← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

🌻 Chapter 65

ဝူကော်ကော်ကမူ သူမပြစ်ဒဏ်မှာ ပေါ့ပါးသည်ဟု မခံစားရချေ။ ဆန့်ကျင်ဘက်အနေဖြင့် အစေခံတစ်ယောက်ရှေ့တွင် ဒူးထောက်ရမည်ကို အလွန်တရာ မကျေမနပ်ဖြစ်ကာ သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ခံစားရလေသည်။

သူမ စိတ်ထဲတွင် တွေး‌နေသည်။

ငါ သူမကို ရိုက်နှက်လိုက်တာကမှ ပိုကောင်းဦးမယ်၊ ပညာ တတ်တစ်ယောက်က သေချင်သေပါစေ အရှက်ခွဲမခံနိုင်ဘူး...

ထိုအချိန်တွင် သမားတော်သည် ဆေးသေတ္တာနှင့်အတူ ရောက်ရှိလာပြီး ယင်ကျန်းကို ရိုးရိုးရှင်းရှင်း အရိုအသေပေးကာ သွေးခုန်နှုန်း စမ်းသပ်ခြင်းကို စတင်လေသည်။

"အရှင်မင်းသားကို လျှောက်တင်ပါရစေ၊ ကျောဘက်က ဒဏ်ရာက ပြင်ပလိမ်းဆေးရော၊ အတွင်းသောက်ဆေးပါ လိုအပ်ပါတယ်၊ ကျွန်တော်မျိုး ဆေးညွှန်း ရေးပေးနိုင်ပါတယ်၊ ဒါပေမဲ့ သူမ ကျောဘက်က မီးလောင်ဒဏ်ရာတွေကတော့ နှစ်တွေအကြာကြီး ဖြစ်နေပြီဆိုတော့ အမာရွတ်တွေ ဖြစ်နေပါပြီ၊ အဲဒါကို ကုသဖို့ကတော့ ကျွန်တော်မျိုး တကယ်ကို စွမ်းဆောင်နိုင်စွမ်း မရှိပါဘူး"

ယင်ကျန်း ကိုယ်တိုင် သူမကို သွေးခုန်နှုန်း စမ်းသပ်ရန် စောင့်ဆိုင်းနေသည်ကို မြင်ရပြီး ချွင်းလင်း၏အလှအပကိုလည်း ထည့်သွင်းစဉ်းစားကာ သမားတော်က သူမသည် ယင်ကျန်း သဘောကျနေသော မိန်းမသစ်တစ်ယောက်ဟု ယူဆကာ အဟောင်းဖြစ်နေသော အမာရွတ်များအကြောင်းကိုပါ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကျောဘက်က မီးလောင်ဒဏ်ရာများ ဟုတ်လား...

ယင်ကျန်း၏မျက်ခုံးများ ရုတ်တရက် လှုပ်ခတ်သွားသည်။ သူသည် အဝတ်ဖြူကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ရပ်နေမိတော့သည်။

ဒါဆို သူမပေါ့...

သူမက ကလေးဘဝကတည်းက လူတွေကို မီးနဲ့ရေဘေးကနေ ကယ်တင်နိုင်ခဲ့တဲ့ ကောင်မလေး၊ သူမ ဘယ်လိုလုပ် မနာလိုစိတ်ရှိတဲ့ လူတစ်ယောက်ရဲ့ ကြာပွတ်နဲ့ ရိုက်နှက်တာခံရတာလဲ...

ယင်ကျန်း၏ နက်မှောင်သော မျက်လုံးများက ဝူကော်ကော်အား ကြည့်လိုက်ရာ လှောင်ပြောင်မူများရောယှက်နေသဘ်။

လွန်ခဲ့သော ခုနစ်နှစ်က သူ အသက်ဆယ့်ကိုးနှစ်အရွယ်တွင် အဖွားဖြစ်သူ ရှောင်ကျွမ်ဝမ်မှာ ဧကရာဇ်မယ်တော်ကြီးအား ပူဇော်ပသရန်အတွက် ဇွန်ဟွာသို့ သွားရောက်ရန် အမိန့်ပေးခံခဲ့ရသည်။

ဤပူဇော်ပသခြင်း အခမ်းအနားသည် သူ တစ်ယောက်တည်း ဤမျှ ကြီးမားလှသော တာဝန်ကို ပထမဆုံးအကြိမ် ထမ်းဆောင်ရခြင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဧကရာဇ်မင်းကြီးနှင့် အစ်ကိုသုံးယောက်စလုံးမှာ ရှေ့တန်းစစ်မျက်နှာပြင်တွင် ဂါလ်ဒန်ကို တိုက်ခိုက်နေကြချိန် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့မှာ ပိုင်လျန်ဂိုဏ်းနောက်လိုက်များ၏ ထိုးဖောက် ဝင်ရောက်ထိန်းချုပ်ခြင်းကို ခံရသည်။

ပိုင်လျန်ဂိုဏ်းသားများ လိုက်လံဖမ်းဆီးမှုကြောင့် ယင်ကျန်းသည် ဆကိုယ်ရံတော်များ၏အသက်စွန့် ကာကွယ်မှုအောက်တွင် ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းတစ်ခုအတွင်းသို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး အတွင်းဘက် ဟောင်းလောင်းပေါက်ဖြစ်နေသော ဘုရားဆင်းတုတော်တစ်ဆူအတွင်း ပုန်းအောင်းနေခဲ့ရသည်။

ယင်ကျန်းကို ရှာမတွေ့သောအခါ ပိုင်လျန်ဂိုဏ်းသားများ သည် ဘုရားကျောင်းကိုမီးရှို့ပစ်ကြသည်။

မီးလောင်သေဆုံးခြင်းနှင့် မီးခိုးမွန်းကျပ်ကာ သေဆုံးခြင်းဖြင့်သာ သူအဆုံးသတ်တော့မည်ဟု တွေးလိုက်မိသည်။

ရုတ်တရက် ကောင်းကင်ယံတွင် တိမ်မည်းများ အုံ့ဆိုင်းလာကာ မိုးသည်းထန်စွာ ရွာသွန်းလာပြီး တောက်လောင်နေသော မီးတောက်များကို ငြိမ်းသတ်ပေးသည်။

ဒဏ်ရာရရှိထားပြီး မီးခိုးများလည်း မွန်းကျပ်နေသဖြင့် ယင်ကျန်းမှာ အသက်ရှူရ ကြပ်လာကာ ခန္ဓာကိုယ်မှာလည်း အလွန်တရာ အားနည်း နွမ်းနယ်နေလေသည်။ ဘုရားဆင်းတုတော်အတွင်းမှ ထွက်လာပြီးနောက် သူသည် ခြေလှမ်းအနည်းငယ်မျှ ယိုင်တိုင်တိုင် လျှောက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူ မျက်လုံးများကို ဖွင့်ရန် ကြိုးစားကာ ထနိုင်ရန် ရုန်းကန်နေသော်လည်း လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ပေ။ ထိုအချိန်တွင် ဘုရားကျောင်းအပြင်ဘက်မှ ခြေသံခပ်သဲ့သဲ့တစ်သံ ထွက်ပေါ်လာလေသည်။

ပိုင်လျန်ဂိုဏ်းသားတွေ ပြန်လာတာများလား၊ ဒီနေ့တော့ ငါ့အသက် ဒီမှာပဲ အဆုံးသတ်ရတော့မှာပဲ...

ယင်ကျန်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားသော်လည်း အံ့ဩစရာကောင်းစွာပင် အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦး တံခါးပေါက်မှ ဝင်လာသည်ကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးမှာ ပိန်လှီပြီး သူမ မျက်နှာနှင့် အဝတ်အစားများမှာ ဖုန်အလိမ်းလိမ်း ပေကျံနေကာ ပေါက်စီနှစ်လုံးကို ကိုင်ဆောင်ထားပြီး ပျော်ရွှင်စွာ ပြုံးနေလေသည်။

သူမမှာ သူတောင်းစား ကလေးမလေး တစ်ယောက်ဖြစ်ပုံရပြီး ဤဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းမှာ သူမ၏နေအိမ် ဖြစ်နိုင်သည်။

ယင်ကျန်း ထိုသို့ ခန့်မှန်းလိုက်မိသည်။

သူ ထင်သည့်အတိုင်းပင် မိန်းကလေးမှာ ပြိုကျလုမတတ် ဖြစ်နေသော ဘုရားကျောင်းကို ပတ်ပတ်လည် ကြည့်လိုက်ရာ သူမမျက်နှာလေးမှာ ချက်ချင်းပင် ရှုံ့မဲ့သွားသည်။

ထို့နောက် သူမသည် ခေါင်းကို ငုံ့ကာ သူမမျက်နှာလေးကို သူ့အနီးသို့ ကပ်လာလေသည်။ ထို့ကြောင့် ယင်ကျန်းသည် မိန်းကလေးငယ်ကို ပိုရှင်းလင်းစွာ မြင်လိုက်ရသည်။ သူမတွင် နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်နှင့် ကြည်လင်သော မျက်ဝန်းများ ရှိနေလေသည်။

ယင်ကျန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမသည် ကြင်နာတတ်သော ကလေးတစ်ယောက် ဖြစ်ရပေမည်။ သူ ထင်သည့်အတိုင်းပင် မိန်းကလေးသည်မျက်မှောင် ကြုတ်သွားပြီး အနောက်ဘက်ခြံဝင်းထဲသို့ အလျင်အမြန် ပြေးသွားကာ ခဏအကြာတွင် သူ့အနားသို့ ရေတစ်ခွက် ကိုင်လျက် ပြန်ရောက်လာသည်။

"ရေနည်းနည်း သောက်လိုက်ပါဦး"

မိန်းကလေးသည် သေးငယ်နုနယ်သော ပခုံးလေးများဖြင့် သူ့ကို ထူမပေးကာ သူမ၏ သေးသွယ်သော လက်ကောက်ဝတ်လေးဖြင့် ရေခွက်ကို ကိုင်၍ သူ့ကိုရေတိုက်လေသည်။ အေးမြသော ရေသည် နတ်သုဒ္ဓါပမာ သူ့ပူလောင်နေသော လည်ချောင်းကို သက်သာစေခဲ့ပြီး ဤသည်မှာ သူ ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည်မဟုတ်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာခဲ့သည်။

ရေတိုက်ပြီးနောက် မိန်းကလေးသည် ပြောင်းဖူးပေါင်မုန့် တစ်ချပ်ကိုယူ၍ အပိုင်းအစငယ်လေးတစ်ခု ဖဲ့ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သော်လည်း သူ့နှုတ်ခမ်းနားသို့ တေ့ပေးလျက် ပြောလာသည်။

"ဗိုက်ဆာနေပြီလား၊ နည်းနည်းစားလိုက်လေ"

ယင်ကျန်း "ငါ ဗိုက်မဆာဘူး"

မိန်းကလေးငယ်လေးသည် လိမ္မာပါးနပ်လှသည်။ သူ့ အဝတ် အစားများကို မြင်သည်နှင့် သူသည် အစားအသောက် ရှားပါးနေသူ မဟုတ်ကြောင်း သိလိုက်သဖြင့် ဘုရားဆင်းတုတော်ရှေ့တွင်ထိုင်ကာ ပြောင်းဖူးပေါင်မုန့်ကို အငမ်းမရစားသောက်လေတော့သည်။

ယင်ကျန်းမှာ တစ်ကိုယ်လုံး အားနည်းနေဆဲပင်။ သူ အနားယူရန် မျက်လုံးများ မှိတ်လိုက်ချိန်တွင် အမိုးပေါ်မှ အသံတစ်သံကို ကြားလိုက်ရသည်။ သူ ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ ခေါင်မိုးတန်းမှ သစ်သားတုံးတစ်တုံး ပြုတ်ကျလာသည်အား မြင်သွားသည်။ ၎င်းသည် ဘုရားဆင်းတုတော်၏ ဦးခေါင်းပေါ်သို့ ဦးစွာကျသွားပြီး ပြန်ကန်ထွက်လာကာ မိန်းကလေး၏ ကျောပြင်ပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားတော့သည်။

"အား"

သစ်သားတုံးပေါ်တွင် မီးတောက်များ ကျန်ရစ်နေဆဲဖြစ်ပြီး မိန်းကလေးငယ်မှာ နေရာတွင်ပင် သတိလစ် မေ့မြောသွားသည်။

ယင်ကျန်းသည် မိန်းကလေးကို ပွေ့ချီကာ ဆေးကုသရန်အတွက် ဆေးခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

ပိုင်လျန်ဂိုဏ်းသားများ သူ့ကို ထပ်မံလိုက်လံလုပ်ကြံမည်ကိုလည်းကောင်း သူသာမက မိန်းကလေးပါ အန္တရာယ်ကြုံရမည်ကိုလည်းကောင်း စိုးရိမ်သဖြင့် သူသည် သူမလက်ထဲသို့ ငွေနှစ်တုံးကို ထည့်ပေးခဲ့ပြီး သူ့ကိုယ်ပိုင် ကျောက်စိမ်းဆွဲကြိုးကို သူမလည်ပင်းတွင် ဆွဲပေးခဲ့သည်။ ထို့နောက် မြို့တော်သို့ ချက်ချင်းမြင်းစီး၍ပြန်လာခဲ့သည်။

🌻 Chapter 66

ထို့နောက် သူသည် ထိုဒေသကို ရှာဖွေရန် လူများ စေလွှတ်ခဲ့သော်လည်း မိန်းကလေးငယ်နှင့် ပတ်သက်၍ မည်သည့် သဲလွန်စမျှ မတွေ့ခဲ့ရပေ။

နှစ်များစွာ ကြာပြီးနောက် သူနှင့်ယင်ရှန်တို့ ကိစ္စတစ်ခုဖြင့် အပြင်ထွက်လာကြစဉ် ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် မြင်းစီးကာ ရှည်လျားသော ကြာပွတ်ကို ကိုင်ဆောင်လျက် အမျိုးသားတစ်ဦးကို လိုက်လံ ရိုက်နှက်နေသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအမျိုးသား၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး လူးလှိမ့်လျက် အသနားခံ ငိုယိုနေလေသည်။

သို့သော်လည်း အမျိုးသမီးမှာ လက်မလျှော့ဘဲ ကြာပွတ်ဖြင့် တစ်ချက်ရိုက်တိုင်း ယခင်အချက်ထက် ပို၍ပြင်းထန်နေသည်။

ယင်ရှန်က အလျင်အမြန်ပင် "ရပ်လိုက်စမ်း"

အမျိုးသမီးမှာ ကြာပွတ်ရိုက်ခြင်းကို ရပ်တန့်လိုက်ပြီး သူတို့ကို လှမ်းကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ အမျိုးသားသည် အခွင့်အရေးကို အရယူကာထ၍ အရှေ့သို့ ပြေးတော့သည်။

အမျိုးသမီးသည် မြင်းပေါ်ကာ သူ့နောက်သို့ လိုက်သွားပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့ကာ ကြာပွတ်ကို မြင့်တက်စွာ မြှောက်လိုက်ပြီး ဤတစ်ကြိမ်တွင် သူ့ ဦးခေါင်းကို ချိန်ရွယ်လိုက်လေသည်။

သူရဲကောင်းဆန်သော ယင်ရှန်သည် ရှေ့သို့ ခုန်တက်ကာ သူမကြာပွတ်ကို ဖမ်းကိုငိသည်။

အမျိုးသမီးသည် ယင်ရှန် ခွန်အားကို မယှဉ်နိုင်ကြောင်း မြင်လိုက်ရသောအခါ မျက်လုံးများကိုကောက်ကျစ်စွာကျဉ်းမြောင်းလိုက်ပြီး ကြာပွတ်ကို ရုတ်တရက် လွှတ်ချလိုက်သည်။

သို့သော်လည်း ယင်ရှန်သည် ပြင်ဆင်ထားပြီးသဖြင့် ကြာပွတ် ဆွဲအားကို အလွယ်တကူပင် ဖြေလျှော့ပစ်သည်။

ရုတ်တရက် အမျိုးသမီး၏မြင်းမှာ မြေပြင်ပေါ်ရှိ အမျိုးသား ပစ်လွှတ်လိုက်သော လက်နက်ဝှက်တစ်ခု ထိမှန်သွားရာ နာကျင်မှုကြောင့် ဟီမြည်ကာ ပြင်းထန်စွာ တုန်ရီနေသည်။

အမျိုးသမီးမှာ ထိတ်လန့်သွားပြီး အောက်သို့ ခုန်ဆင်းချင်သော်လည်း တွန့်ဆုတ်နေမိသည်။ သူမသာ ပြုတ်ကျသွားပါက ခြေထောက် ကျိုးသွားနိုင်ချေ ရှိသည်။

ယင်ကျန်းမှာ အချိန်မီ လှုပ်ရှားလိုက်ပြီး အောက်သို့ ခုန်ဆင်းကာ သူမ မြင်းဇက်ကြိုးကို ဖမ်းဆွဲလိုက်ပြီး မြင်း၏ ခေါင်းကို ထိုးကြိတ်ကာ သောင်းကျန်းနေသောမြင်းကို ထိန်းချုပ်လိုက်သည်။

သူ့ ခွန်အားမှာ တိကျသဖြငိ့ မြင်းကို နေရာတွင် ရပ်တန့်သွားစေရန် လုံလောက်သော်လည်း ပြင်းထန်သော ဦးခေါင်းဒဏ်ရာများလည်းမရှိသလို သေဆုံးခြင်းကိုလည်း မဖြစ်စေခဲ့ပေ။

"စတုတ္ထနောင်တော်... အစ်ကိုတော့် လက်က..."

ယင်ရှန်သည် ယင်ကျန်းလက်ကို ကြည့်လိုက်ရာမြင်းဇက် ကြိုးကြောင့် ဖြစ်ပေါ်နေသော သွေးစွန်းနေသည့် အရာများကို သတိပြုမိသွားသည်။ အမျိုးသမီးသည် ရှေ့သို့ ထွက်လာကာ ပြောသည်။

"ကျွန်မ နာမည်က ဝူချီအာပါ၊ ဝူရှင်း ကာကွယ်ရေးအဖွဲ့အစည်းခေါင်းဆောင်ရဲ့ သမီးပါ၊ ခုနက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ"

သူမ အမူအရာမှာ ယခင်ကလို မောက်မာမနေတော့ဘဲ ယင်ကျန်းအပေါ် မိန်းမပျိုလေးတစ်ဦး၏ ရှက်သွေးဖြာမှုလေးတစ်ခုကို ပြသနေလေသည်။

ယင်ကျန်းသည် ဝူချီအာခါးကိုသာ တစ်ချက်လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် လွန်ခဲ့သော နှစ်များစွာက မိန်းကလေးငယ်အား သူပေးခဲ့သော ကျောက်စိမ်းဆွဲကြိုးလေးဆွဲထားသည်ကို တွေ့လိုက်ရသည်။ သူက တိုက်ရိုက်ပင် မေးသည်။

"မင်း ဒီကျောက်စိမ်းဆွဲကြိုးကို ဘယ်ကရတာလဲ"

ဝူချီအာ "တစ်ယောက်ယောက်က ကျွန်မကို ပေးထားတာပါ"

ယင်ကျန်းမှာ သူမကို သေချာစိုက်ကြည့်သည်။ ထိုအချိန်က မိန်းကလေးငယ်လေး၏ ရုပ်ဆင်းသွင်ပြင်ကို သူ သိပ်မမှတ် မိတော့ချေ။ နှစ်များကြာပြီးနောက် သူမသည် ယခုသူ့ရှေ့မှ အမျိုးသမီးနှင့် ရွယ်တူလောက် ရှိနေမည်ဆိုသည်ကိုသာ သိလေသည်။

ယင်ရှန်သည် မြေပြင်ပေါ်ရှိ အမျိုးသားကို လက်ညှိုးထိုးကာ မေးလိုက်သည်။

"သူ့ကို ဘာလို့ ရိုက်တာလဲ"

ဝူချီအာမှာ ယင်ရှန်အပေါ် ယဉ်ကျေးမှု သိပ်မရှိလှပေ။

"သူက ကျွန်မတို့ဆီကနေ ခိုးဖို့ ကြိုးစားတဲ့ သူခိုးလေ၊ သူ့ကို အပြစ်ပေးသင့်တယ် မဟုတ်ဘူးလား"

ယင်ကျန်းက သဘောမတူစွာ "သူက သူခိုးဆိုရင် သူ့ကို ဖမ်းပြီး အာဏာပိုင်တွေဆီ အပ်ရမှာပေါ့၊ မင်းကိုယ်ပိုင် ပြစ်ဒဏ်ပေးတာက ဥပဒေနဲ့မညီဘူး"

ဝူချီအာ မျက်နှာရဲသွားပြီး "ဒါဆိုလည်း ရှင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်၊ သူ့ကို အာဏာပိုင်တွေဆီ အခုပဲ ခေါ်သွားကြတာပေါ့၊ ရှင်တို့ကော လိုက်ချင်လား"

လမ်းခရီးတွင် ယင်ကျန်းက ထပ်မေးလိုက်သည်။

"ဒီကျောက်စိမ်းဆွဲကြိုးကို မင်းကို ဘယ်သူပေးတာလဲ"

ဝူချီအာမှာ ခါးမှ ကျောက်စိမ်းဆွဲကြိုးကို ကိုင်ကာ လက် ချောင်းများဖြင့် ဖြည်းညင်းစွာ ပွတ်သပ်ရင်း မျက်လုံးများ အရောင်လက်သွားကာ ဆိုလေသည်။

"အမျိုးသားတစ်ယောက်က ပေးခဲ့တာထင်တယ်၊ ဒါပေမဲ့ ကျွန်မ ငယ်ငယ်က အပြင်းအထန်ဖျားနာခဲ့ဖူးလို့ သိပ်မမှတ်မိတော့ဘူး၊ သတိရလာပြီးနောက်ပိုင်း မှတ်ဉာဏ်တွေက ဝေဝါးနေလို့ပါ"

အပြင်းအထန် ဖျားနာခဲ့တယ် ဟုတ်လား..

ယင်ကျန်းသည် သူမ ကျောပြင်ကို ထိမှန်ခဲ့သော သစ်သားတုံးကို အမှတ်ရသွားသည်။ ထိုစဉ်က သူမ ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ မေးလိုက်သည်။

"မင်း ငယ်ငယ်က ဇွန်ဟွာကို ရောက်ဖူးလား"

ဝူချီအာက ပြန်ဖြေသည်။

"ကျွန်မက ငယ်ငယ်ကတည်းက အဖေရယ် ဦးလေးတွေရယ်နဲ့အတူ နိုင်ငံတစ်ဝန်း ခရီးထွက်ခဲ့တာဆိုတော့ ဇွန်ဟွာကိုလည်း ရောက်ဖူးတာပေါ့"

ယင်ကျန်းက ဆိုသည်။

"ဒီကျောက်စိမ်းဆွဲကြိုးက ငါ့ဟာပါ၊ အနာဂတ်မှာ မင်း တစ်ခုခု အကူအညီလိုရင် စတုတ္ထမင်းသား စံအိမ်တော်ကို လာပြီး ငါ့ကို လာရှာလို့ ရပါတယ်"

ထိုသို့ပြောပြီးနောက် သူနှင့် ယင်ရှန်းတို့ မြင်းစီးထွက်ခွာသွားသည်။

စတုတ္ထမင်းသားလား

ဝူချီအာသည် သူ၏ ထွက်ခွာသွားသော ကျောပြင်ကို စိုက်ကြည့်နေခဲ့သည်။ သူမ အိမ်သို့ ပြန်ရောက်သောအခါ တတိယဦးလေးကို ရှာပြီး ကျောက်စိမ်းဆွဲကြိုး၏ ဇာစ်မြစ်ကို စုံစမ်းမေးမြန်းသည်။

သူမဦးလေးက ထိုဆွဲကြိုးကို မင်းမျိုးမင်းနွယ်ပုံပေါက်သော အမျိုးသားတစ်ဦးမှ မိန်းကလေးငယ်တစ်ဦးအား ပေးခဲ့ခြင်းဖြစ်ကြောင်း သူမကို ပြောပြခဲ့သည်။

သူသည် ဆေးခန်းတွင် ဆေးကုသမှု ခံယူနေစဉ် အဝင်ဝ၌ ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

ထိုအမျိုးသား ထွက်သွားပြီးနောက် သူသည် မိန်းကလေးငယ်၏လည်ပင်းမှ ကျောက်စိမ်းဆွဲကြိုးကို လုယူခဲ့ပြီး သူမကို ကျွန်ပွဲစားထံရောင်းစားကာ အရက်သောက်ရန်အတွက် ငွေငါးတုံး ယူခဲ့လေသည်။

ဝူချီအာ "အဲ့မိန်းကလေးငယ်မှာ ထူးခြားတဲ့ အမှတ်အသားတစ်ခုခု ရှိလား"

သူမ၏ ဦးလေးက ပြန်ဖြေသည်။

"သူမက ပိန်ပိန်သေးသေးလေးဆိုတာတော့ ငါမှတ်မိတယ်၊ သူမ ကျောပြင်မှာ မီးလောင်ဒဏ်ရာတွေကြောင့် အရည်ကြည်ဖုတွေ ထနေပြီး မျက်နှာကို သန့်စင်အောင် သုတ်လိုက်တော့ တော်တော်လေးလှတာပဲ၊ တခြားဟာတွေတော့ မမှတ်မိတော့ဘူး"

ဒါဆိုရင် ဒီမိန်းကလေးငယ်နဲ့ စတုတ္ထမင်းသားကြားက ပတ်သက်မှုက ဘာလဲ, သူတို့က သေချာပေါက် မောင်နှမတွေတော့ မဟုတ်လောက်ဘူး၊ မဟုတ်ရင် သူက ဒီထက်ပိုပြီး စိတ်လှုပ်ရှားနေမှာပဲ၊ ပြီးတော့ ချင်မင်းဆက်မင်းသမီးတစ်ပါးပါး ပျောက်ဆုံးနေတယ် ဆိုတာကိုလည်း မကြားဖူးပါဘူး...

သူမက သူ့ရဲ့ ကျေးဇူးရှင် ဖြစ်လောက်တယ်၊ မိန်းကလေးက စတုတ္ထမင်းသားကို တစ်ခုခုကနေ ကာကွယ်ပေးလိုက်လို့ သူမ ကျောပြင်မှာ မီးလောင်ဒဏ်ရာတွေ ရသွားတာဖြစ်နိုင်တယ်...

သူမသည် ခန့်မှန်းချက် အနည်းငယ်နှင့်တော့ ထိုကျေးဇူးကို တောင်းခံရန်အတွက် စတုတ္ထမင်းသား၏စံအိမ်တော်သို့ မသွားခဲ့ပေ။ မည်သို့ပင်ဆိုစေ သူမသာ မှန်းဆချက် မှားယွင်းသွားပါက မင်းသားအား လှည့်စားမှုပြစ်ဒဏ်မှာ ကြီးမားလိမ့်မည်ဖြစ်သည်။

ထို့အပြင် သူ၏သန့်စင်ပြီး မွန်မြတ်သော အရှိန်အဝါက သူမနှင့် လိုက်ဖက်သော်လည်း သူ့ထံတွင် ဇနီးများနှင့် ကိုယ်လုပ် တော်များ ရှိနေနှင့်ပြီးဖြစ်သည်။

သိုင်းလောကမှ အမျိုးသမီးတစ်ဦးဖြစ်သော သူမသည် အခြားအမျိုးသမီးများနှင့် ခင်ပွန်းကို မျှဝေခံစားပြီး နန်းတွင်းအဆောင်များအတွင်း ဆင်းရဲဒုက္ခခံကာ နေထိုင်ရမည်လား။

သို့သော်လည်း နောက်ပိုင်းတွင်တော့ သူတို့ကံကြမ္မာမှာ ကောင်းကင်ဘုံမှ စီမံထားခြင်းဖြစ်ကြောင်း ဝူချီအာ သဘော ပေါက်သွားခဲ့သည်။ နှစ်ဝက်ခန့် ကြာပြီးနောက် သူတို့ ကာကွယ်ရေးအဖွဲ့အစည်းမှာ အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး သူမ ဖခင်နှင့် တတိယဦးလေးတို့မှာ ထောင်ကျသွားခဲ့သည်။

ထိုဖြစ်ရပ်မှာ ပြိုင်ဘက် အေဂျင်စီတစ်ခုက သူတို့ အဖွဲ့၏ အောင်မြင်နေသော စီးပွားရေးကို မနာလိုဖြစ်ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဖောက်သည်အဖြစ် ဟန်ဆောင်ရန် လူတစ်ယောက်ကို ငွေပေးငှားရမ်းခဲ့ပြီး ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အပ်နှံခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြိုင်ဘက်အဖွဲ့သည် သူတို့၏ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်လျှောက်တွင် အရက်ရောင်းသူအဖြစ် ဟန်ဆောင်ကာ အရက်ရောင်းရန်လူတစ်ဦးကို စေလွှတ်ခဲ့သည်။

ရာသီဥတုက ပူပြင်းသဖြင့် သူမ ဖခင်နှင့် ဦးလေးများစွာတို့မှာ အရက်ပန်းကန်လုံးကြီးများစွာ သောက်ခဲ့ကြသည်။ မကြာမီပင် သူတို့အားလုံးဆေးခတ်ခံရပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားကြသည်။

ထို့နောက် ပြိုင်ဘက်အဖွဲ့သည် ဓားပြများအဖြစ် ဟန်ဆောင်ကာ ကုန်ပစ္စည်းများကိုခိုးယူခဲ့ပြီး ဖောက်သည်ကို သူတို့ အဖွဲ့အားအလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခဲ့ကြသည်။

သူတို့ကိုယ် သူတို့ မကာကွယ်နိုင်ဘဲ အစိုးရအရာရှိများကိုလည်း ပြိုင်ဘက်များက လာဘ်ထိုးထားသဖြင့် ဝူချီအာ ဖခင်နှင့် ဦးလေးများမှာ ပြည်နှင်ဒဏ် ချမှတ်ခံခဲ့ရသည်။

သူမ၏ စိုးရိမ်ပူပန်မှုများကြားတွင် ဝူချီအာသည် ကျောက် စိမ်းဆွဲကြိုးကိုယူကာ ယင်ကျန်းထံ သွားခဲ့သည်။ ဤကဲ့သို့သော ကိစ္စသေးသေးလေးကိုကူညီရန် ယင်ကျန်း သဘောတူခဲ့ပြီး အလျင်အမြန် စုံစမ်းစစ်ဆေးကာ သူတို့အမည်များကို ရှင်းလင်းပေးပြီး အစစ်အမှန်တရားခံများကို အပြစ်ပေးခဲ့သည်။

သို့သော်လည်း ဤဖြစ်ရပ်မှတစ်ဆင့် ဝူချီအာ မိသားစုသည် တန်ဖိုးရှိသော သင်ခန်းစာတစ်ခုကို ရရှိခဲ့သည်။ နန်းတွင်းတွင် အဆက်အသွယ်ရှိခြင်းက ကိစ္စရပ်များကို များစွာ ပိုမို လွယ်ကူစေသည် ဆိုခြင်းပင်။

သူ့ ကူညီမှုကြောင့် ဝူချီအာသည် ယင်ကျန်းကို အလွန်အမင်း ချစ်မိနေခဲ့ပြီးဖြစ်ရာ သူမ တတိယဦးလေး၏အကြံပြုချက်ကို သဘောတူခဲ့ပြီး ယင်ကျန်းထံသို့ ကိုယ်တိုင် ချဉ်းကပ်ကာ ပြောသည်။

"ကျွန်မရဲ့ တတိယဦးလေးပြောတာက ကျွန်မ ငယ်ငယ်က မိသားစုနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ကွဲကွာသွားခဲ့တယ်တဲ့၊ သူ ကျွန်မကို ပြန်ရှာတွေ့တဲ့အချိန်မှာ ကျွန်မက ဆေးခန်းတစ်ခုမှာ လဲလျောင်းနေပြီး ကျောပြင်မှာ ကြောက်စရာကောင်းတဲ့ မီးလောင်ဒဏ်ရာ အမာရွတ်တစ်ခု ရှိနေခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီတုန်းက ရှင့်ကို ကျွန်မ ကယ်တင်ခဲ့တာဖြစ်ပြီး အခု ရှင်က ကျွန်မတို့ မိသားစုကို ကယ်တင်ပေးခဲ့တယ်ဆိုတော့ ကျွန်မတို့က အတူတူရှိဖို့ ဖူးစာပါလာတယ် ထင်ပါတယ်၊ ရှင့်ရဲ့ ကိုယ်လုပ်တော်အဖြစ် ရှင့်နားမှာ ကျွန်မနေချင်တယ်"

ယင်ကျန်းသည် နောက်ထပ် ကိုယ်လုပ်တော်တစ်ယောက် ထပ်တိုးလာမည်ကို ဂရုမစိုက်ပေ။ သူ့တွင် ကုန်ကျစရိတ် များများစားစား မရှိဘဲ နောက်ထပ် အမျိုးသမီးတစ်ဦးကို ထောက်ပံ့ရန် တတ်နိုင်လေသည်။

ထို့အပြင် နန်းတော်မှလည်း သူ၏ မျိုးဆက်ပြန့်ပွားမှုကို သေချာစေရန်အတွက် နောက်ထပ် ကိုယ်လုပ်တော်အနည်း ငယ်ထပ်ယူရန် အကြိမ်ကြိမ်တိုက်တွန်းနေခဲ့သည်။

All Chapters