← Chapters

မဟာပဏ္ဍိတကျင်းယန်

Vol. 32 Ch. 314

မဟာပဏ္ဍိတကျင်းယန်

Vol. 32 Ch. 314

ဝမ်တောက်ကျောင်းတော်၏ အထက်တွင် ဓားစွမ်းအင်များ၊ ဓားမအလင်းတန်းများ၊ လက်သီးများ ပျံဝဲနေပြီး အထက်ကောင်းကင်ကို အရောင်အသွေးအမျိုးမျိုးဖြင့် တန်ဆာဆင်ထား၏။

ကျောင်းတော်မှ တပည့်များနှင့် ကြီးကြပ်သူများသည် ထိုမြင်ကွင်းကို ကြည့်ပြီး မှင်တက် အံ့ဩသွားကြတော့သည်။ နောက်ဆုံးတွင် ဌာနမှူးများပင် သတိထားမိလာကြ၏။

သူတို့ အပေါ်တွင် စွမ်းအားကြီး အရှိန်အဝါများ ပေါ်ပေါက်လာသည်ကို မြင်သောအခါ လူတိုင်းသည် စပ်စုလိုသည့် မျက်နှာထားဖြင့် ဆွေးနွေးကြတော့သည်။

“ဒီနေ့ ကျောင်းမှာ ဘာတွေ ဖြစ်နေတာလဲဟ။ ကျွမ်းကျင်သူတွေ အများကြီး တိုက်ခိုက်နေကြတာလား”

“ရို့ချန် အဲဒီလက်သီးနည်းစနစ်က မင်း ကိုးယောက်မြောက် အဘိုးလေးနဲ့ မတူဘူးလား”

“တူတယ်။ ဒါပေမဲ့ အဘိုးလေးက နတ်ဘုရားကျောင်းတော်မှာ မဟုတ်ဘူးလား”

ကျောင်းအုပ်ကြီး၏ ခြံဝင်း၌

ချောင်ရို့ချန် အကြီးအကဲအုပ်စု တိုက်ခိုက်နေသည်ကို ကြည့်နေသော်လည်း အမူအရာကား တစ်ချက်လေးပင် မတွန့်သွားပေ။ မဟာပဏ္ဍိတ ဆယ့်တစ်ယောက်သည် သူတို့ရှေ့က လူငယ်လေးကို မျှော်လင့်တကြီး ကြည့်လာကြ၏။ သို့သော် သူတို့ကို စိတ်ပျက်သွားစေသည်မှာ ထိုလူငယ်လေးသည် သူတို့နည်းစနစ်များကို အထွေအထူးမဟုတ်သည့်အလား တည်ငြိမ်စွာ ကြည့်နေသည်။ ခြံဝင်းထဲမှ ငြိမ်သက်နေမှုကို သတိထားမိပြီး ကျောင်းအုပ် စကားစလိုက်သည်။ “တာ့ချန် မင်း ဘယ်သူ့ကို စောင့်ရှောက်သူအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ထားလဲ”

မဟာပဏ္ဍိတ ဆယ့်တစ်ယောက်၏ အကြည့်အောက်တွင် ချောင်ရို့ချန် ခေါင်းခါလိုက်သည်။ “ကျောင်းအုပ်ကြီး အမှန်တိုင်း ပြောရရင် ကျွန်တော် ဘယ်သူ့ကို ရွေးရမလဲ အခုထိ မသိသေးဘူး။ လူတိုင်းက သန်မာကြတယ်။ အဲတော့ ဘယ်သူ့ကို ရွေးရမလဲ မသိတော့ဘူး”

‘မင်းမလို့ အဲဒီလို ပြောရဲတယ်’

လူတိုင်း စိတ်ထဲတွင် အတွေးတစ်ခု ပေါ်တော့သည်။

အစမှအဆုံး ချူဖုန်း စကားတစ်လုံးပင် ဝင်မပြောချေ။ မဟာပဏ္ဍိတဆယ့်တစ်ပါးသည် သူ့လောက် တာအိုအနှစ်သာရများအပေါ် နားလည်မှု မနက်ရှိုင်းသော်လည်း သူ့တပည့်လေး၏ စောင့်‌ရှောက်သူအဖြစ် လုပ်ပေးရန်တော့ လုံလောက်သည်ထက် ပိုပါ၏။

လူတိုင်း ထိုအခြေအနေတွင် တိုက်ပွဲယမ်းနံကို ရလာသည်။ ထိုအခိုက် အဓိကခန်းမမှ အမိန့်ပေးသည့် လေသံတစ်သံ ထွက်ပေါ်လာတော့သည်။ “ချောင်ရို့ချန် မင်းရဲ့ စီနီယာတွေကို မစနဲ့တော့။ ဘယ်သူ့ကို ရွေးမှာလဲ ပြောလိုက်တော့”

မဟာပဏ္ဍိတဆယ့်တစ်ပါးသည် ထိုအသံကို ကြားသော် တိတ်ဆိတ်သွားကြ၏။ သူတို့ ထိုအမျိုးသမီးကို မေ့ထားမိသည်။

ချောင်ရို့ချန် ခဏတာ တုန်ယင်သွားသော်လည်း လေးစားစွာ ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး ဒီတပည့် ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော် ဘိုးဘေးကျင်းယန်ကို ရွေးပါတယ်”

ကျောင်းအုပ်သည် ထိုအဖြေကို အံ့ဩဟန် မပြပေ။ သို့သော် သူ ကြေညာတော့မည့်အချိန်တွင် တခြားသော မဟာပဏ္ဍိတများသည် ကြားဖြတ်နှောင့်ယှက်လိုက်၏။

“တူလေးချောင် မင်း ခြိမ်းခြောက်ခံနေရတယ်ဆိုရင် မျက်တောင်ခတ်ပြ။ ငါတို့ ဒီမှာ ရှိတယ်။ ကျင်းယန် မင်းကို ဘာမှ မလုပ်စေရဘူး”

“တူလေးချောင် မင်းဆန္ဒရှိသလိုသာ ဆုံးဖြတ်။ ပြင်းပဖိအားကြောင့် မယိမ်းယိုင်သွားနဲ့”

ချောင်ရို့ချန် တိတ်ဆိတ်နေ၏။ သူ ဆရာဖြစ်သူကို ကြည့်လိုက်သည်။

“လူတိုင်း ငြင်းခုံမနေကြနဲ့တော့။ ငါ ချောင်ရို့ချန်ကို ခြိမ်းခြောက်ထားတာ မဟုတ်ဘူး”

သွေးရောင်ရဲနေသည့် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ချောင်ရို့ချန် ဘေးသို့ လျှောက်လာသည်။ သူမသည် ရင်သပ်ရှူမောဖွယ်ကောင်းလောက်အောင် လှပပြီး ရင့်ကျက်တည်ငြိမ်သော ဆွဲဆောင်မှုများ ဖြာထွက်နေသည်။ သူမ ပုံရိပ်သည် အလှတရားကို အပြည့်အဝ ဖော်ကျူးနေတော့၏။

သူမ၏ အရှိန်အဝါကို အာရုံခံမိသည့်အခါ ချောင်ရို့ချန် ချူဖုန်း အနားသို့ အလိုလို တိုးကပ်လာ၏။ ထိုသည်ကို သတိထားမိသော် ချူဖုန်း ရှေ့သို့ ခြေလှမ်းတစ်ဝက် တိုးလိုက်ပြီး သူတို့နှစ်ယောက်ကြား နေရာယူလိုက်သည်။ “ စီနီယာအစ်မရဲ့ နာမည်ကို သိခွင့် ရှိမလား”

အနီရောင် ဝတ်ရုံနှင့် အမျိုးသမီးမှ သူမကို ပိတ်ဆို့လိုက်သော ချူဖုန်းကို အနီးကပ် စစ်ဆေးလိုက်၏။ သူ့ကိုယ်ပေါ်တွင် ကျင့်စဉ် အရိပ်အယောင်ကို မခံစားမိသည့်အခါ သူမ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ “ဌာနမှူးချူ ကျွန်မက ချောင်ချူးဝမ်ပါ”

ထိုနာမည်ကို ကြားသော် ချူဖုန်း အကြောင်းအရင်းကို နားလည်လိုက်၏။ ဤသည်မှာ မျိုးဆက်သွေးမှ ဖိနှိပ်မှုပင်။ အခြားမဟာပဏ္ဍိတများ သူမ အသံကို ကြားသည့်အခါ မျက်မှောင်ကြုတ်သွားကြသည်မှာ မဆန်းတော့ပေ။

“ဒါဆို စီနီယာအစ်မချောင်ပေါ့။ တာ့ချန် မင်း စီနီယာအစ်မချောင်ကို စောင့်ရှောက်သူ ဖြစ်စေချင်လား”

ထိုရိုးရှင်းသော မေးခွန်းလေးက ချောင်ရို့ချန်ကို လုံခြုံသလို ခံစားရစေသည်။

သူ အကျိုးအပြစ်ကို တွေးတော ဆင်ခြင်ပြီးနောက် ခေါင်းညိတ်လိုက်၏။ “ဒီတပည့် ဘိုးဘေးကို စောင့်ရှောက်သူအဖြစ် လက်ခံပါတယ်”

အခြားသော အကြီးအကဲများနှင့် ယှဉ်လျှင် ချောင်ရို့ချန် သူ့အမျိုးကို ပို၍ ယုံကြည်သည်။

မဟာပဏ္ဍိတဆယ့်တစ်ပါးသည် စိတ်ပျက်သွားသော်လည်း ရလဒ်ကို လက်ခံရုံသာ ရှိသည်။

ကျောင်းအုပ်သည် ထိုကိစ္စအဆင်ပြေကြောင်း မြင်သည်နှင့် ပြုံးလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလည်း တူမလေးကျင်းယန်ကို ဒုက္ခပေးရတာပေါ့”

မဟာပဏ္ဍိတကျင်းယန် လက်သီးဆုပ်ပြီး ပြောလိုက်သည်။ “ကျောင်းအုပ် ပေးတဲ့တာဝန်ကို လက်ခံပါ့မယ်”

သူတို့ ယဉ်ကျေးသမှုဖြင့် စကားပြောပြီးနောက် မဟာပဏ္ဍိတဆယ့်တစ်ပါးသည် နတ်ဘုရားကျောင်းတော်သို့ ပြန်သွားပြီး မဟာပဏ္ဍိတကျင်းယန်ကတော့ ချူဖုန်းတို့နောက် လိုက်သွားသည်။

သူတို့ မြောင်တောင်ပေါ်သို့ ရောက်သော် သူမသည် တာအိုကာကွယ်သူတို့၏ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်လိုက်၏။

ထိုသည်ကို မြင်သော် ချောင်ရို့ချန် သက်ပြင်းရှည်ကြီးချလိုက်ပြီး သိသိသာသာ စိတ်သက်သာရာ ရသွားပုံပင်။

ချူဖုန်း သူ့ပခုံးကို ပုတ်ပေးလိုက်သည်။ “ကောင်လေး။ အဲ့သလောက်ကြီးလည်း တင်းမာမနေနဲ့။ မင်းဘိုးဘေးက အသက်ရှင်လာတာ ကြာပြီ။ သူက တာဝန်သိတတ်ပါတယ်ကွ။ အရင်တိုင်းသာ ဆက်ကျင့်ကြံချည်”

ချောင်ရို့ချန် ခေါင်းအသာ ညိတ်လိုက်၏။ “ဒီတပည့် ဘာလုပ်ရမလဲ သိပါတယ်”

သူတို့နှစ်ဦး ခြံဝင်းသို့ ပြန်ရောက်လာချိန် မြောင်တောင်ပေါ်မှ လူတိုင်း စုဝေးလာကြ၏။

ပင်းယန်သည် ပထမဆုံး ရှေ့တက်လာပြီး မေးလိုက်သည်။ “အရှင် ဘာများဖြစ်ခဲ့လို့လဲ”

ချူဖုန်း ပြုံးကာ ပြောလိုက်သည်။ “သတင်းကောင်းပါ။ တာ့ချန်က ဝမ်တောက်ကျောင်းတော်ရဲ့ သူတော်စင်သားတော် ဖြစ်လာပြီ”

တပည့်များသည် ရှောင်ချန်းကို အလိုလိုကြည့်လိုက်ကြသည်။ သူတို့ ရှောင်ချန်း၏ အမူအရာကို သိချင်ကြ၏။

ရှောင်ချန်း ပြုံးလိုက်သည်။ “တာ့ချန် ဂုဏ်ပြုပါတယ်”

“စီနီယာအစ်ကိုကြီးက မြှောက်လွန်းနေပါပြီ။ စီနီယာနဲ့ ယှဉ်ရင် ကျွန်တော်က နောက်မှာပါ”

ချောင်ရို့ချန် ပြောလိုက်သည်။

“ကြိုးစား...ကြိုးစား...အနာဂတ်က မင်းအပိုင်ပဲ”

ချောင်ရို့ချန် “....”

ထို့နေ့ နေ့လည်ခင်းတွင် ကျောင်းအုပ်ကြီးသည် ချောင်ရို့ချန်မှာ ဝမ်တောက်ကျောင်းတော်၏ သူတော်စင်သားတော် ဖြစ်လာကြောင်း ကြေညာခဲ့သည်။

ကျောင်းတော်မှ တပည့်များသည် မအံ့ဩကြပေ။ ချောင်ရို့ချန်တွင် နီဗားနားရှင်သန်ခြင်းအဆင့်ကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်သည်ဟူသော မှတ်တမ်း ရှိထား၏။ ထိုကဲ့သို့ ပါရမီရှင်ကို သူတော်စင်သားတော်အဖြစ် မသတ်မှတ်မှသာ သူတို့သည် ကျောင်းအုပ်ကြီး၏ တရားမျှတမှုကို မေးခွန်းထုတ်မိမည်ဖြစ်သည်။

မြောင်တောင်ပေါ်တွင်

အကြီးအကဲများနှင့် ကြီးကြပ်သူများသည် လက်ဆောင်ကိုယ်စီဖြင့် လာရောက်ဂုဏ်ပြုကြတော့သည်။

ချူဖုန်းသည် လက်ဝေ့ယမ်းရင်း ဝမ်ပေါင်လဲ့ကို စားသောက်ပွဲတစ်ခု ပြင်ဆင်ခိုင်းထားသည်။

တောင်ပေါ်တွင် ပျော်ရွှင်မှုတို့ ထုံလွှမ်းနေပြီး မဟာပဏ္ဍိတကျင်းယန်ကတော့ ကြောင်အနေသည်။ သူမ အတွေ့အကြုံအရ ပါရမီရှင်တို့သည် ပြင်းထန်ကြမ်းတမ်းသော လေ့ကျင့်မှုများဖြင့် ထုဆစ်ပုံဖော်ထားသည့် ရလဒ်များသာ။

ပြိုင်ဘက်ကင်းပါရမီရှင်များကို မွေးထုတ်ပေးနိုင်သော ဆရာသခင်တိုင်းသည် စည်းကမ်းတင်းကြပ်ကြပေသည်။ သို့သော် ချူဖုန်းနှင့် သောင်းပြောင်းပညာရပ်ဌာနသည် အတော်လေး လွတ်လပ်ပေါ့ပါးနေ၏။

နတ်ဘုရားကျောင်းတော်မှ သူမကို တာဝန်မပေးထားသော်လည်း သောင်းပြောင်းပညာရပ်ဌာနနှင့်ပတ်သက်၍ စုံစမ်းသင့်သည်ဟု သူမ ထင်သည်။

အထူးသဖြင့် ချူဖုန်းပေ။ အချိန်တိုအတွင်း၌ ပါရမီရှင်များကို မွေးထုတ်ပေးနိုင်သည်မှာ လျှို့ဝှက်ချက် ရှိရပေမည်။ ထိုလျှို့ဝှက်ချက်သည် သူမကို နတ်ဘုရားဘုရင် သို့မဟုတ် နတ်ဘုရားဧကရာဇ်အဆင့်သို့ တက်လှမ်းရန် အထောက်အကူ ပြုနိုင်သည်။

စားသောက်ပွဲပြီးဆုံး၍ ဧည့်သည်များ ပြန်သွားပြီးနောက် မဟာပဏ္ဍိတကျင်းယန်သည် သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များကို စတင် စူးစမ်းတော့သည်။

သူမ နတ်ဘုရားအာရုံသည် ရှောင်ချန်း၏ ခြံဝင်းသို့ ရောက်သည့်အခါ သူမ ဘေးတွင် အိုမင်းရင့်ရော်နေသော အသံတစ်သံ ထွက်လာ၏။

“တာအိုရောင်းရင်း ခင်ဗျား စည်းမကျော်ပါနဲ့။ ရှောင်ချန်းရဲ့ လုံခြုံရေးက ကျုပ်တာဝန်ပါ”

မဟာပဏ္ဍိတကျင်းယန် ခဏတာ ကြောက်လန့်သွား၏။ ထို့နောက် တောင်းပန်လိုဟန်ဖြင့် ပြောလိုက်သည်။ “ဂျူနီယာမောင်လေး တို့တောင်းပန်ပါတယ်။ သိချင်စိတ်များသွားလို့ပါ။ ခွင့်လွှတ်‌ပေးမယ်လို့ မျှော်လင့်ပါတယ်”

“ရပါတယ်”

သူမ ဆက်ပြောလိုက်သည်။ “ဂျူနီယာမောင်လေး ထွက်လာပါလား။ ကျွန်မတို့တွေ စကားပြောလို့ရတာပေါ့”

သူမ စကားအဆုံးတွင် မဟာပဏ္ဍိတရီရှန်း ပေါ်လာပြီး ဦးညွှတ်လိုက်သည်။ “ရီရှန်းက စီနီယာအစ်မကျင်းယန်ကို ဂါဝရပြုပါတယ်”

“ဟင်း”

မဟာပဏ္ဍိတကျင်းယန် သူမရှေ့မှ သူသည် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ခါစသာ ဖြစ်သည်ကို သိသည်။ သို့သော် သူမ အထင်မသေးပေ။ “ဒါဆို ဂျူနီယာမောင်လေးရီရှန်းပေါ့။ ရှင် ကျွန်မကို စောင့်ရှောက်သူအတွေ့အကြုံလေးတွေ ပြောပြပေးနိုင်မလား”

“….”

ရီရန် သူ့ရှေ့မှ စီနီယာအစ်မကို ကြည့်ပြီး ရှင်းမပြနိုင်သော ခံစားချက်တစ်ခုကို ရလိုက်သည်။

သို့သော် အတွေးများကို စုစည်းပြီး ပြောလိုက်သည်။ “မြောင်တောင်ပေါ်မှာ တာအိုစောင့်ရှောက်သူအဖြစ် လုပ်ရတာ လွယ်ပါတယ်။ နည်းနည်းကြည့်။ ဘာမှမပြောနဲ့။ မသိချင်နဲ့။ အခွင့်အရေးရောက်လာရင်တော့ အကျိုးကျေးဇူးတစ်ခုခုတော့ ရလိမ့်မယ်”

မဟာပဏ္ဍိကျင်းယန် “...”

သူ ပြောလိုက်သော်လည်း ဘာမှ မပြောလိုက်သလိုပင်။

သူမ၏ စိတ်ရှုပ်ထွေးမှုကို မြင်သည့်အခါ ရီရှန်း ရှင်းပြလိုက်သည်။ “စီနီယာအစ်ကိုချူက ပညာရပ်ပေါင်းတစ်ရာကို တတ်ကျွမ်းတယ်။ ကျုပ်တို့ စောင့်ရှောက်သူတွေ လုပ်ရမှာ ရိုးရှင်းတယ်။ သူတော်စင်တစ်ပိုင်းအဆင့် ဝင်မပါသရွေ့ ကျုပ်တို့ ဝင်ပါစရာ မလိုဘူး”

“အာ”

မဟာပဏ္ဍိကျင်းယန် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ “ဒီလိုဆိုမှတော့ တို့တွေက အလှဆင်ပစ္စည်းသက်သက်ထက် မပိုဘူးပေါ့”

All Chapters