ဆရာ... ကျွန်တော် နဂါးနန်းတော်ကိုသွားပြီး လက်ထပ်ခွင့်တောင်းချင်ပါတယ်
Vol. 32 Ch. 312
“အဘိုးကြီးရီရှန်း မင်း တကယ်ပဲ အဲဒီအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့တာလား”
“ချန်မေ... မင်း ဘယ်လိုစကားပြောလိုက်တာလဲ။ အခုဆိုရင် သူ့ကို ဦးလေးရီရှန်းလို့ ခေါ်ရမှာလေ”
“ဒီကောင်စုတ်၊ မင်းကပါ ဝိုင်းနှိပ်စက်နေတာလား”
ဝမ်တောက် ကျောင်းတော်တွင်
ကျောင်းအုပ်ကြီး၏ ခြံဝင်း၌
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကြသော ကျောင်းတော်၏ အကြီးအကဲများသည် မဟာပဏ္ဍိတရီရှန်းကို ဝိုင်းအုံ၍ သက်ဝင်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
မဟာပဏ္ဍိတရီရှန်းသည် သူတို့ကို မကြားသလို ဟန်ဆောင်၍ ကျောင်းအုပ်ကြီးနှင့် အေးအေးလူလူ စစ်တုရင် ကစားနေ၏။
ကစားပွဲအပြီးတွင် ကျောင်းအုပ်ကြီ စကားစလိုက်သည်။
“ရီရှန်း... ရှောင်ချန်းကို စောင့်ရှောက်ဖို့ မင်းကို ရွေးချယ်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ”
ထိုစကားကို ကြားသော် ဘေးနားက အကြီးအကဲများသည် စိတ်ထဲတွင် ခံရခက်သွားကြ၏။ သူတို့အများစုသည် တစ်ချိန်က စောင့်ရှောက်သူအဖြစ် တာဝန်ယူဖို့ အခွင့်အရေး ရထားကြသူများပင်။
သို့သော် အစဉ်အလာအရ ဝမ်တောက် ကျောင်းတော်တွင် စောင့်ရှောက်သူ လုပ်ခြင်းဆိုသည်မှာ စွန့်ပစ်ခံရသည်နှင့် အတူတူပေ။
သူတို့ ငယ်ရွယ်စဉ်က တစ်ယောက်ချင်းစီသည် ထူးချွန်ပြောင်မြောက်ခဲ့ကြသဖြင့် လက်ရှိအချိန်တွင် မည်သူကမှ အိုသွားပြီဆို၍ ဝန်မခံချင်ကြပေ။
တစ်နေ့တွင် ငါတို့လည်း မဟာပဏ္ဍိတ ဖြစ်လာရမည်ဟူသော စိတ်ဖြင့် သူတို့ ကျင့်ကြံနေခြင်းဖြစ်သည်။
သို့သော် ယခုတွင် ဝမ်တောက်ကျောင်းတော်၏ စွန့်ပစ်ခံ အဖြစ် ပထမဆုံး သတ်မှတ်ခံခဲ့ရသော မြို့စားရီရှန်းမှာ ရှောင်းချန်းကို စောင့်ရှောက်ပြီးနောက်တွင် သူတော်စင်တစ်ပိုင်း အဆင့်ကို ရောက်သွားတော့သည်။ ဤသည်မှာ သူတို့အတွက် လက်ခံရခက်သော ကိစ္စတစ်ခုပင်။
ဆိုရိုးစကားတစ်ခုလိုပင်။
‘မင်းရဲ့ ညီအစ်ကို အသုံးမကျဖြစ်သွားမှာကို မကြောက်နဲ့၊ မင်းရဲ့ ညီအစ်ကို မဟာပဏ္ဍိတ ဖြစ်သွားမှာကိုပဲ ကြောက်တဲ့’
သူတို့ရင်ထဲတွင်တော့ မနာလိုစိတ်၊ ဝန်တိုစိတ်နှင့် နာကျည်းချက်များဖြင့် ပြည့်နှက်နေတော့သည်။
အထူးသဖြင့် ရီရှန်း၏ တက်ကြွလန်းဆန်းနေသည့် အမူအရာကို မြင်ရခြင်းက အသတ်ခံရသည်ထက်ပင် ပို၍ နာကျင်စရာ ကောင်းနေ၏။
မဟာပဏ္ဍိတရီရှန်း ပြုံးလိုက်၏။
“ဒါတွေအားလုံးက ဒီအဘိုးကြီးကို အခွင့်အရေးပေးခဲ့တဲ့ ကျောင်းအုပ်ကြီးရဲ့ ကျေးဇူးကြောင့်ပါ။ ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
ထိုစကားက သူတို့ရင်ထဲသို့ အမှန်တကယ်ပင် ထိမှန်သွားစေသည်။
အကြီးအကဲများအားလုံး အလိုလိုနေရင်း သူတို့ရင်ဘတ်ကို ဖိထားလိုက်ကြတော့သည်။
ကျောင်းအုပ်ကြီးသည် ထိုအပြုအမူများကို သတိပြုမိသော်လည်း ထုတ်ဖော်မပြောပေ။
‘ငါ မင်းတို့ကို အခွင့်အရေးတွေ အရင်က ပေးခဲ့ပြီးသားပဲ။ မင်းတို့ကိုယ်တိုင်ကမှ တန်ဖိုးမထားခဲ့တာ’
သူ ဆက်ပြောလိုက်သည်။
“ရီရှန်း... နောက်ထပ် မင်းမှာ ဘာအစီအစဉ်ရှိလဲ။ ထုံးစံအရဆိုရင် မင်း နတ်ဘုရားကျောင်းတော် ထဲကို ဝင်ပြီး ကျင့်ကြံနိုင်သလို၊ ရှောင်ချန်းနဲ့အတူ ဆက်နေပြီး သူ့ရဲ့လမ်းကြောင်းကို ဆက်ပြီး စောင့်ရှောက်ပေးနိုင်တယ်”
မဟာပဏ္ဍိတရီရှန်း မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်သည်။
“ကျောင်းအုပ်ကြီး... ရှောင်ချန်း ကျွန်တော့်ထက် သာလွန်သွားမဲ့နေ့အထိ သူ့ကို စောင့်ရှောက်ပေးဖို့ ဆန္ဒရှိပါတယ်”
အကြီးအကဲများ သူ့ကို အထင်အမြင်သေးသော အကြည့်တို့ဖြင့် ကြည့်လိုက်ကြ၏။
‘ဒီအဘိုးကြီးက တစ်ဖက်လူရဲ့ ကံကြမ္မာအရှိန်အဝါကို အခမဲ့ ကပ်စားနေတာများ ဘယ်လိုလို့ ဖြောင့်မတ်နေသယောင် ဟန်ဆောင်ပြောနေရတာလဲ’
“ကောင်းပြီ... မင်း ရွေးချယ်မှုကို ငါ ဝင်မစွက်ဖက်ဘူး။ နောက်မှ မင်းရဲ့ ဆုံးဖြတ်ချက်ကို နတ်ဘုရားကျောင်းတော်ကို သတင်းပို့ပေးမယ်”
ကျောင်းအုပ်ကြီးက ခဏရပ်လိုက်၏။
“အခု ပြောစရာကိစ္စတွေ ပြီးပြီဆိုတော့ မင်း ဘယ်လိုလုပ် သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်သွားတာလဲဆိုတာ ပြောပြဦး၊ မင်း အတွေ့အကြုံကို အားလုံးကို မျှဝေပေးဦး”
“ဟုတ်ကဲ့”
မဟာပဏ္ဍိတရီရှန်းက သူ အပျက်အစီးမြို့တော်ဟောင်းရှိ လျှို့ဝှက်နယ်မြေထဲသို့ မည်သို့ဝင်ခဲ့ကြောင်း၊ အခွင့်အရေးကို မည်သို့ မည်ပုံရရှိခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် မဟာပဏ္ဍိတအဆင့်ကို မည်သို့တက်လှမ်းခဲ့ကြောင်းတို့ကို ပြန်လည်ပြောပြခဲ့သည်။
ထိုအရာကို ကြားပြီးနောက် အကြီးအကဲများတွင် မနာလိုစိတ်သာ ကျန်ခဲ့တော့၏။
‘ဒီလို ကံကောင်းမှုတွေ ငါတို့ဆီ ဘာလို့ ရောက်မလာတာပါလိမ့်’
မြောင်တောင်ပေါ်တွင်
ဝမ်ပေါင်လဲ့ နောက်ဆုံးဟင်းပွဲကို ချလိုက်သည့်အခါ ချူဖုန်း ကြေညာလိုက်၏။
“ကဲ... စားကြရအောင်”
အားလုံးမှာ နေရာအသီးသီးတွင် ထိုင်ကြသည်။ မကြာခင်မှာပင် စားပွဲဝိုင်းတွင် ဝိုင်ခွက်ချင်း တိုက်သံများ၊ ရယ်မောသံများဖြင့် ပြည့်နှက်သွားပြီး လူတိုင်း၏ မျက်နှာတွက် ပျော်ရွှင်မှုများဖြင့် တောက်ပနေတော့၏။
ချူဖုန်း သူတို့ အပျက်အစီးမြို့တော်ဟောင်း၌ လေ့ကျင့်ခဲ့သည့် အတွေ့အကြုံများကို နားထောင်နေရင်း တစ်ခါတစ်ရံတွင် သူ့အထင်များကို ဝင်ပြောပြခဲ့သည်။
အချိန်အတန်ကြာပြီးနောက် သူ မေးလိုက်၏။
“အခု အပျက်အစီးမြို့ဟောင်းမှာ လေ့ကျင့်မှုတွေ ပြီးသွားပြီဆိုတော့ မင်းတို့မှာ ဘာအစီအစဉ်တွေ ရှိကြလဲ”
ရှောင်ချန်း ပထမဆုံး ထရပ်လိုက်သည်။ “ဆရာ ကျွန်တော်ကတော့ ဓားတာအိုကို ပိုပြီး နားလည်လာအောင် လောကအနှံ့ ဆက်ပြီး လှည့်လည်သွားဖို့ စဉ်းစားထားပါတယ်”
“ခွင့်ပြုတယ်”
ချူဖုန်း အကြည့်က ချောင်ရို့ချန်ဆီ ကျရောက်သွား၏။
“ဆရာ ကျွန်တော်လည်း အတူတူပါပဲ။ ကျွန်တော်ကတော့ ကျောက်ယီနဲ့အတူ ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးကို လှည့်လည်သွားဖို့ စီစဉ်ထားပါတယ်”
ချောင်ရို့ချန် သူ့ဘေးက တာအိုလက်တွဲဖော်လေးကို ကြည့်၍ ပြောလိုက်သည်။
စုန့်ကျောက်ယီ၏ လှပသည့် မျက်နှာလေးမှာ နီမြန်းသွားပြီး ခေါင်းငုံ့ထားမိလိုက်သည်။
တစ်ယောက်ပြီးတစ်ယောက် သူတို့အစီအစဉ်များကို ပြောပြကြသည်။ ထို့နောက် ရွှီချိုက်ချန်က ထရပ်လိုက်သည်။
“ဆရာ... ကျွန်တော်ကတော့ ကျွန်တော့်ဇနီးကို ပြန်ခေါ်ဖို့ နဂါးနန်းတော်ကို သွားဖို့ စီစဉ်ထားပါတယ်”
“ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ ငါသိထားသလောက် နဂါးနန်းတော်က ပထမတန်းစား အင်အားစုတစ်ခုပဲ၊၊ နဂါးမျိုးနွယ်စုထဲမှာ သူတော်စင်တွေလည်း အများကြီးရှိတယ်။ မင်း မသွားခင်မှာ တင်တောင်းလက်ဆောင်များများ ပြင်ဆင်သွားဖို့ မမေ့နဲ့။ တစ်ခုခု လိုအပ်တယ်ဆိုရင် ငါ့ကို ပြောနိုင်ပါတယ်”
ချူဖုန်း အလေးအနက် ပြောလိုက်၏။ ဆရာသခင်ဆိုသည်က တစ်သက်လုံး ဖခင် ဟူသော ဆိုရိုးစကားအတိုင်းပင်။ သူ့တပည့်အတွက် တောင်းရမ်းမည့်လက်ဆောင် ပြင်ဆင်ပေးဖို့ ကူညီပေးသင့်သည်။
ရွှီချိုက်ချန်၏ မျက်နှာတွင် ကျေးဇူးတင်မှုတို့ ပေါ်လာသည်။
“ဆရာ အချိန်ရမယ်ဆိုရင် ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးစေချင်ပါတယ်”
ချူဖုန်း ပြုံးလိုက်သည်။
“နောက်ဆုံးတော့ မင်း ခေါင်းမမာတော့ဘူးပေါ့။ ကောင်းပြီလေ။ ငါလည်း ငါ့ခမည်းခမက်နဲ့ သွားတွေ့ရတာပေါ့”
၎င်းကိုကြားသော် ချောင်ရို့ချန် ချက်ချင်း ထရပ်လိုက်သည်။
“ဆရာ နဂါးနန်းတော်မှာ ရတနာတွေ အပြည့်ရှိတယ်လို့ ကြားဖူးတယ်။ ကျွန်တော်လည်း လိုက်ချင်ပါတယ် ဆရာ”
ချူဖုန်း ပြန်ဖြေလိုက်သည်။
“ဒါပေါ့။ ရတာပေါ့။ ချိုက်ချန်နဲ့အတူ လိုက်သွားတဲ့လူများလေ ငါတို့သောင်းပြောင်းပညာရပ်ဌာနက သူ့အပေါ် ဘယ်လောက် တန်ဖိုးထားလဲဆိုတာကို ပြရာရောက်လေလေပဲ”
တခြား တပည့်များကလည်း သူတို့ဆန္ဒများကို လျင်မြန်စွာ ပြောလိုက်ကြသည်။
“ကျွန်တော့်ကိုလည်း ထည့်ပါဦး”
“…”
ရွှီချိုက်ချန်သည် တပည့်အားလုံး သူ လက်ထပ်ခွင့်တောင်းမည့် ခရီးစဉ်တွင် လိုက်ပါရန် ဆန္ဒရှိကြလိမ့်မည်ဟု မထင်ထားသဖြင့် စိတ်လှုပ်ရှားမိသွား၏။
သူ ဤဆုံးဖြတ်ချက်ကို ချစဉ်က စိုးရိမ်မိသေးသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ယောက္ခမလောင်းမှာ မြို့စားအဆင့်ရှိသည့် အစွမ်းထက်သူတစ်ဦး ဖြစ်သောကြောင့်ပင်။
ချူဖုန်း ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်၏။
“ကောင်းပြီ။ ဒါဆို ငါတို့ ရက်အနည်းငယ်လောက် နားပြီးရင် အတူတူ ထွက်ကြမယ်”
ရယ်မောပျော်ရွှင်သံများနှင့်အတူ သောင်းပြောင်းပညာရပ်ဌာန၏ စားသောက်ပွဲသည် ပြီးဆုံးသွားပြီး လူတိုင်းမှာ သူတို့အဆောင်များဆီကို ပြန်၍ နားခဲ့ကြသည်။
ဝမ်တောက်ကျောင်းတော်၏ နတ်ဘုရားကျောင်းတော်သည် ရွှမ်ထျန်းတိုက်ကြီးမှ လျှို့ဝှက်နယ်မြေတစ်ခုထဲတွင် တည်ရှိသည်။
ထိုနေရာတွင် ဝိညာဉ်စွမ်းအင်များသည် သိပ်သည်းလှပြီး ပတ်ဝန်းကျင်မှာ သာယာလှပကာ ရှားပါးသည့် ပန်းများနှင့် အပင်တို့ကိုလည်း နေရာတိုင်းတွင် တွေ့နိုင်၏။
ဝမ်တောက်ကျောင်းတော်ရှိ တပည့်များသည် ထိုနေရာသို့ ဝင်ခွင့်ရရန် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရန်လိုအပ်၏။ သူတော်စင်အဆင့် သွေးမျိုးဆက် ရှိသူများပင် ထိုနေရာတွင် ရေရှည်နေထိုင်ခွင့် မရှိကြပေ။
အင်မော်တယ်ဧကရာဇ်များ၊ နတ်ဘုရားဧကရာဇ်များ သို့မဟုတ် နတ်ဘုရားဘုရင်များ၏ မျိုးဆက်များသာ မြင့်မြတ်ကျောင်းတော်၌ အချိန်အကြာကြီး နေထိုင်ခွင့်ရှိပြီး သူတို့တောင် ပြင်းထန်လှသည့် ပြိုင်ဆိုင်မှုများကို ရင်ဆိုင်ကြရသည်။
ညအချိန်၌
နတ်ဘုရားကျောင်းတော်၏ ကိစ္စရပ်များကို တာဝန်ယူထားကြသည့် သူတော်စင် (၁၂) ပါးမှာ ယခုနေရာတွင် စုဝေးနေကြ၏။
ကျောင်းအုပ်ကြီးဆီမှ ပေးပို့လာသော သတင်းစကားကို ဖတ်ပြီးနောက် သူတော်စင် (၁၂)ပါးလုံး ခဏတာ တိတ်ဆိတ်သွားကြ၏။
ခဏအကြာမှာတော့ ထိပ်ဆုံးမှာ ထိုင်နေသည့် အကြီးအကဲမှ စကားစလိုက်သည်။ “အားလုံးပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ကြလဲ”
ပြာလဲ့လဲ့ ဝတ်ရုံဝတ်ထားသည့် သူတော်စင်တစ်ပါးက ဆိုလိုက်သည်။
“ကျွန်တော့်အမြင်အရဆိုရင်တော့ ဝမ်တောက် ကျောင်းတော်ဟာ ဒီမျိုးဆက်မှာ အင်မော်တယ်ဧကရာဇ် တစ်ပါးကို ပိုင်ဆိုင်ရပါလိမ့်မယ်”
သူ့ မျက်နှာချင်းဆိုင်က အနီရောင်ဝတ်ရုံဝတ် သူတော်စင်က မေးသည်။
“မင်းရဲ့ အမြင်အရ အဲဒီ အင်မော်တယ်ဧကရာဇ်က ဘယ်သူဖြစ်နိုင်လဲ”
ဝတ်ရုံပြာသူတော်စင် ပြုံးလိုက်၏။
“ရှောင်ချန်း ဒါမှမဟုတ် ချောင်ရို့ချန်ပဲ ဖြစ်ရမယ်။ အခုအချိန်မှာတော့ လူတိုင်း ရှောင်ချန်းကိုပဲ မျက်စိကျနေကြပေမဲ့ ချောင်ရို့ချန်မှာလည်း ကံကြမ္မာကို ဆုပ်ကိုင််နိုင်မဲ့ အခွင့်အရေးရှိလာမယ်လို့ ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာသုံးထောင် ရှိတာပဲ။ သူတို့နှစ်ယောက် ရွှမ်ထျန်းတိုက်ကြီးပေါ်မှာပဲ အသေအလဲ တိုက်ခိုက်နေဖို့ မလိုပါဘူး”
ထိုစကားကို ကြားသည့်အခါ သူတော်စင် (၁၂) ပါးလုံး၏ မျက်နှာ၌ စိတ်လှုပ်ရှားမှုများ ပေါ်လာ၏။
ခေတ်တစ်ခေတ်တည်း၌ ဧကရာဇ် နှစ်ပါး ပေါ်ထွန်းခြင်း။
ဝမ်တောက်ကျောင်းတော်၏ သမိုင်းတွင် တစ်ကြိမ်သာ ဖြစ်ဖူးပြီး ထိုဧကရာဇ် နှစ်ပါးမှာ အမြွှာညီအစ်ကိုများ ဖြစ်ကြ၏။
အကယ်၍ သူတို့မျက်မြင်အောက်တွင် နောက်ထပ် အင်မော်တယ်ဧကရာဇ်နှစ်ပါး ပေါ်ထွန်းလာမည်ဆိုပါက သူတို့ကိုယ်တိုင်လည်း သမိုင်းတွင် မှတ်တမ်းတင်ခံရမည်ဖြစ်၏။
ထိပ်ဆုံးက အဖြူရောင်ဝတ်ရုံဝတ် အကြီးအကဲ ခေါင်းအသာ ညိတ်လိုက်သည်။
“မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ ရှောင်ချန်းရဲ့ စောင့်ရှောက်သူကတော့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ။ ချောင်ရို့ချန်ရဲ့ စောင့်ရှောက်သူကော ဘယ်သူဖြစ်သင့်တယ်လို့ ထင်ကြလဲ”
“ဒါကတော့ ငါတို့ ချောင်မိသားစုရဲ့ သူတော်စင်တစ်ပိုင်းပဲ ဖြစ်သင့်တာပေါ့”
အနီရောင်ဝတ်ရုံဝတ် သူတော်စင်သည် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
ပတ်ဝန်းကျင်မှ သူတော်စင်များ၏ မျက်နှာတွင် မနှစ်မြို့သည့် အမူအရာတို့ ပေါ်လာသည်။
အစောပိုင်း၌ ချောင်ရို့ချန်ကို ထောက်ခံထားသည့် အပြာရောင်ဝတ်ရုံဝတ် သူတော်စင်မှ ဝင်ပြောလာ၏။
“တာအိုမိတ်ဆွေချောင် ဝမ်တောက် ကျောင်းတော်ဆိုတာ မိသားစုတစ်ခုတည်းရဲ့ နယ်မြေမဟုတ်ဘူး။ အရာအားလုံးကို စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လုပ်ဆောင်ရမယ်”
“မှန်တယ်။ မင်းတို့ ချောင်မိသားစုမှာ သူတော်စင်တစ်ပိုင်းအဆင့် ရှိပေမဲ့ ငါတို့မျိုးဆက်တွေကလည်း အားနည်းတဲ့သူတွေ မဟုတ်ဘူး”
“နောက်ပြီးတော့ ချောင်ရို့ချန်အတွက်က အချိန်တစ်ခုပဲ လိုတာ။ စောင့်ရှောက်သူကို အတင်းအကျပ် ထည့်ပေးဖို့ ကြိုးစားတာက သိပ်ပြီးတော့ မသင့်တော်ဘူး”
“…”
ဤနေရာက လူတိုင်းသည် ပါးနပ်လှသော မြေခွေးအိုကြီးများပင်။
အများစုမှ ရီရှန်း၏ အောင်မြင်မှုကို တိုက်ဆိုင်မှုအဖြစ် မှတ်ယူကြသော်လည်း သူတို့မျက်လုံးထဲတွင် ဤကိစ္စမှာ သေချာပေါက် ဖြစ်လာမည့်ကိစ္စပင်။ ဧကရာဇ်ရာဇပလ္လင်ကို တက်လှမ်းနိုင်မည့် ပါရမီရှင်တစ်ယောက်၏ နောက်သို့ လိုက်ပါက ခွေးတစ်ကောင်ပင် မြို့စားအဆင့်ကို ရောက်နိုင်၏။ မြို့စားအဆင့် တစ်ယောက်အတွက် သူတော်စင်တစ်ပိုင်း ဖြစ်လာဖို့ရာ အားစိုက်စရာပင်မလိုအပ်ပေ။
“ဟမ့်”
အနီရောင်ဝတ်ရုံဝတ် သူတော်စင် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“မင်းတို့ ချန်းအာ အကြောင်းကို တကယ် သိလို့လား။ သူ ဘာလိုအပ်လဲဆိုတာရောသိလား။ မင်းတို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရင်တောင် သူ သဘောတူချင်မှ တူမှာ”
သူသည် အကြောင်းမဲ့ ဘိုးဘေးတစ်ယောက် ဖြစ်လာခြင်း မဟုတ်ပေ။ နတ်ဘုရားကျောင်းတော်သို့ ရွှမ်ဟော့ (ချောင်ရို့ချန်အဘိုး) မရောက်လာခင်ကတည်းက သူ မျိုးဆက်သစ်များ၏ အခြေအနေကို ကိုယ်တိုင် စုံစမ်းထားသည်။ ချောင်ရို့ချန်၏ လုပ်ရပ်များကို ကြားပြီးနောက် သူကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရ၏။
နှစ်တစ်သောင်း သက်တမ်းရှိသည့် သူ့လိုလူပင် ယခုလိုထူးဆန်းသည့် ကိစ္စမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။
သူ ငြင်းဆန်နေသည်ကို မြင်သောအခါ အခြားသူများသည် တစ်လေသံတည်း ပြောလိုက်ကြ၏။
“မင်း မှားနေပြီ။ ချောင်ရို့ချန်က ငါတို့လွှတ်မဲ့ စောင့်ရှောက်သူနဲ့ မတွေ့ရသေးဘူးလေ။ အဆင်မပြေဘူးလို့ မင်း ဘယ်လို ပြောနိုင်တာလဲ”
အနီရောင်ဝတ်ရုံဝတ် သူတော်စင် ဒေါသထွက်တော့မည့်အချိန်၌ ထိပ်ဆုံးက အကြီးအကဲသည် ထပ်ပြောလာ၏။
“တော်ကြတော့။ ဈေးထဲက လူတွေ ရန်ဖြစ်နေကြသလိုပဲ။ ကြည့်ရတာ မကောင်းဘူး။ အားလုံးက ကိုယ်ရွေးချယ်လိုက်တဲ့ စောင့်ရှောက်သူကို ချောင်ရို့ချန် လက်ခံနိုင်မယ်လို့ ယုံကြည်နေကြမှတော့ အားလုံးကို ကိုယ်စားလှယ်တွေ လွှတ်ပြီး ကြိုးစားကြည့်ဖို့ ခွင့်ပြုမယ်။ တာအိုမိတ်ဆွေချောင် မင်းကော ဘာထင်လဲ”
“ဟဲဟဲ”
အနီရောင်ဝတ်ရုံဝတ် သူတော်စင် ခပ်ပြတ်ပြတ် ရယ်လိုက်၏။
“ကြိုးစားကြည့်ကြပေါ့။ ဘာဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”