အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
🍋 Chapter 13
"ဒါပေမဲ့ ဒီလိုအပ်ချက်တွေက တော်တော်လေး မြင့်နေသေးတာပဲ”
"မိသားစုထဲက ဆွေမျိုးတွေ အကုန်လုံးကို ၉၉ ရာခိုင်နှုန်းအထိ အချဉ်ပေါက်အောင် လုပ်ဖို့ဆိုတာ မလွယ်ဘူး”
ကျိုးထျန်းသည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ခေတ္တမျှ စဉ်းစားနေလိုက်သည်။
"မိသားစုဆုံပွဲဆိုတာက တကယ်တော့ အဒေါ်တွေရဲ့ မိသားစုရယ်၊ ငါတို့ မိသားစု သုံးယောက်ရယ်ပဲ ရှိတာ”
"အဒေါ်တွေကို ကိုင်တွယ်ရတာက လွယ်ပါတယ်။ နောက်ပြီး မျက်နှာနှစ်မျိုးနဲ့ ဝမ်းကွဲမလေးကလည်း ကိုင်တွယ်ရ လွယ် ကူမှာပါ။ ဒါပေမဲ့ ဝမ်းကွဲအစ်ကိုနဲ့ ဦးလေးနှစ်ယောက်ကတော့ သီးသန့်နည်းလမ်းတွေ သုံးဖို့ လိုလိမ့်မယ်”
သူ မိနစ်အနည်းငယ်ကြာ စဉ်းစားလိုက်ပြီးနောက် ရုတ်တ ရက် အကြံတစ်ခု ရသွားသည်။
"ယောက်ျားတွေဆိုတာ အသက်အရွယ်မရွေး မိန်းမကလွဲရင် တူညီတဲ့ ဝါသနာတစ်ခုတော့ ရှိကြတာပဲ။ အဲ့ဒါကနေပဲ စရမယ်”
"နောက်ထပ် တခြား လှုံ့ဆော်မှုလေးတွေပါ ထည့်လိုက်ရင် သူတို့တွေ မနာလိုမဖြစ်ဘဲ နေမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်!"
ကျိုးထျန်းသည် လူယုတ်မာတစ်ယောက်လို ပြုံးလိုက်မိသည်။ သူသည် မူလကပင် သူ့အဒေါ်များကို အကုသိုလ် အကျိုးပေးသံသရာကို ခံစားစေရန် စီစဉ်ထားပြီးသား ဖြစ်သည်။
၎င်းတို့မှာ နှစ်ပေါင်းများစွာ သူတို့မိသားစုကို ဝိုင်းပြီးလှောင် ပြောင်ခဲ့ကြသည် မဟုတ်ပါလား။
"အရင်ကတော့ ငါ့မိဘတွေ ဘာလို့ သူတို့ကို ပြန်မပြောတာလဲလို့ တွေးမိခဲ့ဖူးတယ်”
"အခု ပြန်စဉ်းစားကြည့်တော့ ငါတို့ မိသားစု အခြေအနေနဲ့ဆိုရင် သူတို့ကိုအရေးလုပ်ပြီး စကားများနေရမှာ ပျင်းနေကြတာပဲ ဖြစ်မယ်”
သူသည် ယခင်က ဤကဲ့သို့သော ပုံပြင်များကို ကြားဖူးခဲ့သည်။
မိသားစုတစ်ခုတွင် အချမ်းသာဆုံးနှင့်အခြေအနေ အကောင်းဆုံးလူသည် များသောအားဖြင့် အဖော်ရွေဆုံးဖြစ်တတ် သည်။
ဆန့်ကျင်ဘက်အနေဖြင့် ငွေကြေးအခက်အခဲရှိသော မိသား စုများကသာ အဆိုးမြင်ဝါဒများကိုပျံ့နှံ့စေတတ်ကြသည်။
"ဒါပေမဲ့ ငါကတော့ ငါ့မိဘတွေလို မဟုတ်ဘူး၊ အဖိနှိပ်ခံရရင် နှစ်ဆ ပြန်လက်စားချေရမှ ကျေနပ်မှာ!"
ယခုအခါ ဖျက်သိမ်းရေး လျော်ကြေးကိစ္စမှာလည်း အခြေ ကျသွားပြီဖြစ်ရာ သူ အတော်လေး စိတ်ပေါ့ပါးသွားပြီ ဖြစ်သည်။
ထို့နောက် ဖုန်းကို ထုတ်လိုက်ပြီး လျို့မုယန်ကိုစနောက်နေလိုက်တော့သည်။
နောက်ပိုင်းတွင် သူတို့နှစ်ဦး စကားပြောဖြစ်သည့် အချိန်မှာ ပိုပိုကြာလာပြီး တစ်ခါတစ်ရံ သူကိုယ်တိုင်ပင် သတိမထားမိဘဲ နာရီပေါင်းများစွာ စကားပြောဖြစ်ကြသည်။
ဘာတွေ ဒီလောက် ပြောစရာရှိနေမှန်း သူလည်း မသိတော့ပေ။
ဇွန်လ ၁၉ ရက်
မနေ့ညက လျို့မုယန်နှင့်စကားပြောတာ နောက်ကျသွားသဖြင့် ဒီနေ့မနက်တွင် သူ နောက်ကျမှ နိုးသည်။
မနက် ၉ နာရီခန့်မှ ထပြီး မျက်နှာသစ်ရသည်။ အားလုံးပြီး၍ ထမင်းစားပွဲသို့ သွားကြည့်ရာ အမေဖြစ်သူက သူ့အတွက် မနက်စာ ချန်မထားခဲ့သည်ကို တွေ့လိုက်ရသည်။
"ဟူး... သူတို့လည်း မရှိကြဘူး၊ စားစရာလည်း ချန်မထားခဲ့ကြဘူး၊ ဘယ်တွေ သွားနေကြတာလဲ”
သူသည် ဖုန်းကိုဖွင့်ပြီး မှာယူစားသောက်ရန် ပြင်လိုက်သည်။ အမှန်စင်စစ် သူသည် အပြင်ကမှာစားရသည်ကို အလွန်မုန်းသည်။
အဘယ်ကြောင့်ဆိုသော် သူ့မိသားစုက စားသောက်ဆိုင် ဖွင့်ထားသည်ဖြစ်ရာ အပြင်စာများ၏သန့်ရှင်းရေးမှာ အလွန်ညံ့ဖျင်းပြီး ပါဝင်ပစ္စည်းများမှာလည်း အနိမ့်ဆုံးအရည် အသွေးများ ဖြစ်သည်ကို သူ သိထားသည်။
အဆိုးဆုံးမှာ အစားအသောက် မှာယူသည့် Platform များ သည် အကျိုးဆောင်ခ အလွန်ကြီးလှပြီး အရောင်းမြှင့်တင်ရေး အစီအစဉ်များဖြင့် လုပ်ငန်းရှင်များ၏အမြတ်ကို အမြဲတမ်း ညှစ်ထုတ်လေ့ ရှိကြသည်။
ထို့ကြောင့် လုပ်ငန်းရှင်များကလည်း "မှာယူစားသောက်သူများအတွက် သီးသန့်" ဆိုကာ ဈေးအပေါဆုံးနှင့် အညံ့ဆုံး ပစ္စည်းများ၊ တစ်ခါတစ်ရံ သက်တမ်းကုန်နေသော ပစ္စည်းများကိုပင် အသုံးပြုတတ်ကြသည်။
မှာယူစားသောက်ခြင်း တစ်ခုတည်းကိုသာ လုပ်သည့် ဆိုင်ငယ်လေးများဆိုလျှင် ဆိုင်ခန်းအပြင်အဆင်ပင်မရှိဘဲ ချက်ပြုတ်သည့် နေရာမှာလည်း အလွန်ဆိုးရွားလှသည်။
သူ့မိသားစု၏ဆိုင်လေးသည်လည်း တစ်ခါက မှာယူစားသောက်သည့် Platform ကို စမ်းသုံးဖူးသော်လည်း တစ်လအကြာတွင် လက်လျှော့လိုက်ရသည်။
ငွေလည်း များများစားစားမရသည့်အပြင် Platform က အော်ဒါများကို တရစပ် တွန်းအားပေးနေသဖြင့် ဆိုင်လာစားသည့် ဖောက်သည်များအတွက် အချိန်မီ မပြင်ဆင်ပေးနိုင်တော့ပေ။
သူတို့သည် ဖောက်သည်ဟောင်းများကိုသာ အဓိကအား ထားရသဖြင့် ထိုဆက်ဆံရေးများကို အပျက်မခံနိုင်ရာ ဆိုင်အတွင်း စားသောက်ခြင်းကိုသာ အာရုံစိုက်ရန်ဆုံးဖြတ်ခဲ့ကြသည်။
သူသည် ဟိုရှာဒီရှာ လုပ်သော်လည်း စိတ်တိုင်းကျသော ဆိုင်တစ်ဆိုင်မျှ မတွေ့ပေ။ သူ အခက်တွေ့နေစဉ်မှာပင် သူ့မိဘများက အိမ်တံခါးကို စိတ်လှုပ်ရှားစွာ တွန်းဖွင့်ဝင်လာကြသည်။
"သား... နင် တကယ်ကို အံ့ဩစရာကောင်းတဲ့ ကိစ္စကြီးကို လုပ်လိုက်တာပဲ! ငါတို့မိသားစု ချမ်းသာပြီ!"
သူ့အမေက သူ့ကို ဆွဲပြီး ထိုင်ခိုင်းလိုက်သည်။
"သား... အခုလေးတင် နင့်အဖေနဲ့ ငါ နန်အန်းလမ်းကို သွားကြည့်ခဲ့တာ။ အဲ့ဒီမှာ ဆိုင်းဘုတ်တွေ အကုန်လိုက်ချိတ်နေကြပြီ”
"လမ်းပေါ်မှာလည်း လူတွေ အပြည့်ပဲ၊ ကြည့်လိုက်တာနဲ့တင် ဒါ ဖျက်သိမ်းတော့မယ်ဆိုတာ သိသာနေတာပဲ!"
ကျိုးထျန်း သူ့နဖူးကို ရိုက်လိုက်မိသည်။ ဒီနေ့သည် သူ့ သတင်းအချက်အလက်ကတ်ကို ရေးမှတ်ရမည့်နေ့ ဖြစ်သော်လည်း မနေ့ညက အိပ်တာနောက်ကျသွားသဖြင့် လုံးလုံး လျစ်လျူရှုမိသွားခြင်း ဖြစ်သည်။
"အမေ... စိတ်အေးအေးထားပါ၊ ဒါက ဖျက်သိမ်းရုံတင်ပဲလေ၊ အမေတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တာကြာပြီ။ အဖေ့ကိုပဲ ကြည့်ဦး..."
သူသည် အဖေဖြစ်သူကို လှမ်းကြည့်လိုက်သည်။ သို့သော် ကျိုးကျန့်ခန်း၏အမူအရာမှာ အမေဖြစ်သူထက်ပင် ပိုဆိုးနေသည်။ သူ့ မျက်ခုံးများမှာ ပျော်လွန်း၍ ကခုန်နေသယောင် ရှိသည်။
"ထားလိုက်ပါတော့... ကျွန်တော် ပြောတာကို မေ့လိုက်တော့”
သူ့အမေက နန်အန်းလမ်းမှာ ဈေးဝယ်ထွက်ခဲ့တယ်လို့ပြော လာသည်။ မနက်အစောကြီး ဈေးဝယ်ပြီး ကားမီးခိုးတွေ ရှူနေတာထက်စာရင် သူတို့တွေ စိတ်မချလို့ သွားကြည့်ကြခြင်းသာဖြစ်ရမည်။
ဖခင်ဖြစ်သူသည် ဟိုတယ်ပိုင်ရှင်သား၏အခြေအနေကို ကြည့်ပြီး ဖျက်သိမ်းမည့် အကြောင်းရင်းကို တွက်ချက်ထားနိုင်သော်လည်း စိတ်ထဲတွင်တော့ နည်းနည်း စိုးရိမ်နေဦးမည် ဖြစ်သည်။
သူနှင့် မတူသည်မှာ သူကတော့ စနစ်ရှိနေသဖြင့် လုံးဝ စိတ်အေးလက်အေး ရှိနေခြင်းဖြစ်သည်။
"ကဲ... အခုတော့ ဖျက်သိမ်းရေး အကြောင်းကြားစာလည်း ထွက်လာပြီဆိုတော့ အားလုံး ပြီးသွားပြီပေါ့။ အမေတို့ စိတ်အေးလို့ ရပါပြီ”
အဖေဖြစ်သူ ခေါင်းညိတ်သည်။
"အေးကွာ ငါ့သား... မင်းရဲ့ သတင်းအချက်အလက်တွေကြောင့်သာ ငါတို့ ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့တာ။ အားလုံးက မင်း ကျေးဇူးတွေပဲ”
ကျိုးထျန်းက ပြုံးပြီး "ကျွန်တော်တို့ သုံးယောက်လုံးရဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ စုပေါင်းကြိုးပမ်းမှုကြောင့်သာ ဒါတွေ ဖြစ်လာတာပါ။ ဒါပေမဲ့ ကတိကတော့ ကတိပဲနော်၊ အဖေတို့ ငွေတွေ အကုန်ယူမယ်လို့ ပြောထားတယ်၊ နောက်မှ စကားမလွှဲနဲ့ဦး”
ကျိုးကျန့်ခန်း သူ့ပခုံးကို ပုတ်လိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါက စကားလွှဲဖို့သာ ကြံစည်ထားရင် ဒီအိမ်တွေကို မင်းကို ဝယ်ခိုင်းပါ့မလား။ ပိုင်ဆိုင်မှုလက်မှတ်တွေ အကုန်လုံးက မင်းနာမည်နဲ့ မဟုတ်ဘူးလား”
ကျိုးထျန်း ပြန်စဉ်းစားကြည့်ရာ ထိုစကားမှာ မှန်နေသည်။
"ကောင်းပါပြီ... ကျွန်တော် ငွေတွေ ရလာရင် အဖေတို့ နှစ်ယောက်အတွက် လက်ဆောင်ကြီးကြီးတစ်ခု ပြင်ထားပေးမယ်”
"ဟဲ့... ငွေတွေကို အလဟဿ မသုံးနဲ့လေ!"
သူ့အမေက ပုံမှန်အတိုင်းပင် တားမြစ်လိုက်သည်။
"မိန်းမကလည်း မတားပါနဲ့ ဒီကောင်လေးက အခုတော့ သူဌေးဖြစ်နေပြီပဲ၊ ငါတို့အတွက် တစ်ခုခု ဝယ်ပေးတာက သင့်တော်တာပေါ့”
သူသည် မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။
"အရမ်းဈေးကြီးတာတွေတော့ မဝယ်နဲ့ဦးနော်၊ နားလည်လား”
"ဟီး... ဟုတ်ကဲ့ပါဗျ”
သူ့အဖေမှာ ကြောက်ရရှာသဖြင့် တစ်မျိုးပြောသော်လည်း တစ်မျိုး ဆိုလိုနေခြင်းဖြစ်သည်။
"ရပါတယ်... အဖေ့အတွက် ဝယ်ပေးမယ့် လက်ဆောင်ကို ကျွန်တော် ဆုံးဖြတ်ပြီးသားပါ။ အဲ့ဒါက အတော်လေး ကြီးမားတဲ့ လက်ဆောင်တစ်ခုဖြစ်မှာပါ”
"ဒါနဲ့ အမေ... ကျွန်တော့်အတွက် စားစရာ ဘာလို့မပြင်ထားတာလဲ”
သူ့အမေက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်သည်။
"ဒီတစ်ခါတော့ ကံကောင်းသွားလို့ပါ၊ ဖျက်သိမ်းရေးသာ မရှိရင် ငါတို့မိသားစုက နင့်အတွက် စားစရာ ချန်ထားဖို့ နေနေ သာသာ စားဝတ်နေရေးအတွက်တောင် ရုန်းကန်နေရမှာ..... ”
"အမေကလည်း အရမ်းကို ရုပ်ဝတ္ထုဆန်တာပဲ၊ ကျွန်တော်က အမေ့ရဲ့ သားအရင်းပါနော်”
"စကားတွေ အများကြီး မပြောနဲ့တော့၊ မြန်မြန်လုပ်။ ဒီနေ့ ငါတို့ ပျော်နေတာဆိုတော့ အပြင်မှာ ဟော့ပေါ့ သွားစားကြမယ်”
ကျိုးထျန်း ပြုံးလိုက်သည်။ အပြင်မှာ သွားစားတာက ကိစ္စမရှိသော်လည်း သူမ၏ နောက်ထပ်စကားကြောင့် သူ့မျက်နှာ ညှိုးသွားရသည်။
"နင်ပဲ ရှင်းရမယ်နော်၊ နင်က အခု ငါတို့မိသားစုထဲမှာ အချမ်းသာဆုံးပဲလေ”
...
နောက်ဆုံးတွင် သူတို့သည် ဟောင်ကောင်စတိုင် စားသောက် ဆိုင်တစ်ခုတွင် ယွမ်တစ်ထောင်ကျော် အကုန်ခံကာစားသောက်ခဲ့ကြရာ သူ့အမေမှာ နှမြောတသ ဖြစ်နေရှာသည်။
မွန်းလွဲ ၂ နာရီတွင် သူ့ထံသို့ အမည်မသိ နံပါတ်တစ်ခုမှ ဖုန်းဝင်လာသည်။
"ဟယ်လို... ဘယ်သူပါလဲ”
"မင်္ဂလာပါ... မစ္စတာကျိုးထျန်းလား ခင်ဗျာ၊ ကျွန်တော်က နန်အန်းလမ်း မြေယာသိမ်းဆည်းရေးရုံးက ကျန်းလို့ ခေါ်ပါတယ်”
သူ့နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူသည် ဤဖုန်းကို စောင့်နေသည်မှာကြာပြီ ဖြစ်သည်။
"မင်္ဂလာပါ မစ္စတာကျန်း... ဘာကိစ္စရှိလို့လဲခင်ဗျာ”
"နန်အန်းလမ်း၊ နန်အန်းကျေးရွာ၊ အမှတ် ၁၆၊ အခန်း ၄၀၄ က လူကြီးမင်းရဲ့ အိမ်လား ခင်ဗျာ”
"ဟုတ်ပါတယ်ခင်ဗျ”
"နန်အန်းလမ်းချဲ့ထွင်ရေး စီမံကိန်းကြောင့် မြူနီစီပယ်အစိုးရက ကျွန်တော်တို့ လမ်းစီမံခန့်ခွဲရေးအဖွဲ့ကို လူကြီးမင်းရဲ့ ပိုင်ဆိုင်မှုအတွက် ဖျက်သိမ်းရေး လျော်ကြေးအစီအစဉ်ကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအိမ်ကို ဖျက်သိမ်းဖို့အတွက် လူကြီးမင်းဘက်က ကန့်ကွက်စရာ ရှိပါသလား”
"မရှိပါဘူး... ကျွန်တော် ဖျက်သိမ်းမယ့်နေ့ကို စောင့်နေတာ ကြာပါပြီ”
ဟုတ်ပေသည်။ ပိုင်ဆိုင်မှုလက်မှတ်ကို မနေ့ကမှ ရခဲ့ခြင်းဖြစ်သော်လည်း သူသည် တစ်နေ့လုံးစောင့်နေခဲ့ရခြင်းဖြစ်သည်။
"ကောင်းပါပြီ... မနက်ဖြန် မွန်းလွဲ ၁ နာရီမှာ အချိန်ရမလား ခင်ဗျာ။ အိမ်ပိုင်ရှင်တွေ အကုန်လုံးကို ဖိတ်ပြီး လျော်ကြေးအစီအစဉ်အကြောင်း ဆွေးနွေးဖို့ ရှိပါတယ်။ နေရာကတော့ နန်အန်းကျေးရွာ မျက်နှာချင်းဆိုင်က ကွင်းပြင်မှာ ယာယီမဏ္ဍပ် ထိုးထားပါမယ်”
"ရပါတယ်... ကိစ္စမရှိပါဘူး”
"ဟုတ်ကဲ့... ဒါဆို ဒီနေ့ပဲ တွေ့ကြတာပေါ့”
တစ်ဖက်လူက ဖုန်းချလိုက်သော်လည်း ကျိုးထျန်းကတော့ ဖုန်းကို မချသေးပေ။ သူတို့ ပြန်ဆက်လာမည်ကို သူ စောင့်နေသည်။
သေချာပေါက်ပင် နှစ်မိနစ်ပင် မပြည့်ခင် ထိုနံပါတ်ကပင် ထပ်မံ ဖုန်းခေါ်လာသည်။
"ဟယ်လို... မစ္စတာကျိုးထျန်းလား ခင်ဗျာ”
"ဟုတ်ပါတယ်... ကျွန်တော်ပါပဲ မစ္စတာကျန်း”
"အဲ... အမှတ် ၁၀၊ အခန်း ၃၀၁ ကလည်း လူကြီးမင်းရဲ့ ပိုင်ဆိုင်မှုပဲလား ခင်ဗျာ”
"ဟုတ်ပါတယ် ခင်ဗျ”
"ဩော်... ဟုတ်ကဲ့။ ဒါဆို မနက်ဖြန် မွန်းလွဲပိုင်း လာဖို့ မမေ့ပါနဲ့ဦး”
တစ်ဖက်လူက ဖုန်းပြန်ချရန် ပြင်လိုက်သည်။
"ခဏလေးဗျ!"
တစ်ဖက်လူက ရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ ခင်ဗျာ”
"နောက်မှ ထပ်ခါထပ်ခါ ဖုန်းပြန်ဆက်မနေရအောင် ဖုန်းမချလိုက်ပါနဲ့ဦး”
"အမှတ် ၁၀ က အခန်း ၅၀၂၊ ၁၀၂၊ ၁၀၃၊ ၃၀၃၊ ၅၀၁၊ ၂၀၂၊ ၂၀၄၊ ၆၀၄၊ ၆၀၁၊ ၁၀၁ နဲ့ ၁၀၄... အဲ့ဒါတွေ အကုန်လုံးကလည်း ကျွန်တော့်အိမ်တွေပါပဲ”
🍋 Chapter 14
ကျန်းမင်ယွမ်ဆိုသူမှ သူ့ကို အချဉ်ဓာတ်အမှတ်တွေ တရစပ်ပေးနေတာ မြင်သောအခါ ကျိုးထျန်းမှာ ဤသူစိမ်းအပေါ် အတော်လေး အထင်ကြီးသွားသည်။
‘သူတစ်ယောက်တည်းနဲ့တင် ငါ့ကို အချဉ်ဓာတ်အမှတ် ၁၈၀၀ ကျော် ပေးသွားတာပဲ၊ မဆိုးဘူး’
ဖုန်းအပြန်အလှန်ပြောဆိုမှုတွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် စာရွက်လှန်သံများ ကြားလိုက်ရသည်။ နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြာပြီးမှ တစ်ဖက်လူက ပြန်ပြောလာသည်။
"မစ္စတာကျိုး... ခင်ဗျားက နန်အန်းရပ်ကွက်မှာ အိမ် ၁၃ လုံး ပိုင်တာလား"
"ဟုတ်တယ်၊ အဲ့ဒီနေရာလေးကို ကျွန်တော် တော်တော်သဘောကျလို့" ကျိုးထျန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
[ဒင်~... ကျန်းမင်ယွမ်ဆီမှ အချဉ်ဓာတ် +၇၂]
တစ်ဖက်လူ၏နှလုံးသားမှာ ယခုအချိန်တွင် လီမွန်သီးတစ်လုံး ဖြစ်သွားလောက်ပြီ။
ဖျက်သိမ်းရေး စီမံကိန်းမှာ အိမ်ခြေစုစုပေါင်း ၁၄၄ အိမ်ပဲ ရှိတာဖြစ်ပြီး သူတစ်ယောက်တည်းကတင် ၁၃ အိမ်လောက် ပိုင်နေတာ မဟုတ်ပါလား။
"အဲ... ခင်ဗျားမှာပါဝင်တဲ့ အိမ်တွေ အများကြီးရှိနေတော့ မနက်ဖြန်မှာ ခင်ဗျားနဲ့ သီးသန့်စကားပြောဖို့လိုပါလိမ့်မယ်"
"ရပါတယ်... အားလုံးက ညှိနှိုင်းလို့ရတာပဲဥစ္စာ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ ဒါဆို မနက်ဖြန်မှတွေ့ကြတာပေါ့"
"မနက်ဖြန်မှ တွေ့မယ်"
ကျန်းမင်ယွမ်သည် ဖုန်းချလိုက်ပြီးနောက် သူ့စိတ်ကိုပြန် လည်ထိန်းသိမ်းရန် ဆယ်မိနစ်ခန့် အချိန်ယူလိုက်ရသည်။
‘ကံကောင်းတာက တစ်ဖက်လူရဲ့ သဘောထားက ကောင်းနေလို့ပဲ။ သူနဲ့သာ အဆင်ပြေသွားရင် အလုပ်တွေက အများကြီး ပိုမြန်သွားမှာပါ။ ဒါပေမဲ့ သူ့အသံကကြည့်ရတာ အတော်လေး ငယ်ပုံရတယ်...’
ကျိုးထျန်းကတော့ တစ်ဖက်လူ ဘာတွေးနေလဲဆိုတာ ဂရုမစိုက်ပေ။ သူ ယခု စဉ်းစားနေသည်မှာ အချဉ်ဓာတ်များ မည်သို့ ထပ်ရှာရမလဲဆိုသည်ကိုဖြစ်သည်။
မနက်ဖြန် ညှိနှိုင်းရေး အစည်းအဝေးအနေဖြင့် ၎င်းမှာ သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
အချဉ်ဓာတ်တွေ ထပ်မံရိတ်သိမ်းရတော့မည်ကို တွေးရင်း သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ကျိုးထျန်း အိမ်မှာအဝတ် အစားလဲလိုက်သည်။ မှန်ထဲတွင် မိမိကိုယ်ကိုယ် ပြန်ကြည့်ပြီး သူ အတော်လေး ကျေနပ်နေမိသည်။
တီရှပ်၊ ဘောင်းဘီတို၊ ညှပ်ဖိနပ်... လက်ထဲတွင်တော့ ပိုင်ဆိုင်မှုလက်မှတ် ၁၃ စောင်ထည့်ထားသည့် ပလတ်စတစ်အိတ် တစ်အိတ်ကို ကိုင်ထားသည်။
ဖျက်သိမ်းရေး သူဌေးသားဆိုတာ ဒီလိုပုံစံမျိုးဖြစ်ရမည်!
သူ နန်အန်းလမ်းဘက်သို့ လမ်းလျှောက်လာရာ လမ်းတစ်လျှောက် ဘယ်သူမှ သူ့ကို သတိမထားမိကြပေ။
‘ငါ့ရဲ့ ဟန်ပန်က လိုနေသေးတာပဲ။ ငါ့မှာ အရှိန်အဝါ မရှိသေးဘူး။ ဒါကို ထပ်ပြီး လေ့ကျင့်ရဦးမယ်’
နန်အန်းကျေးရွာ မျက်နှာချင်းဆိုင်က ကွင်းပြင်တွင် ယာယီဖွင့်ထားသော ဖျက်သိမ်းရေးရုံးသို့ သူရောက်သွားသောအခါ လူတွေဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
အများစုမှာ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းများ ဖြစ်ကြသည်။ လက်ရှိ ရပ်ကွက်မှာ အတော်လေး ဟောင်းနေပြီဖြစ်ရာ မူလနေထိုင်သူတွေမှာ အနည်းဆုံး အသက် ၅၀၊ ၆၀ ဝန်းကျင်တွေ ဖြစ်ကြပေသည်။
အများစုမှာ သူတို့၏ သားသမီးများနှင့်အတူ လာကြခြင်း ဖြစ်သည်။ လူတိုင်း၏ မျက်နှာမှာ ပြုံးရွှင်နေကြပြီး အချင်း ချင်း ဂုဏ်ပြုစကားများဆိုနေကြသည်။
ကျိုးထျန်းမှာမူ တစ်ယောက်တည်းဖြစ်နေသလို ငယ်လည်း ငယ်သေးသဖြင့် ထူးခြားနေသည်။
"မောင်ရင်... တစ်ယောက်တည်းလား၊ မိဘတွေ မလာကြဘူးလား"
အနီးအနားရှိ အဘိုးအိုတစ်ယောက်မှာ သူ့ကို မြင်လျှင် ခင်ခင်မင်မင် နှုတ်ဆက်သည်။
"ဟုတ်ကဲ့... တစ်ယောက်တည်းပါ၊ ကျွန်တော့်အိမ် ဖျက်သိမ်းတာကို ကျွန်တော်ကိုယ်တိုင်ပဲ လာကိုင်တွယ်တာပါ၊ အိမ်က ကျွန်တော့်နာမည်နဲ့ပဲလေ"
"ဩော်... ဂုဏ်ယူပါတယ်ကွယ်၊ ဘယ်အဆောက်အဦမှာ နေတာလဲ။ ငါ ဒီမှာနေတာ ဆယ်စုနှစ်တွေ ကြာပြီ၊ မောင်ရင့်ကို တစ်ခါမှ မမြင်ဖူးပါလား"
"ကျွန်တော်က ဒီမှာ အမြဲမနေဘူးလေ၊ အဘိုးမမြင်ဖူးတာ မဆန်းပါဘူး"
"ဘယ်အဆောက်အဦမှာလဲ"
"အမှတ် ၁၆ ပါ"
ကျိုးထျန်းမှာမူ သူ့ အားအင်များကို စုဆောင်းနေသည်။ လူများ သိပ်မစုံသေးသဖြင့် ခဏထပ်စောင့်ချင်သေးသည်။
ထိုအဘိုးအိုနှင့် စကားပြောနေရင်း မွန်းလွဲ ၁ နာရီနီးပါး ရောက်လာသောအခါ လူတွေမှာ အလွန်စည်ကားလာတော့သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အနည်းဆုံးလူလေးငါးရာခန့် ရှိပြီး မိသားစုလိုက် လာသူတွေလည်း အများကြီးပင်။
‘လူများလေ ကောင်းလေပဲ ‘ ကျိုးထျန်း စိတ်ထဲက တွေးလိုက်သည်။
ဒါတွေအားလုံးက သူ အချဉ်ပေါက်အောင် လုပ်ရမယ့်သူတွေ မဟုတ်ပါလား။
အဒေါ်ကြီးများမှာ ဘယ်လောက်တောင် မနာလိုတတ်သလဲဆိုတာ သူ ကောင်းကောင်း သိထားသည်။
သူတို့မှာ တခြားသူထက် ဟင်းသီးဟင်းရွက်ကို ပြားဂဏန်းလောက် ဈေးသက်သာအောင် ဝယ်နိုင်ရင်ပင် ကြွားတတ်ကြသူများဖြစ်သည်။
သူသည် ထိုအဘိုးအိုကို ထားခဲ့ပြီးနောက် အဒေါ်ကြီး ဆယ်ယောက်ကျော်လောက် စုနေသည့် အုပ်စုဆီသို့ ရည်ရွယ်ချက်ရှိရှိ သွားလိုက်သည်။
ထိုအဒေါ်ကြီးများသည် ယနေ့အတွက် အလှဆုံးအဝတ်အ စားများကို ဝတ်ထားကြပြီး ပိုးပုဝါလေးများကိုယ်စီ ကိုင်ထားကြသည်။ ဆံပင်ကိုလည်း အရောင်မျိုးစုံ ဆိုးထားကြရာ နုပျိုသော စိတ်ဓာတ်ကို ပြသနေကြသည်။
"မင်္ဂလာပါ အန်တီတို့... ဂုဏ်ယူပါတယ်နော်၊ အန်တီတို့က ဘယ်အဆောက်အဦမှာ နေကြတာလဲ"
"အို... မောင်ရင်လည်း ဂုဏ်ယူပါတယ်ကွယ်။ အန်တီတို့က အမှတ် ၁၆ ကပါ။ အိမ်နီးချင်းဟောင်းတွေပေါ့။ မောင်ရင်ကော ဘယ်မှာလဲ"
ကျိုးထျန်း ပြုံးလိုက်သည်။ ဒီမေးခွန်းကို သူ စောင့်နေခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်လည်း အမှတ် ၁၆ ကပါပဲ"
"ဩော်... တိုက်ဆိုင်လိုက်တာ"
ထိုအဒေါ်ကြီး၏ မျက်နှာမှာ စိတ်အားထက်သန်မှုကြောင့် ဝင်းပသွားသည်။
"အမှတ် ၄၊ အမှတ် ၆၊ အမှတ် ၁၀၊ အမှတ် ၁၄၊ အမှတ် ၁၈..."
ကျိုးထျန်းမှ အခန်းနံပါတ်တွေကို တရစပ် ရွတ်ပြသောအခါ ထိုအဒေါ်ကြီး၏အပြုံးမှာ တောင့်ခဲသွားရသည်။
သူမ မျက်နှာထားမှာ ဝမ်းသာခြင်းမှ သံသယ၊ ထို့နောက် ထိတ်လန့်တုန်လှုပ်ခြင်းသို့ အဆင့်ဆင့်ပြောင်းလဲသွားတော့ သည်။
"မောင်ရင်... ဖျက်သိမ်းမယ့်အထဲမှာ မောင်ရင့်အိမ်က ဘယ်နှစ်လုံးတောင် ပါနေလို့လဲ"
"၁၃ လုံးပါ! ဘာဖြစ်လို့လဲ အန်တီတို့... ခင်ဗျားတို့ကော အပိုမဝယ်ထားကြဘူးလား"
သူ့ မေးခွန်းရှေ့တွင် ထိုအဒေါ်ကြီးများသည် ရင်ထဲမှာ တင်း ကျပ်သွားပြီး သွေးတိုးလာသလို ခံစားလိုက်ရသည်။
‘ငါ ဘာလို့ အပိုမဝယ်ထားမိပါလိမ့်’
‘ဘာလို့လဲ’
‘ငါ...’
[ဒင်~... ဆွန်ရှိုးဖန်းဆီမှ အချဉ်ဓာတ် +၉၉]
[ဒင်~... ကျန်းမေလန်ဆီမှ အချဉ်ဓာတ် +၉၉]
[ဒင်~... ကျိုးလျန်တီဆီမှ အချဉ်ဓာတ် +၉၉]
...
အချဉ်ဓာတ်တွေက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အမြင့်ဆုံးအဆင့် ၉၉ တွေ ဆက်တိုက် တက်လာတော့သည်။ သူတို့၏ ကြောင်တောင်တောင် မျက်နှာထားတွေကို ကြည့်ရင်း ကျိုးထျန်းမှာ ဗိုက်အောင့်အောင် ရယ်ချင်လာသည်။
‘စိတ်အေးအေးထား... ထိန်းထားဦး... သူတို့ရှေ့မှာ အော်မရယ်နဲ့ဦး... မရယ်နဲ့... ဖူးးး!’
သူသည် လက်ဖြင့် ပါးစပ်ကို ပိတ်ကာ ထိုအဒေါ်ကြီးများအနားမှ ခပ်မြန်မြန်ထွက်လာခဲ့သည်။
လီမွန်နံ့တွေ အချိန်အတော်ကြာ ပျံ့နှံ့နေပါစေဦး။
သူသည် ထောင့်တစ်နေရာတွင်ရပ်ကာ ထိုအဒေါ်ကြီးများ၏ တုံ့ပြန်မှုကို ကြည့်ပြီးနောက် ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကို သတင်းစတင်ဖြန့်လိုက်တော့သည်။
"အန်တီလျူ... ကြားပြီးပြီလား၊ လူငယ်လေးတစ်ယောက်က အိမ် ၁၃ လုံးအတွက် လျော်ကြေးရမှာတဲ့!"
"အို... အန်တီဆွန်ရယ်၊ လျှောက်မပြောပါနဲ့"
"ဘယ်သူက လျှောက်ပြောလို့လဲ၊ ကျွန်မကိုယ်တိုင် မြင်ခဲ့တာ၊ သူ့မှာ အိမ်တွေ အများကြီးပဲ"
ကျိုးထျန်း ပိုပြီးပျော်သွားသည်။ ဤအဒေါ်ကြီးများမှာ သတင်းချဲ့ကားရာတွင် အလွန်တော်ကြသည် မဟုတ်ပါလား။
ဆပွားအစွမ်းမှာ ၃ မိနစ်ပဲ ခံသော်လည်း သူတို့၏စွမ်းဆောင်ရည်ကို သူ ယုံကြည်သည်။
"ဦးလေး... ဟိုမှာ လူငယ်တစ်ယောက်က အိမ် ၁၃ လုံး ဖျက်သိမ်းခံရတာတဲ့!"
"အဖွားကျန်း... ကြားပြီးပြီလား။ ကျွန်မတို့ ရပ်ကွက်ထဲက တစ်ယောက်က အိမ် ၁၈ လုံးအတွက် လျော်ကြေးရမှာတဲ့!"
"ဦးလေးလျူ... ကြားပြီးပြီလား။ ကျွန်မတို့ ရပ်ကွက်ထဲက တစ်ယောက်က အိမ် ၂၅ လုံးတောင် ပိုင်တာတဲ့!"
"အဒေါ်ကျန်း...!"
သတင်းတွေ ပျံ့နှံ့သွားသည်နှင့်အမျှ ကောလာဟလတွေက ပိုပိုပြီး ကြီးထွားလာတော့သည်။
နောက်ဆုံးတွင် ကျိုးထျန်းကိုယ်တိုင်ပင် မှင်သက်သွားရသည်။ သူ အိမ် ၈၀ ပိုင်တယ်ဆိုသည့် သတင်းတွေအထိ ထွက်ပေါ်နေပြီဖြစ်သည်။
‘နန်အန်းကျေးရွာ တစ်ရွာလုံးက ငါ့ဟာလို့ပဲ ပြောလိုက်ကြပါလား’
ဤတုန်လှုပ်ဖွယ် သတင်းမှာ တားဆီး၍မရဘဲ တောမီး လောင်သလို တစ်ရပ်ကွက်လုံးသို့ ပျံ့နှံ့သွားတော့သည်။
သူ့ရှေ့တွင် ၉၉ ရာခိုင်နှုန်း အချဉ်ဓာတ် သတိပေးချက်ရာပေါင်းများစွာ တက်လာသည်ကို မြင်ရသောအခါ ကျိုးထျန်းသည် လီမွန်ပင်စိုက်ရာတွင် သူဟာ ပါရမီရှင်တစ်ယောက်ပဲဟု ခံစားလိုက်ရသည်။
‘ဒါ တကယ့်ကို အမြတ်ထွက်တာပဲ!’
၃ မိနစ်အကြာတွင် သူ့အကောင့်ထဲ၌ အချဉ်ဓာတ်အမှတ် ၃.၈ သန်းအထိ ရှိလာတော့သည်။ ဒါသည် အဆ ၁၀၀ ဆပွားနှုန်း၏ ရလဒ်ပင်။
ရရှိသည့် အကျိုးအမြတ်မှာ သူ စီစဉ်ထားသည်ထက် များစွာ ကျော်လွန်သွားခဲ့သည်။
[ဒင်~! စနစ်အကြောင်းကြားချက်]
[Host သည် စနစ်တာဝန်မရှိဘဲနှင့်ဆပွားအစွမ်းကိုအကောင်း ဆုံး အသုံးချနိုင်ခဲ့ခြင်းက အချဉ်ဓာတ်ရယူခြင်း၏ အနှစ်သာ ရကို အပြည့်အဝနားလည်သွားပြီဖြစ်ကြောင်း သက်သေပြနေပါသည်။]
[စနစ်က Host အတွက် အထူးဆုလာဘ်တစ်ခု ပေးအပ်ပါမည်။]
[ဆုလာဘ် - ရုပ်ရည် attribute +၅]
[မှတ်ချက် - ရုပ်ရည်တိုးတက်မှု အကျိုးသက်ရောက်မှုမှာ Host အိပ်ပျော်သွားပြီးနောက်တွင် ဖြစ်ပေါ်လာပါမည်။]
‘ဟား... မမျှော်လင့်ထားတဲ့ ဆုလာဘ်တစ်ခု ရပြန်ပြီ!’
ကျိုးထျန်း အတိုင်းထက်အလွန် ပျော်သွားသည်။ ဤစနစ်က တကယ့်ကို အစွမ်းထက်လှသည်။
[Host: ကျိုးထျန်း]
အသက်: ၁၈
ရုပ်ရည်: ၈၈ (၈၃+၅)
ကိုယ်လုံးကိုယ်ပေါက်: ၇၉
ကျန်းမာရေး: ၈၉
အချဉ်ဓာတ်အရည်အချင်း: လူအများအပြား အချဉ်ဓာတ် ဆပွားအကျိုးသက်ရောက်မှု
အချဉ်ဓာတ်လက်ကျန်: ၄,၃၀၀,၀၀၀ ကျော် (ငွေထုတ်ယူနိုင်သည်)
သူ့အကောင့်ထဲရှိ ၄.၃ သန်းကျော်ရှိသော လက်ကျန်ကို ကြည့်ပြီး သူ ဖော်ပြမတတ်အောင် ကျေနပ်မိသည်။
‘ငါ့မိဘတွေအတွက် လက်ဆောင်ဝယ်ဖို့ ငွေရပြီ’
အမှန်စင်စစ် လက်ရှိအချိန်တွင် အချဉ်ဓာတ် တစ်သန်းလောက်သာ ရလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် လူ့သဘာဝကို လျှော့တွက်ခဲ့မိသည်။
လူတိုင်းမှာ အစပိုင်းတွင် လျော်ကြေးရမည် ဖြစ်သောကြောင့် ပျော်နေကြတာ မှန်သော်လည်း...
‘ငါတို့အားလုံး လျော်ကြေးရတာချင်းအတူတူ၊ နင်က ဘာလို့ အိမ်တွေ ဒီလောက်အများကြီး ပိုင်နေရတာလဲ’
‘နင့်ရဲ့ ၁၃ လုံးနဲ့ ယှဉ်လိုက်ရင် ငါတို့ရတဲ့ ငွေလေးက ဘာမှမဟုတ်တော့ဘူးပဲ!’
ဤကွဲပြားခြားနားမှုကြီးက သူတို့၏မနာလိုစိတ်ကို မီးမွှေးပေးလိုက်ရာ တစ်ကွင်းလုံး လီမွန်ပင်လယ်ကြီး ဖြစ်သွားတော့သည်။
ပျော်ရွှင်စရာကောင်းသော လေထုမှာ ယခုအခါ ထူးထူးဆန်းဆန်း ဖြစ်သွားရသည်။ သူတို့တွေ ဂုဏ်ပြုရမလား၊ ဒါမှမဟုတ် အိမ်တွေအများကြီး ကြိုမဝယ်ထားမိတာကို နောင်တ ရရမလားဆိုတာ ဝေခွဲမရဖြစ်နေကြသည်။