ။ ငါတို့ ပွဲကို စတင်လို့ ရပြီပေါ့" အိမ်ရှေ့မင်းသားက ဧကရာဇ်မင်းမြတ်ဆီသို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
ဆံပင်ဖြူဖြူ အဘိုးအို တစ်ဦးသည် လက်ထဲတွင် သေတ္တာငယ်လေး တစ်လုံးကို ကိုင်ကာ ဧကရာဇ်ရှေ့၌ ရပ်နေ၏။
"ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ် ခင်ဗျာ့။ ကျွန်တော် စိတ်တိုင်းကျတဲ့ လက်ဆောင်မျိုးကို မရှာနိုင်ခဲ့ပေမဲ့ အဲဒါနဲ့ တန်ဖိုးမကွာတဲ့ အရာတစ်ခုကိုတော့ ရခဲ့ပါတယ်။ အရှင်မင်းကြီး အတွက်တော့ အရေးမပါပေမဲ့ ဒီမင်္ဂလာ အခါအတွက် လက်ဆောင်အဖြစ် ဒီနဂါးသွေး ပုံဆောင်ခဲလေးကို လက်ခံပေးပါ" ဘိုးအိုက မျက်နှာချိုသွေးကာ လျှောက်တင်လိုက်လေသည်။
"အင်း..." ဧကရာဇ်က ခေါင်းညိတ်ပြပြီး ပလ္လင်ဘေးရှိ မိန်းမစိုးကို လှမ်းကြည့်လိုက်သည်။
မိန်းမစိုးက ရှေ့တိုးလာကာ အဘိုးအိုထံမှ သေတ္တာလေးကို လှမ်းယူလိုက်၏။
အဘိုးအိုသည် ထိုလက်ဆောင်အား ဧကရာဇ်၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဆက်သချင်သော်လည်း ယခင်လူများကိုလည်း မိန်းမစိုးကပင် လှမ်းယူသဖြင့် မဖြစ်နိုင်ကြောင်း သိရှိထားသည်။ ထို့ကြောင့် သူသည် မည်သို့မျှ မပြောဘဲ အရိုအသေပေးကာ ထွက်ခွာသွားလေတော့သည်။
အခန်း (၈၉၈) ကမ္ဘာနှစ်ဆယ်၏ ဆုံးဖြတ်ချက်
ထိုအဘိုးအိုသည် ကျယ်ပြန့်သော အပြုံးကို မျက်နှာတွင် ဆင်မြန်းလျက် ဧကရာဇ်မင်းမြတ်အား တစ်ဖန် ဂါရဝပြုပြီးနောက် နောက်သို့ လှည့်ထွက်ခဲ့လေသည်။ ဆံပင်ဖြူဖြူနှင့် ထိုအဘိုးအိုသည် မင်းသားများ ထိုင်နေသည့် စားပွဲဝိုင်းဆီသို့ ဦးတည်လျှောက်လှမ်းလာ၏။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ အရှင်" သူက ဒုတိယမင်းသားကို နှုတ်ခွန်းဆက်လိုက်သည်။
"ချင်မျိုးနွယ်စုက ဆရာကြီး... ဒီပွဲကို တက်ရောက်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒီညမှာ ပျော်ပျော်ရွှင်ရွှင် ရှိပါစေလို့လည်း မျှော်လင့်ပါတယ်" မုန့်ချန်က ဆံပင်ဖြူအဘိုးအိုကို ပြန်လည် နှုတ်ဆက်လေသည်။
"ဒါပေါ့... တော်ဝင်မျိုးနွယ်စုရဲ့ ပွဲတော်ပဲ။ ကျွန်တော် မပျော်ဘဲ နေပါ့မလား။ တကယ်ကို ပျော်စရာကောင်းတဲ့ ညတစ်ည ဖြစ်မှာပါ" ချင်သခင်ကြီးက ရယ်မောရင်း ဆိုသည်။
ထိုသို့ ပြောဆိုနေရင်းမှ သူသည် လုံချန်းကို သတိပြုမိသွားကာ "ဪ... ဒါနဲ့ ဒီလူငယ်က ဘယ်သူလဲ။ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ သူကလည်း မုန့်မျိုးနွယ်ဝင် တစ်ယောက်ပဲလား" ရုတ်တရက် မေးမြန်းလိုက်၏။
"ဪ... မဟုတ်ပါဘူး။ သူက အတွေ့အကြုံ ရှာဖို့ ရောက်နေတဲ့ ဖုန်းရှု နိုင်ငံက မင်းသားပါ။ ကျွန်တော့်ညီ တတိယမင်းသားကို ကူညီခဲ့ဖူးလို့ ဒီပွဲကို ခေါ်လာပေးမယ်လို့ ကတိပေးထားတာလေ။ ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော့်ညီတော်က ကတိဆိုရင် တည်ပြီးသားပဲ မဟုတ်လား" ဒုတိယမင်းသားက ပြုံးလျက် ဖြေကြားလိုက်သည်။
"ဟားဟား... ဟုတ်တာပေါ့။ ကတိဆိုတာ အရေးကြီးတာကိုး" ချင်သခင်ကြီးက ရယ်မောရင်း ဆိုလေသည်။
ထို့နောက် သူသည် မိမိဘာသာ အေးအေးဆေးဆေး ထိုင်နေသော လုံချန်းဘက်သို့ လှည့်ကြည့်ကာ ပြောဆိုလိုက်သည်။ "လူငယ်လေး... မင်းကတော့ အရှင်မင်းသားရဲ့ မျက်နှာသာပေးမှုကို ရထားလို့ ကံကောင်းတာပဲ။ မဟုတ်ရင်တော့ မင်းလိုလူမျိုးက ဘုရင့်နန်းတော်ထဲ ခြေချဖို့တောင် ထိုက်တန်တာ မဟုတ်ဘူး။ မင်းသားကို ကျေးဇူးတင်တတ်ပါစေ"
"ကဲ... ကျွန်တော် သွားလိုက်ပါဦးမယ်" သူက ပြုံးလျက် နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့သည်။
"ဒီလူက တော်တော်လေး အသိတရား ရှိတာပဲ" ဒုတိယမင်းသား မုန့်ချန်က ခေါင်းကို အသာအယာ ယမ်းရင်း ရေရွတ်လိုက်၏။
လူတိုင်း နေရာတကျ ရှိသွားပြီးနောက်တွင် ခန်းမတစ်ခုလုံးမှာ ဧကရာဇ်မင်းမြတ်၏ မိန့်ခွန်းကို စောင့်ဆိုင်းရင်း တိတ်ဆိတ်သွားလေသည်။ ဧကရာဇ်သည် မတ်တပ်ရပ်လျက် လက်ကို မြှောက်လိုက်ရာ တိုးတိုးတိတ်တိတ် စကားပြောနေသူများပင် ချက်ချင်း ငြိမ်ကျသွားကြ၏။ လူတိုင်း၏ ထွက်သက်ဝင်သက်သံကိုပင် ကြားရလောက်အောင်ပင် ခန်းမကြီးအတွင်း တိတ်ဆိတ်သွားရသည်။
"မင်းတို့အားလုံး သိကြတဲ့အတိုင်း ဒီနေ့ဟာ ငါ့သားရဲ့ မွေးနေ့ပါ။ မင်းတို့အားလုံးကို ဒီကို ခေါ်ရတဲ့ အကြောင်းရင်းဟာ အဲဒါကြောင့်ပဲလို့ ထင်နေကြလိမ့်မယ်။ ဒါပေမဲ့ အဲဒါက တစ်ဝက်ပဲ မှန်ပါတယ်" ဧကရာဇ်က ကြေညာလိုက်ရာ လူတိုင်း အံ့အားသင့်သွားကြလေသည်။
လာရောက်ကြသော ဧည့်သည်များမှာ ဖိတ်စာပါအတိုင်း မွေးနေ့ပွဲဟုသာ မှတ်ယူထားကြခြင်း ဖြစ်သည်။ အခြားအကြောင်းရင်း ရှိနေလိမ့်မည်ဟု မည်သူမျှ မတွေးထားခဲ့ကြချေ။ မွေးနေ့ပွဲဟူသည်မှာ ပေါ့ပေါ့ပါးပါး အခမ်းအနားတစ်ခုသာ ဖြစ်သော်လည်း ယခုကဲ့သို့ မျိုးနွယ်စု အားလုံးကို ခေါ်ယူ၍ အခြားအကြောင်းရင်းကို ပြောဆိုနေခြင်းမှာ အင်ပါယာအတွက် အလွန်အရေးကြီးသည့် ကိစ္စတစ်ရပ် ဖြစ်နေပေမည်။
'သူ ဧကရာဇ်အဖြစ်ကနေ အနားယူတော့မလို့လား။ အဲဒါကြောင့်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် တို့အားလုံးကို ဒီလို ခေါ်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ အိမ်ရှေ့မင်းသားက ဧကရာဇ်လုပ်ဖို့ ငယ်လွန်းသေးတာ မဟုတ်လား' ချင်သခင်ကြီးက အိမ်ရှေ့မင်းသားကို လှမ်းကြည့်ရင်း တွေးတောနေမိသည်။
"ခန့်မှန်းနေစရာ မလိုပါဘူး။ ငါ အခုပဲ ပြောပြပါ့မယ်။ တချို့ကိစ္စတွေမှာဆိုရင် ဒီအကြောင်းရင်းက မွေးနေ့ပွဲထက်တောင် ပိုပြီး အရေးကြီးပါတယ်" ဧကရာဇ် မုန့်လျန်က အံ့အားသင့်နေသော ဧည့်သည်များကို ကြည့်ကာ ဆိုလိုက်သည်။
ဧကရာဇ်သည် မင်းသားများနှင့်အတူ ထိုင်နေသော လုံချန်းကိုလည်း သတိပြုမိ၏။ သူသည် နားပါးသူဖြစ်သဖြင့် သူတို့အချင်းချင်း ပြောဆိုခဲ့သည်များကိုလည်း ကြားသိခဲ့ပြီး ဖြစ်ပေသည်။ လုံချန်းသည် ဖုန်းရှုနိုင်ငံမှ မင်းသားတစ်ပါး ဖြစ်နေသဖြင့် ဧကရာဇ်တစ်ပါး အနေဖြင့် ထိုကိစ္စကို သူ ဂရုမစိုက်ချေ။ ထို့ကြောင့် လုံချန်းကို ထွက်ခွာသွားရန်လည်း မပြောခဲ့ပေ။
"ဟင်းလင်းပြင် တံခါးတွေအကြောင်းကို မင်းတို့ သိကြတယ်မဟုတ်လား။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ငါတို့ဟာ တခြားလူသား ကမ္ဘာတစ်ခုနဲ့ ပထမဆုံး ဟင်းလင်းပြင် တံခါးကို တည်ဆောက်ခဲ့တယ်။ အခုဆိုရင် ငါတို့မှာ လူသားကမ္ဘာ ပေါင်းနှစ်ဆယ်ကျော်နဲ့ ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင် တံခါးတွေ ရှိနေပြီ"
"အဲဒီလို ဆက်သွယ်ထားတဲ့ ကမ္ဘာတွေရဲ့ ခေါင်းဆောင်တွေနဲ့ ငါတို့ဟာ နှစ်စဉ် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်လေ့ရှိတယ်။ ဒါကိုတော့ မင်းတို့ သိထားပြီးသားပါ။ ဒါပေမဲ့ မင်းတို့ မသိသေးတာကတော့ အဲဒီပွဲတွေမှာ ငါတို့ ဘာတွေ ဆွေးနွေးကြတယ်ဆိုတာပါပဲ။ အဲဒီအကြောင်းကိုတော့ ငါ ပြောပြလို့ မရသေးပေမဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုတော့ ငါ ပြောပြပါ့မယ်" ဧကရာဇ်က ဆိုလိုက်သည်။ သူ၏ လေသံမှာ ငယ်ရွယ်သည်ဟု ထင်ရသော်လည်း သူ၏ တည်ရှိမှုကမူ လွန်စွာ လေးလံလှပေသည်။
'တခြားကမ္ဘာတွေနဲ့ တွေ့ဆုံတဲ့ပွဲလား။ အဲဒီအကြောင်းလား။ ဘာလို့ အခုမှ ငါတို့ကို ပြောတာလဲ။ သူက ဒီပွဲတွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြနေပြီဆိုရင်တော့ ဒီလောကကြီးရဲ့ လမ်းကြောင်းကို ပြောင်းလဲစေမယ့် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်လို့ပဲ ဖြစ်ရမယ်' မျိုးနွယ်စုများက အသီးသီး တွေးတောနေကြ၏။
မင်းသားများပင်လျှင် ဤကိစ္စကို မသိထားကြသဖြင့် အံ့အားသင့်နေကြသည်။ အိမ်ရှေ့မင်းသားကိုယ်တိုင်ပင်လျှင် ဖခင်ဖြစ်သူ၏ စကားကို တစ်လုံးမကျန် ဂရုတစိုက် နားထောင်နေလေသည်။
လုံချန်းအတွက်မူ ဤသတင်းအချက်အလက်မှာ အလွန်ပင် အသုံးဝင်လှပေသည်။ ကမ္ဘာပေါင်း နှစ်ဆယ်နှင့် ဆက်သွယ်ထားသည်ဆိုပါက မင်ယု၏ ကမ္ဘာကို ရှာတွေ့နိုင်မည့် အခွင့်အရေးမှာ အဆပေါင်းများစွာ မြင့်တက်သွားပြီ ဖြစ်သည်။ သူသည် ထိုဟင်းလင်းပြင် တံခါးများဆီသို့ မည်သို့သွားရမည်ကို စဉ်းစားနေစဉ်မှာပင် ဧကရာဇ်က ဆက်လက် မိန့်ကြားလိုက်သည်။
"ပြီးခဲ့တဲ့ အစည်းအဝေးမှာ ငါတို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ကြတယ်။ အဲဒါကတော့ ငါတို့ ကမ္ဘာနှစ်ဆယ်ရဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ဖို့ပဲ။ အဲဒီ အဆင့်သတ်မှတ်ချက်မှာ အနိုင်ရတဲ့ ကမ္ဘာဟာ တခြားကမ္ဘာတွေရဲ့ အရင်းအမြစ် မှန်သမျှကို တစ်နှစ်တိတိ ကြိုက်သလောက် တူးဖော်ခွင့် ရမှာ ဖြစ်တယ်။ ဒါဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ မင်းတို့ နားလည်ကြမှာပါ" ဧကရာဇ်က ဆိုလိုက်၏။
"ကမ္ဘာနှစ်ဆယ်ရဲ့ အရင်းအမြစ်တွေကို တစ်နှစ်တိတိ ယူခွင့်ရမယ် ဟုတ်လား။ ဘာ... ဘယ်လို"
"ငါတို့က ဖူရှင်း ကမ္ဘာကနေ အင်မော်တယ် ကျောက်တုံးတွေကို ငွေပေးပြီး ဝယ်နေရတာ မဟုတ်လား။ တကယ်လို့ တစ်နှစ်တိတိ အလကား တူးခွင့်ရမယ်ဆိုရင် ငါတို့ ဘယ်လောက်အထိ တိုးတက်လာမလဲ"
"အံ့ဩစရာပဲ။ ဒါဟာ ငါတို့ အင်ပါယာကို အင်မတန် အစွမ်းထက်လာစေမှာပဲ။ အဲဒီအခွင့်အရေးကိုသာ ရရင် ငါတို့ ပိုပြီး အစွမ်းထက်လာမှာ အသေအချာပဲ"
တိတ်ဆိတ်နေသော ခန်းမကြီးမှာ ရုတ်တရက် ဆူညံသွားပြီး လူတိုင်းက အံ့အားသင့်စွာဖြင့် အသီးသီး ရေရွတ်လိုက်ကြလေသည်။
"မင်းတို့ ထင်တဲ့အတိုင်းပါပဲ။ ဒါဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်းတို့ သိပါတယ်။ ဒါပေမဲ့ ငါပြောခဲ့သလိုပဲ ဒါက လွယ်မှာတော့ မဟုတ်ဘူး။ အကျိုးခံစားခွင့်တွေ ရဖို့အတွက် ငါတို့က နံပါတ်တစ် အဆင့် ရမှဖြစ်မယ်" ဧကရာဇ်က ဆိုသည်။
"အရှင်မင်းကြီး ကိုယ်တိုင်သာ ပါဝင်မယ်ဆိုရင်တော့ ကျွန်တော်တို့ စိုးရိမ်စရာကို မလိုတော့ပါဘူး။ အရှင်က အရမ်းအစွမ်းထက်တာပဲကိုး" ချင်သခင်ကြီးက ရယ်မောရင်း ဆိုလိုက်၏။
"မှန်ပါတယ်။ အရှင်မင်းကြီးသာ ကျွန်တော်တို့ဘက်မှာ ရှိနေရင် ထိပ်ဆုံးအဆင့်က ကျွန်တော်တို့အတွက်ပါပဲ" ဝါးဓားဂိုဏ်းချုပ်က ပြုံးလျက် ဆိုသည်။
"ငါတို့ တကယ်ကို အစွမ်းထက်လာတော့မှာပဲ။ ကမ္ဘာနှစ်ဆယ်ရဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ငါတို့က အစွမ်းထက်ဆုံး လူသားကမ္ဘာ ဖြစ်လာမှာ" ချင်သခင်ကြီးက ထပ်မံ ရယ်မောလေသည်။
"သိပ်လည်း ဝမ်းမသာကြပါနဲ့ဦး"