နတ်ဘုရား အလင်းဖြာ ကျင့်စဉ် (အပိုင်း ၂)
Vol. 9 Ch. 96
‘နတ်ဘုရား အလင်းဖြာ ကျင့်စဉ် ဟုတ်လား...’
နာမည်က အတော်လေး ထူးဆန်းနေသည်။ လမ်းဘေးက လိမ်ညာလှည့်ဖြားတတ်သော ဗေဒင်ဆရာများ အသုံးပြုသည့် ဓာတ်ကြီးလေးပါး မဟာဘုတ် သိုင်းကျမ်းအုပ် နာမည်နှင့်ပင် ဆင်တူနေသေး၏။
သို့သော်ငြား ဤအတွင်းအားကျင့်စဉ်မှာ ယန်စစ်စစ် အမျိုးအစား ဖြစ်သည်ကတော့ အမှန်ပင်။ နေရောင်ခြည်က ခပ်သိမ်းသော သက်ရှိများအပေါ် အလင်းဖြာချပေးသကဲ့သို့ အလွန်တရာ အစွမ်းထက်လှသော အသက်ဓာတ်များ ပါဝင်နေချေသည်။ သာမန် ကျင့်စဉ်တစ်ခုတော့ လုံးဝ မဖြစ်နိုင်ချေ။
ချူကျန့်က သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လွှတ်ခနဲ မေးချလိုက်တော့၏။
“ဒီအတွင်းအားကျင့်စဉ်ကို သွေးဓား အဘိုးအိုဆီကနေ ခိုးလာတာလား”
အကယ်၍ ထိုသို့သာဆိုလျှင် ယခု သူ၏ လက်ထဲတွင် သွေးဓား အဘိုးအို၏ သိုင်းကျမ်း ရှိနေပြီဖြစ်ရာ ချက်ချင်း သင်ယူနိုင်မည် မဟုတ်လော။
ချူကျန့်၏ အမေးကြောင့် တိယွင်မှာ အတော်လေး အံ့အားသင့်သွားရသည်။ သူရဲကောင်း သခင်လေးချူက နတ်ဘုရား အလင်းဖြာ ကျင့်စဉ်အကြောင်းကို မသိဘူးဆိုပါလား။ အစ်ကိုတင်းကတော့ ဤကျင့်စဉ်မှာ သိုင်းလောကတစ်ခွင်၌ "နတ်ဘုရား အလင်းဖြာ ကျင့်စဉ်ကို တတ်မြောက်လျှင် ပြိုင်ဘက်ကင်းပြီ" ဟု ကျော်ကြားလှသော နတ်အဆင့် သိုင်းပညာ ဖြစ်ကြောင်း ပြောခဲ့ဖူး၏။ ထို့ကြောင့်ပင် တိယွင်သည် ဘေးအန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်သဖြင့် သူ ဤသိုင်းကျမ်းကို တတ်မြောက်ထားကြောင်း မည်သူ့ကိုမျှ ဖွင့်ဟမပြောရဲခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အစ်ကိုတင်း သေဆုံးသွားပြီး သူ၏ ဂိုဏ်းတူညီမလေး၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရပြီးချိန်မှစ၍ တိယွင်တွင် မည်သည့် ဆွေမျိုး မိတ်ဆွေမျှ မကျန်ရှိတော့ချေ။ သူငယ်ချင်း တစ်ယောက်တလေမျှပင် ရှာမတွေ့နိုင်တော့ပေ။ ယခု (၂) ရက်ခန့်သာ သိကျွမ်းခဲ့ရသော ဤသူရဲကောင်း လူငယ်လေး ချူကျန့်ကမူ သူ့အပေါ် အပြည့်အဝ ယုံကြည်လေးစားပြီး အစစ်မှန်ဆုံးသော သဘောထားများဖြင့် ဆက်ဆံခဲ့သည့်အပြင် သူ၏ အသက်သခင် ကျေးဇူးရှင်လည်း ဖြစ်နေသည်။ ထို့ကြောင့်ပင် နတ်ဘုရား အလင်းဖြာ ကျင့်စဉ်ကို သင်ယူထားကြောင်း တိယွင်က တိုးတိုးတိတ်တိတ် ဖွင့်ဟဝန်ခံခဲ့ခြင်း ဖြစ်၏။
ချူကျန့် အထင်လွဲနေကြောင်းကို မြင်သောအခါ တိယွင်က ခေါင်းယမ်းပြလိုက်ရင်း ရှင်းပြ၏။
“မဟုတ်ပါဘူး... သူငယ်ချင်းကောင်း တစ်ယောက်က သင်ပေးခဲ့တာပါ”
သူ၏ လက်ထဲရှိ သိုင်းကျမ်းမှ သင်ယူ၍ မရနိုင်ကြောင်း သိလိုက်ရသဖြင့် ချူကျန့်သည် ဆက်လက် မေးမြန်းလိုစိတ် မရှိတော့ချေ။ သူက လက်နှစ်ဖက်ကို ယှက်ကာ တည်ကြည်လေးနက်စွာဖြင့် အရိုအသေပေးလိုက်ပြီး တောင်းဆိုလိုက်သည်။
“အစ်ကိုတိ... ကျွန်တော် အကူအညီတစ်ခုလောက် တောင်းချင်ပါတယ် အခု ကျွန်တော့် ဂိုဏ်းတူအစ်မက အသည်းအသန် ဖျားနာနေလို့ပါ... အအေးဓာတ်တွေကို ဖယ်ရှားပြီး သူမရဲ့ ခန္ဓာကိုယ် အခြေခံကို အားဖြည့်ပေးဖို့ အစ်ကို့ရဲ့ အတွင်းအားကို အသုံးပြုပေးဖို့ လိုအပ်နေလို့ပါ... ဒီလိုလုပ်ရင် အစ်ကို့ရဲ့ အတွင်းအား အများစု ကုန်ခမ်းသွားနိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်ဆီမှာ ပန်းကိုးပွင့် ကျောက်စိမ်းနှင်းရည် ဆေးလုံး နည်းနည်း ရှိပါသေးတယ် ဒါက ရက်အနည်းငယ်အတွင်း အစ်ကို့ရဲ့ အားအင်တွေကို ပြန်လည်ပြည့်ဖြိုးစေပါလိမ့်မယ်... ကျေးဇူးပြုပြီး ကူညီပေးပါ... ကျွန်တော် ချူလော့ကျွင်း ဒီကျေးဇူးကို ရင်ထဲမှာ အမြဲ မှတ်ထားပါ့မယ်”
ဟန်ဆောင် သရုပ်ဆောင်နေရသည့် အချိန်များမှလွဲ၍ လူတစ်ဦးကို အစ်ကို ဟု ချူကျန့် ခေါ်ဝေါ်လေ့ သိပ်မရှိချေ။ မြောင်ရန်ဖုန်းနှင့် သွေးသောက် ညီအစ်ကို ဖွဲ့ခဲ့စဉ်ကပင် သူ၏ ရင်ထဲတွင် လုံးဝ ရိုးသားဖြူစင်နေခဲ့ခြင်း မဟုတ်ပေ။ သို့သော် ဤရိုးသားဖြောင့်မတ်လှသော လူငယ်လေးက ချန်လင်းစု၏ အသက်အန္တရာယ် လုံခြုံရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသဖြင့် ချူကျန့်သည် မသိမသာပင် အစစ်မှန်ဆုံးသော သဘောထားဖြင့် ဆက်ဆံလိုက်ခြင်း ဖြစ်တော့သည်။
ချူကျန့်၏ ရိုးသားလှသော မျက်ဝန်းများနှင့် ဤမျှ တည်ကြည်လေးနက်နေသော အမူအရာကို မြင်လိုက်ရသောအခါ တိယွင်၏ ရင်ထဲတွင် နွေးထွေးသွားချေပြီ။
တစ်လောကလုံး၏ အထင်အမြင်သေးမှုများကို ခံစားခဲ့ရပြီး လှည့်စား နှိပ်စက်ခံခဲ့ရသဖြင့် သူ၏ စရိုက်မှာ အစွန်းရောက်ကာ အထီးကျန်ဆန်နေခဲ့သော်ငြား သူ၏ မွေးရာပါ ကြင်နာတတ်မှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ကမူ ရှင်သန်နေဆဲပင်။ အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်တောင် ချူကျန့်၏ အသက်သခင် ကျေးဇူးကို သူ ပြန်လည် ဆပ်ရမည် မဟုတ်လော။
တိယွင်က ခေါင်းကို အားပါးတရ ညိတ်ပြလိုက်၏။
“ရပါတယ်... ကျွန်တော် ဘာလုပ်ပေးရမလဲဆိုတာသာ ပြောပါ”
အချိန်ဆွဲမနေတော့ဘဲ ချူကျန့်သည် တိယွင်ကို ဂူထဲသို့ ဆွဲခေါ်သွားကာ ရွှေရှန်းအား အခြေအနေကို ရှင်းပြလိုက်၏။ ရွှေရှန်းမှာ အနည်းငယ် သံသယ ဖြစ်နေဆဲ ဖြစ်သော်လည်း တိယွင်က ကူညီပေးရန် လိုလိုလားလား ရှိနေသည်ကို မြင်သောအခါ သူ၏အပေါ် အမြင် အတော်လေး ကောင်းသွားတော့သည်။
ချူကျန့်က ချန်လင်းစုကို ထိုင်လျက် အနေအထားဖြစ်အောင် တွဲထူပေးလိုက်ပြီးနောက် ချီစွမ်းအင်များကို မည်သို့ လှည့်ပတ်ရမည်နှင့် ချန်လင်းစု၏ ကိုယ်တွင်းမှ အအေးဓာတ်များကို မည်သို့ နှင်ထုတ်ရမည်ကို တိယွင်အား သေချာ သင်ကြားပြသပေး၏။
သို့သော်ငြား တိယွင်မှာ မူလကတည်းက ဉာဏ်ရည်ဉာဏ်သွေး သိပ်မထက်မြက်လှသည့်အပြင် နတ်ဘုရား အလင်းဖြာ ကျင့်စဉ်ကို မကြာသေးမီကမှ အောင်မြင်ထားသူ ဖြစ်ရာ ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိရန် အလှမ်းဝေးနေဆဲပင်။ သူ၏ အတွင်းအားများမှာ မသွေးရသေးသော ကျောက်ရိုင်းတုံးကြီး တစ်တုံးကဲ့သို့ ကြမ်းတမ်းနေပြီး မည်သို့ ထိန်းချုပ်ရမည်ကိုလည်း သူ လုံးဝ နားမလည်ခဲ့ချေ။ တက်လာသော ဒီရေလှိုင်းကြီးအလား တရကြမ်း စီးဆင်းသွားသော သူ၏ အတွင်းအားများက ချန်လင်းစု၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သွေးကြောများကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ချန်လင်းစု၏ နှုတ်ခမ်းဖျားမှ သွေးများ ဝေါ့ခနဲ အန်ကျလာတော့သည်။
“အာ”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တိယွင်မှာ ချက်ချင်းပင် လန့်ဖျတ်သွားကာ အကြောက်လွန်သွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားတော့၏။
သူသည် ကပျာကယာပင် လက်ကို ရုပ်သိမ်းကာ နောက်သို့ ဆုတ်လိုက်၏။ သူ၏ အတွင်းအားများကို ရုတ်ခြည်း ရုပ်သိမ်းလိုက်မှုက ချန်လင်းစုကို လေပေါ်သို့ ပင့်မြှောက်ထားပြီးမှ အောက်သို့ ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ချန်လင်းစုမှာ သွေးတစ်ပွက် ထပ်မံ အန်ချလိုက်ရပြီး မူလကတည်းက ဖြူရော်နေသော သူမ၏ မျက်နှာမှာ ချက်ချင်းပင် သွေးမရှိတော့သကဲ့သို့ ဖြူဆွတ်သွားကာ နှုတ်ခမ်းများပင် ဖြူပြာလာတော့၏။ သူမ၏ ခန္ဓာကိုယ်လေးမှာ ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ ပျော့ခွေကျလုနီးပါး ဖြစ်သွားချေပြီ။
တိယွင်တွင် နက်ရှိုင်းလှသော အတွင်းအားများ ရှိနေသော်ငြား၊ အသုံးပြုရာတွင် ဤမျှလောက် ကိုးရိုးကားယားနိုင်ပြီး ကြမ်းတမ်းလိမ့်မည်ဟု ချူကျန့် လုံးဝ ထင်မှတ်မထားခဲ့ပေ။ အချိန်ဆွဲမနေတော့ဘဲ ချန်လင်းစုကို ကပျာကယာ လှမ်းဖက်လိုက်ရာ သူမ အသက်ရှူရန်ပင် ခက်ခဲနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ လက်ဝါးကို သူမ ကျောပြင်ရှိ လင်ထိုက် သွေးကြောဆုံသို့ အမြန် ကပ်လိုက်၏။ ထို့နောက် သူမ၏ သွေးလေ လည်ပတ်မှုကို ငြိမ်သက်သွားစေရန် မိမိ၏ အတွင်းအားများကို အသုံးပြု၍ ထိန်းညှိပေးလိုက်တော့သည်။ နာရီဝက်ခန့်မျှ အားထုတ် ကြိုးပမ်းပြီးနောက်တွင်မှ သေမင်းတံခါးဝသို့ ရောက်နေသော ချန်လင်းစုကို သူ အနိုင်နိုင် ဆွဲခေါ်နိုင်ခဲ့တော့၏။
ချူကျန့်၏ မျက်နှာမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေဟန် ရှိသည်။ သူက ရွှေရှန်းအား ချန်လင်းစုကို သက်သောင့်သက်သာ လဲလျောင်းပေးရန် အကူအညီ တောင်းလိုက်၏။ နဖူးထက်မှ ချွေးများကို သုတ်ဖယ်ကာ မတ်တပ်ရပ်လိုက်ချိန်တွင် ခေါင်းငိုက်စိုက်ကျကာ လက်နှစ်ဖက်ကို အားပျော့စွာ ချထားပြီး ကြောက်လန့်တကြားနှင့် ယူကျုံးမရ ဖြစ်နေသော တိယွင်ကို သူ မြင်လိုက်ရ၏။
တိယွင်က လက်သီးကို တင်းတင်းဆုပ်ထားရင်း တုန်ရီနေသော အသံဖြင့် ပြောလာသည်။
“ကျွန်... ကျွန်တော် တောင်းပန်ပါတယ်...”
ချူကျန့်မှာ ဒေါသထွက်ရန်ပင် ခွန်အားမရှိတော့ချေ။ သူက ခေါင်းယမ်းပြလိုက်၏။
“ခင်ဗျား အမှား မဟုတ်ပါဘူး မလုပ်ခိုင်းခင် အခြေအနေကို သေသေချာချာ နားမလည်ခဲ့တဲ့ ကျွန်တော့်အမှားပါ”
ဂူအပြင်ဘက်သို့ သူ လျှောက်ထွက်သွားလိုက်ရာ တိုက်ခတ်လာသော လေအေးများက သူ၏ ဒေါသမီးများကို အတော်လေး ငြိမ်းအေးသွားစေပြီး စိတ်ကို ပြန်လည် ကြည်လင်လာစေသည်။ သူ လှည့်ကြည့်ကာ ပြောလိုက်၏။
“အစ်ကိုတိ... ကျွန်တော့်ကိုယ်ပေါ်မှာ အရင် လေ့ကျင့်ကြည့်ပါလား ကျွမ်းကျင်သွားပြီဆိုမှ ဂိုဏ်းတူအစ်မကို သွားကယ်တာပေါ့”
နောက်မှ လိုက်ပါလာသော တိယွင်မှာ တုန်လှုပ်နေဆဲ ဖြစ်ရာ လက်ကို အဆက်မပြတ် ဝှေ့ယမ်းပြသည်။
“ကျွန်တော်... ကျွန်တော် မလုပ်ရဲဘူး ကျွန်တော်က အရမ်း တုံးအလွန်းတော့ ခင်ဗျားကိုပါ ထိခိုက်မိမှာ ကြောက်တယ်”
ချန်လင်းစု၏ အသက်သည် တိယွင်အပေါ်တွင်သာ မူတည်နေကြောင်း ချူကျန့် ကောင်းကောင်း သိသဖြင့် သူ့အား အကြိမ်ကြိမ် ဖျောင်းဖျ နှစ်သိမ့်ပေးရတော့သည်။ တိယွင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ရုတ်တရက် ပြောချလိုက်၏။
“ကျွန်တော် ခင်ဗျားကို နတ်ဘုရား အလင်းဖြာ ကျင့်စဉ် သင်ပေးရင်ရော ဘယ်လိုလဲ”
ချူကျန့် တစ်ယောက် ဆွံ့အသွားတော့သည်။ အကယ်၍ သူသာ နတ်ဘုရား အလင်းဖြာ ကျင့်စဉ်၏ အတွင်းအားကို ပိုင်ဆိုင်ထားမည်ဆိုလျှင် ချန်လင်းစုကို သေချာပေါက် ကယ်တင်နိုင်မည် ဖြစ်သော်လည်း ယခုမှ သင်ယူမည်ဆိုလျှင် အချိန်နှောင်းနေပြီ မဟုတ်လော။ သူ၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် ဤသိုင်းကျမ်းကို သင်ယူတတ်မြောက်နိုင်ပါ့မလား ဆိုသည်ကပင် ပြဿနာ တစ်ခု ဖြစ်နေ၏။ ကံကောင်းထောက်မစွာဖြင့် သင်ယူနိုင်ခဲ့မည် ဆိုလျှင်တောင် (၁၀) ရက်၊ လဝက် အတွင်း လူတစ်ယောက်ကို ကယ်တင်နိုင်လောက်သည့် အဆင့်အထိ ရောက်ရှိရန် ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
ထို့အပြင် ချန်လင်းစုအနေဖြင့် (၁၀) ရက်၊ လဝက်မျှ အသက်ရှင်နေနိုင်ပါဦးမည်လော ဆိုသည်ကပင် ကြီးမားသော မေးခွန်းကြီး တစ်ခု ဖြစ်နေ၏။
“အချိန်နှောင်းသွားပါပြီ”
ချူကျန့်က ငြင်းပယ်လိုက်ပြီး တိယွင်ကိုသာ ကူညီပေးရန် ထပ်မံ တောင်းဆိုရပြန်သည်။
ချူကျန့်သည် သူ၏ နတ်ဘုရား အလင်းဖြာ ကျင့်စဉ်အပေါ် လုံးဝ မမက်မောဘဲ သူ့အပေါ် အမှန်တကယ် ရိုးသားဖြူစင်ကြောင်း တိယွင် အပြည့်အဝ ယုံကြည်သွားတော့၏။ သူ၏ ရင်ထဲတွင် အပြစ်မကင်းသလို ခံစားရသကဲ့သို့ အကြီးအကျယ်လည်း ကြည်နူးထိမိသွားရာ အကြံပေးလိုက်သည်။
“ဒီလိုလုပ်ပါလား... ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားရဲ့ အတွင်းအား ထိန်းချုပ်နည်း သင်ပေးပြီး ခင်ဗျားကလည်း နတ်ဘုရား အလင်းဖြာ ကျင့်စဉ်ကို ကျင့်ကြံကြည့်ပေါ့။ ကျွန်တော်တို့ နှစ်ယောက်ထဲက ဘယ်သူပဲ မိန်းကလေးလင်ကို ကယ်နိုင် ကယ်နိုင် အဆင်ပြေတာပဲလေ”
တိယွင်၏ စကားက အဓိပ္ပာယ်ရှိကြောင်း ချူကျန့် တွေးမိလိုက်၏။ မျှော်လင့်ချက် အားလုံးကို တိယွင် တစ်ယောက်တည်းအပေါ် ပုံချထားခြင်းက ချန်လင်းစု၏ အသက်အန္တရာယ်အတွက် အကြီးမားဆုံး တာဝန်မဲ့မှု ဖြစ်သွားနိုင်သဖြင့် သူ သင်ယူရန် ဆုံးဖြတ်လိုက်တော့သည်။ ထူးဆန်းသော အတွင်းအား ကျင့်စဉ် တစ်ခုမျှသာ မဟုတ်လော။
“ကောင်းပြီ... ဒါဆိုလည်း အစ်ကိုတိကိုပဲ ဒုက္ခပေးရတော့မှာပေါ့”
ထိုသို့ဖြင့် တိယွင်နှင့် ချူကျန့်တို့သည် လေကွယ်ပြီး လူသူကင်းဝေးသော ထောင့်တစ်နေရာသို့ သွားရောက်ကာ တိယွင်က နတ်ဘုရား အလင်းဖြာ ကျင့်စဉ် တစ်အုပ်လုံးကို ချူကျန့်အား တိုးတိုးတိတ်တိတ် ရွတ်ပြ သင်ကြားပေးတော့၏။။
နတ်ဘုရား အလင်းဖြာ ကျင့်စဉ်မှာ အလွန် မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးကို လိုအပ်ခြင်း မရှိချေ။ တင်းတျန်၏ လမ်းညွှန်မှုအောက်တွင် တိယွင် တတ်မြောက်နိုင်ခဲ့ခြင်းက ဤအချက်အတွက် အကောင်းဆုံး သက်သေပင် ဖြစ်သည်။ သို့သော် မြင့်မားသော အဆင့်တစ်ရပ်သို့ ရောက်ရှိရန်အတွက်မူ တင်းတျန်ကဲ့သို့ ထက်မြက်လှသော ဉာဏ်ရည်ဉာဏ်သွေး လိုအပ်ဆဲ ဖြစ်၏။ အကယ်၍ တိယွင်သာ အလွန်တရာ ကံကောင်းလှသော အခွင့်အရေး တစ်ရပ်ကို မရရှိခဲ့ပါက အနှစ် (၂၀)၊ (၃၀) ခန့် ပြင်းပြင်းထန်ထန် ကျင့်ကြံလျှင်တောင်မှ နတ်ဘုရား အလင်းဖြာ ကျင့်စဉ်ကို တတ်မြောက်နိုင်မည် မဟုတ်ချေ။
ယခုလက်ရှိတွင် ချူကျန့်၏ သိုင်းပညာ ဉာဏ်ရည်မှာ (၁၄) မှတ်သာ ရှိသေးရာ သာမန်လူများ၏ ပျမ်းမျှအမှတ် (၂၀) ထက် အတော်လေး နိမ့်ကျနေဆဲပင်။ သို့သော် တိယွင်မှာလည်း အများဆုံး သူ့လောက်သာ ရှိပေလိမ့်မည်။ ထိုစဉ်က ဉာဏ်ရည် အလွန် ထက်မြက်လှသော တင်းတျန်သည် တိယွင်ကို သင်ကြားပေးရာတွင် အချိန်များစွာ ပေး၍ အကြိမ်ကြိမ် အထပ်ထပ် ရှင်းပြပေးခဲ့ရသည်။ ယခုမူ တင်းတျန် သင်ကြားပေးခဲ့သမျှ အရာအားလုံးကို တိယွင်က ချူကျန့်အား အကုန်အစင် ပြန်လည် ပို့ချပေးနေခြင်း ဖြစ်ရာ၊ ဒါက တင်းတျန် ကိုယ်တိုင်က ချူကျန့်အား သွယ်ဝိုက်သော နည်းလမ်းဖြင့် သိုင်းပညာ လက်ဆင့်ကမ်း ပေးနေခြင်းနှင့် တူညီနေတော့သည်။
နေ့ဝက်ခန့် အကြာတွင် ဂိမ်းစနစ်၏ အသိပေးသံကို ချူကျန့် ကြားလိုက်ရ၏။
[စနစ် အသိပေးချက်] "ဒင်... တိယွင်ရဲ့ အကြိမ်ကြိမ် ရှင်းလင်းသင်ကြားပေးမှုကြောင့် ဉာဏ်ရည် (၁၅) မှတ် လိုအပ်သော 'နတ်ဘုရား အလင်းဖြာ ကျင့်စဉ်' ကို အောင်မြင်စွာ သင်ယူ တတ်မြောက်သွားပါပြီ"
ချူကျန့် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။
တကယ်ပဲ... ဤနတ်ဘုရား အလင်းဖြာ ကျင့်စဉ် ဆိုသည်မှာ ထူးခြားလှသော အရာတစ်ခုတော့ မဟုတ်တန်ရာ။ ဉာဏ်ရည် (၁၅) မှတ်သာ လိုအပ်သည်ဆိုတော့ ချွမ်ကျန်း အတွင်းအား ကျင့်စဉ်ထက်ပင် နိမ့်ကျနေသေးသည် မဟုတ်လော။
သို့သော် နောက်တစ်စက္ကန့်တွင် လေထဲမှ ထွက်ပေါ်လာသော အသိပေးသံကြောင့် သူ လုံးဝ ဆွံ့အ မှင်တက်သွားရတော့သည်။
[စနစ် အသိပေးချက်] "ဒင်... သိုင်းလောက တစ်ခွင်လုံးသို့ ကြေညာချက်... ကစားသမား 'ချူလော့ကျွင်း' သည် 'ကျွမ်းကျင်အဆင့်' ရှိ သိုင်းပညာရှင် တိယွင်ထံမှ နတ်အဆင့် အတွင်းအား ကျင့်စဉ်ဖြစ်သော 'နတ်ဘုရား အလင်းဖြာ ကျင့်စဉ်' ကို အောင်မြင်စွာ သင်ယူ တတ်မြောက်သွားပါသဖြင့်၊ သိုင်းလောက ခေတ်သစ် ဆာဗာသစ်အတွင်း ဇာတ်ကောင်ထံမှ နတ်အဆင့် သိုင်းပညာကို ပထမဆုံး သင်ယူနိုင်ခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ ဆုလာဘ်အဖြစ် အထူးပစ္စည်း တစ်ခုကိုလည်း မဲဖောက် ရရှိမည် ဖြစ်သည်။ ဤဖြစ်ရပ်ကို ဆာဗာသစ်၏ 'ပိုင်ရှောင်ရှန်း ၏ သိုင်းလောက ဒဏ္ဍာရီ မှတ်တမ်း' တွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ကစားသမားများ အားလုံး သူ့ကို စံနမူနာယူကာ၊ ကြိုးကြိုးစားစား ကျင့်ကြံကြပြီး 'ပိုင်ရှောင်ရှန်း ၏ သိုင်းလောက ဒဏ္ဍာရီ မှတ်တမ်း' တွင် မိမိတို့၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များ အမြန်ဆုံး မှတ်တမ်းဝင်လာစေရန် ကြိုးပမ်းကြပါရန် တိုက်တွန်းအပ်ပါသည်"
[စနစ် အသိပေးချက်] "ဒင်... သိုင်းလောက တစ်ခွင်လုံးသို့ ကြေညာချက်... ကစားသမား 'ချူလော့ကျွင်း' ၏ ပထမဆုံး နတ်အဆင့် အတွင်းအား ကျင့်စဉ်ဖြစ်သော 'နတ်ဘုရား အလင်းဖြာ ကျင့်စဉ်' သည် 'သိုင်းပညာ အောင်မြင်မှု အဆင့်သတ်မှတ်ချက် စာရင်း' တွင် နံပါတ် (၁) နေရာကို အသစ်တဖန် ရယူသွားပါပြီ။ ကစားသမားများ အားလုံး ပိုမို ကြိုးစားကြပါရန် တိုက်တွန်းအပ်ပါသည်"
“ဟေ”
ချူကျန့် တစ်ယောက် ပါးစပ်အဟောင်းသားနှင့် လုံးဝကို အံ့အားသင့် မှင်သက်သွားတော့သည်။
‘ဒါက တကယ်ကြီးလား... လမ်းဘေးက လူလိမ်လူညာတွေ လိမ်စားဖို့ သုံးတဲ့ နာမည်မျိုးနဲ့ ဒီ နတ်ဘုရား အလင်းဖြာ ကျင့်စဉ် က တကယ့်ကို နတ်အဆင့် သိုင်းပညာကြီး ဖြစ်နေတာလား’
သူသည် အွန်လိုင်းဂိမ်းများကို အမြဲတစေ ဆော့ကစားလေ့ မရှိသော်ငြား သိုင်းလောက ဂိမ်းများတွင် နတ်အဆင့် အတွင်းအား ကျင့်စဉ်များက ကစားသမားများအတွက် မည်မျှ အရေးပါကြောင်းကိုမူ သူ ကောင်းကောင်း သိထား၏။ သာမန် ကစားသမား တစ်ယောက်ကိုပင် ထိပ်တန်း သိုင်းပညာရှင် အဆင့်အထိ ချက်ချင်း ဆွဲတင်ပေးနိုင်စွမ်း ရှိသည် မဟုတ်လော။