အခန်း (၂၆၁-၂၆၂)
Vol. 21 Ch. 261-262
အခန်း ၂၆၁
- အပိုင်း ၄၉ - တစ်စုံတစ်ခု၌ အတော်ဆုံး (၃)
စနစ်မက်ဆေ့ချ်ကို ကျနော် ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှုခင်းများ စတင်ပြောင်းလဲလာခဲ့သည်။
ဒဏ္ဍာရီလာ စစ်မြေပြင်။ ဤဒဏ္ဍာရီလာ စစ်မြေပြင်၏ ဝိသေသလက္ခဏာမှာ မဟာဇာတ်လမ်းကြီးတစ်ခု၏ ဇာတ်ခုံကို ပုံရိပ်ယောင်အဖြစ် ငှားရမ်းအသုံးပြုခြင်းပင် ဖြစ်သည်။
[သင်သည် အာမာဂေဒုန် စစ်မြေပြင်သို့ ရောက်ရှိလာပါပြီ။ ဂိမ်းကို သုံးမိနစ်အကြာတွင် စတင်ပါမည်။]
မိုးကောင်းကင်၏ တစ်ဖက်ခြမ်းတွင် ကောင်းကင်ဘုံသို့ တက်လှမ်းရာ လှေကားထစ်များ ပွင့်ဟလာပြီး အခြားတစ်ဖက်တွင်မူ ငရဲတံခါးကြီးတစ်ခု ရှိနေခဲ့သည်။ အကယ်၍ ဤအရာသာ အစစ်အမှန်ဖြစ်ပါက အေဒင် ၏ နတ်ခေါင်ချုပ်များသည် လှေကားထစ်များဆီသို့ စုပြုံရောက်ရှိလာကြမည်ဖြစ်ပြီး မိစ္ဆာနယ်မြေ၏ မိစ္ဆာဘုရင်များသည်လည်း ငရဲတံခါးဝမှ ထွက်ပေါ်လာကြပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့သော အရာမျိုး မရှိခဲ့ချေ။ ဤအရာမှာ 'စိတ်ကူးဇာတ်ခုံ' မျှသာ ဖြစ်သည်။
['လူငယ်များနှင့် ခရီးသွားများ၏ နာယက' နက္ခတ် သည် ရင်းနှီးနေသော ဇာတ်ခုံကို ကြည့်ပြီး မျက်မှောင်ကြုတ်နေပါသည်။]
[မိစ္ဆာဘုရင် 'ရာဂနှင့်အမျက်ဒေါသနတ်ဆိုး' သည် 'လူငယ်များနှင့် ခရီးသွားများ၏ နာယက' အပေါ် ရန်လိုမှု ပြသနေပါသည်။]
[နက္ခတ်များနှင့် မိစ္ဆာဘုရင်အများအပြားသည် တစ်ဦးနှင့်တစ်ဦး ရန်ဆောင်နေကြပါသည်။]
...ကြီးကြီးမားမား ဘာမှမဖြစ်လာဖို့ပဲ ကျနော် တကယ် မျှော်လင့်မိသည်။
"ခြောက်ခြားစရာကြီးပဲ..."
ဂျန်ဟာယောင်း သည် ကောင်းကင်ယံကို မော့ကြည့်ရင်း သူ၏ပုခုံးကို သူပြန်ဖက်ထားခဲ့သည်။ ကျနော်တို့ကို ဝန်းရံထားသော ဧရာမ အကာအကွယ်ဒိုင်းကြီးကို ကျနော် ကြည့်လိုက်သည်။ ဤဒိုင်းကြီးသည် ဂိမ်းမစတင်မီအထိ ကျနော်တို့ကို ကာကွယ်ပေးထားမည် ဖြစ်၏။
"သတိမလွတ်စေနဲ့။ ကိုယ်စီ တာဝန်ယူရမယ့် နေရာတွေကို စစ်ဆေးကြည့်ကြဦး"
ကျနော်၏ စကားကြောင့် အဖွဲ့ဝင်များသည် တည်ငြိမ်မှု ပြန်ရလာခဲ့ကြသည်။
"ဘယ်သူက Tanker လုပ်မှာလဲ"
[ငါလုပ်မယ်]
Tankerမှာ ဆန်းမြုံဒန် ဖြစ်ပြီး၊ အနီးကပ် တိုက်ခိုက်မည့်သူများမှာ ကျနော်နှင့် ကောင်းကင်ဖြိုခွင်းသခင် တို့ ဖြစ်ကြကာ အဝေးပစ် တိုက်ခိုက်မည့်သူများမှာ ဂျန်ဟာယောင်း နှင့် အိုဆူး တို့ ဖြစ်ကြ၏။ ဟန်မြုံအို မှာမူ ပံ့ပိုးကူညီသူ ဖြစ်သည်။ ဘက်ပေါင်းစုံ ကျွမ်းကျင်သူကတော့...
"ယူဂျွန်ဟော့ ကော ဘယ်မှာလဲ"
"သူက တခြားတစ်နေရာရာမှာ ရောက်နေတာ ဖြစ်နိုင်တယ်"
ဒဏ္ဍာရီလာ စစ်မြေပြင်သည် သင် မည်သည့်နေရာမှ ဆင့်ခေါ်ခံရသနည်း ဆိုသည့်အပေါ်တွင် မူတည်ပြီး စစ်မြေပြင်၏တစ်နေရာရာတွင်သွားပေါ်ခြင်းဖြစ်သည်။
[ကူညီသူ 'ယူဂျွန်ဟော့' သည် ဆင့်ခေါ်မှုကို တုံ့ပြန်လိုက်ပါပြီ။]
ဤမက်ဆေ့ချ် ပေါ်လာသောကြောင့် ယူဂျွန်ဟော့ သည် စစ်မြေပြင်၏ တစ်နေရာရာတွင် ရှိနေရပေမည်။
ဂျန်ဟာယောင်း က မေးလိုက်သည်။
"ဒီဂိမ်းက အချိန်နဲ့ အာကာသ စစ်မြေပြင်မှာ ကစားရတာလား။ ကျုပ် မြင်ဖူးသလိုပဲ။ ရန်သူ့ ခံတပ်ကို ဖျက်ဆီးနိုင်ရင်..."
"ဟုတ်တယ်၊ ဒါပေမဲ့ နည်းနည်းတော့ ကွဲပြားတယ်"
ပုံမှန်အားဖြင့် AOS ဂိမ်းတစ်ခုသည် ရန်သူ၏ အဓိက အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်လျှင် ပြီးဆုံးသွားတတ်သည်။ သို့သော် ဤဂိမ်းမှာမူ မတူညီချေ။
"ငါတို့က အခြေစိုက်စခန်းကို မဟုတ်ဘဲ 'စာသား' ကို သိမ်းပိုက်ရမှာ"
"စာသား ဟုတ်လား"
ဟန်မြုံအို လက်ထဲရှိ အရာဝတ္ထုကို ကျနော် ညွှန်ပြလိုက်သည်။ ထိုအရာဝတ္ထုမှာ တောက်ပသော အရောင်အသွေးများဖြင့် လင်းလက်နေသည့် ကျောက်စာတိုင် အသေးစားလေးတစ်ခု ဖြစ်၏။
"ဒါ... ဒါက ဘာလဲ"
"ငါတို့ အဲဒါကို ကာကွယ်ရမယ်"
ထိုကျောက်စာတိုင်ထဲတွင် စာသားအသေးလေးတစ်ခု အမှန်တကယ် ပါနေခဲ့သည်။
『 ကောင်းကင်ဘုံ၏ တမန်တော်များ၊ ငရဲ၏ တံခါးစောင့်။ 』
ဟန်မြုံအို သည် ကြောက်လန့်တကြားဖြင့် ထိုကျောက်စာတိုင်ကို ကျနော့်အား လှမ်းပေးရန် ကြိုးစားနေခဲ့သည်။ ကျနော်သည် ကျောက်စာတိုင်ကို လက်ဝါးဖြင့် ပြန်တွန်းလိုက်ရင်း ပြောလိုက်သည်။
"ဌာနမှူးပဲ ကိုင်ထားလိုက်ပါ။ အဲဒါကို သေချာစောင့်ရှောက်ဖို့က အရေးကြီးတယ်"
"အဲ... အဲဒါက အရေးကြီးလို့ပဲ ဒေါ့ဂျာ ကို ကိုင်ခိုင်းတာလေကွာ"
"အရေးကြီးလို့ ဌာနမှူးကို ကိုင်ခိုင်းတာပါ။ ဒီစာသားကို ပုံမှန်အားဖြင့် အဓိကပါဝင်သူက ကိုင်ထားတတ်တာ။ ရန်သူတွေကလည်း အဲဒီအတိုင်းပဲ မျှော်လင့်ထားကြမှာ"
"ငါ... ငါ မလုပ်နိုင်ဘူး။ ငါ ဒီလိုဂိမ်းမျိုး တစ်ခါမှ မကစားဖူးဘူး"
ဟန်မြုံအို သည် ဂိမ်းကုမ္ပဏီတစ်ခု၏ ဌာနမှူး ဖြစ်သော်လည်း ဂိမ်းကစားရာတွင် ညံ့ဖျင်းလှသူဖြစ်သည်။ တွေးကြည့်မိမှ ယူဆန်းအာက ဂိမ်းကစားရာတွင် တော်လေသည်။ ယူဆန်းအာ သည် အဖွဲ့ကို တစ်ဦးတည်း ဆွဲတင်ပေးခဲ့ပြီး ကုမ္ပဏီတွင်း ဂိမ်းပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
...သို့သော် ယခု ရှိနေသူမှာ ယူဆန်းအာ မဟုတ်ဘဲ ဟန်မြုံအို ဖြစ်နေလေသည်။
"ဘာပဲဖြစ်ဖြစ် ဒီဂိမ်းမှာ အနိုင်ရဖို့ နည်းလမ်း နှစ်မျိုး ရှိတယ်။ တစ်ခုက ရန်သူ့အဖွဲ့ဆီက စာသားကို ခိုးယူဖို့ဖြစ်ပြီး၊ နောက်တစ်ခုက ရန်သူ့အဖွဲ့က ပါဝင်သူအားလုံးကို သတ်ပစ်ဖို့ပဲ"
"စာသားကို ခိုးတာက ပိုလွယ်မှာပေါ့"
"ဟုတ်တယ်၊ ပုံမှန်အားဖြင့်တော့ အဲဒီအတိုင်းပဲ"
"ကောင်းပြီလေ။ ခိုးတဲ့ကိစ္စကို ကျုပ်တာဝန်သာထားလိုက်"
ဂျန်ဟာယောင်း သည် တက်ကြွစွာဖြင့် အော်ဟစ်လိုက်သည်။
သို့သော် ဤအရာသည် တစ်ဦးတည်း ကစားရသော ဂိမ်းမဟုတ်ချေ။
"မင်း တက်ကြွနေတာ သိပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တော် လှုပ်ရှားတာမျိုးကို မလုပ်ချင်စမ်းနဲ့။ အခုကစပြီး ငါတို့ အစီအစဉ် ဆွဲကြမယ်..."
ဝုတ် ဝုတ်
ဝုဖ် ဝုဖ်
...ကျနော်၏ အဖော် နှစ်ဦးကို ကျနော် မေ့လျော့နေခဲ့သည်။ မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး သည် ပတ်ဝန်းကျင်ကို လိုက်လံ နမ်းရှုံ့နေခဲ့ပြီး ကောင်းကင်ဖြိုခွင်းသခင် မှာမူ စိတ်မဝင်စားသည့်အလား လဲလျောင်းနေခဲ့သည်။ ကျနော်၏ နောက်ဆုံး မျှော်လင့်ချက်ဆီသို့ ကျနော်ခေါင်းလှည့်ကြည့်လိုက်သည်။
"ဆန်းမြုံဒန်"
သူသည် အခြားသော နက္ခတ်များ၏ အကြံဉာဏ်ကို နားထောင်နေပုံရသဖြင့် ကျနော့်အနေဖြင့် မျှော်လင့်ချက်ထားလို့ရသော တစ်ဦးတည်းသောသူ ဖြစ်သည်။
[မင်းက ရှုတ်ထွေးတဲ့ စကားလုံးတွေ သုံးနေတာမလို့ ငါ နားမလည်ဘူး။ အင်း... ဂိမ်း... ဆိုတာက ဘာလဲ]
ဆန်းမြုံဒန် သည် အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာအမူအရာ ရှိနေခဲ့သည်။
[ကိုရီးယားကျွန်းဆွယ်ရှိ နက္ခတ်အချို့သည် တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး ကြောင့် စိတ်ပျက်နေကြပါသည်။]
သူသည် လူကြီးတစ်ယောက် ဖြစ်သည်ကို ကျနော် မစဉ်းစားမိခဲ့ချေ။ ဆန်းမြုံဒန် သည် ခေတ်သစ် ဂိမ်းဝေါဟာရများကို မသိရှိချေ။
[ဘာပဲဖြစ်ဖြစ် အားလုံးကို သတ်ပစ်လိုက်ရုံပဲ မဟုတ်လား]
"ဟုတ်ပါတယ်၊ အဲဒါနဲ့ ဆင်တူပါတယ်..."
[ဒါဆိုရင် ငါတို့ပဲ အနိုင်ရမှာပေါ့။ ငါက မင်းရဲ့ ကူညီသူပဲလေ]
ဆန်းမြုံဒန် သည် သူ၏ ဝါးတုတ်ကို ဝှေ့ယမ်းရင်း စတင် ပြေးထွက်သွားတော့သည်။
[ဂိမ်း စတင်ပါပြီ။]
ထို့နောက်တွင်တော့ ဇာတ်ခုံ၏ အကာအကွယ်ဒိုင်းမှာ နောက်ဆုံးတွင် ဖယ်ရှားခြင်း ခံလိုက်ရသည်။
[ကစားသမားများ၏ စွမ်းရည်များကို ဂိမ်း၏ အခက်အခဲအဆင့်ပေါ် မူတည်၍ အလိုအလျောက် ပြုပြင်ညှိနှိုင်းပေးပါမည်။]
[ပထမအကြိမ်တွင် ပါဝင်သူအားလုံးသည် ၎င်းတို့၏ မူလစွမ်းရည်များ၏ ၁၀% ကိုသာ အသုံးပြုနိုင်ပါမည်။]
[ဤပြစ်ဒဏ်သည် အကြိမ်အရေအတွက် တိုးလာသည်နှင့်အမျှ လျော့နည်းသွားပါမည်။]
ထို့နောက် ကျနော်တို့၏ ‘ကောင်းကင်ဘုံသို့ တက်လှမ်းရာ လှေကားထစ်’ ဘက်ခြမ်းတွင် နတ်သူငယ်များနှင့် ဆင်တူသော ကောင်းကင်တမန်လေးများ စတင်ပျံသန်းလာကြသည်။
[အဖွဲ့၏ ပံ့ပိုးကူညီရေးအုပ်စုကို ဖန်တီးလိုက်ပါပြီ။]
[အဆင့်နိမ့် ကောင်းကင်တမန်များက သင့်ကို ကူညီနေပါသည်။]
အံ့အားသင့်သွားသော အိုဆူး က ကောင်းကင်တမန်များကို လှမ်းဟောင်လိုက်သည်။
"ဟေ့… သူတို့ကို မကိုက်နဲ့။ သူတို့က ငါတို့ဘက်က။ ဆန်းမြုံဒန်၊ ခဏစောင့်ဦး။ အတူတူသွားကြမယ်"
စကတည်းက အခြေအနေက အုတ်အော်သောင်းနင်းပင်။ ဆန်းမြုံဒန်က ရှေ့ဆုံးကနေ ပြေးထွက်သွားပြီး ကောင်းကင်ဖြိုခွင်းသခင် နှင့် အိုဆူး တို့က သူ့နောက်ကနေ အပြေးလိုက်သွားကြသည်။ ဂျန်ဟာယောင်း နှင့် ကျနော်က သူတို့နောက်က လိုက်ကြစဉ် ဟန်မြုံအို မှာမူ အဖွဲ့၏ နောက်ဆုံးနားတွင် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပါလာခဲ့သည်။
"ဌာနမှူး၊ တတ်နိုင်သမျှ နောက်နားမှာပဲ နေပါ။ ရှေ့ကို ထွက်မလာနဲ့"
"…အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
ဟန်မြုံအို သည် ထွက်ပြေးသည့်နေရာတွင် ကျွမ်းကျင်သူဖြစ်ရာ ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းရှာနိုင်ပေလိမ့်မည်။
"အာ… မြေပုံက ပြောင်းသွားတာလား"
ကျနော်တို့၏ အဓိကနယ်မြေမှ ကျနော်တို့ထွက်ခွာလာပြီးနောက် ကျယ်ပြောလှသော လွင်ပြင်ကြီးတစ်ခု ကျနော်တို့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ လွင်ပြင်၏ ဘေးတစ်ဖက်စီတွင် ချိုင့်ဝှမ်းတစ်ခုနှင့် တောအုပ်တစ်ခုစီ ရှိနေသည်။ ကျနော် မှတ်မိသလောက်ဆိုလျှင် ချိုင့်ဝှမ်းဘက်တွင် ကပ်ဆိုး အီမူဂီ ရှိပြီး တောအုပ်ဘက်တွင် နတ်သက်ကြွေ ဆာရာဖင် ရှိသည်။ ထို့အပြင် မြေပုံ၏အစောပိုင်းတွင် ဖမ်းမိပါက အစွမ်းတိုးစေသော အာနိသင်ပေးနိုင်သည့် သားရဲများစွာလည်း ရှိနေသေးသည်။
"ခဏစောင့်ဦး။ ဆန်းမြုံဒန်။ အရမ်း မြန်မြန်မသွားနဲ့"
[ငါ့ကို ယုံစမ်းပါ။ ငါက စစ်ပွဲမှာ အားကောင်းတယ်]
ဆန်းမြုံဒန် သည် ခန့်ညားထည်ဝါသော စစ်မှန်သောအသံကို ထုတ်ဖော်လိုက်ပြီး လေထဲသို့ လက်လှမ်းလိုက်သည်။
[ကိုရီးယားကျွန်းဆွယ်ရှိ ကျဆုံးသွားသော ဝိညာဉ်တို့။ ငါ့ကို အနိုင်ရဖို့ အင်အားတွေ ပေးကြစမ်း]
ဆန်းမြုံဒန် ကို မည်သူက အင်အားပေးမည်နည်း။ အံ့သြစရာကောင်းသည်မှာ မက်ဆေ့ချ်များ ထွက်ပေါ်လာခဲ့သည်။
['ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး' နက္ခတ်သည် 'တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်ကို ပံ့ပိုးပေးနေပါသည်။]
['ဟွမ်ဆန်ဘောလ်၏ နောက်ဆုံးသူရဲကောင်း' နက္ခတ်သည် 'တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်ကို အားပေးနေပါသည်။]
['ဟောင်းမူ ဘုရင်ကြီး' နက္ခတ်သည် 'တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်ထံသို့ ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်ပါသည်။]
ဤသည်က စာသားအတိုင်း ရိုးရှင်းသော အားပေးမှုမျှသာ ဖြစ်သည်။
[အိုဟိုး]
မကြာမီမှာပင် ရန်သူသည် သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ကိုယ်စားလှယ်ခန္ဓာထဲရှိ နက္ခတ်တိုင်းသည် လက်နက်တစ်ခုစီ ကိုင်ဆောင်ထားကြသည်။
[ဗာနာရာ၏ စစ်သူကြီး]
[ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ]
[မိုးကြိုးစားငှက်]
ရွှေရောင်အမွှေးအတောင်များပါသော သံချပ်ကာဝတ် ဆန်းကြယ်သည့် မျောက်တစ်ကောင် ရှိနေ၏။ ထို့အပြင် ကျနော် တစ်ခါ ဆုံဖူးသော အီးဒီးပပ်စ် ဘုရင်လည်း ရှိနေလေသည်။ ထိုနက္ခတ်များသည် မဲလ်လီဒွန် စက်မှုဇုန် မှ ဖြစ်ပုံရသည်။
တဖက်အဖွဲ့မှာ ဒဏ္ဍာရီလာအဆင့် နက္ခတ်များ ရောနှောနေသော အဖွဲ့တစ်ခု ဖြစ်သည်။ သို့သော်လည်း သူတို့သည် ဂိမ်းအပေါ် ထိုးထွင်းသိမြင်မှု အားနည်းသေးသောကြောင့် အနိုင်ရရန် အခွင့်အရေး ရှိနေသေးသည်။
[လာစမ်း၊ ရိုင်းစိုင်းတဲ့ ကောင်တွေ]
ဆန်းမြုံဒန် သည် ရန်သူများကို တွေ့ရှိသွားပြီး ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူ၏ အသံမှာ အလွန်ကျယ်လောင်လွန်းလှသဖြင့် ကျနော် ခဏတာ မျှော်လင့်ချက် ထားမိသွားသည်။ သူ တိုက်ခိုက်သည်ကို မတွေ့ရမချင်း ကျနော် မသိနိုင်ချေ။ စွမ်းရည်များ၏ ၁၀% ကိုသာ သုံးနိုင်သော စစ်မြေပြင်တွင် ဆန်းမြုံဒန် ၏ အစွမ်းကို ကျနော် မသိရသေးချေ။ သမိုင်းဝင်အဆင့် နက္ခတ်တစ်ပါးကို ကျနော် လျှော့မတွက်နိုင်ပေ။ သမိုင်းဝင်အဆင့်နက္ခတ်တွေထဲတွင် ချောက်ဂျွန်ဂယောင်း ကဲ့သို့ အင်အားကြီးသူများ ရှိနေတတ်၏။
[အောင်ပွဲရဲ့ အစောင့်အရှောက်နတ်ဘုရားက ဒီတိုက်ပွဲ အစီအရင်ကို ဖျက်ဆီးပစ်မယ်]
ဆန်းမြုံဒန် သည် ဝါးတုတ်ကို ဝှေ့ယမ်းလိုက်သည်။ ကြောင်အသွားသော နက္ခတ်များ အော်ဟစ်လိုက်ကြပြီး ပေါက်ကွဲမှုတစ်ခု စစ်မြေပြင်ကို လွှမ်းမိုးသွားသည်။ အသားစများ နေရာအနှံ့ လွင့်စင်သွားသည်။ လက်နက်တစ်ခု ကျိုးပဲ့သွားသည်။ ဒဏ်ရာမှ သွေးများ ဖိတ်စင်သွားလေသည်။
[ပထမဆုံး သေဆုံးမှု ဖြစ်ပွားပါပြီ။]
ဆန်းမြုံဒန် တိုက်ခိုက်တာ ကောင်းလှသည်။ အဖွဲ့ဝင်များကို လှည့်ကြည့်ရင်း ကျနော်အော်ဟစ်လိုက်သည်။
"အားလုံးပဲ၊ ထွက်ပြေးကြတော့"
[ကူညီသူ 'တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' သည် ကူညီသူ 'ဗာနာရာ၏ စစ်သူကြီး' ထံတွင် ရှုံးနိမ့်သွားပါပြီ။]
[စက်မှုဇုန် 'မဲလ်လီဒွန်' အဖွဲ့သည် ရမှတ်တစ်မှတ် ရရှိသွားပါပြီ။]
"ချီးပဲ။ အဲဒီဘုန်းကြီးက ဘာလဲဟ။ သူ့ကို ယုံကြည်ပါ ဟုတ်လား"
ဟန်မြုံအို သည် ထွက်ပြေးသည့်နေရာတွင် အမြန်ဆုံးလူ ဖြစ်သည်။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ကျနော် ထင်ထားခဲ့သော်လည်း ဆန်းမြုံဒန် သည် အလကားသက်သက် အနှောင့်အယှက်ပေးနေခြင်းတော့ မဟုတ်ချေ။
[ဆန်းမြုံဒန် ၏ ဝိညာဉ်သည် စစ်မြေပြင်တွင် လှည့်လည်သွားလာနေပါသည်]
[အိုး]
သေဆုံးသွားသော ဆန်းမြုံဒန် ၏ ဝိညာဉ်သည် စစ်မြေပြင်တွင် လှည့်လည်သွားလာရင်း ကျနော်တို့နောက်သို့ လိုက်လာသော နက္ခတ်များကို တိုက်ခိုက်နေခဲ့သည်။ ယင်းကြောင့်သာ ကျနော်တို့ ထွက်ပြေးရန် အခွင့်အရေး ရခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရန်သူ၏ လိုက်လံဖမ်းဆီးမှုမှာ မြန်ဆန်လှသည်။
ကျနော်တို့နောက်ကို ပထမဆုံး လိုက်လာသူမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ဧရာမ ငှက်ကြီးတစ်ကောင် ဖြစ်သည်။ ထိုငှက်မှာ မိုးကြိုးစားငှက် ဖြစ်သည်။ ကျနော် မှတ်မိသလောက်ဆိုလျှင် ထိုငှက်၏ အမည်ရင်းမှာ ဂဠုန် ဖြစ်သည်။ သူသည် ဝေဒ ၏ အရှင်သခင် သုံးပါးအနက် တစ်ဦးဖြစ်သော ဗစ်ရှ်နူး ၏ စီးတော်ယာဉ် ဖြစ်၏။ သူ၏ နှုတ်သီးမှာ လေထဲတွင် လမ်းကြောင်းပြောင်းသွားပြီး ကျနော်ဆီသို့ ဦးတည်လာခဲ့သည်။
['မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' နက္ခတ်သည် သင့်ကို ကာကွယ်ရန် သူ၏ခန္ဓာကိုယ်ဖြင့် ပစ်ဝင်လိုက်ပါပြီ။]
ထိုအခိုက်အတန့်တွင် အိုဆူး သည် ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ သူသည် ဂဠုန်၏ ဧရာမ ခန္ဓာကိုယ်ကြီးကို ဘေးတိုက် တိုးတိုက်လိုက်သည်။
ဂါးးး
ကံကောင်းထောက်မစွာဖြင့် အိုဆူး သည် ဂဠုန်၏ အမွှေးအတောင်များကို ခိုင်မြဲစွာ တွယ်ကပ်ထားနိုင်ခဲ့သည်။ အိုဆူး က ကျနော်တို့ကို ထွက်ပြေးရန် လှမ်းဟောင်နေစဉ် မီးလျှံများ တောက်လောင်လာခဲ့သည်။
ဝုတ် ဝုတ်။ ဝုတ်။ ဂိန်။
အိုဆူး သည် နက္ခတ်တစ်ပါးကို တွယ်ကပ်ထားရသည့် အခြေအနေ ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ သူ့ကို ကယ်တင်ရန်မှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
[ကူညီသူ 'မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' သေဆုံးသွားပါပြီ။]
...ချီး။
အခြေအနေက ပိုဆိုးလာပြီ။ ကောင်းကင်ဖြိုခွင်းသခင် ကိုလည်း ဘယ်နေရာမှာမှ မတွေ့ရချေ။ ကျန်နေသောသူများမှာ ဂျန်ဟာယောင်း၊ ဟန်မြုံအို နှင့် ကျနော်သာ ဖြစ်၏။
"ငါ... ငါ တောင်းပန်ပါတယ်"
ထို့နောက်တွင် ဟန်မြုံအို သည် ရုတ်တရက် ထူးဆန်းသော လုပ်ရပ်တစ်ခုကို လုပ်လိုက်သည်။ ဟန်မြုံအို သည် သူ၏ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ခြင်းပင်။
[ဇာတ်ကောင် 'ဟန်မြုံအို' သည် 'ခြေတစ်ဖက်မြင်းမြန် အဆင့် ၁၀' ကို အသက်ဝင်စေခဲ့ပါသည်။]
...ဪ။ဟုတ်သားပဲ။ ဟန်မြုံအိုဆီမှာ ကျိန်စာသင့် အထူးစွမ်းရည် ရှိနေတာပဲ။
ဟန်မြုံအို သည် ကုလားအုပ်ငှက်တစ်ကောင်ကဲ့သို့ အပြင်းအထန် စတင် ပြေးတော့သည်။ ဟုတ်သည်၊ ဟန်မြုံအို သာ အဖမ်းခံရလျှင် အားလုံး ပြီးသွားမည် ဖြစ်ရာ သူ ထွက်ပြေးသွားသည်က ပိုကောင်း၏။
ဒါနဲ့ အဲဒီစွမ်းရည်က အဆင့် ၁၀ တောင် ရောက်နေပြီလား။
"ကင်ဒေါ့ဂျာ၊ အခု ဘာဆက်လုပ်မလဲ..."
ကျနော်သည် ဂျန်ဟာယောင်း ကို တားဆီးလိုက်ပြီး ဘေးပတ်ပတ်လည်ရှိ မြက်တောထဲသို့ ချက်ချင်း ခုန်ဝင်လိုက်သည်။
[သင်သည် အနီးနားရှိ မြေပြင်အနေအထားတွင် ကိုယ်ရောင်ဖျောက်လိုက်ပါပြီ။]
[ချုံပုတ် အာနိသင်ကြောင့် ရန်သူများက သင့်ကို ထောက်လှမ်းနိုင်မည် မဟုတ်ပါ။]
ဂါးးးးး
ကျနော်သည် ဂဠုန် ကို မော့ကြည့်ရင်း ဂျန်ဟာယောင်း ကို တိုးတိုးလေး ပြောလိုက်သည်။
– အခုရှိနေတဲ့ အင်အားနဲ့ သူတို့ကို မယှဉ်နိုင်ဘူး။ တခြားကစားသမားတွေ အလိုအလျောက် ပြုတ်သွားတာကို စောင့်ပြီး အနိုင်ရဖို့ပဲ ရည်မှန်းရမယ်။ အချိန်ဆွဲဖို့က အရေးကြီးတယ်။
– ...ခင်ဗျားက အချိန်ကိုပဲ ဒီအတိုင်းအကုန်ခံမလို့လား။
– လောလောဆယ်တော့ ဟုတ်တယ်။
ကျနော် ယုံကြည်ထားသည့် အရာတစ်ခု ရှိသည်။ ဤအဖွဲ့ဝင်များဖြင့်သာ အနိုင်ရမည်ဟု ထင်ထားမိသည်မှာ ထူးဆန်းလှသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် အချိန်ကို နည်းနည်း ပိုဆွဲထားရပေမည်။ အနည်းဆုံးတော့ သူ ရောက်မလာမချင်းပေါ့။
[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်။ မင်း ဘယ်မှာလဲ]
ချုံပုတ်ရှေ့တွင် စစ်မှန်သောအသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
[ငါတို့ရဲ့ကြားမှာ ရေစက်ဆိုးရှိနေခဲ့တာ ကြာခဲ့ပြီနော်။ ကံကြမ္မာဆီက ထွက်ပြေးပြီး ဒီလိုနေရာမျိုးမှာ နေထိုင်နေတာဆိုပဲ... မျက်စိကွယ်နေတဲ့ ပရောဟိတ်တောင် ဒါကို မဖတ်နိုင်ခဲ့ဘူး]
နှိမ့်ချသယောင်ဖြင့် မာနထောင်လွှားသော စကားပြောဟန်က သူ့မည်သူမည်ဝါဖြစ်ကြောင်း ကျနော်ကို ချက်ချင်း သိရှိစေခဲ့သည်။ ခဏအကြာတွင် မျက်စိကွယ်သော်လည်း လိမ္မာပါးနပ်သော ဘုရင် အီးဒီးပပ်စ် ဘုရင် ၏ တည်ရှိမှုသည် တောအုပ်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် ဤရွေးချယ်ပွဲတွင် ပါဝင်နေသည်ကို ကျနော် သိသော်လည်း ဤမျှ မြန်မြန် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
[ပုန်းနေတာက အလကားပဲဆိုတာ မင်းသိပါတယ်။ မျက်စိကွယ်နေတဲ့ ဒီပရောဟိတ်က မင်း ဘယ်မှာလဲဆိုတာ သိပြီးသားကွ]
ဂျန်ဟာယောင်း ၏ ပုခုံးများ တုန်ရင်သွားသည့် အခိုက်အတန့်တွင် ကျနော်သည် သူ၏ နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်လိုက်သည်။
– စိတ်မပူနဲ့။ သူက သူ့စွမ်းရည်နဲ့ ငါ့ရဲ့ အနာဂတ်ကို မဖတ်နိုင်ဘူး။
ထို့ကြောင့် ထင်ရှားသော ထောင်ချောက်တစ်ခုသာ ဖြစ်လေသည်။ ကျနော်တို့ ကိုယ်ကိုယ်ကို ထုတ်ဖော်လိုက်သည်နှင့် အနီးနားရှိ နက္ခတ်အားလုံး ပြေးလာကြပေလိမ့်မည်။
[အခုထိတော့ မနောက်ကျသေးပါဘူးကွာ။ အိုလံပတ်စ် က မင်းအတွက် တံခါးဖွင့်ထားဆဲပဲ]
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က သွားစမ်းပါ၊ အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ဟု ဆိုပါသည်]
[...ရယ်စရာကောင်းလိုက်တာ]
အီးဒီးပပ်စ် ဘုရင် က ရယ်မောလိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ လုံးဝ တင်းမာနေခဲ့သည်။
[မင်း ဘယ်လောက်အထိ ငြိမ်နေနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့]
ပတ်ဝန်းကျင်ရှိ နက္ခတ်များသည် ချုံပုတ်များကို စတင် ရှာဖွေတော့သည်။ သူတို့သည် ပေါက်ကွဲစေသော အရာများ၊ အက်ဆစ်များနှင့် မီးလျှံများ အသုံးပြု၍ ချုံပုတ်များကို ဖျက်ဆီးပစ်ရာ သူတို့၏ တိုက်ခိုက်မှုများမှာ ပြင်းထန်လှသည်။ အက်ဆစ်ရည်များသည် ကျနော်၏ ခြေထောက်များကို အရည်ပျော်စေပြီး လည်ပင်းနှင့် လက်ကောက်ဝတ်များကို လောင်ကျွမ်းစေခဲ့သည်။ သို့သော်လည်း ကျနော်သည် ဂျန်ဟာယောင်း၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး မလှုပ်မယှက် နေခဲ့သည်။
နည်းနည်းလေးပဲ။ နောက်ထပ် နည်းနည်းလေးပဲ တောင့်ခံထားဖို့လိုတယ်။
အက်စက်မီးလျှံများဖြင့် မိုးရွားသလို ဖြန့်ကြဲတိုက်ခိုက်မှုများသည် တစ်နေရာလုံးကို လွှမ်းမိုးသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ ကျနော်တို့ကို ရှာတွေ့ခဲ့ပုံမရချေ။ သူတို့သည် ကျနော်တို့နှင့် တဖြည်းဖြည်း ဝေးရာသို့ စတင် ရွေ့လျားသွားကြ၏။
...နောက်ထပ် နည်းနည်းလေးပဲ တောင့်ခံထားဖို့လိုတယ်။
အသံကို နားထောင်ရင်း သူတို့၏ အကွာအဝေးကို ကျနော်ခန့်မှန်းလိုက်သည်။ ခြေလှမ်း ၁၀၊ ၂၀၊ ၃၀... ရုတ်တရက် ပေါက်ကွဲသံအားလုံး ပျောက်ကွယ်သွားခဲ့သည်။
"ပြေးမယ်"
ဂျန်ဟာယောင်း နှင့် ကျနော်သည် ချုံပုတ်ထဲမှ ပြေးထွက်လာခဲ့သည်။ မည်သည့် နက္ခတ်ကိုမျှ မတွေ့ရချေ။ ထိုခဏတွင် ဘယ်ကမှန်းမသိသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ရှည်လျားပြီး ထိတ်လန့်ဖွယ်ကောင်းသော အော်ဟစ်သံ ဖြစ်သည်။ အဝေးက ကောင်းကင်ယံတွင် ငှက်ကြီးတစ်ကောင်မှာ လည်ပင်းတွင် ဧရာမ ဓါးကြီးတစ်လက် စိုက်လျက် ပြုတ်ကျလာခဲ့သည်။
[ကူညီသူ 'မိုးကြိုးစားငှက်' အသတ်ခံလိုက်ရပါပြီ။]
…သူ ရောက်လာပြီ။
အခန်း ၂၆၂
- အပိုင်း ၄၉ - တစ်စုံတစ်ခု၌ အတော်ဆုံး (၄)
"…ဟာ"
အံ့အားသင့်သွားသော ဂျန်ဟာယောင်း ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါကြောင့်မလို့ ငါက အချိန်ဆွဲချင်နေတာလေ"
[ပါဝင်သူ 'ယူဂျွန်ဟော့' သည် ကူညီသူ 'မိုးကြိုးစားငှက်' ကို သတ်လိုက်ပါပြီ။]
[‘ယူဂျွန်ဟော့ - ကင်ဒေါ့ဂျာ’ စက်မှုဇုန် က ရမှတ်တစ်မှတ် ရရှိသွားပါပြီ။]
ကောင်းကင်ယံမှ ပျံဝဲဆင်းသက်လာသော ယူဂျွန်ဟော့ နှင့်အတူ ကြောင်အသွားကြသော နက္ခတ်များကို မြင်တွေ့လိုက်ရသည်။
['ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ' နက္ခတ်က အံ့အားသင့်စွာဖြင့် အော်ဟစ်နေပါသည်။]
['ဗာနာရာ၏ စစ်သူကြီး' နက္ခတ်သည် ယူဂျွန်ဟော့ အပေါ် ရန်လိုမှု ပြသနေပါသည်။]
[နက္ခတ်များစွာသည် ယူဂျွန်ဟော့ ၏ လှုပ်ရှားမှုများကို အံ့သြနေကြပါသည်။]
တိုက်ခိုက်မှုများ ကြုံနေရသော်လည်း ယူဂျွန်ဟော့ သည် လုံးဝ ထိတ်လန့်ခြင်း မရှိချေ။ သူ၏ လှုပ်ရှားမှုများသည် ဤနေရာရှိ မြေပြင်အနေအထားအားလုံးကို ကျွမ်းကျင်စွာ နားလည်ထား သကဲ့သို့ပင်။ ဒေါသချောင်းချောင်းထွက်နေသော အီးဒီးပပ်စ် ဘုရင်က သူ၏ တုတ်ကောက်ကို ဝှေ့ယမ်းလိုက်ချိန်တွင် ယူဂျွန်ဟော့ မှာ ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်သည်။
[မင်း ဘယ်ကို ထွက်သွားတာလဲ]
[သူ့ကို ရှာကြစမ်း။ သူ ဒီအနီးအနားမှာပဲ ရှိတယ်]
နက္ခတ်တို့သည် လှုပ်ရှားသွားကြပြီး ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေကြသော်လည်း ယူဂျွန်ဟော့ ပျောက်ကွယ်သွားသည့် နေရာကို ရှာမတွေ့ခဲ့ကြချေ။ ကျနော်သည် ဂျန်ဟာယောင်း နှင့်အတူ သစ်ပင်တစ်ပင်၏ နောက်တွင် ပုန်းအောင်းရင်း ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။
ယူဂျွန်ဟော့ ၏ ဝိသေသ လက္ခဏာ တစ်ခုမှာ 'ပရိုဂိမ်းမာ' ဖြစ်သည်။ ယူဂျွန်ဟော့သည် ဂိမ်းအားလုံးတွင် လွှမ်းမိုးမှုရှိသော အားသာချက်နှင့် အသားကျနိုင်စွမ်းကို ရရှိထား၏။ ဤဂိမ်းမှာ အစောပိုင်းအဆင့်တွင်သာ ရှိသေးပြီး စွမ်းရည်များမှာလည်း ကန့်သတ်ခံထားရသည်။ ဂိမ်းနှင့် နက္ခတ်တွေ အသားမကျသေးမီ ဤ 'ပထမအကြိမ်' သည် ကျနော်တို့အတွက် ဘယ်သူ့ထက်မဆို ပိုကောင်းသော အခွင့်အရေးပင်။ ပြိုင်ဘက်များမှာ နက္ခတ်များ ဖြစ်နေစေကာမူ လက်ရှိ ယူဂျွန်ဟော့ ကို ရင်ဆိုင်ရန်မှာ သူတို့အတွက် မလွယ်ကူလှချေ။
[ဟိုမှာ ရှိနေတာပဲ]
ဗာနာရာ၏ စစ်သူကြီး သည် ချုံပုတ်တစ်ခုဆီသို့ သူ၏ပါးစပ်မှ လေဓါးတစ်ချက် မှုတ်ထုတ်လိုက်ရင်း အော်ဟစ်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ မြေပြင်များ ပြတ်တောက်သွားသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်လည်း ယူဂျွန်ဟော့ မှာ ရှိမနေခဲ့ချေ။ ဇဝေဇဝါဖြစ်သွားသော ဗာနာရာ၏ စစ်သူကြီး နောက်ဆုတ်လိုက်စဉ် မြေပြင်ပေါ်ရှိ ရွှံ့နွံများထဲမှ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ရှောင်တိမ်းရန်မှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
[ပါဝင်သူ 'ယူဂျွန်ဟော့' သည် ကူညီသူ 'ဗာနာရာ၏ စစ်သူကြီး' ကို သတ်လိုက်ပါပြီ။]
[‘ယူဂျွန်ဟော့ - ကင်ဒေါ့ဂျာ’ စက်မှုဇုန် က ရမှတ် နှစ်မှတ် ရရှိသွားပါပြီ။]
[ပါဝင်သူ 'ယူဂျွန်ဟော့' သည် စစ်မြေပြင်တွင် သွေးစွန်းသော တိုက်ပွဲကို စတင်လိုက်ပါပြီ။]
ဂျန်ဟာယောင်း သည် ယူဂျွန်ဟော့ ကို လက်ညှိုးထိုးပြရင်း တုန်လှုပ်စွာ ပြောလိုက်သည်။
"သူက ဘာလဲ။ သားရဲကြီးလား"
"သားရဲလို့တောင် ပြောလို့ရပါတယ်။ သူက တောင်ကိုရီးယားမှာ အတော်ဆုံး ပရိုဂိမ်းမာပဲလေ"
Ways of Survival ထဲက နောက်ခံအကြောင်းအရာကို ကျနော်ပြောပြနေခြင်း ဖြစ်သည်။ အဝေးတွင် ဗာနာရာ၏ စစ်သူကြီး၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားပြီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဂိမ်း၏ စည်းကမ်းချက်များအတိုင်း ဖြစ်သောကြောင့် သူ တကယ် သေဆုံးသွားမည် မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှာမူ ပြင်းထန်ပေလိမ့်မည်။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် ကျေနပ်အားရနေ ပါသည်။]
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ထံသို့ ဒင်္ဂါး ၂၀,၀၀၀ ထောက်ပံ့လိုက်ပါသည်။]
ဗာနာရာ၏ စစ်သူကြီး ၏ အမည်ရင်းမှာ အိန္ဒိယ ဒဏ္ဍာရီ မှ မျောက်သူရဲကောင်း ဟာနုမာန် ဖြစ်သည်။ နှစ်ဦးစလုံးမှာ မျောက်ဖြစ်သည့် ဝိသေသလက္ခဏာကြောင့် ဆက်ဆံရေး သိပ်မကောင်းလှချေ။ ထိုအချက်က မှန်ပုံရသည်။
[ချီး။ သူ့နောက်ကို လိုက်ကြစမ်း]
ယူဂျွန်ဟော့ သည် နှစ်ယောက်ကို သတ်ပြီးနောက် ယခုတစ်ကြိမ်တွင် ကျောက်ဆောင် ချိုင့်ဝှမ်းထဲတွင် ပုန်းအောင်းလိုက်သည်။ ထိုအခါ ရန်သူ နောက်တစ်ယောက် ပေါ်လာခဲ့သည်။
['လူသားမျိုးနွယ်ကို တည်ထောင်သူ' နက္ခတ်သည် သူ၏ မာနထောင်လွှားသော မျိုးဆက်ကို ဆုံးမလိုနေပါသည်။]
ရှေးဦးလူသားနှင့် ဆင်တူသော ထိုနက္ခတ်မှာ လူသားမျိုးနွယ်ကို တည်ထောင်သူ 'မနူး' ဖြစ်သည်။ သူသည် မဲလ်လီဒွန် စက်မှုဇုန် ဘက်က ဖြစ်နေသည်ကို ကျနော် မေ့သွားခဲ့၏။
"ငါတို့ ကူညီပေးသင့်တယ် ထင်တယ်"
ဝေဒ မှ မနူး သည် ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါး ဖြစ်သည်။ သူသည် ဒဏ္ဍာရီလာအဆင့် နက္ခတ်များထဲတွင် အဆင့်နိမ့်ချင်နိမ့်နိုင်သော်လည်း ယူဂျွန်ဟော့ အတွက်မူ ကြီးမားသော အားနည်းချက် ဖြစ်နေ၏။
ယူဂျွန်ဟော့ သည် နက္ခတ်နှစ်ပါးကို သတ်ရန်အတွက် လှုပ်ရှားမှုစွမ်းရည်နှင့် မှော်စွမ်းအင် အတော်များများ အသုံးပြုထားပြီး ဖြစ်သည်။ သူသည် ပရိုဂိမ်းမာ ဝိသေသလက္ခဏာ ရှိသော်လည်း ယခုမှစ၍ သူ ရင်ဆိုင်ရမည့်အရာမှာ များလွန်းနေလေပြီ။
[ပါဝင်သူ 'ယူဂျွန်ဟော့' သည် 'ကင်းစောင့်ဂိုလမ်၏ ကောင်းချီး' ကို အသက်ဝင်စေခဲ့ပါသည်။]
ယူဂျွန်ဟော့ သည် မြင့်မားသော ကျောက်ဆောင်ပေါ်တွင် ရပ်လိုက်ပြီး ဧရာမ လေးတစ်ခုကို ချိန်ရွယ်လိုက်သည်။
[ကြယ်အမွေအနှစ် 'ရော်ဘင်ဟုဒ်၏ လေးပြင်း' က အသုံးပြုသူ၏ ပစ်မှတ်တိကျမှုကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့ပါသည်။]
ဒီကောင် ဒါကို ဘယ်တုန်းက ရခဲ့တာလဲ။
ထိုလေးမှာ ၁၅ ခုမြောက် ဇာတ်ဝင်ခန်း နယ်မြေဖြစ်သော လူဂရာတီယာ တွင်သာ ရရှိနိုင်သည့် အရာဖြစ်သည်။ ပုံရိပ်မထင်သော မြားများသည် အီးဒီးပပ်စ် ဘုရင် ၏ ခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားခဲ့သည်။
[အွတ်...]
အမှန်စင်စစ် ယူဂျွန်ဟော့ ၏ အားသာချက်မှာ ဓါးရေးတစ်ခုတည်း မဟုတ်ချေ။ ယူဂျွန်ဟော့သည် လက်နက်လေ့ကျင့်မှု စွမ်းရည်ဖြင့် လက်နက်အမျိုးအစား အားလုံးကို အသုံးပြုနိုင်၏။
[မင်း-မင်းက အနီးကပ် တိုက်ခိုက်တဲ့လူ မဟုတ်ဘူးလား]
ထို့အပြင် ယူဂျွန်ဟော့သည် 'အလုံးစုံကျွမ်းကျင်သူ' ဖြစ်သည်။
[ပါဝင်သူ 'ယူဂျွန်ဟော့' သည် အဆင့်အတန်းဆုလာဘ် အာနိသင်ကို ရရှိပါမည်။]
ဤဂိမ်း လုပ်ဆောင်နေစဉ်အတွင်း ယူဂျွန်ဟော့ သည် မည်သည့် လက်နက်အမျိုးအစားကိုမဆို အသုံးပြုရာတွင် ပြစ်ဒဏ် ပေးခံရမည် မဟုတ်ချေ။
[ငါ မင်းကို သတ်မယ်။ ဒီအရာက... ဒီအရာက...]
အီးဒီးပပ်စ် ဘုရင် သည် သူ၏ခန္ဓာကိုယ်တွင် အပေါက်များ ဖောက်ထွက်သွားသဖြင့် အော်ဟစ်လိုက်သည်။
"ကျုပ်တို့ သွားကူသင့်တယ်"
"ခဏစောင့်ဦး"
လက်ရှိ အခြေအနေတွင် နမော်နမဲ့ လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းက ယူဂျွန်ဟော့ ကို အနှောင့်အယှက်ပေးရာသာ ရောက်ပေလိမ့်မည်။
အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အသက်ဝင်စေလိုက်ပြီးနောက် ယူဂျွန်ဟော့ ၏ လုပ်ဆောင်ချက်များသည် ရုပ်ရှင်နမူနာတစ်ခုကဲ့သို့ ကျနော်၏ ဦးနှောက်ထဲသို့ စီးဝင်လာခဲ့သည်။ ကျနော့်၏ သက်သောင့်သက်သာရှိသော အပြုံးကိုကြည့်ပြီး ဂျန်ဟာယောင်း က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"...ဘာဖြစ်လို့လဲ"
"အဲဒီကောင်က ငါထင်ထားတာထက် ပိုကြောက်စရာ ကောင်းနေလို့လေ"
ယူဂျွန်ဟော့ သည် ဤနေရာသို့ ရောက်လာချိန်မှစ၍ တစ်စက္ကန့်လေးကိုမျှ အလဟဿ အကုန်မခံခဲ့ချေ။
သူ့ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော ‘ကင်းစောင့်ဂိုလမ်၏ ကောင်းချီး’ က သက်သေပင် ဖြစ်သည်။
[ကင်းစောင့်ဂိုလမ်၏ ကောင်းချီး စတင်စုဆောင်းနေပါပြီ။]
ကင်းစောင့်ဂိုလမ်များသည် ချိုင့်ဝှမ်းအပြင်ဘက်တွင် နေထိုင်ကြပြီး ‘မူးမေ့ခြင်း’ အာနိသင်ကို ပေးစွမ်းသည်။ သို့သော် ဤအစွမ်းမှာ သတ်မှတ်ချက်တစ်ခု ရှိသည်။ ‘မူးမေ့ခြင်း’ အာနိသင် ထွက်ပေါ်လာရန်အတွက် ပါဝင်သူသည် အကြိမ် ၂၀ တိတိ အောင်မြင်စွာ တိုက်ခိုက်ရမည် ဖြစ်၏။ ယခု ယူဂျွန်ဟော့ နှင့် အီးဒီးပပ်စ် ဘုရင် ကြားတွင် ၁၀ မီတာခန့်သာ ကွာဝေးတော့သည်။
[ဒီအရာက... ဒီအရာက...]
အီးဒီးပပ်စ် ဘုရင် သည် ခုန်တက်လိုက်ပြီး ယူဂျွန်ဟော့ ကို ပစ်မှတ်ထားရန် ကြိုးစားလိုက်သည်။ သို့သော် အီးဒီးပပ်စ် ဘုရင် ၏ ခန္ဓာကိုယ်မှာ ခြေကျင်းဝတ်မှစ၍ တောင့်တင်းလာပြီး ကျောက်ရုပ်တစ်ခုကဲ့သို့ လဲကျသွားခဲ့သည်။
[ကူညီသူ 'ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ' မူးမေ့သွားပါပြီ။]
မူးမေ့နေသည့် ကြာချိန်မှာ သုံးစက္ကန့်သာ ဖြစ်သည်။ ဤသုံးစက္ကန့်မှာ ယူဂျွန်ဟော့ အတွက် လုံလောက်သော အချိန်ပင်။
[ပါဝင်သူ 'ယူဂျွန်ဟော့' သည် ကူညီသူ 'ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ' ကို သတ်လိုက်ပါပြီ။]
[ပါဝင်သူ 'ယူဂျွန်ဟော့' ၏ အမည်သည် စစ်မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပါပြီ။]
[‘ယူဂျွန်ဟော့ - ကင်ဒေါ့ဂျာ’ စက်မှုဇုန် က ရမှတ် သုံးမှတ် ရရှိသွားပါပြီ။]
သုံးမှတ်တောင်...
ကျနော် ရိုးရိုးသားသားပင် သူ့ကို ချီးကျူးမိသွားသည်။ သေဆုံးနေသော အီးဒီးပပ်စ် ဘုရင် ၏ ပုံစံမှာ လက်တွေ့မဆန်လှချေ။ နက္ခတ်များ၏ စားတော်ဆက်ပွဲတွင် ကျနော်ကို ခြိမ်းခြောက်ခဲ့သော နက္ခတ်ဟုမထင်ရလောက်အောင်ပင် အသတ်ခံလိုက်ရခြင်းဖြစ်၏။
[မိုက်ရူးရဲဆန်တဲ့ကောင်]
သို့သော် တိုက်ပွဲက မပြီးသေးချေ။ ယူဂျွန်ဟော့ သက်ပြင်းမချနိုင်မီမှာပင် စိတ်လှုပ်ရှားနေသော လူသားမျိုးနွယ်ကို တည်ထောင်သူ က ရှေ့သို့ ပြေးဝင်လာသည်။ ယူဂျွန်ဟော့ မှာမူ ယခုအခါ ခွန်အားနှင့် မှော်စွမ်းအင်များ ကုန်ခမ်းနေပြီ ဖြစ်သည်။
လူသားမျိုးနွယ်ကို တည်ထောင်သူ ပိုင်ဆိုင်သော ရှေးဦးလှံ သည် ယူဂျွန်ဟော့ ပြသလိုက်သော ဟာကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုလှံမှာ ကျောက်လက်နက်တစ်ခုနှင့် ဆင်တူသော်လည်း ပါဝင်သော စွမ်းအားမှာမူ ကြီးမားလှသည်။
အခြားတစ်ဖက်တွင်လည်း ယူဂျွန်ဟော့ မှာ ကြံ့ခိုင်လှသည်။ သူသည် ခန္ဓာကိုယ်ကို လိုက်လျောညီထွေစွာ တွန့်လိမ်ကာ ရှောင်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏လက်နက်ကို ဝှေ့ယမ်းလိုက်သည်။ လှံနှင့် ဓါး တိုက်မိသွားပြီး စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။ အဆင့်ကျော်လွန်သူများသာ ပိုင်ဆိုင်သည့် ထူးခြားသော အဝါရောင် အရှိန်အဝါသည် ယူဂျွန်ဟော့ ၏ မဟူရာကောင်းကင်မိစ္ဆာဓါး ကို ရစ်ပတ်ထား၏။ သူ၏ဓါးမှာ မနူး ကိုင်ဆောင်ထားသည့် ရှေးဦးလှံရှိ အပြာရောင် ‘ဂုဏ်သိက္ခာ’ နှင့် ယှဉ်ပြိုင်နေခဲ့လေသည်။
[ဒီသိုင်းပညာက… ဒါတွေက ပိုးကောင်တွေ ချန်ထားခဲ့တဲ့ စွမ်းရည်တွေပဲ။ အသုံးတည့်နေတုန်းပဲလား]
ပါဝင်သူများ အနေဖြင့် ၎င်းတို့၏ စွမ်းအား ၁၀% ကိုသာ အသုံးပြုနိုင်သော အခြေအနေ ဖြစ်သည်။ မနူး သည် သူထိန်းချုပ်နိုင်သော အင်အားပမာဏကို တိတိကျကျ မခန့်မှန်းနိုင်လောက်ပုံပင်။ ခဏလေးအတွင်းမှာပင် အကြိမ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်မိကြပြီး မနူး မှာ ပျော်ရွှင်နေသကဲ့သို့ ရယ်မောလိုက်သည်။
[မင်းက တော်တော်လေး တော်တဲ့ လူသားပဲ။ အဆင့်ကျော်လွန်သူတွေ အများကြီးကို ငါတွေ့ဖူးပေမဲ့ မင်းလောက် အင်အားကြီးတာမျိုး မတွေ့ဖူးသေးဘူး]
"မင်းက ငါ့ဆရာကို မတွေ့ဖူးသေးလို့ပါ"
သိုင်းပညာနှင့် ဆင်တူသော စွမ်းအားတစ်ခု မနူး ၏ လှံမှ ထွက်ပေါ်လာသည်။ မနူး သည် လူသားတစ်ဦး ရရှိနိုင်သော ပါရမီ အမျိုးအစားတိုင်းနီးပါးကို ကျွမ်းကျင်ထားသူ ဖြစ်၏။ မူလကဆိုလျှင် လက်ရှိ ယူဂျွန်ဟော့ မှာ မနူး ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မနူး မှာ ဤကဲ့သို့ ကြာရှည်သော တိုက်ပွဲကို မတိုက်ခိုက်ရသည်မှာ ကြာပြီဖြစ်သောကြောင့် အင်အားချင်းမှာ မျှတနေခဲ့သည်။
[စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ နက္ခတ်တစ်ပါး ဖြစ်လာကတည်းက ၁၀ ချက်ထက်ပိုပြီး ငါနဲ့ယှဉ်ပြိုင်နိုင်သူမရှိခဲ့ဘူး]
အတင်းအကျပ် ထိန်းထားရသော အင်အားမျှခြေက ဤရင်ဆိုင်မှုကို ဆက်လက်တည်မြဲစေသည်။ ရှေ့သို့ ထွက်သွားတော့မည့် ဂျန်ဟာယောင်း ကို ကျနော်လှမ်းဖမ်းလိုက်သည်။
"ဒီအတိုင်းဆိုရင် အဲဒီလူ သေလိမ့်မယ်နော်"
ကျနော်တို့ ထွက်သွားလျှင်လည်း ယူဂျွန်ဟော့သေဦးမည်ပင် ဖြစ်လိမ့်မည်။ ကျနော်သည် လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ကို အသုံးပြု၍ ပြေးထွက်သွားပြီး မနူး ၏ လည်ပင်းကို ဖြတ်ပစ်ချင်နေမိသည်။
သို့သော် လောလောဆယ်တွင် ကျနော် အောင့်အည်းသည်းခံရမည်။ ကျနော် ထင်ထားသလိုသာ ဖြစ်လာလျှင် ယူဂျွန်ဟော့ သည် မကြာမီ အခွင့်အရေးတစ်ခုကို ရရှိပေလိမ့်မည်။ ကျနော် လိုအပ်သည်မှာ အချိန်သာ ဖြစ်သည်။ အချိန်သာ လို၏။
"ဂျန်ဟာယောင်း၊ တံတိုင်းကနေတစ်ဆင့် မက်ဆေ့ချ် တစ်ခု ပို့လိုက်"
"ဟမ်… ဘယ်သူ့ကိုပို့ရမှာလဲ"
"လူသားမျိုးနွယ်ကို တည်ထောင်သူ ဆီကိုပို့"
"ဟင်။ အခု ယူဂျွန်ဟော့ နဲ့ တိုက်နေတဲ့လူလား။ အာ..."
လိမ္မာပါးနပ်သော ဂျန်ဟာယောင်း သည် ကျနော့် အစီအစဉ်ကို ရိပ်မိသွားသည်။ ဂျန်ဟာယောင်း သည် အမည်မသိတံတိုင်း ကို ဖွင့်လိုက်ပြီး မက်ဆေ့ချ်တစ်ခု ရေးလိုက်သည်။ မကြာမီမှာပင် မနူး ၏ ဇဝေဇဝါဖြစ်နေသော အသံ ထွက်ပေါ်လာခဲ့သည်။
[ဘာလဲဟ။ ဒီမက်ဆေ့ချ်တွေက...]
မနူး ရင်ဆိုင်နေရသော အခြေအနေကို သိရန် ကျနော် မေးနေစရာ မလိုချေ။ ‘၁၅ နှစ်အရွယ် ကျောင်းသူလေး’ ဆီမှ ပေးပို့သော မရေမတွက်နိုင်သော မက်ဆေ့ချ်များသည် သူ၏ မြင်ကွင်းထဲတွင် ကြော်ငြာဝင်းဒိုးများကဲ့သို့ တဖွဲဖွဲ ပေါ်နေပေလိမ့်မည်။
[ဒီလို ရယ်စရာကောင်းတဲ့ နည်းဗျူဟာမျိုးကို သုံးတယ်ဆိုပဲ]
မနူး တုံ့ဆိုင်းသွားစဉ် ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှ ဖြူစင်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ တောက်ပသော ထိုအလင်းကို ကျနော် အရင်က တွေ့ဖူးသည်။ ယောင်ဟီဝန် သည် ဖျက်ဆီးခြင်း၏ တရားသူကြီး အဖြစ် ဆင့်ကဲပြောင်းလဲချိန်တွင် ထိုကဲ့သို့အလင်းမျိုးဖြစ်ခဲ့ဖူးသည်။ လီဟန်းဆောင်က မဟာတောင်ဖြိုတွန်းအား ကို သင်ယူချိန်တွင်လည်း ပေါ်ခဲ့ဖူးလေသည်။
[ဇာတ်ကောင် 'ယူဂျွန်ဟော့' သည် ဝိသေသ လက္ခဏာ ဆင့်ကဲပြောင်းလဲမည့် အချိန်သို့ ရောက်ရှိပါပြီ။]
[ဇာတ်ကောင် 'ယူဂျွန်ဟော့' ၏ ဝိသေသ လက္ခဏာ 'ပရိုဂိမ်းမာ' သည် ဆင့်ကဲပြောင်းလဲသွားပါပြီ။]
ဝိသေသ လက္ခဏာ ဆင့်ကဲပြောင်းလဲခြင်း။ နောက်ဆုံးတွင် ယူဂျွန်ဟော့ ၏ ဒုတိယမြောက် ဝိသေသ လက္ခဏာသည် အပြည့်အဝ ပွင့်လန်းလာခဲ့ပြီ ဖြစ်သည်။ မနူး သည် ရှေ့သို့ တိုးဝင်လာပြီး သူ၏ လှံကို ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှ စူးရှတောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ထိုလှပသော မြင်ကွင်းကို ကြည့်ရင်း Ways of Survival ၏ နောက်ဆုံးပိုင်းတွင် လီဂျီဟယ် ပြောခဲ့သည့် စကားကို ကျနော်ပြန်လည်အမှတ်ရမိသည်။
「 "ဆရာ့မှာ ဝိသေသ လက္ခဏာတွေ အများကြီး ရှိတာ။ အင်း... အကောင်းဆုံးကတော့ နောက်ပြန်ဆုတ်သူဆိုတာ ပြောစရာတောင် မလိုလောက်ပါဘူးလေ။ အဲဒီအကောင်းဆုံးအပြင် အစွမ်းထက်ဆေး၏သခင် နဲ့ နတ်ဘုရားနှင့်မိစ္ဆာတို့၏ရန်သူ တွေကလည်း အစွမ်းထက်တာပဲ... ဟင်။ ဘယ်တစ်ခုကို အားအကျဆုံးလဲ ဟုတ်လား။ ဟားဟား၊ အဲဒါကတော့ မေးနေစရာတောင် မလိုဘူး..." 」
မနူး ၏ လှံသိုင်းမှာ ယူဂျွန်ဟော့ အပေါ်တွင် အလဟဿ ဖြစ်သွားခဲ့သည်။
「 "ပျော်ရွှင်မှု၏ အုပ်စိုးသူ ပေါ့။ အဲဒါပဲ" 」
ယူဂျွန်ဟော့ သည် ကျနော် အမြဲတမ်း ဖတ်ခဲ့ရဖူးသော မျက်နှာအမူအရာမျိုး ပြုလုပ်ရင်း သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
「 ထိုအခိုက်အတန့်တွင် ယူဂျွန်ဟော့ သည် ဤဂိမ်းနှင့် ပတ်သက်သမျှ အရာအားလုံးကို နားလည်သွားပုံရသည်။ 」
ယူဂျွန်ဟော့ ၏ မျက်လုံးထဲတွင် မနူး ၏ တိုက်ခိုက်မှုအားလုံးမှာ ၀ နှင့် ၁ များ ပေါင်းစပ်ထားသည့် ပုံစံမျိုး မြင်နေရပေလိမ့်မည်။
ဤသည်က ဒဏ္ဍာရီလာ ဝိသေသ လက္ခဏာဖြစ်သော ပျော်ရွှင်မှု၏ အုပ်စိုးသူ ဖြစ်သည်။ ဤစင်မြင့်မှာ ‘ဂိမ်း’ တစ်ခု ဖြစ်နေသရွေ့ ယူဂျွန်ဟော့ သည် ကမ္ဘာပေါ်ရှိ မည်သည့် နက္ခတ်ထက်မဆို နတ်ဘုရားတစ်ပါးနှင့် ပို၍ နီးစပ်နေပေလိမ့်မည်။