အခန်း (၈၉၉-၉၀၀)
Vol. 88 Ch. 899-900
အခန်း (၈၉၉) အောင်မြင်ခြင်း
"သိပ်လည်း ဝမ်းမသာကြပါနဲ့ဦး။ ကိစ္စက ထင်သလောက် မရိုးရှင်းဘူး။ တကယ်လို့သာ တခြားကမ္ဘာက ခေါင်းဆောင်တွေနဲ့ ငါနဲ့ ယှဉ်ပြိုင်ရမှာဆိုရင်တော့ မင်းတို့လိုပဲ ငါလည်း ယုံကြည်မှု ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ တခြားခေါင်းဆောင်တွေကလည်း ငါ့လိုပဲ အစွမ်းထက်ကြတာဆိုတော့ အောင်ပွဲက ရာနှုန်းပြည့် သေချာတယ်လို့တော့ ပြောလို့မရဘူး။ အခုက စည်းကမ်းချက်တွေက တခြားစီ ဖြစ်နေတယ်" ဧကရာဇ် မုန့်လျန်က သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်သည်။
"အဆင့်သတ်မှတ်ချက်က ခေါင်းဆောင်တွေရဲ့ အစွမ်းအစပေါ်မှာ မူတည်မှာ မဟုတ်ဘူး" သူက ဆက်လက် မိန့်ကြားလေသည်။
"အရှင်တို့ရဲ့ အစွမ်းအစပေါ်မှာ မူတည်မှာ မဟုတ်ဘူး ဟုတ်လား။ အဲဒါက ဘာကို ဆိုလိုတာလဲ အရှင်။ ဒါဆို ဘာအပေါ်မှာ မူတည်မှာလဲ" ချင်သခင်ကြီးက နားမလည်နိုင်စွာ မေးမြန်းလိုက်၏။
"အစွမ်းအစထက် တခြားတစ်မျိုးမျိုးကို စမ်းသပ်မှာလား။ ဥပမာ... သိမြင်နားလည်မှုလိုမျိုးလား" ဂိုဏ်းချုပ်မင်းက သူ့အထင်ကို ပြောလိုက်သည်။
ဧကရာဇ်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း ဖြေကြားလေသည်။ "မဟုတ်ဘူး။ တချို့ကမ္ဘာတွေမှာ ကျင့်စဉ်စနစ်တွေက မတူကြဘူး။ တချို့ဆိုရင် လူသားတွေတောင် မဟုတ်ကြဘူးလေ။ ဒါကြောင့် သိမြင်နားလည်မှုနဲ့ အဆင့်သတ်မှတ်ဖို့က မဖြစ်နိုင်ဘူး"
"ဟုတ်သားပဲ။ ကျွန်တော်လည်း အဲဒါကို စဉ်းစားမိပါတယ်" ချင်သခင်ကြီးက တိုးတိုးလေး ရေရွတ်လိုက်၏။ "အစွမ်းအစဆိုတာက အဆင့်သတ်မှတ်ဖို့ အကောင်းဆုံး အချက်ပဲ။ ဒါပေမဲ့ အဲဒါကိုတောင် မသုံးဘူးဆိုတော့ သူတို့ ဘာကို သုံးကြမှာလဲ"
"အရှင်မင်းကြီး... ကျွန်တော်တို့ကို အဖြေမှန်ကိုပဲ မိန့်ကြားပါ။ ဘာကို စမ်းသပ်မှာလဲဆိုတာ ကျွန်တော်တို့ စဉ်းစားလို့ မရတော့လို့ပါ။ ကမ္ဘာတွေရဲ့ ကြွယ်ဝမှုကိုတော့ မကြည့်လောက်ဘူး မဟုတ်လား။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ သေချာပေါက် ရှုံးမှာပဲ" ဂိုဏ်းချုပ်မင်းက ဆိုသည်။
"မင်း ထင်တာ မမှားပါဘူး။ အစွမ်းအစကပဲ အဆင့်ကို သတ်မှတ်မှာပါ။ ကွာခြားချက်ကတော့ ငါတို့လို မျိုးဆက်ဟောင်းတွေရဲ့ အစွမ်းကို မကြည့်ဘဲ လူငယ်မျိုးဆက်တွေရဲ့ အစွမ်းကိုပဲ ကြည့်မှာဖြစ်တယ်" ဧကရာဇ်က အဖြေပေးလိုက်လေသည်။
"လူငယ်တွေရဲ့ အစွမ်း ဟုတ်လား။ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ။ လူငယ်တွေက ကျင့်စဉ်ရဲ့ အခြေခံကိုတောင် သေသေချာချာ နားမလည်ကြသေးဘူးလေ။ အသက်ကြီးလာမှသာ ကမ္ဘာတစ်ခုရဲ့ အကောင်းဆုံး အစွမ်းတွေကို ပြသနိုင်တာ မဟုတ်လား။ ဘာလို့ လူငယ်တွေရဲ့ အစွမ်းကိုမှ ကြည့်ရတာလဲ" ဧည့်သည်တစ်ဦးက ဘေးနားရှိ သူငယ်ချင်းဖြစ်သူကို သိလိုစိတ်ဖြင့် တိုးတိုးလေး မေးမြန်းနေ၏။
သူသည် ဧကရာဇ်မကြားစေရန် အသံကို အတတ်နိုင်ဆုံး ထိန်းထားခြင်း ဖြစ်သည်။
'လူငယ်တွေကြားက ပြိုင်ပွဲပေါ့လေ။ အဲဒါကလည်း တခြားကမ္ဘာက လူတွေနဲ့လား' လုံချန်းက တွေးတောနေမိသည်။
'ဒါသာ အမှန်ဆိုရင် မင်ယုရဲ့ ကမ္ဘာက လူတွေလည်း လာကောင်း လာနိုင်တယ်' ဤသည်မှာ အကောင်းဆုံး နည်းလမ်း ဖြစ်လိမ့်မည်ဟု သူက မျှော်လင့်ချက် ထားလိုက်၏။ အကယ်၍သာ ဤသို့ ဖြစ်လာပါက သူသည် စွန့်စားမှုများ ပြုလုပ်နေစရာ မလိုတော့ချေ။
ထိုအဘိုးအိုက အသံကို နှိမ့်၍ ပြောသော်လည်း ဧကရာဇ်ကမူ ကြားသွားလေသည်။ ဧကရာဇ်က ထိုအဘိုးအိုကို လှမ်းကြည့်လိုက်ရာ အဘိုးအိုမှာ ဧကရာဇ် ကြားသွားလေသလားဟု တွေးတောရင်း ချွေးများပင် ပြန်လာ၏။
"သူတို့က ကမ္ဘာတစ်ခုရဲ့ အကောင်းဆုံး အစွမ်းတွေကို မြင်ချင်တာ မဟုတ်ဘူး။ ကမ္ဘာတစ်ခုရဲ့ အစွမ်းထက်စေတဲ့ နည်းစနစ်တွေက အစောပိုင်း အဆင့်တွေမှာ ဘယ်လောက်အထိ ထိရောက်မှု ရှိသလဲဆိုတာကိုပဲ သူတို့ မြင်ချင်ကြတာ။ အဲဒါကြောင့် လူငယ်တွေကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ" ဧကရာဇ်က တည်ငြိမ်သော မျက်နှာထားဖြင့် မိန့်ကြားလိုက်သည်။
"လူငယ်မျိုးဆက် ဟုတ်လား။ လူငယ်တွေအတွက် စမ်းသပ်ပွဲပေါ့"
လူတိုင်း စိုးရိမ်လာကြလေသည်။ မိမိတို့ဆီရှိ လူငယ်များက အလားအလာ ကောင်းကြသည်မှာ မှန်သော်လည်း ကျင့်စဉ်စနစ်ချင်းက မတူညီချေ။ ကျင့်စဉ်ဆိုသည်မှာ ကြာရှည်ကျင့်ကြံလေလေ ပို၍ အစွမ်းထက်လေလေ ဖြစ်သည်။ အစောပိုင်း အဆင့်များတွင် အဆင့်တက်တိုင်း အစွမ်းက အနည်းငယ်သာ တိုးတက်လေ့ရှိ၏။
ကျင့်စဉ်အဆင့် မြင့်မားလာမှသာ အဆင့်တစ်ဆင့် တက်တိုင်း ယခင်ထက် အဆပေါင်း ရာနှင့်ချီ၍ အစွမ်းထက်လာခြင်း ဖြစ်သည်။ ဤသည်မှာ ကျင့်စဉ်၏ အခြေခံပင် ဖြစ်၏။
တခြားကမ္ဘာများကလည်း ကျင့်စဉ်ကို သုံးကြသော်လည်း အချို့ကမ္ဘာများမှာမူ ကျင့်စဉ်အား မသုံးကြချေ။
ဥပမာအားဖြင့် သားရဲလူသား များသည် သန့်စင်သော ခွန်အားကိုသာ သုံးကြသည်။ သူတို့၏ စနစ်မှာ အဆင့်တက်တိုင်း အစွမ်းတိုးတက်မှုက ပုံမှန်အတိုင်းပင် ရှိ၏။ ထို့ကြောင့် သူတို့သည် အစောပိုင်းအဆင့်များနှင့် ငယ်ရွယ်သော အချိန်များတွင် အသာစီး ရနေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သော မျိုးနွယ်စုများစွာ ရှိနေသေးသည်။
မျိုးဆက်ဟောင်းများကို စမ်းသပ်ခြင်းက ဤကမ္ဘာအတွက် အကောင်းဆုံး ဖြစ်သော်လည်း လူငယ်မျိုးဆက်များအား စမ်းသပ်ခြင်းမှာ အားနည်းချက် ဖြစ်နေသည်ကို လူတိုင်း သိကြ၏။
ချင်သခင်ကြီးလည်း စိုးရိမ်ပူပန်နေပုံ ရသည်။ သူသည် ဤကဲ့သို့ ပြိုင်ဆိုင်မှုမျိုးကို မနှစ်သက်ချေ။ သူသည် ခန်းမအတွင်းရှိ လူများကို ဝေ့ဝဲကြည့်လိုက်ရာ အားလုံးက စိုးရိမ်နေကြသည်အား တွေ့လိုက်ရ၏။ အောင်ပွဲရမည်ဆိုသည့် မျှော်လင့်ချက်များ ကွယ်ပျောက်ကုန်ကြသကဲ့သို့ပင်။
နံပါတ်တစ် အဆင့်ရသည့် ကမ္ဘာသာလျှင် တခြားကမ္ဘာများ၏ အရင်းအမြစ်များကို တူးဖော်ခွင့် ရမည် ဖြစ်သည်။ အကယ်၍ နံပါတ်တစ် မရပါက အရင်းအမြစ်များ မရသည့်အပြင် မိမိတို့၏ အရင်းအမြစ်များကိုပါ နံပါတ်တစ် ရသည့်ကမ္ဘာအား အခမဲ့ ပေးလိုက်ရမည် ဖြစ်၏။
ထိုသည်က ကြီးမားသော ထိုးနှက်ချက် တစ်ခုပင် ဖြစ်သည်။ အချို့ဆိုလျှင် နိုင်ဖို့ အခွင့်အလမ်း မရှိသည့် ထိုကဲ့သို့ မတရားသော သဘောတူညီချက်ကို ဧကရာဇ်က အဘယ်ကြောင့် လက်ခံခဲ့ကြောင်း စိတ်ထဲတွင် မကျေမနပ်ပင် ဖြစ်နေကြလေသည်။
ချင်သခင်ကြီးလည်း ထိုအတိုင်းပင် ခံစားနေရသော်လည်း ရှေ့စားပွဲတွင် ထိုင်နေသော လူတစ်ယောက်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာမှာ ပြောင်းလဲသွား၏။
လုံချန်းသည် မိမိတို့ စားပွဲဆီသို့ လှမ်းကြည့်နေသော ဆံပင်ဖြူအဘိုးအိုကို လှမ်းကြည့်လိုက်သည်။ ထိုအဘိုးအိုသည် သူ့ကို တည့်တည့် စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။
ချင်သခင်ကြီးသည် ပြုံးလိုက်သည်။ "အားလုံးပဲ... သိပ်ပြီး စိုးရိမ်မနေကြပါနဲ့ဦး။ ဒါက ထင်သလောက် မဆိုးလှပါဘူး။ ငါတို့ တစ်စုံတစ်ယောက်ကို မေ့နေကြတယ်လို့ ထင်တယ်။ ငါတို့ နိုင်နိုင်ပါသေးတယ်။ အစက ဘာလို့ ဒါကို သတိမထားမိတာလဲ မသိဘူး။ ငါ တကယ်ကို မျက်စိမှောက်သွားတာပဲ" သူက ဆိုလိုက်သည်။
'သွားပြီ၊ သူ ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို မြင်သွားတာလား။ မဟုတ်ဘူး... မြင်ရင်တောင် ကောင်းကငါ အဆင့်မှာပဲ ရှိတာကို မြင်မှာပါ။ သူတို့အတွက် ငါ နိုင်ပေးနိုင်မယ်လို့ သူ တွေးမှာ မဟုတ်ဘူး။ အဲဒါက... သူ ငါ့ရဲ့ တကယ့် တိုက်ခိုက်ရေးစွမ်းရည်ကို မြင်သွားရင်တော့ တစ်မျိုးပေါ့' လုံချန်းသည် မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိ၏။
'သူ တကယ်ပဲ သိနေတာလား။ တကယ်လို့ သူက ငါ့ရဲ့ အစွမ်းကို ထုတ်ပြောလိုက်ရင် ဧကရာဇ်က ငါ့ရဲ့ အထောက်အထားကို ချက်ချင်း သံသယဝင်သွားလိမ့်မယ်။ ငါ ထွက်ပြေးဖို့ အဆင်သင့် ပြင်ထားမှ ဖြစ်မယ်' ထိုသို့ တွေးတောရင်း သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
သူ၏ မျက်လုံးများမှာ ချင်သခင်ကြီးထံမှ တစ်ချက်ကလေးမျှ မလွဲဘဲ နောက်ထပ် မည်သည့် စကားများ ထွက်လာမည်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေလေသည်။
"ငါတို့ တစ်စုံတစ်ယောက်ကို မေ့နေတယ် ဟုတ်လား"
"ဘယ်သူလဲ"
"ငါတို့ကို အောင်ပွဲ ရစေမယ့်သူ ရှိလို့လား"
"ဘယ်သူက အဲဒီလောက်တောင် အစွမ်းထက်နေလို့လဲ"
ဧည့်သည်များအားလုံး ချင်သခင်ကြီး၏ စကားကြောင့် စိတ်လှုပ်ရှားလာကြသည်။
သူတို့၏ မျက်လုံးများတွင် အောင်ပွဲရနိုင်သည့် မျှော်လင့်ချက်များ တစ်ဖန် ပြန်လည် မြင်တွေ့လာရ၏။ သူတို့ကို အောင်ပွဲ ရစေနိုင်မည့် လျှို့ဝှက် ပါရမီရှင် တစ်ယောက် တကယ် ရှိနေသည်လော။
"မင်းတို့လည်း သတိမထားမိကြဘူး ထင်တယ်။ အရှင်မင်းကြီး ကိုယ်တိုင် ပါဝင်လို့ မရပေမဲ့ အိမ်ရှေ့မင်းသားကတော့ ငါတို့ဘက်ကနေ ပါဝင်လို့ ရတာပဲလေ။ သူက ကျင့်စဉ်စံချိန်အားလုံးကို ချိုးဖျက်ခဲ့တဲ့ နှစ်တစ်ထောင်မှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ ပါရမီရှင်ပဲ မဟုတ်လား" ချင်သခင်ကြီးက ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် လုံချန်းသည် အသက်ရှူချောင်သွား သကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ဆုပ်ထားသော လက်သီးကို ဖြေလျှော့လိုက်သည်။ ထိုအဘိုးအိုမှာ သူ့ဘေးနားတွင် ထိုင်နေသော လူကို ကြည့်နေခြင်းသာ ဖြစ်သည်။ ဤနိုင်ငံ၏ အိမ်ရှေ့မင်းသားကို ဆိုလိုခြင်း ဖြစ်၏။ သူသည် အကြောင်းမဲ့ စိုးရိမ်နေခဲ့ခြင်းပင်။ အထင်လွဲမှုတစ်ခုကြောင့် ဤမျှအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်မိမည့်အပေါ် မိမိကိုယ်ကိုယ်ပင် ရယ်ချင်သွားလေသည်။
"ချင်သခင်ကြီး... အိမ်ရှေ့မင်းသားကတော့ တကယ်ကို မကြုံစဖူး ပါရမီရှင်တစ်ယောက်ပါ။ သူ့ရဲ့ စွမ်းရည် အပြည့်အဝကို ရောက်သွားရင် ငါတို့ကို မြင့်မားတဲ့ အဆင့်တစ်ခုဆီ ခေါ်ဆောင်သွားနိုင်မယ်လို့လည်း ငါ ယုံကြည်ပါတယ်။ အခုလာမယ့် ပြိုင်ပွဲမှာလည်း သူက ငါတို့ကို မြင့်မားတဲ့ အဆင့်တစ်ခု ရအောင် လုပ်ပေးနိုင်မှာပါ။ ဒါပေမဲ့... လူငယ်တစ်ယောက်အနေနဲ့ အမှောင်ကမ္ဘာက လူတွေ၊ သားရဲလူသားတွေနဲ့ ယှဉ်ရင် နံပါတ်တစ် ရဖို့ဆိုတာကတော့ ကျင့်ကြံသူ တစ်ယောက်အတွက် ခက်ခဲနေတုန်းပါပဲ" ဂိုဏ်းချုပ်မင်းက ခေါင်းခါရင်း ညင်သာစွာ ဆိုသည်။
"မင်းတို့ သတိမထားမိသေးဘူး ထင်တယ်။ ငါတို့ နိုင်မယ်လို့ မသေချာရင် အရှင်မင်းကြီးက ဘာလို့ ဒီလို အဆင့်သတ်မှတ်ချက်မျိုးကို သဘောတူပါ့မလဲ" ချင်သခင်ကြီးက ပြုံးလျက် မေးလိုက်၏။
"ဒါက..."
ချင်သခင်ကြီး၏ စကားတစ်ခွန်းက လူတိုင်းကို မှင်တက်သွားစေသည်။
သူ ပြောသည်မှာ မှန်၏။ နိုင်မည်ဟု မယုံကြည်ပါက ဧကရာဇ်မုန့်လျန်က အဘယ်ကြောင့် ဤသို့သော သဘောတူညီချက်ကို လက်ခံပါမည်နည်း။ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခု ရှိနေရပေမည်။ အဘယ်အရာ ဖြစ်နိုင်သနည်းဟု လူတိုင်းက ဧကရာဇ်ကို ကြည့်ကာ တွေးတောနေကြလေသည်။
ဧကရာဇ်မုန့်လျန်သည် မျက်နှာတွင် လှောင်ပြုံးလေးတစ်ခု ဆင်မြန်းလျက် တိတ်ဆိတ်စွာ ထိုင်နေ၏။
"ကျွန်တော် ပြောတာ မှန်တယ် မဟုတ်လား အရှင်" ချင်သခင်ကြီးက မေးလိုက်သည်။
ဧကရာဇ်သည် ဝန်ခံခြင်းလည်း မပြု၊ ငြင်းဆိုခြင်းလည်း မပြုဘဲ ပြန်လည် မေးမြန်းလိုက်သည်။ "စိတ်ဝင်စားစရာကောင်းတဲ့ သတိပြုမိမှုပဲ ချင်အဘိုးကြီး။ ဒါဆို ငါ ဘာလို့ သဘောတူတယ်လို့ မင်း ထင်လဲ"
"အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက် နောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့ အကြောင်းပြချက်တွေကို နားလည်ဖို့ ကျွန်တော်က ဘာမှမဟုတ်တဲ့သူပါ၊ ဒါပေမဲ့ ကျွန်တော့်မှာ ယူဆချက် တစ်ခုတော့ ရှိပါတယ်" ချင်သခင်ကြီးက ပြန်ဖြေသည်။
"ဪ... ဘယ်လို ယူဆချက်လဲ။ ပြောစမ်းပါဦး" ဧကရာဇ်က မေးမြန်းလေသည်။
"ကျွန်တော့်ရဲ့ ယူဆချက်က ရိုးရိုးလေးပါ။ လွန်ခဲ့တဲ့ အချိန်အတော်ကြာက အိမ်ရှေ့မင်းသားဟာ ရှေးဟောင်း ခန္ဓာကိုယ် ကျင့်စဉ် တစ်ခုကို ရှာတွေ့ခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ဖူးပါတယ်။ အဲဒီကျင့်စဉ်တစ်ခုတည်းနဲ့ အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားနိုင်ခဲ့တဲ့ သူတစ်ယောက် အသုံးပြုခဲ့တဲ့ ကျင့်စဉ်လို့ ဆိုကြပါတယ်" ချင်သခင်ကြီးက ဖြေကြားလိုက်၏။
"အိမ်ရှေ့မင်းသားရဲ့ အစွမ်းက သူ့ရဲ့ ပါရမီကြောင့် ကျင့်စဉ်အဆင့်ထက် အဆပေါင်းများစွာ ပိုပြီး မြင့်မားနေတာပါ။ အစတုန်းကတော့ သူ ရှာတွေ့ခဲ့တဲ့ ဒီကျင့်စဉ်နဲ့ဆိုရင် သူဟာ ပိုပြီး အစွမ်းထက်တဲ့သူ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မျိုး ထင်ခဲ့ပါတယ်" သူက ဆက်ပြောလေသည်။
"ငါတို့အားလုံးလည်း အဲဒီအတိုင်း ထင်ခဲ့ကြတာပဲ။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ဘူး မဟုတ်လား။ ငါ မှတ်မိသလောက်တော့ အဲဒီကျင့်စဉ်က ကျင့်ကြံဖို့ အရမ်းခက်ခဲလွန်းလို့ ဘယ်သူမှ မကျင့်နိုင်ဘူးလို့ ပြောကြတယ်။ အိမ်ရှေ့မင်းသားတောင် အောင်မြင်အောင် မကျင့်နိုင်ခဲ့ဘူးလေ။ ဘာလို့ အဲဒီကျင့်စဉ်ကို ပြန်ပြောနေတာလဲ" ဂိုဏ်းချုပ်မင်းက မေးမြန်းလိုက်၏။
"အဲဒါကတော့ ငါတို့ ကြားခဲ့တဲ့အတိုင်းပေါ့။ ဒါပေမဲ့ တစ်ခါ ရှုံးနိမ့်ခဲ့ဖူးတဲ့ ကျင့်စဉ်ကို နောက်တစ်ခါ ပြန်ပြီး နားမလည်နိုင်စရာ အကြောင်းမရှိဘူး မဟုတ်လား။ ရင့်ကျက်တဲ့ နားလည်မှုနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ပဲ လိုအပ်တာပါ။ ဒါတွေအားလုံးက အိမ်ရှေ့မင်းသားမှာ ရှိနေပြီးသားလေ။ ဒါကြောင့် အခုဆိုရင် သူဟာ အဲဒီကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်သွားပြီလို့ ကျွန်တော် ယုံကြည်တယ်။ အဲဒါကြောင့်ပဲ အရှင်မင်းကြီးက ဒီပြိုင်ပွဲကို သဘောတူလိုက်တာ ဖြစ်ရမယ်" ချင်သခင်ကြီးက အဖြေပေးလိုက်လေတော့သည်။
အခန်း (၉၀၀) သုံးယောက်
"ဘာ... ဘယ်လို၊ အိမ်ရှေ့မင်းသားက ရှေးဟောင်း သွေးအရှိန်အဟုန် မြှင့်တင်ခြင်း နည်းစနစ်ကို တကယ်ပဲ နားလည်သွားတာလား"
"မဖြစ်နိုင်တာ၊ အရင်က မအောင်မြင်ခဲ့ဘဲ အခုမှ အောင်မြင်သွားတာလား။ အဲဒါ... အဲဒါ တကယ်ကို မယုံနိုင်စရာပဲ"
"ဟုတ်တယ်၊ အဲဒီနည်းစနစ်က ခန္ဓာကိုယ် ကျင့်စဉ်နဲ့ ဆက်စပ်နေတာဆိုတော့ သူ့အတွက် အင်မတန် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေမှာ။ နောက်ပိုင်းမှ ပိုပြီး ထိရောက်လာတတ်တဲ့ စိတ်ဝိညာဉ်ကျင့်စဉ်တွေနဲ့ မတူဘူးလေ။ အဲဒီကျင့်စဉ်သာ သူ့မှာ ရှိနေရင် သူ သေချာပေါက် နိုင်မှာပဲ"
ဧကရာဇ်မင်းမြတ်၏ တိတ်ဆိတ်ငြိမ်သက်မှုကို မြင်သောအခါ လူတိုင်းမှာ ထိုစကားအား ယုံကြည်လာကြလေသည်။ အားလုံးက ဤအချက်ကြောင့်ပင် ဧကရာဇ်က သဘောတူခဲ့ခြင်း ဖြစ်မည်ဟု ထင်မှတ်ကာ မျှော်လင့်ချက်များ တစ်ဖန် ပြန်လည် တောက်ပလာကြကုန်၏။
"ဒါက အမှန်ပဲလား အရှင်" ဂိုဏ်းချုပ်မင်းက မေးမြန်းလိုက်သည်။ ဤမေးခွန်းကို ဖြေဆိုနိုင်သူမှာ ဧကရာဇ်တစ်ပါးတည်းသာ ရှိပေသည်။
"စိတ်ဝင်စားစရာကောင်းတဲ့ ဆက်စပ်တွေးတောမှုပါပဲ၊ ဒါပေမဲ့ အမှန်တရားတော့ မဟုတ်ဘူး။ မုန့်လုချီဟာ ရှေးဟောင်း သွေးအရှိန်အဟုန် မြှင့်တင်ခြင်း နည်းစနစ်ကို နားမလည်သေးပါဘူး။ ဒါကြောင့် မင်းတို့ မှားနေပြီ။ တကယ်လို့ သူက ဒီကျင့်စဉ်ကို နားလည်သွားခဲ့ရင်တောင်မှ သူက ဒီပြိုင်ပွဲမှာ ပါဝင်ခွင့် ရမှာ မဟုတ်ဘူး" ဧကရာဇ်က ခေါင်းခါရင်း ပြန်လည် မိန့်ကြားလိုက်လေသည်။
မိမိ၏ ခိုင်မာလှသော ယူဆချက်ကြီး လွဲချော်သွားသည်ကို မြင်သောအခါ ချင်သခင်ကြီးမှာ မယုံနိုင်လောက်အောင် ဖြစ်သွားပြီး ပါးစပ်ကလေး အနည်းငယ် ဟသွားလေသည်။
သူ မည်သို့ကြောင့် မှားသွားရသနည်း။ အကယ်၍ ဤအကြောင်းရင်းကြောင့် မဟုတ်ပါက ဧကရာဇ်မုန့်လျန်က ဤစမ်းသပ်ပွဲကို အဘယ်ကြောင့် သဘောတူခဲ့သနည်း။ သူသည် ရှုံးနိမ့်မည်ဟု သိနေသော ပြိုင်ပွဲတစ်ပွဲကို တကယ် ရွေးချယ်ခဲ့ခြင်းလောဟု ချင်သခင်ကြီးက တွေးတောနေမိ၏။
"ဒါဆို သူက ကျင့်စဉ်ကို နားမလည်ခဲ့ဘူးပေါ့။ တကယ်လို့ သူ နားလည်ခဲ့ရင်တောင် ဘာလို့ ပါဝင်ခွင့် မရတာလဲ အရှင်။ တခြား ကန့်သတ်ချက်များ ရှိနေလို့လား" သူက ဆက်လက် မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ လူငယ်တွေကြားမှာ ယှဉ်ပြိုင်ရမှာ မှန်ပေမဲ့ အသက် နှစ်ဆယ့်ငါးနှစ်အောက် ရှိသူတွေပဲ ပါဝင်ခွင့် ရမှာ။ လုချီက နှစ်ဆယ့်ငါးနှစ်ထက် အများကြီး ကျော်နေပြီလေ၊ ဒါကြောင့် သူက ငါတို့ကို ကိုယ်စားပြုလို့ မရဘူး" ဧကရာဇ်က ခေါင်းခါရင်း အဖြေပေးလိုက်လေသည်။
'သူက ပါဝင်ခွင့် မရဘူး ဟုတ်လား။ ဒါဆို ငါတို့ ပိုပြီး အခြေအနေ မဟန်တော့ဘူး မဟုတ်လား' ဂိုဏ်းချုပ်မင်းက တွေးတောလိုက်၏။
"ခန့်မှန်းနေစရာ မလိုပါဘူး။ ငါ အခုပဲ ပြောပြပါ့မယ်။ ကမ္ဘာနှစ်ဆယ်ထဲက ကမ္ဘာတစ်ခုစီဟာ ကိုယ်စားလှယ် သုံးယောက်စီပဲ စေလွှတ်ခွင့် ရှိမယ်။ သုံးယောက် ပါဝင်ရမှာ မှန်ပေမဲ့ အသင်းအဖွဲ့လိုက် ယှဉ်ပြိုင်ရမှာ မဟုတ်ဘူး။ အဆင့် သတ်မှတ်ချက်က တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်မှာပါ။ ဒုတိယအချက်ကတော့ အသက် နှစ်ဆယ့်ငါးနှစ်အောက် ရှိသူတွေပဲ ပါဝင်ရမှာ ဖြစ်တယ်"
"တတိယအချက်အနေနဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်မယ့် ပွဲစဉ်တချို့ကို ငါတို့ကမ္ဘာမှာ ကျင်းပမှာ ဖြစ်ပေမဲ့ ဗိုလ်လုပွဲတွေကိုတော့ ဒီမှာ ကျင်းပမှာ မဟုတ်ဘူး။ ပထမအဆင့် စမ်းသပ်ပွဲတွေကိုတော့ ဒီမှာ ကျင်းပမယ်။ တခြားကမ္ဘာတွေက ပြိုင်ပွဲဝင်တွေအားလုံး ဒီကို လာကြလိမ့်မယ်။ အဲဒီကနေမှ ထိပ်သီးဆယ်ယောက်ကို ရွေးချယ်မယ်။ အဲဒီ ဆယ်ယောက်ကမှ ဒုတိယအဆင့် ပြိုင်ပွဲအတွက် တခြားကမ္ဘာတစ်ခုကို သွားပြီး ဘယ်သူက နံပါတ်တစ်လဲဆိုတာကို အဆုံးအဖြတ် ခံယူကြရမှာ" သူက ဆက်လက် ရှင်းပြလေသည်။
ဧကရာဇ်သည် နက်နက်ရှိုင်းရှိုင်း တွေးတောနေကြသော ဧည့်သည်တော်များကို ဝေ့ဝဲကြည့်လိုက်၏။ လူတိုင်းက ထိုကိုယ်စားလှယ် သုံးယောက်မှာ မည်သူများ ဖြစ်မည်ကို သိချင်နေကြသည်။ အသက် နှစ်ဆယ့်ငါးနှစ်အောက်ဟူသည့် ကန့်သတ်ချက်အရ ဒုတိယမင်းသားနှင့် တတိယမင်းသားတို့မှာ ပါဝင်နိုင်ပေသည်။ သို့သော် နေရာလွတ် တစ်နေရာ ကျန်ရှိနေသေး၏။
တတိယမြောက် လူက မည်သူ ဖြစ်မည်နည်း။ သူတို့အနေဖြင့် နိုင်မည်ဟု မျှော်လင့်ချက် မရှိသော်လည်း မိမိတို့ မျိုးနွယ်စုမှ လူငယ်တစ်ယောက်သာ တတိယနေရာအတွက် ရွေးချယ်ခံရပါက အလွန်ကောင်းမည်ဟု မျှော်လင့်နေကြလေသည်။
နံပါတ်တစ် ရဖို့က မဖြစ်နိုင်သော်လည်း ရွေးချယ်ခံရရုံမျှဖြင့်ပင် သူတို့၏ မျိုးနွယ်စုမှာ ဂုဏ်သတင်း အလွန်ကြီးသွားပေလိမ့်မည်။ ပါဝင်ယှဉ်ပြိုင်မည့်သူ ခြောက်ဆယ်ထဲတွင် အဆင့်ကောင်းကောင်းတစ်ခု ရနိုင်ခဲ့လျှင်ပင် မဆိုးလှချေ။
ထို့ကြောင့် လူတိုင်းက မိမိတို့ မျိုးနွယ်စုထဲမှ အကောင်းဆုံး ကိုယ်စားလှယ်ကို အကြံပေးရန် အသီးသီး စဉ်းစားနေကြတော့သည်။
ဧကရာဇ်မုန့်လျန်သည် သူတို့၏ အတွေးများကို ရိပ်မိသော်လည်း မသိချင်ယောင်ဆောင်ကာ မိန့်ကြားလိုက်သည်။ "နောက်ဆုံးအနေနဲ့ ပထမအဆင့် စမ်းသပ်ပွဲတွေကို နောက်နှစ်ရက်နေရင် စတင်တော့မယ်။ ဧည့်သည်တွေကတော့ မနက်ဖြန်ကစပြီး ရောက်လာကြလိမ့်မယ်။ ဒါကြောင့် ငါတို့ရဲ့ ဧည့်သည်တွေကို ဘယ်သူကမျှ မြို့တော်ထဲမှာ ပြဿနာ မရှာမိအောင် သတိထားကြပါ"
"နှစ်ရက်ပဲ ဟုတ်လား။ ဒါပေမဲ့ ကိုယ်စားလှယ် ရွေးချယ်ဖို့ကရော ဘယ်လိုလုပ်မလဲ အရှင်။ နှစ်ရက်ဆိုတာက တတိယနေရာအတွက် ကျွန်တော်တို့ဆီက လူငယ်တွေကို ပြိုင်ခိုင်းပြီး အကောင်းဆုံးတစ်ယောက်ကို ရွေးဖို့အတွက် သိပ်ကို နည်းလွန်းနေပါတယ်" မျိုးနွယ်စုများက စိုးရိမ်တကြီးဖြင့် တညီတညွတ်တည်း ဆိုကြလေသည်။
"စမ်းသပ်ပွဲတွေ လုပ်နေဖို့ မလိုပါဘူး။ ငါ့စိတ်ထဲမှာ ကိုယ်စားလှယ် သုံးယောက်ကို ရွေးပြီးသားပါ။ အဲဒီ သုံးယောက်ကပဲ ငါတို့ကမ္ဘာကို ကိုယ်စားပြုပြီး ဒီပြိုင်ပွဲမှာ ပါဝင်ကြလိမ့်မယ်" ဧကရာဇ်က အေးအေးဆေးဆေးပင် ပြန်လည် ဖြေကြားလိုက်၏။ သူသည် ဤကမ္ဘာ၏ လမ်းကြောင်းကို ပြောင်းလဲစေမည့် ကိစ္စကြီးတစ်ခုအား ပြောနေခြင်းနှင့် မတူဘဲ သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ရှိနေပေသည်။
"အဲဒီလူတွေက ဘယ်သူတွေလဲ အရှင်" ချင်သခင်ကြီးက မေးမြန်းလိုက်သည်။
'သူက မင်းသားနှစ်ပါးကိုတော့ သေချာပေါက် ရွေးမှာပဲ၊ ဒါပေမဲ့ တတိယမြောက်လူကတော့ ငါတို့ မျိုးနွယ်စုတွေထဲက တစ်ယောက်ယောက် ဖြစ်ရမယ်။ ငါ ပြန်စဉ်းစားကြည့်ရသလောက်တော့ ငါ့မြေးက မင်းသားတွေပြီးရင် မြို့တော်မှာ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ယောက်အဖြစ် နာမည်ကြီးတာလေ။ ဧကရာဇ်က သတင်းစကားတွေကြားကနေ ငါ့မြေးကို ရွေးလိုက်တာများလား' သူက တွေးတောနေမိသည်။
ဂိုဏ်းချုပ်မင်း၏ စိတ်ထဲတွင်လည်း မျှော်လင့်ချက်တစ်ခု ရှိနေ၏။ 'အရှင်မင်းကြီးက လွန်ခဲ့တဲ့ လကမှ ငါတို့ရဲ့ နှစ်ပတ်လည် ပြိုင်ပွဲကို တက်ရောက်ခဲ့တာလေ။ အဲဒီမှာ အနိုင်ရတဲ့သူရဲ့ စွမ်းဆောင်ရည်ကို သူ ကိုယ်တိုင် မြင်ခဲ့တာ။ ငါတို့ရဲ့ အတော်ဆုံး တပည့်ရဲ့ လက်စွမ်းကို သူ မြင်ဖူးတယ်လို့ ငါ ယုံကြည်တယ်။ သူ ချီးကျူးခဲ့တာကိုတောင် ငါ မှတ်မိနေသေးတယ်။ သူများ ဖြစ်နေမလား။ အဲဒီလိုသာဆိုရင်တော့ အံ့ဩစရာပဲ'
မျိုးနွယ်စု ခေါင်းဆောင်တိုင်းမှာ မိမိတို့ လူငယ်များအပေါ် ဘက်လိုက်သည့် စိတ်ကလေးများ ရှိနေကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ သူတို့၏ အမြင်တွင် မိမိတို့ မျိုးနွယ်စုမှ လူငယ်များမှာ အတော်ဆုံး ဖြစ်သဖြင့် တတိယမြောက်လူမှာ မိမိတို့ဆီမှ ဖြစ်မည်ဟုသာ အသီးသီး တွေးတောနေကြလေသည်။
"ငါတို့ကို ကိုယ်စားပြုမယ့် ပထမဆုံးလူကတော့ ငါ့ရဲ့ တတိယသား မုန့်ဟူလင်ပေါ့။ သူ့ရဲ့ အစွမ်းအစကတော့ မိတ်ဆက်ပေးနေဖို့တောင် မလိုပါဘူး။ ပါရမီပိုင်းမှာလည်း သူက ထူးချွန်ပြီးသား။ သူ့ရဲ့ လျှပ်စီးဗုဒ္ဓ နည်းစနစ်က ရန်သူတွေကို ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ကို ပေးနိုင်စွမ်း ရှိတယ်။ သူဟာ ပထမအဆင့် စမ်းသပ်ပွဲမှာ သေချာပေါက် အဆင့်ကောင်းကောင်း ရပြီး ဒုတိယအဆင့်အတွက် အရည်အချင်း ပြည့်မီလိမ့်မယ်လို့ ငါ ယုံကြည်တယ်" ဧကရာဇ်က မိန့်ကြားလိုက်သည်။
"ငါတို့ဘက်က ဒုတိယ ပြိုင်ပွဲဝင်ကတော့ ငါ့ရဲ့ ဒုတိယသား မုန့်ချန်ပါပဲ။ သူက ဟူလင်ထက် အသက်ကြီးပေမဲ့ နှစ်ဆယ့်ငါးနှစ် မကျော်သေးဘူး။ သူလည်း ပါဝင်ယှဉ်ပြိုင်ပြီး ငါတို့ကို ဂုဏ်တက်အောင် လုပ်ပေးနိုင်မှာပါ။ သူ ပါဝင်တာကြောင့် နောက်ထပ်အဆင့်ကို တက်လှမ်းမယ့် ဆယ်ယောက်ထဲမှာ နှစ်ယောက်က ငါတို့ကမ္ဘာက ဖြစ်ဖို့ သေချာသွားပြီပေါ့" သူက ဆက်ပြောလေသည်။
မုန့်ချန်သည် မိမိအမည်ကို ကြားလိုက်ရချိန်တွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူသည် ပြိုင်ပွဲတွင် ပါဝင်ရမည်ကို မုန်းတီးနေခြင်း မဟုတ်ချေ။ အခြားအရာတစ်ခုကိုသာ မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။
'ဘာလို့ ခမည်းတော်က ငါ့ကို ဒုတိယမြောက်လူအဖြစ် မိတ်ဆက်ပေးရတာလဲ။ ဟူလင်ကိုတော့ ပထမဆုံးလူအဖြစ် မိတ်ဆက်ပေးပြီး သူက ပိုပြီး အရေးကြီးသလိုမျိုး လုပ်သွားတယ်' သူက ဘေးဖယ်ခံလိုက်ရသကဲ့သို့ ခံစားရင်း တွေးတောနေမိသည်။
သို့သော်လည်း အခြားလူများမှာမူ ထိုကြေညာချက်များကို အထူးတလည် စိတ်ဝင်စားပုံ မရကြချေ။ အကြောင်းမှာ ပထမလူ နှစ်ယောက်မှာ မင်းသားများသာ ဖြစ်မည်ကို သူတို့ ကြိုတင် သိရှိထားကြသောကြောင့် ဖြစ်၏။
သူတို့ သိချင်နေကြသည့် တစ်ခုတည်းသော အရာမှာ တတိယမြောက် ကိုယ်စားလှယ် ဖြစ်လာပြီး အဖွဲ့ကို ပြည့်စုံစေမည့်သူပင် ဖြစ်သည်။ လူတိုင်းမှာ နားစွင့်ထားကြပြီး ထိုကြေညာချက်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကြလေသည်။
"ဒါဆို ငါတို့ဘက်က တစ်ယောက်ပဲ ကျန်တော့တာပေါ့။ ဒါဟာ တကယ်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပေမဲ့ ငါ ဆုံးဖြတ်လိုက်ပြီ" ဧကရာဇ်မုန့်လျန်က ရှင်းပြလိုက်သည်။
သူက ဆက်လက်၍ "ငါတို့ဘက်က တတိယမြောက် ပြိုင်ပွဲဝင်ကတော့..."