အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
🌻 Chapter 81
လီစဲဖူက သူမကို စိုက်ကြည့်လိုက်ပြီး ခေါင်းပေါ်မှ ဆံထိုးတစ်ချောင်းကို ရုတ်တရက် ဆွဲနှုတ်ကာ အေးစက်စက် လေသံဖြင့်ပြောသည်။
"ဒီဟာကို လှူလိုက်မယ်"
ဝူကော်ကော် မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါက..."
လီစဲဖူက ဖြတ်ပြောလိုက်သည်။
"ဒီပုလဲကို ငါက ဆံထိုးလုပ်လိုက်တာ၊ အရင်က နှလုံးသားမရှိတဲ့ သစ္စာဖောက်တစ်ယောက် ပေးထားခဲ့တာလေ၊ ယုတ်မာတဲ့လူ ပေးတဲ့ပစ္စည်းက ဘာတန်ဖိုးမှမရှိဘူး၊ ငါ့ခေါင်းပေါ်မှာ တပ်ထားဖို့လည်း မတန်ဘူး၊ ဒါကို လှူပြီး ရောင်းပစ်လိုက်တာက အကောင်းဆုံးပဲ"
ဝူကော်ကော်မှာ ချွင်းလင်ကိစ္စနှင့်ပတ်သက်၍ မည်သူ မှား သည် မှန်သည်ကို သူမနှင့် ငြင်းဆန်ချင်လာသောကြောင့် အံ့ကြိတ်ကာ မြိုသိပ်ထားသည်။ စတုတ္ထမင်းသားထံ သွားတိုင်ပြီး သူမအား ဤမျှ ဒုက္ခရောက်အောင်လုပ်ခဲ့သူက ဘယ်သူ များလဲ။ သို့သော် သူမမှာ လူတိုင်းရှေ့တွင် ပြောင်းလဲသွားပြီဟု ဟန်ဆောင်နေရသဖြင့် လက်သီးကိုသာ တိတ်တဆိတ် ဆုပ်ထားရသည်။
ဤအရာများကို စောင့်ကြည့်နေသော ဖူကျင်းက အနည်းငယ်ပြုံးကာ ပြောသည်။
"အရမ်းကောင်းတာပေါ့၊ ညစာမစားခင် အားလုံး စုဆောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ စတုတ္ထမင်းသား ကြည့်ရှုဖို့အတွက် အားလုံးရဲ့လှူဒါန်းမှုတွေကို စာရင်းပြုစုပေးမယ်၊ အားလုံးရဲ့စေတနာကို စတုတ္ထမင်းသားအသိအမှတ်ပြုမှာပါ"
အလှူပစ္စည်းများ ကောက်ခံပြီးနောက် ဖူကျင်းသည် ယင်ကျန်းကို သွားရှာလေသည်။
"အရှင်မင်းသား... ဒါတွေက ကျွန်မတို့ အိမ်တော်က လူတွေ လှူဒါန်းထားတဲ့ ပစ္စည်းတွေနဲ့ ငွေတွေပါ၊ အားလုံးက ဒီဒုက္ခသည်တွေအတွက် အရမ်း စိုးရိမ်နေကြပြီး သူတို့ တတ်နိုင်တဲ့ဘက်က ကူညီချင်ကြပါတယ်"
ယင်ကျန်းမှာ အလှူစာရင်းကို ကောက်ယူကြည့်သည်။
"ကောင်းပြီ... အားလုံးက သဘောထား ပြည့်ဝကြပုံရတယ်၊ ဒီပစ္စည်းတွေကို သူတို့ဆီ ပြန်ပေးလိုက်ပါ"
ဖူကျင်းက မေးသည်။
"ဘာဖြစ်လို့လဲ မင်းသား"
ယင်ကျန်းက ပြန်ဖြေသည်။
"ဒီတစ်ခေါက် လှူဒါန်းမှုတွေကို ထုံးစံအတိုင်း ဘဏ္ဍာတိုက်ကနေပဲ ထုတ်လှူလို့ရတယ်၊ သူတို့ဆီက အလှူခံဖို့မလိုပါဘူး၊ စည်းမျဉ်းတွေအရ ငါတို့ရဲ့ လှူဒါန်းမှုက အစ်ကိုကြီး၊ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့ထက် မပိုသင့်ဘူးဆိုတာ မင်း နားလည်သင့်တယ်"
ဖူကျင်းက ယင်ကျန်းမှာ သူ့စွမ်းရည်အစစ်အမှန်ကို ဖုံးကွယ်ထားပြီး ထင်ပေါ်မည်ကို ကြောက်နေမှန်း သိသော်လည်း သူမက ထိုသို့မတွေးပေ။ အဘယ့်ကြောင့်ဆို အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဒုက္ခသည်များအတွက် ဤကယ်ဆယ်ရေးလုပ်ငန်းမှာ ဧကရာဇ်မင်းမြတ်က တတိယမင်းသားအား ပေးအပ်ထားသောရှားပါးသည့် အခွင့်အရေးဖြစ်ပြီး သူမအနေဖြင့် ထောက်ခံပေးရမည်ဖြစ်သည်။
သူမ ဘာပြန်ပေးနိုင်မလဲ၊ သေချာပေါက် ငွေပဲပေါ့...
သို့သော် မသမာသော ရည်ရွယ်ချက်ရှိသူ တစ်ဦးဦးက သူမကိုယ်ပိုင်ငွေဖြင့် ပေးဆောင်နေသည်ကို မြင်ပါက မည်သို့ တွေးကြမည်နည်း။ ဖူကျင်းက ထပ်ပြောသည်။
"အရှင်မင်းမြတ်က ဆန်ပြုတ်ရုံဖွင့်မယ့် ယာယီတာဝန်ကို တတိယမင်းသား အိမ်တော်ကို ပေးအပ်ထားတယ်လို့ ကြားတယ်၊ တတိယမင်းသားဖူကျင်းနဲ့ ကျွန်မက အမြဲတမ်းပြေ လည်တဲ့ ဆက်ဆံရေးရှိတော့ သူမမှာ ချက်စရာ ဆန်မရှိတဲ့ အခက်အခဲမျိုးမကြုံရအောင် ကျွန်မတို့ဘက်က ကူညီပေးသင့်တာပေါ့၊ ပြီးတော့ ငွေလှူတယ်ဆိုတာ ကုသိုလ်အလုပ်တစ်ခုပါ၊ ကျွန်မတို့က အမြဲတမ်း သတိထားနေတာပဲလေ၊ အရှင်မင်းမြတ်က ကျွန်မတို့ကို နာမည်ရဖို့တမင်သက်သက်လုပ်နေတယ်လို့ တွေးမှာ မဟုတ်ပါဘူး"
ယင်ကျန်း တည်ငြိမ်စွာ ဆိုသည်။
"မင်း လှူချင်တယ်ဆိုရင်လည်း တိတ်တဆိတ်ပဲ လှူပါ၊ ငါတို့ အိမ်တော် နာမည်ကိုမသုံးနဲ့၊ မင်း မိသားစုမှာဆိုင်တွေ အများကြီးရှိပြီး ကိုယ်ပိုင်စုဆောင်းငွေလည်း အများကြီးရှိတော့ မင်း ဘယ်လောက်လှူလှူ ကိစ္စမရှိဘူး၊ တခြား မိသားစု အခြေအနေ မချမ်းသာတဲ့သူတွေက လှူဖို့မလိုဘူး"
ယင်ကျန်းစကားကြောင့် ဖူကျင်းမျက်နှာမှာ ဒေါသကြောင့် နီရဲသွားရသည်။ မိသားစု မချမ်းသာသူဆို၍ ကမ်းချန်ချန် တစ်ယောက်တည်းရှိသည် မဟုတ်ပါလား။
ဝူကော်ကော် မိသားစုက ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုကို ဖွင့်ထားပြီး၊ ချန်ကော်ကော် မိသားစုမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကာ ငွေကြေးအချို့ရှိသည်။ လီစဲဖူဖခင်မှာလည်း အလုပ်ကောင်းတစ်ခုရထားပြီး နှစ်များစွာအတွင်း ကြွယ်ဝချမ်းသာမှု အတော်အသင့် စုဆောင်းထားနိုင်ခဲ့သည်။ သို့သော် အကြောင်းပြချက်ကြောင့်ဖြစ်စေ၊ အဆင့်အတန်းကြောင့်ဖြစ်စေ ယင်ကျန်းအား သူမ ပြန်လည်မငြင်းခုံနိုင်သဖြင့် ထွက်သွားရန်သာတတ်နိုင်တော့သည်။
ကမ်းချန်ချန်မှာ လှူဒါန်းထားသော လက်ဝတ်ရတနာများပြန်ရောက်လာသည်ကို မြင်သောအခါ အတော်လေးထူးဆန်းသည်ဟု ထင်မိသည်။
[အလယ်တန်းကျောင်းသားဘဝကနေ အလုပ်ခွင်ဝင်တဲ့အထိ လှူလို့မရတဲ့ အလှူဆိုတာမျိုး ငါ တစ်ခါမှ မကြုံဖူးပါဘူး၊ အွန်လိုင်းမှာတောင် လှူဒါန်းလို့ရတဲ့ လမ်းကြောင်းတွေအများကြီး ရှိတာပဲလေ]
သူမ ထိုအကြောင်းကို စဉ်းစားကြည့်ချိန် ယင်ကျန်းမှာ ထင်ပေါ်ကျော်ကြားမှုကို မလိုချင်၍ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။
[ဒီလိုဆိုမှတော့ ငါလည်း သူ့ကို သွားမဆွတော့ဘူး၊ နောက်ရေကြီးတဲ့ အချိန်အတွက်ပဲ ဒီငွေကို သိမ်းထားလိုက်တော့မယ်]
ရေဘေးအတွက် သူမ စိုးရိမ်ပူပန်မှုကိုပြသရန် ဤကာလအတွင်း မီးဖိုချောင်မှ မုန့်များနှင့် ဟင်းလျာကောင်းများကို ခဏခဏ မတောင်းတော့ရန်ဆုံးဖြတ်လိုက်သည်။ အကယ်၍ စတုတ္ထမင်းသား လာမအိပ်ပါက တစ်နပ်လျှင် ဟင်းတစ်ခွက်နှင့်ထမင်းတစ်ပန်းကန်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။
တတိယမင်းသား တစ်ယောက်တည်းဖြင့် ဒုက္ခသည်များကို အပြည့်အဝ မထိန်းချုပ်နိုင်သဖြင့် မကြာမီမှာပင် ရုန်းရင်း ဆန်ခတ် အနည်းငယ်ဖြစ်ပွားလာခဲ့သည်။ ထို့ကြောင့် လိုအပ်သည့် နေရာတိုင်းသို့ အမြဲတမ်းရွှေ့ပြောင်းပေးရလေ့ရှိသော ယင်ကျန်းကို ဆန်ပြုတ်ရုံများ စစ်ဆေးရန် ခန်းရှီဧကရာဇ်က ထပ်မံတာဝန်ပေးအပ်ပြန်သည်။
သူ မျှော်လင့်မထားစွာပင် မြို့စွန်သို့ မြင်းဖြူစီး၍ရောက်သွားသောအခါ သူ့ဖူကျင်းမှာ ဆန်ပြုတ်ရုံအနောက်တွင် ထိုင်ကာ တတိယမင်းသညး၏ဖူကျင်းနှင့် ပျော်ရွှင်စွာစကားပြောနေသည်ကို တွေ့လိုက်ရသည်။
ယင်ကျန်းသည် မြင်းပေါ်မှဆင်းကာ ခပ်တိုတို နှုတ်ဆက်လိုက်သည်။ ဖူကျင်းက သူ ရောက်လာသည်ကိုမြင်သော အခါ မျက်ဝန်းများထဲတွင် အနည်းငယ် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာကာမေးသည်။
"အရှင်မင်းသား ဘာလို့ ဒီရောက်လာတာလဲ"
ယင်ကျန်း သိပ်ဂရုမစိုက်သည့်ဟန်ဖြင့် "ဒီဘက်မှာ ပြဿနာ တစ်ခုခုရှိမရှိ လာစစ်ဆေးဖို့ အမိန့်တော်ရလို့"
သူ့ဖူကျင်းက သူ့အပေါ်အမြဲတစေ ခပ်အေးအေးပင် ဆက်ဆံတတ်သည်။
တတိယဖူကျင်းက သက်ပြင်းတစ်ချက်ချကာ ရေရွတ်လာသည်။
"အဲ့လိုကို"
ယင်ကျန်း အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း အစောင့်အနည်းငယ်သာရှိပြီး တတိယအစ်ကိုတော် အရိပ်အယောင်ကိုပင် မတွေ့ရပေ။ သူ မျက်မှောင် ကြုတ်ကာ မေးမိသည်။
"တတိယအစ်ကိုတော်ကော ဘယ်မှာလဲ"
တတိယဖူကျင်း ပြုံးလျက် ဖြေသည်။
"သူလား၊ မင်းသား မသိဘူးလား၊ သူက တစ်နေရာရာမှာ ပုန်းပြီး စာဖတ်နေလောက်ပြီ"
ယင်ကျန်း အနည်းငယ် ခေါင်းခါလေသည်။
"တတိယအစ်ကိုက စာဖတ်ပြီဆိုရင် စာအုပ်တွေထဲ လုံးဝ နစ်မြောသွားပြီး ပတ်ဝန်းကျင်ကို သတိမထားမိတော့ဘူး၊ သူက အမြဲတမ်း ဒီလိုပဲ၊ မရီးတော်ပဲ ဒီမှာအပင်ပန်းခံရတော့မယ်"
တတိယဖူကျင်းက ဖူကျင်း လက်ပေါ်သို့ သူမလက်ကို တင်လျက်ဆုပ်ကိုင်ထားလိုက်သည်။
"မင်းသားက ဘာတွေပြောနေတာလဲ၊ ချွင်းရှုက ကူညီပေးနေတာပဲ မဟုတ်လား"
ယင်ကျန်း ဖူကျင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့အနောက်မှ လူများကို ပြောသည်။
"ဒီနေရာက သိပ်ပြီး အေးချမ်းတဲ့ နေရာမဟုတ်ဘူး၊ အစောင့်တွေ... ဒီမှာကျန်ခဲ့ပြီး ဖူကျင်းနဲ့ တတိယမရီးကိုကာကွယ်ပေး လိုက်ကြ"
"ဟုတ်ကဲ့"
သူ ခေါ်လာခဲ့သော ကိုယ်ရံတော် လေးယောက်စလုံး အနောက်တွင် ကျန်ခဲ့သည်။ သူကိုယ်တိုင်မှာမူ စုဖေးရှန်နှင့် ကျန်တာ့နျန်တို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ယင်ကျန်းသည် နောက်ဆုံး ဆန်ပြုတ်ရုံကို စစ်ဆေးလိုက်ရာ ၎င်းမှာ အစိုးရက ဆောက်လုပ်ထားသော တရားဝင်ဆန် ပြုတ်ရုံမဟုတ်ဘဲ ပုဂ္ဂလိကဆောက်လုပ်ထားခြင်းဖြစ် ကြောင်း တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်််မိသွားသည်။
ဒုက္ခသည်များအား ဆန်ပြုတ် ခပ်တိုက်နေသူမှာ သူ မျက် မှန်းတန်းမိနေသူပင်။
"အားလုံးပဲ မလောကြပါနဲ့၊ တန်းစီပြီး ဖြည်းဖြည်းယူကြပါ"
ချွင်းလင်က နဖူးမှ ချွေးများကို သုတ်ကာ ဆန်ပြုတ်တစ်ပန်းကန်ကို မြန်မြန်ဆန်ဆန် ခပ်ပေးရင်းလှပသော သူမ မျက်နှာပေါ်တွင် ကြင်နာပြီး ကျေနပ်နေသော အပြုံးတစ်ခုက ဖုံးလွှမ်းနေသည်။
စုတ်ပြဲနေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက အနီးနားရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေပြီး သူ့တွင်ကျန်ရှိနေသော အဝါရောင် ရှေ့သွားနှစ်ချောင်း ပေါ်လာသည်အထိ ပြုံးဖြီးဖြီးလုပ်ကာ ပြောသည်။
"သခင်မလေးနျန်က တကယ်ကို အပြင်ပန်းရော အတွင်းစိတ်ပါ လှပတာပဲ၊ နောက်ကျရင် ဘယ်သူကများ သခင်မလေးကို လက်ထပ်ခွင့်ရလောက်အောင် ကံကောင်းမလဲ မသိဘူး”
🌻 Chapter 82
ချွင်းလင်က ဘာမှပြန်မပြောသော်လည်း သူမ မျက်နှာမှာ ပို၍ နီမြန်းသွားသည်။ သူမ အစေခံမလေးက သဘောမကျစွာဖြင့် ဝင်ပြောသည်။
"အဘိုးကြီး... ရှင်က ဒီကို ဆန်ပြုတ်သောက်ဖို့ လာတာလေ၊ ဘာလို့ ဒီကိစ္စတွေကို စိတ်ဝင်စားနေရတာလဲ၊ ရှေ့ဆက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေဦးမယ်ဆိုရင် ဆန်ပြုတ် ထပ်မပေးတော့ဘူးနော်"
"ကောင်းပါပြီ၊ ကောင်းပါပြီ... ကျုပ် ဘာမှ ထပ်မပြောတော့ပါဘူး"
ယင်ကျန်း ခြေလှမ်းများတန့်သွားပြီး ချွင်းလင်က သူ့ကို မြင်လိုက်ချိန် အနားရှိ အစေခံမလေးထံ ယောက်ချိုကို ကမ်းပေးကာ လက်ကိုသုတ်ပြီး သူ့ထံသို့ လျှောက်လာသည်။
ယင်ကျန်း "ဒါက ပုဂ္ဂလိက ဆောက်ထားတဲ့ ဆန်ပြုတ်ရုံလား၊ အစိုးရဆီ အစီရင်ခံထားပြီးပြီလား"
အလုပ်သဘောဆန်လွန်းသော သူ့ လေသံကြောင့် မူလက တည်းက စိုးရိမ်နေသော ချွင်းလင် နှလုံးသားလေးမှာ ပိုဘို့ပင် တုန်လှုပ်သွားရသည်။ သူမက ခေါင်းငုံ့ကာ အဝတ်စကို လက်ချောင်းများနှင့် တင်းတင်းဆုပ်ရင်း "ကျွန်မ အစ်ကိုက ဒီနေ့ပဲ အဲ့ကိစ္စကို သွားလုပ်နေပါတယ်၊ ဒါပေမဲ့ ခွင့်ပြုချက် မကျလာသေးလို့ပါ၊ စတုတ္ထမင်းသား... ကျေးဇူးပြုပြီး ကင်း လွတ်ခွင့်လေး ပေးလို့မရဘူးလားရှင်"
ယင်ကျန်း မျက်နှာထား တင်းတင်းဖြင့်ပင် ပြန်ပြောသည်။
"မင်း လုပ်နေတာက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ သိရဲ့လား"
သူသည် ကြောက်စရာကောင်းနေသဖြင့် ချွင်းလင်မှာ ငိုတော့မလိုပင် ဖြစ်သွားသည်။ သူမ နှုတ်ခမ်းများ တုန်ယင်လာပြီး ပြန်ဖြေလေသည်။
"ကျွန်မ... ကျွန်မ သိပါတယ်"
ယင်ကျန်းမှာ ဤမိန်းကလေး ထိုမျှလောက် စိတ်ခံစားလွယ်မည်ဟု မျှော်လင့်မထားသဖြင့် သူ့လေသံကို အနည်းငယ် လျှော့ချလိုက်သည်။
"နောက်တစ်ခါ မလုပ်နဲ့"
သူ စကားပြောလို့ အဆုံးတွင် စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ခွေးကောင်... သေဖို့သာ ပြင်ထားတော့"
ဒုက္ခသည်များကြားမှ လုပ်ကြံသူ နှစ်ဦး ရုတ်တရက် ထွက်ပေါ်လာပြီး ချွန်ထက်သော ဓားများကို ကိုင်ဆောင်ကာ ယင်ကျန်းနှင့် ချွင်းလင်ထံသို့ ထိုးချလာကြသည်။
ယင်ကျန်းသည် အရေးပေါ်အချိန်တွင် ချွင်းလင်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး လက်ချည်းသက်သက်ဖြင့် ဓားချက်အချို့ကို ကာကွယ်သည်။
အမှန်တော့ ထိုလုပ်ကြံသူ နှစ်ဦးက သူ့ကိုအန္တရာယ်မပေးနိုင်ချေ။ ယင်ကျန်းက သူ့ကိုယ်သူ အလွယ်တကူပင် ကာကွယ်နိုင်စွမ်းရှိသည်။
သို့သော် ဒုက္ခသည်များကြားတွင် ပုန်းအောင်းနေသော တတိယမြောက် လုပ်ကြံသူတစ်ဦးက ခန့်မှန်းရခက်သော ထောင့်ချိုးတစ်ခုမှနေ၍ ယင်ကျန်း ကျောဘက်သို့ ဓားဖြင့် ထိုးချလာသည်။
ဖွတ်...
ယင်ကျန်း ကျောဘက်မှ ဓားဖြင့် အသားကို ထိုးဖောက်သွားသော အသံကိုကြားလိုက်ရသည်။ သူ လှည့်ကြည့်မိသော အခါ စုဖေးရှန်မှာ ပြေးထွက်လာပြီး သူ့အနောက်မှ ဝင်ရောက် ကာကွယ်ပေးခဲ့ခြင်းပင်။
ယင်ကျန်း ချက်ချင်း သူ့ကို ဖမ်းထိန်းထားပြီး "စုဖေးရှန်..."
စည်းကမ်းထိန်းသိမ်းရေး မှူးမတ်များက ထိုနေရာကို လျင်မြန်စွာ ဝန်းရံလာကြသည်။ လုပ်ကြံမှု မအောင်မြင်ကြောင်းနှင့် ထွက်ပြေး၍ မလွတ်နိုင်တော့ကြောင်းကို သိသောအခါ ထိုလုပ်ကြံသူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။
အကြောက်လွန်ကာ ဖြူဖျော့နေသော ချွင်းလင်မှာ ယင်ကျန်းနှင့် အခြားသူများ ထွက်သွားပြီးနောက်မှာပင် မှင်သက်နေဆဲဖြစ်ပြီး နျန်ကုန်းယောင်း ပြန်ရောက်လာပြီး အကြိမ်ကြိမ် ခေါ်မှသာ သူမ သတိဝင်လာတော့သည်။
နျန်ကုန်းယောင်းက "စတုတ္ထမင်းသား ခုလေးတင်ရောက်လာ တယ်လို့ ကြားတယ်"
ချွင်းလင် မျက်တောင်များက ထိန်းမရအောင် တုန်ယင်နေဆဲပင်။
"သူ... သူ လုပ်ကြံခံရတယ်၊ ဒါပေမဲ့ ကံကောင်းလို့ ဘာမှမဖြစ်သွားဘူး"
"ဒီလို နေ့ခင်းကြောင်တောင်ကြီးကို ဘယ်လိုလုပ် အဲဒီလိုကိစ္စမျိုး ဖြစ်ရတာလဲ"
နျန်ကုန်းယောင်း ပြောပြီးနောက် ချွင်းလင်ကိုအထက် အောက် ကြည့်ကာ မေးသည်။
"ညီမလေးကော ဘာဖြစ်သွားသေးလဲ၊ အဆင်ပြေရဲ့လား"
ချွင်းလင်၏ ဖြူစင်သော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး လက်များမှာ ဟိုဟိုဒီဒီရောက်သွားကာ စကားများ တရစပ် ပြောလာသည်။
"ကျွန်မ အဆင်ပြေပါတယ်၊ အာ... အဲ့မိန်းမစိုးလေးက တကယ်ကို သတ္တိရှိတာပဲ၊ သူက စတုတ္ထမင်းသားကို ကယ်လိုက်တာလေ၊ အစ်ကို သိလား အခြေအနေက အရမ်းအန္တရာယ်များတာ၊ ကျွန်မက စတုတ္ထမင်းသားဘေးမှာ ရပ်နေတာကို ကံကောင်းလို့ သူက ကျွန်မကို အချိန်မီ တွန်းဖယ်ပေးလိုက်လို့..."
နျန်ကုန်းယောင်းက သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး ထောင့်တစ်နေရာသို့ ခေါ်သွားကာ တီးတိုးပြောသည်။
"နောက်တစ်ခါ ဒီလိုကိစ္စမျိုးနဲ့ ကြုံလာရင် ညီမလေး ဝေးဝေးကနေပဲ နေရမယ်"
ချွင်းလင် ခေါင်းအနည်းငယ် ငုံ့သွားသည်။
"ကျွန်မ သိပါတယ်၊ ကျွန်မက အားနည်းပြီး ဘာမှမလုပ်တတ်တော့ ပြဿနာပဲ ရှာပေးသလိုဖြစ်နေတာကိုး"
နျန်ကုန်းယောင်း သက်ပြင်းချကာပြောသည်။
"ညီမလေးရယ်... အစ်ကို အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး၊ ညီမလေး ယောကျာ်းတစ်ယောက်ဘေးမှာ ရပ်နေတာက..."
"ယောကျာ်းတစ်ယောက်က ညီမလေးကို မကာကွယ်ပေးနိုင်ဘူးဆိုရင် အဲဒါ သူ့မှာ အရည်အချင်းမရှိလို့ပဲ၊ ညီမလေးက ဝန်ထုပ်ဝန်ပိုး ဖြစ်နေလို့ မဟုတ်ဘူး၊ တကယ်တော့ ညီမလေးရဲ့ အဆင့်အတန်းနဲ့ ရုပ်ရည်အရဆိုရင် အလံရှစ်ခုတပ်က အရည်အချင်းရှိတဲ့ လူငယ်လေးတွေထဲက ကြိုက်တဲ့သူကို ရွေးပြီး မယားကြီးအနေနဲ့ လက်ထပ်လို့ရနေတာပဲ၊ ဒါပေမဲ့ မင်းသားတစ်ပါးရဲ့အိမ်တော်ကို ဝင်မယ်ဆိုရင်တော့ ညီမလေးက အလွန်ဆုံး စဲဖူအဆင့်ပဲ ရနိုင်မှာလေ"
ချွင်းလင် မျက်နှာမှာ ရဲတက်သွားကာ ပြန်ဖြူဖျော့သွားပြီး အသက်ရှူနှုန်းပါ မြန်ဆန်လာသည်။
"အစ်ကို ဘာလို့ ဒါတွေ ပြောနေတာလဲ၊ ကျွန်မ ပြန်ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ ဘာလို့ လက်ထပ်မယ့်အကြောင်းတွေ ပြောနေရတာလဲ၊ အစ်ကိုက ကျွန်မကို စိတ်ကုန်သွားလို့လား"
နျန်ကုန်းယောင်းက အလိုလိုက်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။
"ညီမလေးကို စိတ်မကုန်ပါဘူး၊ အစ်ကိုက သမီးမိန်းကလေးတွေက ကြီးလာရင် အိမ်ကနေ ထွက်သွားရမှာကို စိုးရိမ်လို့ပါ"
"ဟွန့်..."
ချွင်းလင်က သူ့ကို လျစ်လျူရှုကာ လှည့်ထွက်သွားပြီး ဒုက္ခသည်များကို ဆက်လက် ဆန်ပြုတ်ခပ်ပေးရန်လမ်းကြား ထဲမှ ထွက်သွားတော့သည်။
"ဟားဟား... ငါ နိုင်ပြီ"
^_^——————^_^
ကမ်းချန်ချန်က စိတ်လှုပ်ရှားစွာဖြင့် သူမ မာကျောက်တုံးများကို တွန်းဖယ်လိုက်သည်။
ယင်ကျန်း ထွက်သွားသည့်နေ့မှစ၍ သူ မလာသည်မှာ ဆယ်ရက်ကျော်ပင် ရှိသွားခဲ့သည်။ ယင်ကျန်း တစ်ယောက် ဒုက္ခ သည်များကို ကူညီရာတွင် အလုပ်များနေ၍လား သို့မဟုတ် သူမကို စိတ်ကောက်နေဆဲလားဟု ကမ်းချန်ချန်တွေးမိသည်။
အမှန်တွင် သူ့အပေါ် ဒေါသများ ပေါက်ကွဲပစ်ပြီးနောက် သူမဒေါသများလည်း ပြေလျော့သွားခဲ့ပြီဖြစ်သည်။ ထိုညက သူ အဘယ်ကြောင့် ရုတ်တရက်ကြီး ဒေါသတကြီး ထွက်သွားရသလဲဆိုသည်ကို သူမ ယခုထိတိုင် နားမလည်နိုင်သေးချေ။
[သူ့ရဲ့ တုံ့ပြန်နိုင်စွမ်းက အရမ်းနှေးကွေးလွန်းလို့ ငါ မီးပိတ်ချင်နေတာကို သတိထားမိသွားလို့များ ဒေါသထွက်သွားတာလား၊ ဒါပေမဲ့ သူက နားလည်ရအရမ်းခက်တဲ့ လူတစ်ယောက်ပဲ၊ သူ့ဒေါသကလည်း မှန်းဆလို့မရဘူး]