သိပ်ကို သာမန်ဖြစ်လွန်းလှတဲ့ သူငယ်ချင်းပါ
Vol. 9 Ch. 99
ကြည်လင်စူးရှသော ကြိုးကြာငှက်၏ အော်သံတစ်ခုက ကောင်းကင်ယံမှ အေးစက်လှသော လေပြင်းများကို ထိုးဖောက်၍ ထွက်ပေါ်လာ၏။ ကြိုးကြာဖြူကြီးမှာ နှင်းတောင်ကြားသို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အမည်းစက်လေးမှာ တဖြည်းဖြည်း ကြီးမားလာပြီး လေထဲတွင် ဝဲပျံ ကခုန်နေတော့သည်။
ထိုအော်သံကို ကြားသည်နှင့် တိယွင် ရွှေရှန်းနှင့် ချန်လင်းစုတို့သည် ဂူပေါက်ဝသို့ ရောက်ရှိနေကြပြီးဖြစ်ကာ မြေပြင်မှ ပေပေါင်းများစွာ အမြင့်တွင် ပျံသန်းနေသော ကြိုးကြာဖြူကြီးကို အံ့အားသင့်စွာ ငေးမောကြည့်နေကြ၏။ အထူးသဖြင့် ကြိုးကြာဖြူကြီး၏ ကျောပေါ်တွင် လူတစ်ယောက် ထိုင်လိုက်လာသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
သိုင်းလောကတွင် ငှက်များနှင့် သားရဲများကို ယဉ်ပါးအောင် လုပ်နိုင်သော ထူးခြားသည့် ပုဂ္ဂိုလ်များ အများအပြား ရှိသလို ကျော်ကြားသော သူရဲကောင်းများကလည်း ထူးဆန်းသော သတ္တဝါများကို စီးတော်ယာဉ်အဖြစ် အသုံးပြုကြသည်မှာ အမှန်ပင်။ ဥပမာ - ကောကျင့်၏ လင်းယုန်ဖြူကြီး နှစ်ကောင်နှင့် မြင်းနီကလေး၊ ယန်ကော၏ လင်းယုန်ကြီးတို့မှာ သိုင်းလောက တစ်ခွင်၌ နာမည်ကျော်ကြားလှသည်။ သို့သော် ကောလာဟလများကို ကြားဖူးရုံမျှသာ ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းကမူ လုံးဝကို ကွဲပြားခြားနားလှချေသည်။
အထူးသဖြင့် ဤမျှ ကြီးမားလှသော ကြိုးကြာဖြူကြီးမှာ ရှားပါးလှသော နတ်ငှက်တစ်ကောင် ဖြစ်နေသည် မဟုတ်လော။
ဤသို့သော နတ်ငှက်ကို မည်သူက ယဉ်ပါးအောင် စွမ်းဆောင်နိုင်ခဲ့သနည်း။ ကြိုးကြာဖြူကြီးပေါ်တွင် စီးနင်းလိုက်ပါလာသူမှာ မိတ်ဆွေလော သို့တည်းမဟုတ် ရန်သူလော။
သူတို့ သုံးဦးစလုံး၏ ရင်ထဲတွင် အနည်းငယ် တင်းမာသွားကြသည်။ လူသူကင်းမဲ့ပြီး ခြောက်ကပ်လှသော နှင်းတောင်ကြားထဲသို့ လူတစ်ယောက်နှင့် ငှက်တစ်ကောင် ရုတ်တရက် ပေါ်ပေါက်လာခြင်းက သူတို့အတွက် သံသယ ဖြစ်စရာ အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်နေချေပြီ။
“အစ်ကိုချူ... ပြန်လာပြီလား ဟိုမှာ ကြိုးကြာဖြူကြီး တစ်ကောင် ပျံလာတယ်”
အဝေးမှ ပြန်လာသော ချူကျန့်ကို မြင်လိုက်ရသည်နှင့် ရွှေရှန်းမှာ ချက်ချင်းပင် စိတ်အေးသွားပြီး သူ့အား ကြိုဆိုရန် ကပျာကယာ ပြေးသွားတော့သည်။
တိယွင်၏ တင်းမာနေသော မျက်နှာထားမှာလည်း သိသာစွာ ပြေလျော့သွား၏။
လွန်ခဲ့သော နှစ်ပတ်အတွင်း ချူကျန့်သည် သူတို့တစ်သိုက်အတွက် မသိမသာပင် မှီခိုအားထားရာ အမာခံ ကျောထောက်နောက်ခံကြီး ဖြစ်လာခဲ့ချေပြီ။
“စိတ်မပူပါနဲ့ ကျွန်တော်တို့လူ ဖြစ်ဖို့ များပါတယ်”
ချူကျန့်က နှာခေါင်းကို ပွတ်ရင်း ကောင်းကင်မှ ကြိုးကြာဖြူကြီးကို အနည်းငယ် လက်မြှောက်ပြလိုက်၏။
“ကျွန်တော်တို့လူ ဟုတ်လား”
ချန်လင်းစုနှင့် ရွှေရှန်းတို့သည် နားမလည်နိုင်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး ကောင်းကင်မှ ကြိုးကြာဖြူကြီးပေါ်တွင် ဝိုးတဝါး မြင်နေရသော မိန်းကလေးကို လှမ်းကြည့်လိုက်ကြသည်။
ချူကျန့် လက်ပြလိုက်သည်ကို မြင်သောအခါ ကောင်းကင်မှ မိန်းကလေးသည် ကြိုးကြာဖြူကြီး၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။ ကြိုးကြာဖြူကြီးက ကြည်လင်သော အော်သံတစ်ချက် ပေးလိုက်ပြီး၊ အောက်သို့ ဝဲပျံဆင်းသက်လာကာ သူတို့နှင့် ပေ (၁၀) ခန့် အကွာတွင် ဖြည်းညင်းစွာ ဆင်းသက်လိုက်တော့၏။
“မူအာ... လိမ္မာတယ် ရော့ ဒီမှာ ငါး”
အလွန်တရာ လှပကျော့ရှင်းလှသော မိန်းမပျိုလေး တစ်ဦးသည် ငါးငယ်လေး တစ်ကောင်ကို ထုတ်ယူကာ ကြိုးကြာဖြူကြီးအား ကျွေးလိုက်ပြီးနောက် နှင်းပြင်ပေါ်သို့ ခပ်ယဉ်ယဉ်လေး ခုန်ဆင်းလိုက်၏။
ထိုမိန်းကလေးမှာ အသက် (၂၀) ပင် မပြည့်လောက်သေးချေ။ သူမသည် အလွန် လှပသေသပ်သော ဖြူလွတ်နေသည့် ဖျံမွေးအင်္ကျီကို ဝတ်ဆင်ထားသော်လည်း၊ အောက်ပိုင်းတွင်မူ ဒူးခေါင်းကိုပင် အနိုင်နိုင် ဖုံးကွယ်ထားနိုင်သော စကတ်တိုအဖြူလေးကိုသာ ဝတ်ဆင်ထားရာ ဖြူဆွတ်နေသော ခြေသလုံးလေးများမှာ တစ်ဝက်ခန့် ပေါ်လွင်နေ၏။ ခြေဖဝါးထက်ရှိ သေသပ်လှပသော ပန်းအလှများ ထိုးသွင်းထားသည့် အနီရောင် ခြေကျင်းဝတ်ဖိနပ်လေးက နှင်းပြင်ထက်တွင် အထူး ပေါ်လွင်နေတော့၏။ သူမ၏ ရှည်လျားလှသော ဆံကေသာများကို ရိုးရှင်းသော ဆံထုံးလေးတစ်ခုအဖြစ် ထုံးဖွဲ့ထားပြီး၊ ဖြူစင်သော ကျောက်စိမ်းဆံထိုးလေး တစ်ချောင်း ထိုးထားရာ သူမအား ကျော့ရှင်းမှုနှင့်အတူ နုပျိုလန်းဆန်းသော အသွင်ကိုပါ ဆောင်စေ၏။
သူမသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားရင်း၊ မိမိအိမ်တွင် လမ်းလျှောက်နေသကဲ့သို့ နှင်းပြင်ထက်တွင် သက်သောင့်သက်သာ လျှောက်လှမ်းလာတော့သည်။
လေအေးတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားရာ မိန်းကလေးက သူမ၏ လွင့်ခတ်နေသော ဆံနွယ်များကို ညင်သာစွာ သပ်တင်လိုက်ပြီး ချူကျန့်ကို ချိုသာစွာ ပြုံးပြကာ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။
“ဟိုင်း... ချူလော့ကျွင်း... ငါ နင့်ကို လာခေါ်တာ”
သူမ၏ ချိုသာလှသော အပြုံးလေးက နှင်းတောင်ကြား တစ်ခုလုံးကိုပင် လင်းထိန်သွားစေသယောင် ပြင်းထန်လှသော လေအေးများနှင့် ထူထပ်သော နှင်းများကြားတွင်ပင် သူမသည် နွေဦးပေါက်တွင် ပွင့်လန်းလာသော ပန်းတစ်ပွင့်ပမာ တောက်ပပြီး ဆွဲဆောင်မှု အပြည့်ရှိနေချေပြီ။
ရွှေရှန်းမှာ အတော်လေး ချောမောလှပသော မိန်းကလေး တစ်ဦးဖြစ်သော်လည်း သူမ၏ ရှေ့မှ မြင့်မြတ်ကျော့ရှင်းလှသော ဤမိန်းမပျိုလေးနှင့် နှိုင်းယှဉ်လိုက်သောအခါ သူမ၏ ရင်ထဲတွင် အားငယ်စိတ်များ ဝင်ရောက်လာတော့သည်။ အထူးသဖြင့် အစ်ကိုချူနှင့် ထိုမိန်းမပျိုလေးတို့၏ ရင်းနှီးကျွမ်းဝင်နေမှုကို မြင်လိုက်ရသောအခါ ရွှေရှန်းမှာ ရုတ်တရက် အကြောင်းပြချက် မရှိဘဲ ဝမ်းနည်းလာမိတော့၏။
ချန်လင်းစုမှာလည်း ဂူနံရံကို ကိုင်ထားသော သူမ၏ လက်များကို မသိမသာပင် ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိရာ သူမ၏ သွယ်လျသော လက်ချောင်းလေးများပင် ဖြူရော်လာတော့သည်။
မိမိ၏ နောက်ကွယ်ရှိ မိန်းကလေး နှစ်ဦး၏ မျက်နှာအမူအရာများကို သတိမပြုမိဘဲ ချူကျန့်သည် မိန်းကလေးချင်၏ စကတ်တိုလေးကို တစ်ချက် ကြည့်လိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်၏။
“နင် မချမ်းဘူးလား ဒီလို နှင်းတွေကျနေတဲ့ နေရာမှာ စကတ်တိုကြီး ဝတ်လာရတယ်လို့”
နှင်းတောင်ကြားထဲတွင် ပိတ်မိနေစဉ်အတွင်း ရေခဲနံရံတွင် အပေါက်ငယ်လေးများ တူးပြီး အပေါ်သို့ တွယ်တက်ရန်ကဲ့သို့သော ထွက်ပြေးလွတ်မြောက်မည့် နည်းလမ်းများစွာကို ချူကျန့် တွေးတောခဲ့ဖူးသည်။ သို့သော် ဤနည်းလမ်းမှာ အလွန်တရာ အန္တရာယ်များလှသည်။ အကယ်၍ ခြေချော်လက်ချော် ဖြစ်ပြီး ပြုတ်ကျသွားပါက သူ တစ်ဦးတည်းသာမက နတ်ဘုရား အလင်းဖြာ ကျင့်စဉ်ကို တတ်မြောက်ထားသော တိယွင်ပင်လျှင် အသက်ရှင်နိုင်မည် မဟုတ်ပေ။ အဖျားရောဂါမှ အပြည့်အဝ နာလန်မထသေးသော ချန်လင်းစုအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
အကြိမ်ကြိမ် စဉ်းစားပြီးနောက် ချင်ရူယွင်ကို သူ သတိရသွားတော့သည်။ ကစားသက် ရင့်ကျက်သော ဤကစားသမားမှာ နည်းလမ်းတစ်ခုခု ရှိနိုင်သည်ဟု တွေးမိသဖြင့် လင်းယုန်ရွှေမှတစ်ဆင့် သူမထံသို့ သတင်းပို့လိုက်ခြင်း ဖြစ်သည်။
ချင်ရူယွင်ကလည်း ချက်ချင်းပင် သဘောတူလက်ခံခဲ့ပြီး ပြန်စာပို့လာခဲ့၏။
“ငါ့ကို ခန့်မှန်းခြေ နေရာလေး ပြောပြ ဒီလို နှင်းတောင်ကြားတွေက အရမ်းများတော့ ရှာရခက်တယ်”
ချူကျန့်က သူ နှင်းတောင်ပေါ်သို့ တက်လာခဲ့သော လမ်းကြောင်းကို မှတ်ဉာဏ်ထဲမှ ပြန်လည် ဆွဲထုတ်ကာ ချင်ရူယွင်ထံသို့ ပို့ပေးလိုက်၏။
ချင်ရူယွင်က “ငါ့ကို စောင့်နေ” ဟုသာ ပြန်စာပို့လာပြီးနောက် မည်သည့် သတင်းမျှ ထပ်မံ ထွက်ပေါ်မလာတော့ချေ။
ချူကျန့်မှာလည်း သူမ လာမည့်အချိန်ကို စောင့်မျှော်နေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ ဤမိန်းကလေးမှာ တစ်ခါတစ်ရံ စကားများ ကမောက်ကမ နိုင်သော်ငြား၊ သူမ ပြောသည့်အတိုင်းတော့ အမြဲ လုပ်လေ့ရှိသည် မဟုတ်လော။
သို့သော် သူမက ကြိုးကြာဖြူကြီးကို စီးကာ ရောက်လာလိမ့်မည်ဟုတော့ ချူကျန့် အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ပေ။ ဤသို့သော နတ်ငှက်မျိုး၏ တန်ဖိုးကို သူ နားမလည်သော်လည်း၊ ယဉ်ပါးအောင် ယဉ်ကျေးရန် အလွန် ခက်ခဲမည်ဖြစ်ပြီး ကြီးမားလှသော ကံတရားတစ်ခု လိုအပ်မည်ဆိုသည်ကိုတော့ သူ ကောင်းကောင်း မှန်းဆမိ၏။
ဩော်... ဟုတ်သားပဲ... လွန်ခဲ့သော အချိန်အတန်ကြာက သိုင်းလောက တစ်ခွင်လုံးသို့ ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့ဖူးသည်။ ထိုကြေညာချက်မှာ ဤမိန်းကလေးချင် အကြောင်းဖြစ်ပြီး "အိမ်မွေးတိရစ္ဆာန် အဆင့်သတ်မှတ်ချက် စာရင်း" တစ်ခု စတင်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ သို့သော် ထိုအချိန်က ချူကျန့်မှာ နတ်ဘုရား အလင်းဖြာ ကျင့်စဉ်ကို လေ့ကျင့်ရန် အာရုံများနေသဖြင့် သေချာ ဂရုမစိုက်မိခဲ့ချေ။
ရုတ်တရက် သူ၏ ခေါင်းထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက် ပေါ်လာတော့၏။ ချင်ရူယွင်က သူ့ကို ကယ်တင်ရန်အတွက် ဤကြိုးကြာဖြူကြီးကို တကူးတက သွားရောက် ယဉ်ပါးခဲ့ခြင်းများလား။
မဖြစ်နိုင်သော ဤအတွေးကို သူ ချက်ချင်းပင် ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။ သူ့ကို ကူညီရန် လိုလိုလားလား ရှိနေခြင်းကပင် ကြီးမားလှသော ကျေးဇူးတစ်ခု ဖြစ်နေပြီ မဟုတ်လော။ သူ့အတွက်နှင့် ဤနတ်ငှက်ကို ယဉ်ပါးရန် ဤမျှလောက် ဒုက္ခခံပေးလိမ့်မည်ဟု သူ မည်သို့ မျှော်လင့်ရဲမည်နည်း။
“အို... နင်က ငါ့ကို စိတ်ပူနေတာပေါ့လေ”
ခေါင်းလောင်းလေးပမာ ကြည်လင်ချိုသာလှသော မိန်းကလေး၏ အသံလေးက ချူကျန့်ကို အတွေးကမ္ဘာထဲမှ ပြန်လည် ဆွဲခေါ်လာတော့သည်။ ချင်ရူယွင်၏ ပြုံးရွှင်နေသော မျက်နှာလေးကို မြင်သောအခါ သူက စိတ်တိုတိုဖြင့် ပြန်ပြောလိုက်၏။
“နင့်ကို ကြည့်ပြီး ငါ ချမ်းလာလို့ပါဟ”
ထို့နောက် ချူကျန့်က ဆက်မေးလိုက်၏။
“နင် တစ်ယောက်တည်း လာတာလား”
ဂိမ်းထဲတွင် မိန်းကလေးချင်မှာ နောက်လိုက်နောက်ပါ အမြောက်အမြား ဝန်းရံနေမည်ဟု သူ ယူဆထားခဲ့သည်။ သူမသည် ကစားသမား ဂိုဏ်းကြီးတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည် မဟုတ်လော။
“ငါ့ ကြိုးကြာဖြူကြီးက လူနှစ်ယောက်ပဲ စီးလို့ရတာလေ ငါ လူတွေ အများကြီး ခေါ်လာရင် နင့်ကို ဒီကနေ ဘယ်လို ခေါ်ထုတ်သွားလို့ ရမှာလဲ”
ချင်ရူယွင်၏ အကြည့်တို့က ချူကျန့်၏ နောက် နှစ်လှမ်းအကွာတွင် ရပ်နေသော ရွှေရှန်းနှင့် ကျောက်နံရံကို မှီနေသော ချန်လင်းစုတို့ထံသို့ ရောက်ရှိသွားတော့သည်။ သူမက မဲ့ပြုံးလေး တစ်ချက် ပြုံးလိုက်ကာ ပြောလာ၏။
“ဒါတွေက နင့်ရဲ့ သူငယ်ချင်းကောင်း တွေပေါ့လေ ငါ့ကို မိတ်ဆက်မပေးတော့ဘူးလား”
'သူငယ်ချင်းကောင်း' ဟု ပြောလိုက်သော သူမ၏ လေသံမှာ အဘယ်ကြောင့် ဤမျှ ရွဲ့စောင်းနေရသနည်း။
ချန်လင်းစုက ရုတ်တရက် ရှေ့သို့ ထွက်လာကာ ပြောလိုက်၏။
“သူ မိတ်ဆက်ပေးစရာ မလိုပါဘူး ကျွန်မက ချန်လင်းစုပါ ချူလော့ကျွင်းရဲ့ ဂိုဏ်းတူအစ်မပေါ့”
ချင်ရူယွင်မှာ အတော်လေး အံ့အားသင့်သွားတော့သည်။
“အဆိပ်လက်ဝါး ဆေးဘုရင်ရဲ့ တံခါးပိတ်တပည့် ချန်လင်းစု မဟုတ်လား”
ချန်လင်းစုက သိချင်စိတ်ဖြင့် ပြန်မေးလိုက်၏။
“ရှင် ကျွန်မ နာမည်ကို ကြားဖူးလို့လား”
ဤမျှ ကျော်ကြားလှသော ဇာတ်ကောင်များအတွက် သက်ဆိုင်ရာ ဝတ္ထုများကို ဖတ်ဖူးသူ သို့မဟုတ် ဇာတ်ကားများကို ကြည့်ဖူးသူ ကစားသမားများအနေဖြင့် သူတို့အကြောင်း အရာအားလုံးကို သိရှိနေကြမည်မှာ သဘာဝပင်။ သို့သော် ဂိမ်းထဲတွင် ကစားသမား တစ်ယောက်က "ဒါပေါ့... ငါ သိတာပေါ့ မင်းက ဘယ်သူလေ နောက်ကျရင် မင်း ဘာတွေလုပ်မှာလေ" ဟု ပြောလိုက်ပါက ဂိမ်း၏ ပင်မစနစ်မှ ထိုစကားများကို အလိုအလျောက် ပိတ်ပင်လိုက်မည် ဖြစ်ပြီး "လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်း" ဟူသော ပြစ်မှုဖြင့် အပြစ်ပေးခံရမည် ဖြစ်သည်။
ချင်ရူယွင်က ချူကျန့်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ငါက ချူလော့ကျွင်းနဲ့ စာတွေ အမြဲ အပြန်အလှန် ပို့နေတာလေ သူ ပြောပြဖူးပါတယ်”
ချန်လင်းစုကလည်း ချူကျန့်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
“ဩော်... ဂိုဏ်းတူမောင်လေးက ဒီမိန်းကလေးကို အရာအားလုံး ပြောပြထားတာကိုး”
အကြောင်းပြချက် မရှိဘဲ ထိုမိန်းကလေး နှစ်ဦးကြားတွင် တင်းမာမှု တစ်ခုခု ရှိနေကြောင်းကို ချူကျန့် ခံစားလိုက်ရသည်။ သူက ရွှေရှန်းကို ကပျာကယာ ဆွဲခေါ်လာပြီး မိတ်ဆက်ပေးလိုက်၏။
“ဒါက မိန်းကလေး ရွှေရှန်း တဲ့ ဟိုက တိယွင် သူတို့ နှစ်ယောက်စလုံးက ဒီနှင်းတောင်ကြားထဲမှာ ကျွန်တော် ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းကောင်းတွေပါ”
ချင်ရူယွင်က ပြုံးလိုက်ပြီး လက်နှစ်ဖက် အုပ်မိုးကာ နှုတ်ဆက်လိုက်တော့၏။
“အားလုံးပဲ မင်္ဂလာပါ ကျွန်မ နာမည်က 'မိုးရေမစဲ ကြွာရွက်မကြွေ' လို့ ခေါ်ပါတယ်... 'မိန်းကလေး ရွက်မကြွေ' လို့ပဲ ခေါ်လို့ရပါတယ်... ကျွန်မက ချူလော့ကျွင်းရဲ့...”
ကိုယ်လုံးလေးတွေ သိသာစွာ တင်းမာသွားသော ချန်လင်းစုနှင့် ရွှေရှန်းတို့ကို သူမက တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးကာ ဆက်ပြောလိုက်၏။
“ချူလော့ကျွင်းရဲ့ သိပ်ကို သာမန်ဖြစ်လွန်းလှတဲ့ သူငယ်ချင်းပါ ဟုတ်ပါတယ်... သိပ်ကို သာမန်ဖြစ်လွန်းလို့ သူ့ကို ကယ်ဖို့အတွက် ဒီနှင်းတောင်ကြားဆီကို မိုင်ပေါင်းထောင်ချီပြီး အနိုင်နိုင် လာခဲ့ရတဲ့ သာမန် သူငယ်ချင်းလေး တစ်ယောက်ပါပဲ”