← Chapters

အမြဲတမ်း ယုံကြည်ခြင်း

Vol. 23 Ch. 221

အမြဲတမ်း ယုံကြည်ခြင်း

Vol. 23 Ch. 221

သခင်မကုသည် သူမတွင် လုပ်စရာ အလုပ်မရှိဟု ခံစားနေရပေသည်။

သူမ ကွမ်အန်းမြို့နယ်တွင် ရှိစဉ်ကမူ မိသားစု၏ နှပ်ဟင်းဆိုင်တွင် ကူညီပေးနိုင်ခဲ့သေး၏။ ယခုအခါတွင်မူ နှပ်ဟင်း အလုပ်ရုံကြီး ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း မိသားစုဝင်များက အခြားသူများကိုသာ ငှားရမ်းလုပ်ကိုင်စေလိုကြပေသည်။

သူမ၏ အကူအညီကို မလိုအပ်သည့်အပြင် သူမအား ပြုစုရန်အတွက်ပင် လူတစ်ဦးကို သီးသန့် ရှာဖွေပေးထားကြသေး၏။ ထို့ကြောင့် သခင်မကုမှာ ချက်ချင်းပင် အားလပ်သွားရပြီး ခေါင်းပေါ်တွင် မှိုများပင် ပေါက်တော့မည့်အလား ပျင်းရိနေတော့သည်။

သူမသည် အလုပ်အကျွေးပြုခံရရုံနှင့် ကျေနပ်နေတတ်သော အဘွားအိုမျိုး မဟုတ်ပေ။ တကယ်ပဲ အားလပ်နေရလျှင်မူ တစ်ကိုယ်လုံး နေရခက်နေတတ်သူ ဖြစ်ချေသည်။

“အခု ပြောတာ တကယ်လား... ကျွန်မက တကယ်ပဲ ကူညီပေးနိုင်မယ်လို့ ထင်လို့လား... ရှင်သာ အဲ့ဒီလို တကယ် ပြောတယ် ဆိုရင်တော့... ကျွန်မ အလေးအနက် ထားလိုက်တော့မှာနော်...”

သခင်မကု က အိမ်ခြံမြေပွဲစားလီ အား ပြောဆိုလိုက်လေသည်။

အိမ်ခြံမြေပွဲစားလီ သည် ထိုစကားကို ကြားသောအခါ ကြောင်အသွားရပြီး အလျင်အမြန်ပင် ပြန်ပြောလိုက်၏။

“အဘွားပြောတာကို ကြည့်ပါဦး... ကျွန်တော်က တခြားသူတွေကို လိမ်ချင် လိမ်ပါ့မယ်... အဘွားကိုတော့ ဘယ်မှာ လိမ်ရဲပါ့မလဲဗျာ... ဒါပေမဲ့ အဘွားက လူကြီးမင်းကု ရဲ့ မိခင်အရင်း ဖြစ်ပါလျက်နဲ့... တကယ်ပဲ ကျွန်တော့်ကို ကူညီပေးချင်လို့လား...”

လူကြီးမင်းကု မှာမူ အခုထိ အရာရှိစာမေးပွဲ နောက်ဆုံးအဆင့်ကို မအောင်မြင်သေးသော်ငြား လူမှုပတ်ဝန်းကျင်တွင်မူ အဆင့်မြင့်လူတန်းစား တစ်ဦး ဖြစ်နေခဲ့ချေပြီ။ ပွဲစား ဆိုသည်မှာမူ အောက်ခြေလူတန်းစား တစ်ဦးသာ ဖြစ်ရာ ပုံမှန်အားဖြင့် ဆိုလျှင်မူ ဤကဲ့သို့သော သူများနှင့် ရောနှောနေထိုင်လေ့ မရှိကြပေ။

သခင်မကု သည် ထိုစကားကို ကြားသောအခါ တွေဝေသွားရပြီး ဘေးရှိ ကျန်းယွင်နန် အား လှမ်းကြည့်လိုက်မိ၏။ ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်လေသည်။

“မေမေရယ်... မေမေ သဘောကျတယ် ဆိုရင်လည်း သွားလိုက်ပေါ့... အကယ်၍ စိတ်မချမ်းသာဘူး ဆိုရင်တော့ ပြန်လာခဲ့တာပေါ့လေ... ကျွန်မရော ကျွန်မယောက်ျား ပါ မေမေ့ကို တားမှာ မဟုတ်ပါဘူး...”

သခင်မကု ၏ နှုတ်ခမ်းထောင့်တွင် ချက်ချင်းပင် အပြုံးများ ပေါ်ထွက်လာရလေသည်။ သူမ အသက်ကြီးလာချိန်တွင် အသုံးမကျသောသူ တစ်ဦး ဖြစ်သွားမှာကို အကြောက်ဆုံး ဖြစ်ပေသည်။ ယခုကဲ့သို့ မိမိကိုယ်ကိုယ် အသုံးဝင်သည်ဟု ခံစားရသလို မိသားစုကို ထောက်ပံ့ရန်အတွက် ပိုက်ဆံအနည်းငယ် ရှာနိုင်မည် ဆိုသည်မှာမူ သူမအတွက် အလွန်ပင် ကျေနပ်စရာ ကောင်းလှပေသည်။

သို့သော်လည်း အိမ်ပြန်ရောက်သည့်အခါ သခင်မကု သည် ထမင်းစားပွဲတွင် ကုမင်တာ့ အား ထိုကိစ္စကို ခက်ခက်ခဲခဲပင် စတင် ပြောပြလိုက်ရလေသည်။ သူမသည် သားဖြစ်သူက သဘောမတူမှာကို စိုးရိမ်နေသလို ဤကိစ္စကြောင့် သားဖြစ်သူ သိက္ခာကျမှာကိုလည်း ပူပန်နေမိဆဲ ပင်။

ကုမင်တာ့၏ တုံ့ပြန်မှုမှာလည်း ကျန်းယွင်နန် ကဲ့သို့သာ။

“မေမေရယ်... မေမေ က ဒီမိသားစု အတွက် တစ်သက်လုံး ပင်ပန်းခံလာခဲ့တာလေ... အခုတော့ မေမေ ဖြစ်ချင်တာလေးတွေကိုပဲ အာရုံစိုက်ပြီး လုပ်ပါတော့နော်...”

သခင်မကု က ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“ကောင်းပါပြီ သားလတ် ရယ်... စိတ်မပူပါနဲ့... အမေ အပြင်မှာ အလုပ်လုပ်နေတာကို ဘယ်သူ့ကိုမှ ထုတ်မပြောပါဘူး... ”

ကုမင်တာ့ကမူ ထိုကိစ္စကို ဂရုမစိုက်ဘဲ ပြောလိုက်လေသည်။

“အလုပ်လုပ်တာ ဘာမှ မဖြစ်ပါဘူးလေ... ကိုယ့်အရည်အချင်းနဲ့ကိုယ် ပိုက်ဆံရှာတာဟာ ရှက်စရာ မဟုတ်ပါဘူး... ဒါပေမဲ့ မေမေ ကိုယ့်ကိုယ်ကိုယ်တော့ အရမ်း ပင်ပန်းအောင် မလုပ်နဲ့ဦးနော်...”

သခင်မကု သည် ထိုစကားကို ကြားမှသာ ပျော်ရွှင်သွားရသော်လည်း ကုမင်တာ့ အပေါ် သူများတွေ လှောင်ပြောင်မှာကို စိုးရိမ်သဖြင့် ပါးစပ်ကို အစွမ်းကုန် လုံအောင် ထားမည်ဟု ဆုံးဖြတ်လိုက်လေသည်။

“သားလတ် စိတ်မပူပါနဲ့... အိမ်ခြံမြေပွဲစားလီ ကလည်း ပြောပါတယ်... အမေ လုပ်ရမှာက သူများတွေအတွက် ဈေးဆစ်ပေးဖို့ပဲလေ... တကယ့်ကို ကိုင်တွယ်ရခက်တဲ့ သူတွေနဲ့ တွေ့မှပဲ အမေ က ရှေ့ထွက်ရမှာဆိုတော့... ပုံမှန်ဆို အိမ်မှာပဲ နေရမှာပါ... ပင်ပန်းမှာ မဟုတ်ပါဘူးလေ...”

လူကြီးများ စကားပြောပြီးချိန်တွင်မှ နျိုနျိုက ဝင်ရောက် မေးမြန်းလိုက်လေသည်။

“အဘွား... ဘယ်တော့ အလုပ်စလုပ်မှာလဲ... သမီးကိုလည်း ခေါ်သွားပါဦး... သမီးလည်း အပြင်လောကကြီးကို မြင်တွေ့ချင်တယ်...”

သခင်မကု သည် အိမ်ရှိ ကလေးများပင်လျှင် သူမ၏ အလုပ်အပေါ် အထင်မသေးသည်ကို မြင်တွေ့လိုက်ရသောအခါ ရင်ထဲတွင် ကြည်နူးမှုများဖြင့် ပြည့်နှက်သွားရလေတော့သည်။

“အခုတော့ မရသေးဘူးလေ... အဘွား အဲ့ဒီမှာ အခြေတကျ ဖြစ်သွားမှပဲ သမီး ကို ခေါ်သွားလို့ ရမှာပေါ့... ”

နျိုနျိုသည်လည်း ထိုကိစ္စကို ဆက်လက်၍ အတင်း မတောင်းဆိုတော့ပေ။ ထမင်းစားပြီးသောအခါ ကလေးမလေးသည် ကျန်းယွင်နန် နှင့်အတူ နောက်ဖေးခြံသို့ ဝင်လာခဲ့ကြကုန်၏။

ရှူးယင်း သည် ပြင်ဆင်ထားသော မုန့်များကို အိတ်များအတွင်း ထည့်နေလေသည်။ နျိုနျို၏ တောင်းဆိုချက်အရ သူမသည် မုန့် လေးမျိုးကို ပြုလုပ်ပေးထားခြင်းပင်။ သို့သော်လည်း ထိုအိတ်များထဲမှ တစ်အိတ်မှာ အထူးတလည် ကြီးမားနေသည်ကို နျိုနျိုက တစ်ချက်ကြည့်ရုံနှင့် သိလိုက်ရ၏။

ရှူးယင်း က နျိုနျိုအား ဆွဲလိုက်ပြီး အကြီးဆုံးသော အိတ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

“မင်းသမီးလေး... ဒီ အကြီးဆုံးအိတ်ကိုတော့ မင်းသမီးလေး စားဖို့အတွက် သိမ်းထားပါနော်... အကုန် စားပြီးရင် ကျွန်မကို ပြောပါ... ထပ်ပြီး လုပ်ပေးမယ်လေ...”

“ကျန်တဲ့ အိတ်သေးသေးလေးတွေကိုတော့... သူများကို ဆုချဖို့အတွက် သုံးလိုက်ပေါ့နော်...”

ရှူးယင်း ပြောလိုက်သော “သူများတွေကို ဆုချခြင်း” ဆိုသည်မှာ အခြားသူများကို ဆိုလိုခြင်း မဟုတ်ဘဲ အားယန်၊ အားကျောက် နှင့် အစားကြီးလှသော ရှန်ချန်ဖုန်း တို့ကို ဆိုလိုခြင်း ပင်။

နျိုနျိုလေးကမူ မျက်နှာလေးကို တင်းကာ ထို အထုပ်များကို ပြန်လည် ဖြည်လိုက်လေသည်။

“သမီး တစ်ယောက်တည်း အများကြီး မစားချင်ပါဘူး... အားလုံး အတူတူပဲ စားကြမှာပေါ့လေ...”

နျိုနျိုသည် ငယ်ရွယ်ပြီး အစားမက်သော်လည်း တစ်ကိုယ်ကောင်းဆန်တတ်သူ မဟုတ်ပေ။

ရှူးယင်း သည် နျိုနျိုကိုယ်တိုင် လုပ်ဆောင်တော့မည့် အမူအရာကို မြင်သောအခါ အလျင်အမြန်ပင် တားမြစ်လိုက်လေသည်။

“ဟုတ်ပါပြီ... ဟုတ်ပါပြီ... သခင်မလေး ရယ်... အနားယူလိုက်ပါတော့နော်... ကျွန်မပဲ ပြန်ပြီး ခွဲပေးပါ့မယ်လေ...”

ရှူးယင်း သည် မုန့်များကို ပြန်လည် ထည့်နေစဉ်အတွင်း တတွတ်တွတ် ရေရွတ်နေမိသေး၏။

“သခင်မလေး ရဲ့ စရိုက်ကတော့လေ... နှစ်ပေါင်းများစွာ ကြာခဲ့တာတောင်မှ တစ်စက်မှ မပြောင်းလဲသေးဘူးပဲနော်...”

ကျန်းယွင်နန်သည် ရှူးယင်း ပြောနေသော နျိုနျိုလေး အကြောင်းကို အမြဲတမ်း စိတ်ဝင်စားနေခဲ့သူ ဖြစ်ရာ မေးမြန်းလိုက်လေသည်။

“နင့်ရဲ့ သခင်မလေး က ဘယ်လို လူမျိုးလဲ...”

ရှူးယင်း သည် ထိုစကားကို ကြားသောအခါ မုန့်ထုပ်နေသော သူမ၏ လက်များမှာ ရပ်တန့်သွားရပြီး ကျန်းယွင်နန် အား တိုက်ရိုက်ပင် စိုက်ကြည့်လိုက်လေသည်။ သူမ၏ မျက်လုံးများထဲတွင်မူ စစ်မှန်သော ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေတော့၏။

“သခင်မလေး ဆိုတာ နေမင်းကြီးလိုမျိုး နွေးထွေးတဲ့သူလေ... နွေရာသီက နေမင်းကြီး မဟုတ်ဘဲ၊ ဆောင်းရာသီက နွေးထွေးလှတဲ့ နေခြည်လေးလိုမျိုးပါ... သူက ကျွန်မတို့ တစ်ဦးချင်းစီတိုင်းကို တကယ်ပဲ ဂရုစိုက်ပေးတာလေ...”

“မိဖုရားကြီး ဆိုတာကလည်း နန်းတွင်းရဲ့ အရှင်သခင်မ ဖြစ်သလို ကြင်ယာတော်တွေရဲ့ အားကိုးရာ ထီးတစ်ချောင်းလည်း ဖြစ်ခဲ့တာပေါ့... သူက အားလုံးကို ညင်ညင်သာသာနဲ့ ကာကွယ်ပေးခဲ့သလို ဆင်းရဲသားတွေနဲ့ အားနည်းသူတွေကိုလည်း အမြဲတမ်း သနားကြင်နာတတ်သူပါလေ...”

“ကျွန်မ တစ်သက်လုံးမှာ မင်းသမီးလေး ထက် ပိုပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးပါဘူး... သူက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သမီးလေး တစ်ပါးလိုမျိုး စိတ်ထားကောင်းတာပေါ့လေ...”

ကျန်းယွင်နန်သည် ရှူးယင်း ၏ တရစပ် ချီးကျူးစကားများကို နားထောင်နေမိ၏။ ထို အရူးမလေးမှာ စိတ်ရှုပ်ထွေးနေသဖြင့် သူမ၏ စကားများမှာလည်း ရောထွေးနေတော့၏။ ဘာမှမသိသော သူများသာ နားထောင်မည် ဆိုပါက သူမ ချီးကျူးနေသူမှာ လူ သုံးဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်ကြပေလိမ့်မည်။

ရှူးယင်း သည် စကားများလွန်းသဖြင့် အာပင် ခြောက်သွားကာမှ ရပ်တန့်လိုက်လေသည်။ သူမ ပြောဆိုသမျှမှာ ကောင်းကြောင်းများသာ ဖြစ်သော်လည်း တကယ်တမ်းမှာမူ မည်သည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့သနည်း ဆိုသည်ကိုမူ အသေးစိတ် မပါရှိချေ။ ထို ပုံရိပ် သုံးခုမှာ မည်သည့် အိမ်တော်မှ သခင်မလေး၊ မည်သည့် မင်းဆက်မှ မိဖုရားကြီး သို့မဟုတ် မင်းသမီးလေး ဖြစ်သည် ဆိုသည်ကိုပင် သူမ မဖော်ပြနိုင်ခဲ့ပေ။

“သခင်မလေး ရဲ့ မျိုးရိုးအမည်က ဘာလဲ...”

ကျန်းယွင်နန်က မေးမြန်းလိုက်သည်။

ရှူးယင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

“မျိုးရိုးအမည်က ဘာရှိရမှာလဲ... တို့ သခင်မလေး က ကုန်းမင်းကြီး ရဲ့ သမီးတော် လေ... သူ မွေးဖွားလာကတည်းက ကုန်းမင်းကြီး အိမ်တော် အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးတာလေ... သူဟာ ကုန်းမင်းကြီး အိမ်တော်ရဲ့ အတောက်ပဆုံးသော သမီးတော် တစ်ပါးပေါ့လေ...”

ဘာကြောင့်မှန်း မသိဘဲ ကျန်းယွင်နန်သည် ရုတ်တရက် ရင်တုန်သွားရပြီး ထပ်မံ မေးမြန်းလိုက်လေသည်။

“ဘယ်က ကုန်းမင်းကြီး အိမ်တော် လဲ...”

ရှူးယင်း သည် ပါးစပ်ကို ဖွင့်ကာ ပြန်ဖြေရန် ပြင်သော်လည်း ဘာမှ မပြောရသေးမီမှာပင် သူမ၏ ခေါင်းကို အုပ်ကာ “နာလိုက်တာ” ဟု အော်ဟစ်လေတော့သည်။

ထိုသို့ ဖြစ်သွားသည်ကို မြင်ရသောအခါ ကျန်းယွင်နန်လည်း ထပ်မံ၍ မမေးမြန်းတော့ပေ။ သူမသည် ရှူးယင်း အား ဘေးသို့ တွဲခေါ်သွားပြီးနောက် မေးမြန်းလိုက်လေသည်။

“အရမ်း နာနေလို့လား... ငါ သမားတော် သွားခေါ်ခိုင်းလိုက်မယ်လေ...”

ရှူးယင်း က သူမအား တားမြစ်လိုက်၏။

“ရပါတယ် သခင်မလေး ကိုး ရယ်... ဒါက ရောဂါဟောင်းပါ... ခဏလောက် အနားယူလိုက်ရင် သက်သာသွားမှာပါလေ...”

ကျန်းယွင်နန်သည် သူမအား ချက်ချင်းပင် အနားယူစေလိုက်လေသည်။ သို့သော်လည်း ရှူးယင်း သည် အတင်း ထရပ်ကာ ပြောလိုက်ပြန်၏။

“ကျွန်မ အလုပ်တွေ မပြီးသေးဘူးလေ... မင်းသမီးလေး က ကျွန်မကို စောင့်နေမှာပေါ့...”

ရှူးယင်း သည် မုန့်ထုပ်ရမည့် အလုပ်ကလေးကိုပင် ကြီးမားသော အလုပ်ကြီး တစ်ခုအဖြစ် သတ်မှတ်နေခြင်း ပင်။ ကျန်းယွင်နန်က သူမအား ဖိသိပ်ကာ ပြန်ထိုင်စေလိုက်ပြီး ပြောလိုက်၏။

“ငါပဲ ထည့်ပေးပါ့မယ်လေ... နင်ကတော့ အနားယူလိုက်တော့...”

ရှူးယင်း သည် ထပ်မံ၍ အတင်း မလုပ်တော့ဘဲ ထိုင်ခုံတွင် ထိုင်နေရင်း သူမ၏ မျက်လုံးများကမူ နျိုနျိုလေး ထံသို့သာ စိုက်ကြည့်နေတော့၏။ နျိုနျိုသည် သွက်လက်စွာ လျှောက်သွားပြီး မေးမြန်းလိုက်လေသည်။

“အစ်မ ရှူးယင်း... သမီးကို ဘာပြောချင်လို့လဲ...”

ရှူးယင်း သည် နျိုနျို အနားသို့ ကပ်ကာ လေသံကို နှိမ့်၍ ပြောလိုက်လေသည်။

“သခင်မလေး... ဟို မိန်းမ ကို သတိထားနော်... သူက မင်းသမီးလေး ရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းကိုတောင် မသိဘူးလေ... သူက လူဆိုးတွေ လွှတ်လိုက်တဲ့သူ ဖြစ်ရမယ်လေ...”

ရှူးယင်း ပြောလိုက်သော “ဟို မိန်းမ” ဆိုသည်မှာ အခြားသူ မဟုတ်ဘဲ ကျန်းယွင်နန် ကိုသာ ဆိုလိုခြင်း ပင် ဖြစ်ချေသည်။ သို့သော်လည်း နျိုနျိုသည် နောက်ဖေးခြံမှ ထွက်လာသည်နှင့် ကျန်းယွင်နန် အား ထိုအကြောင်းကို အကုန် ပြောပြလိုက်လေတော့သည်။

ကျန်းယွင်နန်သည် သူမ၏ စပ်စုချင်စိတ်ကြောင့် လူဆိုးအဖြစ် အမည်တပ်ခံလိုက်ရလိမ့်မည်ဟု မထင်ထားသဖြင့် ချက်ချင်းပင် ရယ်ရမလို၊ ငိုရမလို ဖြစ်သွားရတော့၏။

“လိမ္မာတဲ့ကလေးလေး... ရှူးယင်း ပြောတာ တကယ် ဟုတ်နေမှာကို သမီး မကြောက်ဘူးလား...”

ကျန်းယွင်နန်က ပြုံးလျက် မေးမြန်းလိုက်သည်။

နျိုနျိုသည် သူမ၏ မျက်နှာလေးကို မော့လိုက်ရာ သူမ၏ နုနယ်လှသော မျက်နှာလေးမှာ ပွင့်အာစ ပြုနေသော ပန်းကလေး တစ်ပွင့် ကဲ့သို့ပင် ရှိနေတော့၏။ သူမ၏ တောက်ပလှသော မျက်လုံးဝိုင်းကြီးများမှာလည်း ကောင်းကင်မှ ကြယ်လေးများကဲ့သို့ပင် ရှိနေပေသည်။

“သူ ဘာပဲပြောပြော သမီးကတော့ ဂရုမစိုက်ပါဘူး... သမီး ကတော့ မေမေ့ကိုပဲ အမြဲတမ်း ယုံကြည်မှာပါလေ...”

T/N- ရှူးယင်းက စိတ်ကယောက်ကယက်မို့ စကားပြောတာတွေက အတည်တကျ မရှိတာမို့ တချို့နေရာတွေက နားလည်ရခက်ပါတယ်။ မင်က အခေါ်အဝေါ်တွေ မှားပြန်တာ မဟုတ်ဘဲ original မှာကိုက အမျိုးမျိုးသုံးထားတာပါ။

All Chapters