← Chapters

နှင်းပြိုကျခြင်း

Vol. 9 Ch. 91

နှင်းပြိုကျခြင်း

Vol. 9 Ch. 91

ကျန်ရှိနေသော လေးယောက်မှာ 'တောင်ပိုင်းက အံ့ဖွယ်လေးပါး' ဖြစ်တန်ရာ၏။

ကံမကောင်းစွာဖြင့် မြေပြင်အနေအထား ကျဉ်းမြောင်းလွန်းသဖြင့် ငွေရောင်မုတ်ဆိတ်မွေးများနှင့် အဘိုးအိုက ဓားကို ကိုင်ဆောင်ထားပြီး ဆံပင်ဖြူ အဘိုးအိုက ဓားမောက်ကို ကိုင်ဆောင်ကာ သွေးဓား အဘိုးအို ကို ယှဉ်ပြိုင် တိုက်ခိုက်နေကြသည်။ အဝါရောင် ဝတ်ရုံနှင့် တာအိုဘုန်းကြီး တစ်ပါးနှင့် လှံကိုင်ဆောင်ထားသော အဘိုးအို တစ်ဦးတို့မှာမူ ဝင်ရောက် တိုက်ခိုက်ရန် နေရာမရှိသဖြင့် နောက်မှနေ၍ အဖော်များကို ကာကွယ်ပေးရန်နှင့် အချိန်မရွေး အစားထိုး ဝင်ရောက်နိုင်ရန်သာ စောင့်ဆိုင်းနေရ၏။

အဝေးတွင် မြင်းတစ်ကောင် ရပ်နေသည်ကို မဝေမကွဲ မြင်တွေ့နေရ၏။ တစ်ယောက်က ကုန်းနှီးပေါ်တွင် ထိုင်နေကာ အခြားတစ်ယောက်က ကုန်းနှီးရှေ့တွင် ကန့်လန့်ဖြတ် အနေအထားဖြင့် ရှိနေသည်။

အကွာအဝေးက ဝေးလွန်းသဖြင့် မိန်းမလား၊ ယောက်ျားလား ခွဲခြား၍ မရနိုင်သော်လည်း သူတို့သည် သွေးဓား အဘိုးအို ၏ ကြံရာပါများနှင့် ဖမ်းဆီးခံထားရသော မိန်းကလေး ဖြစ်တန်ရာသည်။

ချူကျန့် သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ တောင်နံရံ နှစ်ဖက်စလုံးမှာ မြင့်မားပြီး ချော်နေကာ ထူထဲသော နှင်းခဲများ ဖုံးလွှမ်းနေသဖြင့် ရှေ့မှ တိုက်ပွဲကို ကွေ့ပတ်ကာ မိန်းကလေးကို သွားရောက် ကယ်တင်ရန် လုံးဝ မဖြစ်နိုင်ချေ။ သူသည် နှစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကိုသာ စောင့်ကြည့်နေရတော့သည်။ အနည်းငယ် ကြည့်ရှုပြီးနောက် နှစ်ဖက်၏ အင်အားကို သူ ခန့်မှန်းမိလိုက်၏။ သွေးဓား အဘိုးအို ၏ ဓားသိုင်းမှာ ထူးဆန်းလှပြီး မျှော်လင့်မထားသော နေရာများမှ အမြဲတမ်း ဝင်ရောက် တိုက်ခိုက်ကာ ဓားကွက်ပြောင်းလဲမှုများကလည်း မရေမတွက်နိုင်အောင် များပြားလှသဖြင့် ရင်ဆိုင်ရန် အလွန် ခက်ခဲလှသည်။ သူ၏ သိုင်းပညာမှာ အနည်းဆုံးတော့ မြောင်ရန်ဖုန်း နှင့် တန်းတူလောက်ပင် ရှိမည်ဟု ချူကျန့် ခန့်မှန်းမိလိုက်၏။

ငွေရောင်မုတ်ဆိတ်မွှေးများနှင့် အဘိုးအို နှင့် ဆံပင်ဖြူ အဘိုးအို တို့ ပူးပေါင်း တိုက်ခိုက်မှုမှာလည်း အလွန် အစွမ်းထက်လှပြီး အစပိုင်းတွင် အသာစီး ရခဲ့သည်။ သို့သော် လေနှင့် နှင်းများက ပြင်းထန်လွန်းနေပြီး သွေးဓား အဘိုးအို က နှင်းထဲတွင် တိုက်ခိုက်ရာ၌ ပိုမို ကျွမ်းကျင်ပုံ ရ၏။ ထို့အပြင် သူ၏ သေသပ်လှပသော ဓားသိုင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် အခိုင်အမာ ရပ်တည်နိုင်ခဲ့သည်။

ချူကျန့် သည် သွေးဓား အဘိုးအို က ဆဲဆိုကြိမ်းမောင်းနေသည်ကို သဲ့သဲ့မျှ ကြားနေရသော်လည်း သူ၏ အကြားအာရုံမှာ အမြင်အာရုံလောက် မကောင်းသဖြင့် ဘာတွေ ပြောနေသည်ကိုတော့ သဲသဲကွဲကွဲ မသိရချေ။

ခဏမျှ စောင့်ကြည့်ပြီးနောက် ချူကျန့် သည် သူ၏ အမြင်အာရုံနှင့် သိုင်းပညာ အသိပညာတို့အပေါ် အခြေခံ၍ နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှု ရည်ရွယ်ချက်များကို အလွယ်တကူ သိရှိသွား၏။

“ဂိုဏ်းတူအစ်မ... သွေးဓား အဘိုးအို က ထွက်ပြေးဖို့ ကြိုးစားနေတယ်... ငါ့အမိန့်ကို နားထောင်ပြီး အချိန်မရွေး ဝင်တိုက်ဖို့ အသင့်ပြင်ထား...”

ချန်လင်းစု မှာ ခန္ဓာကိုယ် ချည့်နဲ့သူ ဖြစ်ပြီး ထူထဲသော ခြုံထည်နှင့် လည်စည်းပုဝါကို ဝတ်ဆင်ထားသော်လည်း အအေးဒဏ်ကြောင့် တုန်ယင်နေဆဲ ဖြစ်သည်။ သို့သော် သူမသည် အံကို တင်းတင်းကြိတ်ကာ တိတ်ဆိတ်စွာဖြင့် တိုက်ပွဲကို အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်၏။ လက်ရှိတွင် နှစ်ဖက်စလုံး အကြိတ်အနယ် တိုက်ခိုက်နေကြပြီး သွေးဓား အဘိုးအို ထွက်ပြေးမည့် အရိပ်အယောင်ကို သူမ မတွေ့ရသေးချေ။ သို့သော် ချူကျန့် က ပြောလာသဖြင့် သူမ ခေါင်းညိတ်လိုက်ပြီး မြင်းကြာပွတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။

သွေးဓား အဘိုးအို သည် ရုတ်တရက် အဟုန်ပြင်းစွာ ခုန်ပျံတိုက်ခိုက် လိုက်သည်နှင့် တစ်ပြိုင်နက် ချူကျန့် က တီးတိုး အမိန့်ပေးလိုက်၏။

“ဝင်တိုက်...”

ချန်လင်းစု သည် တစ်စက္ကန့်မျှပင် မတွေးတော့ဘဲ ချူကျန့် ၏ နောက်မှ ချက်ချင်း လိုက်ပါသွားတော့သည်။

သေချာသည်ကတော့ သွေးဓား အဘိုးအို သည် မိမိကိုယ်ကို အသေခံကာ အစွမ်းထက်သော ရန်သူ နှစ်ယောက်ကို ဓားချက် အနည်းငယ်ဖြင့် နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်ပြီးနောက် မြင်းကို လှည့်ကာ ထွက်ပြေးသွားတော့သည်။

တောင်ပိုင်းက အံ့ဖွယ်လေးပါး တွင် ချူကျန့် ကဲ့သို့ ရန်သူ၏ ရည်ရွယ်ချက်များကို ကြိုတင် သိမြင်နိုင်စွမ်း မရှိချေ။ သူတို့သည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ပြီးမှသာ နောက်သို့ လိုက်ရန် စတင်ကြ၏။ သူတို့၏ မတူညီသော နေရာယူမှုများကြောင့် စတင်လှုပ်ရှားချိန်တွင် ကြီးမားသော ကွာဟချက်တစ်ခု ဖြစ်ပေါ်သွားပြီး ယခင်က မြင်းနှစ်ကောင် ယှဉ်တွဲ သွားလာနိုင်ခဲ့သော လမ်းကျဉ်းလေးမှာ ပွင့်သွားတော့သည်။

ချူကျန့် နှင့် ချန်လင်းစု တို့၏ မြင်းများမှာ အရှိန်မြှင့်တင်ထားပြီး ဖြစ်ရာ မျက်တောင် တစ်ခတ်မျှ အတွင်း သူတို့ကို ကျော်တက်သွားကာ သွေးဓား အဘိုးအို အနီးသို့ပင် ချဉ်းကပ်သွားတော့သည်။

လမ်းလယ်တွင် ရပ်နေသော မြင်းစီးသူမှာ အခြေအနေမကောင်းသည်ကို မြင်သောအခါ ကပျာကယာ မြင်းကိုလှည့်၍ ထွက်ပြေးတော့သည်။ သို့သော် အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ချူကျန့် သည် မြင်းစီးသူကို သဲသဲကွဲကွဲ မြင်လိုက်ရသည်။ ထိုသူမှာ အသက် (၂၀) ကျော်အရွယ် ကတုံးနှင့် ဘုန်းကြီးပျို တစ်ပါး ဖြစ်ပြီး အနက်ရောင် ဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထား၏။ ကုန်းနှီးရှေ့တွင် ဒူးထောက်နေသော မိန်းကလေးမှာမူ ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ မျက်နှာကို ဖုံးကွယ်ထားသဖြင့် သူမသည် ကောရှန် ဟုတ်မဟုတ်ကိုတော့ သေချာ မသိနိုင်သေးချေ။

“ရှေ့က ဂိုဏ်းတူအစ်မ လား... ကျွန်တော် ချူလော့ကျွင်း ပါ...”

ထိုအခိုက်အတန့်၌ တောင်ပိုင်းက အံ့ဖွယ်လေးပါး က အော်ဟစ်လိုက်ပြီး သွေးဓား အဘိုးအို ကို ရပ်တန့်ကာ အသေအကြေ တိုက်ခိုက်ရန် စိန်ခေါ်လိုက်ကြသည်။ သူတို့၏ ပြင်းထန်သော အတွင်းအား များက ချိုင့်ဝှမ်းအတွင်း ပဲ့တင်ထပ်သွား၏။

ချူကျန့် သည် အကြိမ်အနည်းငယ် အော်ခေါ်လိုက်သော်လည်း သူ၏ အသံမှာ သူတို့၏ အော်ဟစ်သံများနှင့် လေနှင့် နှင်းမုန်တိုင်းသံများကြားတွင် ပျောက်ကွယ်သွား၏။ ချူကျန့် လည်း မတတ်သာတော့ဘဲ အတွင်းအား များကို စုစည်းကာ နောက်တစ်ကြိမ် ထပ်အော်လိုက်ရတော့သည်။

သူ၏ အတွင်းအားမှာ ယခုအခါ လုံလောက်နေပြီဖြစ်ရာ သူ၏ အသံက လေနှင့် နှင်းများကို ဖောက်ထွက်ကာ အဝေးသို့တိုင်အောင် ရောက်ရှိသွားတော့သည်။

သွေးဓား အဘိုးအို နှင့် တောင်ပိုင်းက အံ့ဖွယ်လေးပါး တို့က သူ့ကို အံ့အားသင့်စွာဖြင့် လှည့်ကြည့်လာကြသော်လည်း ချူကျန့် သည် သူတို့ကို လျစ်လျူရှုထားလိုက်ပြီး ရှေ့ဆုံးမှ ကန့်လန့်ဖြတ် စီးနင်းလာသော မိန်းမငယ်လေးကိုသာ မမှိတ်မသုန်ကြည့် နေလိုက်၏။

သူမထံမှ မည်သည့် တုံ့ပြန်သံကိုမျှ မကြားရသော်လည်း ထိုမိန်းမငယ်လေးမှာ သိသိသာသာ တုန်ယင်သွားပြီး တစ်ခုခုကို တုံ့ပြန်လိုက်ပုံရ၏။

ချူကျန့် ၏ ရင်ဘတ်ထဲ ဆို့နင့်သွားတော့သည်။ တကယ်ပဲ ကောရှန် များလား။

ကောရှန် ၏ နာမည်ကို တိုက်ရိုက် အော်ခေါ်ရန် ပြင်လိုက်စဉ် အဝေးမှ တောင်ထွတ်များပေါ်မှ နှင်းဖြူ အမြောက်အမြား ဖြည်းညင်းစွာ လိမ့်ဆင်းလာသည်ကို သူ ရုတ်တရက် မြင်လိုက်ရပြီး မိုးခြိမ်းသံလို တဝုန်းဝုန်း မြည်ဟည်းသံများကိုပါ ကြားလိုက်ရ၏။ နှင်းများ လိမ့်ဆင်းလာလေလေ၊ ပိုမို မြန်ဆန်လာလေလေပင်။

ဒါက... နှင်းပြိုကျတာလား။

ချူကျန့် ၏ မျက်နှာ ကွက်ခနဲ ပျက် သွားတော့သည်။

'ကျစ်... သောက်ကျိုးနည်းပဲ"

ဤနေရာက နှင်းတောင်တန်း ဖြစ်ရာ ကျယ်လောင်သော အသံတစ်ခုက ကြီးမားသော နှင်းပြိုကျမှုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။ တောင်ပိုင်းက အံ့ဖွယ်လေးပါး ၏ အော်ဟစ်သံများက တောင်ထွတ်များပေါ်ရှိ နှင်းများကို တုန်ခါသွားစေခဲ့ပြီး သူ၏ အော်ဟစ်သံက နောက်ဆုံး ပေါက်ကွဲစေသည့် အကြောင်းရင်း ဖြစ်သွားကာ နှင်းပြိုကျမှုကို ဖြစ်ပေါ်စေခဲ့ခြင်း ပင်။

ဒါ ဘယ်လို ကံဆိုးမှုမျိုးလဲ။ ဤကဲ့သို့ ကြောက်မခန်းလိလိ အဖြစ်အပျက်မျိုးကို ..ဘယ်လိုလုပ် ဆုံတွေ့ရတာလဲ။ သူ၏ ကံကြမ္မာ အမှတ် (၄၀) က ကောင်းချီး မဟုတ်ဘဲ ကျိန်စာ ဖြစ်နေပုံရသည်။

ယခုအခါ နှင်းပြိုကျမှုမှာ အရှိန်အဟုန် ပြင်းထန်နေပြီ ဖြစ်ပြီး ဝုန်းဒိုင်းကြဲသံများကလည်း ပိုမို ကျယ်လောင်ကာ နီးကပ်လာ၏။ ၎င်းသည် နှင်းများနှင့် ကျောက်တုံး အမြောက်အမြားကို သယ်ဆောင်လာကာ ရေတံခွန်ကြီးတစ်ခုပမာ အရှိန်အဟုန်ဖြင့် လိမ့်ဆင်းလာနေပြီ ဖြစ်ရာ ၎င်း၏ စွမ်းအားမှာ ကြီးမားလှပြီး ကောင်းကင်နှင့် မြေကြီး၏ အရောင်ကိုပင် ပြောင်းလဲသွားစေကာ တောင်တန်းကြီးများပင် ပြိုကျတော့မည့်အလား ထင်မှတ်ရပြီး ခေါင်းနပမ်းကြီးစေတော့သည်။

အကယ်၍ ချူကျန့် ထံတွင် တကယ့် လက်တွေ့ကမ္ဘာ၌ ရှိခဲ့သော နတ်ဘုရားတစ်ပါးနှင့် တူသည့် စွမ်းအားမျိုး ရှိနေသေးလျှင် ဤကဲ့သို့သော သဘာဝ ဘေးအန္တရာယ်ကြီးကို သူ လုံးဝ မဖြုံပေ။ သို့သော် ယခု သူ၏ စွမ်းအားမှာ လက်တွေ့ကမ္ဘာမှ စွမ်းအား၏ ဆယ်ပုံတစ်ပုံမျှပင် မရှိတော့ရာ သူ မည်သို့ ရင်ဆိုင်ရဲမည်နည်း။

ကံကောင်းထောက်မစွာဖြင့် ချူကျန့် သည် အသက်နှင့် သေခြင်း ကြားရှိ အခြေအနေပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်ရာ အခြားသူများအားလုံး ကြောင်အမ်းနေချိန်တွင် သူက.. ပထမဆုံး သတိဝင်လာခဲ့၏။ သူက ချန်လင်းစု ၏ မြင်းဇက်ကြိုးကို ဆွဲကာ အော်ဟစ်လိုက်၏။

“ရှေ့ကို ပြေး...”

ထိုတိုတောင်းလှသော အချိန်လေး အတွင်း နှင်းပြိုကျမည့် အကွာအဝေးကို သူ ခန့်မှန်းတွက်ချက်ပြီး ဖြစ်သည်။ သူတို့ ရှိနေသည့် နေရာမှာပင် ရပ်နေသည်ဖြစ်စေ၊ နောက်သို့ လှည့်ပြေးသည်ဖြစ်စေ မရေမတွက်နိုင်သော နှင်းများအောက်တွင် အရှင်လတ်လတ် မြေမြှုပ်ခံရမည်မှာ အသေအချာပင်။ တစ်ခုတည်းသော အသက်ရှင်နိုင်မည့် အခွင့်အရေးမှာ ရှေ့သို့ ဆက်ပြေးပြီး နှင်းပြိုကျမည့် အကွာအဝေးကို ဖောက်ထွက်ကာ အသက်လု ထွက်ပြေးရန်သာ ဖြစ်၏။

ချန်လင်းစု မှာ ကြောက်လန့်တကြား ဖြူဖျော့နေပြီး ချူကျန့် က မြင်းဇက်ကြိုးကို ဆွဲလိုက်မှသာ သတိပြန်ဝင်လာကာ သူမ၏ မြင်းကို ရှေ့သို့ အမြန်ဆုံး နှင်သွားတော့သည်။

သူမ ဇက်ကြိုးကို ပြန်ကိုင်လိုက်သည်ကို မြင်သောအခါ ချူကျန့် က ဇက်ကြိုးကို လွှတ်ပေးလိုက်ပြီး ရှေ့ဆုံးမှ ဖမ်းဆီးခံထားရသော မိန်းကလေးဆီသို့ ဒရောသောပါး ပြေးလွှား သွားတော့၏။

အကယ်၍ ဤမိန်းကလေးမှာ တကယ်ပင် ကောရှန် ဖြစ်နေပါက နှင်းပြိုကျမှုထဲတွင် သူမ သေဆုံးသွားသည်ကို သူ လုံးဝ ကြည့်မနေနိုင်ချေ။

မြင်းပေါ်မှ ဘုန်းကြီးပျိုလေး ကလည်း အခြေအနေကို ချက်ချင်း ရိပ်မိသွားပြီး အဝေးမှ နှင်းများ အရှိန်အဟုန်ဖြင့် လိမ့်ဆင်းလာသည်ကို မြင်လိုက်ရသဖြင့် သူ၏ မြင်းကို ချိုင့်ဝှမ်းဘက်သို့ အမြန်ဆုံး နှင်သွားတော့သည်။

ချူကျန့် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ သူ မိန်းကလေးကို ကယ်တင်နိုင်သည်ဖြစ်စေ၊ မကယ်တင်နိုင်သည်ဖြစ်စေ အနည်းဆုံးတော့ သူမနှင့် ဘုန်းကြီးပျိုလေး တို့သည် မှန်ကန်သော လမ်းကြောင်းသို့ ပြေးနေကြပြီ ဖြစ်သည်။ အနည်းငယ် ပို၍ ပြေးနိုင်ပါက နှင်းပြိုကျမှုမှ လွတ်ကင်းနိုင်ပေမည်။

သူ၏ မြင်းကို အားကုန်ရိုက်ကာ အရှိန်တင်ပြီး လိုက်မီရန် ကြိုးစားလိုက်စဉ် နောက်ကျောဘက်မှ သနားစရာကောင်းသော မြင်းဟီသံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရပြီးနောက် ချန်လင်းစု ၏ အော်ဟစ်သံကိုပါ ကြားလိုက်ရ၏။

ချူကျန့် နောက်သို့ ချာခနဲ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် လန့်ဖြန့်သွားကာ ထိန်းချုပ်၍ မရသော ဒေါသများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

သွေးဓား အဘိုးအို ၏ မြင်းသည် တစ်ခုခုကို ခလုတ်တိုက်ကာ လဲကျသွားခြင်း ဖြစ်၏။ ထို မိစ္ဆာဘုန်းကြီးအို သည် မြင်းကို ချက်ချင်း စွန့်လွှတ်ကာ လေပေါ်သို့ ခုန်တက်လိုက်၏။ သူသည် ချန်လင်းစု နှင့် မဝေးလှသဖြင့် သူ၏ သာလွန်သော ကိုယ်ဖော့ပညာ ဖြင့် ချန်လင်းစု ၏ မြင်းပေါ်သို့ ခုန်တက်ကာ သူမကို ကန်ချလိုက်ပြီးနောက် မြင်းကို အမြန်ဆုံး အရှိန်ဖြင့် စီးပြေးသွားတော့သည်။

ချူကျန့် ၏ ရင်ထဲတွင် မမြင်ရသော ဒေါသမီးတောက်များ ချက်ချင်း တောက်လောင်လာတော့သည်။ အံကို တင်းတင်းကြိတ်ကာ သူ၏ မျက်လုံးများမှာ သွေးဆာနေသော အလင်းရောင်များဖြင့် တောက်ပနေပြီး..စိတ်ထဲမှ ကြုံးဝါးလိုက်၏။

'ဒီခွေးအိုကြီး... ခင်ဗျားကို အရှင်လတ်လတ် အရေခွာပစ်မယ်...'

သို့သော် ချန်လင်းစု မြင်းပေါ်မှ ကန်ချခံရပြီး နှင်းခဲပြင်ပေါ်တွင် လိမ့်ကျသွားကာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်လိုက်ရသဖြင့် ချူကျန့် တစ်ယောက် သွေးဓား အဘိုးအို ကို လက်စားချေ ရန် လုံးဝ ဂရုမစိုက်နိုင်တော့ချေ။

သူ၏ ခေါင်းထဲတွင် အတွေးများစွာက တဖျတ်ဖျတ် ဝင်ရောက်လာတော့သည်။

ဝုန်းဒိုင်းကြဲသံများက အလွန် နီးကပ်နေပြီ ဖြစ်သည်။ အကယ်၍ သူ ချန်လင်းစု ကို သွားကြည့်ရန် ရပ်လိုက်ပါက နှင်းများအောက်တွင် အရှင်လတ်လတ် မြေမြှုပ်ခံရမည်မှာ အသေအချာပင်...။

သို့သော် ချန်လင်းစု သည် ဂိမ်းဇာတ်ကောင် တစ်ယောက်ဖြစ်ပြီး အသက်တစ်ချောင်းသာ ရှိ၏။ သူမ သေသွားလျှင် တကယ် သေသွားမည်ဖြစ်ပြီး ကစားသမား များကဲ့သို့ 'အပြင်းအထန် ဒဏ်ရာရပြီး သေလုမြောပါး' အခြေအနေသို့ ရောက်သွားကာ (၈) ရက် အကြာတွင် ပြန်လည် ရှင်သန်လာမည် မဟုတ်ချေ။

“မင်းကို ငါ့အသက်နဲ့ ကျေးဇူးဆပ်လိုက်ပြီလို့ သဘောထားလိုက်ပါ...”

ချူကျန့် အံကို တင်းတင်းကြိတ်ကာ မြင်းပေါ်မှ လေထဲတွင် နောက်ကျွမ်းပစ် ခုန်ချလိုက်ပြီး နှင်းခဲပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်ဆင်းသွား၏။ သူ၏ ခုန်ချမှုက အချိန်ကိုက် ကွက်တိကျလှပြီး ချန်လင်းစု နှင့် သွားရောက် တိုက်မိတော့သည်။

သူတို့နှစ်ဦး ထိခိုက်မိသည်နှင့် တစ်ပြိုင်နက် ချူကျန့် သည် သူ၏ လက်များကို ဆန့်တန်းကာ ပိန်ပါးသော မိန်းကလေးကို တင်းကျပ်စွာ ဖက်ထားလိုက်၏။

တိုက်မိသော အရှိန်ကြောင့် သူသည် နှင်းခဲပြင်ပေါ်တွင် အဝေးကြီးအထိ လျှောတိုက်သွားသော်လည်း ကျေးဇူးတင်စရာကောင်းသည်မှာ မိန်းကလေး၏ နှလုံးခုန်သံနှင့် အသက်ရှူသံကို သူ ခံစားနေရဆဲပင်... ချန်လင်းစု အသက်ရှင်နေသေးသည်။

အရှိန်ပြင်းပြင်း ပြေးနေသော မြင်းပေါ်မှ ကန်ချခံရပြီး (၁၀) မီတာကျော်အထိ လိမ့်ဆင်းသွားကာ အသက်ရှင်နေသေးသည်မှာ အံ့သြစရာလေး တစ်ခုပင်။

ချူကျန့် ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ ပြေလျော့သွားကာ ဘာကိုမှ ထပ်မစဉ်းစားတော့ဘဲ သူမကို သူ၏ ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးထားလိုက်၏။

နှင်းပြိုကျမှု၏ ကြီးမားလှသော စွမ်းအားရှေ့တွင် သူ၏ လုပ်ရပ်များက အချည်းနှီး ဖြစ်ကြောင်း သိနေသော်လည်း သူသည် ဗီဇစိတ် အရ အလိုအလျောက် လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။

သူက အရပ်မောင်းကောင်းပြီး ချန်လင်းစု မှာမူ သေးသွယ်ပိန်ပါးသဖြင့် ကလေးမလေး တစ်ယောက်လို သူ၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး ဝင်နေ၏။

ထိုအခိုက်အတန့်၌ မရေမတွက်နိုင်သော နှင်းများက မိုးခြိမ်းသံလို ဝုန်းဒိုင်းကြဲသံများနှင့်အတူ သူတို့နှစ်ဦး၏ အနီးသို့ ပေအနည်းငယ်မျှသာ လိုတော့သည့် အကွာအဝေးသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာတော့သည်။

အသက်နှင့် သေခြင်း ကြားရှိ ထိုအချိန်လေးအတွင်း ချူကျန့် သည် မြေပြင်ကို အားကုန်ယူကာ တောင်နံရံရှိ ချိုင့်ဝှမ်းလေး တစ်ခုဆီသို့ လျှောတိုက်သွားတော့သည်။

နောက်တစ်စက္ကန့်တွင် ကျောက်စရစ်ခဲများ ရောနှောနေသော နှင်းစိုင်နှင်းခဲ ကြီးများ ပြိုကျလာကာ တောင်ပေါ်လမ်းကျဉ်းလေးနှင့်အတူ ချူကျန့် နှင့် ချန်လင်းစု တို့၏ အရိပ်များကိုပါ ဝါးမြိုသွားတော့၏။

All Chapters