← Chapters

ကျင့်အန်းပေါ်

Vol. 23 Ch. 224

ကျင့်အန်းပေါ်

Vol. 23 Ch. 224

“ကျင့်အန်းပေါ် အိမ်တော် ဟုတ်လား...”

အဘိုးယန် က တိုးတိုးလေး ရေရွတ်လိုက်လေသည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျင့်အန်းပေါ်အိမ်တော်က လူကြီးနှင့် ဆုံတွေ့ခဲ့ဖူးသည်ကို ရုတ်တရက် သတိရသွားသည်။

“ကျင့်အန်းပေါ် အိမ်တော် ရဲ့ မြေး က... အတိတ်က ကိစ္စတွေနဲ့ မင်းကို အနိုင်ကျင့်နေတာလား...”

အဘိုးယန် က မေးမြန်းလိုက်သည်။

ယန်လန် က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

“သူတို့တွေ ဘယ်လို အနိုင်ကျင့်ကြတာလဲ...”

အဘိုးယန် က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

ယန်လန် သည် ထိုအကြောင်းကို ပြန်လည် စဉ်းစားမိတိုင်း အလွန်ပင် နာကျင်ရလေသည်။ ပိုင်ယွင် ကျောင်းတော် တွင် လဝက်လျှင် တစ်ရက်သာ ကျောင်းပိတ်လေ့ ရှိပေသည်။ လုံးဝ ပိတ်ထားခြင်း မဟုတ်သော်လည်း ကျောင်းသားများမှာ ကျောင်းတွင်သာ နေထိုင်ရသလို အစေခံများကိုလည်း ဝင်ခွင့် မပြုပေ။ ကျောင်းသားများသည် မွန်းတည့်ချိန်တွင်သာ အပြင်ထွက်ကာ ထမင်းစားခွင့် ရရှိကြပြီး ကျန်ရှိသော အချိန်များတွင်မူ ကျောင်းတော်အတွင်း၌သာ ရှိနေရသည်မှာ အမှန် ပင်။

ကြိုးစားလိုသော ကျောင်းသားအချို့မှာမူ အချိန်ကုန်သက်သာစေရန်အတွက် နေ့လယ်စာ စားရန်ပင် အပြင်မထွက်ကြဘဲ ကျောင်းတော်မှ ကျွေးသော အရသာမရှိလှသော အစားအစာများကိုသာ သည်းခံ စားသောက်တတ်ကြသည်။ ထို့ကြောင့် ကျောင်းသားများမှာ အချိန်အများစုတွင် စား၊ အိပ်၊ နေထိုင်ခြင်း အားလုံးကို တစ်နေရာတည်း၌သာ ပြုလုပ်ကြရသည်။

မူလကတော့ ယန်လန် ၏ အမှတ်များမှာ ကောင်းမွန်လှပေသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်တွင် ကျင့်အန်းပေါ် အိမ်တော်မှ သခင်လေး ကျောင်းဝင်လာကတည်းက ယန်လန် သည် ပိုင်ယွင် ကျောင်းတော် တွင် “သမားတော်အတု ရဲ့ မျိုးဆက်” ဟူသော နာမည်ဆိုးကို ခံယူခဲ့ရလေတော့သည်။

ကျင့်အန်းပေါ် အိမ်တော်မှ သခင်လေးမှာမူ ယန်လန် အား အလွန်ပင် မုန်းတီးနေခဲ့ချေပြီ။ သူသည် စကားလုံးများဖြင့် အနိုင်ကျင့်ရုံသာမက အခြားသော လူကုံထံ ကလေးများကိုပါ စုစည်းကာ တိတ်တဆိတ် တွန်းတိုက်ခြင်း၊ ရိုက်နှက်ခြင်းများကို ပြုလုပ်ခဲ့လေသည်။ ယန်လန် သည် အဘိုးယန် ၏ အတိတ်က ကိစ္စများကို ဘာမှ မသိရှိခဲ့သဖြင့် မိမိ မိသားစုက တကယ်ပဲ ကြွေးတင်နေသည်ဟု ထင်မှတ်ကာ တစ်ဖက်လူက မည်မျှပင် လွန်စေကာမူ ငြိမ်ခံနေခဲ့ခြင်း ဖြစ်ချေသည်။

နေထိုင်ရသည်မှာ အဆင်မပြေသလို စာသင်ကြားရာတွင်လည်း အာရုံမစိုက်နိုင်တော့ပေ။ ထို သခင်လေးမှာလည်း ယန်လန် ၏ စာအုပ်များနှင့် စာပေများကို ခဏခဏ ဆွဲဖြဲတတ်သဖြင့် ဆရာ၏ ငေါက်ခြင်းကိုလည်း မကြာခဏ ခံခဲ့ရသည်။ ထိုသို့ ရှုပ်ထွေးနေသဖြင့် ယခုတစ်ကြိမ် စာမေးပွဲတွင် အောင်မြင်ကာ ကျောင်းတော်မှာ ဆက်နေခွင့် ရရှိခြင်းမှာပင် ယန်လန် အနေဖြင့် အစွမ်းကုန် ကြိုးစားခဲ့လို့သာပင်။

မြေးဖြစ်သူ ခံစားခဲ့ရသော မသမာမှုများကို ကြားလိုက်ရသောအခါ သမားတော်ကြီးယန် ၏ မျက်လုံးများမှာ နီမြန်းလာရလေသည်။

“ကျင့်အန်းပေါ် အိမ်တော် က... လူကို အရမ်း အနိုင်ကျင့်တာပဲနော်...”

ယန်လန် က အဘိုးဖြစ်သူ၏ အင်္ကျီစကို ဆွဲကာ ပြောလိုက်လေသည်။

“အဘိုးရယ်... ကျွန်တော် စာသင်တာ အမှတ်ကျသွားတာဟာ... တကယ်တမ်း ပြောရရင်တော့ ကျွန်တော့်ရဲ့ အရည်အချင်း မရှိလို့ပါလေ... ကျွန်တော်သာ အာရုံစိုက်နိုင်မယ် ဆိုရင်တော့... ဒီလောက်အထိ အမှတ်နည်းမှာ မဟုတ်ပါဘူး... ကျင့်အန်းပေါ် အိမ်တော် က ဆွေ့ဟန် ပြောတာတော့... အကယ်၍သာ အဘိုး သွေးစစ်တာ မမှားခဲ့ရင်... သူ့အဘိုး က အနည်းဆုံး နောက်ထပ် လဝက်လောက် ပိုပြီး အသက်ရှည်ဦးမှာတဲ့လေ... ဒါကြောင့် တို့တွေဘက်က ဘာမှ မတတ်နိုင်ခဲ့တာကိုး...”

အဘိုးယန် က စားပွဲကို အရှိန်ဖြင့် ရိုက်လိုက်လေတော့သည်။

“ပေါက်ကရတွေ... တို့တွေမှာ ဘာအမှားမှ မရှိပါဘူးနော်...”

“ငါ အဲ့ဒီတုန်းက ကျင့်အန်းပေါ်အိုကြီး ရဲ့ အသက်ကို ကယ်ခဲ့တာလေ... နှစ်ကြိမ်တောင် ကယ်ပေးခဲ့တာ... ဒါပေမဲ့ နောက်ဆုံး တစ်ကြိမ်မှာတော့ သူတို့ကပဲ လက်လျှော့ဖို့ ဆုံးဖြတ်ခဲ့ကြတာလေ... အဲ့ဒါကိုမှ ငါ့ကို ရန်ငြိုးဖွဲ့ရဲကြသေးတယ်ပေါ့လေ...”

ယန်လန် သည် ထိုစကားကြောင့် ကြောင်အသွားရရှာ၏။ အဘိုးယန် က ထပ်ပြောလိုက်ပြန်သည်။

“ငါ ဆေးကုလာတာ ဆယ်စုနှစ် များစွာ ကြာခဲ့ပြီလေ... တစ်ခါမှ အမှားမလုပ်ခဲ့ဖူးပါဘူး... မင်းလည်း ယုံကြည်မှုလေးရှိစမ်းပါဦး.. တို့တွေမှာ ဘာအမှားမှ မရှိပါဘူးနော်...”

သူသည် အားကျောက် အခန်းထဲသို့ ခိုးဝင်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် အော်ဟစ်လိုက်လေသည်။

“မြန်မြန် လာစမ်းပါဦး... မင်း တပည့်ခံတုန်းက ကျိန်ဆိုခဲ့တဲ့ စကားတွေကို ရွတ်ပြစမ်းပါဦး...”

အားကျောက်သည် နှမဖြစ်သူကို လာကြည့်ခြင်း ဖြစ်သော်ငြား မိမိပါ ပါဝင်ပတ်သက်သွားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ခက်ခက်ခဲခဲပင် ပြန်ပြောလိုက်ရလေသည်။

“ဆေးကုတဲ့သူတိုင်းဟာ... အမြဲတမ်း...”

အဘိုးယန် သည် အားကျောက် အား ကြည့်ကာ ဒေါသထွက်နေဆဲ ဖြစ်သဖြင့် ကျိန်ဆဲလိုက်ပြန်သည်။

“တစ်ယောက်ပြီး တစ်ယောက်... ငါ့ကို စိတ်တိုအောင်ပဲ လုပ်နေကြတာပေါ့လေ...”

အားကျောက် က သတိကြီးစွာဖြင့် ပြောလိုက်၏။

“ဆရာရယ်... ဒေါသထွက်ရင် အသည်းကို ထိခိုက်တတ်တယ်လို့ ပြောဖူးတာပဲ မဟုတ်လား... ဒေါသကို နည်းနည်းလောက် လျှော့ပါဦးနော်...”

“မင်းတို့ နှစ်ယောက်လို အသုံးမကျတဲ့ သူတွေကို မြင်နေရမှတော့... ဘယ်လိုလုပ်ပြီး ဒေါသ မထွက်ဘဲ နေနိုင်ပါ့မလဲ...”

အားကျောက် ကမူ လည်ပင်းလေးကို ကျုံ့ထားလိုက်မိ၏။ ယန်လန် သည်လည်း ထိတ်လန့်လွန်းသဖြင့် စကားတစ်ခွန်းမျှ မဟရဲဘဲ ရှိနေတော့၏။ ရှန်ချန်ဖုန်း မှာမူ ထိုအချိန်တွင် မျက်မှောင်ကြုတ်ကာ ဘာတွေ တွေးတောနေသည်ကို မည်သူမျှ မသိနိုင်ပေ။

နျိုနျို တစ်ဦးတည်းသာလျှင် သူမ၏ အတွေးများမှာ အရင်အတိုင်းပင် ရိုးရှင်းနေဆဲ ဖြစ်ချေသည်။ ကလေးမလေးသည် သမားတော်ကြီးယန် အား မကျေမနပ်ဖြင့် ပြောဆိုလိုက်လေသည်။

“အကြောင်းမဲ့ အဆူခံနေရတာက သမီးရဲ့ ကိုကို လေ... ပြီးတော့ အနိုင်ကျင့်ခံနေရတာက အဘိုးရဲ့ မြေး မဟုတ်လား... ဘာလို့ အဘိုး က သူတို့ နှစ်ယောက်ထက်တောင် ပိုပြီး ဒေါသထွက်နေရတာလဲ...”

ထိုစကားကို ကြားသောအခါ သမားတော်ကြီးယန် ခဏတာ ကြောင်အသွားရသော်ငြား သူသည် အမြဲတမ်း ခေါင်းမာခဲ့သူ ဖြစ်ပေသည်။ ကလေးမလေး တစ်ဦးနှင့် ငြင်းခုံရလျှင်ပင် မိမိ၏ အမြင်ကိုသာ အနိုင်ယူလိုသူ ဖြစ်ချေသည်။

“ဒီ ဝက်လိုမျိုး ငတုံးလေး က ငါ့ရဲ့ တပည့်လေ... ပြီးတော့ အရာရာကို ငြိမ်ခံနေတဲ့သူက ငါ့ရဲ့ မြေးလေ... ဘာလို့ ငါ ဒေါသ မထွက်နိုင်ရမှာလဲ...”

နျိုနျိုသည် သူ့အား မတတ်သာဟန်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

“ဒေါသထွက်ချင်နေမှတော့လည်း ထွက်လိုက်ပါတော့နော်... ဒါပေမဲ့ သမီး ကိုကို့ ကိုတော့ ထပ်မဆူပါနဲ့တော့... သမီး ကိုကို က အဘိုးမြေးကို အနိုင်ကျင့်နေတဲ့သူ မဟုတ်ပါဘူးနော်...”

အားကျောက်သည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် နွေးထွေးသွားရလေသည်။ တကယ်ပါပဲ၊ လောကမှာ ညီမလေး တစ်ယောက်တည်းကသာ အကောင်းဆုံးပဲ။ ယန်လန် သည်လည်း အားကျောက် အား အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်မိ၏။ ဤသည်မှာ ညီမဖြစ်သူ၏ ကာကွယ်မှုကို ခံယူရသော ခံစားချက်မျိုးလား။

သမားတော်ကြီးယန် မှာမူ ဒေါသကြောင့် လဲကျမတတ် ဖြစ်သွားရ၏။ နျိုနျို ပြောလိုက်သည်မှာ သူသည် တကယ့်ကို ဒေါသအိုးတစ်ဦး ဖြစ်နေသည့်အလားပင်။

“နင့် ကိုကို က အလုပ်ကို အလေးမထားတာကိုရော... သူက နားလည်ရဲ့လား...”

သမားတော်ကြီးက မေးမြန်းလိုက်သည်။

အားကျောက်သည် နှမဖြစ်သူ၏ အကူအညီ ရရှိထားသဖြင့် ရဲတင်းသွားခဲ့ချေပြီ။ သူသည် နျိုနျို ၏ အင်္ကျီစကို ဆွဲကာ ပြောလိုက်လေသည်။

“နျိုနျိုလေး... ဆရာ က ကိုကို့ကို ဒါတွေကို အရင်က မကျက်ခိုင်းဖူးပါဘူးနော်... သူက စာလုံး တစ်လုံးချင်းစီကို ရွတ်ပြပြီးတော့မှ သင်ပေးတာလေ... ကိုကိုက တကယ်ပဲ မကျက်ချင်တာ မဟုတ်ပါဘူးလေ...”

နျိုနျိုက ချက်ချင်းပင် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။

“ဆရာယန်... သမီး ကိုကို ပြောတာ မှန်ပါတယ်နော်... အဘိုး က သူ့ကို ဘာကျက်ရမလဲ ဆိုတာကို သေသေချာချာ ပြောပြလိုက်မယ် ဆိုရင်တော့... သူ သေချာပေါက် ကျက်နိုင်မှာပါလေ...”

သို့သော်လည်း အားကျောက်သည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရ၏။ ထင်ထားသည့်အတိုင်းပင် သမားတော်ကြီးယန် သည် အတိတ်ဘဝက ဝါးခြမ်းပြား တစ်ခုအဖြစ် လူဝင်စားခဲ့သည်လား မသိ၊ ထို အချက်ကို ဆုပ်ကိုင်ကာ နျိုနျိုအား ဆက်လက် ငြင်းခုံလေတော့သည်။

“ကဲ... အားကျောက်... ငါ မနေ့ကတင် သင်ပေးထားတဲ့ ‘ဝါးစိမ်း’အကြောင်းကို ဘယ်လို ရှင်းပြမလဲ...”

သမားတော်ကြီး က နေရာမှာတင် စာမေးပွဲ စစ်ဆေးလိုက်လေသည်။ သူ၏ ပုံစံမှာ အရှုံးမပေးလိုဘဲ ယနေ့တွင် အားကျောက် ၏ အမှားကို သေချာပေါက် ရှာဖွေမည်ဟု ဆုံးဖြတ်ထားသည့်အလား ပင်။

အားကျောက် မှာမူ မျက်နှာကြီး ညိုးငယ်သွားရ၏။

“ဝါးစိမ်း... အနံ့က မွှေးပျံ့ပြီး ပြင်းထန်တယ်လေ... ဒါဟာ အပူဓာတ် ရှိတဲ့ အရာ ဖြစ်သလို... လေဖြတ်တာ၊ အအေးမိတာနဲ့ အစိုဓာတ် များတာတွေကို ကုသဖို့အတွက် အဓိက သုံးတာပေါ့လေ...”

အားကျောက်သည် အစကတော့ ထစ်ထစ်ငေါ့ငေါ့ ရှိနေသော်လည်း တဖြည်းဖြည်းနှင့် ချောမွေ့လာခဲ့ချေပြီ။ သူသည် ဖြည်းဖြည်းချင်း ပြောဆိုသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းလှသလို အမှားတစ်ခုမျှလည်း မရှိခဲ့ပေ။

သမားတော်ကြီးမှာ မျက်နှာ ပျက်သွားရတော့၏။ အမြဲတမ်း ပျင်းရိနေတတ်သော အားကျောက် သည် ယခုကဲ့သို့ ရုတ်တရက် စစ်ဆေးခြင်းကိုပင် ဖြေဆိုနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့သည်မှာ အမှန် ပင်။ သို့သော်လည်း သူသည် ကောင်မလေးနှင့် ဆက်လက် ပြိုင်ဆိုင်ချင်နေဆဲ ဖြစ်သဖြင့် ပြောလိုက်ပြန်သည်။

“ဒါဆို ဝါးဖြူကော... ချွမ်းချုံ အကြောင်းကော...”

အားကျောက် ၏ ဦးနှောက်မှာ ယခုကဲ့သို့ တစ်ခါမျှ မကြည်လင်ဖူးခဲ့ချေ။ သူသည် အရင်က ဘာမှ မစဉ်းစားဘဲ နားထောင်ခဲ့ရုံသာ ရှိသော်လည်း ယခုအခါတွင်မူ အရာရာကို သေသေချာချာ မှတ်မိနေတော့၏။ သူကိုယ်တိုင်ပင် ဇဝေဇဝါဖြင့် တွေးတောနေမိ၏။

ငါက တကယ်ပဲ ဆေးပညာမှာ ပါရမီ ရှိနေတာလား။

သမားတော်ကြီးယန် သည် မေးမြန်းစရာများကို တရစပ် မေးမြန်းသော်လည်း သူ၏ တပည့်ကမူ အကုန်လုံးကို ရှင်းလင်းစွာ ဖြေဆိုနိုင်ခဲ့သဖြင့် သူ၏ မျက်နှာမှာလည်း ပို၍ပင်ပျက်လာရလေတော့သည်။

နျိုနျိုသည် သမ်းဝေလျက် မေးမြန်းလိုက်၏။

“ဆရာယန်... အဘိုး က ဘယ်လောက်တောင် ကြာအောင် မေးနေဦးမှာလဲ... ကိုကိုယန်လန် ရဲ့ ကိစ္စကိုရော အဘိုး မဖြေရှင်းပေးတော့ဘူးလား...”

သမားတော်ကြီးယန် သည် အားကျောက် အား ဆက်လက်၍ မသင်ကြားတော့ပေ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့သော သုံးရက်အတွင်း သင်ပေးခဲ့သမျှ ဆေးမြစ်များ အကြောင်းကို သူ အကုန် မေးမြန်းပြီးပြီ ဖြစ်သလို မေးစရာလည်း မကျန်တော့ချေ။

သူသည် ယန်လန် ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“မင်းကတော့ မနက်ဖြန်ကစပြီး စာကိုပဲ ကြိုးကြိုးစားစား သင်တော့... ကျန်တဲ့ ကိစ္စတွေကိုတော့ ငါပဲ ရှင်းပေးမယ်...”

ယန်လန် သည် ခေတ္တမျှ တွေဝေနေပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။ နျိုနျိုကမူ သက်ပြင်းတစ်ချက် ချလိုက်၏။

အဘိုးယန် က ဒေါသတကြီးဖြင့် မေးလိုက်၏။

“ဒီကောင်မလေးကော ဘာကို မကျေနပ် ဖြစ်နေရပြန်တာလဲ...”

နျိုနျိုက ပြောလိုက်လေသည်။

“ကိုကိုယန်လန် ရဲ့ ရင်ထဲက သံသယတွေကိုမှ မဖြေရှင်းပေးရသေးတာလေ... အဘိုး က စကားတောင် တစ်ခွန်းမှ မပြောရသေးဘူး မဟုတ်လား...”

အဘိုးယန် က ယန်လန် အား လှမ်းကြည့်လိုက်မိ၏။ ယန်လန် အနေဖြင့်လည်း ကောင်မလေး တစ်ဦး၏ အနောက်တွင် ပုန်းကွယ်မနေနိုင်တော့သည်မှာ အမှန် ပင်။ သူက အဘိုးဖြစ်သူအား မေးမြန်းလိုက်လေသည်။

“အဘိုး... အဲ့ဒီတုန်းက ကျင့်အန်းပေါ် အိမ်တော် မှာ ဘာတွေ ဖြစ်ခဲ့လို့လဲ... တစ်ခုခု ဖုံးကွယ်ထားတာ ရှိလို့လား... အကယ်၍ ကျွန်တော်သာ အမှန်တရားကို မသိရဘူး ဆိုရင်တော့... ကျွန်တော့် ရင်ထဲမှာ အမြဲတမ်း သံသယတွေ ရှိနေဦးမှာပါလေ...”

All Chapters