← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

🍋 Chapter 11

ယခုတစ်ကြိမ်တွင်မူ သူသည် မန်နေဂျာကိုယ်တိုင်၏ ယဉ်ကျေးပျူငှာစွာ ဖိတ်ကြားမှုကြောင့် အစည်းအဝေးခန်းထဲသို့ ရောက်ရှိလာခဲ့သည်။

လက်ဖက်ရည်ငှဲ့ပေးလိုက်၊ သစ်သီးများ ပြင်ဆင်ပေးလိုက်နှင့် အလုပ်ရှုပ်နေသော ဤဗိုက်ပူပူ အလတ်တန်းစားအမျိုး သားကို ကြည့်ရင်း ကျိုးထျန်းစိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။

ငွေရှိရင် ဘုရင်ပဲ

သူသည် မန်နေဂျာနှင့် အပေါ်ယံ စကားအနည်းငယ် ပြောဆိုခဲ့သော်လည်း ကျန်းရိုကိုတော့ မတွေ့ရပေ။

"မန်နေဂျာဝမ်... ကျန်းရို ဘယ်ရောက်သွားလဲ"

"ဪ... ရှောင်ရိုက ငယ်သေးတော့ အတွေ့အကြုံ မရှိသေးလို့ပါ။ လူကြီးမင်းလို အရေးကြီးတဲ့ ဖောက်သည်မျိုးကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ဝန်ဆောင်မှုပေးသင့်တယ် မဟုတ်လား"

ကျိုးထျန်း မျက်လုံးများ ချက်ချင်းမှေးစင်းသွားသည်။

ဒီဝက်ပုကြီးက ကျန်းရိုရဲ့အလုပ်ကို ကြားဖြတ်လုဖို့ကြိုးစားနေတာပဲ!

ပုံမှန်ဆိုလျှင် သူ ဂရုစိုက်နေမည်မဟုတ်ပေ။ ဘာမှ နစ်နာစရာ မရှိသဖြင့် အကျိုးဆောင်ရုံးအတွင်း အချင်းချင်းအလုပ်လုကြသည်မှာ သူနှင့် မဆိုင်သလိုရှိသည်။

သို့သော် ယခုမူ မတူတော့ပေ။ စနစ်၏တာဝန် ရှိနေသလို ကျန်းရိုမရှိလျှင် ထိုတာဝန်ကို ပြီးမြောက်ရန်ခက်ခဲလိမ့်မည်။

အလုပ်သင်မလေး တစ်ယောက်က ဤမျှကော်မရှင်အများကြီး ရမည်ဆိုလျှင် အခြားသူများက ငြူစူကြမည်မှာ အမှန်ပင်။

သို့သော် မန်နေဂျာကိုယ်တိုင် လုပ်မည်ဆိုလျှင်တော့ အခြားသူများက သက်ပြင်းချရုံသာ ရှိပေလိမ့်မည်။

ထို့အပြင် ကျန်းရိုသည် ရိုးသားဖြောင့်မတ်သူဟု သူယူဆထားသဖြင့် သူမကိုသာ ဤငွေများရစေချင်သည်။

ကျိုးထျန်းမျက်နှာမှာ အေးစက်သွားပြီး ထိုဗိုက်ပူကြီးကို ဆယ်စက္ကန့်ကျော်ကြာ စိုက်ကြည့်နေလိုက်ရာ တစ်ဖက်လူမှာ နေရခက်လာတော့သည်။

"မစ္စတာကျိုး... တစ်ခုခု အဆင်မပြေလို့လား ခင်ဗျာ"

မန်နေဂျာသည် လူငယ်လေးထံမှ ရုတ်တရက်ထွက်ပေါ်လာသော ဖိအားနှင့် မကျေနပ်သော အမူအရာကို ရိပ်မိလိုက်သည်။

"မန်နေဂျာဝမ်... ကျွန်တော် နောက်ဆုံးအကြိမ် ထပ်မေးမယ်၊ ကျန်းရို ဘယ်မှာလဲ"

ကျိုးထျန်း သဘောထားမှာ ပြတ်သားလှသည်။ သူသည် ဤလူနှင့် အချိန်ဖြုန်းချင်စိတ်မရှိပေ။

"မစ္စတာကျိုး... ကျန်းရို အခု ဆိုင်မှာ မရှိပါဘူး၊ သူမက ဖောက်သည်တွေဆီ သွားကြည့်နေလို့ပါ"

"ဟမ့်!"

ကျိုးထျန်းက နှာခေါင်းရှုံ့လိုက်သည်။ ဤမြေခွေးအိုကြီးမှာ သူမကို ရည်ရွယ်ချက်ရှိရှိ တစ်နေရာရာသို့လွှတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

"မန်နေဂျာဝမ်... ကျွန်တော် ခင်ဗျားကို မိနစ် ၂၀ အချိန်ပေးမယ်၊ ကျန်းရိုကို ကျွန်တော့်ရှေ့ ရောက်အောင်ခေါ်လာပေး။ မဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့ အရောင်းအဝယ်တွေ အကုန်လုံးကို အခုချက်ချင်း ရပ်ဆိုင်းပစ်မယ်၊ ပြီးတော့ ခင်ဗျားတို့ လျန်ကျား ရုံးချုပ်ကိုလည်း တိုင်ချက်ဖွင့်မယ်"

ထိုသို့ ပြောပြီးနောက် သူသည် ဖုန်းထဲမှ Timer ကို မိနစ် ၂၀ သတ်မှတ်ကာ ထိုလူ့ ရှေ့သို့ ပစ်တင်လိုက်သည်။

ထို့နောက် မျက်နှာကြက်ကိုသာ စိုက်ကြည့်နေပြီး စကားတစ်လုံးမှ ထပ်မပြောတော့ပေ။

ဗိုက်ပူကြီး၏နဖူးမှ ချွေးများ စီးကျလာတော့သည်။ ဒါသည် အလွန်အရေးကြီးသော ဖောက်သည်ဖြစ်သည်။

အကယ်၍ သူသာ ဤအလုပ်ကို အလွဲအချော်လုပ်မိခဲ့လျှင် ငွေရနည်းသွားရုံနှင့် မပြီးပေ။ ရုံးချုပ်ကသာ သူသည် အခြားသူအလုပ်ကို ကြားဖြတ်လုခြင်းကြောင့် အရောင်းအဝယ် ပျက်သွားခဲ့သည်ကို သိသွားလျှင် သူ့ရာထူးမှာ အန္တရာယ် ရှိသွားနိုင်သည်။

ယခုခေတ် အိမ်ခြံမြေဈေးကွက်မှာ လွန်ခဲ့သော ဆယ်စုနှစ်များကလို မဟုတ်တော့ဘဲ ယွမ်သိန်းပေါင်းများစွာ အမြတ်ရမည့် အလုပ်မျိုးမှာအလွန်ရှားပါးလှသည်။

ယခုမူ သူသည် ဖောက်သည်အချို့ရဖို့ပင် အောက်ကျ နောက်ကျ ခံနေရခြင်းဖြစ်သည်။

အမှန်တကယ်တော့ မန်နေဂျာအနေဖြင့် ကျန်းရိုက ဤအလုပ်ကို အောင်မြင်အောင် လုပ်နိုင်လျှင်လည်း သူက ကော်မရှင် တစ်စိတ်တစ်ပိုင်း ရမှာပင်။

သို့သော် သူက လောဘကြီးသွားခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ပြတ်သားသော သဘောထားကို မြင်သောအခါ သူ အရှုံးပေးလိုက်ရတော့သည်။

သူသည် အစည်းအဝေးခန်းထဲမှ ထွက်လာပြီး ကျန်းရိုကို ချက်ချင်းဖုန်းဆက်ကာ အမြန်ပြန်လာရန် အတင်းအကျပ် ခိုင်းတော့သည်။

ကျန်းရိုသည် အမှန်တကယ်တော့ ဖောက်သည်များနှင့် တွေ့နေခြင်း မဟုတ်ဘဲ အနီးနားရှိ McDonald's တွင် ပုန်းကာ မျက်ရည်သုတ်နေခြင်းဖြစ်သည်။

သူမသည် ဤငွေအမြောက်အမြားကိုရရှိပြီး ရှန်ဟိုင်းတွင် အခြေချနိုင်မည့် အုတ်မြစ်တစ်ခု ရတော့မည်ဟု ထင်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ မန်နေဂျာက သူမ အလုပ်ကို လုယူသွားခဲ့သည်။ သူမသည် ရက်ပေါင်းများစွာ ထမင်းမေ့၊ ဟင်းမေ့ ကြိုးစားခဲ့ရသည် မဟုတ်ပါလား။

‘အနည်းဆုံးတော့ ယွမ်တစ်သောင်းရခဲ့တာပဲ၊ ဒါလည်း မဆိုးပါဘူး’

‘ငါက အသစ်ဆိုတော့ မန်နေဂျာက ငါအဆင်မပြေမှာ စိုးရိမ်လို့ ဖြစ်မှာပါ’

သူမသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်နေရသည်။ သူမရှေ့တွင် အစားအစာများစွာရှိနေပြီး ဝမ်းနည်းမှုကို အစားအသောက်ဖြင့် ဖြေဖျောက်နေခြင်း ဖြစ်သည်။

ထိုစဉ် ဖုန်းမြည်လာသည်။ မန်နေဂျာထံမှ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူမ မျက်နှာမှာ ညှိုးငယ်သွားသော်လည်း အသံကို ပြန်လည်ထိန်းညှိကာ ဖုန်းကို ကိုင်လိုက်သည်။

"ဟယ်လို... မန်နေဂျာ၊ ဘာကိစ္စရှိလို့လဲ"

"ရှောင်ရို... မင်း အခု ဘယ်မှာလဲ"

မန်နေဂျာ၏ အသံမှာ အလွန်ပျာယာခတ်နေသည်ကို သူမ ကြားလိုက်ရသည်။

"ကျွန်မ အနီးနားက McDonald's မှာ စားနေတာပါ"

"တော်သေးတာပေါ့... မဝေးဘူးပဲ၊ အခုချက်ချင်း ဆိုင်ကို ပြန်လာခဲ့၊ အခုချက်ချင်းပဲနော်"

"ရှင် ? မန်နေဂျာ... ဘာဖြစ်လို့လဲ"

"မမေးနဲ့ဦး၊ အမြန်ဆုံးသာ ပြန်လာခဲ့၊ ရောက်မှ ပြောကြတာပေါ့"

ဖုန်းကျသွားသည်နှင့် သူမ ဇဝေဇဝါ ဖြစ်သွားရသည်။ သူမသည် ကြောင်တောင်တောင်နှင့်ပင် ဆိုင်သို့ အပြေးပြန်လာခဲ့ရင်း အတွေးတစ်ခုဝင်လာသည်။

‘ဟိုလူကြီးမင်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုများ တက်လို့လားမသိဘူး’

နန်အန်းလမ်းရှိ လျန်ကျား အစည်းအဝေးခန်းထဲတွင်မူ အခြေအနေမှာ အလွန်နေရခက်လှသည်။

ဗိုက်ပူကြီးသည် ကျိုးထျန်းကို အောက်ကျနောက်ကျ ဖားရင်း စီးကရက် ကမ်းလှမ်းသော်လည်း ကျိုးထျန်းက နှာခေါင်းရှုံ့လိုက်သည်နှင့် တစ်ဖက်လူမှာ လက်ကိုအမြန်ပြန်ရုပ်လိုက်ရသည်။

မိနစ်အနည်းငယ်အကြာတွင် ကျန်းရို အပြေးအလွှားရောက် လာပြီး လုပ်ဖော်ကိုင်ဖက်များ၏ သတိပေးချက်အရ အစည်း အဝေးခန်းထဲသို့ တန်းဝင်လာခဲ့သည်။

"ရှောင်ရို... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ! မစ္စတာကျိုးကတော့ စောင့်ရတာ စိတ်မရှည်တော့ဘူး"

ဗိုက်ပူကြီးက အမြန်ထရပ်ကာ Timer အချိန်ကုန်ခါနီးဖြစ်နေသော ဖုန်းကို ကျိုးထျန်းထံ ပြန်ပေးလိုက်သည်။ ကျိုးထျန်းက မကျေမနပ်နှင့်ပင် ဖုန်းကို ပြန်ယူကာ မန်နေဂျာကို တိုက်ရိုက်ညွှန်ကြားလိုက်သည်။

"ခင်ဗျား... အပြင်ထွက်ပြီး ဆိုင်ထဲမှာရှိတဲ့ အကျိုးဆောင်တွေ အကုန်လုံးကို ဒီထဲ ခေါ်လာခဲ့"

ဗိုက်ပူကြီးမှာ ယခုအခါ ကျိုးထျန်းကို အလွန်ကြောက်နေပြီ ဖြစ်သည်။ သူ ဘာလုပ်မည်ကို နားမလည်သော်လည်း ခိုင်းသည့်အတိုင်း လုပ်ဆောင်ရတော့သည်။

မကြာမီ အစည်းအဝေးခန်းထဲတွင် လူများဖြင့် ပြည့်နှက်သွားသည်။ ကျိုးထျန်းက သူ့ဘေးက ကုလားထိုင်ကို ဆွဲထုတ်ကာ ကျန်းရိုကို ထိုင်ရန် အချက်ပြလိုက်သည်။ လူစုံသွားသော အခါ မန်နေဂျာက ယဉ်ကျေးစွာ စတင်ပြောဆိုသည်။

"မစ္စတာကျိုး... ကျွန်တော် ထပ်ပြီး အတည်ပြုပါရစေ၊ ဒီအိမ် ၁၃ လုံးစလုံးကို ဝယ်မှာ သေချာတယ်နော်"

"ဟုတ်တယ်... အကုန်ပဲ"

"ဟုတ်ကဲ့... ဒါဆို ကော်မရှင်နဲ့ ပတ်သက်ပြီး... ကျွန်တော်တို့ရဲ့ စည်းမျဉ်းက ၂ ရာခိုင်နှုန်း ဖြစ်တယ်ဆိုတာ သိထားမှာပါ" မန်နေဂျာက သူ့မျက်နှာကို အကဲခတ်နေသည်။

"ဒါပေမဲ့ အရေးကြီးတဲ့ ဖောက်သည်တစ်ယောက်အနေနဲ့ ကျွန်တော်တို့က ကော်မရှင်ကို ၁.၅ ရာခိုင်နှုန်းအထိ လျှော့ ပေးလို့ ရပါတယ်၊ အဲ့ဒါ အဆင်ပြေရဲ့လား ခင်ဗျာ"

ဗိုက်ပူကြီးမှာ တစ်ဖက်လူ စိတ်ပြောင်းသွားမည်ကို အလွန်စိုးရိမ်နေသည်။

"မရဘူး... ၁.၅ ရာခိုင်နှုန်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျိုးထျန်း ချက်ချင်း ငြင်းဆိုလိုက်သည်။

"ဒါဆိုရင်တော့... ၁.၃ ရာခိုင်နှုန်းပေါ့၊ ဒါက ကျွန်တော်တို့ရဲ့ အနိမ့်ဆုံး သတ်မှတ်ချက်ပါပဲ၊ ဒီထက် လျှော့ဖို့ကတော့ တကယ်ကို မလွယ်ကူတော့ပါဘူး"

ကျိုးထျန်း မျက်မှောင်ကြုတ်လိုက်ရာ ဗိုက်ပူကြီးမှာ တုန်တုန်ရင်ရင် ဖြစ်သွားရသည်။

"ဘယ်သူက ဈေးလျှော့ခိုင်းလို့လဲ၊ ကျွန်တော် ပြောတာက ၂ ရာခိုင်နှုန်း အပြည့်ပေးမယ်၊ အဲ့ဒီအထဲက ကျန်းရိုကို ကော်မရှင် အများကြီးပိုပေးစေချင်လို့"

ဤစကားကြောင့် အစည်းအဝေးခန်းထဲရှိ အကျိုးဆောင်များအားလုံး မှင်သက်သွားကြသည်။

ဈေးလျှော့ပေးတာကို ငြင်းပြီး အပြည့်ပေးချင်သည့် လူမျိုးကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ဒါသည် ပြောင်းပြန် ဈေးဆစ်သည့် နည်းဗျူဟာလား။

"နောက်ပြီး ကျွန်တော် သူမကို သီးသန့်ပေးထားတဲ့ ဆုကြေး ယွမ်သောင်းပေါင်းများစွာကိုလည်း ခင်ဗျားတို့ ဖြတ်တောက်ခွင့် မရှိဘူး"

ဤစကားက အားလုံးကို ထပ်မံအံ့ဩသွားစေပြန်သည်။

သီးသန့်ဆုကြေးဆိုသည်မှာ သူတို့ တစ်ခါမှ မကြားဖူးပေ။ ယွမ် ၃၂ သန်းကျော်တန် အရောင်းအဝယ်တစ်ခု၏ ကော်မ ရှင်နှုန်းထားကို အားလုံးကကောင်းကောင်း နားလည်ကြသည်။

အချို့ဆိုလျှင် လုပ်ငန်းခွင်မှာ ဆယ်နှစ်ကျော်နေပြီဖြစ်သော် လည်း ဤမျှကြီးမားသော အပေးအယူမျိုး တစ်ခါမှ မကြုံဖူးကြပေ။

‘ဒီအသစ်ဝင်တဲ့ မိန်းကလေးကို တစ်ယောက်ယောက်က ငွေတွေ အတင်းပေးနေတာပဲ!’

‘ဘာကြောင့်လဲ! ဘာကြောင့်လဲ!’

‘ဒါကို သည်းမခံနိုင်တော့ဘူး! ငါတို့ တကယ်ကို အချဉ်ပေါက်နေပြီ!’

[ဒင်~... ဟွမ်ဆန်းရှန်းဆီမှ အချဉ်ဓာတ် +၉၉]

[ဒင်~... ကျိုးဟွေ့ဆီမှ အချဉ်ဓာတ် +၉၉]

[ဒင်~... ချန်းဖူကွေ့ဆီမှ အချဉ်ဓာတ် +၉၉]

...

အစည်းအဝေးခန်းထဲတွင် သူနှင့် ကျန်းရိုကို ဖယ်လျှင် ၁၃ ယောက် ရှိရာ၊ ထိုအထဲမှ ၁၂ ယောက်မှာ အမြင့်ဆုံး အချဉ်ဓာတ်များကို ပေးနေကြခြင်း ဖြစ်သည်။

တာဝန်မှာ တစ်ကြိမ်တည်းနှင့်ပင် မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်စွာ ပြီးမြောက်သွားတော့သည်။

[ဒင်~! စနစ်အကြောင်းကြားချက် - တာဝန်ပြီးမြောက်ပါပြီ၊ စနစ်က တာဝန်အပေါ် အကဲဖြတ်နေပါသည်]

[တာဝန်အကဲဖြတ်ချက် - ပြီးပြည့်စုံပါသည်]

[ရရှိသောဆုလာဘ် - လူအများအပြား အချဉ်ဓာတ် ဆပွားအကျိုးသက်ရောက်မှု]

[မှတ်ချက် - ဤဆုလာဘ်၏ အစွမ်းမှာ ]

[Host သည် အမြင့်ဆုံး အချဉ်ဓာတ် (၉၉) တစ်ခု ရရှိတိုင်း၊ နောက်ဆက်တွဲ ၃ မိနစ်အတွင်း ရရှိသမျှ အချဉ်ဓာတ် ပမာဏအားလုံးသည် ၂ ဆ ဖြစ်သွားမည်။ ဤဆပွားနှုန်းမှာ ဆက် တိုက် စုဆောင်းနိုင်ပြီး အမြင့်ဆုံး အဆ ၁၀၀ အထိရရှိနိုင် သည်။ ဤဆုလာဘ်မှာ အမြဲတမ်းဖြစ်သည်]

ကျိုးထျန်းသည် စနစ်၏ရှင်းပြချက်ကို မြင်သောအခါ အလွန်ဝမ်းသာသွားသည်။

‘ဆိုလိုတာက ငါသာ လူတိုင်းကို အချဉ်ပေါက်အောင် လုပ်နိုင်ရင် အဆ ၁၀၀ အထိ Critical hit effect ရနိုင်တာပေါ့!

‘တစ်ကယ်လို့ ငါက လူထောင်ပေါင်းများစွာကို တစ်ပြိုင်နက် ၉၉ အထိ အချဉ်ပေါက်အောင်လုပ်နိုင်ရင် ဘယ်လောက်တောင် ဖြစ်သွားမလဲ!!’

သူ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

စနစ်ရရှိထားသည်မှာ ၅ ရက်သာ ရှိသေးသော်လည်း သူ့အကောင့်ထဲတွင် အချဉ်ဓာတ် ၈၀,၀၀၀ ကျော်ရှိနေပြီဖြစ် သည်။ ဤအရည်အချင်းနှင့်ဆိုလျှင် တစ်လကို ယွမ်တစ် သန်း ရှာဖို့ဆိုသည်မှာ အိပ်မက်မဟုတ်တော့ပေ။

ကျိုးထျန်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အတိုင်းထက်အလွန် ပျော်ရွှင်နေမိသည်။

‘ဟို ဗိုက်ပူကြီးကလွဲရင် ကျန်တဲ့ ၁၂ ယောက်စလုံးက ၉၉ အထိ အချဉ်ပေါက်နေတာပဲ။ အဲ့ဒါတွေအကုန်လုံးကို ငါ ရလိုက်တာပေါ့’

‘စနစ်က ပြောတာက ဒီအစွမ်းက ၃ မိနစ်အထိ ကြာမယ်ဆိုတော့... သူတို့ကို ပိုပြီး အချဉ်ပေါက်အောင် ထပ်လုပ်လိုက်ရင် ဘာဖြစ်မလဲ’

🍋 Chapter 12

ပတ်ဝန်းကျင်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်သိုက်ကို ကြည့်လိုက်ရာ ၎င်းတို့၏မျက်နှာများမှာ လီမွန်သီးနှစ်ပိဿာခန့် စားထားရသလို နီရဲနေကြသည်။

အချို့ဆိုလျှင် သွားများပင် ကျိန်းစပ်နေသည့်အလား သွားများကို တင်းတင်းကြိတ်ထားကြတော့သည်။

သူ့ရှေ့တွင် ပေါ်နေသော အချဉ်ဓာတ် သတင်းအချက် အလက်များကတော့ အလိမ်အညာမရှိပေ။

ဤလူများမှာ အချဉ်ဓာတ်များကို တရစပ်ပေးနေကြဆဲ ဖြစ်သော်လည်း ပမာဏမှာ တဖြည်းဖြည်းနည်းပါးလာသည်။

‘သူတို့ကို မြေသြဇာ နည်းနည်းလောက်ထပ်ကျွေးဖို့ လိုမယ်၊ ဒီလောက်နဲ့တင် အချဉ်ပေါက်တာက မရပ်သွားစေနဲ့ဦး’

ထို့နောက် ကျန်းရိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဒါနဲ့... နောက်လကျရင် ယွမ် ၁၀ သန်းဝန်းကျင်တန်တဲ့ အိမ်တစ်လုံးလောက် ထပ်ဝယ်ဖို့ရှိတယ်၊ အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် ကိစ္စမရှိဘူး၊ စာရွက်စာတမ်းတွေ ပြင်ထားပေးပါ၊ ငါ နောက်မှ ပြန်လာခဲ့မယ်၊ စိတ်မပူပါနဲ့၊ ကော်မရှင်ကတော့ ၂ ရာခိုင်နှုန်း အပြည့်ပဲ"

ကျိုးထျန်း ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းဖြစ်သည်။ သူ ကြွားဝါနေခြင်း မဟုတ်ပေ။

ဖျက်သိမ်းရေး လျော်ကြေးငွေ ရလာလျှင် ထိုငွေကို သူနှစ် သက်သလို စီမံနိုင်ကြောင်း ဖခင်ဖြစ်သူက ပြောထားပြီး ဖြစ်သည်။

ထို့ကြောင့် သူကိုယ်တိုင်နေရန် အိမ်တစ်လုံးဝယ်ပြီး သီးသန့်ခွဲနေဖို့ သူစီစဉ်ထားသည်။

တက္ကသိုလ်တက်လျှင် အဆောင်မှာနေရမည်ဖြစ်ရာ အိမ်ကနေ ခွဲထွက်ရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

သို့သော် ဤစကားများက အခြားသူများ၏ နားထဲတွင်မူ "ရှုံးနိမ့်ခြင်း" သီချင်းကိုသာ အော်ဆိုချင်စိတ် ပေါက်သွားစေတော့သည်။

ယခုတစ်ကြိမ်တွင်မူ ဗိုက်ပူပူ စတိုမန်နေဂျာပင်လျှင် ၉၉ အမှတ် အချဉ်ဓာတ်ပေးလာရာ အားလုံးကပြီးပြည့်စုံသွားတော့သည်။

ကျန်းရိုကတော့ အားလုံးထဲတွင် အကြောင်ဆုံးဖြစ်နေသည်။

‘ငါက ဘယ်သူလဲ... ငါ ဘယ်ရောက်နေတာလဲ... ငါ တကယ့် လာဘ်နတ်မင်းကြီးနဲ့ တွေ့နေတာလား’

ယွမ် ၁၀ သန်းတန် အိမ်တစ်လုံးဆိုလျှင် ကော်မရှင် ၂ ရာ ခိုင်နှုန်းက ယွမ် ၂ သိန်း ဖြစ်ပြီး သူမလက်ထဲကို ယွမ် ၁ သိန်းနီးပါးရောက်လာမည် ဖြစ်သည်။ အရင်က ယွမ် ၃ သိန်းနှင့် ပေါင်းလိုက်လျှင် တစ်လတည်းနှင့် ယွမ် ၄ သိန်း ?

ရှန်ဟိုင်းမှာ ရွှေတွေ ဒီလောက်တောင် ပေါနေတာလား။

သူမ၏ ကြောင်တောင်တောင် အမူအရာကို မြင်သောအခါ ကျိုးထျန်း ရယ်လိုက်မိသည်။

‘ချမ်းသာတဲ့သူတွေရဲ့ ပျော်ရွှင်မှုကို ငါ တကယ် စိတ်ကူးမယဉ်နိုင်ခဲ့ဘူး။ ငွေဒဏ်ကြောင့် ကြောင်သွားတယ်ဆိုတာ ဒါမျိုးကိုး’

သို့သော် သူ့ကို ပိုပျော်ရွှင်စေသည်မှာ တိုးပွားလာနေသော အချဉ်ဓာတ်များပင် ဖြစ်သည်။

၃ မိနစ်အတွင်းမှာတင် ဆပွားအစွမ်းအပါအဝင် ဤအကျိုး ဆောင် ၁၃ ယောက်ထံမှ အချဉ်ဓာတ် အမှတ် ၄၀၀,၀၀၀ ကျော် ရရှိခဲ့သည်။

ယခုဆိုလျှင် သူ့လက်ကျန်မှာ ယွမ် ၅၀၀,၀၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။

နောက်ထပ် နာရီဝက်ခန့် စာချုပ်ချုပ်ဆိုနေစဉ်အတွင်း လီမွန်သီးများအဖြစ် ပြောင်းလဲသွားကြသော အကျိုးဆောင်များထံမှ အချဉ်ဓာတ် ၃၀,၀၀၀ ခန့် ထပ်ရခဲ့သော်လည်း ၉၉ အမှတ်ကိုတော့ ထပ်မတွေ့ရတော့ပေ။

‘သူတို့တွေ လီမွန်သီးနဲ့ ယဉ်ပါးသွားကြပြီ ထင်တယ်’

‘ သူတို့ကို ခဏလောက် နားခိုင်းလိုက်ဦးမှ သိုးမွေးတွေ ပြန်ရှည်လာမှ ပြန်ညှပ်ရမယ်’

‘ဒါပေမဲ့ ဒီနေ့ အစီအစဉ်ကတော့ အောင်မြင်ပါတယ်။ သူတို့ကို တစ်ပြိုင်နက်တည်း လူစုလိုက်လို့ အချဉ်ဓာတ်က အမြင့်ဆုံးဖြစ်သွားတာပဲ’

အမှန်စင်စစ် လီမွန်သီးဆိုသည်မှာ လူကိုယ်တိုင်တွေ့ပြီး စားရမှ အချဉ်ဆုံးမဟုတ်ပါလား။ အားလုံးက သူ့ကို တံခါးဝအထိ လိုက်လံပို့ဆောင်ကြရာ အလွန်ခမ်းနားလှသည်။

"နောက်မှ ပြန်လာခဲ့ပါဦး လူကြီးမင်းခင်ဗျာ!"

...

ခုနစ်ရက်အကြာ၊ စနစ်က ညွှန်ပြထားသော ရက်မတိုင်မီ တစ်ရက်အလိုတွင် အိမ် ၁၃ လုံး၏ ပိုင်ဆိုင်မှုလက်မှတ် အားလုံးကို သူ ရရှိခဲ့သည်။

"ဟူး... တော်သေးတာပေါ့၊ အချိန်မီသွားလို့"

သူ့မှာ ရင်တမမနှင့် ချွေးပြန်ခဲ့ရသည်။

အကယ်၍ ဖျက်သိမ်းရေး သတိပေးချက် မထွက်ခင် ပိုင်ဆိုင်မှုလက်မှတ်တွေ မရခဲ့လျှင် ပြဿနာများစွာ ရှိလာနိုင်သည်။

အိမ်ရောင်းပြီးပြီးချင်း ဖျက်သိမ်းတော့မည်ကို သိသွားလျှင် အိမ်ပိုင်ရှင်ဟောင်းများ ရူးသွားကြပေလိမ့်မည်။

သူတို့အနေဖြင့် ပြဿနာရှာကြမည်မှာ သေချာသလို တရားစွဲလျှင်လည်း သူ့ဘက်မှ အားနည်းသွားနိုင်သည်။

ယခုမူ အားလုံး အဆင်ပြေသွားပြီ ဖြစ်သည်။ ဥပဒေအရ ဤအိမ်များမှာ သူ့ပိုင်ဆိုင်မှုအစစ်အမှန် ဖြစ်သွားပြီ ဖြစ်သည်။

အခြားသူတွေ ဘယ်လောက်ပဲ ပြဿနာရှာရှာ သူ့ကို ဘာမှ လုပ်၍ မရတော့ပေ။

စားပွဲပေါ်တွင် ပြန့်ကျဲနေသော အနီရောင် ပိုင်ဆိုင်မှုလက်မှတ်များကိုကြည့်ရင်း သူ အတိုင်းထက်အလွန်ပျော်ရွှင်နေမိသည်။

‘ကွမ်တုန်းပြည်နယ်က ဖျက်သိမ်းရေး သူဌေးသားတွေ ဘာလို့ ဒီလောက် ပျော်နေကြသလဲဆိုတာ အခုမှ နားလည်တော့တယ်။

ငါလည်း ခါးပတ်မှာ သော့တွဲကြီး ချိတ်၊ ဖိနပ်ပါးစီး၊ စွပ် ကျယ်ဝတ်ပြီး အိမ်လစာ လိုက်ကောက်ချင်လိုက်တာ၊ တကယ်ကို မိုက်မှာပဲ’

ထို့နောက် အိမ်ထဲတွင် ဆန်အိတ်တစ်အိတ် ရှာလိုက်ပြီး ပိုင်ဆိုင်မှုလက်မှတ်တွေကို အိတ်ထဲထည့်ကာ ပခုံးပေါ်ထမ်းပြီး ဟိတ်ဟန်အပြည့်ဖြင့် လျှောက်သွားနေလိုက်သည်။

သူ ထိုသို့ ကစားနေစဉ်မှာပင် ဖခင်ဖြစ်သူ အိမ်ပြန်ရောက်လာသည်။

သူ့ပုံစံကို မြင်သောအခါ ဖခင်ဖြစ်သူမှာ စကားပင် မထွက်နိုင်တော့ပေ။

“သား... ငါတို့ အားတဲ့အချိန်ကျရင် ဆရာဝန်ဆီ တစ်ချက်လောက် သွားပြရအောင်၊ အချိန်မဆွဲပါနဲ့”

“အဖေကလည်း... ကျွန်တော်က ဖျက်သိမ်းရေး သူဌေးသား တစ်ယောက်ရဲ့ အရည်အချင်းကို လေ့ကျင့်နေတာလေ၊ အဖေ နားမလည်ပါဘူး”

“ဒါကို ဘာလို့ လေ့ကျင့်နေရတာလဲ”

ကျိုးထျန်း ရယ်လိုက်ပြီး

“နောက်ရက်အနည်းငယ်နေရင် အဖေ သိရမှာပါ”

သူ့စိတ်ထဲတွင် လီမွန်သီးများ ခပ်ယူရန် နောက်ထပ် အစီအ စဉ်တစ်ခု ရှိနေပြီ ဖြစ်သည်။

“အဖေ... ပိုင်ဆိုင်မှုလက်မှတ်တွေ အကုန်လုံး ရပြီ၊ စာရွက် စာတမ်းတွေလည်း အပြည့်အစုံပဲ၊ အခုတော့ အစိုးရရဲ့ အကြောင်းကြားချက်ကိုပဲ စောင့်ရတော့မယ်”

ထိုအချိန်တွင် ကျိုးကျန့်ခန်း၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး တံခါးနှင့် ပြတင်းပေါက်များကို ဘယ်သူမှ နားမထောင်နိုင်အောင် အသေအချာ ပိတ်လိုက်ပြီးနောက် သားဖြစ်သူကို အနားသို့ ဆွဲခေါ်လိုက်သည်။

"အဖေ... ဘာလုပ်တာလဲ၊ သူခိုးလိုလို ဘာလိုလိုနဲ့”

"ရှူး... တိုးတိုးနေစမ်းပါ။ အဖေ ဒီနေ့ သတင်းတစ်ခု ရထားတယ်၊ အဲ့ဒါကို ဆန်းစစ်ကြည့်တော့ နန်အန်းလမ်း ဖျက်သိမ်းမယ့်နေရာ ဘာလို့ ပြောင်းသွားလဲဆိုတာ အကြမ်းဖျင်း နားလည်သွားပြီ”

"ဩော်... ဘာဖြစ်လို့လဲဟင်"

သူလည်း သိချင်နေသည်။ စနစ်က အကြောင်းအရင်းကို ရှင်းမပြခဲ့သဖြင့် သူလည်း အစက ဇဝေဇဝါ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

"နန်အန်းလမ်းရဲ့ အရှေ့ဘက်ခြမ်းမှာ ဘာတွေရှိလဲဆိုတာ သား သိတယ်မလား"

ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။

"အဲ့ဒီမှာ အများစုက ဆိုင်ခန်းတွေပဲလေ၊ ချွင်းချက်အနေနဲ့ကတော့ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ဟိုတယ်တစ်ခုပဲ ရှိတယ်”

သူ နားမလည်သေးပေ။

"ပြဿနာက အဲ့ဒီဟိုတယ်မှာ ရှိတာပဲ”

"ဟိုတယ်မန်နေဂျာက အဖေ့ကို ဒီနေ့ ပြောပြတာ... သူတို့ သူဌေးရဲ့သားက ပေါ်တူဂီမှာ အဖမ်းခံထားရတယ်တဲ့!"

ကျိုးထျန်း အစကအံ့ဩသွားသော်လည်း ချက်ချင်းသဘော ပေါက်သွားသည်။ ကျိုးကျန့်ခန်းက ခေါင်းညိတ်ပြရာ သားဖြစ်သူ နားလည်သွားသည်ကို သူ သိလိုက်သည်။

"ဩော်... ဒါကြောင့်ကိုး"

ထို့နောက် သူသည် အတွေးများကို ပြန်လည် စုစည်းလိုက်သည်။

‘ပေါ်တူဂီ (မကာအို) ဆိုတာ တရုတ်နိုင်ငံမှာ လောင်းကစားက တရားဝင်တဲ့ တစ်ခုတည်းသော နေရာပဲ’

‘ဟိုတယ်ပိုင်ရှင်ရဲ့ သားက အဲ့ဒီမှာ အဖမ်းခံထားရတယ်ဆိုရင် ဖြစ်နိုင်တာတစ်ခုပဲ ရှိတယ်၊ သူ ငွေတွေ အများကြီးရှုံးသွားတာပဲ ဖြစ်ရမယ်’

‘သူ့သားကို ကယ်ဖို့အတွက် ဟိုတယ်ပိုင်ရှင်ကငွေတွေ အမြန်ရှာရမယ်၊ သူ့ရဲ့ အဖိုးတန်ဆုံးပိုင်ဆိုင်မှုက ဒီဟိုတယ်ပဲ’

‘ဒါကြောင့် သူက ဖျက်သိမ်းရေးလျော်ကြေးငွေကို မယုံနိုင်လောက်အောင်မြင့်တဲ့ ပမာဏအထိ တောင်းဆိုခဲ့တာဖြစ်မယ်!’

‘ပြီးတော့ ဒီဟိုတယ်က နန်အန်းလမ်း အရှေ့ဘက်ခြမ်းရဲ့ အလယ်တည့်တည့်မှာ ရှိနေတာဆိုတော့ ကျော်သွားလို့လည်း မရဘူး’

‘ဒါကြောင့် မြူနီစီပယ်ဌာနက အကျိုးအမြတ်ကိုချိန်ဆပြီး ဖျက်သိမ်းမယ့်နေရာကို ပြောင်းလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် လမ်းချဲ့တာက ဘယ်ဘက်ခြမ်းကိုပဲ ချဲ့ချဲ့ အတူတူပဲလေ၊ အစက အရှေ့ဘက်ခြမ်းကိုရွေးတာက လျော်ကြေးငွေ သက်သာလို့ပဲ’

‘အခုတော့ ဈေးနှုန်းက လက်မခံနိုင်လောက်အောင် ဖြစ်သွားတဲ့အခါ နေရာပြောင်းလိုက်တာက အဓိပ္ပာယ်အရှိဆုံးပဲ’

‘ဟင်း... ဒီဟိုတယ်ပိုင်ရှင်ကတော့ တကယ့်ကို အမြင့်ကနေ အနိမ့်ကို ကျသွားတာပဲ၊ နောက်ဆုံးတော့ ဘာမှမကျန်တော့ဘူး’

သူသည် မူလ ဖျက်သိမ်းရေး လျော်ကြေးကိုလည်း ဆုံးရှုံးရသလို သားဖြစ်သူအတွက် ရွေးလို့လည်း မရတော့ပေ။ ထို့အပြင် ဖျက်သိမ်းရေး စီမံကိန်း စတင်လိုက်သည်နှင့် သူ့ဟိုတယ် လုပ်ငန်းမှာလည်း ထိုးဆင်းသွားပေလိမ့်မည်။

ကျိုးထျန်းသည် အခြေအနေကို ဆန်းစစ်ပြီး သက်ပြင်းချလိုက်သည်။

"စနစ်က ပေးတဲ့ သတင်းအချက်အလက်သာ မရှိခဲ့ရင် ဟိုတယ်ပိုင်ရှင်ရဲ့သား ပေါ်တူဂီမှာ ပြဿနာတက်တာ သိခဲ့ရင်တောင် ဒါမျိုးကို ကျွန်တော်တို့ တွေးမိမှာ မဟုတ်ဘူး”

"တစ်ယောက်ယောက်က ဒါကို တွေးမိခဲ့ရင်တောင်မှ ကျွန်တော့်လိုမျိုး အိမ်တွေကို အမြန်ဆုံး လိုက်ဝယ်ဖို့ အချိန်ရမှာ မဟုတ်ဘူး”

သူသည် နောက်ထပ် တာဝန်ကို မျှော်လင့်နေပြီ ဖြစ်သည်။ သတင်းအချက်အလက်ကတ်ကို သူ အလွန် လိုချင်နေသည်။

[ဒင်~! စနစ်တာဝန် အကြောင်းကြားချက် - လီမွန်မိသားစု]

[တာဝန် ၁ - မိသားစုဆုံဆည်းပွဲတွင် ဆွေမျိုးသားချင်းအား လုံးကို အမြင့်ဆုံးအချဉ်ဓာတ်အဆင့်သို့ ရောက်အောင် လုပ်ရန်]

[တာဝန်ဆုလာဘ် - လီမွန်မျိုးစေ့ ]

[ဆုလာဘ် အချက်အလက် - တာဝန် ပြီးမြောက်ပါက 'လီမွန်မျိုးစေ့' အရည်အချင်းကို ရရှိမည်ဖြစ်သည်။ ဤအရည် အချင်းသည် အချဉ်ဓာတ် ၉၉ အထိ ရောက်ရှိသွားသော သူများ၏နှလုံးသားထဲတွင် လီမွန်မျိုးစေ့ တစ်စေ့ စိုက်ပျိုးပေးမည် ဖြစ်သည်။ ထိုအချိန်မှစ၍ သူတို့ သေဆုံးသည်အထိ ထိုလီမွန်မျိုးစေ့ တစ်စေ့စီက Host အတွက် တစ်နာရီလျှင် အချဉ်ဓာတ် တစ်မှတ်စီ ပေးနေမည်ဖြစ်သည်။]

"ဟား... ငါ လိုချင်တာ ဖြစ်လာပြီပဲ! အင်း... သတင်းအချက် အလက်ကတ် မဟုတ်တာတော့ နည်းနည်းနှမြောစရာပဲ"

"ဒါပေမဲ့ ဒီအရည်အချင်းက တော်တော်လေး အစွမ်းထက်ပုံရတယ်!"

‘ပြီးတော့ တစ်နာရီတစ်မှတ်ဆိုတာ နည်းသလို ထင်ရပေမဲ့ လူဦးရေသာ များလာမယ်ဆိုရင် ရမှာက မနည်းဘူးပဲ’

All Chapters