← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

🌻 Chapter 77

သူမ ထိုအရာကို စိတ်ထဲတွင်သာ ညည်းတွားခဲ့သော်လည်း သက်သောင့်သက်သာ မရှိဖြစ်နေကြောင်း သူ့ကို မပြောရဲခဲ့ပေ။

ချန်ကော်ကော်အတွက် သူ ထိုသို့လုပ်ပေးလိမ့်မည်ဟု သ်ူ မမျှော်လင့်ထားခဲ့ချေ။ သူက တကယ်ကို နှာဘူးကြီးတစ်ယောက်ပဲ...

စုန့်ကော်ကော်က မေးသည်။

"သူမရဲ့ ခြေကျင်းဝတ် ဒဏ်ရာက ပြင်းထန်လို့လား"

ဖူကျင်း "သူမ ရက်အနည်းငယ်လောက် အနားယူဖို့ လိုတယ်၊ နင်တို့ အားရင် သူ့ဆီ သွားကြည့်လိုက်ကြဦး"

လီစဲဖူက သရော်စွာဖြင့် "ဝူကော်ကော်က သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ခြေကျင်းဝတ် ခေါက်သွားခဲ့တယ်၊ ချန်ကော်ကော်ကလည်း အကကို နှစ်ပေါင်းများစွာ ကခဲ့ပြီး ခြေကျင်းဝတ် ခေါက်သွားခဲ့တယ်၊ ရေနစ်တဲ့သူတွေက ရေကူးတတ်တဲ့သူတွေဖြစ်ပြီး ပင်ပန်းလို့ သေရတဲ့သူတွေက အရည်အချင်းရှိတဲ့ သူတွေပဲဆိုတဲ့ စကားပုံကို သက်သေပြနေတာပဲ၊ ဘာမှမလုပ်တတ်တဲ့ ကျွန်တော်မျိုးမတို့လို လူတွေကတော့ ဘဝကို သေသေကြေကြေဖြတ်သန်းဖို့ မွေးဖွားလာတာ ဖြစ်မယ်"

ဖူကျင်းက ဆူပူလာသည်။

"သေသေကြေကြေဆိုတာက ဘာကို ဆိုလိုတာလဲ၊ ငါတို့အိမ်တော်မှာ အဲ့လိုနိမိတ်မကောင်းတဲ့ စကားလုံးတွေကို ခွင့်မပြုဘူး"

မွန်းလွဲပိုင်းတွင် ကမ်းကော်ကော်မှာ ဥယျာဉ်ထဲ၌ သခင်မလေးရုံကိုသာ စောင့်နေခဲ့သည်။ သခင်မလေးရုံသည် အခက်အခဲရှိဟန်ဖြင့် ပြောလာသည်။

"သမီးတို့ ကမ်းကော်ကော်နဲ့ အတူတူ ကစားလို့ မရဘူးလို့ မယ်တော်က ပြောတယ်၊ ကမ်းကော်ကော်က သမီးတို့ကို ပျက်စီးစေလိမ့်မယ်တဲ့"

ကမ်းကော်ကော် မျက်မှောင်ကြုတ်ကာ မေးသည်။

"ဒါဆို သမီးက ဘာလို့ လာတာလဲ"

သခင်မလေးရုံက သူမကို မျက်နှာပြောင်ပြကာ ပြောသည်။

"သမီးက ပျက်စီးမှာကို မကြောက်ဘူးလေ၊ ဘာလို့ မလာရမှာလဲ"

မနက်ခင်း ညီလာခံကတည်းက စိတ်ဓာတ်ကျနေခဲ့သော ကမ်းကော်ကော် စိတ်အခြေအနေမှာ ချက်ချင်းပင်ပြန်တောက်ပလာခဲ့သည်။

"နင်လေးက တကယ်ကို ဉာဏ်ကောင်းတဲ့ မိန်းကလေးပဲ"

သူမတို့ စွန်လွှတ်ကာ ခဏကစားပြီးနောက် သခင်မလေးရုံ၏ အထိန်းတော်သည် ကောင်းကင်ပြိုကျတော့မည့်အလား အော်ဟစ်ကာ သူတို့ကို လာရှာသည်။

"အို၊ ကျွန်တော်မျိုးမရဲ့ သခင်မလေးရုံ၊ သခင်မလေးက ဒီအစေခံအိုကြီးကို နေရာအနှံ့ လိုက်ရှာရအောင် လုပ်တာပဲ"

သူမသည် ကမ်းကော်ကော်အား အရိုအသေပေးကာပြော လာသည်။

"တောင်းပန်ပါတယ် ကမ်းကော်ကော်၊ ကလေးနှစ်ယောက်ကို ကမ်းကော်ကော်နဲ့အတူ စွန်လွှတ်ခွင့်မပေးဘူးလို့ ကျွန်တော်မျိုးမတို့ရဲ့ ကိုယ်လုပ်တော်ကြီးက ပြောထားပါတယ်"

ကမ်းကော်ကော် ပခုံးကိုတွန့်ကာ

"ငါတို့ အတူတူ စွန်မလွှတ်ပါဘူး၊ သခင်မလေးရုံက လွှတ်နေတာ ငါက ကြည့်နေတာလေ၊ ကြည့်... ငါ့လက်ထဲမှာ ညာစွန်ကြိုးမှ မရှိတာ၊ နင်တို့ရဲ့ ကိုယ်လုပ်တော်ကြီးက နောက်ဘက်ဥယျာဉ်ထဲမှာ လမ်းလျှောက်တာနဲ့ အသက်ရှူတာကိုတော့ လာမထိန်းချုပ်နိုင်ဘူး မဟုတ်လား"

အထိန်းတော်ကြီးမှာ ဆွံ့အသွားရသည်။

"အာ၊ ဒါက"

သခင်မလေးရုံသည် အထိန်းတော်ကြီးကိုတွန်းကာ ပြတ် သားစွာပြန်ပြောသည်။

"ကျွမ်းမားမား... ဖယ်ပေးပါ၊ မားမားက သမီးရဲ့လမ်းကို ပိတ်နေတယ်၊ သမီး ဘယ်လိုလုပ် ကစားရမှာလဲ"

ကျွမ်းမားမားသည် ဘာမှမတတ်နိုင်ဘဲ ဘေးသို့ ဖယ်ပေး လိုက်ရာ သခင်မလေးရုံနှင့် ကမ်းကော်ကော်တို့သည် အချင်း ချင်းပြုံးပြလိုက်ကြသည်။

ထိုညနေတွင် ယင်ကျန်းမှာ သူ့ ဇနီးသည် ဖူကျင်း နေရာတွင် ညစာစားကာ အိမ်တော်ကိစ္စရပ်များကို ဆွေးနွေးနေသည်။

"အရှင်မင်းသား၊ ဒါတွေက ပြီးခဲ့တဲ့လက စာရင်းတွေပါ၊ အိမ်တော်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေတွေကို မှတ်တမ်းတင်ထားပါတယ်"

"အင်း၊ မင်း အလုပ်ကို ကောင်းကောင်း လုပ်ထားတာပံ၊ အစေခံတွေထဲမှာ စကားနားမထောင်တဲ့သူတွေ ရှိလား"

"အိမ်တော်အပြင်ဘက်က လူတွေဆီ သတင်းပေးပို့နေတဲ့ သံသယဖြစ်ဖွယ် လူနှစ်ယောက်တော့ ရှိခဲ့ပါတယ်၊ ကျွန်တော်မျိုးမ သူတို့ကို ရှင်းလင်းပြီးပါပြီ"

"ကောင်းတယ်"

"နောက်ထပ် တစ်ခု ရှိပါသေးတယ်၊ ကမ်းကော်ကော်ရဲ့ ခြံဝင်းနဲ့ ပတ်သက်ပြီးတော့ပါ"

ဤနေရာအရောက် ဖူကျင်းသည် တုံ့ဆိုင်းသွားလေသည်။ ယင်ကျန်းမှာ စာရင်းစာအုပ်ကိုကြည့်နေရာမှ မော့ကြည့်ကာ ပြောသည်။

"ပြောပါ"

ဖူကျင်းမှာ သူမ ပဝါကို လိမ်ချိုးကာ ပြောလာသည်။

"ဒါက ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူမရဲ့ ခြံဝင်းထဲက အစေခံတွေ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက ကျွန်တော်မျိုးမနဲ့ လီစဲဖူတို့ရဲ့ ခြံဝင်းထဲက အစေခံတွေ ဝတ်ဆင်ထားတဲ့ ပစ္စည်းအမျိုးအစားအတူတူနဲ့ ပြုလုပ်ထားတာပါ"

"ဟွာစန်းက အစားအသောက် မက်တယ်လို့ ကျွန်တော်မျိုးမ ကြားပါတယ်၊ သူမ တစ်ခုခု စားချင်တဲ့အခါ ကမ်းကော်ကော်ရဲ့ နာမည်ကိုသုံးပြီး မီးဖိုချောင်ကို သွားတတ်တယ်၊ သူမ ပြန်လာတဲ့အခါ ကမ်းကော်ကော်က သူမကို ဘာမှမပြောတဲ့အပြင် သူမအတွက်တောင် ဖုံးပေးထားပါတယ်"

"ပြီးတော့ သူတို့ လုပ်စရာ ဘာမှမရှိတဲ့အခါ ခြံဝင်းထဲမှာ ကြက်တောင်ရိုက်တာနဲ့ ကြိုးခုန်တာတွေလုပ်ပြီး ဆူညံသံတွေ အများကြီး ထွက်ပေါ်စေပါတယ်၊ ဒါက ဘယ်စည်းကမ်းကိုမှ မချိုးဖောက်ပေမယ့် တခြားသူတွေသာ မြင်သွားရင် ကျွန်တော်မျိုးမတို့ရဲ့ မင်းသားအိမ်တော်က နည်းနည်းစည်းကမ်းမရှိလို့ အလွယ်တကူ အထင်လွဲသွားနိုင်ပါတယ်"

လွန်ခဲ့သောရက်များက ကမ်းကော်ကော်တွင် အဝတ်အစား အလုံအလောက် မရှိကြောင်းပြောခဲ့သဖြင့် သူသည် အပ်ချုပ်သမားကို လာခေါ်ပြီး သူမအတွက် အနည်းငယ်ချုပ်ပေးမည်ဟု ပြောခဲ့သော်လည်း သူမက အစေခံများအတွက်လည်း ချုပ်ချင်သည်ဟုဆိုကာ သိုလှောင်ရုံမှ အထည်အချို့ရရန် မျှော်လင့်ကြောင်း ပြောခဲ့သည်ကို ယင်ကျန်း ရုတ်တရက် သတိရသွားသည်။

သူသည် ထိုအရာကို သဘောတူခဲ့ပြီး များများစားစား မတွေး တောခဲ့ပေ။ ယခု ပြန်တွေးကြည့်သောအခါ သူမမှာ အဝတ် အစားသစ်များကို မချုပ်ခဲ့ချေ။ ဒါဆို အထည်တွေက အစေခံတွေ အတွက်လား...

ယင်ကျန်းက ပြောသည်။

"သူမက ဘယ်စည်းကမ်းကိုမှ မချိုးဖောက်ခဲ့ဘူးဆိုတော့ မင်း အဲဒီအတွက် စိတ်ပူစရာ မလိုပါဘူး၊ ကိုယ်တော် နောက် ကျရင် သူမဆီသွားပြီး စကားပြောလိုက်ပါ့မယ်"

ဖူကျင်း ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"သူမက အရှင်မင်းသား ပြောတဲ့စကားကို အမြဲ နားထောင်ပါတယ်"

ယင်ကျန်းမှာ စာရင်းများကို လှန်လှောကြည့်ပြီးနောက် အုတ်ခုတင် စားပွဲပေါ်ရှိ စာအုပ်ကိုတစ်ချက် ကြည့်လိုက်သည်။ သူသည် ထိုအရ။ကို ကောက်ယူကြည့်လိုက်ရာ သူ့မျက်လုံးများတွင် မရေမရာဖြစ်မှုများ ပြည့်နှက်သွားသည်။

"ကဗျာကျမ်းလား"

ဖူကျင်းသည် သူမ ပဝါကို တိတ်တဆိတ် ဆုပ်ကိုင်ကာ ပြောသည်။

"ဒါက စုန့်ကော်ကော် ပို့ပေးထားလို့ ကျွန်တော်မျိုးမ နည်းနည်းပါးပါး ပိုကြည့်မိသွားရုံပါ"

ယင်ကျန်းမှာ မျက်လွှာချကာ ထိုအရာကို လှန်လှောကြည့် လိုက်သည်။

"ဒါက တကယ်ကို စုန့်ကော်ကော်ရဲ့ လက်ရေးပဲ၊ သူမက ဒီလိုအရာတွေကို သဘောကျပြီး မင်းအတွက် စာအုပ်တစ်အုပ် လုံးကိုတောင် မှတ်စုတွေ ရေးပေးထားတာပဲ၊ ဒါက တကယ်ကို ရှားပါးတယ်"

ဖူကျင်းက ပြုံးလိုက်သည်။

"အတွင်းဆောင်မှာ ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ကလည်း ကျွန်တော်မျိုးမရဲ့ တာဝန်ပါပဲ"

ယင်ကျန်းသည် အတိတ်ကို ပြန်လည် အမှတ်ရမိသွားသဖြင့် နှုတ်ခမ်းများပေါ်တွင် နွေးထွေးသောအပြုံးတစ်ခု ပျံ့နှံ့လာသည်။

"ကိုယ်တော် ငယ်ငယ်တုန်းကလည်း အချိန်တစ်ခုရှိခဲ့ဖူးတယ်၊ ကဗျာကျမ်းကို အရူးအမူး စွဲလမ်းခဲ့ဖူးတာလေ၊ မနက်တစ်ခင်းမှာ နေမင်းကြီး ထွက်လာရင် အရုဏ်ဦးရဲ့ ပထမဆုံး အလင်းတန်းတွေက အရှေ့ဘက်မှာ ထွန်းလင်းလာလိမ့်မယ်ဆိုတာကို ပြင်းပြတဲ့ စိတ်အားထက်သန်မှုနဲ့ ရွတ်ဆိုခဲ့တာကို မှတ်မိသေးတယ်"

"အတော်လေး ဆော့ကစားတတ်တဲ့ ကိုယ်တော်ရဲ့ ညီတော်ကိုးက ခုန်ထွက်လာပြီး စတုတ္ထအစ်ကိုတော်က ဘယ်သူ့ကို သားရဲလို့ ခေါ်နေတာလဲလို့ မေးခဲ့ဖူးတယ်၊ ကိုယ် မတုံ့ပြန်နိုင်ခင်မှာပဲ ညီတော် ၁၃ က သူ့နောက်ကိုပြေးလိုက်ပြီး စရိုက်ရော"

"ညီတော်၁၀က သူ့ကို အမြန်ကာကွယ်ပေးခဲ့ပြီး ကိုယ်ကလည်း စာအုပ်ကိုချပြီး သူတို့ ရန်ဖြစ်တာကို ဆွဲဖို့ပြေးသွားခဲ့ရတယ်"

ဖူကျင်း မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားရသည်။

"အရှင်မင်းသားလည်း ငယ်ငယ်တုန်းက ကဗျာကျမ်းကို သဘောကျခဲ့တာလား"

ယင်ကျန်းမှာ သူမကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောသည်။

"ထူးဆန်းလို့လား၊ ကဗျာကျမ်းက မင်းနဲ့ စုန့်ကော်ကော်ပဲ သဘောကျခွင့်ရှိတာလား"

ဖူကျင်းမှာ အလျင်အမြန် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ ကျွန်တော်မျိုးမက ဒီတိုင်း ဝမ်းသာသွားလို့ပါ"

ယင်ကျန်း အေးစက်စွာ နှာခေါင်းရှုံ့သည်။

"ဒါပေမဲ့ မင်းရဲ့ မျက်နှာပေါ်မှာ ဝမ်းသာတဲ့ အရိပ်အယောင် နည်းနည်းလေးတောင် ကိုယ် မတွေ့ရပါဘူး"

ထိုသို့ပြောပြီးနောက် သူ ထကာ ထွက်သွားတော့သည်။

ယင်ကျန်း အပြင်သို့ရောက်သည်နှင့် တပြိုင်နက် ကောင်း ကင်ကြီးကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထူထပ် သော အမှောင်ထုသည် တောက်ပသော လမင်းကြီးကိုတွဲချုပ်ထားပြီး တိမ်မည်းများလည်း စုဝေးနေကာ ပိုမိုလေးလံနေပုံရသည်။

ကမ်းကော်ကော်မှာ အုတ်ခုတင်ပေါ်တွင် ထိုင်ကာ အင်္ကျီတစ်ထည်ကို အာရုံစိုက်၍ ပန်းထိုးနေသည်။ သူ ရောက်လာသည်ကို မြင်သော်လည်း သူမ အရိုအသေ မပေးသလို နှုတ်လည်း မဆက်ခဲ့ချေ။ ယင်ကျန်းသည် သူမဘေးတွင် ထိုင်ကာ မေးလိုက်သည်။

"ဘာလို့ အစေခံတွေကို ပန်းမထိုးခိုင်းတာလဲ"

ကမ်းကော်ကော် သရော်စွာ ပြန်ဖြေသည်။

"လူတိုင်း ကိုယ့်ဟာ ကိုယ် ပန်းထိုးသင့်တာပေါ့၊ တခြားသူတွေက ကျွန်တော်မျိုးမရဲ့ နှလုံးသားကို ဘယ်လိုလုပ် နား လည်နိုင်မှာလဲ"

ယင်ကျန်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိသွားသည်။ ဤသည်မှာ သူမ၏ပုံစံ မဟုတ်ချေ။ သူ မနေနိုင်စွာမေးမိ သည်။

"မင်း ဘာဖြစ်နေတာလဲ"

ကမ်းကော်ကော်သည် သူ့အား မော့ကြည့်လိုက်ရာ နှုတ်ခမ်း မွေး ကင်းစင်နေသော ‌မေ့စေ့နှင့် များစွာပိုမိုငယ်ရွယ်ကာ တောက်ပပြီး ချောမောနေသော မျက်နှာကို မြင်လိုက်ရသဖြင့် သူမ ပိုမကျေမနပ် ဖြစ်သွားရသဖြင့် သူမ ပြန်မေးမိသည်။

"အရှင်မင်းသား ဒီကို ဘာလာလုပ်တာလဲ"

ယင်ကျန်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။

"ကိုယ် တခြား ဘယ်နေရာမှာ ရှိနေရမှာလဲ"

[ချန်ကော်ကော်ဆီ သွားတွေ့ရမှာပေါ့၊ အော်... ဟုတ်သားပဲ၊ သူမ ခြေကျင်းဝတ်ခေါက်သွားလို့ ရှင် ဒီကိုလာခဲ့တာ မဟုတ်လား၊ ငါလေးမှာ ဘာမှ အထွန့်တက်စရာမရှိပါဘူး]

🌻 Chapter 78

ယင်ကျန်း သူ့လက်ကို သူမပခုံးပေါ် တင်လိုက်သည်။

"ကိုယ် အစကတည်းက ဒီကို လာချင်ခဲ့တာပါ၊ မနေ့က ချန်ကော်ကော်ဆီ သွားခဲ့တဲ့ အချိန်ကလွဲရင် ကိုယ်ဒီရက်ပိုင်း နေ့တိုင်းနီးပါး ဒီမှာရှိနေခဲ့တာလေ၊ ပြီးတော့ မနေ့က သူမ ကတာကို ခဏလောက် ကြည့်ပြီးတာနဲ့ ကိုယ် ပြန်လာခဲ့တာပဲ"

[အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ]

ကမ်းကော်ကော်မှာ နှုတ်ခမ်းကို ကိုက်ကာ ဆက်ပန်းထိုးနေသော်လည်း ယင်ကျန်းက သူမလက်ထဲမှ ပန်းထိုးအပ်ကို လုယူသွားသည်။

ယင်ကျန်းမှာ သူမမေးစေ့ကို ဆွဲမော့ကာ သူမအား အနီးကပ် စေ့စေ့စပ်စပ် ကြည့်ရင်း ပြောသည်။

"မင်းက ဘယ်အချိန်ကစပြီး ဒီလို ကြိတ်သဝန်တိုတတ်တဲ့သူ ဖြစ်သွားရတာလဲ"

ကမ်းကော်ကော် မကျေမချမ်း ပြန်ပြောလိုက်သည်။

"ကျွန်တော်မျိုးမ သဝန်မတိုပါဘူး"

ယင်ကျန်း "ကိုယ် ဘယ်သွားလဲဆိုတာကို မင်း တကယ် ဂရုစိုက်တယ်ဆိုရင် မနေ့ညက ကိုယ့်ကိုမစောင့်ဘဲနဲ့ ဘာလို့ အိပ်သွားရတာလဲ"

"ကျွန်တော်မျိုးမက..."

ကမ်းကော်ကော်သည် မျက်လွှာချကာ တိုးညှင်းစွာပြောလာသည်။

"အရှင်မင်းသားက ချန်ကော်ကော်အပေါ် နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိတယ်ဆိုတာကို ကျွန်တော်မျိုးမ သိပါတယ်၊ ပြီးတော့ အရှင်မင်းသား အဲဒီမှာ အနားယူမယ်လို့ ကျွန်တော်မျိုးမ ထင်ခဲ့တာပါ၊ သူမ ခြေကျင်းဝတ် ခေါက်သွားပြီး ပြုစုဖို့ မဖြစ်နိုင်တော့လို့ အရှင်မင်းသား ဒီကို လာလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ"

ယင်ကျန်း မျက်မှောင်ကြုတ်သွားရသည်။

"မင်း ဘာတွေပြောနေတာလဲ]

[ဟွန့် ယောကျာ်းတွေများ၊ နောက်ဆုံးတော့ ရှင့်ရဲ့ ဟန်ဆောင်နေတဲ့ မျက်နှာဖုံးကို ကျွန်မ ခွာချလိုက်နိုင်ပြီ မဟုတ်လား]

ယင်ကျန်းမှာ သူမစကားများကို အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားရသည်။

"ကိုယ် သူ့ကို ဘယ်တုန်းက နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ဖူးလို့လဲ၊ သူမ ခြေကျင်းဝတ် မခေါက်သွားရင်တောင် ကိုယ်ပြန်မလှည့်ကြည့်ခဲ့သလို အဲဒီလိုလုပ်ဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး"

ကမ်းကော်ကော်မှာ သူ့ကို လုံးဝမယုံကြည်ခဲ့ချေ။

"ဒါဆိုရင် သူမကို ဘာလို့ ကိုယ်လုပ်တော်အဖြစ်ယူခဲ့ရတာလဲ၊ အလှကြည့်ဖို့ သက်သက်ပဲလား"

[ရှင် လာနောက်နေတာလား]

ယင်ကျန်းမှာ ပါးစပ်ဟလိုက်သော်လည်း သူသတိကပ်သွားသည်။

"ကိုယ်က ဘာလို့ ဒါတွေ အားလုံးကို မင်းကို ရှင်းပြနေရမှာလဲ၊ ကိုယ် ကိုယ်လုပ်တော် ဆယ်ယောက်ဖြစ်ဖြစ် ရှစ်ယောက်ဖြစ်ဖြစ်ယူခဲ့ရင်တောင် ဝင်စွက်ဖက်ပိုင်ခွင့် မင်းမှာ မရှိဘူး"

[ဟုတ်တယ်၊ ကျွန်မမှာ အဲဒီအခွင့်အရေး မရှိဘူး၊ ဝူးဝူး... လူယုတ်မာကြီး၊ ငါ သ၀န်တိုတာကို ရှင်က ဘာလို့ အဲလိုပြောရတာလဲ၊ ငါ့ အပေါ် လေးစားမှုတောင် မရှိတော့ဘူးလား]

[ပဒေသရာဇ်ခေတ်က အဖိုးကြီးတွေမှာ ဇနီးတွေ၊ ကိုယ် လုပ်တော်တွေ အများကြီးရှိတာက ပုံမှန်ပဲပေမယ့် ငါသ၀န်တိုတာက တိုတာပဲလေ၊ ရှင်ကရော ဘာလို့ လာဒေါသထွက်နေရတာလဲ]

[သောက်အသည်းနှလုံးမရှိတဲ့ နှာဘူးကြီး၊ အနံ့အသက်ဆိုးတဲ့ ယောကျာ်းကြီး၊ ငါက ရှင့်ရဲ့ကလေးတွေကိုတောင် လိုချင်ခဲ့တာ၊ အခု ရှင်နဲ့ မထိုက်တန်တော့ဘူး ဝူးဝူး]

ကမ်းကော်ကော် မျက်လုံးများနီရဲလာပြီး သူမရင်ဘတ်မှာ အကြိမ်အနည်းငယ် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားကာ သူမမှာ ခေါင်းငုံ့လျက် တစ်ဖက်သို့အကြည့်လွှဲကာ တိတ်တဆိတ် မျက်ရည်ကျနေခဲ့သည်။

ယင်ကျန်း လည်စေ့မှာ လှုပ်ရှားသွားပြီး သူသည် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တစ်ခုခုပြောရန် ပြင်လိုက်သော် လည်း သူမက သူ့ကို တွန်းထုတ်လာသည်။

ယင်ကျန်း အံကြိတ်ကာ ပြောလိုက်သည်။

"ကမ်းကော်ကော်"

[ငါက အရမ်း နိမ့်ကျပြီးတန်ဖိုးမရှိတာပဲ၊ ရှင် ပွေ့ဖက်တာကို ဘယ်လိုလုပ် ခံယူထိုက်မှာလဲ]

[သောက်ကျိုးနည်း၊ ငါ အရမ်း ဒေါသထွက်နေတုန်းပဲ၊ ဒါပေမဲ့ ထားလိုက်ပါတော့၊ အသက်ရှင်ဖို့က ခက်ခဲတယ်၊ ငါ ဟန်ဆောင်လိုက်တာပဲ ကောင်းပါတယ်]

ကမ်းကော်ကော်မှာ သူမလက်ကို ယင်ကျန်းလက်ဖဝါးထဲသို့ ထည့်လိုက်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလသည်။

"အရှင်မင်းသား၊ ကျွန်တော်မျိုးမ မှားသွားပါတယ်၊ ကျေးဇူး ပြုပြီး ကျွန်တော်မျိုးမကို စိတ်မဆိုးပါနဲ့နော်"

ယင်ကျန်း "..."

သူ အသက်ပြင်းပြင်း တစ်ချက်ရှူကာ ပြောသည်။

"မနေ့က မွန်းလွဲပိုင်းမှာ မယ်တော်က ကိုယ့်ကို နန်းတော်ဆီ ထပ်ဆင့်ခေါ်ခဲ့တယ်"

ကမ်းကော်ကော်မှာ စိတ်မဝင်စားခဲ့သော်လည်း သူမသည် စိတ်ဝင်စားဟန်ဆောင်ကာ ပြန်ဖြေသည်။

"ဪ..."

ယင်ကျန်း မျက်လုံးများတွင် နာကျင်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"သူမက စိတ်ပျက်တဲ့ မျက်နှာထားနဲ့ ကိုယ့်ကို ဆူပူခဲ့တယ်၊ တခြားမိခင်က မွေးဖွားတဲ့ ညီတော် ၁၃ ထက် ညီတော် ၁၄ အပေါ်ကို ကိုယ်က ကြင်နာမှုနည်းပါးတယ်လို့ ပြောတယ်၊ သူမက ညီတော် ၁၄ ကသာ ကိုယ့်ရဲ့ညီတော်ဖြစ်ပြီး အစ်ကိုတော် တစ်ယောက်လိုပြုမူသင့်တယ်လို့ ပြောခဲ့တယ်"

[အဲဒါက ပုံမှန် မဟုတ်ဘူးလား၊ သမိုင်းအရ ရှင်နဲ့ မင်းသား ၁၄ က သိပ်အဆင်မပြေခဲ့ကြဘူး၊ ရှင်က မင်းသား ၁၄အပေါ် မကောင်းရင် သူကလည်း ရှင့်အပေါ် ကောင်းမှာ မဟုတ်ဘူး၊ ရှင်နဲ့ မင်းသား ၁၃ က အပြန်အလှန် လေးစားမှုရှိကြပေမယ့် ရှင်နဲ့ မင်းသား ၁၄ ကတော့ အပြန်အလှန် ရွံရှာကြတာလေ]

[ဒါပေမဲ့ ပြန်တွေးကြည့်ရင် သူ့ရဲ့မိခင်က တကယ်ဘက်လိုက်တာပဲ၊ ညီအစ်ကိုတွေကြား ဆက်ဆံရေး တိုးတက်လာဖို့အတွက် သူမက စတုတ္ထမင်းသား ဘက်ကနေ အစ်ကိုတော်က ညီတော်အပေါ် ပိုပြီး အလိုလိုက်ဖို့ခိုင်းစေတယ်၊ မင်းသား ၁၄ ဘက်ကနေရော ညီတော်တစ်ယောက်အနေနဲ့ အစ်ကိုတော်ကို လေးစားဖို့ သူမ သွန်သင်ပေးမလား မသိဘူး]

[ကိုယ်လုပ်တော်တဲ့က ပဒေသရာဇ် အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတယ်လို့ ပြောတာက နည်းနည်းတော့ မှန်သားပဲ၊ အနည်းဆုံးတော့ သူမက နင့်ကို မစောင့်ရှောက်ချင်ခဲ့တာ မဟုတ်ဘူး၊ သူမက အဲဒီစနစ်တွေနဲ့ စည်းမျဉ်းတွေကြောင့် ကန့်သတ်ခံခဲ့ရပြီး အများကြီးခံစားခဲ့ရတာပါ]

[ဒါပေမဲ့ သူမရဲ့နာကျင်မှုက သူမ သားနှစ်ယောက်အပေါ် မတရားဖို့အတွက် အကြောင်းပြချက် မဟုတ်ဘူး၊ လူ့သဘာဝရဲ့မွေးရာပါ တစ်ကိုယ်ကောင်းဆန်မှု ရှုထောင့်ကနေကြည့်ရင် ခေတ်သစ် ကာလမှာတောင် ပဒေသရာဇ်ဖိနှိပ်မှုကို မကြုံဖူးတဲ့မိဘတွေကတောင် မကြာခဏဆိုသလို ဘက်လိုက်တတ်ကြတာပဲ]

ကမ်းကော်ကော်သည် သင့်တော်သော တုံ့ပြန်မှုကို မရှာဖွေနိုင်သေးသော်လည်း စိတ်ထဲမှ လှောင်ပြောင်မိစဉ် သူမကို ကြည့်နေသော ယင်ကျန်း မျက်လုံးများ တောက်ပနေသည်ကို သူမ သတိပြုမိသွားသည်။

ကမ်းကော်ကော်သည် မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။

[ဟက်... ငါက သာမန် အစေခံမိန်းကလေးကို သခင်အတွက် စိတ်မကောင်းဖြစ်နေပြီလား၊ ငါ့မှာ အဲဒီ အခွင့်အရေးရှိလို့လား]

ယင်ကျန်းက ပြောသည်။

"ကိုယ်တို့ရဲ့ အတွေ့အကြုံတွေက ကွာခြားပေမယ့် လူ့ခံစားချက်တွေကတော့ အတူတူပါပဲ၊ မင်း ကိုယ့်ရဲ့ နာကျင်မှုကို နားလည်နိုင်မယ်လို့ ကိုယ် ယုံကြည်ပါတယ်.. ဟုတ်တယ်မလား"

[သူ တကယ်လောဘကြီးတာပဲ၊ သူ ဧကရာဇ်ဖြစ်လာတာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ ဘယ်လောက်တောင် လိမ္မာပါး နပ်လဲ ကြည့်ပါဦး၊ သူက အဆင့်အတန်းနဲ့ ရာထူးကနေ ရလာတဲ့ အခွင့်ထူးတွေနဲ့ အသာစီးရမှုတွေကို လိုချင်ပြီးတော့ နားလည်ပေးဖို့နဲ့ ခံစားရမှုတွေအပေါ် စာနာပေးဖို့လည်း ငါ့ဆီကနေ မျှော်လင့်နေသေးတာလား]

[ရှင်က ရှင့်ကိုယ် ရှင် နားလည်မှုနဲ့ နှစ်သိမ့်မှုလိုအပ်တဲ့ တစ်ဦးတည်းသောသူလို့ ထင်နေတာလား၊ ရှင်က ကျွန်မရဲ့ နာကျင်မှုကိုကျတော့ ဂရုမစိုက်ဘူးလား]

ကမ်းကော်ကော်မှာ သူမ အတွင်းစိတ်မှ ဒေါသကို ဖိနှိပ်ကာ ထိုသို့သာ ပြန်ပြောသည်။

"လူတွေရဲ့ ကံကြမ္မာက တရားမျှတပါတယ်၊ မိဘတချို့က ကလေးတစ်ယောက်ကို မျက်နှာသာပေးပြီး နောက်တစ်ယောက်ကို မတရားခံရတတ်ပေမယ့် မတရားခံရတဲ့သူက စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေကတစ်ဆင့် မကြာခဏဆိုသလို ပိုပြီး ကြံ့ခိုင်လာတတ်ပြီး နောက်ဆုံးမှာ ပိုကြီးမားတဲ့အောင် မြင်မှုကို ရရှိတတ်တယ်"

"သေချာတာပေါ့၊ အဲ့လို စမ်းသပ်မှုတွေ မရှိဘူးဆိုရင် မတရားခံရတဲ့သူက သစ်သားရုပ်သေးရုပ် တစ်ရုပ်လိုရည်မှန်း ချက်တွေ၊ ခံစားချက်တွေမရှိဘဲ အနာဂတ်မရှိပဲနဲ့ နေရလိမ့်မယ်"

"အနာဂတ်မှာ ရှင် ဘယ်လောက်တောင် အံ့သြစရာကောင်းလာမလဲဆိုတာကို သိထားလို့ ကျွန်မက အားလုံးချုံငုံပြီး ပြောနေတာပါနော်၊ တကယ်တော့ ရှင်က ရှင့်ရဲ့ညီတော်ထက် စစ်ရေးအရနိမ့်ကျတာကလွဲရင် ရှင်က တခြားအရာအားလုံးနဲ့ အထူးသဖြင့် နိုင်ငံရေးမှာ လုံးဝကိုသာလွန်တယ်"

"ဒါပေမဲ့ စစ်ရေးအရလည်း ရှင့်ရဲ့အားနည်းချက်တွေကို အစားထိုးဖို့ နျန်ကုန်းယောင်နဲ့ မင်းသား ၁၃ တို့က ရှင့်ကို ကူညီပေးဖို့ ရှိနေတာပဲ"

ယင်ကျန်း မေးလိုက်သည်။

"ဒါဆို မင်းကရော ဘယ်လိုလဲ"

ကမ်းကော်ကော် "ဘာကိုလဲ"

ယင်ကျန်း "မင်းမှာ သားနှစ်ယောက်ရှိပြီး တစ်ယောက်က မင်းအနားမှာရှိနေပြီး နောက်တစ်ယောက်က မရှိဘူးဆိုရင် မင်း အနားမှာရှိတဲ့ တစ်ယောက်ကိုပဲ မျက်နှာသာပေးမှာလား"

[ရှင်က အရမ်းယုတ်မာတာပဲ၊ ဘာလို့ ငါလေးကို သားနှစ်ယောက်ရပါစေလို့ ကျိန်စာတိုက်လိုက်တာလဲ၊ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ဒါမှမဟုတ် သမီးနှစ်ယောက်ဆိုရင် ပိုမကောင်းဘူးလား]

[ငါ့မှာသာ သားနှစ်ယောက် ရှိပြီး သူတို့က နင်နဲ့ မင်းသား ၁၄ လို အဆင်မပြေဖြစ်နေရင် ငါလည်း ကိုယ်လုပ်တော်တဲ့လိုပဲ စိတ်ညစ်ရမှာ သေချာတယ်]

ကမ်းကော်ကော်က ပြန်ပြောသည်။

"ကျွန်တော်မျိုးမ သားနှစ်ယောက်စလုံးကို ကျွန်တော်မျိုးမ အနားမှာထားဖို့ အကောင်းဆုံး ကြိုးစားမှာပါ၊ အဲဒီလို မလုပ်နိုင်ခဲ့ရင်တောင် သူတို့ကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ ကျွန်တော်မျိုးမ လုပ်မှာမဟုတ်ပါဘူး၊ မျက်နှာသာပေးတာက ကြောက်စရာ မကောင်းပါဘူး၊ ကြောက်စရာကောင်းတာက အဲဒါကြောင့် ဖြစ်လာရတဲ့ ထိခိုက်နစ်နာမှုပဲ”

All Chapters