← Chapters

ဆရာ ကျွန်တော်က သူတော်စင်သားတော် ဖြစ်လာတော့မှာလား

Vol. 32 Ch. 313

ဆရာ ကျွန်တော်က သူတော်စင်သားတော် ဖြစ်လာတော့မှာလား

Vol. 32 Ch. 313

သုံးရက်အကြာ၊ အရုဏ်တက်ချိန်

ချူဖုန်း အိပ်ကောင်းနေဆဲအချိန်တွင် ပင်းယန် သူ့ကို နှိုးလိုက်၏။ အိပ်ရာမှ အနှိုးခံရသဖြင့် သူ အနည်းငယ် စိတ်တိုသွားပြီး ဘာဖြစ်လို့လဲဟု မေးရန် ပြင်လိုက်သော်လည်း စကားမပြောရသေးခင် ပင်းယန်က ကျောင်းအုပ်ကြီး၏ အမိန့်စာကို သူ့ထံ ကမ်းပေးလာသည်။

ချူဖုန်း အမိန့်စာကို လက်ခံယူလိုက်ပြီး မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာ၏။

“ဒါက အတုတော့ မဟုတ်ပါဘူးနော်”

“…”

ပင်းယန် ချူဖုန်းကို နားမလည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

“ဝမ်တောက် ကျောင်းတော်မှာ ကျောင်းအုပ်ကြီးရဲ့ အမိန့်စာကို ဘယ်သူမှ အတုလုပ်ရဲမှာ မဟုတ်ပါဘူး”

ချူဖုန်း ခေါင်းညိတ်လိုက်၏။

“ဒါလည်း ဟုတ်တာပဲ၊ ဒါကြောင့်လည်း ငါ စဉ်းစားမရဖြစ်နေတာ။ ကျောင်းအုပ်ကြီးက ငါ့အပေါ် အမြဲ ငဲ့ညှာတတ်တယ်။ ငါက မနက်အတော်နောက်ကျတဲ့အထိ အိပ်တတ်မှန်းလည်း သူသိတယ်။ ပုံမှန်ဆိုရင် သူ ဒီလိုအချိန်မျိုးမှာ ငါ့ကို ဘယ်တော့မှ ဆင့်ခေါ်မှာ မဟုတ်ဘူး”

ပင်းယန် ဆိုသည်။

“ဒါဆိုရင် ကျောင်းအုပ်ကြီးမှာ ယောက်ျားကို ပြောစရာ အရေးကြီးတဲ့ကိစ္စ တစ်ခုခု ရှိနေလို့ ဖြစ်ပါလိမ့်မယ်။ ထတော့ ကျွန်မ အဝတ်အစားလဲပေးမယ်”

“ကောင်းပြီလေ”

ချူဖုန်း ခေါင်းညိတ်လိုက်ပြီး ပင်းယန်၏ အကူအညီဖြင့် အဝတ်အစားလဲကာ ပြင်ဆင်လိုက်၏။ မကြာမီ သူ အဓိကခြံဝင်းသို့ ရောက်ရှိလာပြီး အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် အသင့်စောင့်နေသော ချောင်ရို့ချန်ကို တွေ့လိုက်ရသည်။

“တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်”

ချောင်ရို့ချန် ချူဖုန်းကို ဦးညွှတ်ကာ နှုတ်ဆက်သည်။

“ထပါ”

ချူဖုန်း မေးလိုက်သည်။

“မင်း ဘာကိစ္စရှိလို့ ရောက်လာတာလဲ”

“ဆရာ... ဆရာနဲ့အတူ ကျောင်းအုပ်ကြီးရဲ့ အိမ်ကို လိုက်လာခဲ့ဖို့ ကျောင်းအုပ်ကြီးဆီက အမိန့်စာ ရထားလို့ပါ”

ချောင်ရို့ချန် ရိုသေစွာ ပြန်ဖြေ၏။

“သွားကြစို့”

ချူဖုန်း ထပ်မမေးတော့ဘဲ နှစ်ယောက်အတူ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။

ချောင်ရို့ချန်း ငြိမ်ငြိမ်မနေနိုင်ဘဲ စပ်စုကာ မေးလိုက်၏။

“ဆရာ ကျောင်းအုပ်ကြီးက ကျွန်တော့်ကို ဘာခိုင်းချင်လို့လဲ မသိဘူးနော်။ ကျွန်တော့်ကို သူတော်စင်သားတော်အဖြစ် ခန့်အပ်ချင်နေတာများလား”

ချူဖုန်း၏ မျက်နှာသည် စဉ်းစားတွေးတောဟန် ဖြစ်သွားသည်။ “အဲဒါလည်း ဖြစ်နိုင်တာပဲ။ တကယ်လို့ မင်းသာ သူတော်စင်သားတော် ဖြစ်လာခဲ့ရင် ဘာလုပ်ချင်လဲ”

“ဆရာ ကျွန်တော်ကတော့ သူတော်စင်သားတော် မဖြစ်ချင်ပါဘူး။ နာမည်ကြီးတယ် ဆိုပေမဲ့လည်း ဒါကလေ...”

ချောင်ရို့ချန် စကားစဖြတ်လိုက်သော်လည်း သူဆိုလိုသည်မှာ ရှင်းလင်းလှ၏။

“မင်း စီနီယာအစ်ကိုနဲ့ မယှဉ်ပြိုင်နိုင်မှာကို ကြောက်နေတာလား”

ချူဖုန်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“အဲဒါကြောင့် မဟုတ်ပါဘူး။ ကျွန်တော်က စီနီယာအစ်ကို့ကို ကျော်တက်နိုင်ဖို့ အမြဲတမ်း ရည်မှန်းထားတာပါ”

ချောင်ရို့ချန်း၏ မျက်လုံးထဲတွင် တိုက်ပွဲဝင်စိတ်များ တောက်ပလာသော်လည်း လျင်မြန်စွာပင် သူက ထပ်ဖြည့်ကာပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် ဂုဏ်ဒြပ် ဒါမှမဟုတ် အကျိုးအမြတ်တွေအတွက် သူနဲ့ မပြိုင်ချင်ပါဘူး။ အရင်တုန်းက ကျွန်တော် ကျင့်ကြံနေချိန်မှာ သူက ဓားတစ်လက်လို မီးတောက်တစ်ခုလို ကျွန်တော့်ကို ကူညီပေးခဲ့ဖူးတာလေ”

ချူဖုန်း တစ်ခဏ အံ့အားသင့်သွားသည်။ “အော် မင်း စီနီယာအစ်ကိုရဲ့ ကျေးဇူးကိုတော့ သိတတ်သားပဲ”

“ဟဲဟဲ”

ချောင်ရို့ချန် ရယ်မောလိုက်သည်။

“ဒါပေါ့။ အရင်တုန်းက မြောင်တောင်မှာ ဆရာနဲ့ တပည့် သုံးယောက်တည်း တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုပြီး နေခဲ့ကြတာလေ။ အဲဒီတုန်းက ကျွန်တော်တို့ နာမည်မကြီးခဲ့ပေမဲ့ နေ့ရက်တွေက တကယ်ကို အမှတ်ရဖို့ ကောင်းပါတယ်”

စကားပြောနေကြရင်း သူတို့ ကျောင်းအုပ်ကြီး၏ ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိလာသည်။ မြေသို့ ဆင်းသက်လိုက်သည်နှင့် ကြီးကြပ်သူတစ်ဦး သူတို့ကို ကြိုဆိုရန် ရှေ့သို့ ထွက်လာ၏။

“အကြီးအကဲ ချူ၊ တူလေးချောင်... ခဏလောက် ဒီခြံဝင်းထဲမှာ စောင့်ပေးကြပါ။ ကျောင်းအုပ်ကြီးက မကြာခင် ခေါ်ပါလိမ့်မယ်”

ချူဖုန်း ခေါင်းအသာ ငြိမ့်ပြလိုက်သည်။

“ကောင်းပြီလေ”

ကျောင်းအုပ်ကြီး၏ စီစဉ်မှုကြောင့် ချူဖုန်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ထပ်မံ၍ မစဉ်းစားတော့ပေ။

တစ်ချိန်တည်းမှာပင် ခြံဝင်းတစ်ခုသာ ခြားသည့် အဓိကခန်းမထဲ၌ ကျောင်းအုပ်ကြီးသည် နတ်ဘုရားကျောင်းတော်မှ ရောက်လာသော ဧည့်သည် (၁၂) ဦးကို ဧည့်ခံနေခဲ့၏။

ထိုသူများထဲတွင် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ပြီး အချို့မှာ ဆံပင်ဖြူဖွေးနေသည့် သက်ကြီးရွယ်အိုများ ဖြစ်ကြသလို အချို့မှာလည်း အရွယ်ကောင်းများ ဖြစ်ကြသည်။

ခြွင်းချက်မရှိ အားလုံးက မောက်မာသည့် အမူအရာများ ရှိနေကြပြီး ကျောင်းအုပ်ကြီးကမူ ယင်းကို အသားကျနေပြီ ဖြစ်၏။

လူငယ်ဘဝ အစောပိုင်းကာလများတွင် သူသည်လည်း နတ်ဘုရားကျောင်းတော်၌ ကျင့်ကြံခဲ့ဖူးသော်လည်း ထိုစဉ်က သူ့ပါရမီမှာ မထင်ရှားခဲ့ပေ။ ဆယ်စုနှစ်များစွာ ထိုနေရာတွင် လေ့ကျင့်ပြီးနောက် သူက ဝမ်တောက်ကျောင်းတော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို (၁၂)ဦးက တစ်ဦးကိုတစ်ဦး ကြည့်နေကြစဉ် ကြီးကြပ်သူတစ်ဦး ဝင်လာပြီး ရိုသေစွာ သတင်းပို့လိုက်၏။

“ကျောင်းအုပ်ကြီးနဲ့ လေးစားအပ်တဲ့ စီနီယာကြီးတို့ခင်ဗျာ အကြီးအကဲ ချူနဲ့ တူလေးချောင်တို့ ရောက်လာပါပြီ”

သူတို့ မျက်နှာအမူအရာများ မပြောင်းလဲသော်လည်း ထို (၁၂) ဦး၏ မျက်လုံးများထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

ကျောင်းအုပ်ကြီးက ဆိုလိုက်သည်။

“အားလုံးပဲ ချောင်ရို့ချန်နဲ့ ချူဖုန်း ရောက်လာပါပြီ။ ပုံမှန်ဆိုရင် တပည့်တစ်ယောက်အတွက် စောင့်ရှောက်သူ ကို ကျောင်းတော်ကပဲ ခန့်အပ်တာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ ခြွင်းချက်ပါ။ ခင်ဗျားတို့နဲ့ ချောင်ရို့ချန်က အပြန်အလှန် ရွေးချယ်ကြရလိမ့်မယ်။ တကယ်လို့ သူ့ကို ခင်ဗျားတို့ဘက်က ရွေးချယ်စေချင်တယ်ဆိုရင် ခင်ဗျားတို့မှာ ရှိတဲ့ နည်းလမ်းမှန်သမျှကို လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်”

“နားလည်ပါပြီ”

(၁၂) ဦးလုံးက တညီတညွတ်တည်း ပြန်ဖြေသည်။ သူတို့အားလုံး နတ်ဘုရားကျောင်းတော်မှ ထွက်ခွာပြီး စောင့်ရှောက်သူအဖြစ် တာဝန်ယူလိုကြသည်တော့ မဟုတ်ပေ။ သို့သော် နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းချုပ်ကြီးကို မငြင်းဆန်ဝံ့ကြချေ။ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် အလွန်အမင်း ချီးကျူးထားသည့် လူငယ်က မည်မျှအထိ ထူးခြားနေသလဲဆိုသည်ကို သူတို့ ကိုယ်တိုင်မြင်ချင်၍ လာခဲ့ကြခြင်းဖြစ်၏။

“ကြီးကြပ်သူလန်... သူတို့ကို အတွင်းထဲ ခေါ်လာခဲ့ပါ”

ကန့်ကွက်သူ မရှိသဖြင့် ကျောင်းအုပ်ကြီး အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ကြီးကြပ်သူလန် အမိန့်ကို နာခံပြီး ထွက်သွား၏။

မကြာမီ ချူဖုန်းနှင့် ချောင်ရို့ချန်တို့ ခန်းမဆောင်ထဲသို့ ဝင်လာကြသည်။ အတွင်းရှိ ခန့်ညားထည်ဝါသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် သူတို့မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားကြသည်။

“တပည့် ချူဖုန်းက ကျောင်းအုပ်ကြီးနဲ့ စီနီယာ အစ်ကို၊ အစ်မတို့ကို ဂါရဝပြုပါတယ်”

“တပည့် ချောင်ရို့ချန်က ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲများကို ဂါရဝပြုပါတယ်”

“နေသာသလို နေကြပါ”

ကျောင်းအုပ်ကြီး စကားအနည်းငယ် ဆိုပြီးနောက် ကုလားထိုင်တစ်လုံးကို ညွှန်ပြကာ ချူဖုန်းကို ထိုင်ရန် အချက်ပြလိုက်၏။

“ကျေးဇူးတင်ပါတယ်ဗျာ”

ချူဖုန်း လုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်ဘဲ အစွန်ဆုံးခုံတွင် ဝင်ထိုင်လိုက်သည်။

ကျောင်းအုပ်ကြီး ချောင်ရို့ချန်ကို ကြည့်လိုက်သည်။

“ချောင်ရို့ချန်မင်း ဝမ်တောက်ကျောင်းတော်ရဲ့ သင်ကြားမှုအောက်မှာ ရှိနေတာ ဘယ်နှစ်နှစ် ရှိပြီလဲ”

ချောင်ရို့ချန် ပြန်ဖြေသည်။

“ကျောင်းအုပ်ကြီး ကျွန်တော် မွေးကတည်းက ဒီမှာပဲ ရှိနေတာပါ၊ စုစုပေါင်း နှစ် (၃၀) ကျော်ပါပြီ”

ကျောင်းအုပ်ကြီး ခေါင်းအသာ ညိတ်လိုက်၏။

“မင်း အသက် (၃၀)ကျော်နေပြီလို့ ငါ မထင်ထားဘူး၊ ဒါပေမဲ့ အသက် (၃၀)ကျော်လေးနဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ကို ရောက်ရှိနေတာက ပါရမီရှင်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါတယ်။ မင်း ဝမ်တောက်ကျောင်းတော်ရဲ့ သူတော်စင်သားတော် ဖြစ်လာဖို့က သင့်လျော်ပါတယ်။ ဒီနေ့ ငါ ဒါကို တစ်ကမ္ဘာလုံးကို ကြေညာမယ်”

ချောင်ရို့ချန် ချက်ချင်း ဦးညွှတ်လိုက်သည်။

“ကျောင်းအုပ်ကြီးရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကြိုးစားပမ်းစား ကျင့်ကြံပြီး ဝမ်တောက် ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ အညိုးနွမ်းခံမှာ မဟုတ်ပါဘူး”

ဤအခြေအနေတွင် ငြင်းဆန်ရန်မှာ မဖြစ်နိုင်တော့ပေ။ သူတော်စင်တစ်ဦး၏ စကားသည် မပြင်နိုင်သော အာဏာစက်ရှိပြီး ဝမ်တောက်ကျောင်းတော်၏ မည်သည့်ကျောင်းသားမှ မနာခံဝံ့ကြချေ။

“ကောင်းပြီ”

ကျောင်းအုပ်ကြီးသည် ချောင်ရို့ချန်၏ သဘောထားကို အလွန်ကျေနပ်သွား၏။

“စည်းကမ်းအရ သူတော်စင်သားတော် တစ်ယောက်စီကို စောင့်ရှောက်သူ တစ်ယောက် ခန့်အပ်ပေးရမယ်။ ဒီတစ်ကြိမ်မှာတော့ စောင့်ရှောက်သူတွေအားလုံးက သူတော်စင်တစ်ပိုင်း တွေပဲ။ သူတို့က မင်းရဲ့ စွမ်းရည်ကို မြင်ချင်နေကြတာ၊ ဒါကြောင့် အခုပဲ မင်းရဲ့ ဦးလေးတွေကို ပြသလိုက်စမ်း”

“ဟုတ်ကဲ့”

ချောင်ရို့ချန်က ပြန်ဖြေပြီး အပြင်သို့ ထွက်ကာ သူ၏ အရှိန်အဝါများကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

နတ်ဘုရားအလင်းတန်းများ သူ့ကို ဝန်းရံသွားပြီး သူသည် ကောင်းကင်ထက်သို့ လက်သီးတစ်ချက် ထိုးလိုက်၏။

ဝုန်း

ထိုလက်သီးချက်က လေထုကို ဖြတ်သန်းသွားပြီး ကောင်းကင်တစ်ခွင် တိမ်တိုက်များကို လွင့်စင်သွားစေခဲ့သည်။

ယင်းကို မြင်လိုက်ရသော ဝမ်တောက်ကျောင်းတော်မှ တပည့်များ၊ ကြီးကြပ်သူများနှင့် အကြီးအကဲများမှာ ရင်ထဲတွင် တုန်လှုပ်သွားကြ၏။

“ဘယ်သူ လက်သီးထိုးလိုက်တာလဲ”

“ကြောက်စရာကောင်းတဲ့ လက်သီးနည်းစနစ်ပါလား”

“ငါ အထင်မမှားဘူးဆိုရင် ဒါ တူလေးချောင် ဖြစ်ရမယ်။ သူ့ရဲ့ ပြင်းထန်တာအိုနတ်ဘုရားလက်သီးကပဲ ဒီလို စွမ်းအားမျိုး ရှိတာ။ ကောလာဟလတွေက အမှန်ပဲ။ သူက လက်သီးဆန္ဒကို ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားပြီ”

ခန်းမဆောင်ထဲတွင် မူလက တည်ငြိမ်နေသော မဟာပဏ္ဍိတ (၁၂) ဦးမှာလည်း သူတို့မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကို မကွယ်ဝှက်နိုင်တော့ပေ။

လူငယ်လေးသည် သူတို့ ထိုအသက်အရွယ်တုန်းကထက်ပင် ပို၍ အစွမ်းထက်နေ၏။

ပြန်စဉ်းစားကြည့်လျှင် သူတို့ အသက် (၃၀) ကျော်တုန်းက အများစုမှာ စစ်မှန်ကံကြမ္မာ အဆင့်သာ ရှိသေးပြီး အနည်းငယ်မျှသာ ကောင်းကင်ဇာစ်မြစ်အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဤကလေးသည် အမှန်တကယ်ပင် ကံကြမ္မာ၏သားတော် ဖြစ်သည်။

သူ့အတွက် စောင့်ရှောက်သူ ဖြစ်လာရန်မှာ အားလုံးအတွက် မျှော်လင့်စရာ ဖြစ်သွားတော့သည်။

လူအုပ်ထဲတွင် သက်လတ်ပိုင်းအရွယ် လှပသော အမျိုးသမီးတစ်ဦးသာ ယုံကြည်ချက်ရှိပြီး ပြတ်သားသော အပြုံးတစ်ခုကို ဖော်ပြထားသည်။

ကျောင်းအုပ်ကြီးလည်း ဤပြကွက်ကို သဘောကျသွားသည်။

“ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်”

“ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက်ကဒီလိုဖြစ်နေရမှာ။ ရှောင်ဖုန်း မင်း သင်ကြားပေးတာ တကယ်ကောင်းတယ်”

ချူဖုန်းက အနည်းငယ် ဦးညွှတ်လိုက်၏။ “ကျောင်းအုပ်ကြီး နောက်နေတာပဲ။ ဒါက ဆရာတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တာဝန်ပဲလေ”

ကျောင်းအုပ်ကြီးက မဟာပဏ္ဍိတ (၁၂) ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။

“အခု ခင်ဗျားတို့ ရွေးချယ်နိုင်ပါပြီ”

(၁၂) ဦးအနက် (၁၁) ဦးက ရှေ့သို့ လှမ်းထွက်လာပြီး ပြောလိုက်သည်။

“ကျွန်တော်တို့ တူလေးချောင်ရဲ့ စောင့်ရှောက်သူအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိပါတယ်”

“သိပ်ကောင်းတာပေါ့”

ကျောင်းအုပ်ကြီးက ချောင်ရို့ချန်ကို ကြည့်လိုက်၏။

“တာ့ချန် လာပြီး စောင့်ရှောက်သူတစ်ယောက်ကို ရွေးချယ်လိုက်တော့”

ချောင်ရို့ချန် ရိုသေစွာ ရှေ့သို့ လှမ်းလာသော်လည်း မျက်နှာတွင် ဝေခွဲမရသည့် အမူအရာ ဖြစ်နေခဲ့သည်။

“ကျောင်းအုပ်ကြီး တပည့်မှာ တောင်းဆိုချက်လေး တစ်ခုရှိပါတယ်”

“ပြောကြည့်ပါဦး။”

ကျောင်းအုပ်ကြီးက နွေးထွေးစွာ ပြုံးပြ‌လေ၏။

“ကျောင်းအုပ်ကြီး တပည့်အနေနဲ့ မရွေးချယ်ခင်မှာ အကြီးအကဲတို့ရဲ့ နည်းစနစ်တွေကို တစ်ချက်လောက် မြင်တွေ့ခွင့် ရချင်ပါတယ်”

ကျောင်းအုပ်ကြီး ဘာမှမပြောဘဲ ဆုံးဖြတ်ချက်ကို သူတို့အပေါ် မူတည်သည့် သဘောဖြင့် မဟာပဏ္ဍိတ (၁၁) ဦးထံသို့ ကြည့်လိုက်သည်။

“ပြဿနာမရှိပါဘူး”

“ဒါပေါ့ ရတာပေါ့”

မဟာပဏ္ဍိတအားလုံး ပြိုင်တူပြောလိုက်ကြလေသည်။

All Chapters