ထူးဆန်းသော အခြေအနေ
Vol. 9 Ch. 93
"ဟူး..."
ချူကျန့်သည် နဖူးထက်မှ ချွေးစက်များကို သုတ်ဖယ်ရင်း သက်ပြင်းတစ်ချက်ကို တိုးညှင်းစွာ ချလိုက်၏။
နှင်းဂူတူးတိုင်း တဲအိမ်ကို အသုံးပြုရသည်မှာ သူ၏ ကာယခွန်အားနှင့် အတွင်းအားတို့ကို အလွန်အမင်း စုပ်ယူဝါးမြိုနေချေပြီ။ လိပ်ပြာကျင့်စဉ်ကလည်း သူ၏ အတွင်းအားကို ပို၍ ကုန်ခန်းစေတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ တွက်ချက်မှုနှင့် လားရာခန့်မှန်းချက်များက တိကျမှန်ကန်နေသဖြင့် ရှည်လျားခက်ခဲလှသော ဤလမ်းကြောင်းကြီးမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ ဝုန်းခနဲ အသံနှင့်အတူ နှင်းပွင့်များ လွင့်စင်သွားကာ ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာတော့၏။
ချူကျန့်က တဲအိမ်ကို အမြန်ပြန်ရုပ်သိမ်းလိုက်ရာ၊ စူးရှသော နေရောင်ခြည်နှင့် အရိုးခိုက်မတတ် အေးစက်လှသော လေပြင်းများက အပေါက်ဝမှတစ်ဆင့် တရကြမ်း တိုးဝှေ့ဝင်ရောက်လာ၏။ ထိုလေပြင်းကြောင့်ပင် မူလက ခိုင်ခံ့နေသော နှင်းဂူရှည်ကြီးမှာ ပြိုကျမည့် လက္ခဏာများ ပြသလာတော့သည်။ ချူကျန့်သည် ချန်လင်းစုကို ကပျာကယာ ပွေ့ချီကာ နှင်းဂူထဲမှ အမြန် တွယ်တက်ထွက်ပြေးလိုက်သည်။
(၂) စက္ကန့်၊ (၃) စက္ကန့်မျှ အကြာတွင်ပင် သူတို့ ကျောခိုင်းခဲ့သော နှင်းဂူကြီးမှာ ဝုန်းခနဲ ပြိုကျသွားချေပြီ။
အသက်လု ထွက်ပြေးလာရသဖြင့် ချူကျန့်သည် ကျောချမ်းလုမတတ် ကြောက်ရွံ့သွားကာ ချွေးအေးများကို သုတ်ဖယ်လိုက်၏။ ထို့နောက် လေကွယ်မည့် ထောင့်တစ်နေရာကို အမြန်ရှာဖွေပြီး ချန်လင်းစုကို ညင်သာစွာ ချထားလိုက်၏။ မိန်းမငယ်လေးမှာ သူ၏ ကျောပြင်ကို မပုတ်တော့သည်မှာ မိနစ်ဝက်ကျော်ခန့်ပင် ရှိနေခဲ့ပြီ မဟုတ်လော။
ချူကျန့်သည် သူမ၏ နှာခေါင်းဝသို့ လက်ချောင်းလေးများ ကပ်ကြည့်ကာ လည်ပင်းသွေးကြောကို စမ်းသပ်စစ်ဆေးလိုက်၏။ လေအောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သတိလစ်သွားခြင်းမျှသာ ဖြစ်ပြီး အသက်ရှူနှုန်းမှာ ပုံမှန်ရှိနေသေးသဖြင့် သူ စိတ်အေးသွားတော့သည်။ လေဝင်လေထွက်ကောင်းသော ဤနေရာတွင် ခေတ္တမျှ နားနေလိုက်ပါက သူမ သတိပြန်လည်လာပေလိမ့်မည်။
နှင်းမုန်တိုင်းကြီး ရပ်တန့်သွားပြီ ဖြစ်သော်လည်း လေပြင်းများကမူ ရေခဲကဲ့သို့ အေးစက်နေဆဲပင်။ ချူကျန့်သည် သူမကို အနွေးထည်အထူကြီးနှင့် မာဖလာတို့ကို သေချာစွာ ရစ်ပတ်ပေးလိုက်၏။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်ရန် ပြင်လိုက်စဉ်မှာပင် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
“လူမသတ်ပါနဲ့တော့”
အသံလာရာသို့ ချူကျန့် လှမ်းကြည့်လိုက်ရာ ပေ (၁၀) ခန့် အကွာတွင် သွေးဓား အဘိုးအိုနှင့် ဘုန်းကြီးပျိုတစ်ပါးတို့ ဓားမြှောင်တစ်လက်ကို လုယက်ကာ လုံးထွေးသတ်ပုတ်နေကြသည်ကို တွေ့လိုက်ရ၏။ ဘုန်းကြီးပျိုက ဓားကို အရင်ဦးအောင် ဆုပ်ကိုင်ထားသော်လည်း၊ သွေးဓား အဘိုးအို၏ လက်နှစ်ဖက်က ဘုန်းကြီးပျို၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထား၏။ ဘုန်းကြီးပျိုမှာ ရုန်းကန်နေသော်ငြား ခွန်အားကွာခြားလွန်းလှသဖြင့် သူ၏ မျက်နှာမှာ ခရမ်းရောင် သန်းလာချေပြီ။ ဤအတိုင်းဆိုလျှင် အသက်ရှူကျပ်ကာ မကြာမီ သေဆုံးသွားတော့မည်မှာ သေချာလှသည်။
‘ဒီနှစ်ယောက်က သွေးဓားဂိုဏ်းက သံဃာဆိုးတွေ မဟုတ်ဘူးလား ဘာလို့ သူတို့အချင်းချင်း ပြန်သတ်နေကြတာလဲ’
‘ခုနက အော်သံကို ထောက်ကြည့်ရင် ဒီဘုန်းကြီးပျိုက သွေးဓား အဘိုးအိုရဲ့ ရက်စက်ယုတ်မာမှုတွေကို တားဆီးနေတာများလား’
သူတို့၏ ဘေးတွင်မူ အသက် (၅၀) အရွယ်ခန့်ရှိ မုတ်ဆိတ်တိုတိုနှင့် အဘိုးကြီးတစ်ဦး လဲကျနေပြီး မိန်းကလေးတစ်ဦးအား အသည်းအသန် လှမ်းအော်နေ၏။
“တူမလေးရွှေ... သွေးစွန်းနေတဲ့ ဓားကောက်ကို မြန်မြန်ကောက်ပြီး ဒီသံဃာဆိုး နှစ်ကောင်လုံးကို သတ်ပစ်လိုက်စမ်း”
ထိုအခါ ထိုမိန်းမပျိုလေးသည် သွေးစွန်းနေသော ဓားကို ကောက်ယူလိုက်ပြီး ရှေ့သို့ ခြေနှစ်လှမ်းခန့် တိုးသွားသော်လည်း၊ ဝင်ရောက်ခုတ်ပိုင်းရန်မူ တုံ့ဆိုင်းနေရှာသည်။
ထိုအချိန်တွင် နှင်းတိတ်သွားပြီး ကောင်းကင်ယံမှာ ကြည်လင်သွားသဖြင့် သူမ၏ မျက်နှာကို ချူကျန့် ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။ သူမသည် ချောမောလှပသော်ငြား အသက် (၂၀) အရွယ်ခန့် ရှိနေပြီဖြစ်ရာ (၁၅) နှစ်၊ (၁၆) နှစ်အရွယ်ခန့်သာ ရှိသေးသော သခင်မလေး ကောရှန် လုံးဝ မဟုတ်ချေ။
ချူကျန့် တစ်ယောက် ဒေါသထွက်ရမလို ဝမ်းသာရမလိုဖြင့် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားတော့သည်။
‘တောက်... သောက်ကျိုးနည်း ငါကတော့ သေမလိုဖြစ်တဲ့အထိ အသက်လုခဲ့ရတာကို အခုမှ နားလည်မှု လွဲတာကြီးပါလို့ လာပြောနေတာလား’
သို့သော်လည်း သူ၏ ရင်ထဲတွင် ဝမ်းသာမှုက ပိုမို ကြီးစိုးနေ၏။ သိုင်းလောကအတွင်း ပျံ့နှံ့နေသော ကောလာဟလများအရ သခင်မလေး ကောရှန်း ပြန်ပေးဆွဲခံရသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ထင်ရှားသွားပြီ မဟုတ်ပါလော။
ထို့နောက် ချူကျန့်၏ အကြည့်တို့က ရက်စက်ကြမ်းကြုတ်လှသော သွေးဓား အဘိုးအိုထံသို့ ရောက်ရှိသွားတော့သည်။ ကောရှန်းကို ဖမ်းဆီးလာခြင်း မဟုတ်သဖြင့် သူ ဝင်မပါလိုတော့သော်လည်း ဤယုတ်မာလှသော လူအိုကြီးက ချန်လင်းစုကို မြင်းပေါ်မှ ကန်ချခဲ့သဖြင့် သူတို့နှစ်ဦးလုံး သေမလို ဖြစ်ခဲ့ရသည်ကိုတော့ သူ မေ့မပစ်နိုင်ချေ။
သွေးကြွေးကို သွေးနှင့်သာ ဆေးကြောရမည်။ ဒါက ချူကျန့် အမြဲတစေ လက်ကိုင်ထားသော သိုင်းလောက၏ စည်းမျဉ်းပင် ဖြစ်လေ၏။
ချန်လင်းစု မြင်းပေါ်မှ အကန်ခံရသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်လာသည်နှင့်တစ်ပြိုင်နက်၊ ချူကျန့်၏ မျက်ဝန်းများအတွင်း၌ လူသတ်လိုသော အငွေ့အသက်များ ရုတ်ခြည်း လွှမ်းခြုံလာတော့သည်။
စကားတစ်ခွန်းမျှပင် ဆိုမနေတော့ဘဲ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ သူ၏ ကိုယ်တွင်းရှိ ကျန်ရစ်နေသော အတွင်းအားများကို စုစည်းလိုက်၏။ ထို့နောက် နှင်းပြင်ပေါ်မှတစ်ဆင့် အဟုန်ပြင်းစွာ ပြေးလွှားသွားတော့၏။ သူ၏ သံမဏိသွား ဓားရောင် တစ်ချက် ဝင်းလက်သွားပြီးနောက် အခြားသူများ အံ့အားသင့် မှင်တက်နေစဉ်မှာပင်၊ သူ၏ အပြင်းထန်ဆုံးသော ရတနာအဆင့် သိုင်းကွက်ဖြစ်သည့် "ငွေရောင်နှင်းခဲ လခြမ်းကွေး ဓားသိုင်း" ကို ထုတ်ဖော်လိုက်တော့သည်။ ဓားအလင်းတန်းမှာ လျှပ်စီးပမာ ဖြာထွက်သွားပြီး သွေးဓား အဘိုးအို၏ လည်မြိုကို တိကျစွာ ထိုးဖောက် ဝင်ရောက်သွား၏။
သွေးဓား အဘိုးအိုမှာ သူ၏ တပည့်မြေးဖြစ်သူ၏ လည်ပင်းကို ညှစ်ရန် နောက်ဆုံးခွန်အားများကို အသုံးပြုနေဆဲ ဖြစ်သည်။ ဤမျှ သာမန်ပုံပေါက်နေသော လူငယ်လေးတစ်ဦးက ဤမျှ လျင်မြန်တိကျပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် စကားတစ်ခွန်းမျှ မဟဘဲ ဝင်ရောက် သတ်ဖြတ်လိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ပေ။
သူသည် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်စွာဖြင့် ချူကျန့်ကို လှည့်ကြည့်လာ၏။ ချူကျန့်က အေးစက်စက် မျက်နှာထားဖြင့် ဓားကို ပြန်လည် ဆွဲနှုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သွေးဓား အဘိုးအို၏ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားကာ သွေးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။
သေဘေးမှ သီသီလေး လွတ်မြောက်သွားသော ဘုန်းကြီးပျိုမှာမူ အဆက်မပြတ် ချောင်းဆိုးရင်း လေကို လုရှူနေရရှာသည်။
မိန်းမပျိုလေးမှာလည်း သွေးများကို မြင်ပြီး လန့်ဖျတ်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သူမ၏ လက်ထဲမှ သွေးစွန်းနေသော ဓားပင် မြေပြင်သို့ လွတ်ကျသွား၏။
သွေးဓားကြီးမှာ တစ်လက်လုံး နီမည်းမည်း အရောင်ရှိသော်လည်း ငွေရောင်အလင်းတန်းလေးများ မှိန်ပျပျ ဖြာထွက်နေသည်ကို ချူကျန့် သတိပြုမိလိုက်၏။ ဂိမ်းစနစ်အရ ဤဓားမှာ ရွှေရောင်အဆင့် နတ်လက်နက်၏ အောက်တစ်ဆင့်ဖြစ်သော ငွေရောင်အဆင့် ရတနာဓား ဖြစ်ကြောင်း ထင်ရှားလှသည်။
ဤမျှ ကောင်းမွန်လှသော ပစ္စည်းကို လက်လွတ်မခံနိုင်သဖြင့် သူသည် ခါးကို ညွှတ်ကာ ဓားကို ကောက်ယူစစ်ဆေးလိုက်၏။ အလွန်ပေါ့ပါးပြီး ထက်မြက်လှကြောင်း သိလိုက်ရသည်။ ထို့နောက် သွေးဓား အဘိုးအို၏ အလောင်းကို ပေါ့ပေါ့ပါးပါးပင် စစ်ဆေးလိုက်ရာ သိုင်းကျမ်းတစ်အုပ်၊ ငွေအနည်းငယ်နှင့် အခြားပစ္စည်းအချို့ကို တွေ့ရှိသဖြင့် သူ၏ ခရီးစရိတ်အဖြစ် သိမ်းဆည်းလိုက်တော့သည်။
အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ချူကျန့်သည် သွေးဓားကို စမ်းသပ်သည့်အနေဖြင့် နှစ်ချက်သုံးချက်ခန့် ဝှေ့ယမ်း ခုတ်ပိုင်းလိုက်ရာ၊ သွေးဓား အဘိုးအို၏ အလောင်းမှာ အပိုင်းပိုင်း ပြတ်တောက်သွား၏။
တကယ်ကို ထက်မြက်လှသည့် ဓားကောင်းတစ်လက်ပင်။
မြေပြင်တွင် လဲကျနေသော မုတ်ဆိတ်တိုနှင့် အဘိုးကြီးမှာ ချူကျန့်က သွေးဓားကို ကိုင်ဆောင်၍ သွေးဓား အဘိုးအိုအား အပိုင်းပိုင်း ခုတ်ထစ်လိုက်သည်ကို မြင်သောအခါ ရုတ်တရက် အသံကုန် ခြစ်အော်လိုက်သည်။
“သူရဲကောင်းလေးရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းလှပါတယ် သိုင်းလောကရဲ့ ဆူးငြောင့်ခလုတ်ကြီးကို ရှင်းလင်းပေးလိုက်နိုင်ပြီပဲ ဒီလို မြင့်မြတ်လှတဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်မျိုးကို ကျုပ်ဖြင့် အတိုင်းမသိ လေးစားမိပါရဲ့”
သတိပြန်ဝင်လာသော မိန်းမပျိုလေးသည် မုတ်ဆိတ်တို အဘိုးကြီးအား ရွံရှာဖွယ် အကြည့်ဖြင့် လှည့်ကြည့်ကာ ဒေါသတကြီး ဟောက်လိုက်၏။
“ရှင့်ရဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေ ရပ်လိုက်လို့ မရဘူးလား ရွံစရာကောင်းလွန်းလို့ပါရှင်”
မုတ်ဆိတ်တို အဘိုးကြီးမှာမူ မိန်းကလေး၏ စကားကို လျစ်လျူရှုကာ ချူကျန့်အား မြှောက်ပင့်ဖားယားသည့် မျက်နှာထားဖြင့် ဆက်လက် ချီးကျူးနေသည်။
“သွေးဓား အဘိုးအိုဆိုတဲ့ကောင်က ယုတ်မာတဲ့ အလုပ်ပေါင်းများစွာကို လုပ်ခဲ့လို့ လူတိုင်းက သတ်ချင်နေကြတာ သူရဲကောင်းလေးရယ်... ဒီနေ့ မင်းရဲ့ လုပ်ရပ်ကြောင့် တစ်လောကလုံးမှာ နာမည်မွှေးပြီး လူတိုင်းက ချီးကျူးရတဲ့ သူရဲကောင်းကြီး ဖြစ်လာတော့မှာ အသေအချာပဲ ကျုပ် ဟွာထျဲကန်ဆိုတာကလည်း သိုင်းလောကမှာ အတော်အတန် ဩဇာရှိတဲ့သူပါ နေထွက်လို့ ဒီချိုင့်ဝှမ်းကနေ ပြန်ထွက်သွားနိုင်တာနဲ့ ဒီနေ့ မင်းရဲ့ လုပ်ရပ်တွေကို လူတိုင်းသိအောင် ကျုပ်က အရင်ဆုံး ဖြန့်ဝေပေးပါ့မယ်”
‘တစ်လောကလုံး နာမည်မွှေးမယ် လူတိုင်းက ချီးကျူးမယ် ခင်ဗျားက ကျွန်တော့်ကို အသေဆိုးနဲ့ သေအောင် မြှောက်ပေးနေတာလား’
ချူကျန့်သည် ကျော်ကြားမှုကို အလွန်အမင်း ရွံရှာမုန်းတီးသူ ဖြစ်သည်။ သူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် ထိုအဘိုးကြီး၏ ပါးကို ဖြန်းခနဲ သုံးချက် ဆက်တိုက် ရိုက်ချလိုက်တော့၏။
“ပါးစပ်ပိတ်ထားစမ်း သွေးဓား အဘိုးအိုကို ကျုပ် သတ်တယ်ဆိုပြီး အပြင်မှာ လျှောက်ပြောရဲ ပြောကြည့်လေ ခင်ဗျား အသက်ကိုပါ ကျုပ် ထပ်နှုတ်ပစ်မယ်”
သူ၏ ရှေ့ရှိ အဘိုးကြီးမှာ အစောပိုင်းက သံလှံတံကို ကိုင်ဆောင်ထားသော တောင်ပိုင်းက အံ့ဖွယ်လေးပါး အနက်မှ တစ်ဦးဖြစ်ပြီး၊ သူ၏ ခွန်အားမှာ ထျန်ကွေ့နုံထက်ပင် မနိမ့်ကျကြောင်း ချူကျန့် မှတ်မိလိုက်၏။ ယခုအခါ အကြောပိတ်ခံထားရသဖြင့် အနည်းဆုံး (၇) နာရီ၊ (၈) နာရီခန့် လှုပ်ရှားနိုင်မည် မဟုတ်ချေ။
‘ဒီလို အရှက်မရှိတဲ့ ရွံစရာကောင်းတဲ့ လူက.. တောင်ပိုင်းက အံ့ဖွယ်လေးပါး စာရင်းထဲ ဘယ်လိုလုပ် ပါလာရတာလဲ’
သတင်းများ ပေါက်ကြားသွားမည်ကို ကာကွယ်ရန် ဤလူကြီးအား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီး ပြဿနာကို ရှင်းလင်းလိုက်ရမည်လောဟု ချူကျန့် တွေးတောနေမိသည်။ သို့သော် ထိုသို့ လုပ်လိုက်ပါက အပြစ်ကင်းစင်သော မိန်းမပျိုလေးနှင့် ဘုန်းကြီးပျိုတို့ကိုပါ ရှင်းလင်းရမည့် အခြေအနေ ဆိုက်ရောက်သွားမည်ကို သူ စိုးရိမ်နေမိ၏။
ထိုသို့ စဉ်းစားနေဆဲမှာပင် ဂိမ်းစနစ်၏ အသိပေးသံကို ရုတ်တရက် ကြားလိုက်ရသည်။
[စနစ် အသိပေးချက်]
“ဒင်... သိုင်းလောကထဲ စဝင်ကတည်းကဆိုရင် ခင်ဗျားထက် သန်မာတဲ့ ပြိုင်ဘက်ပေါင်း (၃၀၀) တောင် အနိုင်ယူနိုင်ခဲ့ပြီပဲ ... အဲဒီအထဲက အများစုက ခင်ဗျားထက် အဆင့်မြင့်တဲ့သူတွေချည်းပဲ နော်... အထူးသဖြင့် (၅) ယောက်ဆိုရင်တော့ ပြောမနေနဲ့တော့... ခွန်အားကွာဟချက်က တော်တော်လေး ကြီးမားလွန်းတယ် လေ... ဒီလိုမျိုး အားနည်းပေမယ့် အားကြီးသူကို အနိုင်ယူနိုင်တဲ့ အတွေ့အကြုံတွေကြောင့် သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုက ပိုပြီး နက်ရှိုင်းလာခဲ့ပြီ... ဉာဏ်ရည်ဉာဏ်သွေး (+၁) တိုးလာတယ် ...”
[စနစ် အသိပေးချက်]
“ဒင်... နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ သွေးဓား အဘိုးကြီးကိုတောင် ခင်ဗျား အနိုင်ယူလိုက်နိုင်ပြီပဲ ... ခင်ဗျားရဲ့ သူရဲကောင်းဆန်တဲ့ ဂုဏ်သတင်းတွေက သိုင်းလောကတစ်ခွင်ကို စပြီး ပျံ့နှံ့နေပြီ နော်... လာမယ့် ရက် (၃၀) အတွင်းမှာ သတင်းပျံ့နှံ့မှု အမြန်နှုန်းအပေါ် မူတည်ပြီး ခင်ဗျားရဲ့ သိုင်းလောက ဂုဏ်သတင်းက တစ်ရက်ကို (၂၀) မှ (၅၀) မှတ်အထိ တိုးလာလိမ့်မယ်…”
ချူကျန့် လုံးဝ ဆွံ့အသွားတော့သည်။
‘မင်း ငါ့ကို လာနောက်နေတာလား ဒီလူတွေကလွဲရင် ငါက သွေးဓား အဘိုးအိုကို သတ်တယ်ဆိုတာ ဘယ်သူက သိမှာလဲ ပြီးတော့ ဒီလူတွေက ငါ့နာမည်ကိုတောင် သိတာမှ မဟုတ်တာ ဒီဂိမ်းစနစ်က သူ့ဘာသာသူ အလိုအလျောက် ငါ့ဂုဏ်သတင်းတွေကို တိုးပေးနေတာလား’
‘ဂိမ်းဖန်တီးတဲ့ကောင် ထွက်ခဲ့စမ်း မင်းတို့ ကြော်ငြာတုန်းက ဘယ်လိုပြောထားလဲ အစစ်မှန်ဆုံး သိုင်းလောကဆို ဘယ်က အစစ်မှန်ဆုံး သိုင်းလောကကများ သတင်းဖြန့်မယ့်သူ မရှိဘဲနဲ့ သတင်းတွေက အလိုလို ပျံ့နှံ့သွားရတာလဲ မင်းတို့မှာ အရှက်ဆိုတာ နည်းနည်းလေးမှ မရှိတော့ဘူးလား’
ချူကျန့်မှာ အကြီးအကျယ် ဒေါသပေါက်ကွဲသွားတော့သည်။ ဉာဏ်ရည် +၁ တိုးလာ၍သာ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ မဟုတ်ပါက သူ၏ ဒေါသများကို ဖြေဖျောက်ရန် မျက်နှာထား ရွံစရာကောင်းလှသော ဟွာထျဲကန်ကို အသေအလဲ ထိုးကြိတ်မိမည်မှာ အသေအချာပင်။
ချူကျန့်၏ ဒေါသထွက်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ အရိုက်ခံထားရသဖြင့် ပါးကြီးဖောင်းအစ်နေသော ဟွာထျဲကန်မှာ ပို၍ပင် ကြောက်လန့်သွားတော့သည်။ သူသည် ကပျာကယာပင် ဖားယားယား အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ပြောလာ၏။
“သူရဲကောင်းလေး... ခင်ဗျားက အရမ်းကို မြင့်မြတ်တဲ့ စိတ်ထားရှိတာပဲ နာမည်မဖော်လိုဘဲ ကောင်းမှုကုသိုလ်တွေ လုပ်နေတာကိုး ကျုပ်တို့လို ဖြောင့်မတ်တဲ့ လူတွေအတွက်တော့ တကယ့်ကို စံပြပုဂ္ဂိုလ်ကြီးပါပဲ”
ချူကျန့်က သူ့အား ရွံရှာဖွယ် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ ဟွာထျဲကန် လန့်ဖျတ်သွားသည်။ ထို့နောက် မလှမ်းမကမ်းတွင် ရှိနေသော ချောမောလှပသည့် မိန်းမပျိုလေးကို လက်ညှိုးထိုးပြကာ မျက်နှာလိုမျက်နှာရဖြင့် ဆက်ပြော၏။
“ဒါက ကျုပ်ရဲ့ တူမလေး ရွှေရှန်းပါ ရုပ်ရည်လေးကလည်း အတော်ကို လှတာ ရှေးစကားတောင် ရှိတယ်မဟုတ်လား သူရဲကောင်းဆိုတာ အလှမယ်နဲ့မှ လိုက်ဖက်တာလေ သူ့အဖေကလည်း မရှိတော့ဘူးဆိုတော့ ဒီကနေ့ ကျုပ်ကပဲ သူ့ဦးလေးနေရာကနေ တာဝန်ယူပြီး ခင်ဗျားရဲ့ အိပ်ရာနွေးစေဖို့အတွက် ဆက်သလိုက်ပါတယ် လက်ခံပေးပါဦး သူရဲကောင်းလေး”
ချူကျန့်သည် သူ၏ အနားသို့သွား၍ သေမတတ် ထိုးကြိတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ သို့သော် ယခုအချိန်တွင် သူ၏ ခြေလက်များမှာ အားအင်ကုန်ခမ်းနေပြီး အတွင်းအားများလည်း ပြတ်လပ်လုနီးပါး ဖြစ်နေချေပြီ။ ခန္ဓာကိုယ်ထက်တွင်လည်း ပွန်းပဲ့ဒဏ်ရာများစွာ ရရှိထားရာ ထိုလူယုတ်မာကို ဆက်လက် အာရုံစိုက်ရန်ပင် ပျင်းရိသွားတော့၏။ ထို့ကြောင့် ပန်းကိုးပွင့် ကျောက်စိမ်းနှင်းရည် ဆေးလုံး တစ်လုံးကို မြိုချလိုက်ပြီး နှင်းပြင်ထက်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။
ဆေးစွမ်းပြမှုကို အရှိန်မြှင့်ရန်နှင့် ခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန်အတွက် အသက်ရှူနှုန်းကို ထိန်းညှိကာ အတွင်းအားများကို စတင် လှည့်ပတ်လိုက်တော့သည်။