အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
🌻 Chapter 83
[ရယ်စရာကောင်းတာက... တစ်ခါတလေမှာ သူက ငါ့ကို ရင်ဖွင့်တတ်တယ်၊ ပြီးတော့ ငါကလည်း သူ့ကို နားလည်တယ်လို့ တကယ် ထင်နေခဲ့မိတယ်၊ တကယ်တော့ ငါက သမိုင်းကြောင်းကို နားလည်ထားတဲ့အပေါ်မှာပဲ အားကိုးနေခဲ့တာလေ၊ သမိုင်းဆိုတာ အနိုင်ရတဲ့သူတွေက ရေးဆွဲတာပဲ၊ အဲဒါက နောင်လာနောက်သားတွေကို သူ့ကို ဘယ်လိုမြင်စေချင်လဲဆိုတဲ့ သူ့ရဲ့ မျှော်လင့်ချက်ပဲဖြစ်လိမ့်မယ်၊ ဒါပေမဲ့ တကယ်တမ်း သူ ဘယ်လိုလူမျိုးလဲဆိုတာကတော့ သူ့ကို တွေ့ဖူးတဲ့သူတိုင်းမှာ ကိုယ်ပိုင် အကဲဖြတ်မှုတွေရှိကြမှာပါပဲ]
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ လုပ်ကြံခံရသည်ဟု သူမ ကြားခဲ့သော်လည်း စုဖေးရှန်က ဝင်ရောက်ကာကွယ်ပေးခဲ့သဖြင့် အထိအခိုက်မရှိခဲ့ပေ။
အစပိုင်းတွင် သူမ စိုးရိမ်ပြီး သူ့ကို သွားကြည့်ချင်ခဲ့သော် လည်း သူက အမြဲတစေ အစောကြီးထွက်ကာ မိုးချုပ်မှ ပြန်လာတတ်ပြီး အနောက်ဆောင်မှ အခြားမည်သူကမျှလည်း သွားရောက်ကြည့်ရှုရန် မကမ်းလှမ်းကြသဖြင့် ကမ်းကော်ကော် ထိုအတွေးကို စွန့်လွှတ်ခဲ့ရသည်။
[အစကတော့ သူ့ကို ငါ့ရဲ့ သူဌေးတစ်ယောက်အနေနဲ့ပဲ သဘောထားဖို့ သဘောတူထားခဲ့တာ ဒါပေမဲ့ ခံစားချက်ဆိုတာ လောကမှာ ထိန်းချုပ်ဖို့ အခက်ခဲဆုံးအရာပဲ၊ ဘယ် လောက်ပဲ ခိုင်မာတဲ့ စိတ်ရှိရှိ နေ့စဉ်ရက်ဆက် ခန္ဓာကိုယ်ချင်း နီးကပ်စွာ ထိတွေ့နေရတာက မှီခိုချင်စိတ်၊ သံယောဇဉ်နဲ့ မိန်းမနဲ့ ယောကျာ်းကြားက ထူးခြားတဲ့ တပ်မက်မှုတချို့ကိုတောင် မလွှဲမသွေ ဖြစ်လာစေခဲ့တယ်၊ အဲ့တာ အချစ်များလား၊ အချစ်ဆိုတာကို ငါ စိတ်ကူးကြည့်ဖူးပေမယ့် ငါ့ကိုယ်ငါတော့ ယင်ကျန်းကို ဓားဝင်ခံပေးဖို့အထိတော့ မလုပ်နိုင်သေးဘူး]
သေချာသည်မှာ စုဖေးရှန်က သူ့အား အန္တရာယ်ကနေ ဝင်ကာကွယ်ပေးခဲ့တာက အစေခံတစ်ယောက်၏သစ္စာရှိမှုနှင့် ရွေးချယ်စရာမရှိသော အခြေအနေကြောင့် ဖြစ်နိုင်သည်။
[ဒီသစ္စာရှိမှုက လေးစားစရာကောင်းပေမယ့်လည်း ရင်နာစရာလည်း ကောင်းတယ်၊ ဘာလို့လဲဆိုတော့ သူ့မှာ သစ္စာရှိဖို့ကလွဲပြီး တခြားရွေးချယ်စရာမှ မရှိတာ၊ အကယ်၍ ယင်ကျန်း တစ်ခုခုဖြစ်သွားခဲ့ရင် သူတို့လို သီးသန့်အစေခံတွေ အကုန်လုံး သေရမှာလေ၊ အဲဒီလိုဆိုတော့ ဒီကိစ္စကြောင့်ပဲ စုဖေးရှန်က ယင်ကျန်းရဲ့ မျက်နှာသာပေးမှုကို တဖြည်းဖြည်း ရလာခဲ့တာများလား]
ဤခေတ်ကို ကူးပြောင်းလာပြီး သမိုင်းကိုကိုယ်တိုင် မျက်မြင် ကြုံတွေ့နေရသည့် သူမ ခံစားချက်များက ဖော်ပြ၍မရ အောင်ကို ရှုပ်ထွေးနေသည်။ ထိုခံစားချက်များမှာ ကံကြမ္မာ၊ စွမ်းအားကင်းမဲ့မှုနှင့် ယုတ္တိမတန်မှုဆိုသည့် ခံစားချက်များပင်ဖြစ်သည်။ သမိုင်းဆိုတာ တကယ်ပဲ ပြောင်းလဲလို့ မရနိုင်တာလား။
ယခုရက်ပိုင်းတွင် ဖူကျင်းမှာ အိမ်တော်မှ မကြာခဏထွက်လေ့ရှိသဖြင့် အားလုံးကို မနက်ပိုင်းနှင့် ညနေပိုင်း နှုတ်ဆက်ခြင်းများမှ ယာယီ ကင်းလွတ်ခွင့် ပေးထားသည်။ စုန့်ကော်ကော်မှာလည်း နေမကောင်းသဖြင့် အိပ်ရာထဲတွင် အနားယူနေရသည်။
ကမ်းကော်ကော်က မနက်ခင်းအချိန်များကို ယွင်ကျွမ်း၊ ယွင်ရှုတို့နှင့်အတူ အပ်ချုပ်အလုပ်များလုပ်ရင်း ကုန်ဆုံးစေ သည်။ ခေတ်သစ်မှာတုန်းက သူမ ဤအရာများကို တစ်ခါမှ မလုပ်ခဲ့ဖူးသဖြင့် ရှေးခေတ်ရောက်မှသာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသည်ဟုခံစားရသည်။ သေချာ သည်မှာ အပ်ချုပ်ခြင်းကို အလုပ်တစ်ခုအဖြစ်လုပ်ရပါက စိတ်ဝင်စားစရာ ကောင်းတော့မည် မဟုတ်ချေ။
သူမ အလုပ်မှာကောင်းမွန်သော ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ရန်နှင့် သူမသခင်များကို ကျေနပ်စေရန် မြှောက်ပင့်သော စကားများကို ပြောဆိုရမည်ဖြစ်ရာ ထိုအရာသည် သိပ်သဘောကျစရာတော့ မကောင်းချေ။
[တကယ်တမ်းတော့ ငါက သူ့ကို ပြန်ပြောချင်တာကြာပြီး၊ သူ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘဝင်မြင့်နေတဲ့ အချိန်မျိုးမှာ ပါးတစ်ချက်လောက် ဖြတ်ရိုက်ချင်တာ၊ ဒါပေမဲ့ ငါ့မှာ အဲဒီလိုလုပ်ဖို့ သတ္တိမှ မရှိတာ]
[ငါက ကြောက်တတ်ပြီး သတ္တိကြောင်တဲ့သူ တစ်ယောက်လေ၊ တခြားလူတွေနဲ့ အပြန်အလှန် ဆဲဆိုရရင်တောင် အွန်လိုင်းပေါ်မှာ စကားနည်းနည်းပဲ ပြောရဲတာ၊ အဲဒီလိုဆို အနည်းဆုံးတော့ သူတို့က အင်တာနက်ကနေတစ်ဆင့် ငါ့ကို လာမထိုးနိုင်ဘူးလေ]
ကမ်းကော်ကော်သည် ခေတ်သစ်ရှိ သူမအလုပ်ဖြစ်သော ပန်ဒါဝက်ဝံလေးများ မွေးမြူခြင်းကိုတော့ သဘောကျမိသည်။ ချစ်စရာကောင်းသော သတ္တဝါလေးများကို မကြိုက်သည့်သူ မည်သူရှိမည်နည်း။
ချစ်စရာသတ္တဝါလေးများအကြောင်း ပြောရလျှင် နွေဦးရာသီ ရောက်လာပြီဖြစ်၍ နှင်းလုံးလေးလည်း ဤရက်ပိုင်းအတွင်း အလွန် ဒေါသထွက်လွယ်နေသည်။
သူလေးမှာ နေရာတကာတွင် ဆီးသွားပြီး သန်းခေါင်ယံအချိန်တွင် အော်တက်ကာ အကြောင်းမရှိဘဲ တံခါးများကို ကုတ်ခြစ်တတ်သည်။ ခြေသလုံးကိုလည်း ခဏခဏပွတ်သပ်နေပြီး အမွေးပွပွ အမြီးလေးများ ထောင်နေပုံမှာ မိတ်လိုက်ချိန်ရောက်နေပုံရသည်။
အဆိုးဆုံးမှာ သူက ခြံဝင်းထဲမှ ခဏခဏ ပြေးထွက်သွားတတ်ပြီး အကြာကြီး ပြန်မလာခြင်းပင်။ ဤသည်မှာ ကောင်းသော လက္ခဏာတော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အရှေ့ဘက်ခြမ်းရှိ လီစဲဖူမှာ ကိုယ်ဝန်ရှိနေသဖြင့် နှင်းလုံးလေးကသာ သူမကို ရန်မှုမိပါက အလွန်ဆိုးရွားသွားပေလိမ့်မည်။
အကယ်၍ နှင်းလုံးလေးသာ အိမ်တော်ထဲမှ ပြေးထွက်သွားလျှင် ပြန်ရှာတွေ့ရန် ရာခိုင်နှုန်းမှာ အလွန်နည်းပါးသည်။
သို့ဖြစ်ရာ ကမ်းကော်ကော်မှာ ပြတင်းပေါက်များကို ပိတ်ကာ တံခါးများကို သော့ခတ်ထားရုံမှလွဲ၍ အခြားရွေးစရာဘဲ အထဲရှိလူတိုင်းကို စောင့်ကြည့်စေကာ သူ မောပန်းသွားစေရန် ကစားစရာများ ပိုပေးထားရသည်။
သို့သော် လူတိုင်း အထဲတွင်သာ စုဝေးနေကြသဖြင့် ပျော်စရာတစ်ခုခုမရှာဖို့ မဖြစ်နိုင်ချေ။ ထို့ကြောင့် ညနေပိုင်းတွင် သူတို့က မာကျောက်ခုံကို ပြင်ဆင်လိုက်ကြပြီး သူမနှင့် အစေခံမလေး လေးယောက် အလှည့်ကျ ကစားကြသည်။
မာကျောက်ကစားသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ နှင်းလုံးလေးကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းက သူမကိုယ်တိုင် ဆော့ချင်၍ဖြစ်သည်။
[ဖူကျင်းက တတိယဖူကျင်းနဲ့အတူ ဆန်ပြုတ်ဝေဖို့ အပြင်ထွက်သွားတယ်လို့ ကြားရတော့ ငါ တကယ်ကို အားကျမိတယ်၊ ကောင်းမှုကုသိုလ်တွေ လုပ်ရင်း အပြင်ထွက်လမ်း လျှောက်ခွင့်ရတဲ့ ဖူကျင်းကို အရမ်းမနာလိုမိတာပဲ၊ ငါကိုယ် တိုင်ကျ ဒီအိမ်တော်ကြီးထဲမှာ ပိတ်လှောင်ခံရလွန်းလို့ တကယ်ကို ရူးတော့မလို့ ဖြစ်နေပြီ]
ကမ်းကော်ကော်သည် သူမကိုယ်သူမ အစထဲက သနားကြင်နာတတ်သော သူတစ်ယောက် မဟုတ်သည်ကိုသိပြီး ယခုလို ချင်းမင်းဆက်မှ သူစိမ်းများအပေါ်တွင် ကြင်နာမှုအနည်းငယ်မျှသာ ရှိကြောင်း သူမသိသည်။
သူမသည် သူမကိုယ်သူမနှင့် သူမဘက်မှ ရပ်တည်သူများကိုသာ ချစ်မြတ်နိုးခြင်းပင်။ ဘဝကြီးက ခက်ခဲနေပြီး သူမ လိုချင်တာကို လွတ်လွတ်လပ်လပ် မလိုက်စားနိုင်၊ မလုပ်နိုင်ဘူးဆိုလျှင်တောင်မှ နေ့ရက်တိုင်းကို ပျော်ရွှင်အောင်ဖြတ်သန်းဖို့ သူမ မျှော်လင့်မိသည်။
အနည်းဆုံးတော့ သူမကိုယ်သူမ နှစ်သိမ့်ရန် စိတ်ပိုင်းဆိုင်ရာ အောင်ပွဲတစ်ခုခုတော့ လိုအပ်သည်။ သို့ဖုစ်ရာ မာကျောက်ကစားခြင်းမှာ သူမ ဝါသနာတစ်ခုတော့ မဟုတ်သော်လည်း သူမ စိတ်ဓာတ်ကို ယာယီမြှင့်တင်ပေးနိုင်ပြီး အတွေးလွန်ခြင်းမှလည်း တားဆီးပေးနိုင်သည်။
သို့သော် ချန်ကော်ကော်က အစေခံတစ်စုနှင့်အတူ သူမ ခြံဝင်းအတွင်းသို့ အတင်းဝင်ရောက်လာသောအခါ ဤကောင်းမွန်နေသော စိတ်အခြေအနေလေးမှာ အလျင်အမြန်ပင် အနှောင့်အယှက်ပေးခံလိုက်ရသည်။
ဖူကျင်း၏ အစေခံတစ်ဦးဖြစ်သော ချွေ့မားမားက အရှေ့ဆုံးတွင် ရပ်ကာ ကျယ်လောင်ပြီး အမိန့်ဆန်သော လေသံဖြင့်
"အစောင့်တွေ... သူတို့ကို ဖမ်းလိုက်စမ်း၊ သူတို့ လောင်း ကစားလုပ်ထားတဲ့ ငွေတွေ အကုန်လုံးကို သိမ်းလိုက်"
ဟုတ်ပေသည်။ ချင်းမင်းဆက်တွင် လောင်းကစားလုပ်ခြင်းကို တားမြစ်ထားပြီး မင်းသားအိမ်တော်တွင်လည်း ချွင်းချက်မရှိသည့်အပြင် ပိုတင်းကျပ်သေးသည်။
[ငါ လောင်းကစားလုပ်နေတာကို ဖမ်းဖို့ဆိုပြီး ငါ့ရဲ့ ကိုယ်ပိုင်ခြံဝင်းထဲကို အတင်းဝင်လာတာက တကယ်ကို မုန်းစရာကောင်းတာပဲ]
သို့သော် ကမ်းကော်ကော်က တည်တည်ငြိမ်ငြိမ်ပင် နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ကစား" နေခြင်းသာဖြစ်ပြီး လောင်းကစားလုပ်နေခြင်း မဟုတ်သောကြောင့်ပင်။
ကမ်းကော်ကော်က ယဉ်ကျေးစွာပင် "ချန်ကော်ကော်ရဲ့ ခြေကျင်းဝတ်က သက်သာသွားပြီလား"
"ညီမတော် ကမ်းကော်ကော်... ညီမတော်လည်း ဒီမှာ ကစားနေတာလား၊ အစ်မတော် တောင်းပန်ပါတယ်နော်၊ အစ်မတော်က မြန်မြန်ဆန်ဆန် ဝင်လာတော့ ညီမတော်ကို သတိမထားမိလိုက်ဘူး"
ချန်ကော်ကော်မှာ ပြဿနာရှာရန် တမင်သက်သက် လာခဲ့ခြင်းဖြစ်သည်မှာ ရှင်းလင်းနေသော်လည်း အတုအယောင် အပြုံးတစ်ခုကို ဆင်မြန်းထားဆဲပင်။
မှန်သည်။ အနောက်ဘက် ပန်းခြံထဲတွင် သူမအတွက် သူကိုယ်တိုင် ထောင်ချောက်ဆင်ခဲ့စဉ် သူတို့ ပထမဆုံးသီးသန့် စကားပြောဆိုမှုမှစ၍ ချန်ကော်ကော်သည် ဤသို့ အမြဲလုပ်လေ့ရှိသည်။
[မိန်းမတွေ အချင်းချင်း မုန်းတီးကြတဲ့အကြောင်က ယောကျာ်းတွေကြောင့်ဆို အရာရာတိုင်းကို မိန်းမအချင်း ချင်း ပြိုင်ဆိုင်မှုလို့ သတ်မှတ်ခံရတော့ ဖြေရှင်းမရတာတွေ ဖြစ်လာတော့တာပဲ]
[ပြိုင်ဆိုင်မှုဆိုတာ နေရာတိုင်းမှာ ရှိပေမဲ့ မိန်းမအချင်းချင်း ပြိုင်ဆိုင်မှုကတော့ လောကမှာ ကြောက်စရာကောင်းတဲ့ အမုန်းပဲ၊ နန်းတွင်း အကြိတ်အနယ် အာဏာလုပွဲတွေဆိုတာက အခြေခံအားဖြင့် ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေနဲ့ အရင်းအမြစ်တွေအတွက် အပြိုင်အဆိုင် လုကြတာပဲ၊ မျက်နှာသာပေးခံရတဲ့သူက အရင်းအမြစ်တွေ ပိုရတာမို့ အားလုံးက ပြိုင်ဆိုင်ပြီး လုကြတာ]
[ခေတ်သစ်မှာလည်း ပြိုင်ဆိုင်မှုတွေ ရှိတာပဲ၊ ကျောင်းသားတွေရဲ့ အမှတ်တွေ၊ ပညာသင်ဆုတွေ၊ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲနေရာတွေနဲ့ နိုင်ငံခြားမှာ ပညာသင်ခွင့်တွေအတွက် ပြိုင်ဆိုင်ကြတယ်၊ လူကြီးတွေရဲ့ လုပ်ငန်းခွင်မှာလည်း ရာထူးတိုးဖို့နဲ့ လစာတိုးဖို့ ပြိုင်ဆိုင်မှုတွေ၊ အကြိတ်အနယ်တွေဆိုတာ အမြဲရှိတာပဲ၊ ရှေးခေတ်က မင်းသားတွေတောင် အာဏာ၊ ဖခင်မေတ္တာနဲ့ မိခင်မေတ္တာအတွက် ပြိုင်ဆိုင်ခဲ့ကြတာပဲ၊ သိုးထီးတွေလို တိရစ္ဆာန်တွေတောင်မှ ကြီးစိုးဖို့နဲ့ ခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်ကြတာလေ]
[ဒီလို ပတ်ဝန်းကျင်မှာနေရတော့ စိန်ခေါ်မှုတွေကို မလွှဲမရှောင်သာ ရင်ဆိုင်ရမှာပဲ၊ ရှောင်ပြေးလို့မရသလို ကြောက်နေလည်း အပိုပဲ၊ ကိုယ်တိုင်က သူတစ်ပါးကို ဒုက္ခမပေးဘဲ ကိုယ့်လိပ်ပြာကိုယ်လုံအောင် နေနိုင်သရွေ့ လုံလောက်တယ်]
🌻 Chapter 84
ကမ်းကော်ကော် ပြုံးကာ ပြန်ပြောသည်။
"ရပါတယ်... အိမ်တော်က ကိစ္စတချို့ကို အစ်မတော်က ယာယီစီမံခန့်ခွဲဖို့ ဖူကျင်းက ညွှန်ကြားထားတယ်ဆိုတာ ကျွန်တော်မျိုးမ သိပါတယ်၊ အစ်မတော်ကို လူကိုယ်တိုင် ဂုဏ်ပြုဖို့ အခွင့်အရေး မရသေးတာ အခုမှအတော်ပဲ အစ်မတော် ရောက်လာတုန်း ဂုဏ်ပြုစကားလေးပါ တစ်ခါတည်း ပြောလိုက်ချင်လို့ပါ"
ချန်ကော်ကော်က အပြုံးတုဖြင့်
"ညီမတော်က တကယ် နောက်တတ်တာပဲ၊ အစ်မတော် ခြေကျင်းဝတ်လည်သွားတာ ရက်အတော်ကြာပြီကို ညီမတော်က လာတောင် မလာဘူးလေ၊ အခုကျမှ ဘာလို့များ စီမံခန့်ခွဲမှုကိစ္စကြောင့် ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ"
သူမ မျက်လုံးထဲမှ အုံ့မှိုင်းနေသော အရိပ်အယောင်များက ကမ်းကော်ကော်ကို အံ့အားသင့်သွားစေသည်။
[သူ ဘာဖြစ်နေတာလဲ]
ကမ်းကော်ကော်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်။
"အစ်မတော်။ အစ်မတော် ပြောတဲ့ပုံစံက ညီမကို သဘော ထားသေးသိမ်တဲ့သူ တစ်ယောက်လို ဖြစ်နေပြီ၊ ကောင်းပါပြီ၊ အစ်မတော်က ကျွန်တော်မျိုးမကို အဲဒီလိုပဲ မြင်တယ်ဆိုမှတော့လည်း လက်ခံရမှာပေါ့"
ထိုစကားကြောင့် ချန်ကော်ကော် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် သရော်သည့် လေသံဖြင့် ပြန်ပြောသည်။
"ညီမလေးက တကယ်ကို ကိုယ့်နေရာကိုယ် သိတာပဲ"
ကမ်းကော်ကော်က ပခုံးတွန့်ပြကာ အစေခံများကို ပြုံးပြလိုက်သည်။
အစေခံတစ်စုမှာလည်း သူမအစေခံမလေး သုံးယောက်ထံမှ ဘာမှမတွေ့ဘဲ စားပွဲပေါ်ရှိ ကြော်ထားသော ပဲအချို့ကိုသာ တွေ့လိုက်ရသည်။
"ပိုက်ဆံမှ မရှိတာကို၊ အဲဒါကို လောင်းကစားလို့ ခေါ်ဦးမလို့လား"
ကမ်းကော်ကော် မျက်ခုံးပင့်ပြကာ ပြုံးလျက်ပြောသည်။
အစေခံများထဲမှ တစ်ယောက်က ချန်ကော်ကော်ကို မျက်စိမှိတ်ပြလိုက်ရာ ချန်ကော်ကော်က ခေါင်းညိတ်ပြသည်။ ကမ်းကော်ကော်သည် ထိုအဘွားကြီး သူမထံသို့ လျှောက်လာသည်ကို ကြည့်ကာ သံသယဖြင့် စိုက်ကြည့်နေလိုက်သည်။
အစေခံက သူမကို ရှာဖွေရန် လက်လှမ်းလာကာ ပြောလေသည်။
"ခွင့်လွှတ်ပါ ကော်ကော်"
ကမ်းကော်ကော်မှာ လန့်ဖြန့်ပြီး မတ်တပ်ရပ်ကာ ဘေးသို့ ပုန်းရှောင်သွားစဉ် ဟွာစန်းလည်း အပြေးအလွှား ရောက်လာပြီး ကမ်းကော်ကော် ရှေ့မှကာကွယ်လေသည်။
တောင့်တင်းသော ဟွာစန်း ခန္ဓာကိုယ်ကြီးက လူကောင်ထွား သော အစေခံကို ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားစေသည်။
[ဟူး... သူ စားထားတဲ့ ဝက်ခြေထောက်ပေါင်းတွေနဲ့ အလေး မထားတာတွေက အချည်းနှီးတော့ မဟုတ်ဘူးပဲ]
ကမ်းကော်ကော်က အေးစက်စက် လေသံဖြင့် "ဟဲ့ အစေခံအိုကြီး... ငါ့ကိုယ်ပေါ်ကို ရှာဖွေတာက အိမ်တော်ရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီလို့လား"
[ဟွန့်... ငါ ဒေါသမထွက်တတ်လို့ ငါ့ကို ကြောင်ပေါက်လေးများ မှတ်နေလား၊ ငါ့စကားကြောင့် သူ ဒေါသထွက်လာရင် တောင် ငါဂရုမစိုက်တော့ဘူး]
ချန်ကော်ကော်က တောင်းပန်သည့် လေသံဖြင့်
"တောင်းပန်ပါတယ် ညီမတော်၊ အဲဒီ အစေခံက ညီမလေး အပြစ်ကင်းတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားရုံပါ၊ မဟုတ်ရင် ညီမလေး ဘယ်လိုသက်သေပြမလဲ"
ကမ်းကော်ကော်မှာ နားမလည်နိုင်ဖြစ်သွားသည်။
"ညီမက ဘာကို သက်သေပြစရာလိုလို့လဲ၊ ညီမ အပြစ်ကင်းတာ သေချာတယ်၊ သူတို့ သုံးယောက်လုံးမှာ ပိုက်ဆံတစ်ပြားမှ မရှိဘူးလေ၊ ညီမမှာ ပိုက်ဆံရှိနေတယ်ဆိုရင်တောင် အဲဒါက လောင်းကစားလုပ်တယ်ဆိုတာကို သက်သေမပြနိုင်ဘူး"
ချန်ကော်ကော် ထိုအရာကို စဉ်းစားကြည့်လိုက်ရာ အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားသည်။ သို့သော် သူမက ဤမျှဒုက္ခခံကာ လာခဲ့ပြီးမှ လက်ပူးလက်ကြပ် မဖမ်းမိပါက နှမြောစရာ ဖြစ်သွားမည် မဟုတ်လား။
ထို့ကြောင့် အတွင်းခန်းကို ရှာဖွေရန် အစေခံများအား မျက်စ ပစ်ပြကာ အချက်ပေးသည်။ အတွင်းခန်းကို ရှာဖွေပါက သဘာဝကျကျပင် ကမ်းကော်ကော် ရတနာများကို တွေ့သွားမည်ဖြစ်သည်။
ယွင်ကျွမ်းမှာ အထိတ်တလန့်ဖြစ်သွားပြီး တံခါးဝကို ချက်ချင်းပင် ပြေးပိတ်ထားလိုက်သည်။
"ရှင်တို့ ဘာလုပ်နေကြတာလဲ၊ ကော်ကော်ရဲ့ အခန်းထဲကို ဒီလိုမျိုး ဘယ်လိုလုပ် ဝင်လာရဲတာလဲ"
သူမ အသံမှာ တိုးညှင်းပြီး အားနည်းကာ လူကလည်း ခပ်ပိန်ပိန်ပါးပါးပင်။ သူမမှာ ဒေါသထွက်နေသော ငှက်ကလေး တစ်ကောင်နှင့် တူနေသဖြင့် အစေခံများက သူမကို အလေးအနက် မထားကြပေ။
"ဘာလုပ်နေတာလဲ ဟုတ်လား၊ ငါတို့ မဝင်လာခင်ထဲက နင်တို့တွေ ပိုက်ဆံတကို အတွင်းခန်းထဲ မြန်မြန်ဖွက်ထားလိုက်တာ ဖြစ်ရမယ်"
အခြားအစေခံတစ်ဦးက တြိဂံပုံမျက်လုံးများကို ပင့်ကာ
"အခန်းထဲမှာ ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုခုများ ဖွက်ထားလို့လား"
ထိုသို့ပြောပြီးနောက် သူတို့အားလုံး ခေါင်းကိုမော့ကာ ဗိုက်နှိပ်၍ ရယ်မောကြလေသည်။
ဤမြင်ကွင်းမှာ ဖူကျင်းက အစေခံများကို ဦးဆောင်၍ ချန်ကော်ကော် ခြံဝင်းကို ရှာဖွေစဉ်ကနှင့် သိပ်မကွာခြားလှပေ။
[ချန်ကော်ကော်က သူမအခန်းထဲက ပန်းထိုးထားတဲ့ အမွှေးအိတ်တွေကို မီးရှို့ပစ်လိုက်ရင် အရာအားလုံး ပြီးသွားပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အဲဒီ အသုံးမကျတဲ့ ကောင်မလေးယွဲ့ယင်းက ယောကျာ်းတစ်ယောက်ရဲ့ ပစ္စည်းတွေကို ဖွက်ထားမယ်လို့ ဘယ်သူက ထင်မှာလဲ၊ ရလဒ်အနေနဲ့ ယွဲ့ယင်းက အိမ်တော်ကနေ နှင်ထုတ်ခံရရုံတင်မကဘဲ အရှင်မင်းသားရဲ့ အပြစ်ပေးတာကိုပါ ခံလိုက်ရတယ်၊ ပြီးတော့ အဲဒီအချိန်ကစပြီး အရှင်မင်းသားက သူမရဲ့ ခြံဝင်းကို လာတာကို ရပ်လိုက်တာပဲ]
[ချန်ကော်ကော်တုန်းက ရှာဖို့လိုက်လာတဲ့ အစေခံတွေရဲ့ အပြုံးတွေ၊ ကိုယ်ဟန်အမူအရာတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအစေခံတွေ အတုခိုးနေကြတာလားဟ]
ဤအစေခံများသည် သူတို့ကို အမှန်ပင် မနာလိုဖြစ်နေကြပြီး ကမ်းကော်ကော်လို ငယ်ရွယ်သော ကိုယ်လုပ်တော်တစ်ပါးက မင်းသား မျက်နှာသာပေးမှုကိုရရှိနေသည်ကို မကြည့်ရက်နိုင်ကြပေ။ သူတို့သည် ထိုအရာကို ပျက်စီးစေသည့် မည်သည့်အရာကိုမဆို လုပ်ဝံ့ကြသည်။
[တကယ်ပါပဲ၊ ကံကြမ္မာဆိုတာ တကယ်ပြောင်းလဲတတ်တာပဲ၊ အခုတော့ ဖူကျင်း မရှိတုန်း သူမက ဒီအစေခံတွေကို ဓားတစ်လက်လို အသုံးချနိုင်နေပြီလေ]
သူတို့သည် ပိုက်ဆံရှာမတွေ့သည့်အတွက် သူမ သိမ်းဆည်းထားသော ရတနာများကိုစွပ်စွဲရန် ထိုဓားကို အသုံးချချင်နေသည်။
ကမ်းကော်ကော်တစ်ယောက် မနှစ်က သူမ ခံစားခဲ့ရသော အရှက်ရမှုမျိုးကို မြည်းစမ်းဖို့ အချိန်ရောက်လာပြီဟု ချန်ကော်ကော် တွေးလိုက်မိသည်။
ယင်ကျန်းသာ ကမ်းကော်ကော် အစစ်အမှန်ကို တွေ့သွားလျှင် သူ ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူမ ကိုယ်တိုင် မြင်ချင်မိသည်။ ထို့ကြောင့် ချန်ကော်ကော်က မဆိုင်းမတွပဲ အမိန့်ပေးလိုက်သည်။
"အားလုံးပဲ... ရှာကြစမ်း"
အထိန်းတော်အိုကြီး လေးယောက်နှင့် အစေခံမလေး သုံးယောက်က စိတ်လှုပ်ရှားစွာဖြင့် တစ်သံတည်း ပြန်ဖြေကြသည်။
"ဟုတ်ကဲ့ပါ"
ကမ်းကော်ကော် မျက်မှောင်ကြုတ်သွားပြီး
"လာ... ငါနဲ့အတူ သူတို့ကို အခန်းထဲကနေ မောင်းထုတ်ကြမယ်"
အပြင်ဘက်အခန်းက မူလကတည်းက သိပ်မကျယ်ဝန်းလှဘဲ သူမ အစေခံမလေး ၄ယောက်နှင့် ချန်ကော်ကော် ခေါ်လာသော လူများပေါင်းလိုက်သောအခါ လှုပ်ရှားရန်ပင် နေရာမရှိသလောက် ဖြစ်သွားသည်။
ဤအထိန်းတော်ကြီးများနှင့် အစေခံများ မည်မျှ ဗိုလ်ကျချင်ပါစေ ကမ်းကော်ကော်ကိုတော့ ကိုယ်ထိလက်ရောက်ကျူးလွန်ရဲကြမည် မဟုတ်ပေ။
ထို့ကြောင့် ကမ်းကော်ကော်နှင့် သူမ အစေခံလေးယောက်တို့ စုပေါင်းအားထုတ်မှုကြောင့် သူတို့မှည ခြံဝင်းထဲသို့သာ ဆုတ်ခွာသွားရတော့သည်။ ကမ်းကော်ကော်နှင့် သူမ လူများလည်း အပြင်သို့ထွက်လာပြီး အခန်းတံခါးကို ပိတ်လိုက်သည်။
ချန်ကော်ကော်က နှုတ်ခမ်းကို ပဝါနှင့်အုပ်ကာ ခပ်တိုးတိုးလေး ရယ်မောလိုက်ပြီး သွယ်လျသော ခါးလေးကို လှုပ်ခါကာ မေးလေသည်။
"ကမ်းကော်ကော်... ညီမတော် တစ်ခုခုကို အပြစ်ရှိသလိုများ ခံစားနေရလို့လား"
ကမ်းကော်ကော်က ခြံဝင်းထဲမှ သစ်သားတုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး
"အစ်မတော်က အာဏာသုံးပြီး အနိုင်ကျင့်လာမှတော့ ဒီညီမတော်မှာလည်း ပြန်မခုခံစရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့ အထဲဝင်ပြီး ရှာချင်တယ်ဆိုရင်တော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းကြောင်း သက်သေပြရမယ်၊ အကယ်၍ ရှင်တို့ဆီမှာ မသန့်ရှင်းတဲ့ ပစ္စည်းတစ်ခုခုပါလာပြီး အခန်းထဲမှာ ချန်ခဲ့ပြီး ကျွန်မကိုအပြစ်ပုံချတာမျိုးလုပ်တာရင် နစ်နာမှာက ကျွန်မတို့ပဲ မဟုတ်ဘူးလား"
ယွင်ကျွမ်း ခေါင်းညိတ်ကာ ထောက်ခံသည်။
"ကော်ကော် ပြောတာ မှန်တယ်"
ချန်ဝမ်အာ မျက်နှာမှာ ချက်ချင်းဖြူဖျော့သွားသည်။ သူမ လုပ်ရပ်များကို ကမ်းကော်ကော် ကြိုတင်တွေးမိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အထိန်းတော်များကလည်း အတော်လေး မကျေမနပ် ဖြစ်သွားကြသည်။ ချွေမားမားက "ကော်ကော်က အဲဒီလို တကယ်တွေးရဲတာပဲနော်၊ ကျွန်မတို့က သခင်တွေကို အနှစ်ချီပြီး အလုပ်အကျွေးပြုလာခဲ့တာ၊ ကျွန်မတို့မှာ အဲဒီလို ညစ်ပတ်တဲ့ အတွေးမျိုး ရှိပါ့မလား"
နှုတ်ခမ်းတွင် မှဲ့ပါသော အထိန်းတော်တစ်ဦးက ခေါင်းခါကာ သက်ပြင်းချရင်းပြောသည်။
"ကမ်းကော်ကော် နားမလည်တာလည်း အံ့ဩစရာ မဟုတ်ပါဘူးလေ၊ သူ့အဖေက ခြံထဲမှာ ဝက်မွေးခဲ့တာဆိုတော့ စည်းကမ်းတွေအကြောင်း သူ ဘယ်လိုလုပ် သိနိုင်မှာလဲ"
တြိဂံပုံမျက်လုံးနှင့် အဘွားကြီးက "အို... ဒါဆို သူ့ဆီက ဝက်နံ့တွေ ထွက်မနေဘူးလား၊ တောင်းပန်ပါတယ် ကော်ကော်၊ ကျွန်မ ပြောတာက ကော်ကော်ကို ပြောတာမဟုတ်ပါဘူး၊ ခြံထဲက ဝက်မွေးတဲ့အကြောင်း ပြောတာပါ"
"သူက ဝက်တွေကိုတောင် သေချာ မမွေးတတ်လို့ အများကြီး သေသွားတော့ အလုပ်ဖြုတ်ခံရတာလေ၊ နောက်ပိုင်း ကော်ကော် အိမ်တော်ထဲ ဝင်လာတော့မှ ကမ်းချန်အန်းလည်း အကျိုးခံစားခွင့်ရသွားပြီး သခင်ကြီးက သူ့ကို ဝယ်ယူရေးဌာနမှာ အလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့တာပေါ့"
"သြော်... အဆက်အသွယ်နဲ့ပေါ့လေ"
"ဒါပေမဲ့ ကမ်းချန်အန်းက ဝယ်ယူရေးဌာနကို ရောက်သွားရင်တောင် အရာရာကို ထိန်းချုပ်နိုင်တဲ့ အာဏာမှမရှိတာ၊ သူ့သမီးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဘဝင်မြင့်နေရတာလဲ"
ထိုအဘွားကြီးနှစ်ယောက်က ကမ်းကော်ကော်ကို လူပုံအလယ်တွင် သရော်လှောင်ပြောင်လိုက်ကြသည်။
ချင်စန်း၏ဇနီးက "အိမ်တော်ပြင်ပက အစေခံတွေက စည်းကမ်းသိတဲ့ အိမ်တော်ကလက်သက်မွေး အစေခံတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ထိုလူစုမှာ အားရပါးရ ရယ်ချလိုက်သည်။ သူတို့ စကားများကြောင့် ကမ်းကော်ကော် အံ့အားသင့်သွားရသည်။
[ဒီအထိန်းတော်တွေက တအားကို ပါးနပ်လွန်းတယ်၊ ဖူကျင်းကများ သူတို့ကို ဒီလောက်တောင် ယုံကြည်မှုတွေ ပေးထားတာလား]
[အစေခံတွေမှာတောင် အဆင့်အတန်းတွေ ရှိပြီး လူမှုရေးဆက်ဆံမှုတွေ ရှိသေးတာပဲ၊ လေးစားမှုနဲ့ သဟဇာတဖြစ်တဲ့ အသွင်အပြင်တစ်ခုတော့ လိုအပ်တာပေါ့၊ သူတို့က ဘာလို့ ငါနဲ့ ငါ့ရဲ့မွေးစားအဖေကို ဒီလိုမျိုး သရော်နေကြတာလဲ]
ကမ်းကော်ကော် သိပ်နားမလည်သော်လည်း ဟွာယွီက ထိုအထိန်းတော်များ၏နောက်ခံကို သိသဖြင့် အသံကျယ်ကျယ်ဖြင့်ပြန်ပြောလိုက်တော့သည်။