အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
🌻 Chapter 91
သူမ ဒေါသထွက်နေချိန်တွင် သူမ မျက်ထောင့်များပင် စူးရှလာပြီး သူမဒေါသထဲတွင် ယောကျာ်းတိုင်းကို ကျရှုံးစေနိုင်သော မြူဆွယ်ညှို့ငင်နိုင်သည့် ဆွဲဆောင်မှုတစ်ခုက မသိမသာ ရောယှက်နေသည်။
ယင်ကျန်း သက်ပြင်းချလိုက်မိသည်။ သူမပြောတာ မှန်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် အလွန်ချစ်စရာကောင်းသဖြင့် ပြောသမျှမှန်သည်။
ကမ်းကော်ကော်က သူ့ခန္ဓာကိုယ်ရှိ အပြောင်းအလဲကို ခံစားမိသွားသော ထပ်မံအကြံပေးသည်။
"စတုတ္ထမင်းသား... ရှင်က လူတစ်ယောက်ကို ချစ်တယ်ဆိုရင် အဲဒီလူကို အကောင်းဆုံးအရာတွေ ပေးရမယ်၊ ချစ်တယ်ဆိုရင် သူ့ကို နာကျင်အောင် မလုပ်ရဘူး၊ ချစ်တယ်ဆိုတာ လက်တွေ့လုပ်ပြရမယ်လေ"
ယင်ကျန်းက ခဏမျှ စဉ်းစားပြီးနောက် "ဒါပေမဲ့ မင်းကို ချစ်တယ်လို့ ကိုယ် တစ်ခါမှ မပြောခဲ့ဖူးဘူးလေ"
"ရှင်..."
ကမ်းကော်ကော် ဒေါသထွက်သွားသည်။ သူမက လှည့်ထွက်သွားပြီး ကုတင် အဝေးဆုံးထောင့်သို့ လှိမ့်သွားကာ သူ့ကို ကျောခိုင်းလိုက်သည်။
"စိတ်ဆိုးသွားတာလား"
ယင်ကျန်းက သူမနောက်သို့ လိုက်လာပြီး သူမခါးကို လက်တစ်ဖက်ဖြင့် ဖက်ကာ ပွတ်နယ်ပေးရင်း သူမ နားနားသို့ ကပ်ကာ တီးတိုးပြောသည်။
"ကိုယ် မင်းကို ခဏလောက် ထပ်ပြီး စောင့်ကြည့်ရဦးမယ်၊ မင်း နောက်ထပ် ပြဿနာမရှာတော့ဘူးဆိုရင် မင်း ဒီရာထူးကို ရအောင် ကိုယ် အတတ်နိုင်ဆုံး ကူညီပေးမယ်"
"အိုး... ဒါက အရမ်းခက်ခဲလွန်းပါတယ်၊ ကျွန်မက ပုံမှန်ဆို အရမ်း လိမ္မာတယ်ဆိုတာ အရှင်မင်းသား သိပါတယ် ဒါပေမဲ့ ပြဿနာက သူ့ဘာသာ လာခေါက်ချင် ခေါက်နေမှာလေ"
ကမ်းကော်ကော်က မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလာသည်။
"ပြဿနာ သေးသေးလေးတောင် ဖြစ်လို့ မရဘူးလားဟင်၊ အတိအကျဆို ဘယ်လောက်ကြာမှာလဲ၊ အရှင် ကျွန်မကို သေချာတဲ့ အဖြေတစ်ခု ပေးရမယ်"
သူမ စကားပြောအပြီးတွင် သူမ ခါးက တစ်ခုခုနှင့် ဖိကပ်ခံလိုက်ရသည်။ ကမ်းကော်ကော် အသက်ရှူမှားသွားပြီး
"နောက်တစ်ချက် ရှိသေးတယ်၊ အရှင်က ကျွန်မကို ချက်ချင်း စဲဖူမပေးနိုင်ဘူးဆိုတော့ ကျွန်မကို အပြင်ထွက်ပြီး ဆန်ပြုတ်ဝေခွင့်ပေးလို့ရမလား၊ စဉ်းကြည့်ပါဦး အရှင်ရယ်... ကျွန်မတို့ အခန်းထဲမှာ မာကျောက်ကစားနေရတဲ့ အကြောင်းရင်းက အရမ်းအားနေလို့လေ"
"မင်း အပြင်ထွက်ပြီး စေတနာ့ဝန်ထမ်း အလုပ်တွေ သွားလုပ်ချင်တာလား"
ယင်ကျန်းက အလျှော့မပေးသော လေသံဖြင့် ငြင်းဆိုသည်။
"မရဘူး"
ကမ်းကော်ကော်က နှုတ်ခမ်းဆူကာ "ဖူကျင်းတောင် လုပ်လို့ရတာပဲ၊ ဘာလို့ ကျွန်မက မရရတာလဲ"
ကိုယ့်ကို အကြပ်ကိုင်ချင်နေတာပေါ့လေ...
ယင်ကျန်း အသံက နက်ရှိုင်းသွားသည်။
"မနက်ဖြန်ကစပြီး သူမကိုလည်း သွားခွင့် မပေးတော့ဘူး"
"ဟင်... နေပါဦး၊ ကျွန်မ အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး"
သို့သော် သူမပါးစပ်မှာ ပိတ်ဆို့ခံလိုက်ရသဖြင့် သူမ ဘာမှဆက်ပြော၍ မရတော့ပေ။ နောက်နေ့တွင် ယင်ကျန်း အဝတ် အစားလဲလှယ်နေစဉ် ပြောလိုက်သည်။
"စဲဖူ ရာထူးအကြောင်းကို နောက်မှ ထပ်ပြောကြတာပေါ့၊ ဒါပေမဲ့ လောလောဆယ် မင်းကို စဲဖူ တစ်ယောက်ရဲ့အခွင့် အရေးမျိုး ပေးထားမယ်၊ အဲဒီလိုဆိုရင် အိမ်တော်ထဲက တခြား ဘယ်သူကမှ မင်းကို အထင်သေးရဲမှာ မဟုတ်ဘူး"
ထိုအရာကို ကြားသောအခါ ကမ်းကော်ကော်ကပြုံးကာ ပြန်ပြောသည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းသား"
[အခွင့်အရေးပဲ ရတာ၊ ဘွဲ့ရတာမဟုတ်ပေမယ့် ရပါတယ်လေ]
[တကယ်တော့ မစ္စတာလုရွှင်းရဲ့ အမြင်က အရမ်းကို အံ့ဩဖို့ကောင်းတာပဲ၊ တရုတ်လူမျိုးတွေက အပေးအယူလုပ်တာနဲ့ ပြန်လည်သင့်မြတ်တာကို သဘောကျကြတယ်၊ အတွင်းစိတ်ထဲမှာတော့ ပြတင်းပေါက်ကို အရင်ဖွင့်ခိုင်းပြီးမှ ခေါင်မိုးကိုပါ ဖျက်ချဖို့ တောင်းဆိုဖို့ ကြံစည်နေကြတာလေ]
[ဒါဆို ငါကသာ ဖူကျင်း ဖြစ်ချင်တယ်လို့ ပြောလိုက်ရင် သူက ငါ့ကို စဲဖူဖြစ်ဖို့ စီစဉ်ပေးမှာလား၊ ငါ တအား ရိုးသားလွန်းခဲ့ပါလား]
ယင်ကျန်းက သူမကို ပြောစရာစကား ပျောက်ဆုံးနေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့အဝတ်အစားများ သေချာဝတ်ဆင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးကာ ထွက်သွားရန် လှည့်လိုက်သည်။ ကမ်းကော်ကော်က သူ့လက်ကို ထပ်မံ ဖမ်းဆွဲပြန်သည်။
"အရှင်မင်းသား... ကျွန်တော်မျိုးမ အိမ်တော်ထဲကိုရောက် လာတာ တစ်နှစ်နီးပါး ရှိတော့မယ်၊ တစ်ရက်လောက် ခွင့်တောင်းချင်လို့ပါ"
ယင်ကျန်း သက်ပြင်းရှိုက်လေသည်။
"မင်း နေရာကို မင်း သိရဲ့လား"
ကမ်းကော်ကော်က သူ့လက်ကို လှုပ်ခါရင်း "ကျေးဇူးပြုပြီး အရှင် လျှော့ပေါ့ပေးပါလားရှင်၊ ကျွန်မ အိမ်တော်ထဲမှာ အရမ်းပျင်းနေပြီ၊ အပြင်ထွက်ပြီး လမ်းလေးဘာလေး လျှောက်ချင်ရုံပါ၊ တခြား ဘာမှမရှိပါဘူး"
ယင်ကျန်းက "ဒီအလုပ်ရှုပ်တဲ့ ကာလတွေ ပြီးတဲ့အထိ စောင့်ဦး"
"ဒါပေမဲ့..."
ကမ်းကော်ကော်မှာ စကားတစ်လုံးသာ ပြောနိုင်သေးသော် လည်း ယင်ကျန်းမှာ ခပ်သုတ်သုတ် ထွက်သွားနှင့်လေသည်။
[ရှင့်ကို သရဲလိုက်ဖမ်းနေလို့လား၊ ငါလေး အပြင်ထွက်တာက ရှင်နဲ့ ဘာဆိုင်လို့လဲ၊ ငါ့မှာ အချိန်တွေ အများကြီး ရှိတာပဲ၊ ရှင် အလုပ်ပြီးတဲ့အထိ ဘာလို့ စောင့်နေရမှာလဲ]
သူမက ထွက်သွားသော သူ့ ကျောပြင်ကို မျက်နှာပြောင်ပြလိုက်ပြီးနောက် ဒေါသတကြီးဖြင့် ကုတင်ပေါ်သို့ ပြန်လှဲလိုက်သည်။ သူ ကျောပြင်က အလွန်အမင်း နာကျင်နေသဖြင့် သူမ ပြန်အိပ်မပျော်နိုင်တော့ပေ။
ခဏအကြာတွင် အခြား အထိန်းတော်မားမား ရောက်လာပြီး ကမ်းကော်ကော်ကို အိမ်ထောင်မှု စီမံခန့်ခွဲရေး သင်ကြားပေးရန် မင်းသားက တာဝန်ပေးလိုက်ကြောင်း ပြောလာသည်။
[ဒီလူက ငါ့ကို ဒုက္ခပေးဖို့ပဲ သိတာ၊ ငါက တကယ်ကြီး အားနေတယ် ထင်နေတာလား]
ကမ်းကော်ကော် အံ့ကြိတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
[ကောင်းပြီလေ... ကိုယ်လိုချင်တဲ့ ရာထူးအတွက်တော့ တန်ရာတန်ကြေး ပေးရမှာပေါ့၊ လောလောဆယ် ဒီရာထူးကို မရနိုင်သေးပေမယ့် ကံဆိုးစွာနဲ့ပဲ တန်ကြေးကိုတော့ အရင်ပေးရတော့မယ်၊ ငါ သင်ယူရမှာပေါ့လေ]
ဖူကျင်း ပြန်လည် တာဝန်ယူပြီးနောက် အိမ်တော်ရှိ လူတိုင်းမှာ ပိုလိမ္မာလာကြပြီး ပြဿနာရှာသော ထိုအစေခံများအားလုံးလည်း အရေးယူခံလိုက်ရသည်။
ရန်ပွဲကို စတင်ခဲ့သော ကျီရှန်းမိန်းမမှာ အပြစ်ဒဏ် အများဆုံးခံရကာ အိမ်တော်မှ နှင်ထုတ်ခံလိုက်ရပြီး အစေခံနျူနှင့် အခြားလူများမှာ ကြိမ်ဒဏ်အချက်နှစ်ဆယ်စီ အရိုက်ခံရသည်။
ချွေ့မားမား၊ ကမ်းကော်ကော်၊ ရန်ပွဲတွင် ပါဝင်ခဲ့သော ချန်ကော်ကော်ခြံဝင်းမှ အစေခံမလေးများနှင့် မိန်းမစိုးများအားလုံးမှာ လစာသုံးလစာ ဖြတ်တောက်ခံရပြီး ချန်ကော်ကော်မှာမူ ကျမ်းစာများကို အကြိမ် ၁၀၀ ကူးရေးရန် အပြစ်ပေးခံရသည်။
ကမ်းကော်ကော် ကိုယ်တိုင်မှာတော့ ဘာအပြစ်ပေးမှုမှ မခံရသော်လည်း သူမ အခန်းထဲရှိ အစေခံမလေးများ လစာများအတွက် သူမက ပြန်လည် ဖြည့်ဆည်းပေးမည်ဖြစ်ကာ အခြားနည်းလမ်းများဖြင့်လည်း ဆုကြေးများပေးမည်ဖြစ်သည်။
ပင်ပန်းသော တစ်နေ့တာ ကုန်ဆုံးပြီးနောက် သူမက ကျန်းမားမားကို ပြန်လွှတ်လိုက်သည်။ ထို့နောက် ကမ်းကော်ကော်က အစေခံမလေးများကို အထဲဝင်ရန် အချက်ပြလိုက်ပြီး တံခါးပိတ်ကာ အစည်းအဝေးလေးတစ်ခု ပြုလုပ်လေသည်။
အစည်းအဝေးငလေးတွင် ကမ်းကော်ကော် မျက်နှာထားမှာ အလွန်တည်ငြိမ်နေသည်။
"မနေ့က ချန်ကော်ကော်က ဘာလို့ ငါတို့အခန်းကို ရုတ်တရက် ရောက်လာတာလဲ၊ တခြားတစ်နည်းနဲ့ ပြောရရင် ငါတို့ အခန်းထဲမှာ မာကျောက်ကစားနေတယ်ဆိုတာကို သူမက ဘယ်လိုလုပ် သိသွားတာလဲ"
ယွင်ကျွမ်း လက်မြှောက်ကာ "သစ္စာဖောက် ရှိနေလို့များလား"
ဟွာစန်းက သူမပါးစပ်ထဲရှိ မုန့်ကို မြိုချလိုက်ပြီး ဖြူဖွေး သော သွားနှစ်တန်း ပေါ်လာသည်အထိ သေချာကိုက်စားကာ နားမလည်သည့်ပုံဖြင့် ကြည့်လာသည်။
ကမ်းကော်ကော် "တကယ်တော့ မနေ့မနက်ကပဲ ငါတို့ပြောခဲ့ကြတာလေ၊ ပြီးခဲ့တဲ့ရက်တွေတုန်းက ပဲစေ့ကြော်တွေနဲ့ ကစားရတာ မပျော်ရဘူးလို့၊ ပြီးတော့ မွန်းလွဲပိုင်းမှာ ကြေးပြားတွေနဲ့ လဲပြီး ကစားဖို့ စီစဉ်ခဲ့တာ၊ ငါတို့ထဲက အဲ့တစ် ယောက်တည်းပဲ အပြင်ထွက်သွားခဲ့တာ၊ အဲဒီလူက ဘာသွားလုပ်တာလဲဆိုတာ ခန့်မှန်းရ တအားခက်တာပဲနော်"
🌻 Chapter 92
ဟွာယွီမှာ အနည်းငယ် ရောင်ရမ်းနေသော မျက်နှာဖြင့် ယွင်ရှုဘက်သို့ လှည့်ကြည့်လာသည်။ ယွင်ရှုမှာ ထိုနေရာတွင် ထိုင်နေပြီး သူမမျက်နှာက ဖြူဖျော့ကာ မျက်လုံးများဘည်း နီရဲနေပြီး လက်ကိုင်ပဝါကိုပင် ထက်ပိုင်းကျိုးမတတ် လိမ်ဆွဲထားသည်။
ထိုအစည်းအဝေးက သူမအတွက်ဆိုတာကို ကြိုတင် ခံစားသိရှိနေခဲ့ပြီးဖြစ်သည်။
ကမ်းကော်ကော်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး ရင်နာနာဖြင့် ပြောသည်။
"တကယ်တော့ ငါက တော်တော်လေး သဘောထားကြီးတဲ့သူပါ၊ ဒါပေမဲ့ ဘယ်လောက်ပဲ သဘောထားကြီးတဲ့သူဖြစ်ပါစေ သူ့ရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာတော့ ရှိတာပဲ၊ ငါ့အပေါ် သစ္စာဖောက်တာကိုတော့ ဘယ်သူ့ကိုမှ ခွင့်မပြုနိုင်ဘူး"
"ငါ နင်တို့ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်၊ စားဖို့သောက်ဖို့ အလျှံအပယ် ပေးခဲ့တယ်၊ ပင်ပန်းတဲ့အခါ အနားယူခွင့်ပေးခဲ့တယ်၊ ခံစားခွင့်တွေနဲ့ ထောက်ပံ့ ကြေးတွေလည်း ဒီလောက်ကောင်းအောင် ပေးခဲ့တာပဲလေ၊ ဘာလို့များ တစ်ယောက်ယောက်က ငါ့ကို သစ္စာဖောက်ရတာလဲဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး"
ယွင်ရှု နှုတ်ခမ်းကို ကိုက်ကာ တိတ်ဆိတ်စွာ ထိုင်နေပြီး အဆုံးတွင် ပြောလာသည်။
"ဘာလို့လဲဆိုတော့ ဖူကျင်းက မေတ္တာတရား ကြီးမားတဲ့သူမို့လို့ပါ"
ကမ်းကော်ကော် စိတ်သက်သာရာ ရသွားသည်။
[တော်သေးတာပေါ့... သူမက ဖူကျင်းကို ဆွဲထည့်သွားလို့၊ သူမက ချန်ကော်ကော်ရဲ့လူပါဆိုပြီး ငါ့ကို ထပ်မလိမ်တော့ဘူးလေ]
သို့သော် ကမ်းကော်ကော် တစ်ခုခုမှားနေသည်ကို ခံစားမိသွားပြီး မေးလေသည်။
"ဒါဆို ငါက မေတ္တာတရား ကြီးမားတဲ့သူ မဟုတ်ဘူးပေါ့"
[သူမက ဘယ်သူ့ကို ရည်ရွယ်ပြီးပြောနေတာလဲ]
ယွင်ရှုက မျက်ရည်များကို မျိုသိပ်ကာ ခပ်မြန်မြန် ခေါင်းခါပြီး
"မဟုတ်ပါဘူး၊ ကော်ကော်ကလည်း မေတ္တာတရား ကြီးမားပါတယ်၊ ဒါပေမဲ့ ဒါက မတူဘူးလေ"
ကမ်းကော်ကော် "ဘယ်လို မတူတာလဲ"
ယွင်ရှုက ပြန်ဖြေသည်။
"အရင်တုန်းက ကျွန်မ တခြားအစေခံတွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတယ်၊ ဆောင်းရာသီမှာလည်း အဝတ်လျှော်နေရတုန်းပဲ၊ ကျွန်မကို ထမင်းတောင် မကျွေးကြဘူး၊ ကျွန်မ အအေးဒဏ်နဲ့ ငတ်မွတ်ပြီး သေတော့မယ့်အချိန်မှာ ဖူကျင်းက အဲဒီကနေ ဖြတ်သွားရင်း ကျွန်မကို ကယ်တင်ခဲ့တာပါ၊ သူက ကျွန်မကို အသက်ရှင်ဖို့ မျှော်လင့်ချက်ပေးခဲ့လို့ ကျွန်မ တစ်ဘဝလုံး ပုံအောပြီး သူ့ကျေးဇူးကို ဆပ်ချင်ခဲ့တာ"
ကမ်းကော်ကော် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် မနှစ်က မူလခန္ဓာကိုယ်ပိုင်ရှင် အအေးဒဏ်ကြောင့် သေဆုံးသွားချိန်တွင်လည်း ဖူကျင်းကပင် သမားတော်ရှာပေးကာ ကုသပေးခဲ့သည်ကို သတိရသွားသည်။
[ကျေးဇူးတင်တယ် ဆိုပေမယ့်လည်း ကျေးဇူးဆပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ဖူကျင်းအတွက် ငါ အများကြီး ပေးဆပ်ဖို့ ဆန္ဒမရှိပါဘူး]
[ဘာပဲဖြစ်ဖြစ် ဖူကျင်းရော ယင်ကျန်းကရော ဖိနှိပ်တဲ့သူတွေချည်းပဲ၊ ငါက သူတို့ရဲ့ အစေခံလေ၊ ငါ အအေးဒဏ်ကြောင့် သေတော့မလိုဖြစ်ခဲ့ရတာ သူတို့မှာ တာဝန်မကင်းဘူး မဟုတ်ဘူးလား]
[အရင်ဆုံးလူတစ်ယောက်ကို ဒုက္ခိတဖြစ်အောင် လုပ်ပြီး ကူကယ်ရာမဲ့နေတာကို လျစ်လျူရှုထားခဲ့တယ် ပြီးတော့မှ တောင်ဝှေးတစ်ချောင်း ပေးသလိုပေါ့၊ အဲဒီတော့မှ ဒီလူက သူမရဲ့ ကျေးဇူးရှင်ကြီး ဖြစ်သွားရောလား]
ဟွာယွီ သဘောမတူစွာဖြင့် ဝင်ပြောသည်။
"ဖူကျင်းကို ကျေးဇူးဆပ်ဖို့အတွက်နဲ့ နင်က ငါတို့ ကော်ကော်ကို သစ္စာဖောက်လိုက်တာလား"
ယွင်ရှု "ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူးလေ၊ ဖူကျင်းက ကော်ကော်ကို ဒုက္ခမပေးချင်ပါဘူးတဲ့၊ သူမက ကော်ကော်ရဲ့ စစ်မှန်တဲ့ သစ္စာခံမှုကိုပဲလိုချင်တာ၊ ဖူကျင်းက အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ ကော်ကော်က အမြဲတမ်းငြိမ်ငြိမ်မနေတော့ ဖူကျင်းကို အခက်တွေ့အောင် အမြဲလုပ်နေတာလေ"
ကမ်းကော်ကော် နားမလည်နိုင်စွာ "ငါက ဘယ်လို ငြိမ်ငြိမ်မနေလို့လဲ၊ ငါက သေချာတောင် ဒူးထောက်ပြပြီးပြီပဲ၊ သူ့ရှေ့မှာ ဝပ်ပေးရမှာလား"
ယွင်ရှု "ကော်ကော်က အိမ်တော်ရဲ့ စည်းမျဉ်းတွေကို အမြဲ တမ်းတိတ်တဆိတ် ဖီဆန်နေတာလေ၊ ဖူကျင်းရဲ့ အာဏာကို ကျော်လွန်ပြီး စတုတ္ထမင်းသားဆီကနေ ပစ္စည်းတွေနဲ့မျက် နှာသာပေးတာတွေကို တောင်းဆိုတယ်၊ တကယ်တော့ ကော်ကော် လိမ္မာလား၊ မလိမ္မာဘူးလား ဆိုတာ သူမရဲ့နေ့စဉ် အပြုအမူတွေကနေတစ်ဆင့် မြင်နိုင်တယ်၊ အားလုံးလည်း ဒါကို သိတယ်၊ ဖူကျင်းလည်း ဒါကို နားလည်တယ်လေ"
ကမ်းကော်ကော်မှာ ပြန်ပြောစရာ မရှိအောင်ဖြစ်သွားရသည်။ ဟွာယွီက သဘောမတူစွာဖြင့် ခေါင်းခါမိသဖြင့် သူမ မျက်နှာပေါ်က ဒဏ်ရာကို ထိမိသွားသောကြောင့် ခပ်တိုးတိုးညည်းမိသည်။
ယွင်ကျွမ်း၏ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော အသံလေးတွင်လည်း အေးစက်မှုနှင့် စိတ်ပျက်သော အရိပ်အယောင်များ ပါဝင်နေသည်။
"နင့် နှလုံးသားထဲမှာ သခင်တစ်ယောက် ရှိပြီးသားဖြစ်နေလို့ ကော်ကော်လုပ်သမျှ အကုန်လုံးက မှားနေတာပေါ့၊ နင်က ကော်ကော်ကို နင့်ရဲ့ သခင်အစစ်အနေနဲ့ တစ်ခါမှ သဘောမထားခဲ့ဘူးလေ၊ အဲဒါကြောင့် ကော်ကော်က ဖူကျင်းရဲ့ လက် အောက်ခံဖြစ်သင့်ပြီး ဖူကျင်းရဲ့ အမိန့်တိုင်းကို နာခံသင့်တယ်လို့ နင် ထင်နေတာပေါ့"
ဟွာစန်း လက်သီးကို ဆုပ်ကာ ယွင်ရှုကိုကြည့်ကာ
"ဘယ်လောက်တောင် အောက်တန်းကျလိုက်တာလဲ"
ကမ်းကော်ကော်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ပြောလိုက်သည်။
"မနက်ဖြန် ငါ ဖူကျင်းဆီ ပြန်သွားပြီး နင့်ကို သူမဆီပြန်အလုပ်လုပ်ဖို့ ပို့ပေးလိုက်မယ်"
ယွင်ရှုက ဒူးထောက်ချလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့်
"ကျွန်... ကျွန်မကို ပြန်သွားခိုင်းမယ်ဆိုရင် သေလိုက်တာမှ ပိုကောင်းပါဦးမယ်"
ကမ်းကော်ကော် မျက်လုံးများပြူးသွားကာ "ဒါဆို နင်က ဘာလုပ်ချင်တာလဲ"
ယွင်ရှုက "ကျွန်မတို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ပိုက်ဆံနဲ့ လောင်းက စားလုပ်မယ်ဆိုတာ ချွေ့မားမားကို သွားပြောခဲ့တာ တကယ်ပဲ ကျွန်မပါ၊ ဒါပေမဲ့ ဒီကိစ္စဖြစ်ပြီးသွားတော့ ဖူကျင်းက ကျွန်မကို နောက်ကျရင် ယုံကြည်ချင်မှ ယုံကြည်တော့မှာပါ၊ ကော်ကော်... အခုကစပြီး ကျွန်မမှာ ကော်ကော်တစ်ယောက် တည်းပဲ ရှိပါတော့တယ်၊ ကော်ကော်အတွက် ရိုးရိုးသားသား အလုပ်အကျွေး ပြုပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်မကို မောင်းမထုတ်ပါနဲ့"
ကမ်းကော်ကော်က မှန်းဆမရနိုင်သောအသံဖြင့် "နောက်ကျ ငါနဲ့ ဖူကျင်းကြားမှာ ပြဿနာဖြစ်လာရင်ကော ဘယ်လိုလုပ်မလဲ"
ယွင်ရှုက စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် အဆုံးတွင် ပြန်ဖြေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ကော်ကော်ကိုတော့ ထပ်ပြီး သစ္စာမဖောက်ပါဘူး"
[ဒါဆို သူမက ဖူကျင်းကိုလည်း တိုက်ခိုက်မှာ မဟုတ်ဘူးပေါ့လေ]
"ကောင်းပြီ၊ နင် သတ္တိရှိသားပဲ"
ကမ်းကော်ကော် ထပ်မေးသည်။
"ဒါဆို ငါမေးမယ်၊ ငါ့အစားအသောက်ထဲကို ကတိုးထည့်ခဲ့တာ နင်လား"
ယွင်ရှုက ကြောင်တောင်တောင်ဖြင့် ခေါင်းခါပြကာ "မဟုတ်ပါဘူး၊ ကျွန်မ မဟုတ်ဘူး"
[ဒီအချိန်မှာ သူမ လိမ်ပြောဖို့ မလိုတော့ဘူးလေ]
[ဒါပေမဲ့ သူမဟုတ်ရင် ဘယ်သူလဲ]
ကမ်းကော်ကော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူတို့လေးယောက်ကို ပြောလိုက်သည်။
"နင်တို့ထဲက ဘယ်သူပဲဖြစ်ဖြစ် သဲလွန်စတစ်ခုခု ရှိတယ်ဆိုရင် သန်းခေါင်ယံအချိန်ကျရင် ငါ့ဆီကို တစ်ယောက်တည်း လာခဲ့ပါ။ ငါတို့ ရင်ဖွင့်ပြီး သေချာ စကားပြောကြမယ်၊ ငါ ကတိပေးတယ်... ဒီကိစ္စအတွက် နင်တို့ကို အပြစ်မတင်ပါဘူး"
[သူတို့က လူဆိုးတွေမှ မဟုတ်တာ၊ ငါ့ကို ဘယ်လိုလုပ်ပြီး တမင်သက်သက် ဒုက္ခပေးရက်မှာလဲ၊ သူတို့မှာ အကြောင်းပြချက် တစ်ခုခုတော့ ရှိရမှာပေါ့]
[ပြီးတော့ သမားတော်ကျန်းရဲ့ စကားအရဆိုရင် ကတိုးပမာဏကို တမင်သက်သက် ထိန်းထားတာတဲ့လေ၊ အရမ်း အများကြီး မသုံးထားဘူး]
သို့ဖြစ်ရာ ကမ်းကော်ကော် မီးပိတ်ပြီးနောက် အိပ်ရာသာဝင်လေသည်။ သူမ တစ်ညလုံး မအိပ်ဘဲ စောင့်မနေချေ။
သို့သော် ရင်ထဲတွင် အကြိတ်အခဲ ရှိနေသူကတော့ အိပ်မပျော်နိုင်ပေ။ ထိုလူသည် သန်းခေါင်ယံအချိန်အထိ စောင့်နေပြီးနောက် အထဲဝင်လာကာ တစ်ခဏမျှ တွေဝေနေပြီး ကမ်းကော်ကော်ကို ညင်သာစွာ နှိုးသည်။
ကမ်းကော်ကော်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ယွင်ကျွမ်းကို မြင်သောအခါ ဘာကိစ္စလဲဆိုတာကို ချက်ချင်းသတိမရသေးပေ။
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်မှ သူမ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ "တကယ်ကြီး နင်ပဲကိုး"
ယွင်ကျွမ်းက သူမ ကုတင်ဘေးတွင် ဒူးထောက်လိုက်ပြီး
"ကော်ကော်... ကော်ကော်ကို ကတိုးတိုက်ခဲ့တာ တကယ်ပဲ ကျွန်မပါ၊ ဒီည ကျွန်မကိုအစောင့်ထားဖို့ စီစဉ်ထားကတည်းက ကော်ကော် ကြိုပြီး ခန့်မှန်းမိနေတာလား"
ကမ်းကော်ကော်က နှုတ်ခမ်းကို တွန့်လိုက်ပြီး
"ခန့်မှန်းရ သိပ်မခက်ပါဘူး၊ နင်က အရမ်း ပါးနပ်တာကိုး၊ တခြားတစ်ယောက်ယောက်ကသာ လုပ်ခဲ့မယ်ဆိုရင် နင် အစောကြီးကတည်းက ရိပ်မိနေမှာပေါ့"
[ယွင်ကျွမ်းက ယွင်ရှုရဲ့ပြဿနာကို သတိထားမိတော့ ကမ်းကော်ကော်ကိုတောင် လာပြောပြခဲ့သေးတာပဲလေ]
[ငါ ကလေးလိုချင်တာက တစ်ပိုင်း၊ ကိုယ်ဝန်ရနိုင်တာက တစ်ပိုင်းပဲ၊ သူမကို မမုန်းမိတာတော့မဟုတ်ဘူး]
[ငါမုန်းမိတာအပြင် သစ္စာဖောက်ခံရတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်ရတဲ့ ခံစားချက်လည်း ရှိတာပေါ့]
[ယွင်ရှုကလည်း ငါ့ကို သစ္စာဖောက်တယ်၊ ယွင်ကျွမ်းကလည်း သစ္စာဖောက်တယ်၊ ငါက တကယ်ကြီး အဲဒီလောက်တောင် ဆိုးရွားတဲ့လူ ဖြစ်နေလို့လား]
ကမ်းကော်ကော် တစ်ယောက် အတွေးလွန်နေစဉ် ယွင်ကျွမ်းက အင်္ကျီလက်ထဲမှ ဆေးမှုန့်ထုပ် တစ်ထုပ်ကို ရုတ်တရက် ဆွဲထုတ်ကာ ပါးစပ်ထဲသို့ အတင်းလောင်းထည့်သည်။
ကမ်းကော်ကော်မှာ လန့်ဖြန့်သွားပြီး သူမကို တားဆီးရန် လက်မြှောက်လိုက်သော်လည်း နောက်ကျသွားခဲ့ချေသည်။
သူမက ကုတင်ပေါ်မှ ဆင်းကာ ယွင်ကျွမ်းအတွက် ရေသွားငဲ့ပေးလိုက်ပြီး အော်ပြောသည်။
"မြန်မြန်... အန်ချလိုက်၊ ပါးစပ်ဆေးချလိုက်၊ မမျိုချနဲ့"
ယွင်ကျွမ်းကခွက်ကို ယူကာ ရေကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး အားရပါးရ ရယ်မောကာပြောသည်။
"ကော်ကော်... အခု ကျွန်မလည်း ကော်ကော်လိုပဲ ဖြစ်သွားပြီ၊ ဒါ အကောင်းဆုံးပဲ"
ကမ်းကော်ကော်မှာ နေရာမှာတင် အေးခဲသွားသည်။
[ဒီမိန်းကလေး စိတ်ပိုင်းဆိုင်ရာ နည်းနည်းမမှန်နေသလိုပဲ]
သူမက "လူလာကြပါဦး... လူလာကြပါဦး... သမားတော်ကို သွားခေါ်ပေးကြပါ"
ယွင်ကျွမ်းက ဆံထိုးတစ်ချောင်းကို ထုတ်ကာ လည်ပင်းတွင် တေ့ထားလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောသည်။
"ကော်ကော်... ထပ်အော်မယ်ဆိုရင် ကျွန်မကိုယ်ကျွန်မ ထိုးချလိုက်မှာနော်"
ကမ်းကော်ကော် ပါးစပ်ပိတ်သွားသည်။ ယွင်ကျွမ်းက ရှိုက်ငိုလိုက်ရာ မျက်ရည်များဝဲတက်လာပြီး ရှင်းပြသည်။