အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
🌻 Chapter 93
"ကော်ကော်... ကျွန်မကို အပြစ်မတင်ပါနဲ့၊ ကျွန်... ကျွန်မ ကော်ကော်ကို ဒုက္ခမပေးချင်ပါဘူး၊ ကျွန်မရဲ့ အစ်မက ကလေးမွေးရင်း သေဆုံးသွားခဲ့တာလေ၊ ပြီးတော့ ကော်ကော်ကလည်း အားနည်းပြီး အအေးမိလွယ်တဲ့ ခန္ဓာကိုယ်ရှိနေတော့ ကျွန်မက ကိုယ်ဝန်တားနိုင်အောင် ဒီနည်းလမ်းကို သုံးပြီး ကူညီပေးခဲ့တာပါ"
ကမ်းကော်ကော် "ဒါပေမဲ့ နင် ငါ့ကို ပြောပြသင့်တာပေါ့၊ ငါ ကိုယ်ဝန်တားချင်လား၊ မတားချင်ဘူးလား ဆိုတာက ငါ့ရဲ့ ကိုယ်ပိုင်ကိစ္စပဲလေ၊ နင် ငါ့ဆန္ဒကို လေးစားသင့်တယ်၊ သမားတော်ကျန်းကသာ အချိန်မီမတွေ့ခဲ့ဘူးဆိုရင် နင် ငါ့ကို တစ်သက်လုံး ကလေးမရနိုင်အောင် လုပ်ပစ်လိုက်မှာ မဟုတ်ဘူးလား"
ယွင်ကျွမ်း ကမ်းကော်ကော် လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ မျက်နှာကို လက်ဖဝါးဖြင့် အပ်ကာ ကလေးတစ်ယောက်အလား ပွတ်သီးပွတ်သပ်လုပ်နေသည်။ သူမ မျက်လုံးများတွင် ကျေနပ်မှု အရိပ်အယောင်များမှာ ထင်ရှားလှသည်။
"ကော်ကော်က စတုတ္ထမင်းသားအပေါ် ဘယ်လောက်တောင် စွဲလမ်းနေလဲဆိုတာ မြင်ရတော့ ကော်ကော် ကလေးလိုချင်နေမှာပဲလို့ ကျွန်မ ထင်ခဲ့တာပါ၊ ကော်ကော်က ကျွန်မအတွက် အစ်မအရင်း တစ်ယောက်လိုပါပဲ၊ ကျွန်မ ကော်ကော်ကို တကယ် ချစ်ပါတယ်"
ကမ်းကော်ကော် တစ်ခဏမျှ မှင်သက်သွားပြီး သူမ ဘာပြောနေမှန်း နားမလည်နိုင်အောင် ဖြစ်သွားသည်။
[ငါ့ကို ချစ်တယ်ဟုတ်လား၊ အဲဒါကြောင့် ငါ ကိုယ်ဝန်ရလို့ မဖြစ်ဘူးပေါ့လေ]
ကမ်းကော်ကော် စိတ်ထဲတွင်အတွေးများ ဗြောင်းဆန်နေ သည်။
"ဒါဆို အခု ဒီကိစ္စ ပေါ်သွားပြီဆိုတော့ နင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ၊ ငါ့ကို ကလေးဖြတ်တဲ့ အစီအစဉ်ကို ဆက်လုပ်ဦးမှာလား"
[ဘာလို့ ငါက ယွင်ကျွမ်းရဲ့ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လို ခံစားနေရတာလဲ]
[သခင်တွေကပဲ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ကိုယ်ပိုင်ဆန္ဒမပါဘဲ သားကြောဖြတ်ပေးလေ့ ရှိတာလေ]
ကမ်းကော်ကော်မှာ အနည်းငယ် ရှက်ရွံ့သွားသည်။
[ငါကိုယ်တိုင်လည်း ငါ့အိမ်က ကြောင်ထီးလေးကို သွားပြီး သင်းကွပ်ပေးခဲ့ဖူးတာပဲလေ]
[ဒါက ဝဋ်လည်တယ်ဆိုတာများလား]
ယွင်ကျွမ်း နှုတ်ခမ်းကို ကိုက်ကာ ခေါင်းခါပြရင်း "ကျွန်မ ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး၊ တကယ်တော့ ဒီရက် ပိုင်း ကျွန်မ အရမ်းကို နာကျင်ခဲ့ရပြီး အတွင်းစိတ်ထဲမှာ ရုန်းကန်နေရတာပါ၊ ကော်ကော်ကို အမှန်အတိုင်း ပြောပြချင်ပေမယ့် သိသွားရင် ကျွန်မကို စွန့်ပစ်သွားမှာ ကြောက်လို့ပါ"
ကမ်းကော်ကော်က သက်ပြင်းချလိုက်ပြီး အားနည်းစွာဖြင့် သူမလက်ကို ပြန်ရုပ်သိမ်းကာ ကုတင်ပေါ်တွင် ထိုင်လေသည်။
"ကတိုးကို အထဲ ဘယ်လိုသွင်းလာတာလဲ"
[အိမ်တော်ထဲက အရာအားလုံးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာလေ၊ အထူးသဖြင့် ကတိုးလို ဆေးမျိုးဆို ပိုဆိုးတယ်၊ သူမလို အစေခံမလေး တစ်ယောက်အတွက် ဒါကို လက်လှမ်းမီဖို့ဆိုတာ မလွယ်ဘူး]
ယွင်ကျွမ်းက ပြန်ဖြေသည်။
"စုဖေးရှန် ပေးတာပါ"
ကမ်းကော်ကော် မျက်မှောင်ကြုတ်သွားသည်။
"စုဖေးရှန် ဟုတ်လား"
[ဘယ်လိုလုပ် သူဖြစ်နေရတာလဲ]
[ငါ သူ့ကို ဘယ်တုန်းက သွားစော်ကားမိလို့လဲ]
[သူက ယင်ကျန်းရဲ့ အသက်သခင် ကျေးဇူးရှင်၊ အနာဂတ် ဧကရာဇ်ရဲ့ သီးသန့်မိန်းမစိုးလေ၊ တကယ်လို့ သူ့လက်ချက်သာဆိုရင် ငါက ဘာလုပ်နိုင်မှာလဲ]
ယွင်ကျွမ်း မျက်ရည်များကို သုတ်လိုက်ပြီး ကမ်းကော်ကော်အနားသို့ ဒူးထောက်လျက် တိုးလာကာ "ကော်ကော် တော် တော် အံ့ဩသွားတယ် မဟုတ်လား၊ တကယ်တော့ ပန်းထိုးအမွှေးအိတ် ကိစ္စကြောင့် စုဖေးရှန်က ကော်ကော့်ကိုမုန်းသွားတာပါ"
"အဲဒီ ပန်းထိုးအမွှေးအိတ်ကိစ္စကို စတုတ္ထမင်းသားဆီသွားပြောပြခဲ့တာ ကော်ကော်လို့ သူ ထင်နေတာ၊ အဲဒီလို ပြောလိုက်လို့ ဖူကျင်းက သူ့အစ်မကို စုံစမ်းစစ်ဆေးပြီးနောက် ဆုံးမှာ သူ့အစ်မ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အထိ ဖြစ်ခဲ့ရတာလေ"
ကမ်းကော်ကော်မှာ တုန်လှုပ်သွားရသည်။
[ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်လဲ၊ သူသာ တစ် ယောက်ယောက်ကို မုန်းတီးချင်တယ်ဆိုရင် ဘာကိစ္စ ယင်ကျန်းကို မမုန်းရတာလဲ၊ သူက ယင်ကျန်းအတွက် ဓားတောင် ဝင်ခံပေးခဲ့သေးတာပဲလေ]
"ငါက စတုတ္ထမင်းသားကိုပြောတယ်လို့ ဘယ်သူက သူ့ကို သွားပြောတာလဲ"
ကမ်းကော်ကော်က သူမ နဖူးစပ်ကို ပွတ်သပ်ရင်း သူမဘေးရှိ နေရာကို ပုတ်ပြသည်။
"ထ... ပြီးရင် ထိုင်လိုက်"
"ကျွန်မ ဒူးပဲထောက်ပါ့မယ်"
ယွင်ကျွမ်းက ပြောသည်။
"လွန်ခဲ့တဲ့ နှစ်လလောက်က ဟင်းသီးဟင်းရွက် သွားယူတဲ့လမ်းမှာ သူက ကျွန်မကို တမင်သက်သက် လမ်းဖြတ်ပိတ်ပြီး ကော်ကော် ဘာတွေစားလဲဆိုတာ စစ်ဆေးမယ့် အကြောင်းပြချက်နဲ့ အစားအသောက်တွေထဲ ကတိုးခိုးထည့်ခဲ့တာပါ
ကျွန်မက ဆေးပညာအကြောင်း နည်းနည်းသိတော့ ကော်ကော်အပေါ် ရုတ်တရက်ကြီး စိုးရိမ်ပြနေတာကို မသင်္ကာလို့ ထမင်းချိုင့်ကို ဖွင့်ပြီး နမ်းကြည့်လိုက်တာ၊ အဲဒီမှာ တစ်ခုခု မှားနေပြီဆိုတာ ချက်ချင်း သတိထားမိသွားလို့ သူ့ကို ပြန်မေးခွန်းထုတ်ခဲ့တယ်
သူက ဇာတ်ကြောင်းစုံ ရှင်းပြပြီးတော့ ကျွန်မက သူ့လုပ်ရပ်ကို ဘယ်သူ့ကိုမှ မဖော်ကောင်ခဲ့ပါဘူး၊ အဲဒီနေ့တုန်းက ကျွန်မလည်း အချိန်ပြည့် ရှိနေခဲ့တာမို့ သွားပြောတာ ကော်ကော် မဟုတ်ဘူးလို့ပဲ ရှင်းပြခဲ့တာပါ၊ ကံဆိုးချင်တော့...
သူက ကျွန်မကို မယုံခဲ့ဘူး၊ ကျွန်မက ကော်ကော်ရဲ့ သီးသန့်အစေခံမလေးမို့ သဘာဝကျကျပဲ ကော်ကော်ဘက်က နေမှာပဲလို့ပြောပြီး ဘယ်သူက သူ့ကို တကယ်ပြောလိုက်တာလဲဆိုတာကိုလည်း မပြောပြနိုင်ခဲ့ဘူး၊ ကျွန်မလည်း ထပ်မပြောတော့ဘဲ သူ့ကိုယ်စား ဆေးခတ်ပေးနိုင်အောင် ကျွန်မကို ကတိုး ပုံမှန်ပို့ပေးဖို့ပဲ သူ့ကို တောင်းဆိုမိတာပါ"
[ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲနဲ့ကို ပေါ်ပေါ်ထင်ထင်ရော တိတ်တဆိတ်ပါ အငြိုးအတေးတွေ ဒီလောက်များနေတာ၊ ငါလေး အခုချိန်ထိ အသက်ရှင်နေနိုင်တာက တကယ်ကို အံ့ဩစရာပဲ]
ကမ်းကော်ကော် ရုတ်တရက် အနည်းငယ်မောပန်းသွားသလို ခံစားလိုက်ရပြီး သက်ပြင်းချမိကာ တွေးမိသည်။
[ငါ့အခြေအနေက ငါထင်ထားတာထက် အများကြီး ပိုဆိုးနေတာပဲ]
ယွင်ကျွမ်းက သူမ ဗိုက်ကိုဖက်ကာ နဖူးပေါ်တွင် ချွေးစေးများ ပျံလာပြီး တုန်ယင်လျက်ပြောသည်။
"ကော်ကော်... ကျွန်မကို မောင်းမထုတ်ဘူး မဟုတ်လား၊ အခုကစပြီး ကော်ကော်ကို အကောင်းဆုံး ပြုစုစောင့်ရှောက်ပါ့မယ်"
ကမ်းကော်ကော်က သူမကို တွဲထိန်းပေးရင်း အလောတကြီး အော်သည်။
"ဆေးစွမ်းပြနေပြီ ထင်တယ်၊ လူလာကြပါဦး"
လီဝမ် ပြေးဝင်လာပြီး "ကော်ကော်..."
ကမ်းကော်ကော် "မြန်မြန်... သမားတော် သွားပင့်ချေ"
ယွင်ကျွမ်း "နေပါဦး၊ ကော်ကော်... သမားတော် မလိုပါဘူး၊ ကျွန်မ ခန္ဓာကိုယ်အကြောင်း ကျွန်မသိပါတယ်၊ အဆင်ပြေသွားမှာပါ"
ကမ်းကော်ကော်က ခေါင်းမာစွာပင် "မရဘူး၊ ငါ နေမကောင်းဘူးလို့ပဲ သွားပြော၊ မြန်မြန်သွား"
လီဝမ်မှာ ဝတ်ရုံကိုမကာ အလျင်အမြန် ပြေးထွက်သွားလေသည်။ ထိုစဉ် ဟွာယွီက ဆားရည်နွေးနွေး တစ်ပန်းကန်နှင့် Houttuynia ရွက်အချို့ကို ယူကာ အခန်းထဲ ဝင်လာသည်။
"ကော်ကော်... သူ့ကို အရင်အန်ခိုင်းလိုက်ပါ"
အမှန်တွင် ဟွာယွီ အိပ်မပျော်သဖြင့် အပြင်မှနေ၍ တိတ်တ ဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကမ်းကော်ကော်၏ အထိတ်တလန့် အော်သံကိုကြားသောအခါ ပစ္စည်းများပြင်ဆင်ရန် သူမ အပြေးသွားခဲ့ခြင်းပင်။
Houttuynia ရွက်အနံ့ကို တချို့က အလွန်ကြိုက်နှစ်သက်ကြသော်လည်း တချို့ကမူ မုန်းတီးကြပြီး အနံ့ရသည်နှင့် အန်ချင်လာတတ်သည်။ ယွင်ကျွမ်းမှာ ထိုအနံ့ကို မုန်းတီးသူများထဲတွင် ပါဝင်နေသည်။
"အွတ်..."
သူမက ပဝါဖြင့် မျက်နှာကိုအုပ်ကာ အချိန်အတော်ကြာ အန်ချင်ဟန်ပြုပြီးနောက် အနည်းငယ် အန်ချလိုက်သည်။ ထို့နောက် သူမ ဗိုက်နာခြင်းလည်း သက်သာသွားတော့သည်။
ကမ်းကော်ကော်က သူမကို ကုတင်ပေါ်တွင် လှဲအိပ်စေရန် ကူညီပေးပြီး ညင်သာစွာ နှစ်သိမ့်ပေးသည်။
"စိတ်မပူပါနဲ့၊ ငါ နင့်ကို မောင်းမထုတ်ပါဘူး၊ ငါတို့ အတူတူအချိန်တွေ အများကြီး ဖြတ်သန်းခဲ့ကြတာပဲ၊ သံယောဇဉ်တော့ ရှိတာပေါ့"
[ပြီးတော့ သူက ငါ့အပေါ် အပြစ်ရှိသလို ခံစားနေရတော့ သူမရဲ့ လုပ်ရပ်တွေမှာ ပိုပြီးသတိထားလာမှာပဲ၊ အကယ်၍ အစေခံမလေး အသစ်တစ်ယောက် ခန့်လိုက်ရင်ကော တကယ် ယုံကြည်နိုင်ပါ့မလား]
[နောက်ထပ်လာမယ့် အစေခံမလေးက ယင်ကျန်း၊ ဖူကျင်း ဒါမှမဟုတ် စဲဖူတို့ရဲ့ မွေးသက္ကရာဇ်နဲ့ အချိန်တွေ ရေးထားတဲ့ အရုပ်ကို ငါ့ကုတင်ထဲ ခိုးထည့်ပြီး ငါ့ကို စုန်းကဝေ အတတ် ပညာ သုံးတယ်ဆိုပြီး အပြစ်ပုံချတာတို့ဆို ငါ မြင်းငါးကောင်နဲ့ ဆွဲပြီး အသတ်ခံရရင် ဘယ်လိုလုပ်မလဲ]
ထိုအရာမှာ အမှန်ကို ကြောက်စရာကောင်းသည်။ ကမ်းကော်ကော် တုန်ယင်သွားသည်။ ယခုလမှာ ဧပြီလသာဖြစ်သော် လည်း ညဘက်တွင် ချမ်းစိမ့်နေဆဲပင်။
[ထားလိုက်ပါတော့၊ ယွင်ကျွမ်းနဲ့ ယွင်ရှုကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ပေးလိုက်တာကမှ ပိုကောင်းဦးမယ်]
သမားတော်ကျန်းနှင့်အတူ ယင်ကျန်း ရောက်လာသည်။ သူ့ အပြင်ဝတ်ရုံမှာ အနည်းငယ်ပင် ဖရိုဖရဲဖြစ်နေသည်။ သူက အကောင်းပကတိ ရပ်နေသော ကမ်းကော်ကော်ကို အထက် အောက် ကြည့်ကာ ဩရှသောအသံဖြင့် မေးလာသည်။
"ဘာဖြစ်တာလဲ"
ကမ်းကော်ကော်မှာ ရှက်သွားမိကာ သူ့၀တ်ရုံကိုတက်ကြွစွာလုပ်ပေးရင်း တီးတိုးပြောလာသည်။
"အရှင်... ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့နော်၊ ဒီကိုယ်လုပ် တော်ရဲ့ အစေခံမလေးက ရုတ်တရက် ဗိုက်နာလာလို့၊ သူမနာမည် သုံးလိုက်ရင် သန်းခေါင်ယံအချိန်ကြီး သမားတော် ပင့်လို့မရမှာစိုးလို့ ကျွန်မက..."
"အဓိပ္ပာယ်မရှိတာ"
ယင်ကျန်း ဆူပူလိုက်သည်။ ကမ်းကော်ကော် ခေါင်းငုံ့သွားကာ မတရားခံရပုံလေးဖြင့် ပြောသည်။
"ကျွန်မက အရှင်မင်းသားကို သွားပြောဖို့ လူလွှတ်တာမှ မဟုတ်တာ၊ လီဝမ်က တံဆိပ်ပြားသွားယူဖို့ ဖူကျင်းဆီ သွားတာ မဟုတ်ဘူးလား၊ ပြီးတော့ ကျွန်မ ဒီမှာ အကောင်းပကတိ ရပ်နေတာကို မြင်ရလို့ အရှင်မင်းသား ပိုပြီးတောင် ဝမ်းသာသင့်တာ မဟုတ်ဘူးလား"
ယင်ကျန်းက သူ့အင်္ကျီလက်ကို ခါကာထွက်သွားလေသည်။ ကမ်းကော်ကော် နှုတ်ခမ်းဆူလိုက်သော်လည်း သူမရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။
ယွင်ကျွမ်း ခန္ဓာကိုယ်မှာ ကိုယ်ဝန်ရနိုင်သည့် အခွင့်အရေးရှိသေးသော်လည်း ခန္ဓာကိုယ်မှာ ထိခိုက်သွားသဖြင့် ပြန်လည်ကောင်းမွန်လာရန် နှစ်အတော်ကြာ အချိန်ယူရမည်ဟု သမားတော်ကျန်းက ပြောလာသည်။
ကမ်းကော်ကော်က ရွှေပြားများ အပြည့်ပါသော ငွေအိတ်လေး တစ်လုံးကို ကမ်းပေးကာ "ကျေးဇူးတင်ပါတယ် သမားတော်ကြီး"
🌻 Chapter 94
စတုတ္ထမင်းသား အိမ်တော်မှာ သမားတော်ကျန်းနှင့် နှစ်စဉ် စာချုပ်ချုပ်ထားသော်လည်း သန်းခေါင်ယံအချိန်ကြီး သူ့အတွက် လာရန်မလွယ်ကူသဖြင့် သူမဘက်မှလည်း ယဉ်ကျေးမှု ပြသရမည်ဖြစ်သည်။
နောက်တနေ့တွင် ဖူကျင်းက အစည်းအဝေးတစ်ခု ခေါ်ယူကာ အိမ်တော် စည်းမျဉ်းများကို လေးနက်စွာ ထပ်မံသတိ ပေးပြီးနောက် ကမ်းကော်ကော်ကို မေးသည်။
"ကော်ကော်မှာ စကားပြောကောင်းပြီး ချောမောတဲ့ ဟွာယွီဆိုတဲ့ အစေခံမလေး တစ်ယောက်ရှိတယ်လို့ ကြားတယ်"
ကမ်းကော်ကော်က သတိကြီးစွာဖြင့် ပြန်ဖြေသည်။
"ဖူကျင်းက မြှောက်ပြောလွန်းနေပါပြီ၊ သူက စကားပြောမတတ်ပါဘူး၊ သာမန် အစေခံမလေး တစ်ယောက်ပါပဲ"
ဖူကျင်းက ကြင်နာစွာ ပြုံးရင်း "ဒါဆိုရင် ကမ်းကော်ကော်က သူ့ကို လက်လွှတ်ပေးဖို့ ဆန္ဒရှိမလား မသိဘူး၊ ချွေ့မားမားရဲ့သား ယွမ်ဟူက ဟွာယွီကို သဘောကျနေလို့ ငါ့ကို အောင် သွယ်ပေးဖို့ တောင်းဆိုထားတာ"
ကမ်းကော်ကော်က ဘေးတွင် ရပ်နေသော ချွေ့မားမားကို တစ်ချက်ကြည့်လိုက်ပြီး "ဖူကျင်းက အောင်သွယ်ပေးတာကို မငြင်းဆန်ဝံ့ပါဘူးရှင်၊ အထူးသဖြင့် ချွေမ့ားမားက ဖူကျင်းရဲ့ အယုံကြည်ရဆုံး လူယုံတစ်ယောက်ဖြစ်ပြီး အဆင့်အတန်းမြင့်ကာ လေးစားစရာကောင်းတဲ့ နေရာမှာ ရှိနေတာပဲလေ၊
ဒါပေမဲ့ ကျွန်မ တစ်ယောက်တည်း ဆုံးဖြတ်လို့တော့ မရဘူး၊ ဟွာယွီရဲ့ သဘောထားကို ပြန်သွားမေးကြည့်ရဦးမယ်၊ ဖူကျင်း ရက်အနည်းငယ်လောက် စောင့်ပေးလို့ ရမလား၊ သူ့သဘောထားကို သေချာသိရရင် ကျွန်မ အဖြေပြန်ပေးပါ့မယ်"
ကမ်းကော်ကော် စကားများကို သဘောကျသွားသော ဖူကျင်းက သူမအား အခက်မတွေ့စေတော့ဘဲ ခေါင်းသာညိတ်လေစည်။
ချန်ကော်ကော်က ရယ်မောကာ "ဒါက တကယ်ကို ရန်မဖြစ်ဘဲ မိတ်ဆွေမဖြစ်ဘူးဆိုသလိုပါပဲ၊ ပြောရမယ်ဆိုရင်... ဟိုနေ့က အစ်မ လောကြီးသွားပြီး မကောင်းတဲ့လူတွေရဲ့ သွေးထိုးမှုကြောင့် စိတ်လွတ်သွားတာပါ၊ ညီမတော် ကျွန်မကို အပြစ်မတင်ပါနဲ့နော်"
ကမ်းကော်ကော်က အတင်းလုပ်ယူပြုံးကာ "ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ၊ အစ်မတော် တမင်လုပ်တာ မဟုတ်ဘူးဆိုတာ ညီမတော် သေချာပေါက် သိတာပေါ့"
[တမင်သက်သက် လုပ်ခဲ့တာအသိသာကြီး]
ဖူကျင်း အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်ကာ
"နင်တို့နှစ်ယောက် ပြန်အဆင်ပြေသွားလို့ ငါ ဝမ်းသာပါတယ်၊ ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးက ငယ်သေးတာကိုး၊ ငါ့အရွယ်ရောက်လာရင် နူးညံ့သိမ်မွေ့မှု၊ ကြင်နာမှု၊ လေးစားမှု၊ ခြိုးခြံချွေတာမှုနဲ့ နှိမ့်ချမှု ဆိုတာ ဘာလဲဆိုတာ နားလည်လာမှာပါ၊ တကယ်တော့ ငါတို့အားလုံးက မိသားစုတွေပဲလေ၊ သင့်သင့်မြတ်မြတ်နေသင့်ပြီး စတုတ္ထမင်းသားအတွက် အတွင်းဆောင်မှာ ပြဿနာ မရှာသင့်ဘူး၊ စဲဖူကော ဘယ်လိုထင်လဲ"
လီစဲဖူ မျက်လုံးကို ကောင်းကင်သို့ ရောက်မတတ်လှန်မိလိုက်သည်။ ဖူကျင်းက ဘာကို ဆိုလိုတာလဲ၊ ငါက အတွင်း ဆောင်မှာ အသက်အကြီးဆုံး မိန်းမဖြစ်နေတာကို သွယ်ဝိုက်ပြီး သရော်နေတာလား...
ကမ်းကော်ကော်က အိမ်ပြန်ရောက်သောအခါ ဟွာယွီကို ထိုကိစ္စပြောပြသည်။
ဟွာယွီမှာ ယခုနှစ်တွင် ဆယ့်ခုနစ်နှစ် ရှိပြီဖြစ်ရာ ရှေးထုံးစံများအရ လက်ထပ်ရန် သင့်တော်သော အရွယ်ပင်ဖြစ်သည်။ ဟွာယွီ တုံ့ပြန်မှုမှာ ကမ်းကော်ကော် မျှော်လင့်ထားသည့်အတိုင်းပင်။
"ကျွန်မက ဘာလို့ အစေခံတစ်ယောက်နဲ့ လက်ထပ်ရမှာလဲ၊ ချွေ့မားမားရဲ့သားကို ကျွန်မ သိတာပေါ့၊ သူ့အမေက သူ့ကို သစ်သားရုပ်လေးလို မွေးထားတာလေ၊ သူနဲ့ အတူနေရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ အဲဒီအစားကော်ကော်နဲ့အတူ ဒီမှာပဲ နှစ်အနည်းငယ်လောက် ဆက်နေချင်သေးတယ်"
ကမ်းကော်ကော် ပြုံးကာ "သေချာတာပေါ့၊ နင့်ကို ဒီမှာ နှစ်အတော်ကြာကြာ ဆက်နေစေချင်ပါတယ်။ ဒါပေမဲ့ နောက် ကျ နင် သဘောကျတဲ့သူနဲ့ တွေ့ရင် ငါ့ကို ပြောပြလို့ရတယ်၊ နင့်ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ"
ဟွာယွီ တစ်ခဏမျှ တွေဝေသွားပြီး "တကယ်လို့ ကျွန်မရဲ့ အဆင့်အတန်းက အဲဒီလူနဲ့ မထိုက်တန်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ"
ကမ်းကော်ကော်က သူမမှာ အနည်းငယ် ဘဝင်မြင့်သော် လည်း သဘာဝအားဖြင့် စည်းကမ်းကို လေးစားသူတစ်ယောက်ဖြစ်ကြောင်းသိသည်။ သူမ အမှန်ပင် ချစ်ကြိုက်သူရှိလိမ့်မည်ဟု ကမ်းကော်ကော် မျှော်လင့်မထားခဲ့ပေ။
ဤခေတ်မှာ မိန်းမတစ်ယောက်အနေဖြင့် ကိုယ့်ခံစားချက်ကို ရိုးသားစွာ ရင်ဆိုင်ဖို့ဆိုတာ မလွယ်ကူသဖြင့် ကမ်းကော်ကော်က သူမကို အားပေးသည်။
"နင်က တစ်ယောက်ယောက်နဲ့ မထိုက်တန်ဘူးဆိုရင်တောင် သူ့ကို ရဖို့အတွက် အကောင်းဆုံး ကြိုးစားကြည့်လို့ရတာပဲ၊ မရနိုင်ဘူးဆိုရင်လည်း လွှတ်ထားလိုက်ပေါ့"
ဟွာယွီက မခံချင်စိတ်ဖြင့် ပြန်ပြောသည်။
"ကော်ကော် ပြောတာ မှန်ပါတယ်၊ ကော်ကော်က ကျွန်မကို အနားလည်ဆုံးပဲ၊ ကျွန်မ မိဘတွေတောင် ကျွန်မကိုရည်မှန်း ချက်ကြီးလွန်းတယ်လို့ထင်ကြပြီး အမြဲတမ်း စနောက်တတ်ကြတယ်၊ ကျွန်မကို ဘဝင်မြင့်တယ်၊ လူတိုင်းကို အထင်သေးပြီး လူရာဝင်ဖို့ အမြဲကြိုးစားနေတယ်လို့ ပြောကြတာလေ၊ ဒါပေမဲ့ တစ်ခါတလေကျတော့ အချစ်ဆိုတာက တစ်ချက်ကြည့်လိုက်ရုံနဲ့ တစ်သက်လုံး စွဲလမ်းသွားစေတဲ့ အရာမျိုးပဲ"
ကမ်းကော်ကော်က စပ်စုချင်စိတ်ဖြင့်မေးသည်။
"ဒါဆို နင် သဘောကျနေတဲ့သူ ရှိနေပြီပေါ့"
ဟွာယွီ အံ့အားသင့်သွားပြီးနောက် လျှာထုတ်ပြကာ
"ကျွန်မရဲ့စံပြယောကျာ်းက ကော်ကော်ပါပဲ"
ကမ်းကော်ကော် နှာခေါင်းရှုံ့လိုက်ပြီး
"ဘယ်သူမှ နင့်ကို မယုံဘူး"
ကမ်းကော်ကော်က ဟွာယွီကို နှစ်အနည်းငယ်လောက် ဆက်ထားချင်သေးသည်ဟုသာ ဖူကျင်းကို အကြောင်းပြန်သည်။ ဖူကျင်းက ကမ်းကော်ကော်အဓိပ္ပာယ်ကို နားလည်ပြီး ထပ်မပြောတော့သဖြင့် ကမ်းကော်ကော် စိတ်သက်သာရာ ရသွားသည်။
မွန်းလွဲပိုင်းတွင် ကမ်းကော်ကော်က ယွင်ကျွမ်းကိုခေါ်ကာ စုဖေးရှန်ထံ သွားရောက်ကြည့်ရှုလေသည်။ သူကား ယင်ကျန်းအသက်ကို ကယ်တင်ခဲ့သဖြင့် ယခုအခါ အိမ်တော်ထဲတွင် အနားယူကုသခွင့် ရရှိထားသည်။