အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
🍋 Chapter 19
Video Call ချလိုက်ပြီးနောက် သူ့ဘေးနားက လျို့မုယန်ကို သူ လှည့်ကြည့်လိုက်သည်။
"ကျိုးထျန်း... နင့်မိဘတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ နင်တို့ သုံးယောက်ရဲ့ ဆက်ဆံရေးက တကယ် အားကျဖို့ကောင်းတယ်နော်"
သူမသည် ခုနက ကျိုးမိသားစုဝင် သုံးယောက်၏ စကားပြောခန်းကို အမှတ်မထင် ကြားလိုက်ရခြင်း ဖြစ်သည်။
"ဩော်... ငါ့မိဘတွေက စိတ်ဝင်စားဖို့ကောင်းတယ် ဟုတ်လား။ ဒါဆိုရင် သူတို့နဲ့ သွားတွေ့ကြည့်မလား"
သူက အတန်းခေါင်းဆောင်မလေးကို ပြုံးပြီး စလိုက်သည်။
"ဟွန့်"
လျို့မုယန်က ဘာမှပြန်မဖြေဘဲ မျက်နှာကို တစ်ဖက်သို့ ချက်ချင်း လွှဲသွားတော့သည်။
သေချာပေါက်ပင် သူမသည် ကျိုးထျန်းပြောလိုသည့် အဓိပ္ပာယ်ကို နားလည်သည်။ အတည်တကျ တွဲနေကြသည့် စုံတွဲများမှသာ တစ်ဖက်မိဘများထံ သွားရောက်တွေ့ဆုံကြသည် မဟုတ်ပါလား။
"ကဲပါ... ငါ နင့်ကို မစတော့ပါဘူး။ အခု ညစာစားရမယ့် အချိန်ရောက်ပြီဆိုတော့ အရင်သွားစားပြီးမှ ကုန်တိုက်မှာ ဈေးဝယ်ကြတာပေါ့"
ဈေးဝယ်ဖို့ စီစဉ်ထားပြီးသား ဖြစ်သဖြင့် အခု ညစာ အရင်စားလိုက်ခြင်းက အကောင်းဆုံးပင်။
"ကောင်းပြီလေ"
"နင် ဘာစားချင်လဲ"
ကျိုးထျန်းက သူမ၏သဘောထားကို မေးလိုက်သည်။ ဒါသည် အခြေခံ ယဉ်ကျေးမှု ဖြစ်သော်လည်း သူမက "ဘာဖြစ်ဖြစ်ရပါတယ်" ဟု ပြောလာမည်ကို သူ အတော်လေး ကြောက်နေမိသည်။
အကယ်၍ သူမက "ဘာဖြစ်ဖြစ်" ဟု ပြောပြီးမှ တစ်ခုခုကို သဘောမကျဖြစ်နေလျှင် သို့မဟုတ် စားချင်တာ မဟုတ်နေလျှင် ထိုအဖြေက အဆိုးဆုံးပင်။
"ငါ ဟော့ပေါ့ စားချင်တယ်၊ နင် အစပ်စားနိုင်လား"
လျို့မုယန်က သူ့ကို စိတ်မပျက်စေဘဲ သူမ စားချင်တာကို တိုက်ရိုက်ပြောပြသည်။
"စားနိုင်တာပေါ့ စီချွမ်းစတိုင်လား၊ ပေကျင်းစတိုင်လား"
"စီချွမ်းစတိုင်... ငါ့မိဘတွေက အစပ်မစားတော့ ငါ တစ်ခါမှ ကောင်းကောင်း မစားဖူးဘူး"
"ကောင်းပြီ... သွားကြမယ်"
သူမ၏ မိဘများက ဒါမလုပ်ရ၊ ဟိုဟာမလုပ်ရနှင့် သူမ၏ ဘဝကို ကန့်သတ်ထားကြောင်း ပြောပြနေသည်ကို ကျိုးထျန်း ကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် ထူးဆန်းသော ပုံစံရှိသည့် ကုန်တိုက်ကြီးတစ်ခုသို့ ရောက်လာခဲ့သည်။ အဆောက်အဦ၏ ပုံစံမှာ ဘူးဖိနပ်ကြီးတစ်ဖက်နှင့် တူနေသဖြင့် အလွန် ထူးခြားလှသည်။
ဤကုန်တိုက်သည် ရှန်ဟိုင်းတွင်နာမည်ကြီးပြီး မကာအိုဘုရင်၏ စတုတ္ထမြောက် ဇနီးသည်ကပိုင်ဆိုင်ခြင်းဖြစ်သည်။
ဤကုန်တိုက်ကို ဇိမ်ခံပစ္စည်းများ ရောင်းချသည့် နေရာအဖြစ် သတ်မှတ်ထားသော်လည်း လူနေရပ်ကွက်ဖြစ်သော AN ခရိုင်တွင် တည်ရှိနေသဖြင့် အရောင်းအဝယ်မှာ အတော်လေး အေးစက်လှသည်။
ဖောက်သည်ဆွဲဆောင်ရန်အတွက် ပိတ်ရက်များတွင် ကားပါကင် အခမဲ့ပေးရသည့်အထိပင် ဖြစ်နေသည်။
လျို့မုယန်သည်လည်း ဤနေရာကို ကောင်းကောင်းသိသည်။ ကမ္ဘာကျော် ဇိမ်ခံတံဆိပ်များစွာ ရှိနေသဖြင့် ကျိုးထျန်းက သူမကို လက်ဆောင်ဝယ်ပေးမည်ဟု ပြောကာ ဤနေရာသို့ ခေါ်လာခြင်းက သူမကို အံ့ဩသွားစေသည်။
‘သူ ငါ့ကို ဒီကပစ္စည်းတွေ ဝယ်ပေးဖို့ စဉ်းစားနေတာလား’
ကျိုးထျန်းက သူမကို စီချွမ်းဟော့ပေါ့ဆိုင်တစ်ခုသို့ ခေါ်သွားသည်။
ထို့နောက် လူကြီးလူကောင်းဆန်စွာပင် အတန်းခေါင်းဆောင်မလေးကို စာရင်းမှာခိုင်းလိုက်သည်။
သူမ ဇဝေဇဝါဖြစ်နေသည်ကို ဘေးမှကြည့်ရင်း ကျိုးထျန်းက မီနူးကိုယူကာ အမြန်ခြစ်လိုက်တော့သည်။
"ဟင်းရည်ကို အစပ်ဆုံးပြောင်းမယ်၊ ပြီးတော့ အမဲအူကြမ်း၊ ငန်းအူ၊ ငါးခူ၊ ဝက်သားကြွပ်ကြော်၊ အမဲသားနှပ်၊ ဝက်အူနှပ်၊ အမဲသွေးကြောမကြီး၊ ကျောက်ကပ်ပြား..."
သူသည် လျို့မုယန် စားချင်မည့် အရာများကို အကဲခတ်ပြီး အများကြီး မှာလိုက်သည်။
သူမ၏ဘောပင်သည် စာရွက်ပေါ်က ဘယ်အစားအစာပေါ်မှာ အကြာကြီး ရှိနေသလဲဆိုသည်ကို ကြည့်ပြီး သူမ ဘာစားချင်မှန်း သူ သိနေခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ဝက်အူတို့၊ ကျောက်ကပ်တို့ဆိုလျှင် သူမအနေဖြင့် မှာဖို့ ရှက်နေမည်မှာ သေချာသည်။
"ငါက အစားကြီးတယ်လေ၊ အဲ့ဒါကြောင့် အများကြီး မှာ လိုက်တာ။ နင်ကတော့ တစ်ခုစီကို မြည်းကြည့်ရုံပဲ စားပေါ့"
"အင်း" လျို့မုယန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ခုနက Hazelnut ကော်ဖီလိုပဲ ကျိုးထျန်းက သူမ စားချင်တာတွေကို သိနေခြင်းက သူမကို ပိုပြီးသဘောကျသွားစေသည်။
သူတို့နှစ်ဦးသည် နှစ်နာရီကြာအောင် စားသောက်ရင်း စကား ပြောခဲ့ကြသည်။ ကျိုးထျန်းမှာမူ ဗိုက်အတော်လေး ကားသွားတော့သည်။
သူ့မိသားစုတွင် အစားအသောက် ဖြုန်းတီးခြင်းကို လုံးဝ ခွင့်မပြုသဖြင့် သူ အကုန်ကုန်အောင် စားလိုက်ခြင်းဖြစ်သည်။
လျို့မုယန်မှာ ဗိုက်ကို ကိုင်နေသော သူ့ကိုကြည့်ပြီး အားနာသလိုလို၊ ရယ်ချင်သလိုလို ဖြစ်နေသည်။
‘သူ ငါ့အတွက် အများကြီးမှာပေးပြီး သူကိုယ်တိုင်ပဲ ဗိုက်ကားအောင် စားလိုက်ရရှာတယ်’
ပိုက်ဆံရှင်းသည့်အခါ ကျိုးထျန်းကသာ ရှင်းလိုက်သည်။ ပြီးနောက် သူတို့နှစ်ဦး ပထမထပ်သို့ ဆင်းလာခဲ့ကြသည်။
"ဘယ်ဆိုင်ကနေ စကြည့်မလဲ"
ကျိုးထျန်းက မေးလိုက်သည်။
"ဒုတိယထပ်မှာ ZARA ရှိတယ်၊ အဲ့ဒီသွားရအောင်"
"နေဦး... အဲ့ဒီလို Fast-fashion တံဆိပ်တွေ မသွားပါနဲ့။ အဲ့ဒါတွေက ငါ့လို သူဌေးကြီးတစ်ယောက်ရဲ့ ဂုဏ်ဒြပ်နဲ့ မညီဘူး"
ကျိုးထျန်းက သူမကို LV ဆိုင်ထဲသို့ တိုက်ရိုက် ခေါ်သွားလိုက်သည်။
ပတ်ပတ်လည် ကြည့်ပြီးနောက် လျို့မုယန်သည် တံဆိပ်အကြီးကြီးတွေ ပါသော ပြောင်ပြောင်လက်လက် စတိုင်များကို သဘောမကျမှန်း သိလိုက်သဖြင့် ဘာမှမဝယ်ဘဲ ပြန်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုပ်ရည်လှပဖို့မှာ အရေးကြီးသည်ကို သူ ထပ်မံ သတိထားမိလိုက်သည်။ သူတို့က သာမန်အဝတ် အစားတွေပဲ ဝတ်ထားသော်လည်း ဆိုင်ဝန်ထမ်းများမှာ သူတို့ဆီကို အပြေးအလွှား လာရောက် ဝန်ဆောင်မှု ပေးကြသည်။
ကျိုးထျန်း ခဏစဉ်းစားပြီးနောက် ဘေးနားက Chanel ဆိုင်သို့ သူမကို ခေါ်သွားလိုက်သည်။
Chanel ၏စတိုင်မှာ ပိုပြီး ရိုးရှင်းသဖြင့် လျို့မုယန်၏ စရိုက်နှင့် ပိုကိုက်ညီသည်။
လျို့မုယန်၏မိသားစုမှာ ချမ်းသာသည်ဟု သိထားသော် လည်း ဆိုင်က ဈေးနှုန်းများကို မြင်သောအခါ သူမ မျက် မှောင်ကြုတ်သွားသည်။
"ကျိုးထျန်း... ဒီမှာက အရမ်းဈေးကြီးတယ်"
"ရပါတယ်... ဝယ်မှမဟုတ်ပါဘူး၊ ကြည့်ရုံကြည့်တာပဲလေ"
ဝင်ပေါက်က နာရီပိုစတာကို လျို့မုယန် သေချာကြည့်နေ သည်ကို သူ သတိထားမိလိုက်သဖြင့် နာရီကောင်တာသို့ ခေါ်သွားလိုက်သည်။
"မုယန်... ဒီအဖြူရောင်လေးကို ဘယ်လိုထင်လဲ"
"အရမ်းလှတယ်၊ ဒါပေမဲ့ ဈေးကြီးလွန်းတယ်"
"ဒါဆို ဒီအမည်းရောင်လေးကော" သူက အမျိုးသားဝတ် နာရီတစ်လုံးကို ညွှန်ပြလိုက်သည်။
"ဒါက အမျိုးသားဝတ်လေ၊ နင်နဲ့ဆိုရင် ကြည့်ကောင်းမှာပဲ"
"ဟဲဟဲ... ငါလည်း အဲ့လိုပဲ ထင်တယ်"
သူက အရောင်းဝန်ထမ်းကို လှမ်းခေါ်လိုက်သည်။
"ဒီနာရီ နှစ်လုံးကို တစ်ချက်လောက် စမ်းဝတ်ကြည့်လို့ ရမလား"
သူတို့နှစ်ဦးစလုံး နာရီများကို စမ်းဝတ်ကြည့်လိုက်ကြသည်။
လျို့မုယန်ကတော့ တကယ်ကို သဘောကျနေပုံရသည်။ ဒါသည် နာမည်ကျော် J12 Series ကြွေနာရီများ ဖြစ်သည်။
"လူကြီးမင်း... လူကြီးမင်းရဲ့ ရည်းစားလေးက ဒီနာရီနဲ့ အရမ်းလိုက်ဖက်တာပဲနော်"
အရောင်းဝန်ထမ်းက အခွင့်အရေးကို လက်မလွှတ်ဘဲ မြှောက်ပင့်ပြောဆိုလိုက်သည်။
"သူက ကျွန်တော့်ရည်းစား မဟုတ်ပါဘူး၊ အတန်းဖော်တွေပါ။ ဒါပေမဲ့ ခင်ဗျားရဲ့ စကားပြောသံလေးက အရမ်းနား ထောင်ကောင်းတာပဲ၊ ကျွန်တော် သဘောကျတယ်"
ကျိုးထျန်းက နောက်ပြောင်ပြောဆိုလိုက်သဖြင့် လျို့မုယန် မျက်နှာလေး နီမြန်းသွားသည်။
"ခင်ဗျားက ဒီလောက် စကားပြောကောင်းနေမှတော့ ကျွန်တော် မဝယ်ပေးရင် မကောင်းတော့ဘူးပေါ့။ ကဲ... ဘယ်တစ်ခု ယူရမလဲ ကြည့်ရအောင်"
ကျိုးထျန်းက ရွှေအနားကွပ်ထားသည့် အမည်းရောင် နာရီကို ရွေးလိုက်ရာ အရောင်းဝန်ထမ်းမှာ ပျော်သွားတော့သည်။
ထိုနာရီမှာ ရိုးရိုးမော်ဒယ်ထက် ၄ ဆ ပိုဈေးကြီးသောကြောင့် ဖြစ်သည်။
"မုယန်... ကြည့်စမ်း၊ ငါ့လို 'သူဌေးကြီး' စတိုင်နဲ့ လိုက်ဖို့ဆိုရင် ရွှေရောင်လေး နည်းနည်းတော့ ပါမှဖြစ်မှာပေါ့ မဟုတ်ဘူးလား"
ကျိုးထျန်း၏စနောက်မှုကို လျို့မုယန်က ရယ်မောလိုက်သည်။
"အင်း... နင်နဲ့ အရမ်းလိုက်ပါတယ်"
"ကောင်းပြီ... နင်က လိုက်တယ်ဆိုမှတော့ ဒါပဲ ယူမယ်။ ထုပ်ပေးလိုက်ပါ"
ယွမ် ၁၇၀,၀၀၀ နီးပါး တန်ဖိုးရှိသော နာရီကို မျက်တောင်မခတ်ဘဲ ဝယ်လိုက်သဖြင့် အရောင်းဝန်ထမ်းမှာ ပါးစပ်မစိနိုင်အောင် ပြုံးနေတော့သည်။
[ဒင်!]
[စနစ်တာဝန်: အချိန်ကန့်သတ်ချက်ရှိသော အချဉ်ဓာတ် တာဝန်]
[တာဝန်ဆုလာဘ်: ဇာတ်ကောင် သတင်းအချက်အလက်ကတ်]
[တာဝန်လမ်းညွှန်: ကျေးဇူးပြု၍ ၁၂ နာရီအတွင်း အချဉ် ဓာတ် ၈ သန်းကျော် ရရှိအောင် လုပ်ဆောင်ပါ]
[မှတ်ချက်: လျို့မုယန်သည် Host နှင့် ယာယီ အချဉ်ဓာတ် အဆက်အသွယ် ပြုလုပ်ထားပြီး ဖြစ်သည်။ လျို့မုယန်ကြောင့် ရရှိလာသော အချဉ်ဓာတ်အားလုံးကို Host မှ ဆက်ခံရရှိမည် ဖြစ်သည်]
ကျိုးထျန်း ဤသတိပေးချက်ကို ကြည့်ပြီး စဉ်းစားလိုက်သည်။
‘ဘာလို့ ရုတ်တရက် တာဝန်တစ်ခုပေါ်လာတာလဲ’
‘ဆုလာဘ်က 'ဇာတ်ကောင် သတင်းအချက်အလက်ကတ်' တဲ့လား။ ဒါမျိုးက ပထမဆုံး မြင်ဖူးတာပဲ’
‘ဒါပေမဲ့ စနစ်က လျို့မုယန်ရဲ့ အချဉ်ဓာတ်ကို ငါနဲ့ ချိတ်ဆက်ထားတယ်ဆိုရင်တော့... တခြားသူတွေ သူမအပေါ် မနာလိုဖြစ်လာအောင် ငါ နည်းလမ်းရှာရတော့မယ်’
‘အချဉ်ဓာတ် ၈ သန်းဆိုတာ အချိန်ကလည်း နည်းတယ်၊ တာဝန်ကလည်း အတော်လေးကြီးပါလား!’
🍋 Chapter 20
အရင်တစ်ခါ ပိုင်ဆိုင်မှုလက်မှတ်ကို ထုတ်ကြွားတုန်းမှာလည်း သူ ယွမ် ၂ သန်းကျော်တန်သော မနာလိုမှုများကို ရရှိခဲ့သည်။
သို့သော် ထိုကဲ့သို့သော လှုံ့ဆော်မှုမျိုးကို နေ့တိုင်း ခံစားရနိုင်သည်တော့ မဟုတ်ပေ။
အိမ်ခြံမြေ ပိုင်ဆိုင်မှုလက်မှတ်ကို ထပ်ပြနေလည်း အပိုပင်၊ လူတွေက အဲ့ဒါကို ယဉ်ပါးသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် သူ တခြားတစ်မျိုး ပြောင်းလဲလုပ်ဆောင်ရမည်။
ထိုအချိန်တွင် နာရီတစ်လုံးက သူ့မျက်စိထဲသို့ ဝင်လာသည်။
“ဒီနာရီကို ကျွန်တော် စမ်းဝတ်ကြည့်လို့ ရမလား”
“စိတ်မရှိပါနဲ့ လူကြီးမင်း၊ ဒီနာရီက စမ်းဝတ်ဖို့အတွက် ကြိုတင်ဘိုကင်ထားဖို့ လိုအပ်ပါတယ်။ ဒါက တစ်ကမ္ဘာလုံးမှာ အလုံး ၅၀ ပဲရှိတဲ့ Limited Edition ပါ၊ ရှန်ဟိုင်းမှာဆိုရင် ကျွန်မတို့ဆိုင်မှာပဲ တစ်လုံးတည်း ရှိတာပါ”
“ပြီးတော့ ဒီနာရီကို ဝယ်ဖို့ဆိုရင် ကျွန်မတို့ရဲ့ VIP အဆင့် ရှိဖို့လည်း လိုအပ်ပါတယ်”
အရောင်းဝန်ထမ်းက အားနာစွာ ပြောလိုက်သည်။
“ဒါဆို အမည်းရောင်နာရီအတွက် အရင် ငွေရှင်းလိုက်မယ်။ ကျွန်တော် VIP ဖြစ်အောင် ခင်ဗျား ကူညီပေးနိုင်မလား”
အရောင်းဝန်ထမ်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ “ရပါတယ်ရှင်၊ လူကြီးမင်းက ကျွန်မတို့ရဲ့ VIP ဖောက်သည် ဖြစ်သွားပါပြီ။ ထုတ်ကုန်အားလုံးကို စမ်းဝတ်နိုင်ပြီး Limited Edition တွေကိုလည်း ဦးစားပေး ဝယ်ယူခွင့် ရရှိမှာပါ”
“ဒါဆိုရင်တော့ ပြီးတာပဲ၊ ကတ်ဆွဲလိုက်တော့မယ်”
မြန်ဆန်လှသော ငွေပေးချေမှုကြောင့် တခြားသော အရောင်းဝန်ထမ်းများက မနာလိုစွာ ကြည့်နေကြသည်။
ဤကဲ့သို့သော အရည်အသွေးမြင့် ဖောက်သည်မျိုးက တွေ့ရခဲသည် မဟုတ်ပါလား။
[ဝူဟွမ်းဆီမှ အချဉ်ဓာတ် +၆၆!]
[ကျန်းမေလန်ဆီမှ အချဉ်ဓာတ် +၄၃!]
...
‘ပုံမှန်ပါပဲ၊ သူတို့တွေ ချဉ်နေကြတာ မဆန်းဘူး’
ချမ်းသာတဲ့သူ အတော်များများက ပစ္စည်းတစ်ခုဝယ်ဖို့ အကြိမ်ကြိမ် စဉ်းစားတတ်ကြသည်။ တစ်နှစ်ကို သန်းချီရှာနိုင်တဲ့သူတွေတောင် ယွမ်သောင်းဂဏန်းတန်သော နာရီများကို မဝယ်ရဲကြပေ။
ဘီလီယံနာတွေလောက်မှသာ မျက်တောင်မခတ်ဘဲ ဝယ်နိုင်ကြခြင်း ဖြစ်သည်။ သို့သော် ကျိုးထျန်းကတော့ မတူပေ၊ သူ ငွေရှာသည့်နှုန်းမှာ ဘီလီယံနာတစ်ယောက်ထက် မလျော့ပေ။
အရောင်းဝန်ထမ်းက မှန်ဗီဒိုထဲမှ နာရီကို ထုတ်ယူကာ လျို့မုယန်ကို ပေးလိုက်သည်။ ထိုနာရီ၏ ဒိုင်ခွက်နှင့် အနားကွပ်တွင် စိန်များ စီခြယ်ထားသည်။
ဒိုင်ခွက်၏ အောက်ခြေတွင်လည်း စိန်များဖြင့် ပြုလုပ်ထားသော ကြယ်တစ်လုံး ရှိနေသည်။ ဒိုင်ခွက်၏ အပြင်ဘက် အနားကွပ်မှာ ထူးခြားသော ရွှေရောင်ဖြစ်ပြီး အဖြူရောင် ကြိုးနှင့် အလွန်လိုက်ဖက်လှသည်။
လျို့မုယန်သည် ကျိုးထျန်းကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ပြီး ဝတ်ကြည့်ဖို့ပင် မဝံ့မရဲ ဖြစ်နေသည်။
နာရီတွင် ဈေးနှုန်းမကပ်ထားသော်လည်း ဤနာရီသည် အလွန်တန်ဖိုးကြီးကြောင်း၊ အမည်းရောင်နာရီထက် ပိုဈေးကြီးမည်ဖြစ်ကြောင်း သူမ ခံစားမိနေသည်။
“ရပါတယ်... စမ်းဝတ်ကြည့်လိုက်ပါ။ နင်နဲ့ဆို အရမ်းလိုက်မှာပဲ”
သူက လျို့မုယန်၏ လက်ကို ဆွဲယူကာ အရောင်းဝန်ထမ်းကို ဝတ်ပေးရန် ပြောလိုက်သည်။
သွယ်လျသော လက်မောင်းလေးပေါ်တွင် ဖြူစင်သော ကြွေနာရီလေး ရှိနေသည်မှာ လှပပြီးသားဖြစ်သော လျို့မုယန်ကို ကျော့ရှင်းသည့် မင်းသမီးလေးတစ်ပါးနှင့် တူသွားစေသည်။
“ကြည့်လို့ကောင်းရဲ့လား”
“အင်း... အရမ်းလှတယ်၊ ဒါပေမဲ့ အရမ်းဈေးကြီးလွန်းတယ်”
အရောင်းဝန်ထမ်းက ချက်ချင်း ဝင်ပြောလိုက်သည်။
“မမလေးရှင့်... ဒီနာရီက အရမ်းလူကြိုက်များတာပါ။ ဒီနေ့မှ ရောက်တာဖြစ်ပြီး အရင်က ကြိုမှာထားတဲ့ ဖောက်သည်က ဝေခွဲမရဖြစ်နေလို့ အခုအထိ ကျန်နေတာပါ”
လျို့မုယန်သည် ထိုနာရီပေါ်မှ အကြည့်ကို အားမလိုအားမရဖြင့် လွှဲလိုက်ရသည်။ သူမ နာရီကို ချွတ်ပြီး အရောင်းဝန်ထမ်းထံ ပြန်ပေးလိုက်သည်။
ကျိုးထျန်းက သူမ၏ အကြည့်ကို မြင်လိုက်ပြီး ပြုံးလိုက်မိသည်။
“ကောင်းပြီလေ... ငါ့အတွက် ပိုက်ဆံချွေတာပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒီတစ်ခုက မရဘူးဆိုရင်တောင် တစ်ခြားသာမန်တစ်ခုကိုတော့ နင် ငြင်းလို့မရဘူး မဟုတ်လား”
“အဲ့ဒါလည်း ဈေးကြီးတယ်”
“ငါ့အတွက်တော့ ဈေးမကြီးပါဘူး။ ငါတို့ဘဝမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဘယ်နှစ်ခါ ဖြေရမှာမို့လို့လဲ။ နှစ်ယောက်လုံး ရည်မှန်းချက်အောင်မြင်သွားပြီဆိုတော့ ဂုဏ်ပြုဖို့ ငွေနည်းနည်းသုံးတာက ကိစ္စမရှိပါဘူး”
ကျိုးထျန်းသည် လျို့မုယန် ငြင်းချိန်မပေးဘဲ အရောင်းဝန်ထမ်းကို ပစ္စည်းထုပ်ခိုင်းလိုက်သည်။
လျို့မုယန် ခေါင်းခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ကျိုးထျန်း၏ အတွေးကို သူမ ဘယ်လိုလုပ် နားမလည်ဘဲ နေပါမည်နည်း။
ယောင်္ကျားလေးတစ်ယောက်က ဤမျှ တန်ဖိုးကြီးသော လက်ဆောင်ကို ပေးရခြင်း၏ နောက်ကွယ်က အဓိပ္ပာယ်ကို သူမ ကောင်းကောင်း သိရှိနေသည်။
သူတို့နှစ်ဦး ဆိုင်ထဲမှ ထွက်လာသောအခါ လျို့မုယန်က သူ့ကို ပြောလိုက်သည်...
“ဒီနာရီက တန်ဖိုးကြီးလွန်းနေပြီ၊ နောက်ထပ် ဘာမှ ဝယ်မပေးရတော့ဘူးနော်”
ကျိုးထျန်း လက်နှစ်ဖက်ကို မြှောက်ကာ အရှုံးပေးသည့်ဟန် ပြလိုက်သည်။
“ကောင်းပါပြီ... နင်ပြောသမျှ အကုန်နားထောင်ပါ့မယ်”
“ကဲ... မိုးချုပ်နေပြီဆိုတော့ ငါ အိမ်ပြန်မှ ဖြစ်တော့မယ်၊ မဟုတ်ရင် ငါ့မိဘတွေ စိတ်ပူနေလိမ့်မယ်”
“ကောင်းပြီ... ငါ လိုက်ပို့ပေးမယ်”
“မလိုပါဘူး၊ ငါ့ဘာသာ တက္ကစီစီးပြန်လိုက်မယ်”
“လုံးဝ မဖြစ်ဘူး။ အွန်လိုင်းက သတင်းတွေ မတွေ့ဘူးလား။ နင် အန္တရာယ်ဖြစ်မှာကို ငါ ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ”
အွန်လိုင်းပေါ်က တက္ကစီလူသတ်မှု သတင်းများကြောင့် လူအတော်များများမှာ တက္ကစီစီးရန် ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
“ဟွန့်!”
ကျိုးထျန်း ရယ်လိုက်မိသည်။ လျို့မုယန်၏ အလေ့အကျင့်ကို သူ အခု သိသွားပြီ။
သူမသည် ငြင်းရမလို၊ လက်ခံရမလို ဖြစ်နေချိန်တွင် လက်ခံမည့်ဘက်ကို ပိုနီးစပ်သွားလျှင် “ဟွန့်” ဟုသာ တုံ့ပြန်တတ်သည်။
“ဒါပေမဲ့ ခဏလေး စောင့်ဦးနော်၊ ငါ့ဘဏ်ကတ် ဆိုင်မှာ ကျန်ခဲ့တယ် ထင်တယ်၊ သွားယူလိုက်ဦးမယ်”
မိနစ်အနည်းငယ် ကြာပြီးနောက် ကျိုးထျန်း ပြန်ထွက်လာပြီး သူတို့နှစ်ဦး အောက်ထပ်ဆင်းကာ တက္ကစီတစ်စီး ငှားလိုက်ကြသည်။
ကားပေါ်ရောက်သောအခါ သူသည် အမည်းရောင်နာရီကို ချက်ချင်းဝတ်လိုက်ပြီး ဟိုဟိုဒီဒီ လှည့်ကြည့်နေသည်။
“မုယန်... နင်လည်း ဝတ်လိုက်လေ။ အမည်းနဲ့ အဖြူ အတူတူဆို ကြည့်လို့ အရမ်းကောင်းမှာ။ ငါတို့ ဓာတ်ပုံရိုက်ရအောင်”
“နင် WeChat Moments မှာ ထပ်တင်ချင်လို့ မဟုတ်လား” လျို့မုယန်က သူ့ကို အကဲခတ်မိသည်။
“မုယန်က ငါ့အကြောင်းကို ကောင်းကောင်း သိနေတာပဲ” ကျိုးထျန်း ပြုံးလိုက်သည်။
လျို့မုယန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ဈေးဝယ်အိတ်ထဲမှ နာရီကို ထုတ်ယူလိုက်သည်။ သူမ အနည်းငယ် ဝေခွဲမရ ဖြစ်နေသော်လည်း သူ့ကိုတော့ ကူညီပေးခဲ့သည်။
“ခဏလေး... ဒါလေးကို ဝတ်ပါ”
သူက ဈေးဝယ်အိတ်ထဲမှ အလွန်လှပသော လက်ဆောင်ဗူးလေးကို ထုတ်ပေးလိုက်သည်။
ဗူးကို ဖွင့်လိုက်သောအခါ အတွင်းတွင် ခုနက Limited Edition နာရီ ရှိနေသည်။
“နင်... နင် ငါ့ကို လိမ်လိုက်တာပဲ”
ဘဏ်ကတ် ကျန်ခဲ့သည်ဟု ဆိုကာ ဆိုင်သို့ ပြန်သွားခြင်းမှာ အမှန်တော့ ဤနာရီကို ဝယ်ယူရန် ဖြစ်ကြောင်း လျို့မုယန် ချက်ချင်း သိလိုက်သည်။
“အင်း... လိမ်လိုက်တာပဲ။ အခွင့်အရေးရရင် ထပ်လိမ်ဦးမှာ” ကျိုးထျန်းက သူမ၏ လက်ကို ဆွဲယူကာ နာရီကို ဝတ်ပေးလိုက်သည်။
“ဒါက ဈေးကြီးလွန်းတယ်၊ ငါ မယူနိုင်ဘူး။ အခုပဲ ပြန်သွားအပ်ရအောင်”
“မရဘူး... Limited Edition တွေက ပြန်အပ်လို့ မရဘူး။ ပြီးတော့ ဒါက နင့်ကို ပေးတာ မဟုတ်ဘူး၊ နင့်ဆီမှာ ခဏ အပ်ထားတာ” ကျိုးထျန်းက နောက်ပြောင်ပြောဆိုလိုက်သည်။
“ဒါဆိုလည်း မယူနိုင်ဘူး၊ နင်ပဲ အိမ်ပြန်ယူသွား” ဟု ပြောရင်း သူမ နာရီကို ချွတ်ရန် ပြင်လိုက်သည်။
“အို... မလုပ်ပါနဲ့! ငါပြောပြီးပြီလေ၊ ဒါက သိမ်းပေးထားဖို့ပဲလို့။ ဒါက ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုပဲ။ ဒီလို Limited Edition နာရီတွေက တန်ဖိုးတက်တတ်တယ်လေ၊ မဝယ်လိုက်ရရင် နှမြောစရာကြီး။
နောက်ပြီး ဒီနာရီနဲ့ ထိုက်တန်တာ တစ်ကမ္ဘာလုံးမှာ နင်တစ်ယောက်ပဲ ရှိတယ်လို့ ငါထင်တယ်”
“ဟွန့်!”
ကျိုးထျန်း ပြုံးလိုက်မိသည်။
‘လာပြန်ပြီ ထိုအသံလေး...’
“ပြီးတော့ ငါက ဒီအတိုင်း ပေးထားတာ မဟုတ်ဘူး။ နင် ငါ့အတွက် တစ်ခုခု လုပ်ပေးရဦးမယ်”
လျို့မုယန် မျက်မှောင်ကြုတ်သွားသည်။ သူ လက်ခံနိုင်စရာ မရှိသော တစ်ခုခုကို ပြောလာမည်လားဟု သူမ စိုးရိမ်သွားခြင်း ဖြစ်သည်။
“အိမ်ရောက်ရင် ဒီနာရီပုံကို နင့်ရဲ့ WeChat Moments မှာ တင်ပေးပါ။ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ အကုန်မြင်ရအောင် တင်နော်။ အဆင်မပြေဘူး ထင်ရင်တော့ ဆွေမျိုးတွေကိုပဲ ဖျောက်ထားလိုက်”
ကျိုးထျန်းက အလေးအနက် ပြောလိုက်သည်။ ဒါသည် တာဝန်အောင်မြင်ဖို့အတွက် အလွန် အရေးကြီးသောကြောင့် ဖြစ်သည်။
လျို့မုယန် မှင်သက်သွားသည်။ သူက WeChat Moments ကို ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲ
“ဒါပဲလား”
“ဒါပဲလေ... နင်က ဘာများ ထင်နေလို့လဲ”
လျို့မုယန် ထပ်ပြီး မျက်နှာနီသွားပြန်သည်။ သူမ ပိုတွေးမိသွားခြင်း ဖြစ်သည်။
“ဒါဆို... သာမန် နာရီကိုကော ပြန်အပ်လို့ ရမလား”
သူမက နာရီကို မယူတော့ဘူးဟု မပြောတော့သဖြင့် ကျိုးထျန်း ပိုပြီး ယုံကြည်မှု ရှိသွားသည်။
“ဒီတစ်ခုကိုလည်း ထားလိုက်ပါတော့။ အပြင်သွားရင် ဟိုတိုက်ဒီတိုက် ဖြစ်တတ်တယ်လေ၊ ဒီတစ်ခု ဝတ်ထားရင်တော့ နင် နှမြောမှာ မဟုတ်ဘူးပေါ့”
လျို့မုယန် ထပ်ပြီး အံ့ဩသွားရသည်။ ယွမ် ၅၀,၀၀၀ တန် နာရီကို ဝတ်ထားပြီး တိုက်မိရင် မနှမြောရဘူးတဲ့လား။
သို့သော်လည်း လက်ရှိ တစ်လုံးနှင့် ယှဉ်လိုက်လျှင် ၎င်းမှာ ဘာမှ မဟုတ်တော့ပေ။
“ကောင်းပြီလေ... ဒါပေမဲ့ နင် အမှန်အတိုင်း ပြောပြပါ၊ အဲ့ဒီ Limited Edition က ဘယ်လောက် ပေးလိုက်ရတာလဲ”
လျို့မုယန်သည် ထိုနာရီကို တကယ် သဘောကျမိသည်။ မြင်မြင်ချင်း ချစ်မိသွားခြင်း ဖြစ်သည်။
“အဆင်ပြေပါတယ်... အပိုကြေးတွေ အကုန်ပေါင်းလိုက်ရင်တောင် ယွမ် ၁.၃ သန်း မပြည့်ပါဘူး”
[ကျန်းပေါင်ဂန်ဆီမှ အချဉ်ဓာတ် +၉၉!]
ကျိုးထျန်း ကားဆရာကို လှည့်ကြည့်လိုက်မိသည်။
‘ဒါက တက္ကစီဆရာလား။ ခင်ဗျား နားကြပ်တပ်ထားတာတောင် ကျွန်တော်တို့ စကားကို ခိုးနားထောင်နေတာပဲ။ ခင်ဗျားရဲ့ အချဉ်ဓာတ်တွေက ကားမောင်းတာကို သွားထိခိုက်နေဦးမယ်’
လျို့မုယန် မျက်လုံး အပြူးသား ဖြစ်သွားသည်။
ယွမ် ၃ သိန်း သို့မဟုတ် ၄ သိန်းလောက်ပဲ ရှိမည်ဟု သူမ ထင်ထားခဲ့သော်လည်း ယွမ် ၁.၃ သန်း ဆိုသည်မှာ သူမ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲတွင် နွေးထွေးချိုမြိန်သော ခံစားချက်တစ်ခု ပေါ်လာသည်။
“သူ ငါ့အတွက် ၁.၃ သန်းတောင် သုံးခဲ့တာပဲ!”
လျို့မုယန် ရင်ခုန်သံတွေ မြန်လာသည်။ သူမ၏ မိသားစုမှာ ချမ်းသာသည်ဆိုသော်လည်း ဤမျှ တန်ဖိုးကြီးသော နာရီကိုတော့ ဝယ်ပေးနိုင်မည် မဟုတ်ပေ။
သူမ ငေးနေသည်ကို မြင်သောအခါ ကျိုးထျန်းက သူမ၏ နှာခေါင်းလေးကို လှမ်းတို့လိုက်သည်။
“လူကောင်းလေးက ဘာဖြစ်လို့ ဒီလောက် ငေးနေရတာလဲ”
ကားပေါ်က ဆင်းလိုက်ချိန်မှသာ လျို့မုယန် သတိပြန်ဝင်လာသည်။
ကျိုးထျန်း ထွက်သွားသည်ကို ကြည့်နေရင်း သူမ ဓာတ်လှေကားစီးကာ အပေါ်သို့ တက်လာခဲ့သည်။
သူမ လက်ကောက်ဝတ်ရှိ အဖြူရောင် နာရီလေးကို ကြည့်ရင်း ချိုသာစွာ ပြုံးလိုက်မိသည်။
‘သူနဲ့အတူ Happy Valley သွားဖို့ကို တကယ် မျှော်လင့်နေမိပြီ’
ထို့နောက် သူမ ခေါင်းကို အမြန်ခါလိုက်သည်။
‘လျို့မုယန်... နင် ရူးမနေနဲ့၊ သူက ဒါကို ခဏပဲ အပ်ထားတာလေ၊ ခဏပဲ အပ်ထားတာ!’
သို့သော် သူမကိုယ်တိုင်ပင် ထိုစကားကို မယုံကြည်ပေ။
ဈေးဝယ်အိတ်တွေကို သယ်ရင်း အိမ်ထဲသို့ ဝင်လာရာ ဧည့်ခန်းတွင် တီဗွီကြည့်နေသော မိဘများကို တွေ့လိုက်ရသည်။
“သမီး... ပြန်လာပြီလား။ ဩော်... ဘာတွေ သယ်လာတာလဲ”
မိခင်ဖြစ်သူက အနားသို့ လာကာ ဈေးဝယ်အိတ်တွေကို အရင် သတိထားမိလိုက်သည်။
“Chanel မှာ သွားဝယ်လာတာလား။ သမီး မုန့်ဖိုးတွေ ဘယ်လောက်တောင် စုထားလို့လဲ”
မိခင်ဖြစ်သူက အိတ်ထဲမှ နာရီဗူးကို ထုတ်ယူကာ ဖွင့်ကြည့်လိုက်သည်။
“ဒါကို ဘယ်သူ ပေးတာလဲ၊ အို... လောင်လျို့... ဒီကို မြန်မြန်လာကြည့်ပါဦး”