အပြန်အလှန် တောင်းပန်ခြင်း
Vol. 23 Ch. 225
သမားတော်ကြီးယန် သည် စိတ်တိုတတ်သူ ဖြစ်သလို စိတ်ရှည်သူ တစ်ဦးလည်း မဟုတ်ပေ။ သို့သော်လည်း သူ၏ မြေးဖြစ်သူ ဤမျှအထိ ဖြစ်နေသည်ကို မြင်ရသောအခါ သူသည် သေသေချာချာ ပြန်လည် စဉ်းစားပြီးမှ ပြောပြလိုက်လေသည်။
“အဲ့ဒီတုန်းက အရင်ကျင့်အန်းပေါ်က ရောဂါ အသည်းအသန် ဖြစ်နေလို့... ငါ့ကို အိမ်တော်အထိ ခေါ်ပြီး သွေးစစ်ခိုင်းတာလေ...”
“ငါ အဲ့ဒီကို ရောက်သွားတဲ့ အချိန်မှာတော့... သူက အိပ်ရာပေါ်မှာ သတိမေ့နေခဲ့ပြီ ဖြစ်သလို၊ သူ့ရဲ့ သွေးခုန်နှုန်းကလည်း တကယ့်ကို အားနည်းနေခဲ့ပြီ... ငါလည်း အိမ်တော်က လူတွေကို အမှန်အတိုင်း ပြောပြခဲ့တာပေါ့... အကယ်၍ ငါ အစွမ်းကုန် ကြိုးစားမယ် ဆိုရင်တောင်မှ သူဟာ နောက်ထပ် လဝက်လောက်ပဲ အသက်ရှည်နိုင်မှာပါလို့လေ...”
“ဒါပေမဲ့ သူက ဘာမှ မှာကြားခဲ့ရသေးတာ မရှိဘူး မဟုတ်လား...”
“အဲ့ဒီလူကို သတိပြန်ဝင်လာစေချင်တယ် ဆိုရင်တော့... အဲ့ဒီ ဆေးကို သေချာပေါက် သောက်ရမှာပေါ့လေ...”
“ကျင့်အန်းပေါ် အိမ်တော် က လူတွေကတော့... သူ သတိပြန်ဝင်လာမယ့် လမ်းကိုပဲ ရွေးခဲ့ကြတာလေ... ဒါမှ သူ သေခါနီးမှာ မှာကြားစရာ ရှိတာတွေကို သေသေချာချာ မှာခဲ့နိုင်မှာ မဟုတ်လား... သူ သတိပြန်ရလာပြီးနောက် လဝက်တောင် မပြည့်ခင်မှာတင်... သူ ဆုံးသွားခဲ့တာပေါ့...”
အဘိုးယန် သည် ထို အတိတ်က အကြောင်းအရာကို ပြောပြနေချိန်တွင်မူ အရင်လို ဒေါသထွက်နေခြင်း မရှိဘဲ သက်ပြင်းများသာ ချနေမိတော့၏။
“အရင် ကျင့်အန်းပေါ်နဲ့ ငါက အရင်ကတည်းက ရင်းနှီးခဲ့ကြတဲ့သူတွေ... သူ စစ်မြေပြင်မှာ ရှိတုန်းက ငါက စစ်မြေပြင် သမားတော် တစ်ဦးပေါ့... သူနဲ့ ရှန့်ကုန်း အဟောင်းကြီး ရဲ့ အောက်မှာ ငါ အမှုထမ်းခဲ့ဖူးတာလေ... နှစ်ပေါင်းများစွာ သံယောဇဉ် ရှိခဲ့ကြပေမဲ့... နောက်ဆုံးမှာတော့ ဒီလိုမျိုး မကောင်းမွန်တဲ့ ရလဒ်နဲ့ အဆုံးသတ်ခဲ့ရတာပါပဲ...”
ယန်လန် သည် ထိုကိစ္စအတွက် မိမိကိုယ်ကိုယ် အမြဲ အပြစ်တင်နေခဲ့သူ ဖြစ်ရာ မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။
“အဘိုး... အဲ့ဒီ ဆေးကို သောက်ဖို့ ဆုံးဖြတ်တာဟာ... တကယ်ပဲ ကျင့်အန်းပေါ် အိမ်တော် က လူတွေရဲ့ ဆန္ဒလား...”
အဘိုးယန် က ခေါင်းညိတ်ပြလိုက်၏။
“အဘွားကြီး ရော၊ သားအကြီးဆုံး နဲ့ ကျန်တဲ့ သားတွေ အကုန်လုံးက... အဘိုးကြီး မှာကြားမယ့် အမွေကိစ္စတွေကို သေသေချာချာ သိချင်နေကြတာဆိုတော့... ဒီလမ်းကိုပဲ ရွေးခဲ့ကြတာပေါ့လေ...”
“ငါ့မှာက သွေးစစ်ချက် မှတ်တမ်းတွေကို သိမ်းထားတတ်တဲ့ အကျင့် ရှိတယ်လေ... အရေးကြီးတဲ့ လူတွေရဲ့ မှတ်တမ်းတွေကို နှစ်စုံ ရေးထားတာပေါ့... တစ်စုံကို နန်းတွင်းဆေးရုံ ကို ပေးအပ်ခဲ့သလို၊ နောက်တစ်စုံကိုတော့ ငါကိုယ်တိုင် သိမ်းထားတာလေ... အဲ့ဒီတုန်းက မှတ်တမ်းတွေကို အခုထိ ဝူယွင် လမ်းကြား က အိမ်မှာ ရှိနေတုန်းပါပဲလေ...”
ယန်လန် သည် မိမိမှာ အမှားမရှိမှန်း သေချာသွားသောအခါ ရုတ်တရက် ဒေါသများ ထွက်ပေါ်လာရလေသည်။ သူသည် လွန်ခဲ့သော တစ်နှစ်နီးပါးအတွင်း အပြစ်ရှိစိတ်ဖြင့် သည်းခံခဲ့သမျှမှာ တကယ့်ကို ပြဇာတ်တစ်ခုလို ဖြစ်နေသည်။
အဘိုးယန် သည် သူ၏ တစ်ဦးတည်းသော မြေးအတွက် စိတ်မကောင်း ဖြစ်မိသဖြင့် ပြောလိုက်လေသည်။
“မင်း အခုကစပြီး စိတ်အေးအေးထားပြီး စာသင်ပါတော့... ဘယ်သူ့ကိုမှ ကြွေးတင်နေတယ်လို့ မခံစားပါနဲ့တော့နော်... ကျင့်အန်းပေါ် အိမ်တော် ကိုတော့ ငါကိုယ်တိုင်ပဲ သွားပြီး ရှင်းပေးမယ်လေ...”
ယန်လန် က ခေါင်းညိတ်ပြလိုက်လေသည်။
အဘိုးအို နှင့် မြေး တို့ ကိစ္စများ ပြေလည်သွားပြီဟု ထင်မှတ်ထားချိန်တွင်မှ နျိုနျို က နောက်ထပ် တစ်ကြိမ် သက်ပြင်းတစ်ချက် ချလိုက်ပြန်၏။
“အဘိုးတို့က တကယ်ပဲ တစ်ဦးနဲ့တစ်ဦး မိသားစုဝင်တွေလို့ ထင်နေတာလား...”
ထို ကလေးမလေး၏ မေးခွန်းကြောင့် သမားတော်ကြီးယန် မှာမူ ဒေါသတကြီးဖြင့် ဆွေ့ဆွေ့ခုန်နေလေတော့သည်။
“ဘာလို့ တို့တွေက မိသားစု မဟုတ်ရမှာလဲ...ဒီ ကောင်မလေးကတော့လေ... အရမ်းကို စပ်စုလွန်းတာပဲနော်...”
“အဘိုး က သမီး ကိုကို့ ရဲ့ ဆရာ ဖြစ်မနေရင်တော့... သမီး အဘိုးကို ဂရုစိုက်နေမှာ မဟုတ်ပါဘူးနော်...”
အဘိုးယန် ကမူ ဒေါသကြောင့် ရယ်ပင် ရယ်ချင်စိတ် ပေါက်သွားရ၏။ သူက ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
“ငါက အသက် သုံးနှစ်ကတည်းက ဆေးပညာကို စပြီးသင်ယူခဲ့တာလေ... အသက် ဆယ်နှစ်မှာ ဆေးရုံ ရောက်တယ်၊ ဆယ့်ရှစ်နှစ်မှာ နန်းတွင်းဆေးရုံ ရောက်တယ်၊ အသက် နှစ်ဆယ်မှာတော့ ရှန့်ကုန်း နဲ့အတူ စစ်မြေပြင်ကို လိုက်ခဲ့တာလေ... ဆေးကုလာတာ နှစ်ပေါင်း လေးဆယ် ရှိနေပြီ ဖြစ်တဲ့ ငါ့ကို... နင်က ဆုံးမချင်နေတာလား...”
နျိုနျိုသည် ထိုစကားကို ကြားသော်လည်း တစ်စက္ကန့်မျှပင် အနောက်သို့ ဆုတ်ခြင်း မရှိဘဲ လေးလေးနက်နက်ပင် ပြောဆိုလိုက်လေသည်။
“အရာရာမှာ အားသာချက်၊ အားနည်းချက် ဆိုတာ ရှိတာပဲလေ... အဘိုး ကော ဒီ အမှန်တရားကို သဘောမတူဘူးလား...”
အဘိုးယန် အနေဖြင့် ထိုစကားကို ငြင်းဆန်ရန် မဖြစ်နိုင်သည်မှာ အမှန် ပင်။ သို့သော်လည်း သူက နျိုနျိုအား ပြောလိုက်၏။
“ဒါပေမဲ့ နင်က ကလေးပဲ ရှိသေးတာလေ... ငါ့ထက် ပိုပြီး ဘာတွေကို နားလည်နိုင်မှာလဲ...”
နျိုနျိုကမူ တွေဝေခြင်း မရှိဘဲ ပြန်ပြောလိုက်လေသည်။
“သမီး ကတော့ မိသားစုဝင်တွေနဲ့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာကိုတော့... အဘိုးထက် ပိုပြီး နားလည်ပါတယ်လေ...”
အဘိုးယန် သည် ထိုစကားကြောင့် ကြောင်အသွားရရှာ၏။ နျိုနျိုက ဆက်ပြောလိုက်ပြန်သည်။
“မိသားစုဝင်တွေ ဆိုတာ တစ်ဦးကိုတစ်ဦး အပြန်အလှန် ထောက်ပံ့ပေးရမယ်၊ ယုံကြည်ပေးရမယ် မဟုတ်လား... ဒါမှသာ အပြင်လူတွေက လာပြီး ကိုယ့်မိသားစုရဲ့ အမှားတွေကို လျှောက်ပြောရင်တောင်မှ မယုံဘဲနဲ့ အဲ့ဒီလူကို အိမ်ထဲကနေ မောင်းထုတ်နိုင်မှာပေါ့လေ...”
ယန်လန် သည် ခေါင်းငုံ့သွားရပြီး ပြောလိုက်လေသည်။
“အဘိုး... ကျွန်တော့် အမှားပါ... ဆွေ့ဟန် ပြောသမျှကို မယုံသင့်ဘူးလေ... ဒါကြောင့် အဘိုးကို သံသယ ဖြစ်မိသွားတာပါ... ကျွန်တော်...”
အဘိုးယန် သည် သူ၏ မိသားစု အခြေအနေကို ကောင်းစွာ သိရှိထားသော်လည်း သူ၏ အပြုအမူများကြောင့် မြေးဖြစ်သူမှာ ဤမျှအထိ အထင်လွဲသွားလိမ့်မည်ဟု မထင်ထားခဲ့သည်မှာ အမှန် ပင်။
“ငါ နန်းတွင်းဆေးဌာနကနေ ထွက်လာခဲ့တာဟာ ဘေးဒုက္ခတွေကို ရှောင်ချင်လို့... ဆေးပညာ မတတ်လို့ မဟုတ်ဘူး...”
ယန်လန် သည် ထိုစကားကြောင့် ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။ သူသည် အပြင်က ကောလာဟလ အနည်းငယ်ကြောင့်နှင့် တစ်ဖက်လူ၏ ဆွဲဆောင်ရာနောက်သို့ ပါသွားခဲ့သည်။
“အဘိုး... အကုန်လုံးက မြေး ရဲ့ အမှားပါ... မြေး အနေနဲ့ အဘိုးရဲ့ ဆေးပညာကို ဘယ်တော့မှ သံသယ မဖြစ်တော့ပါဘူးနော်...”
အဘိုးယန် သည် သူ၏ မြေးအား အပြစ်မတင်လိုတော့ဘဲ ကိစ္စများ ဤမျှနှင့် ပြေလည်သွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း
နျိုနျို ထံတွင်မူ ကိစ္စမှာ မပြီးဆုံးသေးပေ။
“သမီး ကတော့ ဆယ်ရက်၊ လဝက်လောက် စကားမပြောဘဲနဲ့ မိသားစုဝင်တွေရဲ့ အခြေအနေကို မမေးဘဲ မနေနိုင်ပါဘူးလေ... အကယ်၍ မကောင်းတဲ့ သတင်းတစ်ခုခု ကြားရမယ် ဆိုရင်တော့ သူတို့ကို အော်ဟစ် ဆဲဆိုနေမိမှာ တို့တွေက တစ်ဦးနဲ့တစ်ဦး ဂရုမစိုက်ကြဘူး ဆိုရင်တော့... တို့တွေက မိသားစုဝင်တွေပါလို့ ပြောဖို့ ရှက်ရမှာပဲ...”
နျိုနျိုက လေးလေးနက်နက် ပြောဆိုလိုက်လေသည်။
အဘိုးယန် သည် ထိုစကားကြောင့် သူ၏ နှလုံးသားကို မြားတစ်စင်းဖြင့် အပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် သူ၏ မြေးဖြစ်သူအား ခုနက သွေးစစ်ပေးခဲ့စဉ်က ရလဒ်ကို ပြန်လည် သတိရလိုက်မိသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရင်ထဲတွင် အနည်ထိုင်နေသော ဝေဒနာကို ခံစားနေရသလို အသက်ပင် တိုနိုင်သည့် အရိပ်အယောင်များ ရှိနေသည်။
အဘိုးယန် ၏ သားနှင့် ချွေးမ တို့မှာ ဆုံးပါးသွားခဲ့ကြချေပြီ။ ယခု သူ့တွင် မြေးဖြစ်သူ တစ်ဦးတည်းသာ ဆွေမျိုးအဖြစ် ကျန်ရှိတော့ရာ ထပ်မံ၍ စိတ်ထိခိုက်စရာများ ဖြစ်လာမှာကို သူ တကယ်ပင် မခံစားနိုင်တော့သည်မှာ အမှန် ပင်။
“အဘိုး ရဲ့ အမှားပါလေ... မင်း စာသင်ရတာကို သဘောကျတယ် ဆိုရင်လည်း ပိုင်ယွင် ကျောင်းတော် မှာပဲ ဆက်နေပေါ့... အကယ်၍ ဆက်မနေချင်တော့ဘူး ဆိုရင်လည်း အဘိုး က ဆရာကောင်း တစ်ယောက် ရှာပေးမှာပေါ့လေ...”
ဤမျှအထိ ထိတ်လန့်သွားရပြီးနောက်တွင်မှ သမားတော်ကြီးယန် အဖို့ မြေးဖြစ်သူ ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရေးထက် ပို၍ အရေးကြီးသော အရာ မရှိတော့ပေ။
“ကျင့်အန်းပေါ် အိမ်တော် ကိုလည်း ကြောက်မနေနဲ့ဦးနော်... အဲ့ဒီ အိမ်တော်ကြီး အရှိန်အဝါ ရှိစဉ်ကတည်းက ငါက တစ်ခါမှ မကြောက်ခဲ့ဖူးပါဘူး... အခုဆိုရင် အဲ့ဒီ အိမ်တော်က အခွံသက်သက်ပဲ ကျန်တော့တာလေ... စိတ်ထဲ ထည့်မထားပါနဲ့တော့... မင်းမှာ ဘာအမှားမှ မရှိသရွေ့တော့ အဘိုး က မင်းအတွက် တရားမျှတမှုကို သေချာပေါက် ရှာပေးမှာပါလေ...”
ယန်လန် သည် အမြဲတမ်း ပြတ်သားလွန်းလှသော အဘိုးဖြစ်သူက သူ့အား ဤကဲ့သို့ တောင်းပန်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။ အဘိုးအို နှင့် မြေး တို့ ကိစ္စများ ပြေလည်သွားချိန်တွင်မှ နှစ်ဦးစလုံးမှာ စိတ်သက်သာရာ ရရှိသွားကြကုန်၏။
သမားတော်ကြီးယန် သည် ခေါင်းငုံ့ကာ နျိုနျိုအား လှမ်းကြည့်ပြီး မေးမြန်းလိုက်လေသည်။
“ကောင်မလေး... အခုတော့ ကျေနပ်ပြီလား...”
နျိုနျိုက သူ့အား ထူးဆန်းသလို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“အဘိုး က မိသားစုဝင်တွေနဲ့ အဆင်ပြေသွားတာပဲလေ... အဘိုးကိုယ်တိုင် ကျေနပ်၊ မကျေနပ် ဆိုတာကိုပဲ ပြန်မေးသင့်တာ မဟုတ်လား...”
ကလေးမလေး၏ စကားမှာ တည့်တိုးဆန်လှသော်လည်း မှန်ကန်လှပေသည်။ သမားတော်ကြီးယန် မှာမူ ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် တုန်ယင်နေသော်လည်း နျိုနျိုအား ဆက်လက်၍ မငြင်းခုံတော့ပေ။ သူသည် ခြံဝင်းအတွင်းသို့ ပြန်သွားပြီး လက်ဝှေ့ယမ်းကာ ကျန်းယွင်နန်၊ လျူရှောင်ရူ နှင့် အခြားသူများကို ခေါ်လိုက်လေသည်။
ကုမင်တာ့ မှလွဲလျှင် ကျန်ရှိသော ကုမိသားစုဝင် အားလုံးမှာမူ သူ၏ သွေးစစ်ခြင်းကို ခံယူခဲ့ကြရလေသည်။ ယခုတစ်ကြိမ်တွင်မူ ရှန်ချန်ဖုန်း ၏ မျက်နှာကြောင့် မဟုတ်ဘဲ သမားတော်ကြီးယန် ကိုယ်တိုင်က နျိုနျိုအား ကျေးဇူးတင်သော အနေဖြင့် သေသေချာချာ စစ်ဆေးပေးနေခြင်း ဖြစ်ချေသည်။
ကျန်းယွင်နန်သည် အားကျောက် ၏ အခန်းထဲတွင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို မေးမြန်းပြီးနောက် အဘိုးယန် က ထိုသို့ နျိုနျိုအား တစ်မျိုးတစ်ဖုံ ကျေးဇူးတင်နေခြင်း ဖြစ်မှန်း ခန့်မှန်းမိလိုက်လေသည်။
“သခင်မ ရဲ့ ကျန်းမာရေးကတော့ ကောင်းပါတယ်လေ... ကလေးတွေက မိခင်အပေါ်မှာ အရမ်း သံယောဇဉ် ရှိကြတာပဲနော်... သားသမီးတစ်ယောက်လောက်ပဲ မွေးဖူးတဲ့ အမျိုးသမီးတွေတောင်မှ သခင်မ လောက် ကျန်းမာရေး မကောင်းကြပါဘူးလေ...”
ကျန်းယွင်နန် ၏ မျက်နှာမှာ ပြေလျော့သွားရတော့၏။ ထို့နောက်တွင်မှ သမားတော်ကြီးက လှည့်ကာ မှာကြားလိုက်ပြန်သည်။
“သားဖွားပြီးနောက်မှာလည်း ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ခဲ့မှန်း သိသာပါတယ်လေ... ဒါပေမဲ့ တစ်ခုတော့ မှတ်ထားရမယ်နော်... အရာရာကို အရမ်း စိုးရိမ်မနေပါနဲ့ဦး... အရာရာကို သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်စမ်းပါ... အတွေးများနေမယ် ဆိုရင်တော့... ကိုယ့်ရဲ့ ကိုယ်ခန္ဓာကိုပဲ ထိခိုက်စေမှာ ဖြစ်သလို တခြား အကျိုးကျေးဇူးလည်း မရှိပါဘူး...”
ကျန်းယွင်နန်သည် မတတ်သာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သူမသည် သားတစ်ယောက် ဆုံးရှုံးခဲ့ဖူးသူ ဖြစ်ရာ ထို နာကျင်မှုများကို တွေးတောမိတိုင်း စိတ်မချမ်းသာ ဖြစ်ရသည်။ သို့သော်လည်း ဘေးနားရှိ သမီးဖြစ်သူ၏ စိုးရိမ်နေသော မျက်လုံးများကို မြင်တွေ့လိုက်ရသောအခါ ကျန်းယွင်နန်သည် စိတ်ကို တင်းကာ ပြောလိုက်လေသည်။
“လိမ္မာတဲ့ကလေးလေး... စိတ်မပူနဲ့နော်... မေမေ ဘာမှ မဖြစ်ပါဘူးလေ...”
နျိုနျိုလေးကမူ လုံးဝ စိတ်မအေးနိုင်သေးပေ။ သူမသည် မိခင်ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။
“မေမေ... မေမေ က နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် နေရမယ်နော်...”
ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ ခေါင်းလေးကို ပုတ်ပေးလိုက်၏။ အဘိုးယန် သည် လျူရှောင်ရူ ၏ သွေးကို စစ်ဆေးကြည့်လိုက်ရာ စစ်ဆေးလေလေ သူ၏ မျက်မှောင်များမှာ ပို၍ တင်းကျပ်လာလေလေ ဖြစ်နေတော့သည်။