← Chapters

လမ်းခုလတ်၌ နတ်ဆိုးနှင့် ထိပ်တိုက်တွေ့ခြင်း

Vol. 32 Ch. 316

လမ်းခုလတ်၌ နတ်ဆိုးနှင့် ထိပ်တိုက်တွေ့ခြင်း

Vol. 32 Ch. 316

ညမှောင်ရီပျိုးစပြုလာပြီဖြစ်သဖြင့် လန်ရော့ကျောင်းတော်အတွင်းရှိ မီးပုံလေးမှာ လေယူရာသို့ ယိမ်းနွဲ့နေတော့သည်။

ကျောင်းတော်ခန်းမအတွင်း၌ ရယ်မောသံများနှင့် မြူးကြွသော စကားဝိုင်းများ ပျံ့လွင့်နေ၏။

ဝိုင်ကောင်းကြိုက်တတ်သည့် ယန်ချီရှမှာ ဝိုင်အနည်းငယ် သောက်ပြီးနောက် စိတ်လက်ပေါ့ပါးစွာ လူစုနှင့် ရင်းရင်းနှီးနှီး စကားစမြည် ပြောနေသည်။

သူနှင့် ရွှီချိုက်ချန်တို့သည် လွန်ခဲ့သော နှစ်များအတွင်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်နေကြ၏။

စကားအဆုံးတွင် နှစ်ယောက်သား ရယ်မောလိုက်ကြသည်။

“ဟားဟားဟား...”

ယန်ချီရှ ဝိုင်ခွက်ကို မြှောက်လိုက်ရင်း ဆိုလိုက်သည်။

“ညီလေးရွှီ... မင်း ဒီလိုမျိုး နာမည်ကျော် ဆရာသခင်တစ်ဦးရဲ့ လက်အောက်မှာ ပညာသင်ခွင့်ရလိမ့်မယ်လို့ မထင်ထားဘူး။ မင်းကို အားကျမိပါတယ်ကွာ”

ရွှီချိုက်ချန်ကလည်း သူ၏ခွက်ကို ယန်ချီရှနှင့် တိုက်လိုက်၏။

“အစ်ကိုယန်န်ရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဘဝမျိုးကိုမှ ကျွန်တော်က ပိုအားကျတာပါ။ ကျွန်တော် ပညာသင်ပြီးလို့ ပြန်လာတဲ့အခါ အစ်ကိုနဲ့အတူ လောကအနှံ့ လှည့်လည်သွားလာဦးမှာပါ”

ယန်ချီရှ: “ကောင်းပြီလေ... သောက်ကြစို့”

ရွှီချိုက်ချန်: “သောက်ကြစို့”

လူစုမှာ ပျော်ရွှင်မြူးထူးနေစဉ် ကျောင်းတော်အပြင်ဘက်မှ ဝံပုလွေအူသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ နတ်ဆိုးအငွေ့အသက်ကို မခံစားရသဖြင့် မည်သူကမျှ အာရုံမစိုက်ကြချေ။ ထိုဝံပုလွေများ မိုက်မိုက်ကန်းကန်းနှင့် အနားကပ်လာလျှင် သူတို့အတွက်စညစာဖြစ်သွားရုံပေ။

ခဏအကြာတွင် ကယောင်ကတမ်းနှင့် ထိတ်လန့်တကြား အော်ဟစ်သံများနှင့် ခြေသံများ နီးကပ်လာခဲ့၏။

“သူရဲကောင်းယန်... သူရဲကောင်းယန်”

လူတိုင်း နတ်ဘုရားအာရုံများကို ထိုအသံလာရာဆီသို့ စေလွှတ်လိုက်ကြသည်။

ဖရိုဖရဲဖြစ်နေသော လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လန်ရော့ကျောင်းတော်အတွင်းသို့ ယိုင်တိုင်တိုင်နှင့် ဝင်လာသည်ကို မြင်လိုက်ရ၏။

သူတို့ကို မှတ်မိသွားသည်နှင့် ယန်ချီရှ ဝိုင်ခွက်ကို ချက်ချင်းချကာ မေးလိုက်သည်။

“နင်လေး မင်း ဘာဖြစ်လာတာလဲ”

နင်ချီအန်း လက်သီးဆုပ် တောင်းဆိုလိုက်၏။

“သူရဲကောင်းယန် ဝူနိုင်ငံဟာ နတ်ဆိုးတစ်ကောင်ရဲ့ သောင်းကျန်းမှုကြောင့် ပရမ်းပတာ ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး ကူညီပေးပါဦး”

သူရဲကောင်းစိတ်ဓာတ် အပြည့်ရှိသော ယန်ချီရှသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး မျက်နှာထားမှာ တည်ကြည်သွားခဲ့သည်။

“အခု အဲဒီနတ်ဆိုး ဘယ်မှာလဲ”

နင်ချီအန်း အမောဖြေပြီးမှ စကားကို ဆက်လိုက်သည်။

“အတိအကျတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ လင်အန်းမြို့ဘက်ကို ဦးတည်သွားနေတယ် ထင်တယ်”

ယန်ချီရှ ပြောလိုက်သည်။

“ဘာတွေဖြစ်ခဲ့လဲဆိုတာ အစအဆုံး ပြောပြဦး”

“ကောင်းပါပြီ”

နင်ချီအန်းသည် ယန်ချီရှနှင့် လမ်းခွဲပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြသည်။ သူ လင်အန်းမြို့သို့ ပြန်ကာ ဆရာအဖြစ် အလုပ်လုပ်ရန် ကြံရွယ်ခဲ့သော်လည်း လမ်းတွင် ဓားပြတိုက်ခံခဲ့ရ၏။

နောက်ပိုင်းတွင် ထိုဓားပြများကို အစိုးရစစ်တပ်က နှိမ်နင်းခဲ့သော်လည်း သူသည် ဓားပြအဖွဲ့ဝင်တစ်ဦးအဖြစ် မှားယွင်းစွပ်စွဲခံရကာ ထောင်ထဲသို့ ပို့ဆောင်ခံလိုက်ရသည်။

ကံကောင်းထောက်မစွာ ထိုနေရာတွင် သူ့ကို ထောင်မှလွတ်အောင် ကူညီပေးခဲ့သော အဆင့်မြင့်ကျင့်ကြံသူတစ်ဦးနှင့် ဆုံတွေ့ခဲ့၏။

ထောင်မှ ထွက်လာပြီးနောက် သင်္ချိုင်းတစ်ခုတွင် မင်ယွဲ့ရှီးနှင့် သူမ၏ အပေါင်းအပါများကို တွေ့ရှိခဲ့သည်။ ထိုအချိန်တွင် သူတို့သည် သူမ ဖခင်ဖြစ်သူ ဝန်ကြီးမင်ကို ကယ်တင်ရန် ကြိုးစားနေကြခြင်းပင်။

သူတို့ ကျင့်ကြံသူတစ်ဦး၏ အကူအညီဖြင့် ဝန်ကြီးကို ကယ်တင်နိုင်ခဲ့ပြီး ဝန်ကြီးအပေါ် မတရားစွပ်စွဲထားမှုများကို ဖြေရှင်းရန် မြို့တော်သို့ သွားရန် စီစဉ်ခဲ့ကြသည်။

သို့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆရာကြီးရွှမ်ပေ့မှ လမ်းတွင် ကြားဖြတ်တားဆီးခဲ့၏။ ထို့နောက် နတ်ဆိုးပညာရပ်များကို အသုံးပြုကာ လူစုခွဲပစ်ခဲ့သည်။ နင်ချီအန်းနှင့် မင်ယွဲ့ရှီးတို့မှာ သီသီလေး လွတ်မြောက်လာခဲ့ပြီး သူရဲကောင်းယန်မှာ ဤနေရာတွင် ကျင့်ကြံနေသည်ကို သတိရခဲ့ကြသဖြင့် လန်ရော့ကျောင်းတော်သို့ လာခဲ့ကြခြင်း ဖြစ်သည်။

ဇာတ်လမ်းဆုံးသွားသောအခါ လူတိုင်း၏ အကြည့်များက ချူဖုန်းဆီသို့ ရောက်ရှိသွားကြ၏။

ချူဖုန်း ထိုလူငယ်ကို စိတ်ဝင်တစား လေ့လာနေမိသည်။

“ဒီကောင်လေးကတော့ ချိုက်ချန် လျှောက်ရမဲ့ ဇာတ်ညွှန်းအတိုင်း ဖြစ်နေတာပဲ”

သို့သော် ချိုက်ချန်သည် ရှောင်ကျိုးကို လူပြန်ဝင်စားခွင့်မပြုဘဲ ဝမ်တောက်ကျောင်းတော်သို့ လိုက်သွားရန် ရွေးချယ်ခဲ့သဖြင့် ထိုဇာတ်လမ်းမှာ အခြားသူတစ်ဦးထံသို့ ရောက်ရှိသွားခြင်းပင်။

ချူဖုန်းတို့ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယန်ချီရှက ပြောလိုက်သည်။

“အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။ မြင်းတွေပြင်ပြီး နတ်ဆိုးရွှမ်ပေ့ကို ဖမ်းဖို့ အခုပဲ ထွက်ကြစို့”

“ကောင်းပါပြီ”

ထိုစကားကို ကြားသောအခါ နင်ချီအန်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ထင်ဟပ်သွားတော့သည်။

ဘေးမှ မင်ယွဲ့ရှီး၏ မျက်ဝန်းများတွင်လည်း မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာ၏။

ရွှီချိုက်ချန် ပြောလိုက်သည်။

“ဆရာ ကျွန်တော်လည်း ဝူနိုင်ငံအတွက် တစ်ဖက်တစ်လမ်းက ကူညီချင်ပါတယ်”

ချူဖုန်း ပြုံးလိုက်၏။

“ဒါပေါ့... မင်းရဲ့ ဆန္ဒအတိုင်း လုပ်ပါ။ မင်းကိုယ်တိုင် အဲဒီနတ်ဆိုးကို မယှဉ်နိုင်ရင်တောင် ငါတို့မှာ လူတွေအများကြီး ရှိနေတာပဲ မဟုတ်လား”

“ဟုတ်ကဲ့”

ရွှီချိုက်ချန် ခေါင်းငြိမ့်လိုက်သည်။

လူစုသည် အထုပ်အပိုးများကို လျင်မြန်စွာ ပြင်ဆင်ပြီး လရောင်အောက်တွင် မြင်းများကို အရှိန်ကုန်နှင်ကာ လင်အန်းမြို့ဘက်သို့ ထွက်ခွာခဲ့ကြသည်။

နောက်နေ့ မွန်းတည့်ချိန်တွင် သူတို့သည် မြို့နှင့် လီ (၂၀) အကွာသို့ ရောက်ရှိခဲ့ကြသည်။

ရုတ်တရက် ကောင်းကင်ကြီးမှာ အမှောင်အတိကျသွားပြီး နတ်ဆိုးလေပြင်းများ တိုက်ခတ်လာကာ ကောင်းကင်တွင် မည်းမှောင်နေသော နတ်ဆိုးတိမ်တိုက်များ အုံ့မှိုင်းလာခဲ့၏။

ထိုရုတ်တရက် ပြောင်းလဲမှုကို မြင်သောအခါ ယန်ချီရှ၏ စိတ်ထဲတွင် လေးလံသွားသည်။

“ဒါ ဘာဖြစ်တာလဲ။ လွန်ခဲ့တဲ့ သုံးနှစ်ကတော့ နိုင်ငံတော်က အေးချမ်းသာယာနေတုန်းပဲ။ အခု ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဆိုးမျိုး ရုတ်တရက် ပေါ်လာရတာလဲ”

ချူဖုန်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

“နိုင်ငံတစ်ခု ပျက်စီးတော့မဲ့ အချိန်မှာ နတ်ဆိုးတွေ ပေါ်လာတတ်တာ ထုံးစံပါပဲ။ ဝူနိုင်ငံမှာတော့ မင်းဆက်ပြောင်းလဲမှုတစ်ခု မြင်ရတော့မယ် ထင်တယ်”

ထိုစကားကြောင့် ယန်ချီရှမှာ တိတ်ဆိတ်သွား၏။

နတ်ဆိုးလေပြင်းများ ပိုမိုပြင်းထန်လာပြီး တိမ်တိုက်များက ပို၍ ထူထပ်လာသည်။ တောက်ပနေသော ကောင်းကင်ကြီးမှာလည်း မှောင်မည်းကာ အုံ့မှိုင်းသွားတော့သည်။

“ဆရာ ကောင်းကင်ခွေးက နေမင်းကို ဝါးမျိုနေပြီ”

ရှောင်ချန်းသည် မှိန်ကျ‌လာသော ကောင်းကင်ပေါ်က နေမင်းကို ကြည့်လိုက်ပြီး ဘေးမှ ချောင်ရို့ချန်ကို ပြန်၍ လှည့်ကြည့်လိုက်၏။ ထိုအခါ ချောင်ရို့ချန်မှ သူ့ကို လှည့်ကြည့်နေသည်နှင့် ဆုံမိ၏။

မျက်လုံးချင်း ဆုံသွားသောအခါ နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်များကို မြင်တွေ့ရသည်။

ချူဖုန်း၏ မျက်နှာထားမှာ မပြောင်းလဲဘဲ ခပ်အေးအေး ပြောလိုက်သည်။

“ဒီလောက် အဆင့်ရှိတဲ့ နတ်ဆိုးမျိုးက ပုံမှန်ဆိုရင် ဒီလိုနေရာမျိုးမှာ ပေါ်မလာသင့်ဘူး။ ဝူနိုင်ငံမှာ ငါတို့မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာများလား”

လူတိုင်း၏ မျက်နှာတွင် ခံစားချက်အမျိုးမျိုး ပေါ်ပေါက်လာသော်လည်း မည်သူမှ ထိုအကြောင်းအရာကို ဆက်လက်၍ မမေးမြန်းကြချေ။

ပန်းတိုင်သို့ နီးကပ်လာသည်နှင့် လေတိုက်နှုန်းမှာ ပို၍ပြင်းထန်လာ၏။

ညဦးယံသို့ ရောက်ရှိလာသည်။

ဖိနှိပ်လွန်းသော နတ်ဆိုးလေပြင်းကို ခံစားမိသောအခါ ယန်ချီရှ ပြောလိုက်သည်။

“ကောင်းကင်တစ်ခုလုံး လေတွေ ဖုံးနေတာဆိုတော့ ငါတို့မြင်းတွေ ရှေ့ဆက်သွားလို့ မရတော့ဘူး”

ချူဖုန်း ဘာမှမပြောသလို ချောင်ရို့ချန်နှင့် ရှောင်ချန်းတို့လည်း မလှုပ်ရှားကြချေ။ သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များသည် ရွှီချိုက်ချန်ကို လှည့်ကြည့်လိုက်ကြ၏။

ရွှီချိုက်ချန် နားလည်သွားသည်။ ဤသည်မှာ သူ့စွမ်းရည်ကို ပြသရမည့် အခွင့်အရေး ဖြစ်‌နေ၏။

“ဒါက လွယ်ပါတယ်”

သူ ရိုးရိုး‌လေးပြောလိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ စုတ်တံတစ်ချောင်းကို ထုတ်ယူလိုက်ကာ လက်ကို ဝေ့ယမ်းပြီး ဖွင့် ဟူသော စာလုံးကြီးကို လေထုထဲတွင် ရေးလိုက်သည်။

ထိုစာလုံး ပေါ်ထွက်လာသည်နှင့် လမ်းကို ပိတ်ဆို့ထားသော လေများ ပျောက်ကွယ်သွားပြီး သူတို့ရှေ့တွင် ကြည်လင်သော လမ်းမကြီးမှာ ပေါ်လာတော့၏။

“သွားကြစို့”

ရွှီချိုက်ချန် မြင်းဇက်ကြိုးကို ဆွဲကာ ရှေ့သို့ နှင်လိုက်သည်။

မကြာမီတွင် ရှေးဟောင်းကျောင်းတော်တစ်ခုသို့ ရောက်ရှိလာကြ၏။

မင်ယွဲ့ရှီး ကျောင်းတော်ရှေ့ရှိ ကျောက်စာတိုင်ကို ကြည့်လိုက်သည်။

“တာ့ကျောက်ကျောင်းတော်... ဒါ ဆရာကြီးရွှမ်ပေ့ရဲ့ ကျင့်ကြံတဲ့နေရာပဲ။ သူ ဒီထဲမှာ ပုန်းနေတာ ဖြစ်ရမယ်”

သူမ စကားမဆုံးသေးမီမှာပင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သူတို့ထံသို့ ကောင်းကင်မှ ပျံသန်းလာခဲ့ကြသည်။

သူတို့အနောက်တွင် နတ်ဆိုးအငွေ့အသက်များ ဖုံးလွှမ်းနေသော ဘုန်းကြီးတစ်စု လိုက်ပါလာ၏။

“သူရဲကောင်းယန် သူတို့ကို ကယ်ပါဦး”

ထိုသုံးဦးကို မြင်သောအခါ နင်ချီအန်း ယန်ချီရှကို အော်ဟစ် အကူအညီတောင်းလိုက်သည်။

“ကောင်းပြီ”

ယန်ချီရှ လက်ချိတ်စည်းကို လျင်မြန်စွာ ပြုလုပ်လိုက်၏။ထိုအခါ နောက်ဘက်မှ ဓားသည် ကောင်းကင်သို့ ထိုးတက်သွား၏။

ကလန်။

ဓားအလင်းတစ်ချက် လင်းလက်သွားပြီး နတ်ဆိုးဘုန်းကြီးများသည် ထိုးဖောက်ခံလိုက်ရကာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထိုသုံးဦး မြေပြင်သို့ ဆင်းသက်လာသောအခါ မင်ယွဲ့ရှီးနှင့် နင်ချီအန်းတို့ ချက်ချင်း ပြေးသွားကြသည်။

“အဖေ၊ ယွဲ့ကျန်း အားလုံး အဆင်ပြေရဲ့လား”

ဝန်ကြီးမင် လက်ကာပြလိုက်၏။

“ငါတို့ အဆင်ပြေပါတယ်။ ဒီနေရာက မလုံခြုံဘူး။ အမြန်ဆုံး ထွက်သွားကြရအောင်”

“ကောင်းပါပြီ”

ထိုနှစ်ဦး ဗီဇအရ သဘောတူကာ ထွက်ခွာရန် ပြင်လိုက်သော်လည်း ချူဖုန်းတို့ မြင်းပေါ်တွင် မလှုပ်မယှက် ရှိနေသေးသည်ကို တွေ့သဖြင့် ရပ်တန့်သွားကြ၏။

ယန်ချီရှ ပြုံးလိုက်သည်။

“စိတ်ပူစရာ မလိုပါဘူး။ ဒီနေ့ ငါ့သူငယ်ချင်းဟောင်း ဒီမှာရှိနေတာဆိုတော့ အဲဒီနတ်ဆိုးက ဘပြဿနာမရှာနိုင်ပါဘူး”

ဤစကားမှာ သူတို့ သုံးဦးအတွက်တော့ စိတ်ငြိမ်ဆေးကဲ့သို့ပင်။ ယခုထိ တိတ်ဆိတ်နေသော လူငယ်ကျင့်ကြံ လက်သီးဆုပ်ကာ မေးလိုက်၏။

“ကျွန်တော်က လင်ကျန့်ဂိုဏ်းက ကုချင်းချိုးပါ။ မိတ်ဆွေတို့ကို ဘယ်လို ခေါ်ရမလဲ”

ယန်ချီရှ ပြောလိုက်သည်။

“နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့။ ဟိုမှာ နတ်ဆိုးလာနေပြီ”

သူ ပြောလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကောင်းကင်မှ ကျဆင်းလာတော့၏။

All Chapters