← Chapters

လက်ကိုဆွဲကိုင်ခြင်း

Vol. 9 Ch. 100

လက်ကိုဆွဲကိုင်ခြင်း

Vol. 9 Ch. 100

ချန်လင်းစုသည် 'အဝေးကြီးမှ' ဟူသော စကားလုံးကို အလိုအလျောက် လျစ်လျူရှုလိုက်ဟန်ဖြင့် မှိန်ပျပျ ပြုံးလိုက်၏။

“ဒါဆိုလည်း သိပ်ကို သာမန်ဖြစ်တဲ့ သူငယ်ချင်းတွေပေါ့လေ ဒါကြောင့်မို့ ကျွန်မရဲ့ ဂိုဏ်းတူမောင်လေးက ရှင့်အကြောင်း တစ်ခါမှ မပြောပြဖူးတာ နေမှာပေါ့”

ချင်ရူယွင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြုံးလိုက်၏။

“ဩော်... ဒီလိုကိုး တချို့ကိစ္စတွေကျတော့လည်း ဂိုဏ်းတူအစ်မကို အကုန် လိုက်ပြောပြစရာ မလိုဘူးလို့ ချူလော့ကျွင်းက ထင်လို့နေမှာပေါ့ ဘာပဲဖြစ်ဖြစ် မိန်းကလေးချန်က ဂိုဏ်းတူအစ်မ တစ်ယောက်ပဲလေ ဟုတ်တယ်မလား”

မိန်းမပျို နှစ်ဦးစလုံးမှာ မျက်နှာထက်တွင် အပြုံးကိုယ်စီဖြင့် အဝေးမှကြည့်လျှင် ရင်းရင်းနှီးနှီး ရယ်မောပြောဆိုနေကြပုံ ပေါက်သော်ငြား သူတို့၏ အကြည့်များ ဆုံတွေ့သွားချိန်တွင်မူ မျက်စိဖြင့် မမြင်နိုင်သော မီးပွားများ လွင့်စင်ထွက်ပေါ်လာသကဲ့သို့ ရှိချေတော့သည်။

ချူကျန့်မှာ မနေနိုင်တော့ဘဲ မိမိ၏ နဖူးကိုသာ လက်ဖြင့် ပွတ်သပ်လိုက်မိတော့သည်။

မိန်းမများ စုမိလျှင် ပြဿနာ ပေါ်တတ်ကြောင်းကို သူ စောစောကတည်းက သိထားပြီး ဖြစ်သည်။ သို့သော် လှပသော မိန်းမများမှသာ ပိုမို ပြင်းထန်သော ပဋိပက္ခများ ရှိတတ်သည်ဟု သူ ထင်မှတ်ထားခဲ့မိ၏။ ယနေ့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရမှုက သူ၏ အမြင်အာရုံကို ကျယ်ပြန့်သွားစေခဲ့လေပြီ။

ချင်ရူယွင်နှင့် အပြင်းအထန် အားပြိုင်နေသူမှာ ရုပ်ရည်ချင်း ယှဉ်နိုင်လောက်အောင် လှပသော ရွှေရှန်း မဟုတ်ဘဲ သာမန်ရုပ်ရည်သာ ရှိသော ချန်လင်းစု ဖြစ်နေခြင်းက အလွန်တရာ ထူးဆန်းနေချေသည်။ ချန်လင်းစု၏ စရိုက်မှာ တစ်ခါတစ်ရံ အစွန်းရောက်ပြီး ထူးခြားဆန်းကြယ်တတ်သော်လည်း သူစိမ်း မိန်းမချောလေး တစ်ဦးအပေါ် ဤမျှ သိသာထင်ရှားသော ရန်လိုမှုမျိုး ပြသလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သဘာဝ ရန်သူတော်ကြီးနှင့် ဆုံတွေ့လိုက်ရသည့်အလား ဖြစ်နေချေပြီ။

လှပသော ရွှေရှန်းအပေါ်တွင်မူ သူမက အတော်လေး ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သည် မဟုတ်လော။ ထိုယဉ်ကျေးမှုထဲတွင် ခပ်တန်းတန်း နေလိုသော သဘောထားလေး မသိမသာ ပါဝင်နေသော်ငြား ယခုကဲ့သို့ မဟုတ်ခဲ့ချေ။

မိန်းမပျို နှစ်ဦးသည် ဂူပေါက်ဝတွင် အပြန်အလှန် အားပြိုင်ရပ်နေကြရာ ထိုနေရာရှိ လေထုမှာ အလွန်အမင်း တင်းမာနေသဖြင့် ဘာမှ နားမလည်သော တိယွင် ပင်လျှင် အခြေအနေ မဟန်ကြောင်း ရိပ်မိသွား၏။ သူက ခန္ဓာကိုယ်ကို ကျုံ့ကာ တိတ်တဆိတ် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသလို ရွှေရှန်းမှာလည်း အလိုအလျောက်ပင် ချူကျန့်၏ နောက်ကွယ်သို့ ဝင်ရောက် ပုန်းအောင်းလိုက်တော့၏။

ချူကျန့်က စကားစလိုက်၏။

“ကဲပါ... အပြင်မှာ အရမ်းအေးတယ် ဂိုဏ်းတူအစ်မ ဂူထဲ ပြန်ဝင်ပြီး နားလိုက်ပါဦး မိန်းကလေး ရွက်မကြွေ ကျွန်တော်နဲ့ ခဏလောက် လိုက်ခဲ့ပေးပါလား”

ချူကျန့်သည် ပို၍ စကားမရှည်တော့ဘဲ ချင်ရူယွင်၏ လက်ကို ဆွဲကိုင်ကာ ခေါ်ထုတ်သွားတော့သည်။

ချန်လင်းစုသည် သူတို့၏ ဆုပ်ကိုင်ထားသော လက်များကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ခေါင်းကို ငုံ့ထားလိုက်၏။

ချင်ရူယွင်ကလည်း လုံးဝ ရုန်းကန် ငြင်းဆန်ခြင်း မရှိဘဲ ချူကျန့် ဆွဲခေါ်ရာ အဝေးရှိ ထောင့်တစ်နေရာသို့ လိုက်ပါသွားတော့၏။

ထိုနေရာသို့ ရောက်သောအခါ သူမက ချူကျန့်ကိုသာ စူးစိုက်ကြည့်နေ၏။

“ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား”

ချူကျန့်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

ချင်ရူယွင်က ခေါင်းယမ်းပြလိုက်၏။

“မပေပါဘူး ငါလေ နင့်ကို မတွေ့ရတာ အတော်ကြာပြီလို့ ထူးထူးဆန်းဆန်း ခံစားနေရလို့ပါ”

ချူကျန့်က စိတ်ထဲမှ တွေးလိုက်၏။

'ဂိမ်းထဲက အချိန်နဲ့ တွက်မယ်ဆိုရင် ဒါက ငါတို့ နှစ်ယောက်ရဲ့ ပထမဆုံး အကြိမ် လူချင်း တွေ့ဆုံတာပဲ ဖြစ်ရမှာလေ'

ဤသို့တွေးမိရာမှ သူက သိချင်စိတ်ဖြင့် မေးလိုက်၏။

“ဒါနဲ့ နင်က မြင်မြင်ချင်း ငါမှန်း ဘယ်လိုလုပ် သိတာလဲ”

သူက ချင်ရူယွင်ကို မှတ်မိနေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ သူမ၏ ဂိမ်း ဇာတ်ကောင် ရုပ်ရည်မှာ အပြင်လောကမှ သူမ၏ ပုံပန်းသဏ္ဌာန်နှင့် ထပ်တူနီးပါး တူညီနေသည် ။ ပြဿနာမှာ ချူကျန့်၏ ရုပ်ရည်ကို အကြိမ်ကြိမ် ပြုပြင် မွမ်းမံထားခဲ့သဖြင့် အပြင်လောကထက် အဆပေါင်းများစွာ ပို၍ သာမန်ဆန်သွားကာ ရင်းနှီးကျွမ်းဝင်သူများပင် တစ်ချက်တည်းဖြင့် မှတ်မိရန် ခက်ခဲလှသော လူအုပ်ထဲမှ သာမန် ရုပ်ရည်မျိုး ဖြစ်နေခြင်းပင်။

ချင်ရူယွင်မှာလည်း ကြောင်အသွားတော့သည်။ ထူးဆန်းလှစွာဖြင့် ချူကျန့်၏ ရုပ်ရည်ကို သူမ လုံးဝ စိမ်းသက်နေခြင်း မရှိခဲ့သလို သူက လက်ကို ဆွဲကိုင်ခေါ်ဆောင်လာသည်ကိုပင် မငြင်းဆန်ခဲ့မိချေ။ နေပါဦး... သူက ..ငါ့ရဲ့ လက်ကို ဆွဲကိုင်ထားတယ် ဟုတ်လား။ သူက သူမ၏ လက်ကို တကယ်ကြီး ရဲရဲတင်းတင်း ဆွဲကိုင်ရဲတယ်တဲ့လား။

'ယောက်ျားလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ရဲ့ လက်ကို ဒီလို အလွယ်တကူ ဆွဲကိုင်လို့ ရလို့လား... ဂိမ်းထဲမှာတောင် ကိုယ်နဲ့ ရွယ်တူ ယောက်ျားလေး တစ်ယောက်ရဲ့ လက်ဆွဲတာကို ငါ တစ်ခါမှ မခံခဲ့ရဖူးပါဘူး'

ဘုရားရေ... သူ လက်ကို ဆွဲကိုင်ထားတာကို ငါက ဘာလို့ သတိမထားမိခဲ့ရတာလဲ။

ချင်ရူယွင်၏ မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားတော့သည်။ သူမက လက်ကို ရုန်းဖယ်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်၏။

“ဟေ့... ချူလော့ကျွင်း... နင် ငါ့လက်ကို ဘယ်လောက်ကြာကြာ ဆွဲထားဦးမလို့လဲ”

ထိုအခါမှသာ ချူကျန့်သည် မိမိ၏ လက်ဖဝါးထဲမှ နူးညံ့၊ နွေးထွေးပြီး ချောမွေ့လှသော အတွေ့အထိကို သတိပြုမိသွားကာ ကပျာကယာ လွှတ်ပေးလိုက်တော့၏။ ဤ စစ်မြေပြင် ထဲမှ ဤမိန်းကလေးကို အမြန်ဆုံး ခေါ်ထုတ်လာချင်ဇောဖြင့် အခြား ဘာကိုမျှ သူ သေချာ မစဉ်းစားမိခဲ့ချေ။

ချင်ရူယွင်၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီးနောက် မဲ့ပြုံးလေး တစ်ချက် ပြုံးကာ မေးလိုက်သည်။

“စကားမစပ် နင့်ရဲ့ ဂိုဏ်းတူအစ်မ ရှေ့မှာတင် ငါ့လက်ကို ဆွဲလာတာ တကယ်ပဲ အဆင်ပြေရဲ့လား”

ချူကျန့်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြန်ဖြေလိုက်၏။

“နင့်ကို ဒီကနေ အမြန် ဆွဲခေါ်လာချင်ရုံ သက်သက်ပါ ဒါကိုများ လက်ကိုင်တယ်လို့ ခေါ်လို့ရမလား”

ချင်ရူယွင်က သူမ၏ နားထင်ဘေးမှ ဆံနွယ်လေး တစ်စကို သပ်တင်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။

“ဒါဆို ဘယ်လိုဟာကို လက်ကိုင်တယ်လို့ ခေါ်တာလဲ နင့်ရဲ့ ဂိုဏ်းတူအစ်မနဲ့ရော လက်တွဲဖူးလို့လား”

ဤမျှ အဓိပ္ပာယ် မရှိသော မေးခွန်းများကို ဖြေကြားနေရန် မလိုအပ်ဟု ချူကျန့် ခံစားလိုက်ရသည်။ သိုင်းလောကတွင် အခြေအနေ အချိန်အခါအရ လှုပ်ရှားရသည်များ ရှိရာ လက်ဆွဲကိုင်ခြင်းသာမက ပွေ့ဖက်ခြင်း သို့မဟုတ် ကျောပိုးခြင်းများပင် အထူးအဆန်း မဟုတ်ချေ။

ကောရှန်နှင့် ချန်လင်းစုတို့က အကောင်းဆုံး ဥပမာများပင် ဖြစ်သည်။

ထိုစဉ်က ဆေးရှာဖွေရန်အတွက် ကောရှန်၏ တစ်ကိုယ်လုံးကိုပင် သူ အနှံ့အပြား ရှာဖွေစမ်းသပ်ခဲ့ရသေးသည် မဟုတ်လော။ အဟမ်း... သေချာ စေ့စေ့စပ်စပ်ကို ရှာဖွေခဲ့ရခြင်း ဖြစ်သည်။

ချူကျန့်က စကားလမ်းကြောင်း လွှဲလိုက်၏။

“ဒါတွေ ထားလိုက်ပါတော့ ငါ မှာလိုက်တဲ့ ဆေးပင်တွေနဲ့ ဆေးဝါးတွေရော ပါလာလား”

ချင်ရူယွင်က စကားပြန်မပြောတော့ဘဲ သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူကာ ပစ်ပေးလိုက်တော့သည်။ ဤအိတ်မှာ ယခင်က ချူကျန့်အား လက်နက်ကိရိယာများ ပေးစဉ်က အသုံးပြုခဲ့သော ဘက်စုံသုံး သိုလှောင်အိတ်မျိုး ဖြစ်ပြီး ကစားသမား၏ ကိုယ်ပိုင် သိုလှောင်အိတ်နှင့် တိုက်ရိုက် ပေါင်းစပ်ကာ နေရာချဲ့ထွင်နိုင်၏။

ချူကျန့်သည် ပေါင်းစပ် ချဲ့ထွင်ခြင်း လုပ်ငန်းစဉ်ကို အမြန် လုပ်ဆောင်လိုက်ရာ မိန်းကလေးချင်က သူ တောင်းဆိုထားသည်ထက်ပင် ပိုမို များပြားသော ဆေးဖက်ဝင် အပင်များကို ပေးဆောင်လာကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် ငွေ ဟူသော စကားတစ်ခွန်းမျှပင် မဟခဲ့ချေ။

ချူကျန့်မှာ မနေနိုင်တော့ဘဲ လက်မထောင်ပြလိုက်မိတော့၏။

“ရက်ရောလိုက်တာ မိန်းကလေးချင် ဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်”

ထိုစဉ် ချင်ရူယွင်က မေးလာသည်။

“နင်က ဒီလောက် ဆေးပင်တွေ အများကြီး တောင်းနေတာ နင့်ရဲ့ ဂိုဏ်းတူအစ်မ နာလန်ထဖို့အတွက် သုံးမလို့လား သူ့ပုံစံက အရမ်း အားနည်းနေသလိုပဲ အကြီးအကျယ် ဖျားထားတာလား”

ချူကျန့်က ခေါင်းညိတ်ပြလိုက်၏။

ချင်ရူယွင်က နှာခေါင်းရှုံ့လိုက်သည်။

“နင့် ဂိုဏ်းတူအစ်မ အတွက်မှန်း ငါ ကြိုသိရင် ဒီလောက် အများကြီး ပြင်ဆင်လာပေးမှာ မဟုတ်ဘူး”

“နင်က မိန်းကလေးချန်ကို ဘာလို့ အဲ့ဒီလောက် ရန်လိုနေရတာလဲ”

ချင်ရူယွင်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

“မသိပါဘူး သူ့ကို မြင်လိုက်တာနဲ့တင် ဒေါသထွက်ချင်လာလို့ပါ”

မိန်းမများဆိုသည်မှာ တကယ့်ကို အကျိုးအကြောင်း မသင့်နိုင်သော သတ္တဝါများပေတကား။ ချူကျန့်အနေဖြင့် ဤသို့သာ ပြောလိုက်နိုင်တော့သည်။

“ငါ့ မျက်နှာကို ထောက်ပြီး သူနဲ့ ထပ်ပြီး စကားမများပါနဲ့တော့”

ချင်ရူယွင်က သူ့ကို တစ်ချက် စောင်းကြည့်လိုက်၏။

“နင့် မျက်နှာ ဟုတ်လား ကောင်းပြီလေ... ဆာဗာသစ်ရဲ့ နံပါတ်တစ် ကစားသမား ချူလော့ကျွင်းရဲ့ မျက်နှာကို ထောက်ပြီးတော့ဆိုရင်လည်း မဖြစ်နိုင်စရာတော့ မရှိပါဘူး ငါ အတော်လေး သိချင်နေတာက နင် ချန်လင်းစုနဲ့ ဘယ်လိုလုပ် တွေ့ပြီး သူ့ရဲ့ ဂိုဏ်းတူမောင်လေး ဖြစ်သွားရတာလဲ အဆိပ်လက်ဝါး ဆေးဘုရင်က သေသွားတာ ကြာပြီ မဟုတ်ဘူးလား ကောကျင့်ရဲ့ ဂိုဏ်းကနေ နင် ထွက်လိုက်ပြီလား”

ချူကျန့်က ပြန်ဖြေလိုက်၏။

“မဟုတ်ပါဘူး... နာမည်ခံ သက်သက်ပါပဲ စကားမစပ် နင်က သတင်း တော်တော် နားစွင့်ထားတာပဲ အဆိပ်လက်ဝါး ဆေးဘုရင် မရှိတော့ဘူး ဆိုတာတောင် သိနေတယ်”

ချင်ရူယွင်က သူ့အား ဂြိုဟ်သား တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လာ၏။

“ဒါက နှင်းတောင်ပျံ မြေခွေး ဝတ္ထုထဲမှာ ရေးထားတာလေ ဘယ်သူက မသိဘဲ နေမှာလဲ”

ချူကျန့်မှာ လုံးဝ နားမလည်နိုင်ဖြစ်သွား၏။

“နှင်းတောင်ပျံ မြေခွေး ဟုတ်လား”

“ဆရာကြီး ကျင်းယုံရဲ့ ဝတ္ထုလေ နင် မဖတ်ဖူးဘူး မလား”

ချူကျန့်က ခေါင်းယမ်းပြလိုက်၏။

“တိယွင်၊ ရွှေရှန်း နဲ့ လျန်ချန်ကျယ် ရော”

“ဘာ လျန်ချန်ကျယ် လဲ”

“လီရွှင်ဟွမ် ရော ချူလျိုရှန်း၊ လုရှောင်ဖုန်း၊ ခိုကျုံး၊ ရွှီဇီလင်၊ ကျန်းဝူကျိ ရော သူတို့ နာမည်တွေကိုရော နင် ကြားဖူးလား”

“လီရွှင်ဟွမ် ကိုတော့ ရေးတေးတေး မှတ်မိတယ် ဂိမ်း ကြော်ငြာတဲ့ ဝက်ဘ်ဆိုက်မှာ တွေ့လိုက်မိသလားလို့ ကျန်တဲ့ သူတွေကိုတော့ ငါ တစ်ခါမှ မကြားဖူးဘူး”

သူ၏ မျက်နှာအမူအရာမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း မြင်လိုက်ရသောအခါ ချင်ရူယွင်မှာ မနေနိုင်တော့ဘဲ သူမ၏ နဖူးကိုသာ ပွတ်သပ်လိုက်မိတော့သည်။

“တချို့အချိန်တွေဆိုရင် နင်က အာကာသထဲကများ လာသလားလို့ ငါ တကယ် ထင်မိတယ် ဝတ္ထုတွေ မဖတ်ဖူးရင်တောင် တီဗီ ဇာတ်လမ်းတွဲတွေလောက်တော့ ကြည့်ဖူးမှာပေါ့ အသက် (၈၀) အရွယ် အဘိုးကြီးကနေ အသက် (၈) နှစ် အရွယ် ကလေးအထိ အကုန်သိတဲ့ နာမည်ကြီး ဇာတ်ကောင်တွေချည်းပဲလေ ကျောင်းတက်တုန်းက နင့် သူငယ်ချင်းတွေ၊ အတန်းဖော်တွေ ဆွေးနွေးကြတာကိုရော မကြားဖူးဘူးလား ဘယ်လိုလုပ်ပြီး တစ်ခါမှကို မကြားဖူးရတာလဲ”

'ငါက ကျောင်းကို တစ်ရက်လေးမှ တက်ခဲ့ဖူးတာ မဟုတ်ဘူးလေ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ ဆိုတာ ဘယ်ကလာမှာလဲ'

ချူကျန့်က မျက်လုံး လှန်ပြလိုက်၏။

“သိုင်းဝတ္ထုတွေ၊ တီဗီ ဇာတ်လမ်းတွဲတွေကို ငါ နည်းနည်းလေးမှ စိတ်မဝင်စားဘူး”

“ဒါဆို... ဘာမှ မသိဘဲနဲ့ နင်က ဒီလောက်များပြားလှတဲ့ အထူး ဇာတ်လမ်းကွင်းဆက်တွေကို ဘယ်လိုလုပ် ဖွင့်နိုင်ခဲ့တာလဲ ငါ ဒီဂိမ်းကို ဆော့လာတာ (၂) နှစ်ကျော်ပြီ ဇာတ်လမ်းကွင်းဆက် (၂) ခုပဲ ဖွင့်နိုင်သေးတယ် အဲဒါတောင် သေးသေးမွှားမွှားလေးတွေ နင့်လိုမျိုး ကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းကွင်းဆက်မျိုး တစ်ခါမှ မကြုံဖူးသေးဘူး”

ချူကျန့်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်၏။

“ကံတရား အမှတ် (၄၀) ကြောင့်များလား”

ချင်ရူယွင်၏ မျက်လုံးများ ထပ်မံ ပြူးကျယ်သွားတော့၏။

“နင့်မှာ ကံတရား အမှတ် (၄၀) ရှိတယ် ဟုတ်လား နင်က အမြင့်ဆုံး ကံတရား အမှတ်ကို ရွေးထားတာလား ဒီလို အရူးလို အမှတ်ပေးနည်းမျိုးကို ဘယ်သူက သင်ပေးလိုက်တာလဲ”

သို့သော် သူမက ချက်ချင်းပင် ခေါင်းယမ်းလိုက်၏။

“မွေးရာပါ ကံတရား အမှတ် (၄၀) ရှိတယ်ဆိုရင်တောင် ဒီလောက် မကြာခဏ ဇာတ်လမ်းကွင်းဆက်တွေ ပေါ်လာစရာ အကြောင်းမရှိဘူး အကြိမ်တိုင်းကို အသက်မသေဘဲ လွတ်မြောက်နိုင်ခဲ့ရင်တော့ တစ်မျိုးပေါ့ အဲ့ဒီလိုမျိုးဆိုရင် လျှို့ဝှက် ဆုလာဘ်တွေ ရရှိပြီး အထူး ဇာတ်လမ်းကွင်းဆက်တွေ ကြုံရနိုင်ခြေ ပိုများသွားတတ်တယ်”

ကစားသက် ရင့်ကျက်သော ချင်ရူယွင်၏ ရှင်းပြမှုကြောင့် ချူကျန့် အားလုံးကို နားလည် သဘောပေါက်သွားချေပြီ။ သူ၏ အံ့မခန်း များပြားလှသော ဇာတ်လမ်းကွင်းဆက် ကြုံတွေ့ရမှုနှုန်းမှာ အဖြစ်အပျက်တိုင်းကို သူ အသက်မသေဘဲ ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်၏။

'ပြဿနာက အဲ့ဒီအဖြစ်အပျက်တွေ ကြုံရတိုင်း ငါက သေပေးရမှာလား'

နောက်မနေပါနှင့်... သေဆုံးသွားပါက မွေးရာပါ အရည်အချင်းများ ကျဆင်းသွားမည်ဖြစ်ပြီး၊ ရရှိပြီးသား အရည်အချင်း အမှတ်များ၏ (၁၀) ရာခိုင်နှုန်းကိုပါ ဆုံးရှုံးရမည် မဟုတ်လော။ ယခုအခါ ချူကျန့်မှာ ကစားသမား အားလုံးနီးပါး၏ ဘုံရန်သူကြီးသဖွယ် ဖြစ်နေခဲ့ပြီ။ ငွေရှာရန် သူ့အပေါ် အားကိုးနေရဆဲဖြစ်သော ဤအလုပ်ရှင် မိန်းကလေးမှလွဲ၍ ကျန်လူများ အားလုံးက သူ့ကို သားကောင် တစ်ကောင်အဖြစ်သာ သတ်မှတ်ထားကြသည်။ အကယ်၍ ချူကျန့်၏ အရည်အချင်း အမှတ်များ ထပ်မံ ဆုံးရှုံးသွားပါက အားလုံး၏ ဝိုင်းဝန်း အနိုင်ကျင့် ဗိုလ်ကျမှုအောက်တွင် သူ သေပွဲဝင်ရမည်မှာ အသေအချာပင်။

သူသည် သိုသိုသိပ်သိပ် နေလိုသော်ငြား အနိုင်ကျင့်ခံရမည့် အားနည်းသူ တစ်ဦးတော့ အဖြစ်မခံနိုင်ပေ။

ထို့အပြင် ယခုအချိန်တွင် သေဆုံးသွားခြင်းက ဘာများ အကျိုးထူးတော့မည်နည်း။ သူသည် ဇာတ်လမ်းကွင်းဆက်များကို အလိုအလျောက် ဆွဲငင်နေသော သံလိုက်တုံးကြီး တစ်ခုသဖွယ် ဖြစ်နေခဲ့ပြီ မဟုတ်လော။

ချူကျန့်မှာ ..တွေဝေကာ စဉ်းစားနေစဉ်မှာပင် ချင်ရူယွင်က ထပ်မေးလာ၏။

“ဝတ္ထုထဲမှာ နင့်ရဲ့ ဂိုဏ်းတူအစ်မရဲ့ ဇာတ်သိမ်းက ဘယ်လို အဆုံးသတ်သွားလဲ ဆိုတာ နင် သိချင်လား”

Thank For Reading.

All Chapters