သမားတော်ကောင်း
Vol. 23 Ch. 226
“သမားတော်ကြီး... ကျွန်မ ညီမလေး ရဲ့ ကိုယ်ခန္ဓာမှာ တစ်ခုခု မှားယွင်းနေလို့လား...”
ကျန်းယွင်နန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
အဘိုးယန် သည် မျက်နှာကို တင်းကာ လျူရှောင်ရူ အား ပြင်းပြင်းထန်ထန် ဆူပူလိုက်လေသည်။
“ညည်းရဲ့ အစ်မ ကတော့ သားဖွားပြီးနောက်မှာ ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ခဲ့တာလေ... ညည်းရဲ့ ကျန်းမာရေးကတော့ ဘာလို့ ဒီလောက်တောင် ဖရိုဖရဲ ဖြစ်နေရတာလဲ... ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒီလောက်တောင် ဂရုမစိုက်တာလဲ...”
လျူရှောင်ရူ မှာမူ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်၏။
“သမားတော်ကြီး... တစ်ခုခု မှားနေတာလား... ကျွန်မ ဘယ်တုန်းက ကိုယ်ဝန်ရှိဖူးလို့လဲ... ကျွန်မသာ ကိုယ်ဝန်ရှိခဲ့ရင်... ယောက္ခမ က ကျွန်မကို ဥမချနိုင်တဲ့ ကြက်မ လို့ ဘယ်ဆဲနိုင်ပါ့မလဲ...”
အဘိုးယန် က ပြောလိုက်လေသည်။
“ငါ သွေးစစ်တာ မမှားပါဘူးလေ... တစ်ခါတလေကျရင် ကိုယ်ဝန်က သိပ်မရင့်သေးခင်မှာတင် ပျက်ကျသွားတတ်တာမျိုး ရှိတယ်လေ... ညည်းရဲ့ ဓမ္မတာ လာတဲ့အချိန်မှာ ပုံမှန်မဟုတ်တာမျိုး ကြုံခဲ့ဖူးလား... သေသေချာချာ ပြန်စဉ်းစားကြည့်စမ်းပါဦး...”
သူက တိုက်ရိုက်ကြီး မပြောသော်လည်း ရှိနေသူ အမျိုးသမီး အားလုံးမှာမူ သဘောပေါက်သွားကြကုန်၏။ ကျန်းယွင်နန် နှင့် သခင်မကု တို့သည် လျူရှောင်ရူ အား တွဲထူကာ သေသေချာချာ မေးမြန်းကြလေသည်။
“ဟုတ်သားပဲ... တစ်ခါတုန်းကလေ... ဓမ္မတာ လာတဲ့အချိန်မှာ သွေးတွေက ပုံမှန်ထက် ပိုများနေသလို၊ ဗိုက်လည်း အရမ်း နာနေခဲ့တာ... ဒါပေမဲ့ ဝမ်ယောက်ကျူနဲ့ သူ့အမေ က ကျွန်မကို ကံမကောင်းတဲ့သူ ဆိုပြီးတော့... ထင်းဂိုဒေါင်ထဲမှာ ရက်နည်းနည်းလောက် သွားအိပ်ခိုင်းခဲ့တာလေ... အဲ့ဒီတုန်းက... ကျွန်မမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေခဲ့တာလား...”
ကျန်းယွင်နန် နှင့် သခင်မကု တို့မှာ အမျိုးသမီးချင်း ဖြစ်ကြသဖြင့် သားသမီး ဆုံးရှုံးရသော ဝေဒနာကို ပို၍ စာနာနိုင်ကြပေသည်။ လျူရှောင်ရူ ၏ ဝမ်းနည်းနေသော မျက်နှာလေးကို ကြည့်ပြီး သူတို့လည်း အလွန်ပင် စိတ်မကောင်း ဖြစ်သွားကြရလေသည်။
“ကျွန်မ ဘာမှ မသိခဲ့ဘူးလေ... ကျွန်မက ကလေး မမွေးနိုင်တဲ့သူလို့ပဲ အမြဲ ထင်နေခဲ့တာ... ကလေးက တကယ်ပဲ ရောက်လာခဲ့တာလား...”
လျူရှောင်ရူ က တတွတ်တွတ် ရေရွတ်နေတော့၏။
အဘိုးယန် သည်လည်း ဆက်လက်၍ မဆူတော့ဘဲ သမားတော် တစ်ဦး ပီပီ မေးမြန်းစရာ ရှိသည်များကို ဆက်လက် မေးမြန်းလေသည်။
“ကိုယ်ဝန် ပျက်ကျပြီးနောက်မှာလည်း နင့်ရဲ့ ကျန်းမာရေးက သိပ်မကောင်းခဲ့သလို... ဒုက္ခတွေလည်း အများကြီး ခံစားခဲ့ရပုံပဲနော်... နင့်ရဲ့ ကိုယ်ခန္ဓာက အေးစက်နေတတ်လား... ခြေလက်တွေရော၊ ဗိုက်အောက်ပိုင်းတွေရော အမြဲတမ်း အေးနေတတ်လား...”
လျူရှောင်ရူ သည် စိတ်ကို တည်ငြိမ်အောင် ခက်ခက်ခဲခဲ ကြိုးစားရင်း တစ်ခုချင်းစီကို ပြန်လည် ဖြေဆိုလိုက်လေသည်။ အဘိုးယန် က သူမအတွက် ဆေးညွှန်း ရေးပေးကာ ပြောလိုက်၏။
“ဒီကိစ္စကို အလေးအနက်ကြီး မတွေးပါနဲ့တော့... လောကမှာ ကိုယ်ပိုင် သားသမီး မရှိဘဲနဲ့ အောင်မြင်အောင် နေထိုင်သွားတဲ့ အမျိုးသမီးတွေ အများကြီး ရှိတာပဲလေ... အခု နင့်အတွက် အရေးကြီးဆုံးက ကိုယ်ခန္ဓာကို ပြန်ပြီး ကျန်းမာအောင် ပြုစုဖို့ပဲ ဖြစ်မှာပေါ့...”
ကျန်းယွင်နန် ကမူ စိတ်မအေးနိုင်ဘဲ မေးမြန်းလိုက်လေသည်။
“သမားတော်ကြီး... အဲ့ဒီ ကိုယ်ဝန် ပျက်ကျခဲ့တာဟာ... ကျွန်မ ညီမလေး ရဲ့ နောင်ကျရင် သားသမီး ရနိုင်မယ့် အခြေအနေကို ထိခိုက်စေမှာလား...”
အဘိုးယန် က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“သူ့ရဲ့ ကိုယ်ခန္ဓာက အစကတည်းက ကိုယ်ဝန်ရဖို့ ခက်ခဲတဲ့အပြင်... ရခဲ့တဲ့ ကလေးကလည်း မမြဲခဲ့ဘူးဆိုတော့... ပိုပြီးတော့ ဆိုးသွားတာပေါ့လေ... အခု ငါ လုပ်ပေးနိုင်တာကတော့ ကျန်းမာရေး ပြန်ကောင်းအောင် အစွမ်းကုန် ပြုစုပေးဖို့ပဲ ရှိတာပါ... ကျန်တာကတော့ ကံတရားပေါ့လေ...”
ကျန်းယွင်နန် သည် ထိုစကားကြောင့် ထိတ်လန့်သွားရ၏။ နောက်ဆုံးတွင်မူ လျူရှောင်ရူ ကပင် ပြန်လည် နှစ်သိမ့်လိုက်ရလေသည်။
“အစ်မရယ်... ကျွန်မကလည်း နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိပါဘူးလေ... သားသမီး ရ၊ မရ ဆိုတာက ကျွန်မအတွက်တော့ သိပ်ပြီး အရေးမကြီးပါဘူး... ကျွန်မ မွေးမလာနိုင်ခဲ့တဲ့ ကလေးလေး အတွက်ပဲ သနားမိတာပါ... သူက သားလေးလား၊ သမီးလေးလား ဆိုတာကိုတောင် မသိရဘူး မဟုတ်လား...”
ကျန်းယွင်နန် ကမူ ထိုကိစ္စမှာ အလွန် အရေးကြီးသည်ဟု ခံစားနေရဆဲ ပင်။
“ဒါတွေ အကုန်လုံးက ဝမ်မိသားစု က လူတွေကြောင့် ဖြစ်ရတာလေ... သူတို့ကသာ နင့်ရဲ့ ကလေးကို ဒုက္ခပေးခဲ့တာပေါ့... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့နော်...”
ကျန်းယွင်နန် က နျိုနျိုအား ဆွဲခေါ်လာပြီး လျူရှောင်ရူ ၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်လေသည်။ နျိုနျိုသည် လက်ကလေးဖြင့် လျူရှောင်ရူ ၏ ရင်ဘတ်ကို အသာအယာ ပုတ်ပေးရင်း ပြောလိုက်၏။
“သမီးက အဒေါ်လျူ ကို ဒုက္ခပေးတဲ့ လူဆိုးတွေကို သေချာပေါက် ရိုက်ပေးမယ်နော်... အဒေါ်လျူ မငိုနဲ့တော့နော်... နောင်ကျရင် သမီးကပဲ အဒေါ်လျူ ကို သေသေချာချာ လုပ်ကျွေးပြုစုမှာပေါ့...”
လျူရှောင်ရူ သည် နျိုနျို ၏ ချစ်စရာကောင်းလှသော ပုံစံလေးကို ကြည့်ရင်း မိမိ၏ ကလေးလေးသာ မွေးလာခဲ့လျှင် နျိုနျိုလေးလိုပဲ လိမ္မာပါ့မလားဟု တွေးတောမိလိုက်လေသည်။ သူမသည် ထိုသို့ တွေးမိသည်နှင့် မျက်ရည်များမှာ ဆက်တိုက် ကျဆင်းလာရပြီး နျိုနျိုအား ဖက်လျက် အသည်းအသန် ငိုမိလေတော့သည်။
အချိန်အတော်ကြာပြီးနောက် ကုမိသားစုဝင် အားလုံး၏ ကျန်းမာရေးကို စစ်ဆေးပေးပြီးချိန်တွင် အဘိုးကု တစ်ဦးတည်းသာ ကျန်တော့၏။ အဘိုးကု သည် ဇဝေဇဝါ ဖြစ်နေသော်လည်း လိမ္မာသူ ဖြစ်ပေသည်။ သခင်မကု က စကားအနည်းငယ် ပြောလိုက်သည်နှင့် သူသည် လိမ္မာစွာပင် လက်ကို ဆန့်ထုတ်ပေးလိုက်လေသည်။
“သမားတော်ကြီး... ကျွန်မ ယောက်ျား က နေမကောင်းဖြစ်ပြီး စိတ်ရှုပ်ထွေးနေတာလေ... သူ့ကို သတိပြန်ဝင်လာအောင် လုပ်ပေးလို့ ရမလား...”
သခင်မကု က မေးမြန်းလိုက်သည်။
အဘိုးယန် က ချက်ချင်း ပြန်မဖြေခဲ့ပေ။ သခင်မကု က ထပ်ပြောလိုက်ပြန်၏။
“အိမ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အရက်ချက်နည်း ရှိတာလေ... အဲ့ဒါကို ကျွန်မ ယောက်ျား တစ်ယောက်တည်းပဲ သိတာဆိုတော့...”
အဘိုးယန် သည် ထို အခြေအနေကို ရင်းနှီးနေသဖြင့် မေးမြန်းလိုက်လေသည်။
“သူ့ကို ခဏလောက် သတိပြန်ဝင်လာအောင် လုပ်လို့ ရပါတယ်လေ... ဒါပေမဲ့ အဲ့ဒီလို လုပ်လိုက်ရင်တော့ သူဟာ မကြာခင်မှာပဲ ဆုံးပါးသွားနိုင်တာပေါ့... ဒါမှမဟုတ်ရင်လည်း ဒီအတိုင်းပဲ ဆက်ပြီး နေခိုင်းထားလို့ ရတာပေါ့... ဒါပေမဲ့ အရက်ချက်နည်းကိုတော့ သူ ဘယ်တော့မှ မှတ်မိတော့မှာ မဟုတ်ဘူးလေ... ဘယ်လိုမျိုး ကုချင်လဲ...”
သခင်မကု က နားမလည်စွာဖြင့် ပြန်မေးလိုက်၏။
“မကြာခင် ဆုံးပါးသွားမယ် ဆိုတာ ဘာကို ဆိုလိုတာလဲ...”
အဘိုးယန် က ပြောလိုက်၏။
“အရက်ချက်နည်းကို ပြောပြပြီးတာနဲ့ သူ သေသွားလိမ့်မယ် လို့ ဆိုလိုတာပေါ့လေ...”
သခင်မကု သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် လက်ဝှေ့ယမ်းကာ ငြင်းဆိုလိုက်လေသည်။
“အရက်ချက်နည်း က ဘယ်လောက်ပဲ ကောင်းနေပါစေ... ကျွန်မ ယောက်ျား လောက်တော့ တန်ဖိုး မရှိပါဘူးလေ... ထားလိုက်ပါတော့... သူ့ကို ဒီအတိုင်းပဲ ဆက်ပြီးသာ သတိမေ့နေခွင့်ပေးလိုက်ပါတော့နော်...”
အဘိုးယန် သည် သခင်မကု အား အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်မိ၏။ ကျင့်အန်းပေါ် အိမ်တော် မှ လူများနှင့် နှိုင်းယှဉ်ကြည့်လျှင်မူ ဤ အဘွားအို၏ ဆုံးဖြတ်ချက်မှာ တကယ့်ကို မြင့်မြတ်လှပေသည်။
“နင့်ရဲ့ ယောက်ျား က အခု အိမ်မှာ အလုပ်တွေ ကူလုပ်ပေးနိုင်သေးလား...”
အဘိုးယန် က မေးလိုက်သည်။
သခင်မကု က စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
“သူက နျိုနျို အတွက် ကြက်ကလေးတွေ ဝိုင်းထိန်းပေးတာကလွဲရင်... ကျန်တာတော့ ဘာမှ မလုပ်ပါဘူးလေ... ကျွန်မ သားနဲ့ ချွေးမ ကလည်း အလိုက်သိကြတာဆိုတော့... ကျွန်မတို့ နှစ်ယောက်ကို ပြုစုဖို့အတွက်တောင် လူတွေ သီးသန့် ငှားပေးထားကြတာလေ...”
အဘိုးယန် က ခေါင်းညိတ်ပြကာ ဆေးညွှန်းကို ရေးပေးလိုက်လေသည်။
“စိတ်မပူပါနဲ့... အမှား မရှိစေရပါဘူးလေ...”
ညနေပိုင်းတွင် သူတို့သည် အားယန် အား ပိုင်ယွင် ကျောင်းတော် သို့ ပြလည် ပို့ဆောင်ပေးခဲ့ကြကုန်၏။ ကျောင်းဝင်ကြေး ပေးအပ်ပြီးနောက် ကျောင်းတော်တွင် သုံးစွဲရန်အတွက် အဝတ်အထည်များကိုပါ ဝယ်ယူပေးခဲ့လေသည်။ အားယန် သည် ကျောင်းတော်တွင်သာ နေထိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်ရာ မိသားစုဝင်များ မှာမူ သူ့အား သေသေချာချာ မှာကြားပြီးမှသာ မြို့ထဲသို့ ပြန်လာခဲ့ကြလေသည်။
အဘိုးယန် သည် ကုမိသားစု ထွက်ခွာသွားသည်ကို ကြည့်ပြီး သူ၏ ခြံဝင်းအတွင်း၌ တိတ်ဆိတ်မှုကို ခံစားလိုက်ရ၏။ သူသည် နျိုနျိုလေး အပေါ် ကြွေးတင်နေသမျှကို ယခုလို ကျန်းမာရေး စစ်ဆေးပေးခြင်းဖြင့် ဆပ်လိုက်ပြီဟု ယူဆကာ စိတ်အေးသွားရလေသည်။
သို့သော်လည်း ထိုညတွင် သူသည် အိပ်မက်ဆိုးများ မက်နေခဲ့၏။ သူ၏ အိပ်မက်ထဲတွင် မြေးဖြစ်သူမှာ ကျောင်းတော်တွင် အနိုင်ကျင့်ခံရလွန်းသဖြင့် နောက်ဆုံးတွင် ရေထဲ ခုန်ချ သေကြောင်းကြံစည်သွားသည်ကို မြင်တွေ့လိုက်ရခြင်း ပင်။ အဘိုးယန် သည် ထိတ်လန့်တုန်ယင်လျက် နိုးထလာခဲ့ချေပြီ။ အကယ်၍သာ နျိုနျိုလေး က နေ့လယ်ပိုင်းမှာ ထိုစကားများကို မပြောခဲ့လျှင်မူ သူသည် မြေးဖြစ်သူ၏ ထူးခြားလှသော အခြေအနေကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
အဘိုးယန် သည် ထိတ်လန့်လွန်းသဖြင့် တစ်ကိုယ်လုံးပင် တုန်ယင်နေတော့၏။ ကျင့်အန်းပေါ် အိမ်တော် ကိစ္စကို သူ သေသေချာချာ ကိုင်တွယ်ရမည် ဖြစ်သလို နျိုနျိုလေး အပေါ် ကြွေးတင်နေသမျှကိုလည်း အခုထိ မဆပ်ရသေးမှန်း သူ သိလိုက်ရလေသည်။ သူသည် အားကျောက် ဘက်သို့ အကြည့် လွှဲလိုက်လေသည်။
“ပညာသင်ကြားတာဟာ ရေဆန်မှာ လှေလှော်နေရသလိုပဲလေ... မကြိုးစားရင် အနောက်ကို ပြန်ရောက်သွားမှာပေါ့... မင်းက အခုထိ အရမ်း ပေါ့ဆနေသေးတာလေ... နောင်ကျရင်တော့ နေ့တိုင်း လေ့လာရမယ့် ဆေးမြစ်တွေရဲ့ အရေအတွက်ကို နှစ်ဆ ထပ်တိုးလိုက်မယ်လေ...”
အားကျောက် မည်မျှပင် အော်ဟစ် ငိုယိုပါစေ၊ သမားတော်ကြီးယန် ကမူ သူ၏ ဆုံးဖြတ်ချက်ကို ပြတ်သားစွာပင် အကောင်အထည်ဖော်လိုက်လေတော့သည်။ မူလကတော့ ပိုးကောင်လေးတွေ ကူမွေးဖို့အတွက်သာ တပည့်လက်ခံခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် အားကျောက် အား တကယ့် သမားတော်ကောင်း တစ်ဦး ဖြစ်လာအောင် သင်ကြားပေးရန် ဆုံးဖြတ်လိုက်လေတော့သတည်း။