← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

🌻 Chapter 85

"မရှိတာကို ရှိသလိုမလုပ်စမ်းပါနဲ့၊ ဘယ်သူက ဘယ်လိုလူလဲဆိုတာ အားလုံးသိတယ်... ကျီရှန်း မိန်းမရဲ့၊ ဦးလေးကျီရှန်းက ဂိုဒေါင်မှာ အလုပ်လုပ်တာလေ၊ ဝယ်ယူရေးဌာနက ဝင်ငွေကောင်းတယ်ဆိုတာ ကြားလို့ ရှင်တို့နှစ်ယောက်က ရှင်တို့သားကို အထဲသွင်းပေးချင်ခဲ့တာမလား၊ ဒါပေမဲ့ ကံမကောင်းတယ်ပဲ ပြောရမလား၊ ရှင့်ရဲ့ ငတုံးသားက အ့ထဲမဝင်နိုင်ခဲ့ဘူးလေ၊ အဲဒါက ရှင့်သားမှာ အရည်အချင်းမရှိလို့ပဲ၊ ဘာလို့များ ကော်ကော်နဲ့ သူမရဲ့အဖေအပေါ် အငြိုးထားနေရတာလဲ"

ထိုစကားကို ကြားသောအခါ ကျီရှန်းမိန်းမ မျက်နှာနီရဲသွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားသည်။ ဤကောင်မလေးက ထိုကိစ္စကို မည်သို့ သိနေရသနည်း။

ကမ်းကော်ကော် သဘောပေါက်သွားကာ လှောင်ပြောင်သည့် လေသံဖြင့်

"သြော်... မနာလိုဖြစ်တာကိုး"

ဟွာယွီက မျက်ခုံးပင့်ကာ ဆက်လက် ဖိအားပေးလိုက်သည်။

"ပြီးတော့ အစေခံနျူ၊ ရှင်က အကြီးဆုံးမင်းသားရဲ့ အထိန်း တော်ဟောင်းဆိုတဲ့ အတိတ်ကို အသုံးချပြီး ရှင့်ရဲ့ ယောက်မကို မီးဖိုချောင်ထဲ သွင်းပေးခဲ့တာလေ၊ အဲဒါကရော ဂုဏ်ယူစရာလား၊ ရှင်ကကော အဆက်အသွယ် မသုံးခဲ့ဘူးလား"

အစေခံနျူက ဟွာယွီကို စိုက်ကြည့်သည်။ ထိုကောင်မလေးက အမှန်ကို ရဲတင်းလွန်းသည်။ သူမက အကြီးဆုံးမင်းသား၏ အထိန်းတော် ဖြစ်ခဲ့ဖူးသည်ကိုတောင် မလေးစားချေ။ ကမ်းကော်ကော်က ပခုံးတွန့်ပြလိုက်သည်။

"အကြီးဆုံးမင်းသားက ဒီရက်ပိုင်း ကျန်းမာရေးမကောင်းဘူး၊ ရက်အနည်းငယ်ကြာတိုင်း ဖျားနေတယ်လို့ ကြားတယ်၊ အဲဒါ ငယ်ငယ်တုန်းက သူ့ရဲ့ အထိန်းတော်က သေချာ ဂရုမစိုက်ခဲ့လို့ နာတာရှည်ရောဂါတွေ ကျန်ခဲ့တာလေ၊ နောက်ကျရင် ငါ့ကလေးတွေကို အဲဒီလို အထိန်းတော်မျိုးနဲ့လုံးဝ အထိန်းမခံနိုင်ဘူး"

ဟွာယွီက လက်တစ်ဖက်ကို ခါးထောက်ကာ အစေခံနျူ မျက်နှာကို လက်ညှိုးထိုးရင်းပြောသည်။

"မင်းသားတွေကို ပြုစုစောင့်ရှောက်ခဲ့တဲ့ တခြားအထိန်း တော်တွေက ဂုဏ်သိက္ခာ တစ်ခုခုတော့ ရှိကြတာချည်းပဲ၊ ဒါပေမဲ့ အစေခံနျူကတော့ အကြီးဆုံးမင်းသားကို ပြုစုပြီးတဲ့နောက်မှာ အဝတ်လျှော်တဲ့ အစေခံဘဝကို လျှောကျသွားတာလေ၊ အဲ့တာ အလုပ်ကို သေချာမလုပ်ခဲ့လို့ ဖြစ်ရမယ် မဟုတ်လား"

အစေခံနျူ နှုတ်ခမ်းများတွန့်ကွေးသွားပြီး စူမတြိဂံပုံမျက် လုံးများက အပ်ကြောင်းလေးတစ်ခုပမာ ကျဉ်းမြောင်းသွားကာ ကြမ်းတမ်းသော လေသံဖြင့်

"နင်လို ကောင်မစုတ်လေးက အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့၊ ငါက ဖူကျင်းကို ခစားရတာ သဘောကျလို့ ကိုယ့်သဘောဆန္ဒနဲ့ ဖူကျင်းရဲ့ခြံဝင်းကို ပြန်လာခဲ့တာဟဲ့"

ဟွာယွီက မျက်ခုံးပင့်ကာ မျက်နှာဝိုင်းဝိုင်းနှင့် ဝဝဖြိုးဖြိုး အဘွားကြီးကို ပြုံးပြလိုက်ပြန်သည်။

"ချင်စန်းရဲ့ မိန်းမ... ရှင့်မိသားစုက မျိုးဆက်သုံးဆက်လုံး အကြီးတန်း အစေခံတွေ ဖြစ်ခဲ့တာဆိုတော့ အဲဒီအတွက် ဂုဏ်ယူလို့ရပါတယ်၊ ဒါပေမဲ့ ရှင့်တူကတော့ ဘဝင်မြင့်ပြီး ဗိုလ်ကျတတ်တယ်လေ၊ သူက အရင်တုန်းက စတုတ္ထမင်းသားရဲ့ နောက်လိုက်ဖြစ်ခဲ့ပြီး အပြင်လူတွေရှေ့မှာ သူ့ကိုယ်သူ အာဏာပါဝါရှိတဲ့ သခင်လေးလို့တောင် ခေါ်ခဲ့တာ၊ စတုတ္ထမင်းသား သိသွားတော့ မျက်နှာသာပေးခံရမှု ကင်းမဲ့သွားပြီး ခြံစောင့်ဖို့ အပို့ခံလိုက်ရတယ်လေ၊ သူက တအားကို လိမ္မာပြီး လေးစားစရာ ကောင်းနေမှာပဲနော်"

ချင်စန်းမိန်းမက ဒေါသတကြီးဖြင့် "သွမ်ရှီကျူး မိသားစုက မိန်းမပျက်မလေး၊ နင့်မိဘတွေကို ငါသိတာ ကြာလှပြီ၊ နင်က စကားအရမ်းများပြီး ယဉ်ကျေးမှုဆိုတာ နားမလည်ဘူးပဲ၊ ငါတို့ ပြန်ရောက်ရင် နင့်အဖေကို နင့်ခြေထောက်တွေ ရိုက်ချိုးခိုင်းပစ်မယ်"

ထိုစကားကို ကြားသောအခါ ဟွာယွီ မျက်နှာဖြူဖျော့သွားပြီး ပါးစပ်ပိတ်သွားသည်။ ကမ်းကော်ကော်က ၀င်ရောက်သရော်သည်။

"ဟွာယွီက အခု ငါ့လူဖြစ်နေပြီ၊ သူ့အဖေက သူ့ကို ရိုက်ချင်တယ်ဆိုရင်တောင် ငါ့ခွင့်ပြုချက် အရင်တောင်းရမယ်၊ အပြင်လူတိုင်းက ဝင်စွက်ဖက်ခွင့် မရှိဘူး"

ချင်စန်းမိန်းမမှာ စကားပြန်ပြောမရတော့ဘဲ ခေါင်းငုံ့သွားရသည်။ ချွေ့မားမားက သူမ တည်ငြိမ်မှုကို ထိန်းထားကာ အေးအေးဆေးဆေးပင် ပြောလာသည်။

"ဒီအဘွားကြီးတွေ အားလုံးက ချန်ကော်ကော်ခေါ်လို့ လာခဲ့ကြတာပါ၊ ကမ်းကော်ကော်က အစေခံတွေကို ဒီလောက်ကြီး အပြစ်တင်ဆဲဆိုခိုင်းနေစရာ မလိုပါဘူး"

ကမ်းကော်ကော် "ချွေ့မားမားက ဖူကျင်းရဲ့ ယုံကြည်ရတဲ့ အစေခံပဲ၊ ဒီကိုယ်လုပ်တော်တောင် မားမားကို မလေးမစား မလုပ်ရဲပါဘူး၊ ထပ်ပြောပါရစေ... အထဲဝင်ပြီး ရှာချင်တယ်ဆိုရင် ရပါတယ်၊ ဒါပေမဲ့ ရှင်တို့ကိုယ်ပေါ်မှာ ဘာမှမပါဘူးဆိုတာကို အရင်ဆုံး သေချာအောင် လုပ်ရပါမယ်"

ကျီရှန်း မိန်းမက သူမကိုယ် သူမ ပုတ်ပြရင်း တုတ်ခိုင်သော လက်ကောက်ဝတ် နှစ်ဖက်ကိုပြသကာ ပြောလာသည်

"ငါ့မှာ ဘာမှမပါဘူး၊ ရွှေလက်ကောက် နည်းနည်းပဲ ရှိတာပါ၊ ကြည့်ကြည့်..."

အစေခံနျူလည်း သူမ အိတ်ကပ်ထဲကို မွှေနှောက်ပြကာ

"ဟုတ်တယ်၊ ငါ့မှာ အခုလေးတင် လှော်ထားတဲ့ ဖရဲစေ့ နည်းနည်းတော့ပါတယ်၊ စားမလား... ဟားဟားဟား..."

ချင်စန်း မိန်းမက ခနဲ့တဲ့တဲ့ဖြင့် "ရှာလိုက်လေ၊ နင် အဲ့လောက် စိုးရိမ်နေရင် အဝတ်အစားတွေပါ ချွတ်ပြီး ခါပြလိုက်မယ်"

"တွေ့လား၊ ရှင်တို့ သဘောတူပြီနော်"

ကမ်းကော်ကော်က လက်ဟန်ပြလိုက်ရာ အစေခံမလေး လေးယောက်က ရှေ့ထွက်၍ ရှာဖွေကြသည်။

အစေခံမလေးများနှင့် အစေခံအိုကြီးများ ရှာဖွေပြီးနောက် မသင်္ကာစရာ ဘာမှမတွေ့သောအခါ ကမ်းကော်ကော်က သူတို့ကို အထဲဝင်ခွင့် ပေးလိုက်သည်။

အရှာမခံရသေးသော ချန်ကော်ကော်က အခန်းထဲသို့ ဝင်ရန်ပြင်လိုက်စဉ် ကမ်းကော်ကော်က သူမကို တားဆီးလိုက်ပြီး တံခါးဝတွင် သစ်သားတုတ်ကို ကန့်လန့်ဖြတ်လိုက်တော့ သည်။

"ချန်ကော်ကော်... ကျွန်မတို့ ဒီမှာပဲ ရပ်ပြီး ကြည့်နေကြရအောင်၊ သူတို့ ရှာဖွေတဲ့ပုံက အရမ်းကြမ်းတမ်းတယ်၊ ကျွန်မတို့ကို ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ"

ချန်ကော်ကော်မှာ အံ့ကြိတ်လိုက်ပြီး တံခါးဝတွင် ရပ်နေရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သို့သော် သူမတွင် ပါးနပ်သော အစေခံမလေး တစ်ယောက် ရှိနေသည်။

အထဲတွင် ယွဲ့ယင်းက သေတ္တာတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

"အားလုံးပဲ ကြည့်ကြပါဦး၊ ဒါတွေက ဘာတွေလဲ"

ကမ်းကော်ကော်လည်း ခေါင်းလှည့်ကာ အခန်းထဲသို့ ကြည့်လိုက်ရာ ယွဲ့ယင်းမှာ ကြောင်လေးအတွက် သူမ ပြုလုပ်ပေးထားသော ကစားစရာအသစ်တစ်ခုကို ကိုင်ကာ ပြဿနာရှာနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် မြင်မြင်ချင်းတွင်တော့ ထိုအရာမှာ အနည်းငယ် ရမ္မက်ဆန်သည့်ပုံစံ ပေါက်နေသည်။

ထိုအချိန်ကို အခွင့်ကောင်းယူကာ ချန်ကော်ကော်က သူမ နှစ်ချီကြာအောင် လေ့ကျင့်ထားသော ကကွက်များနှင့် ချောမွေ့သော လှုပ်ရှားမှုများကို အားကိုး၍ သူ၏ အင်္ကျီလက်စကို ခါထုတ်လိုက်ရာ ညစ်ညမ်းပုံတစ်ခု ထွက်ကျလာသည်။ ထိုအရာက ချောမွေ့သော ကြမ်းပြင်တစ်လျှောက် ရှေ့သို့ လိမ့်သွားပြီး မာကျောက်စားပွဲအောက်တွင် ကွက်တိ ကျ၀င်သွားသည်။

ကမ်းကော်ကော်က သူမကို လှည့်ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့် "နင် အခုလေးတင် ဘာလုပ်လိုက်တာလဲ"

ချန်ကော်ကော်က သူမ အင်္ကျီလက်ကို ကိုင်ကာ အပြစ်ကင်းဟန်ဖြင့် "လက်ဆန့်ထုတ်လိုက်တာပါ၊ ဘာမှမလုပ်ပါဘူး"

[ဒီလို အင်္ကျီလက်ရှည် ကချေသည်အဝတ်အစားကို ဝတ်လာတာဆိုတော့ သူ့မှာ တခြားရည်ရွယ်ချက် မရှိဘူးလို့ ပြောရခက်တာပေါ့]

ကမ်းကော်ကော် မျက်လုံးများက ကြမ်းပြင်ပေါ်ကို ပိုက်စစ် တိုက် ရှာဖွေကြည့်မိသည်။ သူမ အင်္ကျီလက်ရှည်ထဲမှ တစ်ခုခု ထွက်လာသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။ မကြာမီမှာပင် ကမ်းကော်ကော်က မာကျောက်စားပွဲအောက်ရှိ စက္ကူလုံးကို တွေ့သွားပြီး ကောက်ယူကြည့်သည်။

သူမ ဖွင့်ကြည့်လိုက်သောအခါ ကိုယ်လုံးတီး ယောကျာ်းနှင့် မိန်းမတို့၏ မပြောပြနိုင်လောက်အောင် ရိုင်းစိုင်းသော ကာမစပ်ယှက်နေသည့် ပုံတစ်ပုံကို တွေ့လိုက်ရသည်။

ထိုအရာကိုမြင်သောအခါ ချန်ကော်ကော်က လက်ဦးမှုရယူကာ

"ကမ်းကော်ကော်... ညီမတော် ဘာကိုင်ထားတာလဲ"

ကမ်းကော်ကော် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

[ဒီလို အပြစ်ပုံချတာက အရမ်းကို သိသာလွန်းတာပဲ]

[ကျစ်... ကာကွယ်မှုတွေ အကုန်လုပ်ထားရက်နဲ့တောင် သူမက အပြစ်ပုံချဖို့ အောင်မြင်သွားသေးတယ်]

[အို... ငါ ဘာလုပ်ရမလဲ၊ ရှောင်ယန်ဇီလို စက္ကူကို မြိုချလိုက်ရမလား]

ကမ်းကော်ကော် တံတွေးကို ခပ်ပြင်းပြင်း မျိုချလိုက်ပြီး ထိုသို့လုပ်ရန် မတန်ဟု တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ ပုံထဲက အရာမှာ အလွန်ကို ညစ်ပတ်လွန်းသည်။

[ဒါပေမဲ့ တိုက်ရိုက်ကြီး ဆုတ်ဖြဲပစ်လိုက်ရင်လည်း ငါ့မှာ အပြစ်ရှိတယ်လို့ ထင်သွားစေနိုင်တယ်]

အနီးနားတွင်ရှိသော ယွဲ့ယင်းက ကမ်းကော်ကော် လက်ထဲမှ စက္ကူကို အလျင်အမြန် ဆွဲလုသွားသည်။ သူမ တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့သြသွားကာ ချွေ့မားမားထံသို့ ကမ်းပေးသည်။

"အိုး... ကမ်းကော်ကော်ရဲ့ အခန်းထဲမှာ ဘယ်လိုလုပ်ပြီး ဒီလိုဟာမျိုး ရှိနေရတာလဲ"

ဟွာယွီက ငုံ့ကြည့်လိုက်ပြီး ချက်ချင်းပင် ရွံရှာစွာငြင်းဆို သည်။

"ဒါက ငါတို့အခန်းထဲကဟာ လုံးဝ မဟုတ်ဘူး"

ကမ်းကော်ကော်က ဒေါသတကြီးဖြင့်

"ဒါက အခုလေးတင် ချန်ကော်ကော် ပစ်ထည့်လိုက်တာလေ၊ အဲဒါကို ရှင်တို့က ကျွန်မအပေါ် အပြစ်ပုံချမလို့လား"

[ငါက ခန့်မှန်းရုံသက်သက် ဆိုပေမယ့်လည်း သူမ ဖြစ်နိုင်ခြေ အများဆုံးပဲ၊ အနည်းဆုံးတော့ သူမ ခေါ်လာတဲ့ လူစုကြောင့် ဖြစ်ရမယ်]

ချန်ဝမ်အာက မတရားခံရသည့် အမူအရာဖြင့် သူမမျက်နှာကို သူမ လက်ညှိုးထိုးကာ "ဘာ... ငါက ပစ်ထည့်တာလို့ ညီမတော်က တကယ် ပြောလိုက်တာလား၊ ငါက ဒီမှာ ဒီအတိုင်း ရပ်နေတာလေ၊ ဘာမှမလုပ်ဘဲနဲ့ ဘယ်လိုလုပ် ငါ့အပြစ် ဖြစ်သွားရတာလဲ"

အစေခံအိုကြီးများမှာ ဖူကျင်း လူများဖြစ်ပြီး မူလက ချန်ကော်ကော်ဘက်သို့ အနည်းငယ်သာ ဘက်လိုက်ခဲ့သော် လည်း ကမ်းကော်ကော်ထံမှ စကားလုံးများဖြင့် အရှက်ခွဲခံရပြီးနောက် သူတို့ကလည်း ကမ်းကော်ကော်ကို သရော်လာကြသည်။

"ဟွန့်... ငါတို့ကို အထဲဝင်ပြီး အရှာမခံရဲတာ အံ့ဩစရာ မဟုတ်ပါဘူး၊ အခုတော့ သူတို့ ဖုံးကွယ်ထားလို့ မရတော့ဘူး မဟုတ်လား"

ယွင်ကျွမ်း "ရှင်တို့ အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာပဲ"

အတိုချုပ်ဆိုရလျှင် နှစ်ဖက်စလုံးက ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ကြပေ။ ချန်ကော်ကော်က ချွေ့မားမားကို ပြောလေသည်။

"ချွေမ့ားမား... ဘယ်လိုထင်လဲ၊ ဒီအစေခံတွေကို ခေါ်သွားပြီး စစ်ဆေးမေးမြန်းသင့်လား"

ချွေမားမားက ခေါင်းညိတ်သည်။

"အိမ်တော်က ဂုဏ်သိက္ခာကို အလေးထားဆုံးပဲ၊ ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးရမယ်"

ချန်ကော်ကော်က ပြုံးလိုက်ပြီး "သူတို့ကို ခေါ်သွားကြ"

🌻 Chapter 86

"အားလုံးပဲ... မေးစရာရှိရင် ဒီမှာပဲ မေးကြ၊ ငါ့လူတွေကို စစ်ဆေးဖို့ ခေါ်မသွားနဲ့"

ကမ်းကော်ကော်က တံခါးဝတွင် သစ်သားတုတ်တစ်ချောင်းကို ကန့်လန့်ဖြတ် ကိုင်ထားကာ ကြောက်ရွံ့မှုကင်းမဲ့ပြီး ဩဇာအပြည့်ရှိသော ဟန်ပန်ဖြင့် ကာကွယ်ပေးသည်။

ချန်ကော်ကော်က ကူကယ်ရာမဲ့ဟန်ဖြင့် နဖူးကို ပွတ်သပ်ကာ "အာ... ဘယ်လိုလုပ်ကြမလဲ၊ အခြေအနေတွေက ရှုပ်ကုန်ပြီ"

"ကျေးဇူးပြုပြီး ကမ်းကော်ကော် ဖယ်ပေးပါ၊ မစဉ်းမစား မလုပ်ပါနဲ့၊ စတုတ္ထမင်းသားနဲ့ ဖူကျင်းက ကော်ကော်ကို စိတ်ပျက်သွားလိမ့်မယ်နော်"

ချွေ့မားမား မျက်လုံးများတွင် စူးရှမှုနှင့် ခြိမ်းခြောက်မှုတို့ ပါဝင်နေသည်။ ကမ်းကော်ကော်က တုတ်တုတ်မျှ မလှုပ်သဖြင့် နှစ်ဖက်စလုံး တိတ်ဆိတ်စွာ ရင်ဆိုင်နေကြသည်။

"အား..."

ထို၏ဉ် ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အမှန်တွသ် ချင်စန်းမိန်းမက ကျီရှန်းမိန်းမကို မျက်စိဖြင့် အချက်ပြလိုက်ရာ ကျီရှန်းမိန်းမက ဟွာယွီလက်မောင်းကို ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်ခြင်းဖြစ်သည်။

ထိုဆီပေနေသော လက်ကြီးက သံချေးတက်နေသည့် သံညှပ်ကြီးတစ်ခုလိုပင်။ ဟွာယွီက အော်ဟစ်လိုက်ပြီး အတင်းရုန်းရန်သာ ကြိုးစားနေသည်။

မမျှော်လင့်စွာ အစေခံနျူက ရှေ့ထွက်လာကာ ရန်ပွဲကို ဝင်ဖျန်ဖြေပေးသည့် အကြောင်းပြချက်ဖြင့် ဟွာယွီကို ပါးနှစ်ချက် ထပ်ရိုက်လယသည်။ အစေခံနျူက အားသန်လှသည်။ ထိုပါးနှစ်ချက် အရိုက်ခံရပြီးနောက် ဟွာယွီ မျက်နှာမှာ နီရဲရောင်ရမ်းသွားပြီး ဆံပင်များ ဖရိုဖရဲဖြစ်ကာ နာကျင်မှုကြောင့် မျက်ရည်များပင် စီးကျလာသည်။

"အား..."

ဟွာယွီ အနိုင်ကျင့်ခံနေရသည်ကို မြင်သောအခါ ယွင်ရှုက သူမခေါင်းပေါ်မှ ဆံထိုးကို ဆွဲနှုတ်ကာ အစေခံနျူကို ထိုးချသည်။

ချင်စန်းမိန်းမက ရှေ့သို့တိုးလာပြီး ယွင်ရှုလက်မောင်းကို ဆွဲကာ ကြမ်းပြင်ပေါ်သို့ ဆွဲချလိုက်သည်။ ထို့နောက် ယွင်ရှူအပေါ်မှ ခွထိုင်ကာ ပါးရိုက်ရန် လက်ရွယ်သည်။ ယွင်ကျွမ်းက ချင်စန်းမိန်းမကို ဆွဲဖယ်ရန် ကြိုးစားသော်လည်း မရွှေ့သဖြင့် သူမကို ခေါင်းနှင့် ဝင်ဆောင့်ပစ်သည်။

"နင်တို့ မိန်းမပျက်မလေးတွေ... ငါ့ကိုများ ပြန်ခံချင်သေးတာလား"

ယွင်ကျွမ်းနှင့် ယွင်ရှုတို့မှာ ချင်စန်းမိန်းမကို မယှဉ်နိုင်ဘဲ သူမရိုက်နှက်မှုကိုသာ အကြိမ်ကြိမ် ခံနေရသည်။ အခြားတစ်ဖက်တွင်တော့ ဟွာစန်းက ချက်ချင်း တုံ့ပြန်လိုက်ပြီး ချင်စန်းမိန်းမကို လက်သီးဖြင့် ထိုးချသည်။ ထို့နောက် ကျီရှန်းမိန်းမ ဆွဲထားသော ဟွာယွီဆံပင်များကို သွားရောက် ကယ်တင်သည်။

ကမ်းကော်ကော်က သစ်သားတုတ်ဖြင့် ရှေ့တိုးရန် ပြင်လိုက်စဉ် ချန်ကော်ကော်နှင့် သူ့ ကိုယ်ပိုင် အစေခံမလေး နှစ်ယောက်က သူမထံမှ တုတ်ကို လုယူရန် ကြိုးစားကြသည်။

ကမ်းကော်ကော်ထံမှ တုတ်ကို လုယူသွားပြီး တံခါးနောက် တွင် ပုန်းကွယ်၍ မရတော့သဖြင့် ထိုလူစုမှာ ခြံဝင်းထဲသို့ အတင်းဝင်လာကြတော့သည်။

အစေခံ အတော်များများက ကမ်းကော်ကော် အစေခံမလေးများကို ဆွဲခေါ်သွားရန် ကြိုးစားကြသည်။ ကမ်းကော်ကော်ဘက်မှ အသန်မာဆုံးဖြစ်သော ဟွာစန်းတောင်မှ လူတိုင်းကို မထိန်းနိုင်တော့ချေ။

ခြံဝင်းအတွင်း ရန်ပွဲနှင့် ဆူညံသံများမှာ ပြင်းထန်လွန်းလာသဖြင့် တံခါးစောင့် မိန်းမစိုး လီဝမ်ပင်ငြိမ်မထိုင်နိုင်တော့ဘဲ ကူညီရန် ခြံဝင်းထဲသို့ ပြေးဝင်လာရသည်။

ကမ်းကော်ကော်ဘက်တွင် လူနည်းသော်လည်း လီဝမ်နှင့် ဟွာစန်းတို့ နှစ်ယောက်စလုံးမှာ အားသန်ကြသည်။ လီဝမ်က သိုင်းကွက်အချို့ကိုသိပြီး ဟွာစန်းမှာ နာကျင်မှုကို မကြောက် ဘဲ ခုခံကာကွယ်ခြင်းမရှိဘဲ လက်သီးများကိုသာ ဝှေ့ယမ်းကာ ထိုးကြိတ်နေသဖြင့် သူမကိုယ် သူမတော့ ထိန်းထားနိုင်သေးသည်။

ကမ်းကော်ကော်မှာ သူမ လက်ကောက်ဝတ်ကို ပွတ်သပ်ကာ နောက်ဆုတ်နေသော ချွေမားမားထံသို့ လျှောက်သွားသည်။

ချန်ကော်ကော်မှာ ထောင့်တစ်နေရာတွင် ပုန်းနေပြီး မှင်သက်နေမိသည်။ ကမ်းကော်ကော်က သူမ အသွင်အပြင်ကို ဂရုမစိုက်ဘဲ အစေခံများ၏ ကုတ်ခြစ်ခံရမည်ကိုပင် မကြောက်တတ်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

အခြေအနေများ တင်းမာလာချိန်မှာပင် ကိုယ်ဝန်ရင့်မာနေသော လီစဲဖူက အထိန်းတော်ကြီးများနှင့် အစေခံမလေး အချို့နှင့်အတူ ဝင်လာပြီး သူတို့ကို တားဆီးလေသည်။

ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသော ဖရိုဖရဲနှင့် ပွန်းပဲ့နေသည့် အစေခံကြီးများနှင့် အစေခံမလေးများအုပ်စုကို သူမ ကြည့်လိုက်ပြီး ဆံပင်များ ဖရိုဖရဲနှင့် အရူးမလေးတစ်ယောက်လို ဖြစ်နေသော ကမ်းကော်ကော်ကိုမြင်လိုက်ရချိန် လီစဲဖူမှာ မအောင့်နိုင်ဘဲ ရယ်ချမိသည်။

"ဟားဟားဟား..."

ချန်ကော်ကော်လည်း ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ ဦးစွာ ဝင်ပြောသည်။

"ကမ်းကော်ကော်က တခြားသူတွေနဲ့ လောင်းကစားလုပ်နေတာကို ကျွန်မတို့ တွေ့လို့ အဲဒီပိုက်ဆံတွေ ရှိ၊ မရှိ ရှာဖွေခဲ့တာပါ၊ ဒါပေမယ့် ကမ်းကော်ကော် ဖွက်ထားတဲ့ ညစ်ညမ်းပုံကို တွေ့သွားမယ်လို့ ဘယ်သူက သိမှာလဲ၊ အဲဒါကြောင့် ကမ်းကော်ကော်က ဒေါသထွက်ပြီး စတိုက်ခိုက်တာပါ"

ကမ်းကော်ကော်က ငြင်းဆိုသည်။

"ချန်ကော်ကော်က ပုံကို တမင်ပစ်ထားပြီး ကျွန်မကို တမင်သက်သက် အပြစ်ပုံချတာပါ၊ သူတို့က ဟွာယွီကို အရင်စရိုက်ပြီး ရန်စခဲ့တာမို့ ဒီကိုယ်လု့်တော်တို့ဘက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ပြန်ခုခံရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပါဘူး"

လီစဲဖူ လက်ဖြန့်ပြလာသည်။

"ပုံက ဘယ်မှာလဲ၊ ငါ့ကို ပြစမ်း"

ပုံရော၊ ပုံက ဘယ်ရောက်သွားတာလဲ...

လူတိုင်း ရှာကြည့်လိုက်သောအခါ ခြံဝင်းထဲတွင် စက္ကူစအချို့သာ ကျန်နေတော့သည်ကို တွေ့လိုက်ရသည်။ ကမ်းကော်ကော် မျက်ခုံးပင့်မိလိုက်သည်။ သူမ ရန်ဖြစ်နေစဉ်အတွင်း ချွေ့မားမား အိတ်ကပ်ထဲမှ ထိုစက္ကူလုံးကို မတော်တဆ နှိုက်ယူကာ အပြင်လိုက်ခြင်းဖြစ်သည်။

ထိုအချိန်တွင် နှင်းလုံးလေးက သူတို့ဆူညံသံကြောင့် နိုးလာပြီး သူ့ကြောင်အိပ်ရာထဲမှ ထွက်လာကာ ပထမဆုံးလုပ်ခဲ့သည့် အရာမှာ ထိုစက္ကူလုံးကို အစစအမွှာမွှာ ဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်ခြင်းပင်။

လေတစ်ချက် ဝှေ့တိုက်သွားရာ စက္ကူစများ လွင့်ထွက်သွားလေသည်။ နှင်းလုံးလေး ပါးစပ်ထဲမှ စက္ကူစလေးတစ်ခု ထွက်နေပြီး သူ့မျက်လုံးဝိုင်းဝိုင်းကြီးများကို ပြူးကာ အပြစ်ကင်းစင်စွာဖြင့် မြှောင်ဟု အော်လာသည်။

ချန်ကော်ကော် "ကမ်းကော်ကော်... ညီမတော်က အပြစ်ရှိသလို ခံစားနေရလို့ တမင်သက်သက် ရန်စဖြစ်ပြီး ကြောင်ကို စက္ကူတွေ ဆုတ်ဖြဲခိုင်းလိုက်တာမလား"

All Chapters