← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

🍋 Chapter 15

ညှိနှိုင်းရန် စောင့်ဆိုင်းနေသော လူအုပ်ကြီးသည် ကျိုးထျန်းရှိရာဘက်သို့ လက်ညှိုးထိုးရင်း တိုးတိုးတိတ်တိတ်ပြောဆိုနေကြသည်။

"ဟိုမှာ... အဲ့ဒီလူငယ်လေးပဲ"

"အရမ်းငယ်သေးတာပဲ! ဒီတစ်ခါတော့ သူ တကယ့်ကို သူဌေးကြီး ဖြစ်တော့မှာပဲ"

"ထားလိုက်ပါတော့... ကိုယ့်အိမ်လေး ဖျက်သိမ်းခံရတာတင် ကျေနပ်စရာပါ၊ သူများ သွားမနာလိုမနေနဲ့တော့"

လူတိုင်းသည် တစ်ဦးကိုတစ်ဦး ပြန်လည်နှစ်သိမ့်ရင်း အချင်းချင်း နားလည်မှုယူနေကြသည်။

အချိန်စေ့လာသောအခါ ဝန်ထမ်းအချို့စင်ပေါ်သို့ တက်လာပြီး မိုက်ကရိုဖုန်းဖြင့် စတင်ပြောဆိုကြသည်။ ထို့နောက် အိမ်ပိုင်ရှင်များ စာရင်းသွင်းရန် စားပွဲအချို့ကို ထုတ်ပေးလိုက်သည်။

လူအများအပြား ရှိနေသဖြင့် တန်းစီဇယားမှာ အတော်လေး ရှည်လျားလှသည်။

ကျိုးထျန်းသည်လည်း လူအုပ်ထဲတွင် ညှပ်ပါသွားသော် လည်း သူ့ရှေ့နှင့် နောက်ကလူများမှာ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ သူ့အနားသို့ ကပ်လာပြီး စကားစရန် ကြိုးစားနေကြသည်။

အပေါ်ယံ စကားအနည်းငယ်ပြန်ပြောပြီးနောက် သူ အတော်လေး ပင်ပန်းသွားရသည်။

ဤသက်ကြီးရွယ်အိုများက မေးနေကျ မေးခွန်းအနည်းငယ်ကိုသာ တရစပ် မေးနေကြခြင်း ဖြစ်သည်။

"အသက်ဘယ်လောက်ရှိပြီလဲ"

"ကျောင်းတက်နေတုန်းလား"

"ဘယ်ကျောင်းမှာလဲ"

"မိဘတွေက ဘာလုပ်တာလဲ"

အချို့ဆိုလျှင် ပိုဆိုးလှသည်။ သူ့မှာ ရည်းစားရှိ၊ မရှိကိုပါ တိုက်ရိုက်မေးမြန်းလာကြသည်။ မရှိဟု သူဖြေလိုက်သော အခါ တစ်ယောက်က သူမ၏မြေးမလေးကို ရှေ့သို့ အတင်းတွန်းပို့ပေးလေသည်။

သူ့ရှေ့က အသက် ၃၀ နီးပါးရှိပြီး "ခန္ဓာကိုယ် အနည်းငယ် ထွားကြိုင်းသော" အမျိုးသမီးကိုကြည့်ရင်း ကျိုးထျန်း၏ မျက်နှာမှာ တွန့်ကွေးသွားရပြီး စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရသည်။

ထိုစဉ် အမျိုးသမီး ဝန်ထမ်းတစ်ယောက်က မိုက်ကရိုဖုန်းကို ယူလိုက်သည်။

"မစ္စတာကျိုးထျန်း ရှိပါသလား... မစ္စတာကျိုးထျန်း ဘယ်သူလဲ ရှင့်"

သူ အမြန် လက်ပြလိုက်သည်။

အသက် ၂၀ ကျော်ဝန်းကျင်ရှိသော ထိုအမျိုးသမီးသည် လျှောက်လာပြီး ကျိုးထျန်းကိုမြင်သည်နှင့် ပြုံးပြလိုက်သည်။

"မစ္စတာကျိုး... မင်္ဂလာပါ၊ ကျွန်မနဲ့အတူ အတွင်းခန်းကို လိုက်ခဲ့ပေးပါဦး။ ကျွန်မတို့ မန်နေဂျာက စောင့်နေပါတယ်"

သူမသည် စကားပြောရင်း သူ့ကို မျက်စိတစ်ဖက်ပါ လျှို့ဝှက်မှိတ်ပြလိုက်သေးသည်။

သေချာပေါက်ပင် သူ လက်ခံမည်မဟုတ်ပေ။

‘ဒီလူတွေကတော့... ငါ ချမ်းသာမှန်း သိသွားတော့မှ ငါ့ကို မသင့်တော်တဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေကြတာပဲ။ ငါက သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်ပါ’

သူသည် မည်သည့်အမူအရာမျှ မပြဘဲ သူမ၏နောက်မှ လိုက်ဝင်သွားခဲ့သည်။ သူ့နောက်က လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများမှာလည်း တိုးတိုးတိတ်တိတ် ထပ်ပြောကြပြန်သည်။

"ကြည့်စမ်း... သူကတော့ လူကြီးလူကောင်းပဲ၊ အတွင်းခန်းထဲမှာ သီးသန့်ဆွေးနွေးဖို့ ဖိတ်ခံရတာ"

"ဟုတ်ပါ့... တန်းစီစရာတောင် မလိုဘူး"

"အို... တော်ကြပါတော့၊ လိုက်မကြည့်နေနဲ့တော့၊ နင်တို့မှာကော သူ့လောက် အိမ်တွေ အများကြီး ရှိလို့လား"

ကျိုးထျန်းသည် ထိုစကားများကို မကြားရသော်လည်း သူ့ရှေ့တွင် ဆက်တိုက်တက်လာသော အချဉ်ဓာတ်သတိပေး ချက် ဒါဇင်ပေါင်းများစွာကိုတော့ မြင်နေရသည်။

‘ဒီလီမွန်တစ်သိုက်ကတော့ တကယ့်ကို အချိန်အကြာကြီး ခံတာပဲ။ ဂျင်းကတော့ အိုလေ စပ်လေဆိုပေမဲ့ လီမွန်ကတော့ အိုလေ ချဉ်လေပဲလား’

အခန်းထဲတွင် စားပွဲအချို့ရှိပြီး လူအချို့မှာ စာရွက်စာတမ်းများကို စစ်ဆေးနေကြသည်။

"မန်နေဂျာကျန်း... မစ္စတာကျိုးထျန်း ရောက်ပါပြီ"

ထိုအမျိုးသမီးက သူ့ကို လမ်းညွှန်ပေးပြီးနောက် ထွက်မသွားခင် သူ့ကို မျက်စိတစ်ချက် ထပ်မှိတ်ပြသွားသေးသည်။

လက်မခံနိုင်ဘူး၊ ကျွန်တော်က ဖြောင်မတ်တဲ့ Fa ကောင် ပါ။

"မစ္စတာကျိုး... ထိုင်ပါဦး၊ ကျွန်တော်တို့ မနေ့က ဖုန်းနဲ့ ဆက်သွယ်ခဲ့ကြတယ်လေ၊ ကျွန်တော့်နာမည်က ကျန်းမင်ယွမ်ပါ"

"မင်္ဂလာပါ မန်နေဂျာကျန်း"

ကျိုးထျန်းသည် ယဉ်ကျေးစွာပင် လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူသည် ရုံးခန်းကုလားထိုင်ပေါ်တွင် သက်သောင့် သက်သာထိုင်ရင်း တစ်ဖက်လူ၏ စကားကို စောင့်နေလိုက်သည်။

"မစ္စတာကျိုး... အခု ဖျက်သိမ်းမယ့် နယ်မြေထဲမှာ လူကြီးမင်းက အိမ်တွေ အများကြီး ပိုင်ဆိုင်ထားတာကြောင့် ကျွန်တော်တို့ ဆွေးနွေးပြီးတော့ လူကြီးမင်းအတွက် သီးသန့် အစုလိုက် လျော်ကြေးအစီအစဉ် တစ်ခုပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒါကို ဘယ်လို ထင်ပါသလဲ"

သူ စကားအများကြီးမပြောဘဲ ခေါင်းကိုသာ အနည်းငယ် ညိတ်ပြလိုက်သည်။ ညှိနှိုင်းမှုတစ်ခုတွင် အရင်စတင်ပြောဆိုသူမှာ အားနည်းချက်ရှိတတ်ကြောင်း သူသိထားသလို သူ့ကိုယ်သူလည်း ယုံကြည်မှုရှိနေသည်။

ကျန်းမင်ယွမ်မှာမူ စဉ်းစားနေသည်။

‘ဒီဘက်ကို ဖျက်သိမ်းရေး ပြောင်းလိုက်ရတာက လမ်းတစ် ဖက်က ဟိုတယ်ပိုင်ရှင်က ငွေအလွန်အကျွံ တောင်းနေလို့ပဲ။ သူတို့မှာ တခြား ရွေးချယ်စရာ မရှိဘူး၊ ဘာပဲဖြစ်ဖြစ် မြေအောက်ရထား စီမံကိန်းအတွက်လမ်းချဲ့ဖို့က မဖြစ်မနေ လုပ်ရမှာလေ’

‘ဒီကလေးရဲ့ အချက်အလက်တွေကို ငါ စစ်ဆေးကြည့်ပြီးပြီ၊ သူက အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ သူ့မိဘတွေက ဝယ်ပေးထားတာ ဖြစ်မှာပါ ‘

‘အဲ့ဒါလည်း ဒီအပတ်ထဲမှာတင် ဝယ်ထားကြတာ၊ သူတို့တွေ သတင်းအချက်အလက် ကြိုရထားတာ ဖြစ်ရမယ်’

‘ဒါပေမဲ့ လမ်းတစ်ဖက်က ညှိနှိုင်းမှုပျက်သွားတာ ၄ ရက်ပဲ ရှိသေးတယ်၊ သူတို့က အဲ့ဒီမတိုင်ခင်ကတည်းက ဒီဘက်က အိမ်တွေကိုရွေးပြီး ဝယ်ထားကြတာ။ ငါတို့ အစီအစဉ် ပြောင်းမယ့်အချက်ကို သူတို့ ဘယ်လို ကြိုသိခဲ့ကြတာလဲ’

သူ အကြာကြီးစဉ်းစားသော်လည်း အဖြေရှာမရပေ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမိနစ်မှ ပြောင်းလဲသွားသည့် သတင်းအချက်အလက်ကို ရခဲ့လျှင်ပင် ကြိုတင်ပြင်ဆင်ရန် အချိန်မရနိုင်ပေ။

သို့သော် သူတို့လုပ်နိုင်ခဲ့သည်။ ၎င်းမှာ ကံစမ်းလိုက်ခြင်းဖြစ်ပြီး သူတို့ ကံကောင်းသွားသည်ဟုသာ သူ ကောက်ချက်ချလိုက်ရတော့သည်။

"မစ္စတာကျိုး... ကျွန်တော်တို့ရဲ့စံနှုန်းဈေးကတော့ အိမ်ရဲ့ မူလဈေးအပြင် ၁.၇ ဆ အပိုဆောင်းပေးမှာပါ၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ မြို့ပြင်နေရာက အိမ်နဲ့ လဲလို့ရပါတယ်”

အခြေချနေထိုင်မှု ထောက်ပံ့ကြေးအနေနဲ့ တစ်အိမ်ကို ယွမ် ၅၀,၀၀၀ နဲ့ တစ်ဦးချင်း ထောက်ပံ့ကြေး ယွမ် ၆,၀၀၀ စီ ပေးပါမယ်"

"အကယ်၍ လူကြီးမင်းက ငွေသားလျော်ကြေးကိုပဲ ရွေးချယ်ပြီး အိမ် ၁၃ လုံးစလုံးအတွက် စာချုပ်ကို တစ်ပြိုင်နက် ချုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က တစ်အိမ်ကို ယွမ် ၁၀၀,၀၀၀ စီ အစုလိုက်ဆုကြေး ပေးပါမယ်။ ဒါကို ဘယ်လို ထင်ပါသလဲ။

ဒီကမ်းလှမ်းချက်က လူကြီးမင်း တစ်ယောက်တည်းအတွက်ပဲ သီးသန့်ပါ"

ထိုသို့ ပြောပြီးနောက် ကျန်းမင်ယွမ်သည် ကျိုးထျန်း၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။

ကျိုးထျန်းကတော့ပြုံးရုံသာ ပြုံးပြပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေလိုက်သည်။

၎င်းမှာ သူ့ နည်းဗျူဟာပင်။ တစ်ဖက်လူကို အရင်ဆုံး စကားပြောလာအောင် ဖိအားပေးပြီး ပိုကောင်းသော အခြေအနေများ ကမ်းလှမ်းလာအောင် လုပ်ခြင်းဖြစ်သည်။

ငါးမိနစ်ခန့် ကြာသောအခါ တစ်ဖက်လူမှာ ဆက်ပြီး မအောင့်နိုင်တော့ပေ။ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်က ဤမျှ ကိုင်တွယ်ရခက်ခဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"မစ္စတာကျိုး... ဒီအချက်တွေကို သဘောမကျလို့လား ခင်ဗျာ၊ ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးလို့ ရပါသေးတယ်"

ကျိုးထျန်း နောက်ဆုံးတွင် စကားစပြောလိုက်သည်။

"အစုလိုက်စာချုပ်ချုပ်တာက ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ယွမ် ၁၀၀,၀၀၀ ဆုကြေးကတော့ အရမ်းနည်းလွန်းတယ်။ ကျွန်တော် လက်မခံနိုင်ဘူး"

"ဒါဆို လူကြီးမင်း စိတ်ထဲမှာ ဘယ်လောက် ထင်ထားလို့လဲ"

"ထောက်ပံ့ကြေးတွေ အကုန်လုံးကို ကျွန်တော် လိုချင်တယ်၊ ဒါပေမဲ့ အပိုဆောင်းကြေးကိုတော့ နှစ်ဆဖြစ်ရမယ်!"

"ဒါကတော့ မဖြစ်နိုင်ဘူးဗျ!"

ကျန်းမင်ယွမ်က ချက်ချင်း တုံ့ပြန်သည်။

"အပိုဆောင်းကြေး လျော်ကြေးက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ရှိတာမို့ လုံးဝပြောင်းလဲလို့ မရပါဘူး"

ကျိုးထျန်း ခဏမျှပြန်လည် တိတ်ဆိတ်သွားပြန်သည်။

ယခုတစ်ကြိမ်တွင်မူ တစ်ဖက်လူ၏စိတ်ရှည်မှုမှာ သိသိသာသာလျော့နည်းလာပြီး နှစ်မိနစ်ပင် မပြည့်ခင် ထပ်မံ စကားပြောလာရပြန်သည်။

"မစ္စတာကျိုး... ကျွန်တော်တို့ လူကြီးမင်းရဲ့အစုလိုက်လျော် ကြေးကို နောက်ထပ် ယွမ် ၁၀,၀၀၀ တိုးပေးရင်ကော ဘယ် လိုလဲ။ ကျွန်တော်တို့ဘက်က တကယ်ကို ရိုးသားစွာနဲ့ ကမ်းလှမ်းနေတာပါ"

ကျိုးထျန်း ခေါင်းခါပြလိုက်သည်။

"မရဘူး... အပိုဆောင်းကြေးက အဲ့ဒီအတိုင်းပဲဆိုရင် တစ်အိမ်ကို ယွမ် ၈၀၀,၀၀၀ ပေးရမယ်"

"မဖြစ်နိုင်တာ... အဲ့ဒါက အရမ်းများလွန်းတယ်"

"ဒါလည်း မရ၊ ဟိုဟာလည်း မရနဲ့... ခင်ဗျားတို့ ဘာလိုချင်တာလဲ။ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ကြရအောင်။ ထပ်ပြီး စဉ်းစားကြည့်ဦး၊ ပြီးမှ ကျွန်တော့်ဆီ ပြန်လာခဲ့"

ကျိုးထျန်းမှာ ဘာမှ ကြောက်စရာမရှိပေ။ အဆောက်အဦ တိုင်းမှာ သူ့အိမ်တွေ ရှိနေသဖြင့် ဖျက်သိမ်းရေး အစီအစဉ်သည် သူ့ကို ကျော်သွား၍ မရနိုင်ပေ။

သူတို့အနေဖြင့် လမ်းကို ကွေ့ပတ်ဖောက်ရန် သို့မဟုတ် သူ့အိမ်ကို ကျွန်းကလေးလိုချန်ထားရန် နည်းလမ်းမရှိသဖြင့် သူ လုံးဝ မလောပေ။ သတ္တိရှိလျှင်တော့ မဖျက်ဘဲ နေလိုက်ရုံသာ ရှိသည်။

ကျန်းမင်ယွမ် သွားကြိတ်လိုက်မိသည်။ ဤလူငယ်လေးသည် ကိုင်တွယ်ရ အလွန်ခက်ခဲလှသည်။ သူသည် သူတို့၏အနိမ့်ဆုံး သတ်မှတ်ချက်ကို စမ်းသပ်နေပြီး ရည်ရွယ်ချက်ရှိရှိ ဈေးအဆမတန် တောင်းနေခြင်းဖြစ်သည်။

သူတို့မှာ ယခုအခါ တခြားလမ်း မရှိတော့ပေ။ လမ်းတစ်ဖက်က ဟိုတယ်ပိုင်ရှင်က သူတို့ကို ယွမ် ၁.၂ ဘီလီယံအထိ တောင်းဆိုထားသည်။

ထို့ကြောင့် နေရာပြောင်းလိုက်ရခြင်းဖြစ်ပြီး အရင်က ညှိနှိုင်း မှုတွေ ကြန့်ကြာခဲ့ခြင်းကြောင့် အချိန်မှာအတော်လေး နောက်ကျနေပြီ ဖြစ်သည်။ သူတို့သည် သာမန် လုပ်ငန်းရှင်များ မဟုတ်ကြပေ။

ရက်အနည်းငယ် ကြန့်ကြာခြင်းက ငွေကြေးအရ ဖိအားဖြစ်စေသော်လည်း လက်ခံနိုင်စရာရှိသည်။

သို့သော် ဒါသည် မြူနီစီပယ် စီမံကိန်းဖြစ်ပြီး မြေအောက်ရထားစနစ်၏ အစိတ်အပိုင်းဖြစ်ရာ နိုင်ငံရေးအရ အရေး ကြီးသော တာဝန်တစ်ခုလည်းဖြစ်သည်။ သူတို့ သတ်မှတ်ထားသော အချိန်အတွင်း အပြီးသတ်ရမည်ဖြစ်သည်။

ထို့ကြောင့်လည်း သူက ကျိုးထျန်းကို သီးသန့် ခေါ်ယူ ဆွေးနွေးနေခြင်းဖြစ်သည်။

သူ အမြန်ထရပ်ကာ ထွက်သွားဟန်ပြင်နေသော ကျိုးထျန်းကို ဆွဲလိုက်သည်။

"မစ္စတာကျိုး... ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးကြရအောင်ပါ။ နှစ်ဦးနှစ်ဖက် အလျှော့အတင်းလုပ်ကြရင်ကော ဘယ်လိုလဲ"

"ဘယ်လောက်အထိ အလျှော့အတင်း လုပ်မှာလဲ"

ကျိုးထျန်းက ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

"အဲ... တစ်အိမ်ကို ယွမ် ၂၀၀,၀၀၀၊ အဲ့ဒါဆိုရင်ကော ဘယ်လိုလဲ"

"ဟဲဟဲ"

သူ နှာခေါင်းရှုံ့လိုက်ပြီး ဖုန်းကို ထုတ်ကစားနေလိုက်သည်။

ခဏအကြာတွင် ဖုန်းဝင်လာဟန်ဖြင့် ဟန်ဆောင်ကိုင်လိုက်သည်။

"ဟယ်လို... အဖေ၊ ဘာကိစ္စရှိလို့လဲ"

"ဩော်... သဘက်ခါ အမေရိကန်သွားမယ့် ခရီးစဉ်အတွက်လား။ ကျွန်တော် အကုန်ပြင်ထားပြီးပြီ၊ နှစ်ပတ်စာ အဝတ် အစားတွေလည်း ပါတယ်"

"ဟုတ်ကဲ့... တစ်လကြာမယ်ဆိုတာ သိပါတယ် အဝတ်အစား မလောက်ရင်တော့ အဲ့ဒီကျမှ ထပ်ဝယ်လိုက်မှာပေါ့"

...

ကျန်းမင်ယွမ် မျက်နှာမှာ တွန့်ကွေးသွားရသည်။ အမေရိကန်ကို တစ်လကြာ ခရီးထွက်မည်တဲ့!

အကယ်၍ တစ်လလောက် ကြန့်ကြာသွားမည်ဆိုလျှင် သူ့အထက်လူကြီးတွေက သူ့ကို ဆူပူကြမည်မှာ အသေအချာပင်။

"မစ္စတာကျိုး... လူကြီးမင်း လိုချင်တဲ့ ဈေးနှုန်းကိုသာတိုက် ရိုက်ပြောပါတော့။ ကျွန်တော်တို့ နားထောင်ကြည့်ပါ့မယ်"

သူ ဆက်ပြီး မအောင့်နိုင်တော့ဘဲ ပြောလိုက်ရသည်။

"အင်း... ကောင်းပြီလေ၊ ကျွန်တော်က လောဘမကြီးပါဘူး။ တစ်အိမ်ကို အစုလိုက်ဆုကြေး ယွမ် ၅၀၀,၀၀၀ ပေး၊ ပြီးတော့ အခြေချနေထိုင်မှု ထောက်ပံ့ကြေးကို တစ်အိမ် ယွမ် ၁၀၀,၀၀၀ ပေး"

ကျန်းမင်ယွမ် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။

ဒါက လောဘမကြီးဘူးလား…

🍋 Chapter 16

တစ်အိမ်ကို ဆုကြေး ၅၀၀,၀၀၀ နဲ့ အခြေချနေထိုင်မှုစရိတ် ၁၀ ရာခိုင်နှုန်းဆိုရင်... သူတို့တွေ နောက်ထပ် ယွမ် ၇.၈ သန်း ပိုပေးရလိမ့်မည်။ ဤပမာဏမှာ လက်ခံနိုင်စရာ မရှိပေ။

တစ်ဖက်လူမျက်နှာထားကို ကြည့်လိုက်ရုံဖြင့် ကျိုးထျန်းသည် သူ သဘောတူမည်မဟုတ်ကြောင်း သိလိုက်သော် လည်း တစ်ဖက်လူ၏အနိမ့်ဆုံးသတ်မှတ်ချက်ကိုတော့ သူ ကောင်းကောင်း ထိတွေ့လိုက်နိုင်ပြီ ဖြစ်သည်။

"မစ္စတာကျိုး... လူကြီးမင်းတောင်းတဲ့ဈေးက အရမ်းများနေသေးတယ်၊ ကျွန်တော်တို့ မတတ်နိုင်ဘူးဗျ"

ကျန်းမင်ယွမ် သူ့လက်ကို တိုက်ရိုက်ဆွဲလိုက်သည်။

"ခင်ဗျား ဒီအိမ်တွေကို ဝယ်လိုက်ရောင်းလိုက်လုပ်တာ ရက်အနည်းငယ်ပဲ ရှိသေးတာလေ၊ ငွေတွေ အများကြီးမြတ်နေတာပဲကိုး၊ ဒီပမာဏလေးကိုတော့ အလျှော့အတင်း လုပ်ပေးပါဦး"

ကျိုးထျန်းမှာ လုံးဝမအံ့ဩပေ။ ဖျက်သိမ်းရေးရုံးကလူတစ်ယောက်အနေဖြင့် သူ၏အိမ်ခြံမြေ အရောင်းအဝယ်မှတ် တမ်းတွေကို သိနေဖို့ဆိုတာ အလွန်လွယ်ကူသည့် ကိစ္စဖြစ်သည်။

"အို... မန်နေဂျာကျန်းကလည်း၊ ဒါက ငွေကိစ္စ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ဒီလောက်ငွေလေး လိုအပ်ပါ့မလား၊

ဒါက ကျွန်တော့် မိဘတွေအတွက်ပါ။ ကျွန်တော် ဒီမှာဝယ်ထားတဲ့ အိမ်တွေက အကုန်ကောင်းတယ်လေ။ ကျွန်တော့်မိဘတွေ အနားယူတဲ့အခါ ငှားစားဖို့ စီစဉ်ထားတာကို အခု ဖျက်သိမ်းရေးကြောင့် ကျွန်တော့်မှာ အများကြီး ဒုက္ခရောက်ခဲ့ရတာ"

ကျန်းမင်ယွမ် စိတ်ထဲကနေ ထပ်ပြီး ကျိန်ဆဲလိုက်ပြန်သည်။ ဤစကားတွေအကုန်လုံးက ငွေပိုတောင်းနေခြင်းသာဖြစ် သည်။ ကျိုးထျန်းက နာကျင်ခံစားနေရဟန်ဖြင့် သူ့ကို ပြောလိုက်သည်။

"ဟူး... ဒီနေ့ ကျွန်တော်မို့လို့ပါ။ တခြားသူဆိုရင် ဒီလောက် ပြောရဆိုရ လွယ်မှာမဟုတ်ဘူး။ ကဲ... တစ်အိမ်ကို ၄၀၀,၀၀၀ နဲ့ အခြေချနေထိုင်မှုစရိတ် ၈၀,၀၀၀ ပေးပါ။ ဒါပေမဲ့ ပမာဏအားလုံးကို တစ်ပတ်အတွင်း ကျွန်တော့်ဆီ လွှဲပေးရမယ်"

ကျန်းမင်ယွမ် စိတ်ထဲကနေ တွက်ချက်ကြည့်လိုက်သည်။ ဒါသည် သူတို့ဘက်က လက်ခံနိုင်သည့် အမြင့်ဆုံးအကန့် အသတ်ဖြစ်သော်လည်း သူကတော့ ဈေးထပ်ဆစ်ချင်နေသေးသည်။

သူ ဤအလုပ်ထဲမှာ ကျင်လည်လာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ငွေနှင့်ပတ်သက်ပြီး ဤမျှအောက်ကျို့ခံရသည်မှာ ယခုတစ်ကြိမ်မှာ ပထမဆုံးပင်။

"မစ္စတာကျိုး... ၃၀၀,၀၀၀ ဆိုရင်ကော ဘယ်လိုလဲ။ အခြေချနေထိုင်မှုစရိတ်ကို ၈၀,၀၀၀ အတိုင်းထားပြီး သုံးရက်အတွင်း အကျေပေးပါ့မယ်"

"၃၈၀,၀၀၀... သုံးရက်အတွင်း ပေးရမယ်။ မဟုတ်ရင်တော့ ဆက်ပြောနေစရာ မလိုတော့ဘူး"

သူက ထွက်သွားရန်ဟန်ပြင်ရင်း ထပ်မံထရပ်လိုက်သည်။

"သဘောတူတယ်ဗျာ!"

ကျန်းမင်ယွမ်က သူ့ကို ဆွဲလိုက်သည်။

ကျိုးထျန်း စိတ်ထဲကနေ အောင်ပွဲခံလိုက်မိသည်။

နာရီဝက်လေးအတွင်းမှာတင် ငါ ယွမ် ၄ သန်းကျော်ထပ်မြတ်သွားပြီ!

‘အပြင်ကရတဲ့ အချဉ်ဓာတ်တွေနဲ့ ပေါင်းလိုက်ရင် ဒီနေ့တင် ၈ သန်းကျော်လောက် ပိုရလိုက်တာပဲ’

‘ငွေတွေက မြန်မြန်ဆန်ဆန် ဝင်လာတာပဲ! ချမ်းသာတဲ့သူတွေ ဘာလို့ ငွေတွေ အများကြီး ရှာနိုင်လဲဆိုတာ မဆန်းတော့ဘူး၊ ငွေကနေ ငွေပွားတဲ့စွမ်းအားက တကယ်ကို အံ့ဩဖို့ကောင်းတယ်’

သူသည် ပိုင်ဆိုင်မှုလက်မှတ်များကို ထုတ်ပေးလိုက်ပြီးလုပ် ထုံးလုပ်နည်း အားလုံးကိုအပြီးသတ်လိုက်သည်။

လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း သဘောတူညီချက်ကိုလည်း လက်မှတ်ထိုးခိုင်းသဖြင့် သူ ထိုးပေးလိုက်သည်။

အကယ်၍ သူ ဤမျှ ငွေများစွာရလိုက်သည်ကို အပြင်လူတွေ သိသွားလျှင် အိမ်ခေါင်မိုးများပင် ပွင့်ထွက်သွားနိုင်ပေသည်။

အားလုံးပြီးသွားသောအခါ သူသည် ကျန်းမင်ယွမ်နှင့် လက်ဆွဲနှုတ်ဆက်ပြီး ပြုံးပြကာ လှည့်ထွက်လာခဲ့တော့သည်။

ကျန်ရစ်သူမှာတော့ သက်ပြင်းချရင်း ခေါင်းခါကာ ကျန်နေခဲ့ရသည်။

စုစုပေါင်း ဧရိယာ ၅၇၃ စတုရန်းမီတာအတွက် စတုရန်းမီတာအလိုက် ဈေးနှုန်း၊ တစ်အိမ်ထောင်လျှင် ၁.၇ ဆလျော် ကြေး၊ တစ်အိမ်လျှင် ဆုကြေး ယွမ် ၃၈၀,၀၀၀၊ အခြေချနေထိုင်မှု လျော်ကြေး ၈၀,၀၀၀ နှင့် တစ်အိမ်ထောင်လျှင် တစ်ဦးကို ၆,၀၀၀ ယွမ် စသည်တို့ကို ပေါင်းလိုက်လျှင် ဤဖျက်သိမ်းရေးမှ သူရရှိမည့် စုစုပေါင်း လျော်ကြေးငွေမှာ ယွမ် ၈၉.၆ သန်း ဖြစ်သည်။

ဤအိမ်များကို ဝယ်ယူစဉ်က ပျမ်းမျှဈေးဖြင့် သုံးစွဲခဲ့သော ယွမ် ၃၂ သန်းကို နုတ်လိုက်လျှင်...

သူသည် ယွမ် ၅၈ သန်းကျော်၊ အကြမ်းဖျင်းတွက်လျှင် သန်း ၆၀ ခန့် အသားတင်မြတ်စွန်းခဲ့သည်။

"သတင်းအချက်အလက်ကတ်က တကယ့်ကို လန်းတာပဲ!"

"ဒါက သာမန်ကတ်ပဲ ရှိသေးတာ၊ ရလဒ်က ယွမ်သန်း ၁၀၀ အထိပဲ ကန့်သတ်ထားတာလေ။ နောက်ပိုင်းမှာ ပိုပြီး အဆင့်မြင့်တဲ့ ကတ်တွေများရှိလာရင် ဘယ်လိုဖြစ်မလဲ"

သူ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

သူသည် စိတ်လှုပ်ရှားမှုကြောင့် ခေါင်းထဲတွင် ပေါ့ပါးနေကာ ယိုင်တိုင်တိုင်နှင့် အိမ်ပြန်လာခဲ့သည်။ အရင်ကတော့ ဤမျှ မြတ်မည်ကို သိထားသော်လည်း စိတ်လှုပ်ရှားမှုထက် ဆင်ခြင်တုံတရားကို ပိုဦးစားပေးနိုင်ခဲ့သည်။

ယခုမူ အပေးအယူ အောင်မြင်သွားပြီး လျော်ကြေးစာချုပ်ကို လက်မှတ်ထိုးလိုက်ရပြီဖြစ်ရာ စိတ်လှုပ်ရှားမှုမှာ အထွတ် အထိပ်သို့ ရောက်သွားတော့သည်။ မူးနေသလိုပင် ခံစားရပြီး ကိုယ့်ခန္ဓာကိုယ်ကိုပင် မထိန်းနိုင်တော့ပေ။

အိမ်ရောက်ရောက်ချင်း ကုတင်ပေါ် လှဲချလိုက်ကာ ချက် ချင်းပင် အိပ်ပျော်သွားတော့သည်။ ည ၁၀ နာရီကျော်မှ သူ ပြန်နိုးလာသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သတိပေးချက်တစ်ခုကို မြင်လိုက်ရသည်။

[စနစ်အကြောင်းကြားချက် - ရုပ်ရည် +၅ အကျိုးသက်ရောက်မှု စတင်ပါပြီ]

ဒါက...

သူ အမြန်ထပြီး ဘီရိုက မှန်ထဲတွင် မိမိကိုယ်ကိုယ် စစ်ဆေးကြည့်လိုက်သည်။

"တကယ်ကို ပြောင်းလဲသွားတာပဲ!"

သူ့မျက်နှာကျနှင့် မျက်နှာသွင်ပြင်များက ပိုပြီးပြေပြစ်လာကာ ဝက်ခြံအမာရွတ်အချို့လည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

"ဒါက ခွဲစိတ်ပြုပြင်လိုက်သလိုမျိုး သိသိသာသာကြီးပြောင်းသွားတာ မဟုတ်ဘဲ မူလရုပ်ရည်ပေါ်မှာပဲ ပိုပြီး တိုးတက်လာတာမျိုးပဲ"

ယခုဆိုလျှင် သူသည် ပိုပြီးချောမောလာသည့်အပြင် သူ၏ အရှိန်အဝါမှာလည်း ပိုပြီးအားကောင်းလာကာ သူရဲကောင်းဆန်သော အထက်တန်းလွှာပုံစံမျိုး ပေါက်နေသည်။

မှန်ကြည့်ပြီးနောက် သူကောက်ချက်ချလိုက်သည်မှာ

"စနစ်က သိပ်လည်း အစွမ်းထက်တာ မဟုတ်ဘူး၊ ငါ့ရဲ့ ရုပ်ခံကလည်း ချောလို့ကို "

စနစ်: ...

ခဏအကြာတွင် သူ့မိဘများ အိမ်ပြန်ရောက်လာကြသည်။

"သား... ဒီနေ့ အဆင်ပြေရဲ့လား"

သူ့အမေက ပင်ပန်းနေပြီး စိုးရိမ်နေဟန် ရှိသည်။

"အဆင်ပြေလား၊ မပြေလားဆိုတာ ကျွန်တော်ပြောနေတာထက် ဒီမှာ သဘောတူညီချက်စာချုပ်၊ အဖေတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ"

သူက စာရွက်စာတမ်းကို အဖေ့လက်ထဲ ထည့်ပေးလိုက်ပြီး ဂုဏ်ယူစွာ ထိုင်နေလိုက်သည်။

"မဆိုးဘူး သား! ငါ့သားမှာ ဒီလိုအရည်အချင်းရှိမှန်း မသိခဲ့ဘူး။ ငါကြားတာတော့ လူအများစုက ထောက်ပံ့ကြေး ယွမ်သောင်းဂဏန်းလောက်ပဲ ရကြတာ၊ သားကတော့ သန်းချီအောင် ရခဲ့တာပဲ"

ကျိုးကျန့်ခန်း ပြုံးရင်း စာချုပ်ကို ဘေးချလိုက်သည်။

"ငါသာ သွားညှိရင်တောင် ဒီလောက်ရမှာ မဟုတ်ဘူး၊ ဒီလောက် လျော်ကြေးရဖို့ဆိုတာ မလွယ်ဘူး"

" 'ဖြစ်နိုင်တယ်' ဆိုတာတွေ ပြောမနေနဲ့တော့၊ သားက အဖေ့ထက် တော်နေတာပဲလေ"

သူ့အမေကတော့ ပြုံးမဆုံး ဖြစ်နေသည်။

"ကဲပါ... အဖေ့ထက် တော်တယ်၊ အဖေ့ထက် တော်တယ်၊ အဲ့ဒါ ကောင်းတာပေါ့။ အခုတော့ ငါတို့တွေ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး၊ အလုပ်ကနေ စောစောနားလို့တောင် ရပြီ"

သူ့မိဘတွေဟာ ဆယ်စုနှစ်တစ်ခုကျော် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ကြပြီး အရင်က ဝယ်ထားတဲ့ အိမ်နှစ်လုံးနဲ့မှ လက်ရှိကြွယ်ဝမှုကို စုဆောင်းနိုင်ခဲ့ကြတာဖြစ်သည်။

သို့သော် သားဖြစ်သူကတော့ နှစ်ပတ်အတွင်းမှာတင် သူတို့တစ်သက်စာ ရှာဖွေမှုရဲ့ တစ်ဝက်ကျော်ကို အသာလေး ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ သေချာပေါက်ပင် သူတို့ ပျော်နေကြသည်။

"ငွေတွေ ရောက်လာပြီဆိုရင် အဖေတို့ဆီက ယူထားတဲ့ အရင်းတွေကို အရင်ပြန်ပေးမယ်၊ ဘဏ်တိုးတွေရောပေါ့။ အဖေတို့လည်း အကြွေးတွေကို အမြန်ဆုံး ပြန်ဆပ်လိုက်ပါ"

"ကျန်တဲ့ ငွေတွေကိုလည်း ကျွန်တော် အလဟဿ မဖြုန်းပါဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိပါတယ်"

ကျိုးထျန်းသည် ကျန်ရှိသောငွေအများစုကို အနာဂတ် ရင်းနှီးမြှုပ်နှံမှုများအတွက် အရင်းအနှီးအဖြစ် သိမ်းထားရန် စီစဉ်ထားသည်။

"ငါတို့ မစိုးရိမ်ပါဘူး။ မိဘတွေဆိုတာ သားသမီးအကြောင်း သိတာပဲ။ သားရဲ့ စိတ်ဓာတ်ကို ယုံကြည်လို့လည်း ငွေတွေကို လွှဲပေးခဲ့တာပေါ့"

ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ဖခင်ဖြစ်သူ၏ ယုံကြည်မှုနှင့် သတ္တိသာ မရှိခဲ့လျှင် သူသည် ဤမျှ မြင့်မားသော အကျိုးအမြတ်ကို ရရှိနိုင်မည် မဟုတ်ပေ။

သူတို့ သုံးယောက်သား ခဏမျှ စကားပြောဖြစ်ကြပြီး မနက်ဖြန်တွင် ထပ်မံ အောင်ပွဲခံရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အပြင်မှာ မစားဘဲ သူတို့၏ ဆိုင်လေးမှာပဲ စားကြမည် ဖြစ်သည်။

သူ့အခန်းထဲ ပြန်ရောက်သောအခါ အချိန်ကို ကြည့်လိုက်ရာ ၁၀ နာရီခွဲနီးပါး ရှိနေပြီဖြစ်သည်။ သူ ဖုန်းကို ယူလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော ဓာတ်ပုံတစ်ပုံကို WeChat Moments မှာ တင်လိုက်သည်။

ဤ Post ကို သူသည် ဆွေမျိုးများနှင့် လူကြီးမိဘများကို ကွယ်ထားပြီး မူလတန်းမှ အထက်တန်းအထိ ကျောင်းနေ ဖက် သူငယ်ချင်းများကိုသာ မြင်အောင် လုပ်ထားသည်။

ယခုအချိန်တွင် တင်ရခြင်းမှာ အားလုံး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးစဖြစ်ရာ အပျော်ဆုံးအချိန်ဖြစ်မည်ကို သူ သိနေသောကြောင့် ဖြစ်သည်။

သူ့ Post မှာ ရေးထားသည်မှာ: "တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးသွားပေမဲ့လည်း ကျွန်တော်တို့တွေ ဆက်ပြီး လေ့လာသင်ယူနေရဦးမှာပါပဲ"

ပုံကတော့ မနေ့ညက ရိုက်ထားခြင်း ဖြစ်သည်။ ပုံထဲတွင် သူသည် စားပွဲတွင် ထိုင်ကာ "ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့စိတ်ကို ဘယ်လို သိမ်းပိုက်မလဲ" ဆိုသည့် စာအုပ်ကို ကိုင်ထားသည်။

သူကိုယ်သူ လှောင်ပြောင်နေသလို ထင်ရသော်လည်း စားပွဲထောင့်တွင်မူ ပိုင်ဆိုင်မှုလက်မှတ် အထပ်လိုက်ကြီးရှိနေသည်!

သူ အေးအေးဆေးဆေးပင် တုံ့ပြန်မှုများကို စောင့်နေလိုက်သည်။

၁၅ စက္ကန့်အကြာတွင်...

"ဝမ်ရှောင်ထောင်ဆီမှ အချဉ်ဓာတ် +၉၉!"

"ကျောက်ထျန်းဆီမှ အချဉ်ဓာတ် +၉၉!"

"လျူထုန်တဆီမှ အချဉ်ဓာတ် +၉၉!"

"ကျန်းချွန်းယန်ဆီမှ အချဉ်ဓာတ် +၉၉!"

...

‘ဟားဟားဟား... လီမွန်သီးတွေ မှည့်နေပြီ၊ နောက်ထပ်တစ် သုတ် ထပ်ခူးလိုက်ဦးမယ်’

သူ သိသည်မှာ... သူနှင့် လျို့မုယန်တို့ မိသားစုဓာတ်ပုံကို တင်လိုက်ကတည်းက သူငယ်ချင်းတွေကြားမှာ အတင်းအဖျင်းတွေ ထွက်နေပြီဖြစ်သည်။

"ဘာတွေဖြစ်ဦးမလဲ" ဆိုသည့် စိတ်ဖြင့် သူငယ်ချင်းတွေက သူ့ WeChat Moments ကို အမြဲ စောင့်ကြည့်နေကြမည်မှာ သေချာသည်။

လီမွန်သီးခူးရန် အကောင်းဆုံး အခွင့်အရေးပင်။

လူတစ်ရာကျော်ဆီမှ အချဉ်ဓာတ် အမှတ်တစ်ထောင်ကျော်မှာ မိနစ်အနည်းငယ်အတွင်း ဆက်တိုက်တက်လာတော့ သည်။

နောက်ဆုံးတွင် လူပေါင်း ၄၃ ယောက်က ၉၉ အမှတ်စီ ပေးခဲ့ကြရာ သူ့ဝင်ငွေမှာ ၄၃ ဆ ဆပွားသွားတော့သည်။

၂.၀၂ သန်းအထိ ရောက်သွားသည်!

ဒါသည် သူ့လက်ကျန်ကို ၆ သန်းကျော်အထိဖြစ်သွားစေသည်။

‘အခုဆိုရင် အဖေနဲ့ အမေအတွက် လက်ဆောင်ဝယ်ပေးရုံတင်မကဘူး၊ နည်းနည်းလေး ထပ်စုလိုက်ရင် ငါ့အတွက်ပါ တစ်ခုခု ဝယ်လို့ရပြီ’

သူ့စိတ်ထဲတွင် လက်ဆောင်၏တန်ဖိုးကို တွက်ချက်လိုက်ရင်း...

‘အဖေ... သားက အဖေ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးရတော့မယ် ထင်တယ်’

All Chapters