← Chapters

အခန်း (၉၀၁-၉၀၂)

Vol. 88 Ch. 901-902

အခန်း (၉၀၁-၉၀၂)

Vol. 88 Ch. 901-902

​အခန်း (၉၀၁) ပျက်သုဉ်းခြင်း၏ ဆိုက်ရောက်မှု

ဧကရာဇ်သည် နာမည်ကို ကြေညာတော့မည့်ဆဲဆဲတွင် အခြားသူများ၏ စိတ်အားထက်သန်နေသော ပုံစံများအား ကြည့်ကာ စိတ်ဝင်စားနေပုံရ၏။ သူသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ မင်းသားများ ထိုင်နေသည့် စားပွဲဝိုင်းဆီသို့ ဝေ့ဝဲကြည့်လိုက်သည်။

​"တတိယမြောက်လူကတော့ မင်းတို့အများစု ထင်မထားတဲ့သူ တစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ရဲ့ နာမည်ကိုတော့ အခုချက်ချင်း ငါ မကြေညာသေးဘူး။ သူဟာ ငါတို့ကို ကိုယ်စားပြုပြီး ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးမယ့်သူ ဖြစ်တယ်"

​"သူ့ကို အခုကတည်းက လူသိရှင်ကြား ထုတ်မပြောချင်သေးတာကတော့ မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ၊ အန္တရာယ်တွေ သူ့ဆီ ရောက်မလာစေချင်လို့ပဲ။ စမ်းသပ်ပွဲကျင်းပမယ့် နေ့ကျမှပဲ သူ ဘယ်သူလဲဆိုတာ မင်းတို့ သိရပါလိမ့်မယ်" ဧကရာဇ်က မျက်နှာတွင် လျှို့ဝှက်သော အပြုံးတစ်ခု ဆင်မြန်းလျက် ဖြေကြားလိုက်ရာ လူတိုင်း စိတ်ပျက်သွားကြလေသည်။

​လုံချန်းကမူ ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို သဘောတူမိ၏။ မျိုးနွယ်စုများအတွက် တတိယနေရာသည် မည်မျှအထိ ဂုဏ်ယူစရာကောင်းကြောင်း သူ နားလည်ပေသည်။ အကယ်၍ နာမည်ကို ထုတ်ပြောလိုက်ပြီး ထိုသူမှာ မိသားစုတစ်ခုခုမှ ဖြစ်နေပါက ထိုမိသားစုမှာ ဝမ်းသာအားရ ဖြစ်နေမည်မှာ အသေအချာပင်။

​သို့သော် ရွေးချယ်မခံရသည့် အခြားမိသားစုများကမူ မကျေမနပ် ဖြစ်ကြပေလိမ့်မည်။ ထို့နောက် ပြိုင်ပွဲမတိုင်မီ ထိုကိုယ်စားလှယ်ကို လုပ်ကြံရန် ကြိုးစားကြပေမည်။ အကယ်၍ သူတို့သာ လျှို့ဝှက်စွာ လုပ်ကြံနိုင်ခဲ့ပါက တတိယနေရာမှာ လစ်လပ်သွားမည်ဖြစ်ပြီး အခြားမိသားစုများအတွက် သူတို့၏ အမွေခံများကို ရွေးချယ်ခံရရန် အခွင့်အရေး တစ်ဖန် ပြန်ရလာမည် ဖြစ်သောကြောင့်ပင်။

​'ဒါကိုတော့ ဘယ်သူမှ မငြင်းနိုင်ဘူး။ ဧကရာဇ်က တကယ်ကို ပါးနပ်တာပဲ' လုံချန်းက တွေးတောလိုက်သည်။

​"ဒါက ငါပြောချင်တဲ့ အချက်တွေပါပဲ။ ဧည့်သည်တွေက မနက်ဖြန်ကစပြီး ရောက်လာကြတော့မယ်။ ဒါကြောင့် မင်းတို့ရဲ့ လူငယ်တွေကို အဲဒီဧည့်သည်တွေနဲ့ ပြဿနာမဖြစ်အောင် ဆုံးမထားဖို့က မင်းတို့ရဲ့ တာဝန်ပဲ။ တချို့လူငယ်တွေက ထောင်လွှားချင်ကြလိမ့်မယ်၊ တချို့ကလည်း ဆူပူမှုတွေ လုပ်ချင်ကြလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးတွေကို အကြမ်းမဖက်ဘဲ ခပ်မြန်မြန် ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်" ဧကရာဇ်က ဆက်လက် မိန့်ကြားလေသည်။

​"တကယ်လို့ ငါတို့ကမ္ဘာက လူတွေက အခြေအနေကို ပိုဆိုးအောင် လုပ်တယ်လို့ဖြစ်ဖြစ် ဧည့်သည်တွေနဲ့ မလိုအပ်ဘဲ ရန်ဖြစ်တယ်လို့ဖြစ်ဖြစ် ငါ ကြားရရင်တော့ ငါ ဘယ်လို တုံ့ပြန်မလဲဆိုတာ မင်းတို့ သိကြမှာပါ။ မင်းတို့အားလုံး ငါ့အကြောင်းကို ကောင်းကောင်း သိထားကြမယ်လို့ ယုံကြည်တယ်" သူက မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။

​"ကျွန်တော်တို့ မှတ်သားထားပါ့မယ်။ ကျွန်တော်တို့ရဲ့ လူငယ်တွေကို ဧည့်သည်တွေနဲ့ ပြဿနာမဖြစ်အောင် တားမြစ်ထားပါ့မယ်"

​"ကောင်းပါပြီ အရှင်။ ကျွန်တော်လည်း ဂိုဏ်းဝင်တွေကို သတိပေးထားပါ့မယ်။ သူတို့ သတိရှိကြမှာပါ"

​"ကျွန်တော့်ရဲ့ မျိုးနွယ်စုဝင်တွေလည်း အသိတရား ရှိကြမှာပါ"

​တစ်ယောက်ပြီးတစ်ယောက် ဧကရာဇ်၏ မိန့်ကြားချက်ကို ထောက်ခံလျက် တညီတညွတ်တည်း လျှောက်တင်ကြလေသည်။

​"ကောင်းပြီ။ ဒါဆိုရင်တော့ ငါတို့ ဒါတွေကို ရပ်ပြီး ငါ့သားရဲ့ မွေးနေ့ပွဲကို ဆက်ကြတာပေါ့။ အားလုံးပဲ စားသောက်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါ" ဧကရာဇ်က ခပ်တိုးတိုး ဆိုလိုက်သည်။

​ခန်းမကြီး၏ တံခါးများ ပွင့်သွားပြီး အစေခံများသည် စားပွဲတင်ဗန်းများကို ကိုင်ဆောင်ကာ အထဲသို့ ဝင်ရောက်လာကြ၏။ သူတို့သည် ဧည့်သည်များ၏ စားပွဲပေါ်တွင် ဟင်းပွဲများကို စတင် ပြင်ဆင်ကြလေသည်။ အခြားအစေခံများကလည်း အရက်ပုလင်းများနှင့် ခွက်များကို ချပေးကြ၏။

​မိန်းမစိုးသည် ဧကရာဇ်၏ ပလ္လင်ရှေ့တွင် စားပွဲငယ်တစ်ခုံ ချထားပေးပြီး ဧကရာဇ်အတွက် သီးသန့် ပြင်ဆင်ပေးလေသည်။ မင်းသားများ၏ စားပွဲပေါ်သို့လည်း အစားအသောက်များ ရောက်ရှိလာသည်။

​"ဟင်း... အင်ပါယာကလည်း မဟုတ်၊ မျိုးနွယ်စုကြီးလည်း မဟုတ်တဲ့သူတစ်ယောက်နဲ့ တစ်စားပွဲတည်း ထိုင်ပြီး စားရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး" မုန့်ချန်က လုံချန်းကို ကြည့်ကာ ညည်းညူလိုက်သည်။

​"သိပ်ပြီး စိတ်မပူပါနဲ့ အစ်ကိုရာ။ သူလည်းပဲ ဒုတိယမင်းသားနဲ့ တစ်စားပွဲတည်း ထိုင်စားရလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ပါဘူး။ သူက မင်းသားတစ်ပါးပဲလေ။ လူတွေ ပြောလေ့ရှိသလိုပဲ ကြက်ခေါင်း ဖြစ်ရတာက မြွေမြီး ဖြစ်ရတာထက် ပိုမြတ်တယ် မဟုတ်လား။ ဒါကြောင့် သူ့ရဲ့ အဆင့်အတန်းကလည်း သိပ်တော့ မနိမ့်ပါဘူး။ အခုတော့ သူက ခင်ဗျားနဲ့အတူ ထိုင်စားနေရတာပေါ့" မုန့်ဟူလင်က တဟားဟား ရယ်မောရင်း ပြန်ပြောလိုက်၏။

​သူသည် ဒုတိယမင်းသားကို လှောင်ပြောင် သရော်ရသည်ကို အတော်လေး သဘောကျနေပုံ ရသည်။

​"ဟက်... မင်း နောက်နေတာ ဖြစ်ရမယ် ညီလေး။ ငါတို့ရဲ့ အစေခံတွေတောင် ဒီလို နိမ့်ကျတဲ့ နိုင်ငံငယ်လေးက မင်းသားတွေထက် အဆင့်အတန်း ပိုမြင့်သေးတယ်။ နိုင်ငံတွေဆိုတာ ငါတို့ အင်ပါယာရဲ့ အစေခံတွေထက် မပိုပါဘူး။ ဒါကြောင့် သူက ငါတို့ အစေခံတွေရဲ့ မင်းသားပေါ့၊ ဒါပေမဲ့ ငါတို့ နန်းတော်က အစေခံတွေတောင် ဒီအင်ပါယာရဲ့ နိုင်ငံသားတွေလေ။ သူကတော့ အဲဒါတောင် မရှိဘူး။ ဒါကြောင့် သူက ငါတို့ အစေခံတွေထက်တောင် ပိုပြီး နိမ့်ကျတယ်" ဒုတိယမင်းသားက သက်ပြင်းချရင်း ပြန်လည် ချေပလိုက်လေသည်။

​'ဟင်း... သူ့ကို ပြန်ပြောချင်လိုက်တာ။ သူ့ကို သူ့နေရာသူ သိသွားအောင် နည်းလမ်းပေါင်း ထောင်သောင်းမက ရှိပေမဲ့ အခုတော့ ငါ့ကိုယ်ငါ ထိန်းထားမှ ဖြစ်မယ်' လုံချန်းက တတိယမင်းသားကို ကြည့်ရင်း တွေးလိုက်မိသည်။

​"ဘာဖြစ်လို့လဲ။ မင်း ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ။ ဘာများ ပြောချင်လို့လဲ" ဒုတိယမင်းသားက သူ့ကို စိုက်ကြည့်နေသော လုံချန်းအား သတိပြုမိကာ မေးလိုက်၏။

​"ဘာမှမဟုတ်ပါဘူး။ လာမယ့် ပြိုင်ပွဲမှာ မင်းသားရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရမှာ ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းမလဲလို့ တွေးနေတာပါ။ မင်းသားအတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်" လုံချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

​"ဟားဟားဟား... ဟူလင်၊ မင်းရဲ့ သူငယ်ချင်းက ငါ့ကို ဖားနေတာလား။ သူက မင်းကိုတော့ ကံကောင်းပါစေလို့ ဆုမတောင်းပေးဘူးလား" လုံချန်း၏ စကားကြောင့် မုန့်ချန်က လှောင်ရယ်လိုက်လေသည်။

​"မင်းသား ဟူလင်ကတော့ သေချာပေါက် အဆင့်ကောင်းတစ်ခု ရမှာဆိုတော့ ကျွန်တော့်ရဲ့ ဆုတောင်းတွေ လိုမယ် မထင်ပါဘူး" လုံချန်းက ခေါင်းခါရင်း ဆိုလိုက်၏။

​"တွေ့လား အစ်ကို။ သူက ဘယ်လောက် စိတ်ကောင်းရှိသလဲ။ ခင်ဗျားအတွက် သူက စိုးရိမ်ပေးနေတာလေ။ သူက ခင်ဗျားကို ဆုတောင်းပေးတာကို ခင်ဗျား ပျော်နေတာ မြင်ရလို့ ကျွန်တော်လည်း ဝမ်းသာပါတယ်" မုန့်ဟူလင်က လှောင်ပြုံးလေးဖြင့် ပြောလိုက်သည်။

​"မင်း..." မုန့်ချန်သည် မိမိ စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

​သူက တစ်ခုခု ပြန်ပြောရန် ပါးစပ်ပြင်လိုက်ချိန်မှာပင် ခန်းမတံခါးကြီးက တစ်ဖန် ပွင့်သွားပြန်သည်။ လူငါးယောက်သည် ခန်းမအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြ၏။

​သူတို့သည် ဧကရာဇ်ရှိရာဆီသို့ တည့်တည့် လျှောက်လှမ်းသွားကြလေသည်။ ထိုသူများမှာ ယခင်က လုံချန်းကို တွေ့ခဲ့ဖူးသော ဖူမင်နှင့် သူ၏ အဖွဲ့ဝင်များပင် ဖြစ်သည်။ သူတို့သည် လုံချန်းမှာ သူတော်စင် သတ်ဖြတ်သူ၏ အမွေခံဖြစ်ကြောင်း သိရှိထားကြသူများ ဖြစ်၏။

​လုံချန်းသည် တံခါးဘက်ကို ကျောပေးထားသဖြင့် သူတို့သည် လုံချန်း၏ မျက်နှာအား မမြင်ကြရသေးချေ။ ထိုလူငါးယောက်မှာ မိမိတို့ ရရှိမည့် အပြစ်ဒဏ်ကိုသာ စိုးရိမ်နေကြသဖြင့် ဘေးဘီသို့ မကြည့်ဘဲ ဧကရာဇ်ကိုသာ စိုက်ကြည့်လျက် လျှောက်သွားကြခြင်း ဖြစ်သည်။ ထို့ကြောင့် လုံချန်း၏ ဘေးမှ ဖြတ်သွားသော်လည်း လုံချန်းကို သတိမပြုမိကြချေ။

​ဧကရာဇ်၏ ရှေ့တွင် ရပ်လိုက်ချိန်၌ သူတို့ ရှာနေသောသူမှာ သူတို့၏ နောက်နားလေး၌ပင် ရှိနေသည်ကို သူတို့ မသိရှိကြသေးပေ။

​လုံချန်းသည် သူတို့၏ မျက်နှာများကို မြင်လိုက်ရသော်လည်း သူတို့အား မှတ်မိခြင်း မရှိချေ။ လုံချန်း အတိုက်ခိုက်ခံရစဉ်က ကျိရှန် တစ်ယောက်သာ မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က လုံချန်း၏ ခန္ဓာကိုယ်ကို အခြားသူတစ်ဦးက ဝင်ရောက် ထိန်းချုပ်ထားခြင်း ဖြစ်သဖြင့် ထိုလူများနှင့် ပတ်သက်၍ သူ၏ မှတ်ဉာဏ်ထဲတွင် မည်သည်မျှ မရှိချေ။

​သူသည် ဝူလျာ တစ်ယောက်ကိုသာ မှတ်မိပေသည်။ ယခု တွေ့လိုက်ရသော လူငါးယောက်မှာ သူ့အတွက် သူစိမ်းများသာ ဖြစ်၏။ သူတို့ ဖြတ်သွားစဉ်က သူတို့၏ မျက်နှာများကို မြင်လိုက်ရသော်လည်း ထူးခြားမှုအား မခံစားမိချေ။

​ထိုသူများ တိုက်ခိုက်စဉ်က ရွှင်းသည်လည်း သွေးမျိုးဆက် ကျောင်းတော် အတုထဲတွင် ပိတ်မိနေခဲ့သဖြင့် သူမအနေဖြင့်လည်း ထိုသူများမှာ မည်သူဖြစ်ကြောင်း မသိရှိခဲ့ပေ။

​အခန်း (၉၀၂) အင်မော်တယ်

လုံချန်းနှင့် အခြားသူများသည် စေတမန်ငါးဦး၏ မျက်နှာများကို မြင်တွေ့လိုက်ရသော်လည်း ထိုစေတမန်ငါးဦးမှာမူ ယခုအချိန်အထိ လုံချန်း၏ မျက်နှာကို မမြင်ကြရသေးချေ။ သူတို့သည် ဧကရာဇ်မင်းမြတ်၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး ဒူးထောက် ဂါရဝပြုကြလေသည်။

​ဧကရာဇ်သည် အစားအစာများကို စတင် သုံးဆောင်တော့မည့် အချိန်တွင် သူတို့ ရောက်ရှိလာခြင်း ဖြစ်၏။ ဧကရာဇ် မုန့်လျန်သည် စားလက်စကို ရပ်လိုက်ပြီး ဖူမင်ဆီသို့ အကြည့် ပို့လိုက်သည်။

​"မင်းတို့ ပြန်လာပြီပဲ၊ ဒါပေမဲ့ သူ့ကိုတော့ ပါမလာဘူးလား။ မင်းတို့ ရှာနေတဲ့သူကို မတွေ့ခဲ့ကြဘူးလား" ဧကရာဇ်က မေးမြန်းလိုက်၏။

​"ကြည့်ရတာ သူက ဒီတိုက်ကြီးကနေ တကယ်ပဲ ထွက်သွားပြီ ထင်တယ်" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"အရှင်မင်းကြီး... အဲဒါက... ကျွန်တော်တို့ သူ့ကို တွေ့ခဲ့ပါတယ်" ဖူမင်က တုံ့ဆိုင်းစွာဖြင့် ပြန်လည် လျှောက်တင်လေသည်။

​"တွေ့ခဲ့တယ် ဟုတ်လား။ ဒါဆို သူ ဘယ်မှာလဲ။ မင်းတို့ သူ့ကို သတ်လိုက်ပြီလား" ဧကရာဇ်က ညင်သာစွာ မေးလိုက်၏။

​"ဟို... မဟုတ်ပါဘူး အရှင်။ ကျွန်တော်တို့ သူ့ကို ဖမ်းဆီးဖို့ မအောင်မြင်ခဲ့ပါဘူး။ သူ ထွက်ပြေးသွားပါတယ်" ဖူမင်က ဖြေကြားလိုက်သည်။

​"ဒီကိစ္စက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေပါတယ်။ အဲဒီလူမှာ နေရာရွှေ့ပြောင်းနိုင်တဲ့ နည်းလမ်းတွေ ရှိနေသလို သူက မျက်နှာတစ်ခုကိုလည်း အသွင်ပြောင်းပြီး သုံးနေတာပါ။ ပြီးတော့ အင်မော်တယ် ကမ္ဘာကလို့ ယူဆရတဲ့ လူတစ်ယောက်ကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်" ဖူမင်သည် သူ၏ အခြေအနေကို ရှင်းပြရန် ကြိုးစားနေခြင်း ဖြစ်၏။ အကယ်၍သာ ဧကရာဇ် အမျက်ထွက်သွားပါက ရှင်းပြခွင့်ပင် မရဘဲ အသတ်ခံရနိုင်သည်ကို သူ သိနေသောကြောင့်ပင်။

​"အင်မော်တယ်ကမ္ဘာက လူတစ်ယောက် ဟုတ်လား" ဧကရာဇ်သည် မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။

​သူသည် မိန်းမစိုးကို ရှေ့ရှိ စားပွဲကို ဖယ်ရှားရန် လက်ရိပ်ပြလိုက်သည်။ မိန်းမစိုးသည် ရှေ့သို့ တိုးလာပြီး စားပွဲကို ဘေးသို့ ရွှေ့ပေးလိုက်၏။

​"ငါ့နောက်ကို လိုက်ခဲ့။ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အေးအေးဆေးဆေး ပြောပြစမ်း" စားပွဲကို ဖယ်ပြီးနောက် ဧကရာဇ်က မတ်တပ်ရပ်လျက် မိန့်ကြားလိုက်သည်။

​"ဝန်ကြီးဝမ်... မင်းလည်း ငါ့နောက်ကို လိုက်ခဲ့" သူက ပြတ်သားစွာ ဆိုလိုက်၏။

​သူသည် သူ၏ နောက်ကွယ်ရှိ ပလ္လင်ဆီသို့ လျှောက်လှမ်းသွားလေသည်။ အခြွေအရံ မိန်းကလေးများက သူ၏ နောက်ကွယ်ရှိ ကြီးမားသော သတ္တုတံခါးကြီးကို ဖွင့်ပေးလိုက်ကြ၏။ သူသည် အထဲသို့ ဝင်ရောက်သွားပြီး ခန်းမအတွင်းမှ ထွက်ခွာသွားလေတော့သည်။

​ဖူမင်နှင့် သူ၏ အဖွဲ့သည်လည်း ဧကရာဇ်၏ နောက်မှ လိုက်သွားကြ၏။ အဘိုးအို တစ်ယောက်လည်း မတ်တပ်ရပ်လိုက်သည်။ သူသည် ဝန်ကြီးဝမ် ဖြစ်ပေသည်။ သူသည်လည်း သူတို့နောက်မှ လိုက်သွားပြီးနောက်တွင် တံခါးကြီးမှာ ပိတ်သွားလေတော့သည်။

​သူတို့ ထွက်ခွာသွားပြီးနောက်တွင် လူများ၏ စကားသံများမှာ ပြန်လည် ဆူညံလာလေသည်။

​ဖူမင်သည် တိုးတိုးတိတ်တိတ် ပြောဆိုခဲ့သော်လည်း ခန်းမအတွင်းရှိ လူတိုင်းမှာ ကြားလိုက်ကြရပေသည်။ အကြောင်းမှာ သူတို့အားလုံးသည် မြင့်မားသော ကျင့်စဉ်အဆင့်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သောကြောင့်ပင်။

​သူတော်စင် သတ်ဖြတ်သူ၏ အမွေခံ ပေါ်ထွက်လာခြင်းကြောင့် သူ့ကို ရှာဖွေဖမ်းဆီးရန် တိုက်ကြီးတစ်ဝန်းလုံးသို့ အဖွဲ့များ စေလွှတ်ထားသည်အား လူတိုင်း သိကြသဖြင့် အစောပိုင်းက စကားဝိုင်းကို သူတို့ နားလည်ကြ၏။ ဖူမင်က သူ့ကို ဖမ်းဆီးရန် မအောင်မြင်ခဲ့ကြောင်း ပြောလိုက်သည့်အခါ ထိုသူမှာ သူတော်စင် သတ်ဖြတ်သူ၏ အမွေခံ ဖြစ်ကြောင်း သူတို့ ရိပ်မိလိုက်ကြသည်။

​ဤသတင်းမှာပင် အံ့ဩစရာ ကောင်းလှပေပြီ။ စေတမန် ငါးယောက်ပင် လူတစ်ယောက်ကို ဖမ်းဖို့ မအောင်မြင်သည်လော။ သူတို့က အသုံးမကျလွန်းသည်လော သို့မဟုတ် သူတော်စင် သတ်ဖြတ်သူ အမွေခံကပင် မယုံနိုင်စရာ အစွမ်းထက်နေသည်လော။

​သို့သော်လည်း သူတို့၏ အာရုံမှာ စေတမန်များ၏ ရှုံးနိမ့်မှုထံမှတစ်ဆင့် နောက်ထပ် သတင်းအချက်အလက်သစ်ဆီသို့ ရောက်ရှိသွားကြပြန်သည်။ ယခု သူတို့၏ ခေါင်းထဲတွင် စိုးမိုးနေသော အတွေးမှာ အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသူ အကြောင်းပင် ဖြစ်၏။

​"မင်း ကြားလိုက်လား။ သူတို့က အင်မော်တယ် ကမ္ဘာက လူတစ်ယောက်အကြောင်း ပြောနေတာနော်။ အဲဒီလူတွေက ငါတို့အတွက်တော့ နတ်ဘုရားတွေလိုပဲ မဟုတ်လား"

​"နတ်ဘုရားတွေက ငါတို့ရဲ့ လူသားကမ္ဘာကို ရောက်လာတာလား"

​"ဘာလို့ ရောက်လာတာလဲ။ ငါတို့ဆီမှာ ရတနာတစ်ခုခု ပေါ်လာလို့များလား"

​"သူတို့ ဒီအတိုင်း လာလည်တာလည်း ဖြစ်နိုင်တာပဲ။ ငါတို့ကမ္ဘာက လူအများအပြားလည်း အစွမ်းထက်လာပြီးနောက်မှာ အင်မော်တယ် ကမ္ဘာကို တက်လှမ်းသွားကြတာပဲလေ။ သူတို့ရဲ့ ဇာတိမြေကို လွမ်းလို့ လာတာလည်း ဖြစ်နိုင်တာပဲ"

​လူတိုင်းတွင် ကိုယ်စီ ကိုယ်စီ ယူဆချက်များ ရှိနေကြလေသည်။

​မင်းသားများ၏ စားပွဲတွင်လည်း ထိုသို့သော စကားဝိုင်းမျိုး ဖြစ်ပေါ်နေ၏။

​"ဟဲ... ဒီလူအ,တွေက သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံကိုတောင် မဖမ်းနိုင်ကြဘူး။ ဒါက သေချာပေါက် အကြောင်းပြချက် ပေးနေတာပဲ၊ အင်မော်တယ် ကမ္ဘာက လူတစ်ယောက် ရောက်လာတယ်ဆိုတာကတော့ ပုံပြင်ထွင်နေတာ နေမှာပါ" တတိယမင်းသား မုန့်ဟူလင်က ရယ်မောရင်း မှတ်ချက်ပေးလိုက်သည်။

​"ဒီတစ်ခါတော့ မင်းပြောတာကို ငါ သဘောတူတယ် ညီတော်။ တကယ်တော့ ဒါက သိပ်ကို နုံအတဲ့ အကြောင်းပြချက်ပဲ။ သူတို့က အသုံးမကျလို့ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံကို လွှတ်လိုက်မိတာကို အပြစ်ပေးခံရမှာ ကြောက်လို့ ပြောနေတာလေ။ ခမည်းတော်က သူတို့ရဲ့ လိမ်ညာမှုကို မသိဘူးလို့ သူတို့ တကယ် ထင်နေတာလား မသိဘူး" ဒုတိယမင်းသား မုန့်ချန်က ပြုံးလျက် ဆိုလိုက်၏။

​မင်းသမီးနှင့် အိမ်ရှေ့မင်းသားတို့ကလည်း ခေါင်းညိတ် ထောက်ခံကြလေသည်။

​အိမ်ရှေ့မင်းသားက ဆက်လက်၍ ဆိုလိုက်သည်။ "သူတို့ ပြောတာ အမှန်လား၊ အမှားလားဆိုတာကတော့ ခမည်းတော် ဆုံးဖြတ်ပါလိမ့်မယ်။ မင်းတို့ကတော့ နောက်နှစ်ရက်နေရင် ကျင်းပမယ့် စမ်းသပ်ပွဲတွေအပေါ်မှာပဲ အာရုံစိုက်ထားကြ။ မင်းတို့ သေချာပေါက် အောင်မြင်ရမယ်၊ ပြီးတော့ ထိပ်ဆုံးအဆင့်ကိုလည်း ရအောင် ယူရမယ်"

​"အစ်ကို့ အတွက်တော့ မသိဘူး၊ ကျွန်တော်ကတော့ အကောင်းဆုံး ကြိုးစားမှာပါ" တတိယမင်းသားက ပြောလိုက်သည်။

​"အဲဒါ ငါ ပြောရမယ့် စကားပါ။ ထိပ်ဆုံးဆယ်ယောက်ထဲမှာ မပါဘဲ ငါတို့ရဲ့ ဂုဏ်ကို မညှိုးနွမ်းအောင်ပဲ သတိထားစမ်းပါ။ အနိုင်ရဖို့အတွက်ကတော့ ငါ တာဝန်ယူပါတယ်" ဒုတိယမင်းသားက စောင်းကြည့်ရင်း ဆိုလိုက်၏။

​"ကောင်းပြီ။ အဲဒီ စိတ်ဓာတ်ကိုပဲ ဆက်ထားကြ။ အချိန်မဖြုန်းကြနဲ့တော့။ ဒီနေ့ကတော့ ပျော်ပွဲရွှင်ပွဲနဲ့ အနားယူရမယ့် နေ့ပဲ။ ဝဝလင်လင် စားကြစမ်းပါ။ မနက်ဖြန်ကျရင်တော့ လေ့ကျင့်ရမယ့် နေ့ပဲ။ ငါကိုယ်တိုင် မင်းတို့နှစ်ယောက်ကို လေ့ကျင့်ပေးမယ်" အိမ်ရှေ့မင်းသားက ပြုံးလျက် ဆိုလေသည်။

​"အဟွတ်... အဟွတ်"

​"အစ်ကိုကြီးရာ... ခင်ဗျား ကျွန်တော်တို့ကို လေ့ကျင့်မပေးလို့ မရဘူးလား။ လေ့ကျင့်ရင်းနဲ့ သေသွားမှာ ကြောက်လို့ပါ" တတိယမင်းသားက နောက်ပြောင်ရင်း ပြောလိုက်၏။

​မင်းသမီးသည်လည်း ပါးစပ်ကို ပိတ်ကာ ရယ်မောနေလေသည်။ ထိုလေ့ကျင့်ခန်းများမှာ မည်မျှ ပြင်းထန်လိမ့်မည်ကို သူမ မြင်ယောင်ကြည့်နိုင်ပေသည်။ အိမ်ရှေ့မင်းသားသည် လေ့ကျင့်ပေးရာတွင် မည်မျှအထိ စည်းကမ်းကြီးကြောင်း လူတိုင်း သိကြ၏။ ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် သူက အလျှော့ပေးလိမ့်မည် မဟုတ်ချေ။ သူမသည် ဒုတိယနှင့် တတိယမောင်တော်များကို သနားနေမိတော့သည်။

​ဘုရင့်မိသားစုဝင်များမှာ ချစ်ချစ်ခင်ခင်ဖြင့် စနောက်နေကြသော်လည်း လုံချန်းမှာမူ ခေါင်းကို ငုံ့လျက် ငြိမ်သက်စွာ ရပ်နေ၏။

​သူသည် ဖူမင် ပြောသွားသော စကားများကို ကြားလိုက်ရပေသည်။ ထိုစကားများ၏ ဆိုလိုရင်းကိုလည်း သူ နားလည်လိုက်၏။

​ထိုလူငါးယောက်သည် သူ ရှုလျန်နှင့် တိုက်ခိုက်စဉ်က ထိုနေရာတွင် ရှိနေခဲ့ကြသည်လော။ အကယ်၍ ထိုအရာသာ အမှန်ဆိုလျှင် သူတို့က သူ့ကို သေချာပေါက် မှတ်မိကြပေလိမ့်မည်။

​'ဒီလူတွေက... ငါ သူနဲ့ တိုက်ခိုက်တုန်းက အဲဒီမှာ ရှိနေခဲ့ကြတာလား။ သူတို့ကို မြင်လိုက်ရတာကို ငါ မမှတ်မိပါဘူး။ ဒါဟာ ငါ့ရဲ့ စိတ်အသိက သွေးမျိုးဆက် ကျောင်းတော် အစစ်ထဲမှာ ရှိနေတုန်းကများလား။ အဲဒီတိုက်ပွဲမှာ တခြားတစ်ယောက်ယောက်က ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေခဲ့တာလေ။ ငါက တခြားမြို့တစ်မြို့ကို ရောက်နေမှ ပြန်နိုးလာတာ။ သူတို့ ငါ့ကို မြင်သွားခဲ့တာလည်း ဖြစ်နိုင်တာပဲ' သူ တွေးတောရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

​'ဒါဆိုရင်တော့ သူတို့က ငါ့ကို သေချာပေါက် မှတ်မိကြလိမ့်မယ်။ သူတို့ ငါ့ကို အခု မမြင်သွားတာက ကံကောင်းတာပဲ၊ မဟုတ်ရင်တော့ ငါ ဒီကမ္ဘာရဲ့ အစွမ်းအထက်ဆုံး လူတွေ ဝိုင်းထားတဲ့ နေရာမှာ အဖမ်းခံရမှာ။ အဖမ်းခံလို့ မဖြစ်ဘူး။ သူတို့ ငါ့မျက်နှာကို ဒီမှာ မမြင်စေရဘူး'

​သူ မတ်တပ်ရပ်လိုက်လေသည်။

​"ဟင်... ဘာဖြစ်လို့လဲ" မုန့်ဟူလင်သည် အစားမစားဘဲ မတ်တပ်ရပ်လိုက်သော လုံချန်းကို ကြည့်ကာ မေးမြန်းလိုက်၏။

​"ခွင့်လွှတ်ပါ အရှင်။ ကျွန်တော့်ရဲ့ ကျန်းမာရေးက နည်းနည်း ညံ့လာသလို ခံစားနေရလို့ပါ။ ပြီးတော့ ရုတ်တရက် ဝမ်းကလည်း မကောင်းချင်ဘူး။ ကျွန်တော် ဆက်မနေနိုင်တော့ဘူး ထင်တယ်" လုံချန်းက တတိယမင်းသားကို လိမ်ညာ၍ အဖြေပေးလိုက်လေသည်။

​"ဪ... နေဦးလေ။ ငါ အစေခံတစ်ယောက်ကို ရထားလုံး စီစဉ်ခိုင်းလိုက်မယ်။ အဲဒါက မင်းကို မင်းရဲ့ နေရာအထိ ပို့ပေးပါလိမ့်မယ်" မုန့်ဟူလင်က ညင်သာစွာ ပြန်ပြောလိုက်လေသည်။

All Chapters