အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
🌻 Chapter 71
သူမသည် သူ့အကြည့်များကို ရှောင်ဖယ်ကာ လက်ဖက်ရည် တစ်ငုံအား အငမ်းမရ သောက်ချလိုက်သည်။
နွေးထွေးသော အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လီစဲ့ဖူက ပြုံးလျက်ပြောလာသည်။
"မက်မွန်ပန်းတွေရဲ့ အဓိပ္ပာယ်က ကံဆိုးသောထွက်ခွာခြင်းလေ၊ အဓိပ္ပာယ်ကို ကျက်သရ်ေရှိတာ၊ အခုလိူ မီးပုံးပွဲတော်မှာ ဒီအကကိုကဖို့ ရွေးချယ်ခဲ့တဲ့ ချန်ကော်ကော် ဘာတွေတွေးနေခဲ့လဲ မသိဘူး"
ဤသည်ကို ကြားသောအခါ ဖူကျင်းမျက်နှာမှာ မည်းမှောင်သွားရသည်။
[သူ တစ်ဖက်လှည့်နဲ့ စော်ကားနေတာပဲ]
[သူမဘာသာ မက်မွန်ပန်းတွေကို မကြိုက်တာ နားလည်ပေးလို့ရပေမယ့် ဒီလိုနေရာမျိုးမှာ အခုလိုစကားမျိုးပြောထွက်တာက လူတော်တော်များများကို စော်ကားရာ မရောက်ဘူးလား]
သူမ ထင်သည့်အတိုင်းပင် စုန့်ကော်ကော်မှာ မခံမရပ်နိုင်ဖြစ်သွားကာ ရွဲ့သဲ့သဲ့ပြောလာသည်။
"စဲ့ဖူက ဗဟုသုတ သိပ်ကြွယ်ဝတာပဲ၊ စကားလုံးတွေကို တိတိကျကျ ရွေးချယ်ပြီးသုံးတာ အရမ်းတော်လိုက်တာနော်"
လီစဲ့ဖူ မေးကိုပင့်မြှောက်ကာ ပြောသည်။
"ဒါပေါ့"
စုန့်ကော်ကော် "ဒါဆိုရင် မက်မွန်ပန်းဆိုတဲ့ အဓိပ္ပာယ်က စောစော အိမ်ထောင်ကျတာကို ရည်ညွှန်းချင်တဲ့ အောင်သွယ်တော်ဆိုတဲ့ အသံထွက်နဲ့ တူသလို ပျော်ရွှင်မှုကို မျှော်လင့်တဲ့သူဆိုတဲ့ အသံထွက်နဲ့လည်း တူတယ်ဆိုတာ မကြားဖူးဘူးလား၊ သာယာလှပတဲ့ နေ့တစ်နေ့နဲ့ လှပတဲ့မိန်းမပျိုကို ကိုယ် စားပြုတဲ့ အလှတရားဆိုတဲ့ အသံထွက်နဲ့လည်းတူတယ်လေ၊ တချို့လူတွေက စိတ်ထားမည်းညစ်တော့ ကျီးကန်းမှန်သမျှ အကုန်မည်းတယ်လို့ပဲ ထင်ကြတာနဲ့တူတယ်"
လီစဲ့ဖူ ဒေါသတကြီးဖြင့် ကြည့်လာသည်။
"နင် ဘယ်သူ့ကို ပြောနေတာလဲ"
စုန့်ကော်ကော်မှာ ပါးစပ်ကို လက်ဖြင့်ကွယ်ကာ တခစ်ခစ်ရယ်မောပြီး
"စဲ့ဖူ... ဒေါသမထွက်ပါနဲ့၊ ဒီနေ့က တကယ်ကို မင်္ဂလာရှိတဲ့နေ့ဆိုတော့ ကျွန်တော်မျိုးမရဲ့ ဘာသာစကားစွမ်းရည်ကို စမ်းသပ်ကြည့်တာပါ၊ ကျွန်တော်မျိုးမတို့ ကျန်းနန်ဒေသမှာ ကျောက်စိမ်းဆိုတဲ့ စကားလုံးက ဘယ်အသံထွက်နဲ့ တူလဲဆိုတာရော သိလား"
လီစဲ့ဖူ "ကျောက်စိမ်းဆိုတာ မြင့်မြတ်တာကိုဆိုလိုတာပဲလေ၊ တခြား ဘယ်အသံထွက်နဲ့ တူရဦးမှာလဲ"
စုန့်ကော်ကော် "ကျောက်စိမ်းဆိုတာ အသားဆိုတဲ့ စကားလုံးနဲ့လည်း အသံထွက်တူတယ်လေ၊ အသားများလေ ကောင်း ချီးပိုများလေဆိုတဲ့ စကားပုံလိုပဲ စဲ့ဖူက ကောင်းချီးတွေ အရမ်းများနေမှာ သေချာပါတယ်
လီစဲ့ဖူ "နင်"
ဖူကျင်း အလျင်အမြန် ဝင်ပြောသည်။
"စဲ့ဖူက သိပ်နားမလည်ပုံပဲ၊ လီအာ... နင် သူ့ကို နောက်မှ သီးသန့် သင်ပေးလို့ရတယ်လေ၊ ဒီနေ့က သာယာလှပတဲ့ နေ့တစ်နေ့ဆိုတော့ နောက်ထပ် တစ်ယောက်ယောက်များ အရှင်မင်းသားအတွက် ဖျော်ဖြေဖို့ အရည်အချင်းတစ်ခုခုပြင်ဆင်ထားတာ ရှိလား"
လူတိုင်း တိတ်ဆိတ်သွားကြသည်။ စုန့်ကော်ကော်မှာ ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီတို့တွင် ကျွမ်းကျင်သော် လည်း ဖျော်ဖြေခြင်းဆိုသည်မှာ ယောကျာ်းများကို မြှူဆွယ်ရန်အတွက်သာ လုပ်ရသည်ဟုထင်သဖြင့် ဖျော်ဖြေရေးများကို ရွံရှာနေခဲ့သည်။
လီစဲ့ဖူနှင့် ကမ်းချန်ချန်တို့မှာ ဘာတက်ကျွမ်းမှုမှမရှိသဖြင့် မည်သည့်အရာကိုမျှ ဖျော်ဖြေရန် ရည်ရွယ်ချက်မရှိကြပေ။
အချိန်လင့်လာပြီဖြစ်သည်ကို မြင်သောအခါ ယင်ကျန်းက သူ့ ခွက်ကို မြှောက်ကာ ပြောသည်။
"လာ၊ အားလုံး အတူတူသောက်ကြရအောင်"
ထိုညတွင် လဆန်းတစ်ရက်နှင့် လပြည့်နေ့တိုင်း ပမာဏဇနီးသည်ထံ သွားရောက်ရသည့်ဓလေ့အရ ယင်ကျန်းသည် သူ၏ပမာဏဇနီးသည် ဖူကျင်းထံအိပ်စက်ခဲ့သည်။
သို့သော် ထိုသူနှစ်ဦးမှာ ခုတင်တစ်လုံးတည်းတွင် အိပ်စက်ကြသော်လည်း အိပ်မက်များကတော့ တစ်ကွဲတစ်ပြားစီဖြစ်နေကြသဖြင့် ပြောစရာစကားလည်း မရှိခဲ့ကြပေ။
ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များတွင် သူမ သူ့အပေါ် မမျှော် လင့်မှုကို ယင်ကျန်းခံစားနိုင်ပြီး သူတို့နှစ်ယောက်ပိုဝေးကွာလာကြသည့်အပေါ် တိတ်တဆိတ်နောင်တရနေမိသည်။ ဖြစ်နိုင်သည်မှာ သူတို့နှစ်ဦး ဘယ်တုန်းကမှ ရင်းနှီးကျွမ်းဝင်ခဲ့ခြင်းမရှိခဲ့ပုံပင်။
ကမ်းချန်ချန်အတွေးများကို သူ ကြားနိုင်သကဲ့သို့ သူ့ ပမာဏဇနီးသည် အတွေးများကိုသာ ကြားနိုင်ခဲ့မည်ဆိုလျှင် သူတို့၏နေ့စဉ်ဆက်ဆံရေးများ ပြောင်းလဲသွားနိုင်မည်လားဟု မတွေးဘဲ မနေနိုင်ခဲ့ချေ။
သို့သော်လည်း ယခုအခါ ထိုအရာက အရေးမကြီးတော့ပေ။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ ထပ်ကြိုးစားရမည်ကို ပင်ပန်းနေပြီဖြစ်သည်။
သူမမှာ မြင့်မြတ်ပြီးနာခံတတ်သော ဇနီးကောင်းတစ်ယောက်ဖြစ်ရန်သာ အာရုံစိုက်ပုံရသည်။ အိပ်ရာထဲတွင်ပင် သစ်တုံးတစ်တုံးကဲ့သို့ တောင့်တင်းနေပြီး အကြိမ်တိုင်းရုန်းကန်နေတတ်ကာ အချိန်၊ နည်းလမ်းနှင့် အကြိမ်အရေအတွက်ကိုပင် ရံဖန်ရံခါ သတိပေးလေ့ရှိသည်။ ထိုအရာမှာ စိတ်ပျက်စရာကောင်းလှသည်။
သူ့ ခမည်းတော်မှာ ဝူလာနာလာမျိုးနွယ်စုမှ ချွင်းစုနှင့် သူ့အား လက်ဆက်ပေးမည်ဟု နန်းတော်တွင် ရုတ်တရက် ကြေညာခဲ့သောနေ့ကို ယင်ကျန်း ပြန်မတွေးမိဘဲ မနေနိုင်တော့ပေ။
သူ့ ခမည်းတော်မှာ အနာဂတ်တွင် အိမ်ရှေ့စံမင်းသားအား ပိုမိုကောင်းမွန်စွာ ကူညီနိုင်ရန် ဤမျှကောင်းမွန်သော အိမ် ထောင်ရေးကိုစီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သူသိသော်လည်း ခမည်းတော်၏ဂရုစိုက်မှုကြောင့် တိတ်တဆိတ် ဝမ်းသာနေမိသည်။
ထို့အပြင် ဝူလာနာလာမျိုးနွယ်စုနောက်ကွယ်ရှိ အဝါရောင်တပ်ဖွဲ့၏ထောက်ခံမှုနှင့်အတူ ထင်ရှားမှုနည်းပါးသော မျိုးနွယ်စုမှ ဆင်းသက်လာသည့် မင်းသားတစ်ပါးဖြစ်သော သူသည် နန်းတော်တွင် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကိုရရှိနိုင်မည်ပင်။ မည်သို့ပင်ဆိုစေကာမူ ဤအိမ်ထောင်ရေးမှာ သူ့အတွက် အကျိုးရှိသောအရာဖြစ်သည်။
သို့သော် သူတို့ မင်္ဂလာဦးညတွင် မျက်နှာကာကိုခွာချလိုက်သောအခါ ရေခဲကဲ့သို့ အေးစက်နေသော မျက်နှာတစ်ခုကို တွေ့ရလိမ့်မည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။
သူမမှာ အသက် ၁၄ နှစ်သာ ရှိသေးပြီး သူ့ထက် သုံးနှစ်ပိုငယ်သည်။ ယင်ကျန်း တိုက်ရိုက်ပင် မေးလိုက်သည်။
"မင်း မပျော်ဘူးလား"
ချွင်းစု အတင်းပြုံးကာ "မဟုတ်တာ အရှင့်သားရယ်၊ ကျွန်တော်မျိုးမက ဒီအတိုင်းပဲ အေးစက်စက်နေတတ်လို့ပါ"
ကံကောင်းထောက်မစွာဖြင့် သူမမှာ သူ့အပေါ် အနည်းငယ် အေးစက်သော်လည်း အိမ်ထောင်ရေးကိစ္စရပ်အားလုံးကို အလွန်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သဖြင့် သူ့အား စိုးရိမ်ပူပန်မှုများမှ ကင်းဝေးစေခဲ့သည်။
ဝူလာနာလာသာ မည်သည့်အမှားမှ မလုပ်သရွေ့ သူမမှာ အမြဲတမ်း သူ၏ပမာဏဇနီးဖြစ်နေမည်ဖြစ်ပြီး သူတို့အတူ တကွ ရိုးရှင်းကာ အေးချမ်းသော ဘဝတစ်ခုကိုဖြတ်သန်းနိုင်မည်ပင်။
ကမ်းချန်ချန်မှာ အခန်းတွင်းရှိ အုတ်ခုတင်အလွတ်ပေါ်တွင် လှဲလျောင်းနေရင်း သူမဘေးရှိနေရာကို စမ်းမိကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
အမှောင်ထဲတွင် နှင်းလုံးလေး၏မျက်လုံးများက စိမ်းလဲ့စွာ တောက်ပနေသည်။ သူလေးသည် အုတ်ခုတင်ပေါ်သို့ ရုတ်တရက် ခုန်တက်လာပြီး ကမ်းချန်ချန် လက်ဖဝါးနှင့် သူ့နဖူးကို ပွတ်သပ်လာလေသည်။
ကမ်းချန်ချန် ပြုံးမိသွားကာ သူလေးကိုကောက်ချီလိုက်ပြီး သူမ အိပ်ရာထဲသို့ ထည့်ပြီး ကျေနပ်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်တော့သည်။
မတ်လအစောပိုင်းတွင်သာ ဖြစ်သောကြောင့် ဆောင်းဦး၏ အအေးဒဏ်က ကျန်ရစ်နေဆဲဖြစ်သည်။ ကမ်းချန်ချန်မှာ စုန့်ကော်ကော်၏ခြံဝင်းအတွင်းတွင် ပန်းချီပညာကို လုံ့လများစိုက်ထုတ်၍ လေ့လာနေခဲ့သည်။
"အစ်မတော်... ကျွန်တော်မျိုးမရဲ့ ပန်းချီကားက ဘယ်လိုနေလဲ"
"အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဆွဲတဲ့အဆင့်တွေ မှားနေတယ်"
"ဘယ်နေရာက မှားနေတာလဲ"
"သစ်ကိုင်းဟောင်းနဲ့ သစ်ကိုင်းအသစ်တွေရဲ့ ဆွဲတဲ့အဆင့်တွေ မှားနေတာ၊ အရင်ဆုံး သစ်ကိုင်းဟောင်းတွေကို ဆွဲရမယ်၊ ပြီးမှ သစ်ကိုင်းအသစ်တွေကို ဆွဲရမယ်"
"အိုး... ကျွန်တော်မျိုးမ နားလည်ပါပြီ၊ သစ်ကိုင်းအဟောင်းက သစ်ကိုင်းအသစ်အတွက် အခြေခံကို ပံ့ပိုးပေးတာပဲ၊ သစ်ကိုင်းအဟောင်း မရှိဘဲနဲ့ အသစ်တွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"
"ဟုတ်တယ်၊ ညီမတော်က တကယ်ကို ဉာဏ်ကောင်းတာပဲ"
"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မတော်၊ ကျွန်တော်မျိူးမ ပြန်ရောက်ရင် ကြိုးစားပြီးလေ့ကျင့်ပါ့မယ်"
ကမ်းချန်ချန်မှာ ထိုလှပသော်လည်း မကျန်းမာသော အမျိုး သမီးကို အချိန်ကြာကြာ အနှောင့်အယှက်မပေးဝံ့ပေ။ သူမ တစ်နာရီခန့်အကြာနေပြီးမှ ထွက်ခွာလာခဲ့သည်။
မွန်းတည့်နေက တောက်ပစွာတည်ရှိနေကာ ကောင်းကင်ပြာကြား တိမ်တိုက်များက ဖြူဖွေးနေသည်။ ကမ်းချန်ချန်သည် သူမ မျက်လုံးများကိုကာလျက် အထက်သို့ မော့ကြည့်နေ သည်။ သူမ ပန်းချီဆွဲနိုင်ရန် သင်ယူနေသည့်အတွက် အသေး စိတ်တိုင်းကို သေချာလေ့လာရမည်ဖြစ်သည်။
"ကော်ကော်... ကြည့်ပါဦး၊ အဲဒါ နှင်းလုံးလေး မဟုတ်ဘူးလား"
ယွင်ကျွမ်း အလန့်တကြား ပြောလာသည်။
ကမ်းချန်ချန် ယခုအမြင်အာရုံမှာ ခေတ်သစ်ကာလထက် များစွာပိုကောင်းသည်။ မီတာဆယ်ဂဏန်းကျော် အကွာအဝေးမှ ဥယျာဉ်အလယ်ရှိ အမျိုးသားတစ်ဦး၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခံထားရသော ကြောင်ကလေးကိုပင် သူမ မြင်နိုင်ပြီး ၎င်းမှာ သူမ၏နှင်းလုံးလေးပင်ဖြစ်သည်။
နှင်းလုံးလေးကို ပွေ့ဖက်ထားသည့် အရပ်ရှည်ရှည်နှင့် ထိုအမျိုးသားကိုတော့ သူမ ရှင်းလင်းစွာမမြင်ရချေ။
သူမနှင့် ယွင်ကျွမ်းတို့သည် ပိုမိုရှင်းလင်းစွာ မြင်ရရန် ရှေ့သို့ ခြေလှမ်း အနည်းငယ်တိုးသွားကြသည်။ ထိုအမျိုးသားသည် နဂါးပုံစံပါရှိသော တရုတ်ဆီးသီးဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
နေပါဦး... ခန်းရှီဘုရင်က ဒီလောက် ငယ်ရွယ်နိုင်မှာ မဟုတ်ဘူး၊ ဒီအမျိုးသားက ယင်ကျန်းထက် အသက်နည်းနည်းပဲ ကြီးပုံပဲ၊ ဒါဆိုရင် ဒါ အိမ်ရှေ့စံမင်းသားမလား...
သူမ အလကားသက်သက် စိတ်လှုပ်ရှားမိသွားတာပဲ။
ကမ်းချန်ချန်က ယွင်ကျွမ်းကိုတိတ်တိတ်နေရန် အချက်ပြလိုက်ပြီး သူတို့နှစ်ဦးမှာ အနားသို့မသွားခဲ့ကြပဲ ထိုအစား အနီးနားရှိ ကျောက်ဆောင်တုတစ်ခုအနောက်တွင် ပုန်းကွယ်ကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။
စတုတ္ထမင်းသား၏ကိုယ်လုပ်တော် တစ်ဦးအနေဖြင့် သူမသည် အမျိုးသားတစ်ဦးနှင့် စကားမပြောသင့်ပေ။
သို့သော် အကြောင်းတစ်ခုခုကြောင့် အိမ်ရှေ့စံမင်းသားသည် ဆီးနှင်းပန်းပင်အောက်တွင် တစ်ယောက်တည်း ရပ်နေကာ သူမ၏နှင်းလုံးလေးကို ပွေ့ဖက်ထားလေသည်။
အိမ်ရှေ့စံမင်းသားတွင် ဒေါသကြီးသော စရိုက်ရှိကြောင်း ကမ်းချန်ချန် သိထားသည်။ ထိုသည်မှာ ဤကမ္ဘာအကြောင်း အချက်အလက်များမှ မဟုတ်ဘဲ ယခင်ရုပ်ရှင်များနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းများမှ ကောက်နုတ်ထားသော မှန်းဆချက်များအရ သိထားခြင်းပင်။
🌻 Chapter 72
သူ့ မြင့်မြတ်သောမျိုးရိုးနှင့် ငယ်စဉ်ကတည်းက ခန်းရှီဘုရင်၏အလိုလိုက်ခံရမှုတို့ကို ထည့်သွင်းစဉ်းစားပါက သူ့ကို ရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း သူမ တွေးနေမိသည်။
ထို့ကြောင့် သူမသည် အနီးသို့ မသွားရဲဘဲ ကျောက်ဆောင်တုနောက်ရှိ မီတာအနည်းငယ် အကွာမှသာ ပုန်းကာ စောင့်ကြည့်နေခဲ့သည်။
နှင်းလုံးလေးသည် သူစိမ်းများအနီးတွင် လိမ္မာရေးခြားရှိလှသည်တော့ မဟုတ်ပေ။ သူလေး၏ခေါင်းမှာ ဟိုဘက်ဒီဘက် ယိမ်းနွဲ့နေပြီး သူ့ခန္ဓာကိုယ်ကို ချုပ်ကိုင်ထားသော လက်များကို ကိုက်ရန် လိမ္မာပါးနပ်သော ထောင့်တစ်ခုကို ရှာဖွေနေပုံရသည်။
နှင်းလုံးလေးက အိမ်ရှေ့စံမင်းသားကိုသာ ကိုက်မိသွားပြီး မင်းသားက ဒေါသတကြီးဖြင့် နှင်းလုံးလေးကို ပစ်ပေါက်လိုက်မည်ကို ကမ်းချန်ချန် စိုးရိမ်တကြီးဖြစ်နေချိန် လက် လေးတစ်ဖက်က သူမ၏စကတ်ကို လာဆွဲသည်။
"ကမ်းကော်ကော်... သမီးတို့နဲ့ အတူတူ စွန်သွားလွှတ်မလားဟင်"
ကမ်းချန်ချန် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ ထင်သည့်အတိုင်းပင် လီစဲ့ဖူ ကလေးနှစ်ယောက်ဖြစ်နေသည်။
သူတို့သည် လီစဲ့ဖူနှင့် ခုနစ်ပုံ၊ ယင်ကျန်းနှင့် သုံးပုံခန့်တူညီသော ဖောင်းမို့မို့မျက်နှာလေးများဖြင့် ယောကျာ်းလေးတစ်ယောက်နှင့် မိန်းကလေး တစ်ယောက်ဖြစ်သည်။
ကလေးမလေးသည် လိပ်ပြာစွန်အကြီးကြီး တစ်ခုကိုကိုင်ထားရင်း သူမအား မျှော်လင့်တကြီးကြည့်နေသည်။
နှင်းလုံးလေးကို ပြုစုစောင့်ရှောက်ရန်အတွက် သူမသည် ယခင်က လီစဲ့ဖူနှင့် အတူ နေထိုင်ခဲ့ဖူးသဖြင့် ထိုမောင်နှမနှစ်ဦးနှင့် ရင်းနှီးခဲ့ခြင်းပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့၏စွန်မှာ သစ်ပင်ပေါ်တွင် ငြိနေခဲ့ပြီး ဟွာစန်းကို သွားယူခိုင်းခဲ့သူမှာ ကမ်းချန်ချန်ပင်ဖြစ်သည်။
ထို့နောက် ကမ်းချန်ချန်သည် သူမ၏ကလေးဘဝက စွန်လွှတ်ခဲ့ရသည့် ပျော်ရွှင်မှုများကို ပြန်လည်အမှတ်ရကာ ညနေခင်းကို သူတို့နှင့်အတူ ကစားရင်း ကုန်ဆုံးခဲ့သည်။
ထို့ကြောင့် ကလေးနှစ်ဦးက ကမ်းချန်ချန်အား အသက် အရွယ် ကွာခြားသော်လည်း သူတို့၏သူငယ်ချင်းအဖြစ် သတ်မှတ်ထားကြသည်။
သူမသည်လည်း စွန်ပြန်လွှတ်ချင်စိတ် ပေါ်လာသော်လည်း ယခုအချိန်က သင့်တော်သည့် အချိန်မဟုတ်သောကြောင့် ကမ်းချန်ချန်က တိုးညှင်းစွာပြောသည်။
"ကလေးတို့နှစ်ယောက် ဘာသာ ကစားကြနော်၊ လိမ္မာတယ်... ဟိုဘက်ကို သွားကစားကြ၊ မနက်ဖြန်ကျမှ မမနဲ့ကစားကြတာပေါ့"
သူတို့ကို ပြုစုစောင့်ရှောက်နေသော အထိန်းတော်လည်း ရောက်လာကာ "သခင်လေးယွင်၊ သခင်မလေးရုံ၊ ဟိုဘက်သွား ကစားကြရအောင်၊ ကမ်းကော်ကော်ကို မနှောင့်ယှက်ပါနဲ့"
ကမ်းချန်ချန် အထိန်းတော်အား ခေါင်းညိတ်ပြလိုက်ပြီးနောက် သခင်မလေးရုံက ရင်ဘတ်ထဲမှ ပဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။ ပဝါမှာ အစားအစာများထည့်ထားသဖြင့် ဖောင်းကားနေပြီး ဆီများပင် စိမ့်ထွက်နေလေသည်။
သခင်မလေးရုံက ပဝါကိုကမ်းချန်ချန်ထံသို့ ကမ်းပေးကာ ခေါင်းလေးစောင်း၍ ရိုးသားစွာပြောသည်။
"ဒါက နှင်းလုံးလေးအတွက် ငါးခြောက်တွေပါ၊ သမီးကိုယ်စား သူ့ကို ပေးပေးပါနော်"
ကမ်းချန်ချန် ပဝါကိုလက်ခံလိုက်ပြီး ပြောသည်။
"သူ့ကိုယ်စား ကျေးဇူးတင်ပါတယ်နော်၊ လိမ္မာတဲ့ကလေးလေးတွေ၊ သွားကစားကြတော့နော်"
ကလေးနှစ်ဦးမှာ လက်ချင်းချိတ်ကာ ထွက်သွားကြစဉ် အိမ်ရှေ့စံမင်းသားသည် ဤနေရာမှ ဆူညံသံများကို ကြားနေရပြီဖြစ်သော်လည်း လာရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သို့သော် နှင်းလုံးလေးမှာ အနံ့ခံအလွန်ကောင်းပြီး ကမ်းချန်ချန်ထံမှ ငါးခြောက်နံ့ကို ရသွားလိမ့်မည်ဟု မည်သူကသိနိုင်မည်နည်း။
"မြောင်~"
နှင်းလုံးလေးသည် ယင်ရင်း၏ရင်ခွင်ထဲတွင် ပြင်းထန်စွာ ရုန်းကန်နေပြီး ကမ်းချန်ချန်ထံသို့ သွားချင်နေလေသည်။
ကမ်းချန်ချန်နှင့် သူမ အစေခံယွင်ကျွမ်းတို့ နှစ်ဦးစလုံးသည် နှင်းလုံးလေး၏အော်သံကြောင့် ကျောက်ဆောင်တုနောက်မှ ထွက်ကြည့်လာသည်။
ကျောက်ဆောင်တုနောက်မှ ထွက်လာသော မျက်နှာနှစ်ခုကို မြင်သောအခါ အိမ်ရှေ့စံမင်းသားသည် မရယ်ဘဲ မနေနိုင်ခဲ့ချေ။
"ဟာဟားဟား၊ မင်းတို့နှစ်ယောက် အဲဒီမှာ ဘာလို့ ပုန်းနေကြတာလဲ"
ကမ်းချန်ချန်မှာ ရှေ့သို့မထွက်ခင် တုံ့ဆိုင်းနေခဲ့ပြီးနောက် အရိုအသေပေးကာ ပြောသည်။
"အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်ရှင်"
"ကောင်းပြီ၊ တရားဝင် လုပ်ထုံးလုပ်နည်းတွေ မလိုပါဘူး"
အိမ်ရှေ့စံမင်းသားက သူတို့ဆီသို့ လျှောက်လာရာ ကမ်းချန်ချန်မှာ တောင့်တင်းသွားပြီး စိတ်လှုပ်ရှားနေမိသည်။
"ဒီကြောင်ကို မင်း မွေးထားတာလား"
"ကျွန်တော်မျိုးမက လက်ရှိမှာ စတုတ္ထမင်းသားရဲ့အမိန့်နဲ့ သူ့ကို အစာကျွေးနေတာပါ"
"အရင်က မဟုတ်ဘူးလား"
ကမ်းချန်ချန် ခေါင်းခါပြကာ ပြောသည်။
"ဒီကြောင်က အိမ်ရှေ့စံမင်းသားကိုများ စော်ကားမိလို့လားရှင်၊ ဒီလိုကြောင်မျိုးက နူးညံ့ပြီးမွေးရတာ မလွယ်ကူပေမယ့် သူတို့က သစ္စာရှိပါတယ်၊ သခင်အဖြစ် အသိအမှတ်ပြုထားတဲ့ ဘယ်သူ့ကိုမဆို တွယ်တာတတ်ကြပါတယ်"
ယင်ရင်း ပြုံးလိုက်ကာ နှင်းလုံးလေးကို သူမထံသို့ကမ်းပေး လိုက်သည်။ နှင်းလုံးလေးသည် ကမ်းချန်ချန်၏ ရင်ခွင်ထဲသို့ ရောက်သည်နှင့် တပြိုင်နက် ငါးခြောက်ရှာရန် သူမ အကျီလက်အတွင်းသို့ ခေါင်းလျှိုဝင်သွားသော်လည်း ကမ်းချန်ချန်က လက်တစ်ဖက်ဖြင့် ဖိချထားသည်။
အိမ်ရှေ့စံမင်းသားက သူမနှင့် နှင်းလုံးလေးတို့၏ အပြန်အ လှန် ဆက်ဆံမှုကိုကြည့်ကာ မျက်လုံးများ မှေးစင်းသွားသည်အထိ ရယ်မောနေလေသည်။ သို့သော် သူ့ အကြည့်များက သူမ၏ နှုတ်ခမ်းဆီသို့ ရောက်သွားသောအခါ ရုတ်တရက် ရပ်တန့်သွားပြီး မေးသည်။
"ဒီ နှုတ်ခမ်းနီကို ဘယ်ကနေဝယ်တာလဲ"
သူ့ မေးခွန်းကြောင့် လန့်သွားသော ကမ်းချန်ချန်က အလျင် အမြန် ခြေနှစ်လှမ်းဆုတ်လိုက်ကာ ပြန်ပြောလိုက်သည်။
"ကျွန်တော်မျိုးမမှာ လုပ်စရာတခြားကိစ္စတွေ ရှိသေးလို့ ခွင့်ပြုပါဦးရှင်"
သူမ ထွက်သွားရန် လှည့်လိုက်သော်လည်း အိမ်ရှေ့စံမင်း သား၏ အသံမှာ ရုတ်တရက် ဒေါသသံပါလာလေသည်။
"ရပ်လိုက်စမ်း၊ ငါက မင်းကို မေးခွန်းမေးနေတာ ဘာလို့မဖြေတာလဲ"
ကမ်းချန်ချန်မှာ ပြန်မဖြေရဲချေ။ ထိုနှုတ်ခမ်းနီမှာ စုန့်ကော်ကော်ထံမှ လက်ဆောင်ဖြစ်ပြီး စုန့်ကော်ကော်၏နာမည်ကို သာထုတ်ပြောလိုက်ပါက သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သည်။