အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
🌻 Chapter 89
[ဒီနေ့ရဲ့ အပြစ်အနာအဆာမရှိတဲ့ မာကျောက်ကစားပွဲက တကယ်တော့ ယွင်ရှုကို သစ္စာဖောက်အဖြစ် ဖော်ထုတ်ဖို့ အဓိက ရည်ရွယ်ခဲ့တာ၊ မဟုတ်မှ သူမက ဖူကျင်းကို ငါ့ရဲ့ သတင်းတွေပေးရုံတင်မကဘဲ ငါ့ကိုပါ တိတ်တဆိတ် ဆေးခတ်ခဲ့တာလား]
[အဲဒါ အဓိပ္ပာယ်မရှိဘူး မဟုတ်လား၊ ငါ ကိုယ်ဝန်ရလာရင်လည်း အဲဒီကလေးက ဖူကျင်းရဲ့ကလေးပဲဖြစ်မှာလေ၊ သူမက ဘာအကြောင်းပြချက်နဲ့ ငါ့ကို ဒုက္ခပေးရမှာလဲ၊ သူက ကိုယ်လုပ်တော်ရဲ့ ကလေးနှစ်ယောက်ကိုတောင် ဒုက္ခမပေးခဲ့ဘူးလေ၊ ဘာလို့ ငါ့ကို ကိုယ်ဝန်မရအောင် လုပ်ရမှာလဲ]
[အဲဒီတော့ မေးစရာရှိတာက... ယွင်ရှုက တကယ်ပဲ ဖူကျင်းရဲ့ လူလား၊ ဒါမှမဟုတ် ဒီကိစ္စတွေရဲ့ နောက်ကွယ်က လူကို ငါတို့ အထင်လွဲနေတာများလား]
[ဟူး... ယင်ကျန်းကသာ ငါ့ကို စစ်ဆေးမေးမြန်းလို့ ဒါကိုသိသွားရင် သူတို့ လေးယောက်စလုံး ခေါ်သွားပြီး ရိုက်နှက်တော့မှာ သေချာတယ်၊ အဲ့လိုဆို ငါ့ကို ဆေးမခတ်တဲ့သူကပါ မတရားစွပ်စွဲခံရမှာ မဟုတ်ဘူးလား]
[အခု အကောင်းဆုံး နည်းလမ်းက ကိုယ့်ဘာသာ အရင်ဝန်ခံလိုက်ပြီးမှ သူတို့ကို သီးသန့် ပြန်စစ်မေးဖို့ပဲ]
ထို့ကြောင့် ကမ်းကော်ကော်က ယင်ကျန်း အမူအရာကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး သူ့ကို အတွင်းခန်းထဲသို့ ဆွဲခေါ်သွားကာ သူ့ရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်ပြီး လိမ္မာစွာဖြင့် ပြောသည်။
"ဒူးထောက်ရတဲ့ အပြစ်ကနေလွတ်အောင်လို့ ကျွန်မ ဒီနေ့ သတိလစ်ချင်ယောင်ဆောင်ပြီး စဲဖူကို လှည့်စားခဲ့တာပါ၊ အရှင်မင်းသား ခွင့်လွှတ်ပေးပါရှင်"
ယင်ကျန်း မျက်နှာမှာ မည်းမှောင်သွားသည်။
"မင်း တောင်းပန်တာ ဒီလောက်ပဲလား"
ကမ်းကော်ကော်က နှုတ်ခမ်းဆူကာ မတရားခံရသည့်ဟန်ဖြင့် ပြောသည်။
"ကျွန်မက ဆေးပညာအကြောင်း ဘာမှမသိပါဘူး၊ ကတိုးက သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးခဲတာတွေကို ဖယ်ရှားပေးတယ်ဆိုတာလောက်ပဲ သိတာပါ၊ ကျွန်မ ရာသီလာချိန်တိုင်း နာကျင်တတ်တော့ ကတိုးအမွှေးအိတ်လေး လုပ်ပြီး ဆောင်ထားတော့ မတော်တဆ ရှူမိသွားတာ ဖြစ်နိုင်ပါတယ်"
"ကျွန်မ တကယ်မသိခဲ့ပါဘူး...ဝူးဝူး... အရှင်၊ ကျွန်မ တကယ် မသိခဲ့တာပါ၊ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကလေးမရနိုင်အောင် တမင်သက်သက် လုပ်ရက်မှာလဲရှင်"
သူမက သူ့ခြေထောက်ကို လှမ်းဖက်ရန် လက်လှမ်းသော် လည်း ယင်ကျန်းက သတိကြီးစွာဖြင့် နောက်တစ်လှမ်း ဆုတ်လိုက်ပြီး သူမကို တစ်ချက်ကြည့်ကာပြောသည်။
"အရင်ထစမ်း"
ကမ်းကော်ကော်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် မတ်တပ်ရပ်လိုက်သည်။
[ဘာလို့ နောက်ဆုတ်သွားတာလဲ၊ ငါလေး ရှင်ရဲ့ ဘောင်းဘီကို အတင်းဆွဲချွတ်မလို့မှ မဟုတ်တာ]
သူမကို မတွေ့ရသည်မှာ ဆယ်ရက်ကျော် ကြာသွားသဖြင့် သူမ အနည်းငယ် ပိန်သွားသလို ထင်ရသည်။ ယင်ကျန်း လက်ချောင်းများက သူမ ပါးပြင်ကို ပွတ်သပ်သွားသည်။ ခဏအကြာတွင် သူတို့နှစ်ယောက် အပြင်သို့ ထွက်လာကြသည်။
သူက "သမားတော်ကျန်း... ကုသဖို့ နည်းလမ်း ရှိပါသလား"
သမားတော်ကျန်း၏ ဉာဏ်ပညာပြည့်ဝသော မျက်လုံးများတွင် အတွေ့အကြုံများစွာ ကိန်းအောင်းနေသည်။ သူက သူတို့မျှော်လင့်ချက်များကို လျှော့ချရန် သတင်းဆိုးကို ဦးစွာပြောပြခဲ့ပြီး ယခုကုသရန် နည်းလမ်းပေးခြင်းဖြင့် သူတို့ မျက်နှာသာပေးမှုကိုရရှိတော့မည်ဖြစ်သည်။
ထို့ကြောင့် သူက မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ
"ကျွန်တော် ဆေးတစ်ခွက် ဖော်စပ်ပေးပါ့မယ်၊ ရှစ်နှစ်၊ ဆယ်နှစ်လောက် သေချာဂရုစိုက်ပြီး အချိန်မှန် သောက်ပေးမယ်ဆိုရင် ကော်ကော်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်နေတဲ့ ကတိုးတွေကို လုံးဝ ဖယ်ရှားပစ်နိုင်မှာပါ၊ အဲဒီအခါကျရင် ကိုယ်ဝန်ရဖို့ ခက်ခဲတော့မှာ မဟုတ်ပါဘူး"
[တကယ်တော့ ငါ ကိုယ်ဝန်မရနိုင်လည်း ကိစ္စမရှိပါဘူး၊ ရှေးခေတ်မှာ ကလေးမွေးရတာ ငရဲတံခါးကို ဝင်ရသလိုပဲလေ၊ ကိုယ်ဝန်မရတာ ကောင်းပါတယ်]
[ဒါပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရဦးမှာလား၊ တစ်ခါတလေ နာကျင်တာတွေ ဖြစ်လာနိုင်လား]
ယင်ကျန်း သူမကို ထပ်မံ စိုက်ကြည့်လိုက်ပြီး "ငါ့မှာ ကလေးတွေ အများကြီး ရှိပြီးသားပါ၊ သူမဆီကနေ နောက်ထပ် ကလေးတွေ ရဖို့မမျှော်လင့်ပါဘူး၊ သူမရဲ့ ခန္ဓာကိုယ်ကို ကုသဖို့ပဲ အာရုံစိုက်ပါ၊ ကိုယ်ဝန်ရဖို့အတွက်နဲ့တော့ သူမရဲ့ ကျန်းမာရေးကို မထိခိုက်ပါစေနဲ့"
[ကျေးဇူးတင်ပါတယ် စတုတ္ထမင်းသားရယ်၊ ငါ အရမ်းကိုထိရှသွားပြီ၊ ဒီည ရှင်သာ ကျွန်မနဲ့နေခဲ့မယ်ဆိုရင် ရှင့်အပေါ် သေချာပေါက် ပိုပြီးစိတ်အားထက်သန်စွာ ဆက်ဆံပေးပါ့မယ်]
သမားတော်ကျန်းက ပြုံးလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ၊ ဒီဆေးက ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို မထိခိုက်စေပါဘူး"
ယင်ကျန်း အခန်းထဲရှိ လူတိုင်းကို အမိန့်ပေးလေသည်။
"ဒီနေ့ ကိစ္စတွေကို ဘယ်သူ့ကိုမှ မပြောပြနဲ့"
သမားတော်ကျန်း ထွက်သွားပြီးနောက် ယင်ကျန်းက ညစာစားရန် ကျန်ခဲ့သည်။
ညစာစားနေစဉ် တစ်ဝက်လောက်တွင် သူမ၏ ပုံမှန်မဟုတ်သော တိတ်ဆိတ်မှုကို သတိပြုမိပြီး သူ အနည်းငယ် စိတ်မသက်မသာဖြစ်လာသဖြင့် စားနေသည်ကို ရပ်ကာ မေးမိသွားသည်။
"ဘာဖြစ်လို့လဲ"
ကမ်းကော်ကော်က မျက်လုံးများကို အနည်းငယ် အကြည့်လွှဲမိပြီး ပြန်ဖြေသည်။
"ဘာမှမဖြစ်ပါဘူး"
[ဒီတိုင်း စိတ်ဓာတ်ကျမိတာပါ၊ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက အရမ်းများလွန်းလို့ ငါ့ခေါင်းထဲမှာ အရမ်းရှုပ်ထွေးနေတာ၊ ဘယ်ကနေ စပြောရမှန်းကို မသိတော့ဘူး]
[အဲဒါကြောင့် ငါ့စိတ်ကို ရှင်းထုတ်လိုက်ပြီး ဘာမှမတွေးတော့တာ]
ယင်ကျန်းက ဘာမှမပြောတော့ပေ။ ညစာစားပြီးနောက် သူတို့နှစ်ယောက် ရေချိုးကန်ထဲတွင် သက်သောင့်သက်သာ ရေချိုးကြပြီး ကုတင်ပေါ်တွင် ပွေ့ဖက်အိပ်စက်ကြသည်။
ယနေ့တွင် သူတို့နှစ်ယောက်မှာ အပြန်အလှန် တပ်မက်မှုများက ထူးထူးခြားခြားပြင်းထန်နေပြီး တစ်ယောက်ကို တစ်ယောက် မြိုချပစ်ချင်နေသည့်အလားပင်။
တစ်ချီပြီးသွားသောအခါ မောဟိုက်နေသော ကမ်းကော်ကော်က လက်မြှောက်လိုက်ပြီး ပြောလာသည်။
"ခဏလောက် အနားယူကြရအောင်လေ"
ထို့နောက် ယင်ကျန်းက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ ဆံပင်များကို လက်ချောင်းများဖြင့် ပွတ်သပ်ပေးနေသည်။
ကမ်းကော်ကော် မကျေမနပ်ဟန်ဖြင့် ညည်းညူလို့လာသည်။
"အရှင်... ကျွန်မကိုလာမတွေ့တာ တော်တော် ကြာပြီပဲ၊ ရှင် ဒေါသထွက်ပြီး ကျွန်မကို စကားခက်မပြောတော့ဘူးလို့ ထင်နေတာ"
ယင်ကျန်းက တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီး ပြန်ဖြေ သည်။
"မဟုတ်တာ ချန်ချန်ရယ်"
🌻 Chapter 90
ကမ်းကော်ကော်က မျက်လုံးလှန်လိုက်ပြီး "ဟွန့်... ကျွန်မတို့ရဲ့ ပထမဆုံးအကြိမ်ကို မှတ်မိသေးတယ်၊ အရင်တုန်းက အရှင်မင်းသားက ကျွန်မကို အမြဲတမ်း ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်လေ၊ အခု အဲဒီစကားက အတည်ဖြစ်သေးရဲ့လားတော့ မသိဘူး"
ယင်ကျန်းက သူမကို တစ်ချက်ကြည့်လာပြီး "မင်း အနိုင် ကျင့်ခံခဲ့ရလို့လား"
[အဓိပ္ပာယ်မရှိတာ၊ မျက်ကန်းမဟုတ်တဲ့သူတိုင်း ဒီနေ့ ဘာဖြစ်ခဲ့လဲဆိုတာ မြင်နိုင်တာပဲ မဟုတ်ဘူးလား]
"အရှင်မင်းသား... ကြည့်ပါဦး၊ ဒါက သက်သေပဲ"
ကမ်းကော်ကော်က ဒူးကို မြှောက်ပြလိုက်ရာ ဖြူဖွေးသော သူမ ခြေထောက်ပေါ်ရှိ သိသာထင်ရှားသော အနီရောင် ပွန်းပဲ့ရာ နှစ်ခု ပေါ်လာသည်။
ယင်ကျန်း လက်က ထိုနေရာကို အုပ်ကိုင်လိုက်ပြီး အပေါ်သို့ ပွတ်ဆွဲသွားသော်လည်း ကမ်းကော်ကော်က သူ့လက်ကို ဖမ်းဆုပ်ကာ တားဆီးလေသည်။
ယင်ကျန်း လည်စေ့က လှုပ်ရှားသွားပြီး "အိမ်တော်မှာ စည်း ကမ်းတွေရှိတယ်၊ သူမ လုပ်ခဲ့တာက စည်းကမ်းတွေအတွင်းမှာပဲ ရှိတာ၊ မင်းက မင်းရဲ့ အစေခံတွေကို ချန်ကော်ကော်ရဲ့ လူတွေနဲ့ ရန်ဖြစ်ခွင့်ပေးခဲ့တာက မင်းရဲ့ အမှားပဲလေ"
ကမ်းကော်ကော် နှုတ်ခမ်းကို ကိုက်ကာ မတရားခံရသည့်ဟန်ဖြင့် "ချန်ကော်ကော်က ပြဿနာ အရင်စရှာတာလေ၊ ကျွန်မ သူနဲ့ ရန်မဖြစ်ချင်ခဲ့ပါဘူး၊ ပြီးတော့ သူက ကျွန်မကို အပြစ်ပုံချသေးတယ်၊ ပြီးတော့ ကျွန်မက ငြင်းခုံတာ၊ ရန်ဖြစ်တာ၊ ဒါမှမဟုတ် အမှားတစ်ခုခု လုပ်ခဲ့ရင်တောင် ဒီလောက်ထိတော့ မလုပ်သင့်ဘူးလေ၊ အရှင်က ကျွန်မကို အခန်းထဲ သော့ခတ်ထားလိုက်လို့ ရသားပဲ၊ အဲဒီလိုဆိုရင် ကျွန်မ ဘာမှ မညည်းညူပါဘူး၊ ဘာလို့ ခန္ဓာကိုယ်ကို နှိပ်စက်ရတာလဲ၊
ကျွန်မသာ သတိမလစ်သွားရင် ဘယ်လောက်ကြာကြာ ဒူးထောက်နေရမယ်မှန်းတောင် မသိဘူး၊ ဒါဆိုရင် အရှင့်ရဲ့ စကားတွေ အားလုံးက အလကားပဲပေါ့"
ယင်ကျန်း "ချန်ကော်ကော်က မင်းကို ဘယ်လို အပြစ်ပုံချတာလဲ"
ကမ်းကော်ကော်က သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ ဒေါသတကြီးဖြင့် "သူက ကျွန်မရဲ့ အခန်းထဲမှာ ညစ်ညမ်းပုံတွေ ရှိတယ်လို့ မဟုတ်မမှန် စွပ်စွဲတာလေ၊ တကယ်တော့ အဲဒီစက္ကူက ကျွန်မရဲ့ အခန်းထဲမှာ ရှိတာမှ မဟုတ်တာ၊ သူမပဲ ယူလာတာ ဖြစ်ရမယ်"
[ဟွန်း... ငါ့ရဲ့ အခု အခြေအနေက သူတို့ခေါ်တဲ့ ခေါင်းအုံးပေါ်က မြူဆွယ်စကားဆိုတာမျိုးလား]
[ငါလေးက မြေခွေးမလေး တစ်ကောင်လိုပဲ၊ ဟားဟားဟား]
ယင်ကျန်းသည် နက်မှောင်သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ကာမေးသည်။
"မင်း ကိုယ်တိုင် မျက်မြင်တွေ့ခဲ့လို့လား"
ကမ်းကော်ကော်က အနည်းငယ် အပြစ်ရှိသလို ခံစားရကာ "ကျွန်မ... အဲဒီလိုပဲ ထင်တာပါ"
[သူမရဲ့ အင်္ကျီလက်တွေက အရမ်းရှည်တော့ ငါက အချိန်တိုင်း မစောင့်ကြည့်နိုင်ခဲ့ဘူးလေ၊ ငါ့အခန်းထဲမှာသာ လုံခြုံရေးကင်မရာရှိရင် သိပ်ကောင်းမှာပဲ]
ယင်ကျန်း "ဒီကိစ္စကို ကိုယ် ဆက်မစုံစမ်းတော့ဘူး"
ကမ်းကော်ကော် သူ့ကို ကိုက်လိုက်ပြီး "ဒါဆို ကျွန်မရဲ့ ဒူးတွေ နာကျင်ခဲ့ရတာ အလကားပဲပေါ့"
ထိုကိုက်လိုက်မှုမှာ မနာကျင်စေဘဲ သူမ ချွန်ထက်သော သွားလေးများက သူ့အသားအရေကို ပွတ်တိုက်သွားသောအခါ သူ့ကိုပို၍ပင် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားသည်။
ယင်ကျန်း မျက်လုံးများတွင် နက်ရှိုင်းသော အရောင်တစ်ခု လက်လာကာ
"မင်းက ကိုယ့်ကို ချန်ကော်ကော်နဲ့ လီစဲဖူတို့ကို အပြစ်ပေးစေချင်တာလား"
ကမ်းကော်ကော် ခေါင်းခါပြလိုက်သည်။
"နောင်ကျရင် ဒီလောက် လွယ်လွယ်နဲ့ ဒူးထောက် အပြစ်ပေးမခံရဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်"
[ဒီတစ်ခါတော့ ဒူးထောက်ရတာ၊ နောက်တစ်ခါဆိုရင်ကော ပါးရိုက်ခံရမှာလား၊ ရိုက်နှက်ခံရမှာလား၊ အဆိပ်ခတ်ခံရမှာလားမသိဘူး၊ အရမ်းကြောက်စရာကောင်းတာပဲ]
ယင်ကျန်းက သူမကို တိတ်ဆိတ်စွာသာ စိုက်ကြည့်နေသည်။ ကမ်းကော်ကော်က သူ့လည်ပင်းကို ဖက်ကာ သူ့အပေါ် ခွထိုင်လိုက်ပြီး မျက်ထောင့်ကိုနမ်းသည်။ ထို့နောက် သူ့နှုတ်ခမ်းများကို မက်မွန်သီးအရသာ ကျောက်ကျောအားစုပ်ယူသကဲ့သို့ အားပါးတရ စုပ်နမ်းသည်။
အဆုံးတွင် သူမက သူမ၏ရည်ရွယ်ချက် အစစ်အမှန်ကို ဖော်ထုတ်ကာ ပြတ်သားစွာဖြင့် ပြောလာသည်။
"အရှင်မင်းသား... ကျွန်တော်မျိုးမ စဲဖူဖြစ်ချင်တယ်"
[ဟွန့်... ဘာလုပ်ရမလဲဆိုတာ ရှင်ပဲ ဆုံးဖြတ်တော့]
[အခုချက်ချင်း သဘောတူလိုက်တာ ပိုကောင်းမယ်နော်၊ မဟုတ်ရင် ကျွန်မ ဒူးဖက်ပြီး တောင်းပန်လို့ သဘောတူမယ်ဆိုရင်လည်း ကောင်းတာပါပဲ]
[ငါ့မှာ အခုလိုဆန္ဒရှိနေတာ မဆိုးပါဘူး၊ ရာထူးတိုးချင်တာ ရှက်စရာမှ မဟုတ်တာ]
[ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင် တိုက်ယူရတဲ့အရာပဲ၊ ဒီအတိုင်း စောင့်နေရင် အဲ့ယောကျာ်းက ဘယ်တော့မှ ပေးမလဲဆိုတာ ဘယ်သူသိမှာလဲ]
[ဒီနှလုံးသားမရှိတဲ့ မင်းသားက အစကတည်းကပေးဖို့ ရည်ရွယ်ထားပုံတောင် မပေါ်ဘူး]
ယင်ကျန်း "မင်းသား အိမ်တော်ရဲ့ ထုံးစံအရ ပုံမှန်အားဖြင့် စဲဖူ တစ်ယောက်ပဲ ရှိလေ့ရှိတယ်"
ကမ်းကော်ကော်က အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် မေးသည်။
"ခြွင်းချက်အနေနဲ့ ထားလို့ မရဘူးလား"
ယင်ကျန်း "ကိုယ်သာ ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုခု လုပ်နိုင်ခဲ့ရင် နောက်ထပ် စဲဖူတစ်ယောက်ထပ်တိုးပေးဖို့ ခမည်းတော်မင်းမြတ်ဆီ တောင်းဆိုလို့ရတယ်၊ ဒါပေမဲ့ မင်းမှာ ကလေးလည်းမရှိဘူး၊ မင်းရဲ့ မိသားစုနောက်ခံကလည်း သာမန်ပဲ၊ ပြီးတော့ မင်းရဲ့ အရည်အချင်းတွေကလည်း နုနယ်သေးတော့ ဘွဲ့နှင်းအပ်ဖို့ ဘာအကြောင်းပြချက်များရှိလို့လဲ"
[ထင်တဲ့အတိုင်း မဖြစ်နိုင်ဘူးကို၊ အရမ်းခက်ခဲတာပဲ]
[ကမ်းကော်ကော်... ကမ်းကော်ကော်ရေ... တွေ့လား၊ သူက နင့်ကို တကယ် ဂရုမစိုက်ဘူး၊ အချစ်စစ်သာဆိုရင် ဒီတောင်းဆိုမှု သေးသေးလေးက ဘာများခက်လို့လဲ၊ သွေးသားနောက် ခံက အဲဒီလောက်တောင် အရေးကြီးလို့လား၊ သာမန်မိန်းက လေးတွေတောင် ဧကရီဖြစ်သွားတာ အများကြီးပဲဟာ]
[ကောင်းပြီ၊ ဒါဆို ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အောင်ပွဲခံတဲ့ နည်းလမ်းကိုပဲ သုံးရတော့မှာပေါ့၊ သမိုင်းမှတ်တမ်းတွေအရဆိုရင် ကမ်းကော်ကော်က မင်းသားဘဝတုန်းက မျက်နှာသာ ပေးမခံခဲ့ရသလို စဲဖူအဖြစ်လည်း ဘယ်တုန်းကမှ ခန့်အပ်မခံခဲ့ရဘူးလေ၊ ငါ သမိုင်းကိုပြောင်းလဲလို့မရဘူး]
[တောက်... သွားသေလိုက်ပါလား၊ ဒါပေမဲ့ သမိုင်းမှာ ကမ်းကော်ကော်က အရေးမပါတဲ့ သူတစ်ယောက်ပဲလေ၊ သူ သမိုင်းနဲ့ ကိုက်ညီတယ်ဖြစ်ဖြစ်၊ မကိုက်ညီဘူးဖြစ်ဖြစ် သမိုင်းကြောင်းကို မလွှမ်းမိုးနိုင်မှတော့ ဘာအရေးကြီးလို့လဲ]
ကမ်းကော်ကော် တစ်ယောက်ခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေစဉ် ယင်ကျန်း ထပ်ပြောသည်ကို ကြားလိုက်ရသည်။
"မင်းမှာ အရည်အချင်းတစ်ခုခု ဒါမှမဟုတ် ဆန်းသစ်ပြီး အသုံးဝင်တဲ့ အကြံဉာဏ် တစ်ခုခုရှိရင် ပြောနိုင်ပါတယ်၊ ငါက ကောင်းတယ်လို့ထင်ရင် မင်းရဲ့ စွမ်းဆောင်မှုအဖြစ် မှတ်တမ်းတင်ထားပေးမယ်၊ နောက်တစ်ချိန် ကိုယ် ရာထူး တိုးတဲ့အခါမျိုး ဒါမှမဟုတ် စွမ်းဆောင်မှု တစ်ခုခုလုပ်နိုင်ခဲ့ရင် မင်းကိုစဲဖူအဖြစ် ခန့်အပ်ပေးဖို့ ခမည်းတော်ဆီ တောင်းဆိုပေးပါ့မယ်"
[သူက တစ်ခုခုကို အရိပ်အမြွက် ပြောနေသလိုပဲ၊ သဘော တရားတစ်ခုခုများလား၊ ခေတ်သစ် ယဉ်ကျေးမှုရဲ့ လူသားအားလုံး တန်းတူညီမျှမှုဆိုတဲ့ သဘောတရားကိုသာ ငါ တကယ် ပြောလိုက်ရင် ရှင် သေချာပေါက် အံ့ဩသွားမှာသေချာတယ်]
[သေချာတာပေါ့၊ ငါက အချိန်ခရီးသွားပြီး ရောက်လာလို့ ရှင်တို့ထက် ပိုတော်နေတာမှမဟုတ်တာ၊ တကယ်တမ်း ဒီကမ္ဘာမှာ ရှင်သန်နိုင်စွမ်းအရဆိုရင် ငါလေးက ရှင်ကြီးထက် အများကြီး နိမ့်ကျတယ်၊ အသက်ရှင်ဖို့အတွက်တောင် ရှင့်ရဲ့ စိတ်အခြေအနေကို ငါ သတိထားနေရတာလေ]
[ငါလေး ခေတ်သစ် နည်းပညာတွေကိုလည်း မသိဘူး၊ ပင်နီဆီလင် ဒါမှမဟုတ် ယမ်းမှုန့် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း မသိဘူးလေ]
[သမိုင်းကြောင်းနဲ့ ပတ်သက်လို့တော့ ငရှင့်ကို သေချာပေါက် ပြောပြလို့ မရဘူး၊ ရှင်သာ ကျွန်မကို မကောင်းဆိုး၀ါးလို့ ထင်ပြီး ကြိုးတုပ် မီးရှို့သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ]
အဆုံးတွင် ကမ်းကော်ကော်က "အရှင်က ခွေးတွေကို သဘောကျတယ်လေ၊ ကျွန်မ အရှင်မင်းသားအတွက် မျိုးကောင်းမျိုးသန့် ခွေးလေးတွေ မွေးမြူပေးရင်ကော ဘယ်လိုလဲ၊ ကျန်းမာရေးကောင်းပြီး မွန်မြတ်တဲ့ သွေးသားနောက်ခံ ရှိရမယ်၊ အရှင် သဘောကျတဲ့ အမွေးအရောင်၊ ခြေထောက်အရှည်၊ အမွေးအရှည်အတို၊ မျက်လုံးအရွယ်အစားဖြစ်ဖြစ် အားလုံး အာမခံပါတယ်"
ယင်ကျန်းက သူမ နှုတ်ခမ်းလေးအား လက်ချောင်းလေးဖြင့် ပွတ်ဆွဲရင်း ရက်စက်စွာပင် ပြောသည်။
"မင်းက ဒါလေးတွေနဲ့ စဲဖူဖြစ်လာနိုင်မယ်လို့ ထင်နေတာလား၊ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး"
ကမ်းကော်ကော်က ညင်သာစွာ နှာမှုတ်လိုက်ပြီး "ကျွန်မသာ စဲဖူဖြစ်လာခဲ့ရင် အဖြစ်မှန်ကိုတောင်မသိဘဲနဲ့ အရှင်မင်းသားကို ဒူးထောက်ခိုင်းပြီး အပြစ်ပေးမှာ လုံးဝမဟုတ်ပါဘူး"
"ကိုယ့်ကို သူများ မလုပ်စေချင်တဲ့အရာကို သူများအပေါ် မလုပ်ပါနဲ့ဆိုတဲ့ စကားလိုပဲပေါ့၊ ကိုယ့်ခန္ဓာကိုယ်ကို တခြားသူတွေ ထိခိုက်နစ်နာအောင် လုပ်တာကို ဘယ်သူမှ မလိုလားပါဘူး၊ ဒါဆို ဘာလို့ တခြားလူရဲ့ ခန္ဓာကိုယ်ကို ထိခိုက်အောင် သွားလုပ်ရမှာလဲ၊ သူတစ်ပါးကို စီမံအုပ်ချုပ်တဲ့ နေရာမှာ မေတ္တာတရားနဲ့ အကြောင်းပြချက်တွေကတစ်ဆင့် နားချဖို့လိုတယ်၊ ကြင်နာမှုနဲ့ ပြတ်သားမှုကို ပေါင်းစပ်ရတယ်၊ အကြမ်းဖက်တာကိုတော့ လုံးဝ လက်ခံလို့ မရဘူးလေ"
"ဒါဆို မင်းက ဘာလို့ အစေခံတွေကို ပြန်တိုက်ခိုင်းရတာလဲ"
ယင်ကျန်း ပြောလာရာ ကမ်းကော်ကော်လည်း သူမကိုယ်သူမ မချုပ်တည်းနိုင်ပဲ ပြန်ပြောမိသွားသည်။
"ကျွန်မ အကြောင်းပြချက်က ခိုင်လုံပါတယ်နော်၊ ကျွန်မက ပြန်ခုခံတာပါဆို၊ သူတို့က အရင်စတိုက်ခိုက်တာလေ၊ သူတို့က ကျွန်မရဲ့ကိုယ်ပိုင် အခွင့်အရေးတွေကို စချိုးဖောက်ခဲ့တာ၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ"