← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

🌻 Chapter 69

ယင်ကျန်းက မျက်လွှာချလျက် ပြောလိုက်သည်။

"ဘာကိုလဲ၊ တစ်ယောက်ယောက်များ တစ်ခုခုပြောလိုက်လို့လား"

ဖူကျင်းက ခေါင်းရမ်းလျက် "ဝူကော်ကော်က သိုင်းပညာမှာ ကျွမ်းကျင်ပေမယ့် စံအိမ်တော်ထဲ ဝင်လာတဲ့ ခြောက်လကျော်အတွင်းမှာ ဘယ်သူနဲ့မှ ရန်မဖြစ်ခဲ့ဖူးပါဘူး၊ မကြာသေးခင်ကမှ သူမက မောက်မာပြီးအာဏာရှိချင်လာတယ်၊ ချွင်းလင်ကို ကြာပွတ်နဲ့ ရိုက်တယ်၊ ကမ်းကော်ကော်နဲ့လည်း အိမ်မွေးတိရစ္ဆာန်လေးအတွက် ပြဿနာတက်တယ်၊ ဟိုညကဆိုရင် အရှင်မင်းသားကိုတောင် ပြန်ပြောရဲတယ်လို့ ကြားလိုက်တယ်၊ ဒါက အရမ်းထူးဆန်းလွန်းတယ်... သူမများ ပူးကပ်ခံနေရတာလား"

ယင်ကျန်းမှာ အချက်အလက်များကို စမ်းစစ်နေသည်။ ဖူကျင်းက ဆက်ပြောသည်။

"ပြီးတော့ အရှင်မင်းသား သိချင်မှသိလိမ့်မယ်၊ သူမ အကျဉ်းချခံရပြီး တစ်ညလုံး ဒူးထောက်ခဲ့ရကတည်းက ဝူကော်ကော်အဖျားကြီးပြီး အိပ်ရာထဲလဲသွားပါတယ်၊ ကျွန်တော်မျိုးမ သူမအတွက် သမားတော်ခေါ်ပေးခဲ့ပေမယ့် သမားတော်က သူမရောဂါရဲ့အကြောင်းရင်းကို အဖြေမရှာနိုင်ခဲ့ပါဘူး၊ သူမက ခန္ဓာကိုယ် ကျန်းမာသန်စွမ်းပြီး ဒီလောက်အထိ ဖျားနာစရာ အကြောင်းမရှိဘူးလို့ပဲ ပြောသွားတယ်"

"ဝူကော်ကော်က တစ်ညလုံး သူမကို လာမနှောင့်ယှက်ဖို့ပဲ ကယောင်ကတမ်းတွေ အော်ပြောနေပါတယ်၊ ဟူး... သူမအတွက် ကျွန်မ အရမ်း စိတ်မကောင်းဖြစ်ရပါတယ်၊ အရှင်မင်းသား... ကျွန်တော်မျိုးမတို့ သူမကို ကြည့်ပေးဖို့ တစ်ယောက်ယောက်ကိုများ ရှာသင့်လားရှင်"

ယင်ကျန်း ခေါင်းညိတ်လိုက်သည်။

"ဒီကိစ္စကို မင်းပဲ ဆုံးဖြတ်လိုက်ပါ"

မကြာမီတွင် ဖူကျင်းသည် တာအိုဘုန်းကြီးတစ်ပါးကို ရှာတွေ့ခဲ့သည်။ သူမတို့သည် အတင်းအဖျင်းစကားများ ရှောင်ရှားနိုင်ရန် ညအမှောင်ကို အကာအကွယ်ယူကာ စံအိမ်တော်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။ သူသည် ဝူကော်ကော် အဆောင်ဝင်းအတွင်း လှည့်လည်ကာ ဂါထာမန္တန်များ ရွတ်ဆိုပြီးနောက် အဆုံးတွင် တွက်ချက်ဟောကိန်း ထုတ်လာသည်။

"ဝူကော်ကော်က သန္ဓေသားဝိညာဉ်ရဲ့ နှောင့်ယှက်မှုကို ခံနေရတယ်၊ သူမရဲ့ ဝိညာဉ်က မတည်ငြိမ်လို့ မကောင်းဆိုးဝါးဝိညာဉ် ပူးကပ်ခံလိုက်ရတာပဲ၊ အဲဒါကြောင့်မို့ သူမရဲ့စရိုက်က ဒီလောက်ကို သိသိသာသာ ပြောင်းလဲသွားခဲ့ရတာပေါ့"

ဖူကျင်းမှာ မကောင်းဆိုးဝါးဝိညာဉ်ကို နှင်ထုတ်နိုင်သည့် ယတြာချေရန်အတွက် ထိုဘုန်းကြီးအား ငွေတုံးငါးဆယ် ချီးမြှင့်ခဲ့သည်။ ယတြာချေပြီးနောက်တွင်တော့ ဝူကော်ကော်မှာ နိုးလာခဲ့ပြီး ချွင်းလင်၏အခန်းသို့ ပြေးသွားကာ ထပ်ခါတလဲလဲ ဦးညွှတ်တောင်းပန်တော့သည်။

သူမနဖူးမှ သွေးထွက်လာသည်အထိ ဦးညွှတ်တောင်းပန်နေပြီး သူမအမူအရာမှာ အလွန်တရာ ရိုးသားပွင့်လင်းပုံပေါ်ကာ ဦးညွှတ်နေရင်းမှ ပါးစပ်ကလည်း အဆက်မပြတ်ပြောနေသည်။

"ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ ချွင်းလင်ရယ်၊ ကျွန်မ ရှင့်ကို ထိခိုက်မိအောင် လုပ်မိခဲ့တယ်၊ ကျွန်မတကယ် လူတောင်မဖြစ်ထိုက်တော့ဘူး"

မင်းသားစံအိမ်တော် တစ်ခုလုံးရှိ အစေခံမိန်းကလေးများနှင့် အစေခံများအားလုံး နီးပါးမှာ ထိုစကားကိုကြားလိုက်ရသဖြင့် ချွင်းလင်မှာ အပြင်သို့ တွဲခေါ်ခံရလျက် ထွက်လာခဲ့ရပြီး ပြောလာသည်။

"ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်၊ အခု ပြန်လိုက်ပါတော့"

ယင်ကျန်း ပြန်ရောက်လာပြီးနောက် ညစာစားရန် ကမ်းချန်ချန် အဆောင်သို့ သွားခဲ့သည်။ အချိန်သိပ်မကြာလိုက်မီပင် ချွေ့မားမား ရောက်ရှိလာလေသည်။

ချွေ့မားမားက ရိုသေစွာ လျှောက်တင်သည်။

"အရှင်မင်းသားကို လျှောက်တင်ပါရစေ၊ ဖူကျင်းက ဒီနေ့ တာအိုဘုန်းကြီးနဲ့ ယတြာချေတဲ့အခါမှာ အတူတူ လိုက်ပါဆောင်ရွက်ခဲ့ရလို့ ပင်ပန်းနေပါတယ်၊ ဒါပေမဲ့ အရှင်မင်းသားက ဝူကော်ကော်အတွက် စိုးရိမ်နေမှာကိုပူပန်လို့ ကျွန်တော်မျိုးမကို သတင်းလာပို့ခိုင်းလိုက်တာပါ"

[သန္ဓေသားဝိညာဉ် ဟုတ်လား]

[ဒီခြံဝင်းထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ဆိုလို့ တစ်ယောက်ပဲ ရှိတာ၊ ပြီးတော့ ဝူကော်ကော်ကလည်း လီစဲဖူနဲ့ အတော်လေး နီးနီးကပ်ကပ် နေရတာဆိုတော့ အဓိပ္ပာယ်ရှိသလိုပဲ]

ယင်ကျန်း ခေါင်းညိတ်လိုက်သော်လည်း ကမ်းချန်ချန် အတွေးများကို သူ ကြားလိုက်ရပြန်သည်။

[ယင်ကျန်းက ဘယ်လိုလုပ် ဒီလောက်တောင် အယူသီးနိုင်ရတာလဲ၊ သန္ဓေသားဝိညာဉ်တို့၊ မကောင်းဆိုးဝါးဝိညာဉ်တို့ ဟုတ်လား၊ ဝူကော်ကော်က ဟန်ဆောင်နေပြီး အဲဒီတာအိုဘုန်းကြီးက ငွေလိမ်တောင်းသွားတာပဲ ဖြစ်ရမယ်လို့ ငါတော့ ထင်တာပဲ]

[ဒါပေမဲ့ ပြန်တွေးကြည့်ရင် လူတွေမှာသာ ဝိညာဉ်မရှိဘူးဆိုရင် ငါက ဘယ်လိုလုပ် ဒီကို ကူးပြောင်းလာခဲ့တာလဲ]

[ဒီကို ကူးပြောင်းလာနိုင်တာကတင် ငါ ငယ်ငယ်ကတည်းက သင်ယူလာခဲ့တဲ့အမြင်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီ]

ယင်ကျန်းက ချွေ့မားမားအား မေးလိုက်သည်။

"ဒါဆို ဖူကျင်းက ဝူကော်ကော်ကို ဘယ်လို စီစဉ်ဖို့ ရည်ရွယ်ထားသလဲ"

ချွေ့မားမား "ဝူကော်ကော်ရဲ့ စစ်မှန်တဲ့ တောင်းပန်စကားက ချွင်းလင်ကို စိတ်လှုပ်ရှားစေခဲ့လို့ ချွင်းလင်ကိုယ်တိုင်ကလည်း သူမကို ခွင့်လွှတ်ပေးခဲ့ပါတယ်၊ ဒါကြောင့် ဖူကျင်းက ဝူကော်ကော်ကို လစာ ခြောက်လစာ ဖြတ်တောက်ပြီး အဆောင်ထဲမှာ နှစ်လအကျယ်ချုပ်ချဖို့ပဲ ပြစ်ဒဏ်ပေးလိုက်ပါတယ်"

ယင်ကျန်းသည် ဖူကျင်း၏ပြစ်ဒဏ်ပေးမှုမှာ ပေါ့ပါးလွန်းသည်ဟု ခံစားရသော်လည်း ဤကိစ္စကို သူမထံ လွှဲအပ်ထားပြီးဖြစ်သဖြင့် သူ မေးခွန်းထုတ်၍မရတော့ပေ။

ဝူကော်ကော် မိသားစုသည် ကာကွယ်ရေးအဖွဲ့အစည်းအား ပိုင်ဆိုင်ထားပြီး ငွေကြေးပြတ်လပ်မှု မရှိသဖြင့် သူတို့က ငွေများကို ပုံမှန် ပို့ပေးလိမ့်မည်ဖြစ်ရာ လစာဖြတ်တောက်ခံရခြင်းမှာ သူမအတွက် ကြီးမားသောအပြစ်ဒဏ် မဟုတ်ပေ။

ထို့အပြင် ဝူကော်ကော်သည် လီစဲဖူ၏အဆောင်ဝင်းနှင့် ဝေးကွာပြီး ပိုတိတ်ဆိတ်ငြိမ်သက်သော အရှေ့မြောက်ထောင့်သို့ ပြောင်းရွှေ့သွားခဲ့သည်။

ဝူကော်ကော်သည် စိတ်ရင်းမှန်ကို ပြသရန်အတွက် နေ့စဉ် သွေးဖြင့်ကျမ်းစာများကို ကူးရေးကာ ယင်ကျန်းထံပေးပို့ပြီး သူမကို ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။

ယင်ကျန်းက ၎င်းတို့ကို လက်ခံရန် ငြင်းဆိုခဲ့သဖြင့် ဝူကော်ကော်မှာ ဖူကျင်းထံသို့ ပေးပို့သည်။

လီစဲဖူ ဤအကြောင်းများကို ကြားလိုက်ရသောအခါ သူမမှာ အလွန်ပင် ဒေါသထွက်သွားပြီး လက်ဖက်ရည်ပန်းကန်ကိုပင် ခွဲပစ်လိုက်တော့သည်။

"ကောင်းပြီလေ၊ ဖူကျင်းက ဒီလိူအကွက်ကို ရွှေ့လိုက်တာပဲ၊ အခုတော့ ငါကလွဲရင် အနောက်ဆောင်ကလူတိုင်း သူမရဲ့ ခွေးတွေ ဖြစ်ကုန်ကြပြီ၊ သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ အတွင်းဆောင်ကို အုပ်ချုပ်ဖို့လား"

ယင်းလော် ရုတ်တရက် ၀င်ပြောသည်။

"ဖူကျင်းက ဒီလောက်တောင် လူကြိုက်များနေတော့ ကျွန်မတို့လည်း သူ့ဆီသွားပြီး မျက်နှာလိုမျက်နှာရ သွားလုပ်ကြမလား"

လီစဲဖူ ဒေါသတကြီးဖြင့် "အဓိပ္ပာယ်မရှိတာဟယ်၊ ငါက အဆင့်အတန်းရှိတဲ့ စဲဖူလေ၊ ဘာကိစ္စနဲ့ သူ့ခွေးဖြစ်ရမှာလဲ"

ယင်းလော် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ပြောသည်။

"ကျွန်မကို ခွင့်လွှတ်ပေးပါ စဲဖူ၊ ကျွန်မ စကားမှားသွားပါတယ်၊ ဒါပေမဲ့ စဲဖူအတွက် စိုးရိမ်လို့ပြောတာပါ၊ စဲဖူရဲ့ ကိုယ်ဝန်ကြောင့် သန္ဓေသားဝိညာဉ်က ဝူကော်ကော်ကို နှောင့်ယှက်တယ်လို့ သူတို့က ဆင်ခြေပေးခဲ့တာက စဲဖူကို တမင်တကာ အကွက်ဆင်ဖို့ ကြိုးစားနေတာ အသိသာကြီးပဲလေ"

လီစဲဖူ အသက်ပြင်းပြင်း ရှူလိုက်ပြီး "ထတော့"

ယင်းလော်မှာ မထဘဲ လီစဲဖူ၏ခြေထောက်များကို နှိပ်နယ်ပေးရန် ဒူးထောက်လျက် ရှေ့သို့ တိုးလာခဲ့သည်။

လီစဲဖူ "ငါ့ကို ရန်စဖို့ သူတို့ အုပ်စုဖွဲ့လိုက်ကြတာပဲ၊ ငါက သူတို့ အလွယ်တကူ ကစားလို့ရတဲ့သူလို့ ထင်နေလား၊ ဟွန်း... စောင့်ကြည့်နေလိုက်၊ ငါ့ဗိုက်ထဲက ကလေးလေး ထွက်လာတာနဲ့ လက်စားချေပြမယ်"

ယင်းလော်မှာ လီစဲဖူ၏အနည်းငယ် စူထွက်နေသော ဗိုက်ကလေးကိုကြည့်ကာ ပြောသည်။

"စဲဖူ ပြောတာ မှန်ပါတယ်၊ လောလောဆယ်မှာ အရေးကြီးဆုံးက ကိုယ်ဝန်ကို သေချာဂရုစိုက်ဖို့နဲ့ စိတ်လှုပ်ရှားမှုတွေ အရမ်းမများစေဖို့ပါပဲ"

ရက်အနည်းငယ် ကြာပြီးနောက် ချွင်းလင် ကျောပြင်ရှိ ဒဏ်ရာများမှာ ပန်းရောင်သန်းနေသော အသားနုလေးများဖြင့် ကျက်လာခဲ့ပြီး ပုံမှန်အတိုင်း ပြန်လမ်းလျှောက်နိုင်လာခဲ့သည်။ ထို့နောက် ယင်ကျန်းသည် သူမကို စာကြည့်ဆောင်သို့ ခေါ်ဆောင်လိုက်၏။

သူမ အတွင်းသို့ ဝင်ရောက်သွားသောအခါ ယင်ကျန်းအပြင် အခြားလူငယ်တစ်ဦး ရှိနေသည်ကို ချွင်းလင် သတိပြုမိသည်။ သူသည် ယင်ကျန်းလောက် ကျက်သရေရှိပြီး မြင့်မြတ်သောအသွင် မရှိသော်လည်း အလွန်ချောမောနေဆဲပင်။ သူ့တွင် ပညာရှင်တစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေပြီး မျက်ဝန်းများမှာမူ တောက်ပပြီး တက်ကြွနေလေသည်။

ပိုမှတ်သားစရာကောင်းသည်မှာ ထိုသူကို ချွင်းလင် အလွန်ရင်းနှီးနေသည်ဟု ခံစားရပြီး နွေးထွေးမှုနှင့် ရင်းနှီးသော ခံစားချက်တစ်ခုပင် ရရှိလေသည်။

နျန်ကုန်းယောင်သည် ချွင်းလင်၏ရုပ်ကို မြင်လိုက်ရသောအခါ အံ့အားသင့် မှင်သက်သွားပြီး မယုံကြည်နိုင်စွာ စိုက်ကြည့်လျက် ပြောမိသွားသည်။

"ဒေါ်လေးဟွေ့..."

သူ ရုတ်တရက် တောင့်တင်းသွားပြီး ဒေါ်လေးဟွေ့မှာ ကွယ် လွန်သွားခဲ့သည်မှာ ကြာပြီဖြစ်ရာ ဤနုပျိုသော မျက်နှာလေးမှာ သူမ မဖြစ်နိုင်ချေ။ စတုတ္ထမင်းသားက သူ့အား လူတစ်ယောက်နှင့် မိတ်ဆက်ပေးမည်ဟု ယနလေးတင် ကြားထားခဲ့သော်လည်း အမျိုးသမီးငယ်တစ်ဦး ဝင်ရောက်လာသော အခါ ဇဝေဇဝါ ဖြစ်သွားဂသည်။ သို့သော် ဤအမျိုးသမီး၏ ရုပ်ဆင်းသွင်ပြင်က သူသိသောလူတစ်ယောက်နှင့် ဆင်လွန်းလှ၏။

ယင်ကျန်း ရယ်မောလျက် "ကုန်းယောင်... ဒီအမျိုးသမီးကို မင်း ရင်းနှီးနေသလိုများ ခံစားရလား"

နျန်ကုန်းယောင်က ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်သည်။ ယင်ကျန်းက ထပ်မေး၏။

"ဒါဆိုရင် ချွင်းလင်ကို မင်းရဲ့ ညီမလေးအဖြစ် ထားလိုက်ရင်ကော ဘယ်လိုလဲ"

နျန်ကုန်းယောင် နားမလည်နိုင် ဖြစ်သွားရသည်။

"စတုတ္ထမင်းသားက ဘာကို ဆိုလိုတာလဲ"

ယင်ကျန်းသည် သူ့ ပခုံးကိုပုတ်ကာ ရယ်မောလိုက်သည်။

"အတိတ်မှာတုန်းက ခေါ်သွားခံရတဲ့ မင်းရဲ့ ညီမလေးကို မင်း လွမ်းနေတာ မဟုတ်ဘူးလား၊ ချွင်းလင်က ငါ့ရဲ့အသက် သခင် ကျေးဇူးရှင်ပဲ၊ သူမ မင်းအိမ်ကို လာမယ်ဆိုရင် အားကိုးစရာ တစ်ယောက်ယောက် ရသွားလိမ့်မယ်၊ အဲဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိတဲ့ အခြေအနေ မဟုတ်ဘူးလား"

နျန်ကုန်းယောင် အံ့အားသင့်သွားပြီး ယင်ကျန်း ပြောနေသည်ကို နားမလည်နိုင်သေးပေ။ ချွင်းလင်က သူမ၏ အင်္ကျီလက်ကို အလျင်အမြန် ခေါက်တင်လိုက်ပြီး သွေးနီရောင် မှဲ့နီလေးကို ပြလိုက်ချိန်မှသာ နျန်ကန်းယောင် မျက်လုံးများလင်းလာတော့သည်။

"ညီမလေး၊ မင်းက တကယ် ငါ့ညီမလေးပဲ၊ဟားဟား..."

ချွင်းလင်သည် စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များကျလာခဲ့သည်။

"ကျွန်မမှာ မိသားစု ရှိသွားပြီလား”

🌻 Chapter 70

ထို့နောက် သူမသည် နျန်ကုန်းယောင်၏ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။ နျန်ကုန်းယောင်၏ မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲတက်လာပြီး သူမ၏ ဆံပင်များကို ပွတ်သပ်ကာ ပြောလာသည်။

"ဒီနှစ်တွေထဲမှာ ညီမလေး ဘယ်လိုတွေများ နေခဲ့ရတာလဲ"

သူတို့နှစ်ယောက် အချင်းချင်း အသိမှတ်ပြုလိုက်ကြပြီးနောက် ခေတ္တမျှ စကားပြောဆိုပြီးနောက် နျန်ကုန်းယောင်မှာ ချွင်းလင်ကိုလည်း အတူဒူးထောက်စေရန် ဆွဲချလိုက်ပြီး ပြောလာသည်။

"စတုတ္ထမင်းသားကို ကျေးဇူးတင်ပါတယ်၊ အကယ်၍ အရှင်မင်းသားသာ မရှိရင် ကျွန်တော်နဲ့ ကျွန်တော့်ညီမလေးက ဒီဘဝမှာ ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ပါဘူး"

ယင်ကျန်း ကိုယ်တိုင် သူ့ကိုထူမပေးလိုက်ပြီး "မင်းတို့ ဒီလောက်တောင် ရိုသေပြနေစရာ မလိုပါဘူး၊ ဒီအကြောင်းကို ငါသိသွားတယ်ဆိုတာကပဲ ရေစက်ပါလို့ မဟုတ်ဘူးလား၊ နတ်ဘုရားတွေနဲ့ ဗုဒ္ဓမြတ်စွာဘုရားကတောင် မင်းတို့ မောင်နှမကြားက ချစ်ခြင်းမေတ္တာကို ကြည့်ပြီး သနားသွားတယ် ထင်ပါရဲ့"

စံအိမ်တော်ရှိ ကိုယ်လုပ်တော်များအတွက် မျက်နှာသာပေးခံရရန် အပြိုင်အဆိုင် ကြိုးပမ်းခြင်းက အရေးအကြီးဆုံးကိစ္စဖြစ်သည်။

မျက်နှာသာပေးခံရမှုမရှိပါက ဘဝက အလွန်ခက်ခဲကြမ်း တမ်းလာမည်ဖြစ်ပြီး အစေခံများကပင် သူတို့အပေါ် အခွင့်ကောင်းယူချင်ကြလိမ့်မည်။

ဝူကော်ကော်မှာ ယင်ကျန်းအားဒေါသထွက်စေခဲ့ပြီး အကျယ် ချုပ်ကျခံနေရသဖြင့် မီးထွန်းပွဲတော် ညစာစားပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။

ယင်ကျန်းမှာ နေ့လယ်ပိုင်းတွင် ဆုတော်လာဘ်တော်များ လက်ခံရယူရန် နန်းတော်သို့ သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် ကိုယ်ပိုင်စံအိမ်တော်၌ ညစာစားပွဲကို တက်ရောက်ခဲ့သည်။

ဖူကျင်းမှာ ညစာစားပွဲကို အလွန်ကောင်းမွန်စွာ စီစဉ်ထားခဲ့ပြီး ပြဇာတ်အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းထားကာ ချန်ကော်ကော် သည်လည်း မင်းသားအား ကပြဖျော်ဖြေရန် စီစဉ်ထားခဲ့သည်။

ထိုနေ့မှာ လပြည့်နေ့ဖြစ်ပြီး လရောင်မှာ ကြည်လင်တောက်ပနေ၏။ ချန်ကော်ကော်သည် သူမ အခွင့်အရေးရောက်လာပြီဟု ခံစားလိုက်ရသည်။

ယင်ကျန်း သူမထံသို့ လာရောက်လည်ပတ်ခြင်း မရှိသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယခင်က သူ သူမကို မထိတွေ့ခဲ့လျှင်တောင် အနည်းဆုံးတော့ သူမ ကပြဖျော်ဖြေသည်ကို လာရောက်ကြည့်ရှုလေ့ရှိသည်။

သို့သော် ကမ်းချန်ချန်က သူမ မျက်နှာသာပေးခံရမှုကို စတင်လုယူကတည်းက အရာအားလုံး ပြောင်းလဲသွားပုံရသည်။

စတုတ္ထမင်းသားကို ထိုသို့သွေးဆောင်ဖြားယောင်းနိုင်လောက်အောင် ကမ်းချန်ချန်ဆီမှာ မည်သည့်အရာကများ ကိုကောင်းနေလဲဆိုတာကို သူမ မသိခဲ့ပေ။

ထိုကောင်မလေးမှာ အပြစ်ကင်းစင်သည့် ရုပ်ဆင်းသွင်ပြင် ရှိသော်လည်း အလွန်တရာ ကောက်ကျစ်စဉ်းလဲလှသည်။ သူမ၏ သွယ်လျသော ပခုံးများနှင့် သေးသွယ်သော ခါးလေးနှင့်အတူ စကားမပြောချိန်များတွင် သူမ မျက်လုံးများက ဟိုဟိုဒီဒီ မကြာခဏ ဝေ့ဝဲနေတတ်သဖြင့် ကောက်ကျစ်သော အသွင်ကို ပိုထင်ပေါ်စေသည်။

သူမက တောမှာ ကြီးပြင်းလာခဲ့တော့ အဆင့်နိမ့်တဲ့ ပညာရပ်တချို့ကို သင်ယူခဲ့တာ ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့လို့ သူမ ခန္ဓာကိုယ်ကိုပဲ အရင်းအနှီးလုပ်နိုင်တာပေါ့၊ အားကိုးစရာ အကစွမ်းရည်တွေ ရှိနေတဲ့ ငါနဲ့တော့ လုံးဝမတူဘူး၊ ငါ့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကြောင့် ငါ့ရဲ့ အကက တစ်ချိန်တုန်းကဆို ယင်ကျန်းကိုတောင် အံ့အားသင့်စေခဲ့တာပဲ

သူကတော့ လနတ်သမီး ချန်အာကို သဘောကျလို့ ငယ်ငယ်ထဲက သူ့လိုဖြစ်အောင်နေခဲ့တာ၊ ပြီးတော့ ယင်ကျန်းက ဗုဒ္ဓဘာသာကို ကြိုက်မှန်းသိလို့ ကြာပန်းတွေနဲ့ အေးစက်နေတဲ့ လမင်းကြီးလို အတုခိုးပြီး အထီးကျန်ဆန်ပေမယ့် နွေးထွေးတဲ့ကကွက်တွေကို ဖန်တီးဖြစ်ခဲ့တာ...

ကံမကောင်းတာကတော့ မင်းသားစံအိမ်တော်ထဲ ဝင်လာပြီးနောက်ပိုင်း ကုတင်ပေါ်မှာပြုစုပေးခွင့် တစ်ခါမှမရခဲ့တာပဲ၊ အဲ့မှာ သူမ စိတ်မရှည်တော့တာနဲ့ အစေခံမလေးရဲ့ အကြံကိုယူပြီး ယင်ကျန်းကို အရိပ်အမြွက်ပြပြီး သွေးဆောင်ဖို့ ခန္ဓာကိုယ်ဆွဲဆောင်မှုကို ဘယ်လို သုံးရမလဲဆိုတာ လေ့လာဖို့ ချည်ထိုးလက်ကိုင်အိတ်လေး တစ်လုံးကို ယူလာခိုင်းခဲ့မိတာ

သူမရဲ့ လှုပ်ရှားမှုတွေထဲမှာ သွေးဆောင်ဖြားယောင်းမှုလေး နည်းနည်း ထည့်သွင်းပြီး အဝတ်အစားပေါ်မှာ စွဲမက်ဖွယ်ကောင်းတဲ့ ခရမ်းရောင်ပိတ်ပါးလွှာလေးကို လွှမ်းခြုံထားခဲ့တယ်၊ ဒါပေမဲ့ ယင်ကျန်းကတော့ အဲ့တာကို ဂရုတောင်မစိုက်ခဲ့ဘူး၊ သူ့အကြည့်တွေက သူမကို ကြည့်နေပုံရပေမယ့် သူမကို ဖောက်ထွင်းပြီး တခြားတစ်ယောက်ယောက်ကို ကြည့်နေသလိုပဲ...

ဤအရာများသည် ချန်ဝမ်အာကို အလွန်စိတ်ပျက်စေခဲ့သည်။ ချည်ထိုးလက်ကိုင်အိတ် ပေါ်ပေါက်သွားခဲ့သဖြင့် ယွဲ့ယင်က သူမအတွက် ဖုံးကွယ်ပေးခဲ့သော်လည်း ချန်ကော်ကော်မှာ စိုးရိမ်မကင်းဖြစ်နေဆဲဖြစ်ပြီး တစ်နေ့နေ့တွင် စတုတ္ထမင်းသား သိရှိသွားကာ သူမကို အပြစ်ပေးမည်ကို အမြဲကြောက်ရွံ့နေခဲ့ရသည်။

အကယ်၍ သူမသာ မျက်နှာသာပေးခံရပြီး ကလေးတစ်ယောက် ရှိနေခဲ့မည်ဆိုလျှင် အရာအားလုံးက ကွဲပြားသွားမည်။ ဤတစ်ကြိမ် ဖူကျင်း၏လမ်းညွှန်မှုအောက်၌ သူမမှာ လက်ထဲတွင် မက်မွန်ပန်းခက်ကို ကိုင်ဆောင်ထားပြီး အနီရောင် အပေါ်၀တ် ပိတ်ပါးလွှာနှင့်အတူ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။

စင်မြင့်ပေါ်မှ သူမ၏ကျက်သရေရှိသော ကကွက်များကို ကြည့်ရှုရင်း ဖူကျင်းက ချီးမွမ်းလာသည်။

"ချန်ကော်ကော်ကတာ အရမ်းလှတာပဲ၊ မက်မွန်ပန်းနဲ့ လမင်းကြီးက တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးနေကြတယ်၊ အထီးကျန်ဆန်မှု၊ သန့်စင်မှုနဲ့ ကြံ့ကြံ့ခံနိုင်မှုစတဲ့ လှုပ်ရှားမှုတွေနဲ့ အမူအရာတွေကို ရောယှက်ထားတော့ လူတွေကို သာမန်လောကီကိစ္စတွေ မေ့သွားစေနိုင်လောက်တာပဲ"

သို့သော် ယင်ကျန်း အေးစက်စွာဖြင့် ပြောလာသည်။

"သူမရဲ့ အရင်တုန်းက ပုံစံက ပိုကောင်းတယ်၊ အနီရောင်က သူမနဲ့ မလိုက်ဖက်ဘူး၊ အအေးဒဏ်ထဲမှာ ပန်းတစ်ပွင့်တည်း လှပစွာ ပွင့်လန်းနေတဲ့ ကြံ့ကြံ့ခံနိုင်မှုက ကောင်းပေမယ့် လူတိုင်းနဲ့တော့ မသင့်တော်ဘူး၊ လရောင်ဆိုတာ ပိုပြီးနွေးထွေးကြင်နာတတ်တယ်"

သူမရဲ့အရင်တုန်းကပုံစံဆိုတာ အဲ့အဖြူရောင် ဝတ်စုံကြိးကို ပြောတာလား...

ဖူကျင်းနှင့် ချန်ဝမ်အာတို့ ယင်ကျန်းကို နားမလည်နိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။ သူသည် လီစဲဖူကို နှစ်အ တော်ကြာ မျက်နှာသာပေးခဲ့ပြီး လီစဲဖူမှာ တောက်ပသော အရောင်များကို အနှစ်သက်ဆုံးဖြစ်သည်။

စုန့်ကော်ကော်မှာ ဖျားနာတတ်သော အလှလေးတစ်ဦး ဖြစ်သော်လည်း ယင်ကျန်းက သူမ၏ပြတင်းပေါက်ဘေးတွင် မက်မွန်ပန်းများထားရှိခွင့် ပြုထားခဲ့သည်။

ကမ်းချန်ချန်နှင့် ပတ်သက်၍မူ သူမ မျက်နှာသာပေးခံရကတည်းက တောက်ပသော ပန်းရောင်အင်္ကျီများကို မကြာခဏ ဝတ်ဆင်လေ့ရှိပြီး ထိုအရာကို ယင်ကျန်းက ကြည့်ကောင်းသည်ဟု ပြောခဲ့သည်။

အခုမှ ချန်ကော်ကော် အနီရောင်ဝတ်တာကိုကျ သူ ဘာလို့မနှစ်သက်ရတာလဲ။

ယင်ကျန်း စကားကို ကြားလိုက်ရသောအခါ ကမ်းချန်ချန်မှာ သူမ၏တက်ကြွပြီး ဆွဲဆောင်မှုရှိသောပန်းရောင် အင်္ကျီလေးကို ငုံ့ကြည့်ကာ နှုတ်ခမ်းဆူမိလိုက်သည်။

[သူ အရင်တုန်းက မက်မွန်ပန်းတွေကို သဘောကျတယ် မဟုတ်ဘူးလား၊ ဒီနေ့ ဘာဖြစ်နေတာလဲ]

[ငါ့အဝတ်အစား အရောင်က အနီရောင် မက်မွန်ပန်းတွေနဲ့ မတူနေလို့ တော်သေးတာပေါ့၊ ဒါပေမဲ့ ပြန်တွေးကြည့်ရင် ငါက ဘာလို့ သူ့အမြင်ကို ဒီလောက်တောင် ဂရုစိုက်နေရမှာလဲ]

ရုတ်တရက် ပူလောင်နေသော အကြည့်တစ်ခု သူမအပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသဖြင့် ကမ်းချန်ချန်မော့ ကြည့်လိုက်ရာ လင်းလက်တောက်ပနေပြီး ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသော မျက်ဝန်းများနှင့်ဆုံလိုက်ရလေသည်။

သူသည် ယခင်ကကဲ့သို့ ခပ်တန်းတန်း မဟုတ်တော့ဘဲ ဖော်ပြ၍မရနိုင်သော ပြင်းပြသည့် ခံစားချက်များဖြင့် သူမကိုကြည့်နေသည်။

[သူက ဘာကို ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ၊ ငါလေး နားမလည်တော့ဘူး၊ ဒီတိုင်း အကကြည့်နေတာလေးကို၊ အဲဒါက တကယ်ပဲ အရမ်းကြီးလွန်းတဲ့ ကိစ္စဖြစ်သွားတာလား]

[ငါ့ကို လာမကြည့်နဲ့ မကြည့်နဲ့လို့၊ မဟုတ်ရင် ရှင့်ကို ကုတ်ပစ်လိုက်မှာနော်]

All Chapters