အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
🌻 Chapter 97
ယင်ကျန်းက စကားပြန်မပြောသော်လည်း သူ့အကြည့်များက သူမ လည်ပင်းအောက်သို့ ရောက်သွားသည်။ ကမ်းချန်ချန်မှာ ရှက်ရမ်းရမ်းကာ သူ့ရင်ဘတ်ကို ရိုက်ပြီး
"အရှင်မင်းသား ဘာတွေ တွေးနေတာလဲ"
ထို့နောက် သူမက အလျော်ပေးသည့်အနေဖြင့် သူ့ရင်ဘတ်ကို ပြန်ပွတ်သပ်ပေးသည်။
[ဒီလောက်နဲ့တော့ သူ ဒေါသမထွက်လောက်ပါဘူးနော်၊ ဒါက မြူဆွယ်တဲ့ နည်းလမ်းလေး တစ်ခုပဲ၊ လူငယ်ချစ်သူတွေ ဒီလို လုပ်တတ်ကြတာပဲလေ]
ယင်ကျန်း ခေါင်းမော့လာပြီး "ဒါဆို အဲဒါကဘာကြီးလဲ"
ကမ်းချန်ချန်က သူ့ခြေထောက်များကို လက်ညှိုးထိုးပြလာသည်။
"ဒါက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပဲစေ့နီလေးတွေလေ၊ အရှင်မင်းသား အမြဲတမ်း စီးဖြစ်ပါစေလို့ ဆုတောင်းပေးတဲ့ဟာ၊ ပြီးတော့ အချစ်ရဲ့ အမြတ်နိုးဆုံး အမှတ်အသားပဲ"
ယင်ကျန်း တွေးလိုက်မိသည်။ အကယ်၍ ဝမ်ဝေ့သာ ကမ်းချန်ချန်က သူ့ကဗျာကို ဤသို့ အသုံးချမည်ကိုသိပါက ခေါင်းတလားထဲမှတောင် ခုန်ထွက်လာပေလိမ့်မည်။
[တကယ်တော့ ဖိနပ်အထဲမှာ စာလုံးလေးလုံး ပန်းထိုးထားသေးတယ် ကျွန်မနှလုံးသားက ရှင့်ကို မြတ်မြတ်နိုးနိုးရှိပါတယ်တဲ့၊ သူ ဘယ်တော့များ အဲဒါကို မြင်မလဲ မသိဘူး]
ယင်ကျန်း မျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီး
"ကိုယ်လည်း ကဗျာတစ်ပုဒ် ကြားဖူးတယ်၊ ငါတို့ရဲ့ အချစ်က ဖိနပ်တစ်ရံလိုပဲ တူတူလျှောက်ပြီး တူတူရပ်တန့်ကြမယ်တဲ့"
[အို... ဒုက္ခပါပဲ၊ ငါ့ရဲ့ အကန့်အသတ်ရှိတဲ့ ယဉ်ကျေးမှု ဗဟုသုတအရဆို ဖိနပ်တစ်ရံဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ဖိနပ်နှစ်ဖက်စလုံးကို ပြောတာလား]
[ဒီကဗျာကို ဘယ်သူရေးထားတာလဲ၊ သူကိုယ်တိုင် လုပ်ကြံဖန်တီးထားတာများလား]
ယင်ကျန်းက သက်ပြင်းချကာ ရှင်းပြသည်။
"ဒါက ပိုင်ကျွင်းယိရဲ့ ကဗျာပဲ၊ မယိမ်းယိုင်တဲ့ အချစ်အ ကြောင်းကို ဖော်ကျူးထားတာလေ၊ ငါတို့အတွက် အရမ်း သင့်တော်တယ်"
[အယ်... တကယ်ကြီး သင့်တော်နေလို့လား၊ ရှင် ဘာပြောနေလဲဆိုတာကို ရှင်ကော သိရဲ့လား၊ ရှင်က မင်းသားလေ၊ တစ်နေ့ကျရင် ဧကရာဇ် ဖြစ်လာမယ့်သူ၊ အချစ်ဆိုတာက တစ်ယောက်ထဲကို မြတ်နိုးတာကိုဆိုလိုတာ၊ တစ်ချိန်တည်းမှာ လူနှစ်ယောက်ကို ချစ်လို့မရဘူး၊ ကျွန်မတို့ အခြေအနေက သင့်တော်တယ်လို့ ရှင် ထင်နေတာလား]
"ကျွန်မကတော့ ဆင်းရဲဒုက္ခတွေကြားမှာတောင် အရှင်မင်းသားရဲ့ ဘေးနား အမြဲရှိနေမယ်လို့ပဲ ကတိပေးနိုင်ပါတယ်၊ ဒါပေမဲ့ အရှင်မင်းသားကတော့ ကျွန်မကို အလွယ် တကူ ငြီးငွေ့သွားပြီး စွန့်ပစ်သွားနိုင်တာပဲ"
ကဗျာနှင့် စာပေအကြောင်း ဆွေးနွေးရန် ယင်ကျန်း စိတ်ဝင် စားမှုများ ပျောက်ဆုံးသွားပြီး သူမကို ထပ်မံ ဖိချကာ အခွင့်အရေး ယူလိုက်တော့သည်။
ကန်ရေပြင်မှာ မြစိမ်းရောင်သန်းနေပြီး မိုးမခပင်များက ညင်သာစွာ ယိမ်းနွဲ့နေသည်။
ကမ်းချန်ချန်သည် အဝါနုရောင် ဟန်တိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် လိုက်ဖက်သော ဇာပဝါကို အုပ်ထားသည်။ သူမ ဆံပင်မှ ရွှေဆံထိုးတစ်ချောင်းတွဲလောင်းကျနေပြီး ရေခဲရောင် ပုလဲနားကပ်လေးများက ယိမ်းခါနေသည်။
သူမက ပန်းတစ်ပွင့်ပမာ လှပနေပြီး ဆွဲဆောင်မှုရှိကာ ညို့ယူဖမ်းစားနိုင်စွမ်း ရှိလှသည်။
သူမက ယင်ကျန်း ဘေးတွင် စိတ်လှုပ်ရှားစွာ လျှောက်လာရင်း လူများ၏ထူးဆန်းသော အကြည့်များကို လျစ်လျူရှုကာ သူ့လက်မောင်းကို ရဲတင်းစွာ ချိတ်ထားပြီး မေးသည်။
"ကျွန်မတို့ နှစ်ယောက်တည်းကို၊ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
[ကျွန်မတို့ အပြင်ထွက်လည်နေတုန်း အရှင်မင်းသားသာ လုပ်ကြံခံရရင် သမိုင်းကြောင်းလည်း ပြောင်းသွားမှာ မဟုတ်ဘူးလား]
[သူ့မှာ ရောင်ဝါလေး ဘာလေးကော ရှိရဲ့လား]
ယင်ကျန်းက မျက်လုံးအောက်စိုက်ချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလာသည်။
"အိမ်တော်က အစောင့်တွေ ခြေလှမ်းတစ်ရာ အကွာကနေ လိုက်လာကြပါတယ်"
မကြာမီမှာပင် ကမ်းစပ်တွင် ဆိုက်ကပ်ထားသော အနီရင့်ရောင် ဆေးသုတ်ထားသည့် လှေကြီးကို သူတို့ မြင်လိုက်ရသည်။
ထိုတောက်ပသော အရောင်က မျက်စိပသာဒ ဖြစ်စေသည်။
ကမ်းချန်ချန်က တက်သွညးရန် ပြင်လိုက်သော်လည်း ယင်ကျန်း ရှေ့မှ မလျှောက်သင့်ကြောင်း ချက်ချင်း သတိရသွားသဖြင့် ခြေလှမ်းတန့်သွားသည်။
ယင်ကျန်း လှေပေါ်သို့ တက်သွားပြီးနောက် လှည့်ကာ သူမကို လက်ဖဝါး ဖြန့်ပေးလာသည်။ ကမ်းချန်ချန်က သူမလက်ကို သူ့လက်ပေါ် တင်လိုက်ပြီး သူ့အကူအညီဖြင့် လှေပေါ်သို့ တက်လိုက်သည်။
[မိုက်လိုက်တာ၊ ဒါက တကယ်ကို မိုက်လည်း မိုက် နည်းနည်း ရိုမန်တစ်ဆန်သလိုပဲ]
[သစ်ပင်ဆိုတာ မိုးမခပင်၊ လူဆိုတာကတော့ ကျွန်မချစ်ရတဲ့ ရှင်ပေါ့ဆိုတဲ့ ကဗျာကို ရွတ်ပြလိုက်ရင် သူ ငါ့ကို ရယ်များရယ်နေမလား]
ယင်ကျန်း မအောင့်အည်းနိုင်ဘဲ ပြုံးမိသွားသည်။ သူ့ လက်တစ်ဖက်က လက်ကောက်ဝတ်ပေါ်ရှိ ပုတီးစေ့များကို ပွတ်သပ်နေပြီး အခြားလက်တစ်ဖက်က သူမကို အနောက်မှနေ၍ ပိုင်စိုးပိုင်နင်း ဖက်ထားသည်။
ကမ်းချန်ချန် လှည့်ကြည့်လိုက်ရာ လေထဲတွင် လွင့်နေသော ဆံနွယ်လေးများနှင့်အတူ ရယ်မောပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်ဝန်းများကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက် အပြန်အလှန် ပြုံးပြကြပြီးနောက် ကန့်လန့်ကာ ကာအနောက်သို့ ပျောက်ကွယ်သွားကြသည်။ သို့သော် မဝေးလှသော ကမ်းစပ်ရှိ မိုးမခပင်များအောက်တွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော မျက်ဝန်းများနှင့်အတူ လှပသော ပုံရိပ်တစ်ခု ကျန်ရစ်နေခဲ့သည်။
နျန်ကုန်းယောင်းက ကူကယ်ရာမဲ့စွာဖြင့် "အစ်ကိုတို့ သူတို့နောက်ကို တစ်လျှောက်လုံး လိုက်လာခဲ့တာလေ၊ သွားနှုတ် ဆက်ရအောင်လို့ ပြောတာကို မင်း မသွားချင်ဘူးဆို အခုကျမှ ဘာလို့ ငိုနေရတာလဲ"
ချွင်းလင်က သူမမျက်လုံးများကို ပဝါဖြင့်သုတ်ကာ တီးတိုး ပြောသည်။
"ညီမတို့က ဘာလို့ သူတို့ကို သွားနှောင့်ယှက်ရမှာလဲ၊ သူတို့နဲ့ ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့ သွားနှုတ်ဆက်ဖို့ ဘယ်လိုလုပ် အခွင့်အရေးရှိမှာလဲ"
နျန်ကုန်းယောင်း "မင်း စတုတ္ထမင်းသားကို တကယ်သဘော ကျတယ်ဆိုရင် မင်းအတွက် အောင်သွယ်ပေးမယ်လေ"
ချွင်းလင် ခေါင်းခါလိုက်ပြီး "မလိုဘူး၊ သူက ညီမကို မကြိုက်ပါဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မ သူ့ကိုယ်လုပ်တော် ဖြစ်ချင်တယ်လို့ ပြောတော့ သူက ပြတ်ပြတ်သားသား ငြင်းခဲ့တာလေ၊ သူ ကျွန်မကို အထင်သေးတယ်ဆိုတာ သိသာပါတယ်၊ ကျွန်မအတိတ်က မကောင်းခဲ့ဘူးဆိုတာ သိပေမယ့် မင်းသားတစ်ပါးဖြစ်တဲ့ သူကရော ဘယ်လိုလုပ် ဂရုမစိုက်ဘဲနေပါ့မလဲ"
နျန်ကုန်းယောင်း "အစ်ကိုအထင်တော့ စတုတ္ထမင်းသားက ညီမလေး အတိတ်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး၊ ပြီးတော့ မက သူ့ကို တကယ် မတွေ့ချင်ဘူးဆိုရင် ဒီရက်ပိုင်း ဘာလို့ အကကျင့်တာကို ကြိုးစားနေရတာလဲ"
ချွင်းလင် အကြည့်များက ဆေးသုတ်ထားသော လှေကြီးဆီသို့ လိုက်ပါသွားပြီး နှုတ်ခမ်းကို ကိုက်ကာ ပြောလာသည်။
"အခုတော့ သူတို့ကိုတောင် မြင်ခွင့်မရတော့တာ နှမြောစရာပဲ"
"ဒါက ဘာခက်လို့လဲ၊ ငါတို့လည်း လှေတစ်စင်း ငှားလိုက်ရုံပေါ့"
ဆေးသုတ်ထားသော လှေကြီးသည် ရေပြင်ထက်တွင် ဖြည်း ညင်းစွာ မျောပါသွားပြီး စိမ်းလန်းသော သစ်ပင်များ၊ လမ်း လျှောက်သူများနှင့် အိမ်များကို ဖြတ်သန်းသွားသည်။
ပထမဆုံးအကြိမ် အပြင်ထွက်ခွင့်ရသော ကမ်းချန်ချန်မှာ မေးထောက်ကာ ထိုင်ရင်း ရှုခင်းများထဲတွင် လုံးဝ နစ်မြောနေလေသည်။
ယင်ကျန်း စားပွဲကို ပုတ်ကာ "လက်ဖက်ရည် ငဲ့ပေးဦး"
ကမ်းချန်ချန်က အနားကပ်သွားကာ သူ့ခွက်ထဲသို့လက်ဖက် ရည် ဖြည့်ပေးလိုက်ပြီး သူ့အနားသို့ တိုးကပ်ကာ စပ်စုချင်စိတ်ဖြင့်မေးသည်။
"အရှင် ကိုယ့်ဘာသာ ကိုယ် စစ်တုရင် ကစားနေတာ ဘာများ အဓိပ္ပာယ်ရှိလို့လဲ ရှင်"
ယင်ကျန်းက သူမကို တစ်ချက်ကြည့်လိုက်သည်။
"မင်းကော ကစားတတ်လို့လား"
[လွန်လိုက်တာ၊ သူက ငါ့ကိုများ သရော်ရဲတယ်ပေါ့လေ၊ သူ့ကို အံ့သြသွားအောင်လုပ်ပြရမယ့် အချိန်ရောက်ပြီထင်တယ်]
ကမ်းချန်ချန်က အင်္ကျီလက်များကို ခေါက်တင်ပြီး "အရှင် အမြဲတမ်း ဝေချီ ကစားနေတာ ဘာများ အဓိပ္ပာယ်ရှိမှာလဲ၊ အရှင့်ကို ဂိုမိုကူ သင်ပေးမယ်"
ယင်ကျန်းက ဂုဏ်ယူနေသော သူမ မျက်နှာထားကို ကြည့်ကာ အနည်းငယ် နားမလည်နိုင်စွာဖြင့် "ဂိုမိုကူ ဟုတ်လား၊ အဲ့တာ ငါ သိတဲ့ ဂိုမိုကူပဲလား"
ကမ်းချန်ချန်က အားတက်သရော ခေါင်းညိတ်ပြပြီး စစ်တု ရင်ခုံကို ရှင်းလင်းရင်း စည်းမျဉ်းများကို ရှင်းပြလေသည်။
"အဲဒါက ကျောက်ပြားငါးခုကို အဖြောင့်ဖြစ်ဖြစ်၊ ဒေါင်လိုက်ဖြစ်ဖြစ်၊ ကန့်လန့်ဖြတ်ဖြစ်ဖြစ် တစ်တန်းတည်း ဆက်မိအောင် လုပ်ရတာ၊ အဲဒါဆို နိုင်ပြီလေ"
ယင်ကျန်း မျက်လုံးများတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပြီး "ကောင်းပြီလေ၊ နှစ်ပွဲလောက် ကစားကြည့်တာပေါ့"
စစ်တုရင်ခုံကို ရှင်းလင်းပြီးနောက် ကမ်းချန်ချန်က ငွေရောင်နှင့် အနက်ရောင် ကျောက်ပြားများကို ယူကာ "အရှင်မင်းသား အရင်စပါ"
ယင်ကျန်းက သူမကို အားနာမနေတော့ဘဲ အဖြူရောင် ကျောက်ပြားတစ်ခုကို ချသည်။
ကမ်းချန်ချန်လည်း အနောက်မှ လိုက်ချလိုက်ရာ သူမ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုက အလိုလိုပေါ်လာသည်။
[အို... တွေးကြည့်စမ်း၊ ငါက ချင်းမင်းဆက်ရဲ့ အနာဂတ် ဧကရာဇ်ကို စစ်တုရင်ပွဲမှာ နိုင်သွားခဲ့ရင် နည်းနည်းများ လွန်သွားမလား]
[လက်အောက်ငယ်သားက အထက်လူကြီးနဲ့ စစ်တုရင်ကစားရင် ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ အသက်အန္တရာယ်ကို ကြောက်လို့ မနိုင်ရဲကြဘူးလို့ ငါ ကြားဖူးတယ်]
သို့သော် ကစားရင်းဖြင့် သူမမှာ လမ်းပိတ်သွားကြောင်း တွေ့လိုက်ရသည်။ သူမ ဘယ်နေရာမှာပဲ ကျောက်ပြားချချ ယင်ကျန်း နောက်ထပ်အကွက်က ဘေးနှစ်ဖက်စလုံး ပိတ်မနေသော လေးလုံးဆက် အတန်းတစ်ခုကို ဖန်တီးလိုက်မည်သာ ဖြစ်သည်။
ကျောက်ပြားကို ကိုင်ထားရင်း သူမကိုယ်သူမပင် သံသယဝင်လာမိသည်။
"ဟင်... ဒါကြီးတစ်ခုခုတော့"
ယင်ကျန်း မျက်ခုံးပင့်ကာ "ဘာမှားနေလို့လဲ"
ကမ်းချန်ချန် နှုတ်ခမ်းဆူလိုက်ပြီး မချင်မရဲဖြင့် သူမ ကျောက်ပြားကို ချလိုက်သည်။
[ငါ ပေါ့ဆသွားတာပဲ၊ ဒီကောင်စုတ်ကို တစ်ပွဲ အနိုင်ပေးလိုက်ပါမယ်လေ]
ဒုတိယပွဲတွင် သူမက အဖြူရောင် ကျောက်ပြားကို ယူကာ
"အရင်တစ်ပွဲက အရှင်မင်းသားကို အနိုင်ပေးလိုက်တာ၊ ဒီတစ်ခါ ကျွန်မ အရင်စမယ်"
ကစားပွဲ ဆက်လက်ဖြစ်ပေါ်လာသည်နှင့်အမျှ သူမက ထပ်ရှုံးတော့မည် ဖြစ်သဖြင့် သူမအဖြူရောင် ကျောက်ပြားကို သူ့အနက်ရောင် ကျောက်ပြားများပေါ်မှ နေရာအချို့ ကျော်ခွသွားစေပြီး အဆုံးတွင် အဓိကကျသော အနက်ရောင် ကျောက်ပြားတစ်ခုကို ဖမ်းယူကာ သူမ အဖြူရောင် ကျောက်ပြားဖြင့် အစားထိုးလေသည်။
ယင်ကျန်းက "မင်း ဘာလုပ်နေတာလဲ"
ကမ်းချန်ချန်က လက်ဟန်ခြေဟန်ဖြင့်
"ကျွန်မရဲ့ ကျောက် ပြားတွေက လခြမ်းပုံစံ ဖြစ်သွားလို့လေ၊ ဒီအခြေအနေအရဆိုရင် တစ်ကွက်ကျော်ပြီး ကျောက်ပြားတစ်ခုကို စားလို့ရတယ်”
🌻 Chapter 98
ယင်ကျန်းမှာ အံ့အားသင့်သွားပြီး ပြုံးမိလိုက်ရာ သူ့ မျက် တောင်များက လခြမ်းပုံစံ ကွေးညွတ်သွားသည်။
"အဲဒီလို စည်းမျဉ်းရှိလို့လား"
ကမ်းချန်ချန်က မျက်တောင်တောင် မခတ်ဘဲ
"သေချာပေါက် ရှိတာပေါ့၊ ကျွန်မ ကစားရင်းနဲ့ အရှင်ကို သင်ပေးနေတာလေ"
[ဘာပဲဖြစ်ဖြစ် သူ သိမှာမှ မဟုတ်တာ၊ အဲဒီတော့ စည်းမျဉ်းတွေ အားလုံးကို သတ်မှတ်တဲ့သူက ငါပဲ မဟုတ်လား၊ စည်းမျဉ်းသတ်မှတ်တဲ့သူက အကောင်းဆုံး ခံစားရတဲ့သူပဲ၊ အဲဒီလိုလုပ်မှ အမြဲတမ်း နိုင်ပွဲဆက်နေမှာပေါ့]
ဤပွဲကို သူမ နိုင်သွားလေသည်။ တတိယပွဲတွင် ကမ်းချန်ချန်က ကြယ်ပုံစံ အကွက်များနှင့် အပြိုင်စတုရန်း အကွက်များကို စိတ်ကြိုက် ဖန်တီးလာတော့သည်။
"ထပ်နိုင်ပြန်ပြီ၊ အရမ်း ကျေနပ်ဖို့ကောင်းတာပဲ"
သို့သော် စတုတ္ထပွဲတွင် ယင်ကျန်းကလည်း လခြမ်းပုံစံ ကျောက်ပြားစားခွင့် စည်းမျဉ်းကို အသုံးပြုကာ သူ အနိုင်ရတော့မည့် အခြေအနေတစ်ခုကို ဖန်တီးလာသည်။
ကမ်းချန်ချန်က သူ့လက်ကောက်ဝတ်ကို မြန်မြန်ဆွဲကိုင်လိုက်ပြီး "မရဘူး"
ယင်ကျန်း "ဘာလို့ မရတာလဲ"
ကမ်းချန်ချန်က တည်ကြည်စွာဖြင့် ရှင်းပြသည်။
"အရှင်မင်းသားရဲ့ လခြမ်းပုံစံက နောက်ထောင့်တစ်ခုကနေကြည့်ရင် သေးသေးလေး ဆက်သွားလို့လေ၊ အဲဒါက လခြမ်းပုံစံ အကွက်တွေကို တန်ပြန်ဖို့ သီးသန့် လုပ်ထားတာ၊ အဲဒါကြောင့် ဒီအခြေအနေမှာ စည်းမျဉ်းကို သုံးလို့မရဘူး"
ယင်ကျန်း မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။
"ကမ်းချန်ချန်... ဒီစည်းမျဉ်းတွေကို မင်း ဘယ်က သင်လာတာလဲ၊ ချင်းမင်းဆက်မှာ အသက်ငါးနှစ်အရွယ် ကလေးတွေတောင် ဂိုမိုကူ ကစားတတ်တယ်၊ ဒါပေမဲ့ ငါတော့ မင်းရဲ့ စည်းမျဉ်းကို တစ်ခါမှ မကြားဖူးဘူး'
ကမ်းချန်ချန် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားပြီး "ကျွန်မ... ကျွန်မ..."
[သူက ဂိုမိုကူအကြောင်း သိရက်သားနဲ့ ငါ့ကို အရူးလုပ်ဖို့ ဘာလို့ မသိချင်ယောင် ဆောင်နေရတာလဲ]
တစ်ခဏမျှ အခြေအတင် ဖြစ်ပြီးနောက် ကမ်းချန်ချန်က ပီဂိုနီယာမုန့်တစ်ခုကို စားလိုက်ပြီး တိုးညှင်းစွာ ညည်းတွားကာ ရှုခင်းများကို ခံစားရန် ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
[အပြင်ဘက်က ရှုခင်းတွေက အထဲက မှန်းဆရခက်တဲ့ လူထက်တော့ အများကြီးပိုကောင်းသား]
ယင်ကျန်းက ကုချင်းရှိရာသို့ လျှောက်သွားကာ စောင်းကြိုးများပေါ်တွင် လက်တင်ပြီး စတင် တီးခတ်လေသည်။
[ယင်ကျန်းက ဒီလောက် အရည်အချင်းရှိမယ်လို့ မထင်ထားခဲ့ဘူး၊ ဒီနှစ်တွေ တစ်လျှောက် သူ အလကား အသက်ရှင်နေခဲ့တာတော့ မဟုတ်ဘူးပဲ]
ကမ်းချန်ချန် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး လှပသော တေးသွားကို ခံစားလိုက်သည်။ သူမက လှေပေါ်တွင် ထိုင်နေရသည်ထက် တိမ်တိုက်များကြားတွင် ပျံသန်းနေရသည့်အလား ခံစားရသည်။
ရေပြင်လှိုင်းများ ယိမ်းခါနေသည်နှင့်အမျှ သူမကိုယ်သူမ ရေထဲတွင် ပျော်ရွှင်စွာ ခုန်ပေါက်နေသော ငါးကြင်းတစ်ကောင်အဖြစ် စိတ်ကူးယဉ်လိုက်မိသည်။
ငါးကြင်းတစ်ကောင်ကို စိတ်ကူးယဉ်ရင်း သူမက ငါးနံ့ကိုပင် ရလာသဖြင့် မျက်လုံးဖွင့်ကာ ပြောမိသွားသည်။
"အဲဒါ ဘာအနံ့လဲ"
ထိုအချိန်တွင် အပြင်ဘက်မှ နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီဆေးသုတ်လှေကြီးထဲက လူက စတုတ္ထအစ်ကိုတော်များလား"
အခြားအသံတစ်ခုက အသံအနည်းငယ် မြင့်ကာ ဝင်ပြော သည်။
"သူပဲဆိုတာသေချာတယ်၊ သူ့ရဲ့ စောင်းတီးသံကို ကျွန်တော် မှတ်မိတယ်"
ယင်ကျန်း မျက်မှောင်ကြုတ်သွားပြီး ကုလားကာများကို ချရန် အမိန့်ပေးလိုက်သည်။
ဆေးသုတ်လှေတစ်စင်းလည်း ဖြတ်သန်းသွားပြီး ထိုပေါ်တွင် အမျိုးသားလေးယောက် ပါလာသည်။ စားပွဲပေါ်တွင် အရသာရှိသော အစားအသောက်များနှင့် ဝိုင်များ ပြင်ဆင်ထားပြီး အဆိုတော်များ၊ ကချေသည်များနှင့် အစောင့်များက ဝိုင်းရံထားကြသည်။
ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ဦးက ဘေးတစ်ဖက်တစ်ချက်စီတွင် မိန်းမနှစ်ယောက်ကို ဖက်ထားရင်း အသံကျယ်ကျယ်ဖြင့် နောက်ပြောင်သည်။
"အစ်ကိုတော်က တကယ်ကို ဇိမ်ခံတတ်တာပဲ၊ လှပတဲ့ မိန်းမချောလေးတစ်ယောက်နဲ့ နှစ်ကိုယ်တည်း ကမ္ဘာလေးကို ခံစားနေတာကိုး၊ နေ့ခင်းကြောင်တောင်ကြီးကို ဘာလို့ ကုလားကာတွေ ချထားရတာလဲ"
[သူက ရှင်တို့လို မျက်စိနောက်စရာ လူတွေကို မမြင်ချင်လို့ နေမှာပေါ့]
ခြေချိတ်ထိုင်နေသော ဇာမဏီမျက်လုံးများနှင့် ဆိုးသွမ်းသော အကြည့်များရှိသည့် အမျိုးသားတစ်ဦးကလည်း ပြောလာသည်။
"ဒသမညီတော်... မင်းက ဘာလို့ ဒီလောက် ပွင့်လင်းလွန်းရတာလဲ၊ စတုတ္ထအစ်ကိုတော်က သေချာပေါက် မကောင်းတာ ဘာမှ လုပ်နေမှာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် စတုတ္ထအစ်ကိုတော်က ငါတို့ထဲမှာ အတည်ငြိမ်ဆုံး လူတစ်ယောက်ဆိုတာ အားလုံး အသိပဲလေ"
[ဒသမညီတော် ဟုတ်လား၊ ဒါ အဋ္ဌမမင်းသားများလား၊ ဒါမှမဟုတ် နဝမမင်းသားလား]
[ငါလေး နန်းတော်ထဲ မှားဝင်လာပြီး တော်ဝင်မင်းသားတစ်သိုက်နဲ့ လာဆုံနေသလိုပဲ]
ယင်ကျန်း သူတို့ကို တည်ငြိမ်စွာ နှုတ်ဆက်သည်။
"ညီတော်တို့... မင်းတို့လည်း ကန်ရေပြင်ကို လာခံစားကြတာလား"
"စတုတ္ထအစ်ကိုတော်... မထင်မှတ်ဘဲ ဆုံရတာက ကြိုတင်ချိန်းဆိုထားတာထက် ပိုကောင်းတာပဲ၊ အခုလို ဆုံပြီးမှတော့ ကျွန်တော်တို့ကို သောက်စရာလေး ဘာလေး မတိုက်ချင်ဘူးလား"
ထိုနူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့သော အသံလေး ထပ်မံထွက်ပေါ်လာပြန်သည်။ အသံပိုင်ရှင်မှာ အမျိုးသားများထဲတွင် အထူးတလည် ချောမောသူ မဟုတ်သော်လည်း လူများကို အနားကပ်ချင်လာစေပြီး ထိခိုက်နစ်နာအောင် မလုပ်ရက်နိုင်လောက်သည့် ထူးခြားသော နူးညံ့သည့် အရှိန်အဝါလေးတစ်ခုကို ပိုင်ဆိုင်ထားသည်။
[သူကများ ဒဏ္ဍာရီထဲက ချင်းမင်းဆက်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အဋ္ဌမမင်းသားလား၊ ပြီးတော့ ဟိုဇာမဏီမျက်လုံးတွေနဲ့ လူက နဝမမင်းသား ဖြစ်ရမယ်]
ယင်ကျန်းက တည်ငြိမ်စွာဖြင့် "ငါ့ဆီမှာ လက်ဖက်ရည်ပဲရှိတယ်၊ ဝိုင်မရှိဘူး"
အဋ္ဌမမင်းသား ယင်းစစ်က ငြင်းပယ်ခံရသော်လည်း ဂရုမစိုက်ဘဲ ရယ်မောလျက်သာ
"ဒါဆို ကျွန်တော်တို့က ပြန်တိုက်မယ်လေ၊ ကျွန်တော်တို့ဆီမှာ အကောင်းဆုံး နွီအာဟုန်၊ ကျန့်နန်ချွန်းနဲ့ ကျူးယဲ့ချင်း တွေ ရှိတယ်"
ယင်ကျန်း "စတုတ္ထအစ်ကိုတော်က ဒီနေ့ တခြားကိစ္စလေးတွေ ရှိနေလို့ မင်းတို့နဲ့ မပူးပေါင်းတော့ဘူး"
သူ စကားမဆုံးခင်မှာပင် ဒသမမင်းသားက ဖြတ်ပြောသည်။
"ဟေး... စတုတ္ထအစ်ကိုတော်၊ အစ်ကိုတော်က ဘာလို့ ဒီလောက် မိန်းမဆန်နေရတာလဲ၊ ဘယ်လိုလုပ် မလေးမစား လုပ်နေရတာလဲ၊ ကျွန်တော့်ရဲ့ အဋ္ဌမအစ်ကိုတော်က လူကိုယ်တိုင် ဖိတ်နေတာကိုဗျာ"
[ငါ ဆဲတော့မယ်နော်၊ မိန်းမဆန်တာ ဘာဖြစ်လဲ၊ ဒသမမင်းသားရော မိန်းမဆီက မွေးလာတာပဲ မဟုတ်ဘူးလား]
ယင်းကျီမှာ စကားမပြောဘဲ သူ့ဝိုင်ကိုသာ သောက်နေသော်ငြား လူတိုင်း အာရုံစိုက်မှုကို ရရှိနေဆဲဖြစ်သည်။
ယင်ကျန်း ယဉ်ကျေးစွာဖြင့် ထပ်မံငြင်းပယ်သည်။
"ငါတို့အားလုံးက ညီအစ်ကိုတွေပဲလေ၊ ဘာလို့အရမ်းယဉ် ကျေးနေရမှာလဲ"
နဝမမင်းသားက ပြုံးကာ "စတုတ္ထအစ်ကိုတော်၊ အစ်ကိုတော်က အမြဲတမ်း အထီးကျန်နေတာပဲ၊ ဆယ့်သုံးပါးမြောက် ညီတော်နဲ့ပဲ ပေါင်းတယ်နော်"
"သိတဲ့သူတွေက အစ်ကိုတော်ရဲ့ စည်းကမ်းကြီးမှုကို နား လည်ပေမယ့် မသိတဲ့သူတွေဆို အစ်ကိုတော်က ကျွန်တော်ကို အထင်သေးတယ်လို့ ထင်သွားနိုင်တယ်၊ အစ်ကိုတော်က ကျွန်တော့်ကို မျက်နှာမသာရင်တောင် ဆယ့်လေးပါးမြောက် ညီတော်ကိုတော့ မျက်နှာသာပေးသင့်တယ်လေ၊ ဘာပဲဖြစ်ဖြစ် အစ်ကိုတော်တို့က မိခင်တစ်ယောက်တည်းက မွေးတဲ့ ညီအစ်ကိုတွေပဲဟာ"
[ဟက်... နဝမမင်းသား၊ ရှင်က တကယ့်ကို သွေးခွဲတဲ့ နေရာမှာ ဆရာကြီးပဲ၊ စတုတ္ထမင်းသားနဲ့ ဆယ့်လေးပါးမြောက် မင်းသားကြားက ဆက်ဆံရေးကို မသိမသာလေး နောက်တစ်ကြိမ် ထပ်ဖျက်ဆီးလိုက်ပြန်ပြီ]
[နဝမမင်းသားရဲ့ လျှာသွက်မှုတွေကြောင့်ပဲ သမိုင်းကလည်း အဲ့လိုဇာတ်သိမ်းသွားရတာ အံ့ဩစရာတော့ မဟုတ်ပါဘူး၊ အဲ့လောက်ပြောချင်နေရင် ရှင် ကိုယ့်ဘာသာပဲ ထိုင်ပြောနေပါလား]
န၀မမင်းသား စကားများကို ကြားသောအခါ တစ်ယောက် တည်း တိတ်ဆိတ်စွာထိုင်နေသော အေးစက်စက်နိုင်သည့် လူငယ်လေး မျက်လုံးများတွင် မီးတောက်နှစ်ခု တောက်လောင်သွားသည့်အလား လင်းလက်သွားသည်။
[ဒါက ဆယ့်လေးပါးမြောက် မင်းသား ဖြစ်ရမယ်]
[တကယ်တော့ ညီအစ်ကို နှစ်ယောက်က ရုပ်ရည်တင်မကဘဲ သူတို့ရဲ့ အမူအရာတွေပါ အတော်လေးတူကြတာပဲ]
[ယင်ကျန်းက အေးစက်ပြီး မာနကြီးတယ်၊ ဆယ့်လေးပါးမြောက် မင်းသားကတော့ မြောက်ပိုင်းက သံမဏိလိုပဲ၊ ရေခဲနဲ့ ဆီးနှင်းတွေထဲက ဝံပုလွေတစ်ကောင်လို ဘယ်သူမှ အနားမကပ်ရဲလောက်အောင် အေးစက်လွန်းတယ်]
[ဒါပေမဲ့ အဲဒါက အဓိပ္ပာယ်မရှိလိုက်တာ၊ ဆယ့်လေးပါးမြောက် မင်းသားက ငယ်ငယ်ကတည်းက သူ့မယ်တော် တဲ့ဖေးရဲ့ မျက်နှာသာပေးတာကို ခံခဲ့ရတယ်ဆို၊ သူက ဘယ်လိုလုပ် ဒီလို ဖြစ်နေရတာလဲ]
[သူ့ရွယ်တူ ဆယ့်သုံးပါးမြောက် မင်းသားနဲ့ နှိုင်းယှဉ်ကြည့်ရင် ဟိုက တအားကိုပေါ့ပါးလွတ်လပ်ပြီး တက်ကြွရွှင်လန်းတာလေ]
ယင်ကျန်းက လက်ယမ်းပြကာ ကုလားကာများကို ချထားရန် အစေခံများကို အချက်ပြသည်။
သို့သော် ဒသမမင်းသားက ခြေလှမ်းအနည်းငယ်ဖြင့် ခုန်ကူးလာပြီး ယင်ကျန်း အစေခံကို ရိုက်ဖယ်ကာ ကုလားကာကို ကိုယ်တိုင် မတင်ထားပေးပြီး ကျန်ရှိနေသော ညီအစ်ကိုများကို အထဲဝင်လာခိုင်းသည်။
[ဝိုး... ဒါက တော်တော် သွက်လက်တဲ့ လူဝကြီးပဲ]
နဝမမင်းသား အထဲဝင်ပြီးနောက်" စတုတ္ထအစ်ကိုတော်က ပါးစပ်က မပြောပေမယ့် ကျွန်တော်တို့ ညီတော်တွေကို မငြင်းချင်ဘူး မဟုတ်လား"
ဒသမမင်းသားက အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ထောက်ခံသည်။
"သေချာတာပေါ့... ဟားဟားဟား"
[သူတို့ရဲ့ မျက်နှာပြောင်တိုက်နိုင်စွမ်းက တကယ့်ကို ထူလွန်းတယ်၊ တားမြစ်နန်းတော်ရဲ့ နံရံတွေလောက်ကို ထူမယ်ထင်တယ်၊ အထဲကိုတောင် အတင်း ဝင်လာသေးတယ်ပေါ့]
ဆယ့်လေးပါးမြောက် မင်းသားက ဝိုင်အိုးနှစ်အိုးကို သယ်လာပြီး တစ်အိုးကို စားပွဲအလယ်တွင်ချကာ ကျန်တစ်အိုးကို အဋ္ဌမမင်းသားဘေးတွင် ချလိုက်သည်။
ယင်ကျန်းက သူ့ညီတော်ကောင်းများကို တစ်ယောက်ချင်းစီ အေးစက်စွာ စိုက်ကြည့်နေသည်။
မျက်နှာတွင် ပဝါအုပ်ထားသော ကမ်းချန်ချန်က အရိုအသေပေးပြီးနောက် ယင်ကျန်းနောက်တွင် သွားရပ်နေလိုက်သည်။ မင်းသားများစွာ ဝိုင်းရံနေသဖြင့် သူမထိုင်ရန် အခွင့်အရေးမရှိချေ။