အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
🌻 Chapter 73
ထို့ပြင် အိမ်ရှေ့စံမင်းသားမှာ အလွန်ပင် စည်းကမ်းမဲ့လှပြီး သူမ နှုတ်ခမ်းများကို စိုက်ကြည့်နေသဖြင့် ဤတစ်ကြိမ်တွင် သူမသည် မဆင်မခြင် ထပ်မပြောရဲတော့ပေ။
ကမ်းချန်ချန်သည် ဘာလုပ်ရမှန်းမသိဖြစ်ကာ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး အစတည်းက သတ္တိနည်းသော ယွင်ကျွမ်းမှာမူ ယခုအခါတွင် အကြောက်လွန်ကာ ကြက်သေသေနေပြီး မည်သို့ လုပ်ရမည်၊ မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။
ကံကောင်းထောက်မစွာဖြင့် မင်းသား ၁၃ ၏အသံသည် အနောက်ဘက်မှ ထွက်ပေါ်လာလေသည်။
"အစ်ကိုတော်ဒုတိယမင်းသား၊ ညီတော်တွေ အားလုံးက အခန်းထဲမှာ အရက်သောက်ဖို့စောင့်နေကြတယ်၊ ဘာလို့ ဒီကို တစ်ယောက်တည်း ရောက်လာရတာလဲ၊ ကျွန်တော်တို့က နေရာအနှံ့ လိုက်ရှာနေကြတာ"
ခြေသံများအရ မင်းသား၁၃နှင့်အတူ အခြားလူတစ်ယောက်လည်း ပါလာပုံရသည်။
ကမ်းချန်ချန်သည် လှည့်ကာ ယင်ကျန်းကို တိတ်တဆိတ် ကြည့်လိုက်ရာ သူ၏ နက်မှောင်သော မျက်ဝန်းများသည် တစ်ဝက်ခန့် မှေးစင်းနေပြီး သူမအပေါ်၌သာ စူးစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
သူမ၏ လည်ပင်းအနောက်ဘက်မှ စိမ့်တက်လာသော အအေးဒဏ်ကြောင့် ကမ်းချန်ချန်မှာ လည်ပင်းကို ပုလိုက်မိပြီး ရင်များ တဒိန်းဒိန်း ခုန်လာရသည်။
[ငါက အိမ်ရှေ့စံမင်းသားကို တမင်သက်သက် မြှူဆွယ်နေတယ်လို့ သူ သံသယဝင်သွားမလား၊ ဒါဆိုရင် မြစ်ဝါမြစ်ထဲ ခုန်ချပြီး ရှင်းပြရင်တောင် ငါ့နာမည် သန့်ရှင်းနိုင်တော့မှာ မဟုတ်ဘူး၊ ဥယျာဉ်ထဲကနေ ဖြတ်သွားရင်းနဲ့ အိမ်ရှေ့စံမင်းသားနဲ့ဆုံမယ်လို့ ဘယ်သူက ကြိုသိမှာလဲ]
ကမ်းချန်ချန်၏အတွေးများကို ကြားလိုက်ရသောအခါ ယင်ကျန်းသည် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူ့ နောင် တော်ဒုတိယမင်းသားသည် လူအများ၏အာရုံစိုက်မှုကိုခံရရန် မွေးဖွားလာသူဖြစ်ပြီး ဧကရာဇ်မင်းကြီး၏သီးသန့် မျက်နှာသာပေးမှုကို ခံစားနေရသောကြောင့် သူမပင်လျှင် အစွဲဆောင်ခံရမည်ကို သူ စိုးရိမ်မိခြင်းပင်။
ယင်ရင်းသည် ခေါင်းလှည့်ကာ မတရားခံရသည့် မျက်နှာ ထားဖြင့် လက်နှစ်ဖက်ကိုဖြန့်ကာ ပြောသည်။
"ညီတော် ၁၃၊ စတုတ္ထမင်းသားကိုယ်လုပ်တော်ရဲ့ နှုတ်ခမ်းပေါ်က နှုတ်ခမ်းနီကလှတယ်ထင်လို့ ညီတော်ဆီကနေ နည်းနည်းလောက် တောင်းမလို့ တွေးထားတာ၊ ဒီကောင်မလေးက ဒီလောက် တွန့်တိုပြီး အိမ်ရှေ့စံမင်းသားကိုတောင် မျက်နှာမထောက်ဘူးလို့ ဘယ်သူက သိမှာလဲ"
[ဘုရားရေ၊ အိမ်ရှေ့စံမင်းသားက တကယ်ကြီး အဲဒီလိုပြောရဲတာလား၊ အဲဒီလို လုပ်လို့ရော ရရဲ့လား]
[သူက ပုတ်သင်ညိုလား၊ သူ့ရဲ့ခြောက်လှန့်တဲ့ နည်းလမ်းတွေ ဘယ်ရောက်သွားပြီလဲ၊ သူ ဘာလို့ ရုတ်တရက်ကြီး အနစ်နာ ခံရတဲ့ သူတစ်ယောက်လိုဟန်ဆောင်နေရတာလဲ]
ယင်ရှန်သည် ဇဝေဇဝါဖြစ်ကာ မေးသည်။
"အစ်ကိုတော်က ဘာလို့ နှုတ်ခမ်းနီလိုချင်ရတာလဲ၊ အစ်ကိုတော်အနားမှာ ဘယ်မိန်းမမှလည်း မရှိသလို အစ်ကိုတော်က အော်ပရာပြဇာတ်တွေကိုလည်း မကြိုက်ဘူးလေ"
ယင်ရင်းသည် ယင်ကျန်း၏တင်းတင်းဆုပ်ထားသော လက် သီးဆီသို့ တစ်ချက်ကြည့်ကာ နှုတ်ခမ်းကိုကွေးညွတ်ကာ ပြုံးလိုက်သည်။
"ဟေး၊ ဒါက ငါ သုံးဖို့အတွက်ပေါ့၊ မိန်းမတွေမှ မိတ်ကပ် လိမ်းလို့ရတာ မဟုတ်ဘူးလေ၊ ညီတော် ၁၃ ရဲ့ ရုပ်ဆင်းသွင်ပြင်က အခုတောင် အရမ်းကိုဆွဲဆောင်မှု ရှိနေတာ၊ မိတ်ကပ်လေး လိမ်းလိုက်ရင် ပိုတောင်ကြည့်ကောင်းသွားဦးမယ်၊ ဟုတ်တယ်မလား စတုတ္ထညီတော်"
"အစ်ကိုတော်"
ယင်ရှန်မှာ ဒေါသထွက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ သူ့ လက်ကို မြှောက်လိုက်လေသည်။
ယင်ကျန်းသည် တည်ငြိမ်စွာဖြင့် ရှေ့သို့ လှမ်းလာကာ သူ၏ လက်ကို ဖိချလိုက်ပြီးပြောသည်။
"အစ်ကိုတော် ညီတော် ၁၃ က သိုင်းပညာနဲ့ စစ်ရေးစစ်ရာတွေကိုပဲ သဘောကျတာပါ၊ သူက မိတ်ကပ်လိမ်းဖို့တော့ စိတ်ဝင်စားမှာ မဟုတ်ဘူး"
[မြင်တယ်မလား၊ အိမ်ရှေ့စံမင်းသားက တကယ့် လူယုတ်မာပဲ၊ မင်းသား ၁၃ ကို ဒီလိုမျိုး စနောက်နေတာ]
[ဒါနဲ့ စကားမစပ်၊ စတုတ္ထမင်းသားရှိနေလို့သာ ငါ ခေါင်းကို အနည်းငယ် မော့ပြီး အိမ်ရှေ့စံမင်းသားရဲ့ ရုပ်ဆင်းသွင်ပြင်ကို သေချာကြည့်ရဲတော့တယ်၊ အံ့သြစရာကောင်းတာပဲ၊ သူက အနည်းဆုံး အသက် ၃၀ ရှိနေပြီကို အသားအရည်က ဘယ်လိုလုပ် ဒီလောက်တောင် ထိန်းသိမ်းထားနိုင်ရတာလဲ၊ သူ့မျက်နှာက လပြည့်ဝန်းလိုပဲ၊ သူ့အသားအရည်ကလည်း ခဲနေတဲ့ မလိုင်နှစ်လိုပဲ၊ တကယ်ကို မင်္ဂလာရှိတဲ့ ရုပ်ဆင်းသွင်ပြင်ပဲ]
[နေပါဦး၊ သူက ဘာလို့ နှုတ်ခမ်းနီဆိုးထားတဲ့ ပုံပေါက်နေတာလဲ၊ ဒါက အရောင်ဖျော့ဖျော့ ပန်းနုရောင်လေးဖြစ်ပြီး တစ်ချက်ကြည့်လိုက်ရင် မိတ်ကပ် မလိမ်းထားဘူးလို့ ထင်ရပေမယ့် တကယ်တော့ သူက အရမ်းသေးငယ်နုဖတ်တဲ့ ပေါင်ဒါမှုန့်တွေကိုလည်း လိမ်းထားပုံရတယ်]
[အာ... ခန်းရှီဧကရာဇ်သာ ဒါကိုမြင်ရင် တစ်ခုခုမပြောဘူးလား၊ ယောကျာ်းတွေအတွက် မန်ချူးအလှအပစံနှုန်းတွေက ပိုပြီးယောကျာ်းပီသတဲ့ပုံစံမျိုးကို ဦးတည်သင့်တာ မဟုတ်ဘူးလား]
[စကားမစပ်... သူက ရာထူးကနေ နှစ်ကြိမ်ဖယ်ရှားခံခဲ့ရတယ် ထင်တယ်၊ ပထမအကြိမ်က ဘယ်တုန်းကပါလိမ့်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပဲ ဖြစ်ရမယ် မဟုတ်လား၊ သူက မင်းသား ၁၃ ကိုတောင် အမှုပတ်စေခဲ့ပုံပံ]
[ဟင်း... ငါက သိပ္ပံကျောင်းသူဆိုတော့ ငါ့ရဲ့သမိုင်းဗဟုသုတက မကောင်းဘူး၊ တီဗွီ ဇာတ်လမ်းတွဲတွေကနေပဲ ဒီလောက် သိထားတာ]
[အိမ်ရှေ့စံမင်းသား ဒါမှမဟုတ် တခြားမင်းသားတွေရဲ့ ပရိသတ်တော်တော်များများက ကံကြမ္မာကိုအာခံပြီး ဧကရာဇ် ဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့ကြတာကို ငါ မှတ်မိသေးတယ်၊ တခြား မင်းသားတွေအကြောင်းတော့ ငါ မပြောတော့ဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ မဆုံရသေးဘူးလေ၊ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားကတော့ လုံးဝကိုအားကိုးလို့မရတဲ့ ပုံစံပဲ]
[သူက တကယ်ကို တာဝန်ယူမှုမရှိဘူး၊ အလှပြင်ပစ္စည်းတွေကို အရမ်းစိတ်ဝင်စားနေပြီး အရည်အချင်းရှိတဲ့ သူ့ရဲ့ ညီတော်နှစ်ပါးကိုတောင် လုပ်ရပ်တစ်ခုတည်းနဲ့ အပြင်းအထန် စော်ကားမိသွားတယ်၊ သူ ဧကရာဇ်မဖြစ်လာနိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး]
အိမ်ရှေ့စံမင်းသား ရာထူးမှ ဖယ်ရှားခံရမည်ဟူသော စကားကိုကြားရသည့်တိုင် ယင်ကျန်းမှာ အံ့ဩခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကမ်းချန်ချန် ပြောသည်မှာ အမှန်ဖြစ်ပြီး သူသည် နောက်ထပ် ဧကရာဇ်ဖြစ်လာမည်ဆိုပါက အိမ်ရှေ့စံမင်းသားသည် သေဆုံးသွားခြင်း သို့မဟုတ် ရာထူးမှဖယ်ရှားခံရခြင်း တစ်ခုခုဖြစ်ရမည်မှာ သေချာနေသော ကြောင့် ဖြစ်သည်။
ဒါပေမယ့် သူ့ ညီတော် ၁၃ ကရော ဘယ်လိုဖြစ်မှာလဲ၊ သူက တကယ်ပဲ အိမ်ရှေ့စံမင်းသားကြောင့် အမှုပတ်သွားမှာလား...
ဤကောင်မလေးသည် အလွန်ဉာဏ်မကောင်းခြင်းက နှမြောစရာပင်။ သူမသည် ဤမျှအရေးကြီးသောအရာကိုပင် မမှတ် မိနိုင်သဖြင့် သူ အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ရမည်။
အိမ်ရှေ့စံမင်းသားက ရယ်မောကာ
"ညီတော် ၁၃၊ အစ်ကိုတော်က ညီတော့်ကို နောက်ပြောင်ရုံ သက်သက်ပါ၊ ဘာလို့ ဒီလောက် အလွယ်တကူ ဒေါသထွက်နေရတာလဲ၊ ညီတော့် ဒေါသကိုပြုပြင်ဖို့ လိုတယ်၊ စတုတ္ထညီတော်ဆီကနေ သင်ယူစမ်းပါ"
မင်းသား ၁၃ အေးစက်စွာဖြင့် ပြန်ဖြေသည်။
"နောက်ခါ ဒီလို နောက်ပြောင်တာတွေကို ရှောင်တာ အကောင်းဆုံးပါပဲ၊ ကျွန်တော် က ငယ်ရွယ်တယ်ဆိုပေမယ့် သိက္ခာရှိတဲ့ ယောကျာ်းတစ်ယောက်ပါ၊ မိတ်ကပ်လိမ်းဖို့ သဘောကျတဲ့ အချောအလှလေး တစ်ယောက်မဟုတ်ဘူး"
ယင်ကျန်းမှာ ကမ်းချန်ချန်ရှေ့သို့ဝင်ရပ်ကာ သူမလမ်းကို ပိတ်ဆို့လိုက်ပြီး တစ်ချိန်တည်းမှာပင် သူမကို အရင်ပြန်ရန် အချက်ပြသည့်အနေဖြင့် သူ့ ကျောဘက်မှနေ၍ လက်ဝှေ့ ယမ်းပြလိုက်သည်။
မင်းသား ၁၃ နှင့် စတုတ္ထမင်းသားတို့ ပေါ်လာကတည်းက ကမ်းချန်ချန် နှလုံးသားမှာ စိုးရိမ်ပူပန်မှုများဖြင့် တဒိန်းဒိန်း ခုန်နေခဲ့သည်။
ယခုအခါ သူမသည် အဆုံးတွင် လွတ်ငြိမ်းခွင့်ရသွားပြီဖြစ်သဖြင့် တရားဝင်လုပ်ထုံးလုပ်နည်းများကိုပင် ဂရုမစိုက်တော့ဘဲ ယွင်ကျွမ်းနှင့်အတူ အလျင်အမြန် ထွက်ခွာသွားတော့သည်။
မိနစ်အနည်းငယ်ကြာ စကားစမြည် ပြောပြီးနောက် အိမ်ရှေ့စံမင်းသားသည် ကမ်းချန်ချန် ပျောက်သွားသည်ကို သတိပြုမိသွားကာ မနောက်ပြောင်ဘဲ မနေနိုင်ခဲ့ချေ။
"ညီတော့်အိမ်တော်ကလူက အကျင့်စာရိတ္တ မကောင်းပုံရတယ်၊ နှုတ်ဆက်စကားတောင် မပြောဘဲ ထွက်သွားတယ်"
ယင်ကျန်း မျက်မှောင်ကြုတ်ကာ ပြောသည်။
"အကျင့်စာရိတ္တဆိုတာ လူတိုင်းမှာရှိတဲ့ အရာမျိုးမဟုတ်ပါဘူး"
အိမ်ရှေ့စံမင်းသား မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပလာလေသည်။
"ဒါပေမဲ့ သူမက တော်တော်လေး ထူးခြားတယ်လို့ ငါထင်တယ်၊ စတုတ္ထညီတော်... ညီတော် သူမကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား"
ယင်ကျန်း မျက်လုံးများတွင် အေးစက်မှုများ ဖြတ်ပြေးသွားသည်။
"အိမ်ရှေ့စံမင်းသားက နောက်နေတာလား၊ ခမည်းတော်သာ ဒီကိစ္စကို သိသွားရင် ကျွန်တော်တို့ နှစ်ယောက်လုံးဆူပူခံရမှာ မဟုတ်ဘူးလား"
အိမ်ရှေ့စံမင်းသားက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။
"ဒါက ဘာအရေးကြီးလို့လဲ၊ အဲဒီတုန်းက ရွှယ်ကျစ်ဧကရာဇ်က သူ့ညီတော်ရဲ့ဇနီးကို သဘောကျပြီး တုန်းအဲ့ကိုယ်လုပ် တော်အဖြစ် ခန့်အပ်ဖို့ လုယူသွားခဲ့တာပဲ မဟုတ်လား၊ ဟန်တရုတ်တွေ ဧကရာဇ်ဖြစ်တဲ့ အချိန်တုန်းကလည်း ဒီလို ဥပမာတွေ အများကြီးရှိခဲ့တာပဲ"
"ညီတော်... အစ်ကိုတော်က ပိုကောင်းသေးတယ်တယ်၊ အနည်းဆုံးတော့ ညီတော့် သဘောထားကို မေးသေးတယ်လေ"
ယင်ရှန့် မျက်နှာမှာ မည်းမှောင်သွားရသည်။
"အစ်ကိုတော်၊ အစ်ကိုတော်က ဘိုးဘေးတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ၊ ပြီးတော့ မင်းသားရှစ်ကလည်း အစ်ကိုတော်ကို မလိုလားတဲ့ အကြည့်တွေနဲ့ စောင့်ကြည့်နေပြီး အစ်ကိုတော်နဲ့ ပတ်သက်ပြီး တစ်ခုခုချောက်တွန်းဖို့ အခွင့်အ ရေးကိုပဲ ရှာနေတာ"
အိမ်ရှေ့စံမင်းသား အလျင်အမြန် ဖြတ်ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ အစ်ကိုတော်က နောက်ပြောင်ရုံ သက်သက်ပါ၊ မင်းတို့ ညီအစ်ကိုတွေက တကယ်ကို တစ်ယောက်ပြီး တစ်ယောက် နောက်ပြောင်တာကိုတောင် လက်မခံနိုင်ကြဘူးပဲ၊ အမြဲတမ်း ဘာမဟုတ်တာကိုအကြီးအကျယ် ဖြစ်အောင် လုပ်နေကြတာ၊ မင်းတို့ မပင်ပန်းကြဘူးလား... ဟားဟားဟား"
ယင်ရှန်မှာ မကျေနပ်သေးချေ။
"အစ်ကိုတော်ရဲ့ နောက်ပြောင်မှုက မရယ်ရဘူး၊ မနှစ်က အစ်ကိုတော်က စတုတ္ထမင်းသားကို လှေကားပေါ်ကနေ ကန်ချဖို့ နောက်ပြောင်ခဲ့တာက လွန်ကဲနေခဲ့ပြီ၊ စတုတ္ထမင်းသားသာ ခေါင်းနဲ့ ဆောင့်မိသွားရင် ဘယ်လိုလုပ်မလဲ၊ အစ်ကိုတော်မှာ ကိုယ်လုပ်တော် သုံးဆယ်ကျော်ရှိနေတာကို ဘာလို့ စတုတ္ထမင်းသားရဲ့ကိုယ်လုပ်တော်ကို တွေးနေရသေးတာလဲ၊ မိတ်ဆွေရဲ့ဇနီးကို မမက်မောသင့်ဘူးတဲ့ အထူးသဖြင့် ကျွန် တော်တို့က ညီအစ်ကိုတွေ ဖြစ်နေတဲ့အတွက် ပိုဆိုးတာပေါ့”
🌻 Chapter 74
အိမ်ရှေ့စံမင်းသား နားကို ကလော်လျက် ပြောလာသည်။
"ညီတော် ၁၃၊ ညီတော်က ကွန်ဖြူးရှပ် ကျင့်ဝတ်တွေနဲ့ ကိုယ်ကျင့်တရား စည်းမျဉ်းတွေကို ဘယ်အချိန်ကတည်းက အလေးအနက်ထား စတင်ခဲ့တာလဲ၊ မသိတဲ့သူတွေဆိုရင် ညီတော့်ကို ဂန္ထဝင် စကားလုံးတွေ အမြဲပြောနေတဲ့ တတိယမင်းသားလို့တောင် ထင်သွားကြလိမ့်မယ်၊ ဒါပေမဲ့ ညီတော် ပြောတာ မှန်ပါတယ်၊ စတုတ္ထမင်းသားမှာ မိန်းမ အရမ်းနည်းလွန်းတယ်၊ ဒါဆိုရင် ဘယ်လိုလဲ... နောက်ရက်အနည်းငယ်ကြာရင် အစ်ကိုတော်က ညီတော့်ဆီကို လှပတဲ့ မိန်းမလှလေးတချို့ပို့ပေးမယ်လေ... ကောင်းလား"
ယင်ကျန်းသည် သူ၏စိတ်အနှောင့်အယှက်ဖြစ်မှုကို ဖိနှိပ်ရင်း အသက်ပြင်းပြင်း တစ်ချက်ရှူကာ ပြောသည်။
"ကျွန်တော့် အိမ်တော်မှာ အမျိုးသမီးတွေ လုံလောက်စွာရှိနေပါပြီ၊ အစ်ကိုတော် ထပ်ပို့ပေးစရာမလိုပါဘူး၊ အစ်ကိုတော်မှာ ခွန်အားတွေပိုရှိနေရင် နိုင်ငံရေးကိစ္စတွေမှာပဲ ပိုပြီးအာရုံ စိုက်သင့်ပါတယ်"
နိုင်ငံရေးကိစ္စများဟူသော စကားကို ကြားသောအခါ အိမ်ရှေ့စံမင်းသားမှာ တောင့်တင်းသွားရသည်။ သူ မျက်မှောင် ကြုတ်ကာ မေးလာသည်။
"ညီတော်စတုတ္ထက ငါ့ကို ဆုံးမရဲတယ်ပေါ့"
ယင်ကျန်း "ယင်ကျန်း မဝံ့ရဲပါဘူး၊ အစ်ကိုတော်က အိမ်ရှေ့စံမင်းသားပါ၊ ညီတော့်ကို ဆုံးမပိုင်ခွင့်က အစ်ကိုတော်မှာပဲ ရှိတာပါ၊ အစ်ကိုတော်ကို အနည်းငယ်လေးတောင် မလေးမစား လုပ်ဖို့ ကျွန်တော် ဘယ်လိုလုပ် ဝံ့ရဲမှာလဲ"
အိမ်ရှေ့စံမင်းသား သူ့ကို အေးစက်စက် ကြည့်ကာပြောလာသည်။
"မင်း နားလည်တာ ကောင်းတယ်"
ကမ်းချန်ချန် အပြန်လမ်းတွင် ညွှန်ကြားခဲ့သည်။
"စောစောက အိမ်ရှေ့စံမင်းသားနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကို ဘယ်သူ့ကိုမှ မပြောပြနဲ့၊ ငါတို့ ခြံဝင်းထဲက လူတွေကိုတောင် မပြောပြနဲ့နော်"
ယွင်ကျွမ်းမှာ တုန်လှုပ်နေဆဲဖြစ်ပြီး ခေါင်းညိတ်ပြသည်။
"ကျွန်တော်မျိုးမ နားလည်ပါပြီ၊ ဟွာယွီက ပါးစပ်ဖွာတယ်လေ၊ သူမ သတင်းတွေဖြန့်လိုက်လို့ ကော်ကော်ရဲ့ ဂုဏ် သိက္ခာကို ထိခိုက်မှာကို စိုးရိမ်လို့မလား"
ကမ်းချန်ချန် ခဏမျှ တွေးလိုက်သည်။
"ဟွာယွီ ပါးစပ်ဖွာလို့ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး၊ ဟွာယွီက ဉာဏ်ကောင်းပြီး ဘာကို မပြောသင့်ဘူးဆိုတာကို သူမ သိတယ်၊ ဒါပေမဲ့ ပြဿနာတွေကို ရှောင်တာက ပိုကောင်းလို့ပါ"
အမှန်တွင် တစ်ခုခု မှားယွင်းနေသည်ဟု သူမ ဝေဝေဝါးဝါး ခံစားနေရပြီး အိမ်တော်အတွင်း အပေါ်ယံငြိမ်းချမ်းနေမှုများက ထင်သလောက် တည်ငြိမ်မှုမရှိကြောင်း ခံစားနေမိသည်။
ချန်ကော်ကော်နှင့် ဝူကော်ကော်နှစ်ဦးစလုံးသည် ဖူကျင်းဘက်သို့ ပါသွားကြခြင်းက ဖူကျင်း၏ကြံစည်မှုများလည်း ပါဝင်နေကြောင်း အတည်ပြုနေသည်။
ဟွာယွီသည် ချွင်းလင်ကိစ္စ၏ဇာတ်လမ်းတစ်ခုလုံးကို ဖော် ထုတ်နိုင်ခဲ့သော်လည်း ကမ်းချန်ချန်မှာ ထိုအရာကို ကြားပြီးနောက် ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ ဖူကျင်းအပေါ် သူမ၏လေးစားမှုမှာ ပိုမိုကြီးလာခဲ့သည်။
လီစဲ့ဖူနှင့် ဝူကော်ကော်တို့နှစ်ဦးလည်း ပါဝင်လာကြပြီး စတုတ္ထမင်းသား ရောက်လာသည့်တိုင်အောင် ပွင့်လင်းစွာ တိုက်ပွဲဝင်နေခဲ့ကြသည်။
အပေါ်ယံတွင် လီစဲ့ဖူသည် ချွင်းလင်အတွက် လက်စားချေရင်း ဝူကော်ကော်အပေါ် အနိုင်ရရှိသွားသကဲ့သို့ ထင်ရသော် လည်း ချွင်းလင်မှာ မူလကတည်းက လီစဲ့ဖူမှ ဝူကော်ကော်၏ ခြံဝင်းသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
အကျဉ်းချုပ် ခွဲခြမ်းစိတ်ဖြာပြီးနောက် ယင်ကျန်းအတွက် လီစဲ့ဖူအပေါ် သံသယနှင့် သတိထားမှုများမဖြစ်ပေါ်ရန် ခဲယဉ်းလှသဖြင့် မကြာသေးမီက သူ ကိုယ်လုပ်တော်များ၏ခြံဝင်းများသို့ အဘယ်ကြောင့် မသွားခဲ့သည်ကို ရှင်းပြနိုင်သည်။
သို့သော် ချွင်းလင်အား အိမ်တော်အတွင်းသို့ အစပိုင်းတွင် ကြိုဆိုခဲ့သော ဖူကျင်းမှာ တစ်ချိန်လုံးပုန်းကွယ်နိုင်ခဲ့ပြီး နတ်ဆိုးကို မောင်းထုတ်ကာ ဝူကော်ကော်၏အပြစ်ကင်းစင်မှုကို ပြန်လည် ထူထောင်ပေးခြင်းဖြင့် သူမသည် တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိသောပုံရိပ်ကို တည်ဆောက်ကာ လူတိုင်း၏ နှလုံးသားကိုအနိုင်ယူနိုင်ခဲ့သည်။
အဆုံးတွင် ရေပြင်ကိုလှိုင်းထအောင်လုပ်ခဲ့သော ချွင်းလင်မှာမူ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ အိမ်တော်အတွင်းတွင် ထိုသို့သော အရည်အချင်းများကို ပိုင်ဆိုင်ထားသူ နှစ်ဦးသာရှိသည်။ ထိုသူမှာ ယင်ကျန်း သို့မဟုတ် ဖူကျင်းပင်။
ပြီးခဲ့သည့်အကြိမ်က ပန်းထိုးရနံ့အိတ် ကိစ္စတွင်လည်း ဖူကျင်းသည် တရားခံကို လျင်မြန်စွာ ရှာတွေ့ခဲ့သဖြင့် ဖူကျင်းမှာ တကယ်ကို အရည်အချင်းရှိသည်ဟု ဆိုရမည်ဖြစ်သည်။
သူမ အနာဂတ်တွင် ဖူကျင်းကိုပိုမိုသတိထားသင့်သည်။ ယင်ကျန်းသည် ပြဿနာတစ်ခုခုကြုံရတိုင်း ချန်ကော်ကော်ထံသို့ သွားရောက်လည်ပတ်တက်သည်။
သို့သော် ယနေ့တွင် ကပြမှုများကို ကြည့်ရင်း ယင်ကျန်း၏ မျက်လုံးများမှာ လှုပ်ရှားမှုမရှိဘဲ စိတ်ပျက်အားငယ်မှုများသာ ပြည့်နှက်နေခဲ့သည်။ အဘယ်ကြောင့် သူမသည် ယခင်ကပုံစံနှင့် ပိုမိုကွဲလွဲလာရသနည်း။
ကိုယ်လုပ်တော်များစွာသည် ယုံကျိန်းဧကရာဇ်၏မျက်နှာသာ ပေးမှုကို ရရှိရန် အပြိုင်အဆိုင်ကြိုးစားနေကြသဖြင့် ပထမဇနီး၏အဆောင်မှာ မကြာခဏဆိုသလို အေးစက်ပြီးအထီး ကျန်ဆန်သော နေရာတစ်ခု ဖြစ်လာခဲ့သည်။
တောက်ပသော ငွေရောင်အလင်းတန်းသည် သေသပ်လှပစွာ ထွင်းထုထားသော ပြတင်းပေါက်များမှတစ်ဆင့် ဖြာကျလာပြီး ကြေးမုံပြင်တွင် ဝေဝါးနေသော အမျိုးသမီးတစ်ဦး၏ မျက်နှာကို ထင်ဟပ်နေသည်။
သူမသည် ဖြူဖွေးသောဝတ်စုံကို မကြာခဏ ဝတ်ဆင်လေ့ရှိပြီး မှန်ရှေ့တွင်ထိုင်ကာ ဖြူယော်နေသော ငွေရောင် ဆံပင်များကို တိတ်တဆိတ်ကြည့်ပြီး ဆွဲနှုတ်လေ့ရှိသည်။
ဝမ်းနည်းပူဆွေးမှုဆိုသည်မှာ ဆံပင်ဖြူများ ပေါက်ဖွားလာနိုင်သော အစွမ်းထက်လက်နက်တစ်ခု ဖြစ်သည်။
အမျိုးသမီးတစ်ဦး၏ အလှတရား မှေးမှိန်လာခြင်းနှင့် သူမ၏ငယ်ရွယ်နုပျိုမှု မပွင့်လန်းမီ အချစ်များ အချိန်မတိုင်မီပြီးဆုံးသွားခြင်းတို့တွင် မည်သည့်အရာက ပိုနာကျင်ရကြောင်းကို ပြောရန်ခက်ခဲသော်လည်း ပထမဇနီးသည် ထိုနှစ်ခုစလုံးကို ခံစားခဲ့ရသည်။
ထို့အပြင် အခြားသူများ၏အေးစက်စက် လှောင်ပြောင်မှုများပါ ထည့်ပေါင်းလိုက်သောအခါ သူမသည် နေ့ညမပြတ် နှိပ်စက်မှုများခံခဲ့ရပြီး သူမ မျက်ရည်များပင် ခန်းခြောက်သွားခဲ့ရသည်။
သူမ အသည်းအသန် ဖျားနာနေချိန်မှသာလျှင် မင်းသားသည် သူ့အား စောင့်မျှော်နေခဲ့သော ဤသစ္စာရှိသည့် အမျိုးသမီးကိုပြန်လည် သတိရလာခဲ့သည်။
ယုံကျိန်းသည် ထိုအရာအတွက် လျော်ကြေးပေးရန် အသည်း အသန်ရှာတော့သည်။ သို့သော် သူမ မသေဆုံးမီလောကတွင် အမြင့်မြတ်ဆုံး ရာထူးဖြစ်သည့် မိဖုရားခေါင်ကြီးနေရာကို ရရှိခဲ့မည်ဆိုလျှင်တောင် ဘာများအရေးကြီးတော့မည်နည်း။
၎င်းမှာ အလဟဿ အချိန်ဖြုန်းလိုက်ရသည့် ဘဝတစ်ခုသာ ဖြစ်သည်။ သို့သော် မင်းကြီးသည် သူ့ကလေးဘဝတွင် အကြီးမားဆုံး နွေးထွေးမှုကို ပေးခဲ့သူမှာလည်း ဤအားနည်းပြီး ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသော အမျိုးသမီးပင်။
ယုံကျိန်းသည် ဇနီးများနှင့် ကိုယ်လုပ်တော်များကို အများကြီးယူရန် မရည်ရွယ်ထားခဲ့ပေ။ သူ၏ ဇနီးကြီးကဲ့သို့ ကိုယ် ကျင့်တရား ကောင်းမွန်သော ဇနီးတစ်ဦး၊ စဲ့ဖူကဲ့သို့ ချစ်ခင်ရသော ကိုယ်လုပ်တော်တစ်ဦးနှင့် စုန့်မိန်းကလေးကဲ့သို့ ယုံကြည်ရသူ တစ်ဦးဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
သူ့ ဇနီးကြီးသည် အိမ်ထောင်ရေး ကိစ္စရပ်များကို အမှားအယွင်းမရှိ စီမံခန့်ခွဲပေးခဲ့ပြီး စဲ့ဖူသည် သူ့ကို ကောင်းစွာပြုစုပေးခဲ့ကာ စုန့်မိန်းကလေးသည် သူ့ ယုံကြည်ရသူ အစစ်အမှန်ဖြစ်ခဲ့လေသည်။
သို့သော် အရာအားလုံးက ပြောင်းလဲတတ်သည်။ သူသည် နန်းတွင်း ကြံစည်မှုများနှင့် ညီအစ်ကိုများ၊ ဖခင်များကြားရှိ အာဏာလုပွဲများကို ကျင့်သားရလာခဲ့ပြီး အတွင်းဆောင်သို့ ပြန်ရောက်သည့်တိုင်အောင် အပြည့်အဝအနားမယူနိုင်ခဲ့ချေ။
အချိန်ကြာလာသည်နှင့်အမျှ သူ၏စာကြည့်ဆောင်တွင် တစ်ယောက်တည်း အိပ်စက်သည့် အကျင့်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်သာ အတွင်းဆောင်သို့လာရောက်လေ့ရှိသည်။
ဤအရာက လုံခြုံမှုကိုပေးစွမ်းသော်လည်း သူ့အားပိုအထီး ကျန်ဆန်သည်ဟု ခံစားရစေသည်။
ချန်ကော်ကော်သည် ဤအထီးကျန်မှုကို သက်သာစေနိုင်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ထိုသို့မဟုတ်ခဲ့ပေ။ ကမ်းချန်ချန်သည် သူ့ကို ဆွဲဆောင်နိုင်လောက်အောင် ထူးထူးခြားခြား လှပသော အမျိုးသမီးတစ်ဦး မဟုတ်သော်လည်း သူမ ဘာတွေးနေသည်ကို သူ သိနေသောကြောင့်သာလျှင် သူ ပိုစိတ် သက်သာရာရခဲ့ခြင်းဖြစ်သည်။