← Chapters

အားလုံး အိမ်ပြန်လာကြပြီ

Vol. 32 Ch. 311

အားလုံး အိမ်ပြန်လာကြပြီ

Vol. 32 Ch. 311

“ကျောင်းအုပ်ကြီး ကျွန်တော် ဒီနေ့ ပိုင်ကျင်းအတွက် နတ်ဘုရားစွမ်းအားတစ်ခု ရေးပေးမလို့။ အဲဒီစွမ်းအားရဲ့ နာမည်ကို စာရွက်ပေါ်မှာ ရေးလိုက်တိုင်း စာရွက်က သူ့အလိုလို မီးလောင်သွားတယ်ဗျ။ ဘာဖြစ်လို့လည်း သိလား”

ချူဖုန်း သူ ကြုံတွေ့ခဲ့ရသည့် ပြဿနာကို အသေးစိတ် ရှင်းပြလိုက်သည်။

“ဒါ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး”

ကျောင်းအုပ်ကြီး တစ်ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဖြည်းဖြည်းချင်း ရှင်းပြသည်။

“ဆိုရိုးစကားတစ်ခု ရှိတယ်လေ။ တာအိုဆိုတာ ပေါ့ပေါ့တန်တန် လက်ဆင့်ကမ်းလို့ မရဘူးတဲ့။ နတ်ဘုရားစွမ်းအားတွေကလည်း အဲဒီလိုပဲ။ စာရွက် လောင်သွားရတဲ့ အကြောင်းရင်းက နတ်ဘုရားစွမ်းအားရဲ့ ကံကြမ္မာ အလေးချိန်ကို စာရွက်က မတောင့်ခံနိုင်တော့လို့ပဲ”

“ဒါပေမဲ့ ကျွန်တော် အရင်က နတ်ဘုရားစွမ်းအားတွေကို စာလိပ်တွေပေါ်မှာ မှတ်တမ်းတင်ဖူးပါတယ်”

ကျောင်းအုပ်ကြီး ပြုံးလိုက်၏။

“အဲဒီနတ်ဘုရားစွမ်းအားရဲ့ ကံကြမ္မာအလေးချိန်က မကြီးမားသေးလို့လေ။ ငါ့အထင်သာ မှန်မယ်ဆိုရင် အဲဒီစွမ်းအားက မပြည့်စုံသေးတဲ့ အဆင့်ပဲ ရှိဦးမှာ”

ချူဖုန်း ခေါင်းအသာ ငြိမ့်လိုက်သည်။ အသေးစားကံကြမ္မာကျမ်းသည် မဟာကံကြမ္မာကျမ်း၏ ရှေ့ပြေးမျှသာ ဖြစ်ပြီး ပြည့်စုံသော နတ်ဘုရားစွမ်းအားတစ်ခု မဟုတ်ပေ။

ချူဖုန်း မေးလိုက်သည်။

“ဒါဆိုရင် ဒီနတ်ဘုရားစွမ်းအားကို ကျွန်တော် ဘယ်လို မှတ်တမ်းတင်ရမလဲ”

“တာအို ကျောက်စိမ်းကိုသုံး။ တာအိုရဲ့ စွမ်းအားကို သယ်ဆောင်နိုင်တဲ့ ကျောက်စိမ်းမျိုးပေါ့။ ငါတို့ ဝမ်တောက်ကျောင်းတော်မှာလည်းတယ်။ မင်း အရင်က နှိမ်နင်းခဲ့တဲ့ သူတော်စင်တစ်ပိုင်းတွေဆီမှာလည်း ဒါမျိုးတွေ ရှိသင့်တယ်”

စကားအဆုံးတွင် ကျောင်းအုပ်ကြီး သိုလှောင်လက်စွပ်ထဲမှ ကောင်းမွန်သော ကျောက်စိမ်းတစ်တုံးကို ထုတ်ယူလိုက်၏။ အပြင်ပန်းကြည့်လျှင် သာမန်ကျောက်စိမ်းနှင့် မခြားနားပေ။ သို့သော် အနီးကပ် သေချာကြည့်ရှုပါက တာအိုအနှစ်သာရ အငွေ့အသက် အနည်းငယ် ထွက်ပေါ်နေသည်ကို တွေ့ရသည်။

ချူဖုန်း သိုလှောင်လက်စွပ်ထဲတွင်လည်း ထိုကျောက်စိမ်းများ ရှိနေသဖြင့် ပြဿနာမှာ ပြေလည်သွားတော့၏။

သူ ကျောင်းအုပ်ကြီးကို လက်သီးဆုပ်ပြီး ဂါရဝပြုလိုက်သည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး”

ကျောင်းအုပ်ကြီး မုတ်ဆိတ်ကို ပွတ်သပ်လိုက်၏။

“မင်းကတော့လေ... ဘယ်လိုမျိုး ကောင်းကင်ကိုဖီဆန်တဲ့ နည်းစနစ်ကို ဖန်တီးဖို့ ကြိုးစားနေတာလဲ။ ဒါပေမဲ့ ကျင်းကျင်းလေးကတော့ မွေးရာပါ ထက်မြက်တဲ့ ဉာဏ်ရှိပါတယ်။ ဘယ်လောက်ပဲ ကောင်းကင်ကိုဖီဆန်တဲ့ နည်းစနစ်ဖြစ်ပါစေ၊ သူသာ ကြိုးစားရင် တတ်မြောက်သွားလိမ့်မယ်”

ချူဖုန်း ပြုံးလိုက်သည်။

“ကျောင်းအုပ်ကြီးက အမြင်စူးရှတာပဲ။ ကျွန်တော့် တပည့်တွေ အားလုံးသာ ပိုင်ကျင်းလို ဖြစ်မယ်ဆိုရင် ဆရာလုပ်ရတာ အများကြီး ပိုလွယ်သွားမှာ”

ကျောင်းအုပ်ကြီး သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။

“ဒီကောင်လေးကတော့ အမြဲတမ်း ကောင်းတာတွေကို အိပ်မက် မက်နေတော့တာပဲ။ တခြား မေးစရာ ရှိသေးလား”

“မရှိတော့ပါဘူး။ ဒါဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး”

ချူဖုန်း ကျောင်းအုပ်ကြီးကို အရိုအသေပေးလိုက်၏။

“သွားတော့”

ကျောင်းအုပ်ကြီး လက်ဝေ့ယမ်းပြပြီး ချူဖုန်းနှင့် ရွှေတောင်ပံလင်းယုန် ထွက်ခွာသွားသည်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။

“ဒီကောင်လေး ဒီတစ်ခါ ငါ့ကို ဘယ်လို အံ့အားသင့်စရာတွေ ယူဆောင်လာဦးမလဲ”

“အစ်ကိုကြီး ဒီတစ်ခါ ပိုင်ကျင်းကို ဘယ်လို နတ်ဘုရားစွမ်းအား သင်ပေးမလို့လဲ”

မဟာပဏ္ဍိတရွှေတောင်ပံ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

ချူဖုန်းက ပြန်ဖြေသည်။

“သူ သင်ယူပြီးတဲ့အခါ မင်း သိရမှာပါ။ အခုကတည်းက အများကြီး သိနေတာက မင်းအတွက် မကောင်းဘူး”

မဟာပဏ္ဍိတရွှေတောင်ပံ “...”

ခုနစ်ရက်အကြာတွင် ချူဖုန်း စာကြည့်ခန်းထဲမှ ထွက်လာသည်။ ခြံပြင်သို့ ရောက်သောအခါ ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ ပင်းယန်ကို ဝိုင်းနေသည်အား တွေ့လိုက်ရ၏။

“ဆရာ”

ကလေးမလေး နှစ်ယောက်လုံးမှာ ချူဖုန်းကို မြင်သည်နှင့် ချိုသာစွာ ခေါ်လိုက်ကြသည်။

“အင်း”

ချူဖုန်း ခေါင်းအသာ ငြိမ့်ပြလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ တာအိုကျောက်စိမ်းတစ်တုံးကို ထုတ်ယူကာ ပိုင်ကျင်းထံ ကမ်းပေးလိုက်သည်။

“ဒါက ငါ မင်းကို လက်ဆင့်ကမ်းပေးမဲ့ နတ်ဘုရားစွမ်းအားပဲ။ မှတ်ထားပါ၊ မင်း ဒါကို အကုန်လုံး နားမလည်မချင်း တတိယလူတစ်ယောက်ကို ဘယ်တော့မှမပြနဲ့”

“နားလည်ပါပြီ”

ပိုင်ကျင်း တာအိုကျောက်စိမ်းကို လက်ခံပြီး သူမ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

ချူဖုန်း အလွန်တည်ကြည်လေးနက်စွာ ပြောနေသဖြင့် အနီးနားရှိ မိန်းကလေးနှစ်ယောက် ထိုနတ်ဘုရားစွမ်းအားက ဘာလဲဆိုသည်ကို ထပ်မမေးကြတော့ပေ။

“ပြန်ပြီး ကျင့်ကြံတော့”

ပိုင်ကျင်းမှာ စိတ်မပါသလို ဖြစ်နေသည်ကို ချူဖုန်း သတိထားမိသဖြင့် ညင်သာစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့”

ပိုင်ကျင်း သူမ၏ ကိုယ်ပိုင်ခြံဝင်းဆီသို့ ခုန်ပေါက်ကာ ထွက်သွားတော့၏။

အခန်းထဲသို့ ပြန်ရောက်သည်နှင့် သူမ သိုလှောင်လက်စွပ်ထဲမှ တာအိုကျောက်စိမ်းကို ချက်ချင်း ထုတ်ယူလိုက်သည်။

သူမ နတ်ဘုရားအာရုံကို ကျောက်စိမ်းထဲသို့ ထည့်သွင်းကြည့်လိုက်သည့်အခါ ပထမဆုံး မြင်လိုက်ရသည်မှာ ထျန်းကန်း (၃၆)သွယ်ပြောင်းလဲခြင်းကျမ်း ဟူသော စာလုံးကြီးများပင်။

မကြာမီ ကျောက်စိမ်းထဲမှ စာလုံးများမှာ သူမ စိတ်ထဲသို့ ဝင်ရောက်လာကြ၏။

“မြေကမ္ဘာ့နိယာမကို လိုက်နာခြင်း၊ ကောင်းကင်ဘုံ၏ အမိန့်ကို စွဲကိုင်ခြင်းတို့ကို ထျန်းကန်းဟု ခေါ်ဆိုသည်။ ကောင်းကင်ဘုံရှိ ခပ်သိမ်းသော အရာတို့သည် အလိုရှိသလို ပြောင်းလဲနိုင်၏။ ဤနည်းစနစ်ကို ကျင့်ကြံရန်အတွက် မိုးမြေ ဖန်တီးမှုကို နားလည်၍ နေနှင့် လ၏ လျှို့ဝှက်ချက်များကို ဆင်ခြင်ရမည်”

ပထမမြောက် ပြောင်းလဲခြင်း

ဖန်တီးမှု လည်ပတ်ခြင်း

မရှိမှုမှ ရှိမှုသို့ ဖန်တီး၍ အရာခပ်သိမ်းကို ပုံဖော်ခြင်း။

ဒုတိယမြောက် ပြောင်းလဲခြင်း

ယင်နှင့်ယန်ကို ပြောင်းပြန်လှန်ခြင်း

နေ့နှင့်ညကို ပြောင်းလဲခြင်း။

ပိုင်ကျင်း တာအိုကျောက်စိမ်းထဲမှ အကြောင်းအရာများကို အပြည့်အဝ စုပ်ယူပြီးသောအခါ မော့ကြည့်လိုက်၏။ ညဥ့်နက်နေပြီ ဖြစ်သည်။

သူမသည် နတ်ဘုရားအာရုံကို တာအိုကျောက်စိမ်းထဲသို့ ထပ်မံ ထည့်သွင်းကြည့်ရာ စာတစ်လုံးမှ မကျန်ရှိတော့ဘဲ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“ဟင်”

သူမ လက်ထဲရှိ ကျောက်စိမ်းကို ဝေခွဲမရစွာ စိုက်ကြည့်နေစဉ်မှာပင် တရှပ်ရှပ်ဟူသော အသံတိုးတိုးနှင့်အတူ ကျောက်စိမ်းမှာ သဲပုံအဖြစ် ကြေမွသွားပြီး လက်ချောင်းများကြားမှ လျောကျသွား၏။

သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ စာရွက်နှင့် စုတ်တံကို ထုတ်ယူပြီး သူမ မှတ်ဉာဏ်ထဲရှိ ထျန်းကန်း(၃၆)သွယ် ပြောင်းလဲခြင်းကျမ်း ကို ချရေးရန်ပင်။

သို့သော် သူမ မည်မျှပင် ကြိုးစားစေကာမူ စာသားများကို စာရွက်ပေါ်တွင် ရေး၍ မရကြောင်းကို လျင်မြန်စွာ သိလိုက်ရ၏။

“ဒါကြောင့် လူကြီးတွေက တာအိုကို အလွယ်တကူ လက်ဆင့်ကမ်းလို့ မရဘူးလို့ ပြောကြတာကိုး။ ဆရာ သင်ပေးလိုက်တဲ့ နတ်ဘုရားစွမ်းအားက တကယ်ကို ထူးခြားတာပဲ”

ဤသို့ တွေးတောရင်း ပိုင်ကျင်း ယခုည ကောင်းကောင်းအိပ်စက်ပြီး နောက်နေ့မှ ကျင့်ကြံခြင်း စတင်ရန် ဆုံးဖြတ်လိုက်သည်။

နောက်နေ့ မနက်တွင် သူမ၏ ပုံမှန် အိပ်ပုတ်ကြီးတတ်သော အလေ့အထနှင့်မတူဘဲ ကျင့်ကြံရန် စောစောနိုးလာခဲ့၏။

လောလောဆယ်တွင် ထျန်းကန်း(၃၆)သွယ် ပြောင်းလဲခြင်းကျမ်းထဲမှ မည်သည့် ပြောင်းလဲခြင်းမဆို သူမအတွက် နားလည်ရန် ခက်ခဲလွန်းလှသည်။ ထို့ကြောင့် အခြေခံဖြစ်သော နေနှင့်လ၏ အနှစ်သာရကို စုပ်ယူခြင်းနှင့် မိုးမြေကို ခံစားခြင်းတို့မှ စတင်ရန် ဆုံးဖြတ်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် ကုန်ဆုံးသွားပြီး ပိုင်ကျင်း၏ ဘဝမှာ စနစ်တကျ ရှိလာသည်။

ထိုနေ့တွင် သူမ နေ့စဉ်ကျင့်ကြံမှုကို အဆုံးသတ်ပြီး ဆရာရှိရာ ခြံဝင်းသို့ သွားရောက်လည်ပတ်သည်။ ခြံဝင်းတံခါးဝသို့ ရောက်သည်နှင့် ရင်းနှီးသော လူအုပ်စုတစ်စုကို တွေ့လိုက်ရ‌၏။

“စီနီယာအစ်ကိုတို့၊ စီနီယာအစ်မတို့... ပြန်လာကြပြီလား”

သူတို့က ဂျူနီယာညီမလေးကို မြင်ပြီးသား ဖြစ်သည်။ ရှောင်းချန်း ပြုံးလျက် ရှေ့သို့ လှမ်းလာ၏။

“ဟုတ်တယ်၊ ငါတို့ ပြန်လာပြီ။ ဒီတစ်ခါ မင်းတို့အတွက် လက်ဆောင်တွေ အများကြီး ပါလာတယ်”

“တကယ်လား”

ပိုင်ကျင်း၏ မျက်လုံးများ တောက်ပသွားသည်။ သူမ ကလေးပဲ ရှိသေးသည်မို့ လက်ဆောင်ဆိုလျှင် နှစ်သက်ပေသည်။

“တကယ်ပေါ့။ အရင်ဆုံး ဆရာနဲ့ ဆရာကတော်ကို သွားပြီး ဂါရဝပြုဦးမယ်၊ ပြီးမှ မင်းကို လက်ဆောင်တွေ ပေးမယ်”

ရှောင်းချန်းက ပြုံး၍ ပြောလိုက်သည်။

“ဟုတ်ကဲ့။း”

ပိုင်ကျင်းက ချိုသာစွာ ပြန်ပြောပြီး သူတို့ နောက်သို့လိုက်ကာ ခြံဝင်းထဲ ဝင်လာခဲ့၏။

“ကျွန်တော်တို့ ဆရာနဲ့ ဆရာကတော်ကို ဂါရဝပြုပါတယ်”

“ထကြပါ”

တပည့်အားလုံး ထိခိုက်ဒဏ်ရာ မရဘဲ ပြန်လာသည်ကို မြင်ရသဖြင့် ချူဖုန်း၏ မျက်နှာတွင် စိတ်အေးသွားဟန် ပေါ်လာသည်။

သူ ပတ်ဝန်းကျင်ကို ကြည့်ပြီး မေးလိုက်သည်။

“တာအိုရောင်းရင်းရီရှန်းကော ဘယ်မှာလဲ”

ရှောင်းချန်းက ရိုသေစွာ ပြန်ဖြေသည်။ “ဦးလေးရီရှန်းက ကျောင်းအုပ်ကြီးဆီ သတင်းပို့ဖို့ သွားပါတယ်”

စကားဆုံးသည်နှင့် ကောင်းကင်ထက်မှ နှမြောတသဖြစ်နေသော အသံတစ်သံ လွင့်ပျံ့လာသည်။

“နှမြောစရာပဲ”

ထိုအသံကို ကြားသည်နှင့် လူတိုင်း အသံလာရာဘက်သို့ လှည့်ကြည့်ကာ အရိုအသေပေးလိုက်ကြသည်။

“ကျွန်တော်တို့ ဦးလေးရွှေတောင်ပံကို ဂါရဝပြုပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

ချူဖုန်းက ဆက်ပြောသည်။

“မင်းတို့ ပြန်လာတာ ကောင်းတယ်။ ဒီနေ့ ငါတို့ ကောင်းကောင်းမွန်မွန် အောင်ပွဲခံကြမယ်။ မင်းတို့ရဲ့ အပျက်အစီးမြို့တော်ဟောင်းက အတွေ့အကြုံတွေကို နားထောင်ချင်သေးတယ်”

“ဟုတ်ကဲ့”

အားလုံး တညီတညွတ်တည်း ပြန်ဖြေပြီးနောက် ဝမ်ပေါင်လဲ့က သူ ချက်ပြုတ်ပေးရန် အဆိုပြုလိုက်သည်။

ထိုစဉ် ဟန်ပင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသော အမျိုးသမီးတစ်ဦးကို ချူဖုန်းထံ ခေါ်ဆောင်လာ၏။

“ဆရာ... ဒီတစ်ခါ ရှေးဟောင်းမြို့တော်ကနေ မိတ်ဆွေတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ သူ့ကို ကျွန်တော်နဲ့အတူ အပင်စိုက်ခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ်”

၎င်းကို ကြားသော် ချူဖုန်း ဘေးနားက အမျိုးသမီးငယ်လေးကို ကြည့်လိုက်၏။ သူမသည် မန်ဒလာပန်းဝိညာဉ် တစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“မိတ်ဆွေ သက်သက်ပဲလား”

ဟန်ပင်း အလေးအနက် ပြန်ဖြေသည်။ “ဟုတ်ကဲ့၊ မိတ်ဆွေ သက်သက်ပါ။ သူကလည်း ကျွန်တော့်လိုပဲ စိုက်ပျိုးရတာ ဝါသနာပါလို့ပါ”

ချူဖုန်း မျက်လုံးထောင့်မှနေ၍ ပန်းဝိညာဥ်မလေး၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်ကို သတိထားမိလိုက်သဖြင့် ပြုံးလိုက်သည်။

“ကောင်းပြီလေ။ ဒါပေမဲ့ သူ မြောင်တောင် ကနေ ထွက်သွားတဲ့အခါ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ရအောင် မင်း လိုက်ပို့ပေးဖို့တော့ မမေ့နဲ့ဦး”

ဟန်ပင်း ဦးညွှတ်လိုက်သည်။

“တပည့် နားထောင်ပါ့မယ်”

မြောင်တောင်တွင် ပျော်ရွှင်ရယ်မောသံများဖြင့် ပြည့်နှက်နေသော်လည်း ကျောင်းအုပ်ကြီး၏ ခြံဝင်းမှာမူ လုံးဝ ခြားနားသော အခြေအနေသို့ ရောက်နေ၏။

All Chapters