လောဘကြီးသည့် မီးလျှံနက်ရေနဂါး
Vol. 32 Ch. 320
“ယောကျ်ား ရှင်ဘာလို့ အရှေ့ပင်လယ်ကို လာတာလဲ။ ရှောင်ချင်း ကျွန်မ ပြောထားတာကို ပြန်မပြောပြဘူးလား။ ရှင် ဟန်လင်းကို ကောင်းကောင်းဂရုစိုက်ရမယ်လေ”
သူမ အသိပြန်ဝင်လာတော့ ပိုင်စုရှင်း စိုးရိမ်သွားသည်။
ရွှီချိုက်ချန် သူမ ပိုးသားပမာ ဆံနွယ်ကို ညင်သာစွာ ကိုင်လိုက်ပြီး ပြုံးလိုက်၏။ “အဆင်ပြေပါတယ်။ ကိုယ်ဒီတစ်ခါ ပြင်ဆင်လာပါတယ်။ ကိုယ်တို့ မိသားစု သေချာပေါက် ပြန်ပေါင်းစည်းရမယ်။ လာ မင်းကို ဆရာနဲ့ မိတ်ဆက်ပေးမယ်။ ဒါက ဝမ်တောက်ကျောင်းတော် သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူး ကိုယ့်ဆရာလေ”
ပိုင်စုရှင်း ဝမ်တောက်ကျောင်းတော်ဟူသော စကားကို ကြားသည့်အခါ သူမမျက်လုံးထဲတွင် ထိတ်လန့်ဟန်များ ပေါ်လာသော်လည်း ခဏအတွင်းမှာပင် ပုံမှန်ပြန်ဖြစ်သွားသည်။ “ပိုင်စုရှင်း ဆရာ့ကို နှုတ်ဆက်ပါတယ်”
“နေ...နေ...အဲဒါတွေ လုပ်မနေနဲ့”
ချူဖုန်းပြောပြီးသည်နှင့် သူ့သိုလှောင်လက်စွပ်ထဲမှ နှစ်တစ်သောင်းဝိညာဉ်ဆေးပင်တစ်ပင်ကို ထုတ်ယူပြီး ပေးလိုက်၏။
“ငါ ဒီကိုလာတော့ ကောင်းတာတွေ သိပ်မယူခဲ့ရဘူး။ ဒီနှစ်တစ်သောင်း နဂါးမုတ်ဆိတ်မြက်က မင်းကို ကျင့်ကြံတဲ့နေရာမှာ ကူညီပေးနိုင်တယ်”
ပိုင်စုရှင်း နဂါးမုတ်ဆိတ်မြက်ပင်ကို လေးစားစွာ လက်ခံယူလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာ”
ထို့နောက် ရွှီချိုက်ချန်သည် သူမကို ဆရာတူညီအစ်ကိုမောင်နှမများနှင့် မိတ်ဆက်ပေးလိုက်သည်။
စကားအနည်းငယ် ပြောပြီးနောက် ချူဖုန်း ဝမ်တောက်ကျောင်းတော်မှ သူ့တပည့်များကို ဘေးအခန်းသို့ ခေါ်ထုတ်သွားပြီး ချစ်သူစုံတွဲအတွက် သီးသန့်စကားပြောရန် အချိန်ပေးလိုက်၏။
“ယောကျ်ား ရှင် ဒီလိုတွေ ကြုံတွေ့ခဲ့ရမယ်လို့ မထင်ထားဘူး”
ပိုင်စုရှင်းသည် ရွှီချိုက်ချန်ပြောသော အတွေ့အကြုံများကို နားထောင်ပြီး ပြောလိုက်မိသည်။
ရွှီချိုက်ချန် မေးလိုက်သည်။ “အချစ်ကလေး မင်း ဒုက္ခတွေ ခံစားခဲ့ရတယ်။ ကိုယ် ရှောင်ကျိုးကို လက်ထပ်ထားလို့ အပြစ်မတင်ဘူးလား”
ပိုင်စုရှင်း ခေါင်းခါလိုက်သည်။ “ဟင့်အင်း။ သခင်မလေးရှောင်ကျိုးကြောင့်သာ မဟုတ်ရင် ရှင် ဝမ်တောက်ကျောင်းတော်ကိုတောင် လုံလုံခြုံခြုံနဲ့ ရောက်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မက ကျေးဇူးသိတတ်ပါတယ်”
ရွှီချိုက်ချန် ဆက်ပြောသည်။ “အချစ်ကလေး ကိုယ်ဒီကိုလာတာ ယောက္ခမကြီးဆီကနေ မင်းကို လာတောင်းရမ်းတာ။ ဒီသတင်းကို ပြောပေးပါဦး”
“ကောင်းပါပြီရှင်”
ပိုင်စုရှင်း ခေါင်းညိတ်လိုက်ပြီး သူမ သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် လက်ချိတ်စည်းတစ်ခု ပြုလုပ်လိုက်သည်။
အဆောင်က နန်းတော်အလယ်မှ အဓိကခန်းမထံသို့ ပျံသန်းသွားသည်။
ခန်းမထဲတွင် ကြမ်းတမ်းသည့် မျက်နှာဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ့ကိုယ်ပေါ်တွင် အနက်ရောင်မီးတောက်များ ဝန်းရံနေသည်။ ထိုသူက သူ့ထံ အဆောင်တစ်ခု ပျံသန်းလာသည်ကို မြင်သော် မျက်မှောင်ကြုတ်လိုက်၏။
“ကျေးဇူးမသိတတ်တဲ့ သမီးက ငါ့ကို စကားပြောချင်ပြီပေါ့လေ”
သူ ရေရွတ်လိုက်ရင်း ကျောပေါ်တွင် လိပ်ခွံကြီးရှိသော အဘိုးကြီးတစ်ဦးကို ပြောလိုက်သည်။ “ပိုင်တု မင်း စုရှင်းကို သွားခေါ်လာခဲ့။ သူ ဘာပြောချင်လဲ နားထောင်ဦးမယ်”
“ဟုတ်ကဲ့”
လိပ်အိုကြီး လှည့်ထွက်သွားသည်။
သိပ်မကြာခင် စုရှင်း အဓိကနန်းဆောင်သို့ ရောက်လာသည်။ သူမ အဓိကထိုင်ခုံပေါ်မှ အမျိုးသားကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ ထိုသူက သူမ အမည်ခံ ဖခင် မီးလျှံနက်နဂါးပင်။
သူမ အမေက မြွေဖြူမလေးတစ်ကောင်ပင်။ အရှေ့ပင်လယ်သို့ ခရီးထွက်ရင်း မီးလျှံနက် ရေနဂါး မျက်စိကျခြင်းကို ခံရပြီး အဖမ်းခံခဲ့ရသည်။ ထိုသို့ဖြင့် သူမကို မွေးလာခဲ့ခြင်းဖြစ်သည်။
ကလေးဘဝမှ ယခုအချိန်ထိ ဖခင်ဖြစ်သူက သူမကို လုံးဝဂရုမစိုက်ပေ။
“စုရှင်း အဖေ့ကို နှုတ်ဆက်ပါတယ်”
“ငါနဲ့ ဘာပြောစရာရှိလို့လဲ။ အပေးအယူလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား”
မီးလျှံနက်ရေနဂါး၏ အသံသည် အေးစက်နေသည်။ သူမသာ နဂါးသွေးမျိုးဆက် နိုးထမလာခဲ့ပါက ရေနဂါးနန်းတော်သို့ ဝင်ရန်ပင် အခွင့်အရေး ရမည်မဟုတ်ပေ။
“ငါ မသိဘူး မထင်နဲ့။ မင်း ကလေးကို ရှောင်ချင်းနဲ့ ခိုးပြီး အပြင်ထုတ်ထားတာ သိတယ်။ မင်း ခေါင်းဆက်မာနေမယ်ဆိုရင် ငါ့ကို အဖေနဲ့ သမီး မညှာတာဘူး မပြောနဲ့”
ထိုသည်ကို ကြားသော် ပိုင်စုရှင်းမျက်နှာ တင်းမာသွားသည်။ အင်္ကျီလက်အောက်တွင် သူမလက်ကို တင်းကြပ်စွာ ဆုပ်လိုက်မိ၏။ သူမ ယောကျာ်းသာ ဝမ်တောက်ကျောင်းတော်သို့ မဝင်နိုင်ခဲ့ပါက သူမ ကလေးသည် အသက်ရှင်နိုင်မည် မဟုတ်ပေ။
သူမ ပြောလိုက်သည်။ “အဖေ ဒီသမီးက လက်ထပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်မ ကျင်းချင်ကျန်းကို လက်ထပ်မှာ မဟုတ်ဘူး။ တခြား ပါရမီရှင်တစ်ယောက်ကို လက်ထပ်မှာ”
“အိုး ဟုတ်လား”
မီးလျှံနက်ရေနဂါး သူ့သမီ ဤသို့ ပြောလာမည်ဟု မထင်ထားပေ။ သူ နားကြားပင် မှားသွားသလား ထင်လိုက်မိသည်။
“ဟက် မင်းကိုယ်မင်း ထိုက်တန်လို့ထင်လား။ ကျင်းချန်ကျန်းကလွဲရင် ဘယ်သူက မင်းကို စိတ်ဝင်စားမှာလဲ”
ပိုင်စုရှင်း ပြောလိုက်သည်။ “ဝမ်တောက်ကျောင်းတော်က ပါရမီရှင်ဆိုရင်ရော”
“ဟားဟားဟား”
မီးလျှံနက်ရေနဂါး ရယ်မောလိုက်သည်။ “စုရှင်း ငါမင်းကို လှောင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ပြောစမ်းပါ။ ဝမ်တောက်ကျောင်းတော်က ဘယ်သူက မင်းကို လက်ထပ်မှာလဲ။ ဆင်ခြင်ပေးချင်တယ်ဆိုရင် ဒီထက်ပိုကောင်းတာ ရှာ”
“ဒါပေမဲ့ သူက ဒီကို ရောက်နေပြီဆိုရင်ရော”
ပိုင်စုရှင်းသည် ထို အထေ့အငေါ့ စကားများကို လျစ်လျူရှူပြီး ပြောလိုက်သည်။
မီးလျှံနက်ရေနဂါး မျက်နှာပျက်သွားသည်။ သူ နှာခေါင်းကို ထိပြီး သံသယဖြင့် မေးလိုက်သည်။
“တကယ်ပြောနေတာလား”
ပိုင်စုရှင်း ပြောသည်။ “ဟုတ်မဟုတ် အဖေကြည့်လိုက်ရင် သိမှာပါ”
မီးလျှံနက်ရေနဂါး သူ့စိတ်ထဲတွင် အကျိုးအပြစ်တို့ကို ချိန်ဆနေတော့သည်။ သေမျိုးတစ်ယောက်ကို လက်ထပ်ထားဖူးခဲ့သည့် သူ့ ကျေးဇူးမသိတတ်သည့် သမီးကို ဝမ်တောက်ကျောင်းတော်က မည်သည့်ပါရမီရှင်က ကြိုက်နှစ်သက်သွားပါသနည်း။
သို့သော် သူ ဝမ်တောက်ကျောင်းတော်နှင့် အဆက်အသွယ်ရမည့် အခွင့်အရေးကိုလည်း လက်လွတ်မခံလိုပေ။
ပိုင်စုရှင်း သူ့မျက်လုံးထဲမှ တွေဝေရိပ်ကို ဖမ်းမိလိုက်သည်။ နှစ်ပေါင်းများစွာ ရင်ဆိုင်လာပြီးနောက် အဖေဖြစ်သူကို သိလာသည်။ ထိုသူက လောဘကြီးပြီး ဝန်တိုစိတ်များသည်။ သူ့ကို ကျင်းချန်ကျန်းနှင့် လက်ထပ်ခိုင်းရသည့် အကြောင်းအရင်းသည် တစ်ဖက်အဖွဲ့၌ အာဏာရချင်၍ပေ။
ယခု ဝမ်တောက်ကျောင်းတော်မှ သားမက်တစ်ယောက်ပေါ်လာ၏။ သူ ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်လောက်ပေ။
“အဖေ ဆန္ဒမရှိဘူးဆိုရင်လည်း သမီး သူ့ကို ပြန်ခိုင်းလိုက်မယ်”
သူမ လှည့်ထွက်ချင်ယောင်ဆောင်လိုက်ပြီး စိတ်ထဲတွင် ရေတွက်လိုက်သည်။
‘တစ်..နှစ်..’
သူမ သုံးလို့ မရေတွက်ခင် အနောက်မှ အလောတကြီးအသံ ထွက်လာသည်။
“နေဦး”
ပိုင်စုရှင်း လှည့်လာပြီး တောက်ပသောအပြုံးဖြင့် မေး၏။
“အဖေ ပြောစရာ တစ်ခုခု ရှိလို့လား”
မီးလျှံနက်ရေနဂါး မေးလိုက်သည်။ “မင်း ပြောတာ သူအခု ဒီနန်းတော်ထဲ ရောက်နေပြီပေါ့”
“ဟုတ်တယ်လေ”
သူမ အပြုံးက ပို၍ ကျယ်ပြန့်လာသည်။
“သူ ဘယ်လို ဝင်လာတာလဲ”
သူ့နှာခေါင်းအောက်သို့ သူမသိဘဲ ဝင်လာခြင်းက မီးလျှံနက်ရေနဂါးကို မပျော်မရွှင်ဖြစ်စေသည်။
ပိုင်စုရှင်း ပြန်ဖြေလိုက်သည်။ “ဒီနန်းတော်ရဲ့ အဆင့်နိမ့်အစီအရင်က ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်ကို တားဆီးနိုင်မယ်ထင်လို့လား။ ကျွန်မကြားဖူးတာ ဝမ်တောက်ကျောင်းတော်က သူတော်စင်သားတော်နှစ်ယောက်က နတ်ဘုရားဘုရင်အဆင့်ကိုတောင် ဖိနှိပ်နိုင်တယ်တဲ့။ အဖေ့လို တာအိုပေါင်းစည်းခြင်း အထွတ်အထိပ်ကို ရောက်နေတဲ့သူကိုတော့ စာဖွဲ့မနေဘူး”
“မင်း...”
သူမစကားကြောင့် သူပြောစရာစကား ပျောက်ဆုံးသွားသော်လည်း သူ့စိတ်ထဲတွင် ရဲတင်းသည့် အတွေးတစ်ခု ဝင်လာသည်။
“ငါ့ကို မပြောနဲ့နော်။ မင်း ယူမဲ့သူက သူတို့ထဲက တစ်ယောက်လား”
ပိုင်စုရှင်း အပြုံး ပျောက်ကွယ်သွားသည်။ “အဖေကတော့ အတွေးလွန်နေပြီ။ ဒါပေမဲ့ အဲဒီပါရမီရှင်က ဝမ်တောက်ကျောင်းတော်ရဲ့ ထိပ်သီးထဲမှာ ပါတယ်”
မီးလျှံနက်ရေနဂါး အပြုံးက နောင်တအနည်းငယ်ဖြင့် ရောနှောသွားသည်။ သို့သော် သူပြောလိုက်သည်။
“ကောင်းပြီလေ။ ငါ သူ့ကို တွေ့မယ်။ မင်း မလိမ်ဖို့တော့ မျှော်လင့်တယ်။ မဟုတ်ရင် အကျိုးဆက်ကို သိပါတယ်”
ပိုင်စုရှင်း ခေါင်းညိတ်လိုက်သည်။ “သေချာတာပေါ့။ အဖေသူ့ကို မြင်ရင် သိသွားပါလိမ့်မယ်”
“ဒီည ငါသူ့ကို ကြိုဆိုဖို့ စားသောက်ပွဲကျင်းပမယ်။ ဒါမှ ဘယ်သူမှ အတင်းပြောလို့မရမှာ”
သူသည် ပုံမှန်အားဖြင့် ကြက်ဥများကို ခြင်းတစ်လုံးထဲ၌ ထားတတ်သူ မဟုတ်ပေ။ ထိုပါရမီရှင်က အတုဆိုရင်တောင် သူ့သမီးက ကျင်းချန်ကျန်းကို လက်ထပ်၍ ရသေးသည်။
ညရောက်လာသည်။ နန်းတော်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ မီးလျှံနက်ရေနဂါးသည် သူ့သွေးမျိုးဆက်များကို ပွဲတက်ရောက်ဖို့ အသိပေးထားသည်။ သူတို့အားလုံး ဝမ်တောက်မှ ပါရမီရှင်များကို မျက်မြင်ကိုယ်တွေ့ လာရောက် ကြိုဆိုရပေမည်။
ရေနေမျိုးနွယ်များသည် စိတ်လှုပ်ရှားစွာ ပြောနေကြသည်။ ထိုစဉ် ခန်းမအပြင်ဘက်မှ အသံကျယ်ကြီး ထွက်လာသည်။
“သခင်မပိုင်ရောက်လာပါပြီ။ ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင်တွေ ရောက်လာပါပြီ”