← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 21 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 21 Ch. 265-266

အခန်း ၂၆၅

- အပိုင်း ၅၀ - ဒေါ့ဂျာ၏ ဇာတ်လမ်း (၂)

ယူဂျွန်ဟော့ ဖိတ်ခေါ်ခဲ့သော 'စစ်ကူ' မှာ စုစုပေါင်း သုံးဦး ဖြစ်သည်။ သားရဲသခင် ရှင်ယူဆောင်း၊ သံမဏိဓါး လီဟန်းဆောင် နှင့်...

"ဟန်းဆောင်။ ဒေါ့ဂျာကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ"

အရီယက်ဒ်နီ၏ ပင့်ကူအိမ် က လေထဲသို့ ပျံသန်းသွားပြီး ကျနော့်ကို လီဟန်းဆောင် ၏ ကျောပေါ်သို့ တင်ပေးလိုက်သည်။ ကြောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးမှာ ဟာမီးစ်၏ လမ်းလျှောက်နည်းစနစ်ဖြင့် ကောင်းကင်ယံတွင် ပြေးလွှားနေသည်။ ထိုအမျိုးသမီးမှာ အိုလံပတ်စ် ၏ ကိုယ်စားလှယ် ယူဆန်းအာ ပင် ဖြစ်သည်။

"ယူဆောင်း၊ အဝေးကနေပဲ မီးလျှံနဲ့ မှုတ်ထုတ်ပေး။ ဟန်းဆောင် ဒီကနေ ထွက်သွားနိုင်တဲ့အထိ ဆက်တိုက်ပစ်ပေး"

ခိုင်မဲရာ နဂါး က ဟိန်းဟောက်ပြီး မီးလျှံကို မှုတ်ထုတ်လိုက်သည်။ ကမ္ဘာဖျက် အီမူဂီ မှာ တော်တော်လေး နာကျင်သွားပုံရပြီး အော်ဟစ်နေတော့သည်။

['သံမဏိသခင်' နက္ခတ်က သူ၏ ကိုယ်စားလှယ်ထံသို့ များပြားလှသော ဖြစ်နိုင်စွမ်းများကို ပေးအပ်လိုက်ပါပြီ။]

['ဝင်္ကပါထဲက စွန့်ပစ်ခံရသူ' နက္ခတ်က သူ၏ ကိုယ်စားလှယ်ကို ထောက်ပံ့နေပါသည်။]

['ကောင်းကင်ခြေလှမ်း၏ သခင်' နက္ခတ် က သူ၏ ကိုယ်စားလှယ်ကို ထောက်ပံ့နေပါသည်။]

လီဟန်းဆောင် နှင့် ယူဆန်းအာ တို့ကို ထောက်ပံ့ထားသော နက္ခတ်များမှာ အတော်လေး ရုန်းကန်နေရပုံ ပေါ်သည်။ ယူဆန်းအာ၏ အမိန့်ပေးမှုကြောင့် လီဟန်းဆောင် ၏ ပုခုံးပေါ်သို့ အတင်းအကျပ် ကျနော် အတင်ခံလိုက်ရသည်။

"...လီဟန်းဆောင်"

"ငြိမ်ငြိမ်နေပါ။ ဒေါ့ဂျာ"

"ဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျနော် အခု လှုပ်ရှားနိုင်ပါပြီ"

သို့သော်လည်း လီဟန်းဆောင် သည် သန်မာလှစွာ ကျနော့်ကို ချီပိုးထားဆဲပင်။ သူ လုပ်ဆောင်ခဲ့သည်မှာ ချိုင့်ဝှမ်းပေါ်သို့ တိတ်ဆိတ်စွာ တက်လှမ်းနေခြင်းသာ ဖြစ်သည်။ ချိုင့်ဝှမ်းထိပ်ကို မြင်လိုက်ရသောအခါ လီဟန်းဆောင် က ပြောလိုက်သည်။

"ဒေါ့ဂျာ။ လက်ပစ်ဗုံး ပစ်ဖူးလား"

"...လက်ပစ်ဗုံးဟုတ်လား"

"လက်ပစ်ဗုံး တစ်လုံးကို သုံးဖို့ဆိုရင် အဆင့်သုံးဆင့် ဖြတ်ကျော်ရတယ်။ ဘေးကင်းရေး ကလစ်ကို ဖြုတ်ရမယ်၊ ဘေးကင်းရေး ပင်အပ်ကို ဖြုတ်ရမယ်၊ ပြီးရင် ပစ်ရမယ်"

"လေ့ကျင့်ရေးစခန်းမှာ ပစ်ဖူးလို့ ကျနော် သိပါတယ်"

"ဒါဆိုရင် လက်ပစ်ဗုံးတစ်လုံးအတွက် ဘေးကင်းရေး ပင်အပ်က ဘယ်လောက် အရေးကြီးသလဲဆိုတာ ခင်ဗျား သိမှာပေါ့"

လီဟန်းဆောင် ဘာပြောချင်နေသည်ကို ကျနော် နားလည်သွားခဲ့သည်။

" ဘေးကင်းရေး ပင်အပ်ကို ကျုပ်ပျောက်သွားခဲ့တယ်"

"...ပြီးခဲ့တဲ့ တစ်ခေါက်ကပြောခဲ့တာက ကျည်ဆန်ခွံ မဟုတ်ဘူးလား"

"နောက်တစ်ခါ ထပ်မပျောက်စေရဘူးလို့ ကျုပ် တွေးခဲ့မိတယ်လေ"

လီဟန်းဆောင် က ခေါင်းလှည့်ပြီး ကျနော့်ကို ကြည့်လိုက်သည်။

"ဘေးကင်းရေး ပင်အပ်ကို တစ်ခါ ထည့်ပြီဆိုရင်လည်း သေချာထည့်ဖို့လိုတယ်"

မကြာမီတွင် ကျနော်တို့ ချိုင့်ဝှမ်းထိပ်သို့ ရောက်ရှိသွားကြသည်။ အောက်ခြေတွင်မူ ယူဆန်းအာ နှင့် ရှင်ယူဆောင်း တို့မှာ ခိုင်မဲရာ နဂါးကို စီးနင်းပြီး ချိုင့်ဝှမ်းထဲမှ ထွက်လာကြသည်။ ရှင်ယူဆောင်း ၏ တောက်ပစွာ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် ကျနော်၏ ရင်ထဲတွင် ခံစားချက်တို့ ရှုပ်ထွေးသွားခဲ့သည်။

"ဟန်းဆောင်"

"...ဟုတ်ကဲ့"

လီဟန်းဆောင် ဘာပြောချင်သလဲဆိုတာ ကျနော် သိသည်။ သူသည် တစ်သက်လုံး စစ်သားတစ်ယောက် ဖြစ်ခဲ့သဖြင့် ဤနည်းလမ်းဖြင့်သာ သူ၏ ခံစားချက်ကို ဖော်ပြတတ်ခြင်း ဖြစ်ပေလိမ့်မည်။

"လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

နှာမှုတ်သံ တစ်ခုကို ကြားလိုက်ရသော်လည်း ကျနော် ဘာမှ မသိသလို ဟန်ဆောင်နေလိုက်သည်။ ခဏအကြာတွင် တစ်စုံတစ်ခုက ဝက်သစ်ချသီးလေး လိမ့်လာသလိုမျိုး လိမ့်လာပြီး ကျနော်၏ ခြေထောက်ကို ဝင်တိုက်လိုက်သည်။

"ဦးလေး"

သူသည် ကျနော်၏ စုတ်ပြတ်နေသော ခြေထောက်ကို တန်ဖိုးထားသည့်အလား ဖက်ထားလိုက်သည်။

"မတွေ့ရတာ ကြာပြီနော်။ ယူဆောင်း"

ရှင်ယူဆောင်း သည် သူ၏ မျက်နှာကို ကျနော်၏ ဝတ်ရုံနှင့် ပွတ်တိုက်ရင်း ခေါင်းကို အားပါပါ ညိတ်လိုက်သည်။ ကျနော် ရှင်ယူဆောင်း ၏ ကျောပြင်ကို ပုတ်ပေးနေစဉ် ယူဆန်းအာ ချဉ်းကပ်လာသည်။

"မတွေ့ရတာ ကြာပြီနော်။ ဒေါ့ဂျာ"

"ဟုတ်ကဲ့။ နေကောင်းရဲ့လား"

ကျနော်ပြန်ဖြေမိသည်က မိုက်မဲသော မေးခွန်းတစ်ခု ဖြစ်နေသည်။ ဇာတ်ဝင်ခန်း စတင်ကတည်းက ဘယ်သူမှ နေကောင်းနိုင်မည် မဟုတ်ချေ။

"ဒေါ့ဂျာကတော့ အရင်အတိုင်းပါပဲလား"

ယူဆန်းအာ ၏ အပြုံးမှာ လုပ်ယူထားခြင်း မဟုတ်ချေ။ ကမ္ဘာကြီး မပျက်စီးမီနှင့် ပျက်စီးပြီးနောက်တွင် ကျနော်၏ ပြက်လုံးများကို လိုက်ရယ်ပေးသူမှာ ယူဆန်းအာ တစ်ဦးတည်းသာ ရှိသည်။

"တခြားသူတွေရော အခြေအနေဘယ်လိုရှိလဲ..."

"ကျမတို့ပဲ လာခဲ့တာပါ။ ဟီဝန် နဲ့ ကလေးတွေလည်း လာချင်ကြပေမဲ့ ထားခဲ့လိုက်ရတယ်လေ..."

"သမီးက လီဂီယောင် နဲ့ ဒင်္ဂါးခေါင်းပန်းလှန်တာ နိုင်လို့ လာခဲ့တာ"

ရှင်ယူဆောင်း က ရယ်မောရင်း ကြားဖြတ်ပြောလိုက်သည်။

ဪ။

ကျနော်၏ အသက်မှာ ဒင်္ဂါးခေါင်းပန်းလှန်ခြင်းဖြင့် ဆုံးဖြတ်ခံလိုက်ရခြင်းပင်။ ကျနော် ရှင်ယူဆောင်း ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ယူဆန်းအာ"

"ကျမလည်း လာဖို့ပဲ စဉ်းစားနေတာပါ။ ဒေါ့ဂျာရဲ့ ကံကြမ္မာကို ဆာဂျိုးဗေဒင်တွက်ကြည့်တာမှာ နိမိတ်မကောင်းတာတွေ တွေ့ရလို့လေ"

" ဆာဂျိုးဗေဒင် ဟုတ်လား"

အဆိုပါစွမ်းရည်ကို ကျနော် သိသည်။ ကိုရီးယား ကျွန်းဆွယ်တွင် ဤစွမ်းရည်ရှိသော နက္ခတ်မှာ တစ်ပါးတည်းသာ ရှိသည်။

"ဟုတ်တယ်၊ 'မဟာ ကံဆိုးမိုးမှောင်ကျခြင်း' လို့ ထွက်နေတာ။ ဆိုယောင်း နဲ့ ကျမ ဘယ်သူသွားရမလဲ စဉ်းစားနေတုန်းမှာ ယူဂျွန်ဟော့ က ဆက်သွယ်လာတာလေ"

ဘာတွေဖြစ်နေသလဲဆိုတာ ကျနော် အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ဟန်ဆိုယောင်း နှင့် ယူဆန်းအာ တို့က ဒင်္ဂါးခေါင်းပန်းလှန်လိမ့်မည်ဟု ကျနော် မထင်ချေ။ ထို့ကြောင့်... ဟန်ဆိုယောင်း တွင် ပြဿနာတစ်ခုခု ရှိနေသဖြင့် ယူဆန်းအာသာ ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။ ဟန်ဆိုယောင်း သည် ကျနော် အပ်နှံထားသော အလုပ်ကို ကောင်းကောင်း လုပ်ဆောင်နေပုံရ၏။

"ဆိုယောင်းလည်း လာချင်နေတာပါ"

"အာ... ဟုတ်ကဲ့ "

ထိုစကားမှာ လိမ်ညာခြင်း ဖြစ်သည်။ ဟန်ဆိုယောင်းက ကျနော်ကို မုန်းနေသောသူဖြစ်သည်။

ထိုစဉ် ချုံပုတ်တစ်ခုအတွင်းမှ တဂျောက်ဂျောက်အသံတစ်ခု ထွက်ပေါ်လာသည်။ ကျနော်သည် အပေါင်းအဖော်များနှင့် ပြန်လည်ဆုံတွေ့ရသဖြင့် စိတ်လှုပ်ရှားနေမိရာ ဂိမ်းမပြီးသေးသည်ကို မေ့နေခဲ့သည်။ အဖွဲ့နှင့်အတူ တောအုပ်အတွင်းသို့ အမြန်ပြေးဝင်ရင်း ကျနော်မေးလိုက်သည်။

"ဒီက အခြေအနေကို သိထားကြလား"

ယူဆန်းအာ က ခေါင်းညိတ်လိုက်သည်။

"ဘီဟွန်း ဆီကနေ ဇာတ်လမ်းကို ကြားထားပါတယ်"

ယူဂျွန်ဟော့ သည် ပျော်ရွှင်မှု၏အုပ်စိုးသူအစွမ်း နှင့်အတူ Tanker နေရာတွင် တိုက်ခိုက်နေပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူ၏ သက်စောင့်ဓါတ်မှာ အောက်ခြေသို့ ရောက်လုနီးပါး ဖြစ်နေပေလိမ့်မည်။

ဒုတိယမြောက် ဂိမ်းမှာ ဤနေရာတွင် ဆုံးဖြတ်ရပေလိမ့်မည်။

ခိုင်မဲရာ နဂါး က လေလှိုင်းတစ်ခုကို မှုတ်ထုတ်လိုက်ရာ အနီးနားရှိ သစ်ပင်များ ပြိုလဲသွားသည်။ နက္ခတ်များ တိုက်ခိုက်နေသော စစ်မြေပြင်မှာ ရှင်းလင်းစွာ ပေါ်ထွက်လာသည်။

"ယူဂျွန်ဟော့"

နက္ခတ်များ ဝိုင်းရံထားခြင်း ခံနေရသော နေရာမှ ယူဂျွန်ဟော့ က ကျနော့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

「 မင်း နောက်ကျတယ် 」

သူသည် အရင်အတိုင်း မာနထောင်လွှားနေဆဲ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှ စီးကျနေသော သွေးများကမူ သူသည် သေအံ့ဆဲဆဲ ဖြစ်နေသည်ကို ဖော်ပြနေ၏။

[မင်း… သူ့မှာ စာသားရှိနေတယ်ဟေ့]

နက္ခတ်တစ်ပါးက အော်ဟစ်လိုက်သည်ကို ထောက်လျှင် စာသားရှိမရှိကို အကဲဖြတ်နိုင်သော သီးသန့်စွမ်းရည် တစ်ခုခု ရှိနေပုံရသည်။

ကျနော်တို့အဖွဲ့ကို ဖယ်လိုက်လျှင် ကျန်ရှိနေသော ပါဝင်သူအရေအတွက်မှာ ခြောက်ဦး ဖြစ်သည်။ ကျနော်တို့ဘက်တွင်မူ စစ်ကူအသစ်များ အပါအဝင် ငါးဦးသာ ရှိသည်။ ထို့အပြင် ယူဂျွန်ဟော့ မှာလည်း ဆက်လက် တိုက်ခိုက်ရန် မစွမ်းသာတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

[သွားကြတော့]

တိုက်ပွဲအရှိန် အထွတ်အထိပ်သို့ ရောက်လာသည်နှင့်အမျှ နက္ခတ်များသည် လူသားမျိုးနွယ်ကို တည်ထောင်သူ နှင့် ဗာနာရာ၏ စစ်သူကြီး တို့ကို ဗဟိုပြု၍ စစ်ကြောင်းတစ်ခု တည်ဆောက်လိုက်ကြသည်။

သူတို့ထံသို့ ပထမဆုံး ပြေးဝင်သွားသူမှာ သံမဏိဓါး လီဟန်းဆောင်ပင် ဖြစ်သည်။

"ငါ… နောက်တစ်ခါ…ထပ်ပြီး…အဆုံးရှုံး…မခံနိုင်ဘူး"

လီဟန်းဆောင် သည် ရှေ့သို့ ပျံသန်းဝင်ရောက်သွားပြီး ဒဏ္ဍာရီလာအဆင့် နက္ခတ် မနူး နှင့် စတင် တိုက်ခိုက်တော့သည်။

မနူး သည် ကိုယ်စားလှယ်တစ်ဦးနှင့် လက်ရုံးချင်း ယှဉ်နေရသည်ကို မကျေနပ်သည့်အလား မျက်မှောင်ကြုတ်လိုက်သည်။ မနူး ၏ လက်ချောင်းထိပ်များမှ ပြင်းထန်သော 'စွမ်းရည်' များက တောက်လောင်လာပြီး လီဟန်းဆောင် ၏ သံမဏိ အခွံမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။ သို့သော် လီဟန်းဆောင် မှာမူ နောက်မဆုတ်ခဲ့ချေ။

['သံမဏိသခင်' နက္ခတ် က 'လူသားမျိုးနွယ်ကို တည်ထောင်သူ' ကို စိုက်ကြည့်နေပါသည်။]

လူသားမျိုးနွယ်ကို တည်ထောင်သူ မှာ ဒဏ္ဍာရီလာအဆင့် ဖြစ်သော်လည်း သံမဏိသခင် သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ လီဟန်းဆောင် ၏ ကိုယ်ပေါ်တွင် ထွက်ပေါ်လာသော သံမဏိအသွင်ပြောင်းခြင်း ၏ ဆူးချွန်များကို ကြည့်ပြီး သူ ဖြတ်ကျော်ခဲ့ရသော ကိုယ်ပိုင်ဇာတ်ဝင်ခန်းများမှာ မည်မျှအထိ ပြင်းထန်ခဲ့မည်ကို ကျနော် ခန့်မှန်းရုံသာ တတ်နိုင်တော့သည်။ သူ၏အဆင့်မှာ ကိုယ်စားလှယ် ၁၀ ဦးထက်မက ရောက်ရှိနိုင်သော အဆင့်မျိုး မဟုတ်ချေ။ လက်ရှိ လီဟန်းဆောင် သည် အခြား မည်သည့် နောက်ပြန်ဆုတ်မှုမှ လီဟန်းဆောင် ထက်မဆို သာလွန်သော ကြီးထွားမှု အလားအလာကို ပြသနေ၏။

ယူဆန်းအာ သည် ထိုမြင်ကွင်းကို ကြည့်ပြီး ရှေ့သို့ ပြေးထွက်သွားသည်။

"အိုလံပတ်စ် ကို ကျမ ရင်ဆိုင်လိုက်မယ်"

[ဒီမိန်းကလေး ရူးနေတာလား]

အီးဒီးပပ်စ် ဘုရင် က ယူဆန်းအာ ကို တွေ့သွားခဲ့သည်။ သူတို့ နှစ်ဦးစလုံးမှာ အိုလံပတ်စ် နှင့် သက်ဆိုင်သူများ ဖြစ်ကြ၏။ သို့သော် ဒီယွန်နီဆပ် ထံမှ ကျနော် ကြားထားရသလောက်ဆိုလျှင် အိုလံပတ်စ်သည် လက်ရှိတွင် ပြည်တွင်းစစ် ဖြစ်ပွားနေလေသည်။

[ကောင်းကင်ခြေလှမ်း၏ သခင်။ မင်းက အခု မှားယွင်းတဲ့ ရွေးချယ်မှုကို လုပ်နေတာပဲ]

ကျနော် အခြေအနေ အတိအကျကို မသိသော်လည်း ဒီယွန်နီဆပ် နှင့် ဟာမီးစ် တို့ ဦးဆောင်သော အဖွဲ့သည် လက်ရှိ အိုလံပတ်စ် ထံမှ သီးခြားခွဲထွက်ရန် ကြိုးစားနေခြင်းမှာ ထင်ရှားလှသည်။

ယူဆန်းအာ က အီးဒီးပပ်စ် ဘုရင် နှင့် စတင် တိုက်ခိုက်နေစဉ် ရှင်ယူဆောင်း က ခိုင်မဲရာ နဂါးကို လှုပ်ရှားလိုက်သည်။

သိပ်သည်းသော မီးလျှံမီးလုံးများက စစ်မြေပြင်ကို ဖုံးလွှမ်းသွားသည်။ အဆိုပါမီးများကို မရှောင်တိမ်းနိုင်သော နက္ခတ်များမှာ အော်ဟစ်နေကြတော့သည်။

[အချိန် ၁၀ မိနစ်သာ ကျန်ပါတော့သည်။]

ဒုတိယအကျော့မှာ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် အသင်းတစ်ခုစီ၏ ရမှတ်များမှာ တူညီလုနီးပါး ဖြစ်နေသည်။ နက္ခတ်များမှာ အသည်းအသန် ဖြစ်နေကြသည်။ နက္ခတ်အချို့မှာ ခိုင်မဲရာ နဂါးထံသို့ ဦးတည်သွားကြသဖြင့် နဂါးနှင့် ရှင်ယူဆောင်း တို့မှာ အကျပ်အတည်းနှင့် ကြုံတွေ့နေရလေသည်။

နဂါးမှာ ကမ္ဘာဖျက် အီမူဂီ ကို ရင်ဆိုင်စဉ်က စွမ်းအင်များစွာ သုံးစွဲထားခဲ့သဖြင့် သူ၏ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်တော့ချေ။

[နဂါးပေါက်လေးဟ။ အရွယ်ပဲ ကြီးတာပါ]

အကယ်၍ ဤအကျော့သာ သရေဖြင့် ပြီးဆုံးသွားပါက ကျနော်တို့ဘက်မှ နစ်နာပေလိမ့်မည်။ ဂိမ်းမှာ တတိယအကျော့သို့ ဆက်သွားရမည် ဖြစ်ပြီး ကျနော်တို့ အနိုင်မရခဲ့လျှင် ဒဏ်ခတ်မှုများ မရှိတော့သော ဇာတ်ခုံပေါ်တွင် နက္ခတ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

ယူဂျွန်ဟော့ က ထိုအချက်ကို သိထားသဖြင့် စော်ဘွား ဘာကန် ကို ညွှန်ပြလိုက်သည်။

"စော်ဘွားကို သတ်လိုက်။ စာသားက သူ့ဆီမှာ ရှိတယ်"

ကျနော် ခေါင်းညိတ်ပြလိုက်သည်။

"ငါ လမ်းဖောက်ပေးမယ်"

ယူဂျွန်ဟော့ က သူ၏ မှော်စွမ်းအင်များကို ညှစ်ထုတ်ပြီး ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကို အသုံးပြုလိုက်သည်။

[သူတို့က စာသားကို ပစ်မှတ်ထားနေကြတာပဲ]

ယူဂျွန်ဟော့ သည် လမ်းတစ်ခု ဖြစ်ပေါ်လာစေရန် အထပ်ထပ် အခါခါ ခုတ်ပိုင်းလိုက်သည်။ သူသည် သူ၏ နောက်ဆုံးအင်အားကို အသုံးပြု၍ မြေပြင်ပေါ်တွင် ဧရာမ စက်ဝိုင်းခြမ်းပုံစံ ရေးဆွဲလိုက်ရာ နက္ခတ်များမှာ သူ၏ထံသို့ အတင်းပြေးဝင်လာကြလေသည်။

「 ကျန်တာကို မင်းတာဝန်ယူလိုက်တော့။ ကင်ဒေါ့ဂျာ 」

ယူဂျွန်ဟော့ ၏ နှလုံးသားကို မနူး ၏ လှံက ထိုးဖောက်သွားခဲ့သည်။

[ကူညီသူ 'ယူဂျွန်ဟော့' သေဆုံးသွားပါပြီ။]

သူသည် သေဆုံးသည့် အခိုက်အတန့်မှာပင် မတ်မတ်ရပ်နေခဲ့သည်။ ယူဂျွန်ဟော့ ပျောက်ကွယ်သွားပြီးနောက် နက္ခတ်များက ကျနော်ထံသို့ လှည့်လာကြသည်။ ရှေးဦးလှံ နှင့် အလင်းတန်းတစ်ခုမှာ ကျနော်ထံသို့ ဦးတည်လာသည်။ သို့သော် ထိုတိုက်ခိုက်မှုများမှာ ကျနော်ထံသို့ မရောက်ရှိခဲ့ချေ။

"ဒေါ့ဂျာ"

လီဟန်းဆောင် က နက္ခတ်များ၏ တိုက်ခိုက်မှုကို ဟန့်တားရန် သံမဏိအသွင်ပြောင်းခြင်း ကို အသက်ဝင်စေလိုက်သည်။ ပြင်းထန်သော အပူရှိန်နှင့် တုန်ခါမှုမှာ အလွန်အမင်း နာကျင်စရာ ကောင်းပေလိမ့်မည် ဖြစ်သော်လည်း လီဟန်းဆောင် မှာမူ ပို၍ပင် တက်ကြွနေပုံရသည်။ အဝေးတွင် စော်ဘွား ဘာကန် ကို မြင်နေရပြီ ဖြစ်သည်။

[အချိန် ၅ မိနစ်သာ ကျန်ပါတော့သည်။]

"ဟန်းဆောင်။ ကျနော့်ကို ပစ်လွှတ်ပေးပါ"

"မဖြစ်နိုင်တာ။ အဲဒါကို နောက်တစ်ခါ ထပ်လုပ်မယ်လို့..."

"ဘေးကင်းရေး ပင်အပ်ကို ဖြုတ်ပြီးရင် လက်ပစ်ဗုံးကို ပစ်ရမယ်လေ"

ကျနော် လီဟန်းဆောင် ၏ တုန်လှုပ်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

"ကျနော် ဒီမှာ သေရင်တောင် တကယ် သေမှာ မဟုတ်ပါဘူး"

အမှန်တကယ် သေဆုံးခြင်းဆိုသည်မှာ ဤမိစ္ဆာဘုရင် ရွေးချယ်ပွဲတွင် ရှုံးနိမ့်ခြင်းပင် ဖြစ်သည်။ လီဟန်းဆောင် သည် ခဏမျှ ကြည့်နေပြီးနောက် မျက်လုံးများကို မှိတ်လိုက် ဖွင့်လိုက် လုပ်လိုက်သည်။ လီဟန်းဆောင် ၏ မျက်လုံးများမှာ စစ်သားတစ်ယောက်၏ မျက်လုံးများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။

"ခင်ဗျားရဲ့ အလိမ်အညာတွေကို ကျုပ် နောက်တစ်ခါ ထပ်မယုံတော့ဘူး"

"မဟုတ်ဘူး၊ အခုက ခေါင်းမာနေရမယ့် အချိန် မဟုတ်—"

"ခင်ဗျား သေရင် ကျနော်တို့ အတူတူ သေရမှာပဲ"

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က အလွန်အမင်း ဝမ်းသာနေပါသည်။]

"ကျနော် ဒါကို လုပ်ကိုလုပ်ရမယ်"

ထို့နောက် လီဟန်းဆောင် သည် ကျနော့်ကို ကျောပိုး၍ စတင်ပြေးတော့သည်။ မနူး သည် ပြေးဝင်လာသော လီဟန်းဆောင် နှင့် တိုက်မိပြီး ဘိုးလင်းတံများကဲ့သို့ မြေပြင်ပေါ်တွင် လိမ့်သွားခဲ့သည်။

[အွတ်… ရဲတင်းလှချေလား။ ကိုယ်စားလှယ်ကောင်]

ထသောင်းကျန်းနေသော လီဟန်းဆောင် ကို မည်သူမျှ မတားဆီးနိုင်ခဲ့ချေ။ အနည်းဆုံးတော့ ထိုသို့ ထင်ရသည်။

[တက်ကြွနေတဲ့ ကလေးပဲ။ ငါ စောစောက ပြောခဲ့သလိုပဲ၊ ဒါက 'သမိုင်းကြောင်း' တစ်ခု ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါသေးတယ်]

လီဟန်းဆောင် ၏ လှုပ်ရှားမှုများမှာ ပြင်းထန်သော 'အဆင့်အတန်း' တစ်ခုကြောင့် ရပ်တန့်သွားခဲ့သည်။ အမြင့်မြတ်ဆုံးသော အလင်းနတ်ဘုရား သူရိယ သည် သူ၏ အင်အားများကို ပြန်လည်စုဆောင်းပြီး လမ်းကို ပိတ်ဆို့ထားခြင်း ဖြစ်သည်။ သူ၏ တတိယမျက်လုံးမှာ ကောင်းကောင်း အလုပ်မလုပ်တော့သော်လည်း သူသည် ဝေဒ ၏ လောကပါလ တစ်ပါး ဖြစ်နေဆဲပင်။ ကျနော်တို့ကို တားဆီးနိုင်သော စွမ်းအား သူ၏ထံတွင် ရှိနေ၏။

သူ၏ လက်လေးဖက်မှာ လှုပ်ရှားသွားပြီး ပြေးလွှားနေသော လီဟန်းဆောင် ကို နောက်သို့ တွန်းထုတ်လိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ သူ ထပ်မံ ကြိုးစားသော်လည်း ထိုနည်းတူပင် ထပ်ဖြစ်ခဲ့သည်။

[အခု မင်း ရပ်နေတဲ့ နေရာက လူသားတွေအတွက် နေရာပဲ။ အမှားဟောင်းတွေကိုပဲ ထပ်ခါထပ်ခါ လုပ်နေတဲ့ လူသားတွေလေ]

ကျနော်သည် လီဟန်းဆောင် ၏ ကျောပေါ်မှနေ၍ လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ကို အသက်ဝင်စေလိုက်သည်။ ကျနော်၏ လက်သီးများက ရှေ့သို့ ဆန့်ထွက်သွားပြီး သူရိယ ၏ ကိုယ်ထည်ကို ရိုက်နှက်လိုက်သည်။

သို့သော်လည်း သူရိယ မှာမူ မလှုပ်မယှက် ရှိနေဆဲပင်။ လက်လေးဖက်မှ ဖန်တီးထားသော ပွင့်လင်းမြင်သာသည့် အကာအရံမှာ ကျနော်၏ တိုက်ခိုက်မှု အားလုံးကို ချေဖျက်လိုက်သည်။

[ဒီလောက်ပဲလား။ မင်း တကယ်ပဲ ဇာတ်ဝင်ခန်းရဲ့ အဆုံးသတ်ကို မြင်ချင်နေတာလား]

ကျနော် စုဆောင်းခဲ့သော သမိုင်းကြောင်း အားလုံးကို ငြင်းပယ်လိုက်သည့် စွမ်းအားကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ လျှပ်စစ်ဓါတ် အားဖြည့်ခြင်း နှင့် အသန့်စင်ဆုံးဓါးစွမ်းအင် တို့မှာ အလုပ်မဖြစ်ခဲ့ချေ။

[ခေတ်တွေက ပြောင်းလဲသွားပြီ။ ဒီလောက်ပဲ ရှိတဲ့ သမိုင်းကြောင်းကတော့...]

သူ၏ စွမ်းအား ၃၀% သာ ရရှိနိုင်သေးသော်လည်း ကျနော်တို့ကြား ဤမျှအထိ ကွာဟချက် ရှိနေ၏။ အကယ်၍ စွမ်းအား ၁၀၀% သာ ပွင့်သွားလျှင် ဘာဖြစ်မည်နည်း။

ထိုစဉ် အသံအသစ်တစ်ခုကို ကြားလိုက်ရသည်။

"ဦးလေးကို အထင်မသေးနဲ့"

ရှင်ယူဆောင်း က ခိုင်မဲရာ နဂါး၏ ဦးခေါင်းပေါ်မှနေ၍ အော်ဟစ်လိုက်သည်။ ရှင်ယူဆောင်း ၏ အချက်ပြမှုနှင့်အတူ မီးမှုတ်ထုတ်မှုများ စီးကျလာသည်။ သူရိယ က သူ၏ လက်မောင်းများကို ဝှေ့ယမ်းပြီး ထိုမီးလျှံများကို လွင့်စင်သွားစေသည်။

လီဟန်းဆောင် က ဤဟာကွက်မှတစ်ဆင့် ခုန်တက်လိုက်သည်။ သူ၏ သံမဏိအသွင်ပြောင်းခြင်း ခန္ဓာကိုယ်မှာ သူရိယ နှင့် တိုက်မိသွားသည်။ မရေမတွက်နိုင်သော တိုက်ခိုက်မှုများကြားမှာ မလှုပ်မယှက် ရှိနေခဲ့သော သူရိယ မှာ ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်သွားခဲ့သည်။

"ကျားးးး"

လီဟန်းဆောင် သည် အရူးတစ်ယောက်ကဲ့သို့ သူရိယ ထံသို့ သူ၏ လက်သီးများကို ဝှေ့ယမ်းလိုက်သည်။ လက်သီးပတ်ပတ်လည်ရှိ သံမဏိများ ကွဲအက်နေခြင်း၊ သွေးများ စင်ထွက်နေခြင်းနှင့် အရိုးများ ကျိုးနေခြင်းတို့ ရှိသော်လည်း လီဟန်းဆောင် မှာမူ မရပ်တန့်ခဲ့ချေ။

[၇၃ ခုမြောက် မိစ္ဆာနယ်မြေကြီးသည် သင်နှင့် သင့်ကူညီသူများ၏ ဆန္ဒကို တုံ့ပြန်နေပါသည်။]

[သင့်အကြောင်း ဇာတ်လမ်းသစ်တစ်ခုကို ဖန်တီးနေပါပြီ။]

နတ်ဘုရားတစ်ပါးကို စိန်ခေါ်လိုသော လူသား၏ ဆန္ဒမှာ ခုခံရေးတံတိုင်းတွင် အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ အက်ကြောင်းလေးတစ်ခု။ ထိုအက်ကြောင်းမှာ လူသားသမိုင်းကြောင်းမှ ဖန်တီးလိုက်သော အလွန် သေးငယ်သည့် အက်ကြောင်းလေးတစ်ခု ဖြစ်သည်။

"ဟန်းဆောင်"

လီဟန်းဆောင် နှင့် ကျနော်သည် ဤဟာကွက်ကို လက်လွတ်မခံခဲ့ချေ။ လက်ပစ်ဗုံးတစ်လုံးကို ပစ်လိုက်သည့်အလား လီဟန်းဆောင် သည် သေးငယ်စေခြင်း စွမ်းရည်ဖြင့် သေးငယ်သွားသော ကျနော်၏ ခန္ဓာကိုယ်ကို ပစ်လွှတ်လိုက်သည်။ ကျနော်သည် သူရိယ ၏ လက်များက ဖန်တီးထားသော အကာအရံကို ထိုးဖောက်ပြီး စော်ဘွား ဘာကန် ထံသို့ ပြေးဝင်သွားခဲ့သည်။ စော်ဘွား ဘာကန် က အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကြည့်လာစဉ် ကျနော်၏ ဓါးက သူ၏ လည်ပင်းကို ထိုးဖောက်သွားခဲ့တော့သည်။

[ပါဝင်သူ 'ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' သည် ပါဝင်သူ 'စော်ဘွား ဘာကန်' ကို သတ်လိုက်ပါပြီ။]

...ကျနော် လုပ်နိုင်ခဲ့ပြီ။ အောင်ပွဲနှင့်အတူ မရေမတွက်နိုင်သော စနစ်မက်ဆေ့ချ်များ ကျနော်၏ ခေါင်းထဲသို့ စီးဝင်လာသည်။ ထိုမက်ဆေ့ချ်များကို ကျနော် မဖတ်ရသေးမီမှာပင် စွမ်းအားတစ်ခုက ကျနော်ကို ဖိနှိပ်လိုက်သည်။ နောက်ဆုံး အခိုက်အတန့်တွင် သူရိယ ၏ မျက်နှာကို ကျနော် မြင်လိုက်ရသည်။

[သင် သေဆုံးသွားပါပြီ။]

အခန်း ၂၆၆

- အပိုင်း ၅၀ - ဒေါ့ဂျာ၏ ဇာတ်လမ်း (၃)

ကျနော်၏ အမြင်အာရုံမှာ မှောင်အတိကျသွားပြီးမှ ပြန်လည်ပွင့်လင်းလာသည်။ ကျနော်၏ အသိစိတ်မှာ လျှပ်စစ်မီး ပြတ်တောက်သွားသလိုမျိုး ခံစားလိုက်ရသည်။ ကျနော် ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်ကြည့်လိုက်သော်လည်း မှောင်မည်းနေသော မျက်နှာကျက်ကိုသာ မြင်တွေ့ရသည်။

...ဘာဖြစ်သွားတာလဲ။

အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးလံနေသော ခေါင်းကို လှုပ်ရှားကာ ကျနော် စတင်စဉ်းစားလိုက်သည်။

မိစ္ဆာဘုရင် ရွေးချယ်ပွဲ၏ ဒုတိယအကျော့တွင် ကျနော် ပါဝင်နေခဲ့သည်။ စော်ဘွား ဘာကန် ကို ကျနော်သတ်ခဲ့ပြီး အချိန်မှာပင် သူရိယ ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် စနစ်မက်ဆေ့ချ်များ စီးကျလာခဲ့သည်။

ငါ ဒုတိယအကျော့မှာ နိုင်ခဲ့လား။ ဒါမှမဟုတ်... ရှုံးသွားခဲ့တာလား။

ကျနော် စဉ်းစားကြည့်သော်လည်း သေချာမသိချေ။

[သင်သည် ရန်သူ၏ စာသားကို လုယူနိုင်ခဲ့ပြီး ဂိမ်းတွင် အနိုင်ရရှိခဲ့ပါသည်။]

ဤမက်ဆေ့ချ်ကို ကြားလိုက်ရသလိုမျိုး ခံစားရသည်။

[သင်၏စာသားမှာ လုယူခြင်းခံရပြီး ဂိမ်းတွင် ရှုံးနိမ့်ခဲ့ပါသည်။]

ဤမက်ဆေ့ချ်ကိုလည်း ကြားလိုက်ရသလို ခံစားရပြန်သည်။ နှစ်ခုစလုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် မည်သည့်အရာက အရင်ဖြစ်ခဲ့သနည်း။ လောလောဆယ်တွင်မူ ကျနော် သိနိုင်မည့် နည်းလမ်းမရှိချေ။

[သင် သေဆုံးသွားပါပြီ။]

ကျနော် သေချာပေါက် သိနေသော အရာတစ်ခုမှာ ဤမက်ဆေ့ချ်ပင် ဖြစ်သည်။ ဂိမ်းအတွင်း၌ ကျနော်သေဆုံးခဲ့ပြီး ဤနေရာတွင် ပြန်လည်နိုးထလာခြင်း ဖြစ်သည်။

"အင်း..."

ကျနော် နေရာမှ ဖြည်းဖြည်းချင်း ထလိုက်သောအခါ ကျနော် လဲလျောင်းနေသော နေရာကို ပို၍ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ နံရံရှိ အကွက်ငယ်များကြားတွင် မီးအိမ်များစွာကို တပ်ဆင်ထားပြီး ကျယ်ပြောလှသော အမှောင်ထုကို လင်းထိန်စေနေလေသည်။ ဤနေရာမှာ ကျနော် တစ်ခါမှ မရောက်ဖူးသော စိမ်းသက်သည့် နေရာတစ်ခု ဖြစ်၏။

ကျနော် ရပ်နေသော နေရာတွင် [၀၀၀~၁၀၀] ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခု ရှိနေပြီး ထိုဆိုင်းဘုတ်ပတ်ပတ်လည်တွင် ဧရာမ စာအုပ်စင်ကြီးများ ရှိနေသည်။ စာအုပ်နံ့များလည်း ရနေ၏။ တက္ကသိုလ် စာကြည့်တိုက်တစ်ခုနှင့် ဆင်တူလှသည်။

...စာကြည့်တိုက်လား။ ဘာလို့ ငါ ဒီကို ရောက်နေရတာလဲ။

အနီးဆုံး စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို ကျနော် ဆွဲထုတ်လိုက်ပြီး စာမျက်နှာတစ်ခုကို လှန်လိုက်သည်။

「 လီဆောဟွာ သေဆုံးပြီးနောက် ယူဂျွန်ဟော့ သည် အကြိမ်ကြိမ် သေလိုစိတ် ဖြစ်ပေါ်ခဲ့သည်။ ပါရမီနှင့် ကျွမ်းကျင်မှု သက်သက်ဖြင့် သူတို့ကို ဘယ်သောအခါမှ အနိုင်မရနိုင်ချေ။ ဇာတ်ဝင်ခန်း၏ အဆုံးသတ်ကို မမြင်ရဘဲ နက္ခတ်များ၏ စွမ်းအားမှာလည်း မယုံကြည်နိုင်လောက်အောင် သန်မာလှသည်။ လီဂျီဟယ် နှင့် လီဆောဟွာ တို့အတွက် လက်စားချေရန် မဖြစ်နိုင်ခဲ့ချေ။ ယူဂျွန်ဟော့ သည် သူ၏ စိတ်ပျက်အားငယ်မှုများကြားတွင် တွေးတောနေမိသည်။ 」

ရင်းနှီးနေသော အရေးအသားပုံစံဖြင့် ဝါကျများမှာ စီတန်းနေပြီး ကျနော်သည် ထိုဝါကျများ၏ စုပ်ယူခံရသလိုမျိုး ဖတ်ရှုနေမိသည်။

「 'ငါ့မှာ ထောက်ပံ့သူ တစ်ယောက်ရှိရင် ဘယ်လိုနေမလဲ' 」

၎င်းမှာ Ways of Survival တွင် အသေးစိတ် မဖော်ပြထားသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ဤမြင်ကွင်းကို ကျနော် သိသည်။ အဘယ်ကြောင့်ဆိုသော် ဤမြင်ကွင်းမှာ ကျနော်၏ စိတ်ကူးထဲတွင် အကြိမ်ပေါင်း ဒါဇင်ချီ၊ ရာချီ၍ ဖြစ်ပျက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

「 [နက္ခတ် '???' က သင်သည် သူ၏ ကိုယ်စားလှယ် ဖြစ်လာရန် အလိုရှိနေပါသည်။] 」

၎င်းမှာ ယူဂျွန်ဟော့ ပထမဆုံးအကြိမ် ထောက်ပံ့သူ ရရှိခဲ့သည့် အချိန် ဖြစ်သည်။ ၀ ကြိမ်မြောက် နောက်ပြန်ဆုတ်မှုမှ ယူဂျွန်ဟော့ သည် ထောက်ပံ့သူမရှိဘဲ သူ၏ ကန့်သတ်ချက်အထိ အကြိမ်ကြိမ် လေ့ကျင့်ခဲ့သော်လည်း ကိုယ်စားလှယ်တစ်ဦး၏ ရှေ့တွင် ဒူးထောက်ခဲ့ရသည်။

「 ဝိသေသလက္ခဏာအသစ်၊ နောက်ပြန်ဆုတ်သူ ပွင့်လန်းလာပါပြီ။ 」

၎င်းမှာ ယူဂျွန်ဟော့ ပထမဆုံး 'နောက်ပြန်ဆုတ်သူ' ဖြစ်လာခဲ့သည့် ဇာတ်လမ်းပင်။ ကျနော် အလိုအလျောက်ပင် စာအုပ်ကို ပိတ်လိုက်ပြီး ခေါင်းစဉ်ကို ကြည့်လိုက်သည်။

[ယူဂျွန်ဟော့၊ ၀ ကြမ်မြောက် နောက်ပြန်ဆုတ်မှု၏ ၅၆ ခုမြောက် မှတ်တမ်း]

ဤနေရာမှာ မည်သည့်နေရာဖြစ်နိုင်သည်ကို ကျနော် ရုတ်တရက် တွေးမိသွားသည်။ ကျနော်၏ မျက်လုံးများမှာ အမှောင်ထုထဲတွင် ကျင့်သားရလာသည်နှင့်အမျှ ပတ်ဝန်းကျင်ကို ပိုမိုမြင်တွေ့လာ၏။ ဤနေရာမှာ Ways of Survival ၏ မှတ်တမ်းအားလုံး စုဝေးရာ စာကြည့်တိုက် ဖြစ်နေလေသည်။

အနည်းငယ် နွမ်းလျသော လေသံဖြင့် ကျနော်ရေရွတ်လိုက်သည်။

"ဝတ္ထုရဲ့အခန်းပေါင်း၃,၁၄၉ ထက်တောင် ပိုများနေပုံရတယ်"

Ways of Survival မှာ ရှည်လျားသော်လည်း ဤမျှအထိတော့ မဟုတ်ချေ။ ဤကျယ်ပြောလှသော နေရာလွတ်မှာ စာအုပ်များဖြင့် ပြည့်နှက်နေသည်။ ကျနော်၏ တစ်သက်လုံးကို ပုံအောလိုက်လျှင်တောင် စာအုပ်ထက်ဝက်ခန့်ကို ဖတ်နိုင်ပါ့မလား မသေချာချေ။

ထိုစဉ် ကျနော်၏ ခေါင်းမှာ ကိုက်ခဲလာသည်။ လိပ်ခဲနေသော မှတ်ဉာဏ်များမှာ ဥခွံတစ်ခု ကွဲအက်ထွက်လာသလိုမျိုး ပေါက်ထွက်လာကြသည်။ စောစောက စိမ်းသက်နေသော ဤနေရာမှာ ယခုအခါတွင် ရင်းနှီးသလို ခံစားလာရသည်။ နံရံကပ် မီးအိမ်များနှင့် စာအုပ်စင်များ။

ကျနော်၏ ကိုယ်ပေါ်တွင် ကြက်သီးများ ဖြည်းဖြည်းချင်း ထလာပြီး ပြင်းထန်သော ခံစားချက်တစ်ခု ကျနော်၏ ခေါင်းကို ထိမှန်သွားသည်။ ကျနော်သည် ဤနေရာသို့ တစ်ခါ ရောက်ဖူးသည်။

ဘယ်တုန်းကလဲ။ ဘယ်တုန်းကလဲ...

「 ကင် ဒေါ့ ဂျာ 」

စာကြည့်တိုက်အတွင်းတွင် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။ ဤလေသံကို ကျနော် သိသည်။

"...Fourth Wall လား"

ထိုအခါ စာကြည့်တိုက်တစ်ခုလုံးမှာ အနည်းငယ် တုန်ခါသွားသည်။

「 မင်း ရဲ့ ဝိ ညာဉ် က ဘေး ဒု က္ခ ကြုံ နေ ရ တယ် 」

"ဘေးဒုက္ခဟုတ်လား"

「 ငါ မင်း ကို ခေါ် ခဲ့ တာ... 」

Fourth Wall က ကျနော်ကို ဤနေရာသို့ ခေါ်လိုက်ခြင်း ဖြစ်သည်။ သူ ဘာကို ဆိုလိုသလဲဆိုတာ သိနိုင်ဖို့ မခဲယဉ်းလှချေ။

"မဟုတ်မှလွဲရော၊ မင်းလည်း ဒီထဲမှာ ရှိနေတာလား"

「 မှန် တယ် 」

"ဒီထဲကနေ ဘယ်လို ထွက်ရမလဲ။ ထွက်ပေါက်က ဘယ်မှာလဲ"

「 ... 」

"...ဟေ့"

ကျနော် အကြိမ်အနည်းငယ် ထပ်မံခေါ်ကြည့်သော်လည်း Fourth Wall က ပြန်မဖြေတော့ချေ။ သူသည် အိပ်ချင်လျှင် အိပ်တတ်သော ကောင်ဖြစ်သဖြင့် ယခုလည်း ထပ်မံ အိပ်ပျော်သွားခြင်း ဖြစ်ပေလိမ့်မည်။ ကျနော် ကိုယ်တိုင်သာ ထွက်ပေါက်ကို ရှာဖွေရပေတော့မည်။

[ဤနေရာတွင် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်ကို အသုံးမပြုနိုင်ပါ။]

[ဤနေရာတွင် စာမှတ်ကို အသုံးမပြုနိုင်ပါ။]

ကျနော် အသုံးပြုနိုင်သော စွမ်းရည်အားလုံးမှာ ပိတ်ဆို့ခံထားရသည်။ ကျနော် မည်မျှပင် လမ်းလျှောက်ခဲ့ပါစေ စာကြည့်တိုက်၏ အဆုံးကို မမြင်နိုင်ချေ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာအစုံကို ကြည့်လိုက်သော်လည်း ထွက်ပေါက်ကို မမြင်ရချေ။ ကျနော်သည် လွတ်မြောက်နိုင်မည် မဟုတ်ဟု ယုံကြည်သွားမိပြီး ဆေးယဉ်နေသလိုမျိုး သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။

"...ကောင်းကင်ဘုံကိုရောက်နေသလိုပဲ"

ကျနော် ကြည့်လိုက်လေရာ နေရာတိုင်းမှာ Ways of Survival တွေချည်းပင်။ ဤနေရာက Ways of Survival တွေဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခု ဖြစ်သည်။ ဇာတ်ဝင်ခန်း မစတင်မီကသာ ဤနေရာသို့ ရောက်လာခဲ့လျှင် ကျနော် ပျော်ရွှင်နေမိပေလိမ့်မည်။ ဤနေရာသည် မည်မျှပင် ဖတ်ရှုခဲ့ပါစေ ဘယ်သောအခါမှ ကုန်ဆုံးသွားမည် မဟုတ်သော ဇာတ်လမ်းတစ်ခု ဖြစ်၏။ ကျနော်မှာ ဝိညာဉ်တစ်ခုသာ ဖြစ်သဖြင့် ဆာလောင်မွတ်သိပ်မှုကိုလည်း ခံစားရမည် မဟုတ်ချေ။

...အပြင်ထွက်ဖို့ နည်းလမ်းမရှိသဖြင့် ကျနော် စာအုပ်များကို ပိုမိုဖတ်ရှုရပေလိမ့်မည်။ ကျနော် မသိနိုင်ချေ။ စာအုပ်ထဲတွင် နည်းလမ်းတစ်ခု ရှိနေနိုင်၏။

စာအုပ်စင်များပေါ်မှ စာအုပ်များကို ဆွဲထုတ်ကာ တစ်ခုနှင့်တစ်ခု ဘေးချင်းယှဉ် စီလိုက်ပြီး ကျနော်စတင်ဖတ်ရှုတော့သည်။ ကျနော် ခဏမျှ ကြည့်ရှုပြီးနောက် Ways of Survival မှာ Ways of Survivalပင် ဖြစ်ကြောင်း တစ်ဖန် ပြန်လည် သိရှိသွားခဲ့သည်။

"...ရှင်းပြချက်တွေက များလွန်းနေတာပဲ"

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသဖြင့် ကျနော် စာအုပ်ဖတ်သည့် အရှိန်မှာ ပုံမှန်ထက် ပိုမိုမြန်ဆန်နေသည်။ သို့သော်လည်း ကျနော်သည် ပေါ့ပေါ့တန်တန် ဖတ်ရှုနေခြင်း မဟုတ်ချေ။ အသားငတ်နေသော စားတော်ဆက်တစ်ဦးကဲ့သို့ ဝါကျတိုင်းကို အပိုင်းပိုင်းဖြတ်ပြီး ခံစားကြည့်ရှုနေမိသည်။

"မအေဘေးက အဲဒီတုန်းက ချစ်ဖို့ကောင်းသားပဲ"

"...ချီး… အစပိုင်းမှာ သူ့ကို ဒီထက်ပိုပြီး သတ်ခဲ့သင့်တာ"

အချို့သော ဇာတ်လမ်းများမှာ သိပြီးသားများ ဖြစ်သော်လည်း အချို့မှာမူ မသိသေးသော အရာများ ဖြစ်နေလေသည်။

"ဒီအချက်အလက်ကို ငါ မေ့နေခဲ့တာပဲ..."

"ဘာလဲဟ။ ဒီလိုမျိုးလည်း ရှိခဲ့တာလား"

ဤနေရာတွင် လူသူတစ်ဦးတစ်ယောက်မျှ မရှိသဖြင့် ကျနော်သည် သဘာဝအလျောက်ပင် တစ်ကိုယ်တည်း စကားပြောနေမိသည်။ နားထောင်မည့်သူ ရှိမရှိကိုလည်း ကျနော် ဂရုမစိုက်ချေ။ ထို့ကြောင့် ကျနော်သည် စာအုပ်အနည်းငယ်ကို ထပ်မံဖတ်ရှုလိုက်သည်။ ကျနော်၏ နှလုံးသားထဲတွင် ဂုဏ်ယူမှုတစ်ခု ဖြစ်ပေါ်လာပြီး နွေးထွေးမှုများ တိုးဝင်လာသည်။

ရုတ်တရက် ကျနော် အားနည်းသွားသလို ခံစားလိုက်ရသည်။

အရှုံးပေးပြီး ဒီနေရာနေလိုက်လည်းရတာပဲ။ ဒီနေရာကနေ ဘယ်သောအခါမှ နိုးထမလာတော့ရင်လည်း သိပ်ပြီး မဆိုးလှဘူးလေ။ ဒီနေရာမှာဆိုရင် ငါ့ကို သတ်မယ့် ဇာတ်ဝင်ခန်းလည်း ရှိတာမဟုတ်ဘူး။

နက္ခတ်များကိုလည်း ကျနော် တွေ့ဆုံရန် မလိုတော့ချေ။ စာအုပ်အတော်များများကို ဖတ်ပြီးနောက် ကျနော်သည် စာအုပ်စင်အချို့ကို ဖြတ်ကျော်ပြေးလွှားပြီး အလယ်တွင် ရှိနေသော စာအုပ်များကို ဖတ်ရှုလိုက်သည်။

「 ယူဂျွန်ဟော့ သည် တစ်ခါတစ်ရံတွင် ဤသို့ တွေးတောမိသည်။ 」

「 'အကယ်၍ ငါသာ တံတားပေါ်မှာ အဲဒီလူနဲ့ မဆုံခဲ့ရင် ဘာတွေဖြစ်လာမလဲ။ ဒါမှမဟုတ် အဲဒီနေရာမှာတင် သူ့ကို ငါ သတ်ခဲ့ရင်... ငါ့ရဲ့ ကျန်ရှိနေတဲ့ ဘဝက ဘယ်လို ဖြစ်သွားမလဲ' 」

ရင်းနှီးနေသော ဝါကျများကို တွေ့လိုက်ရသဖြင့် အလိုအလျောက်ပင် စာအုပ်၏ ခေါင်းစဉ်ကို ကျနော်ကြည့်လိုက်သည်။

[ယူဂျွန်ဟော့၊ တတိယအကြိမ်နောက်ပြန်ဆုတ်မှု၏ ၁၂ ခုမြောက် မှတ်တမ်း]

...ထင်ထားသည့်အတိုင်း ၎င်းမှာ တတိယအကြိမ်နောက်ပြန်ဆုတ်မှု ဖြစ်နေလေသည်။ စာအုပ်အနည်းငယ်ကို ကျနော် ထပ်မံ ဖွင့်ကြည့်လိုက်သည်။ အချို့မှာ ကျနော်၏အကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။

「 'ချီးပဲ၊ ကင်ဒေါ့ဂျာ' 」

အချို့စာအုပ်များတွင်မူ-

「 "ကင်ဒေါ့ဂျာ၊ ထတော့။ ကင်ဒေါ့ဂျာ" 」

အချို့သော ကောင်းမွန်သည့် စကားလုံးများ ရေးသားထားသည်ကိုလည်း တွေ့ရသည်။ အချို့စာအုပ်များတွင်မူ မည်သည့်အရာမျှ ရေးသားထားခြင်း မရှိချေ။

「 ■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■ 」

ဝါကျများမှာ ပုံဖျက်ခံထားရသဖြင့် ဖတ်၍မရချေ။ အချို့သော အပိုင်းများတွင်မူ စာမျက်နှာအလွတ်များ ဖြစ်နေလေသည်။ ဇာတ်လမ်းကို မှတ်တမ်းမတင်ရသေးသည့်အလား ဖြစ်နေ၏။

စာအုပ်အားလုံးကို နောက်ပြန်ဆုတ်မှုများ၏ အစီအစဉ်အတိုင်း စနစ်တကျ စီထားသည်။ တစ်စုံတစ်ယောက်က လိုအပ်သည့်အချိန်တွင် အလွယ်တကူ ရှာဖွေနိုင်ရန် စီစဉ်ပေးထားသည့်အလားပင်။ သို့သော် မည်သူက လိုအပ်မည်နည်း။

ကျနော် ဤသို့ တွေးလိုက်မိစဉ်မှာပင် စာအုပ်စင်၏ တစ်ဖက်ခြမ်းတွင် တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။ အလိုအလျောက်ပင် စာအုပ်ကို စင်ပေါ်သို့ ကျနော်ပြန်တင်လိုက်ပြီး ကြည့်လိုက်သည်။ ခဏတာမျှ ဖြစ်သော်လည်း လူတစ်ဦး၏ အရိပ်ကို မြင်လိုက်ရသလိုပင်။

"ဘယ်သူလဲ"

ခြေသံများမှာ အဝေးဆီသို့ စတင် ထွက်ခွာသွားသည်။ ထိုအသံနောက်သို့ ကျနော်လိုက်တော့သည်။ မြေပြင်ပေါ်ရှိ စာအုပ်အချို့ကို ကျနော် တိုက်မိလုနီးပါး ဖြစ်ခဲ့သော်လည်း အရိပ်နောက်သို့ ဇွဲမလျှော့ဘဲ လိုက်ခဲ့သည်။ စာအုပ်စင်များပေါ်ရှိ ဆိုင်းဘုတ်များမှာ လျင်မြန်စွာ ပြောင်းလဲသွား၏။

[၀၀၀~၁၀၀] မှ [၁၀၀~၂၀၀] သို့။ ထို့နောက် [၂၀၀~၃၀၀] သို့။

[ယူဂျွန်ဟော့၊ ၃၇၃ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၏ ၂၄ ခုမြောက် မှတ်တမ်း]

[ယူဂျွန်ဟော့၊ ၄၇၃ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၏ ၃၁ ခုမြောက် မှတ်တမ်း]

မရေမတွက်နိုင်သော စာအုပ်များမှာ လျင်မြန်စွာ ဖြတ်ကျော်သွားသည်။

[ယူဂျွန်ဟော့၊ ၅၇၃ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၏ ၂၇ ခုမြောက် မှတ်တမ်း]

[ယူဂျွန်ဟော့၊ ၆၈၁ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၏ ၁၂ ခုမြောက် မှတ်တမ်း]

...

ကျနော် အနည်းငယ် အသက်ရှူ မဝဘဲ ဖြစ်နေမိ၏။ စာအုပ်များ၏ အဆုံးသတ်ကိုလည်း မမြင်ရသေးချေ။ ကျနော်၏ခန္ဓာကိုယ်မှာ ဝိညာဉ်ခန္ဓာကိုယ် ဖြစ်နေသည်မှာ ထင်ရှားလှသော်လည်း ကျနော်သည် အသက်ရှူ မဝဘဲ ဖြစ်နေသည်။ ကျနော် ဆက်လက် ပြေးနေမိသည်။ ဤသည်က အခွင့်အရေး တစ်ခုပင်။ အကယ်၍ ဤနေရာတွင် ထိုလူကို လွတ်သွားခဲ့လျှင် ကျနော် နောက်တစ်ကြိမ် ထပ်မံ ဖမ်းမိနိုင်တော့မည် မဟုတ်ချေ။

ကျနော် မည်မျှအထိ ဝေးဝေး ရောက်သွားပြီနည်း။ ကျနော် အနည်းငယ် ပိုမို နီးကပ်လာပြီ ဖြစ်သည်။

"နေဦး"

ကျနော် အော်ဟစ်လိုက်သည့် အခိုက်အတန့်မှာပင် ကျနော်၏ ရှေ့ရှိ ကြမ်းပြင်မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကျနော်၏ ခန္ဓာကိုယ်မှာ အရှိန်ကို မထိန်းနိုင်ဘဲ ရှေ့သို့ ငိုက်ကျသွားသည်။ ကျနော်၏ ဘေးရှိ စာအုပ်စင်ကို အလိုအလျောက် မဆွဲကိုင်မိခဲ့လျှင် ကျနော်သည် ပြုတ်ကျသွားမည်မှာ သေချာသည်။

[ယူဂျွန်ဟော့၊ ၁၈၆၃ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၏ ၂၂ ခုမြောက် မှတ်တမ်း]

[ယူဂျွန်ဟော့၊ ၁၈၆၃ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၏ ၂၃ ခုမြောက် မှတ်တမ်း]

[ယူဂျွန်ဟော့၊ ၁၈၆၃ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၏ ၂၆ ခုမြောက် မှတ်တမ်း]

...

စာအုပ်များမှာ ကျနော်၏ ခေါင်းပေါ်သို့ စီးကျလာသည်။ စီးကျခြင်းကိုခံရခြင်းမှာ ယူဂျွန်ဟော့ ၏ လက်သီးများဖြင့် ထိုးခံရသကဲ့သို့ပင် နာကျင်လှသည်။ စာအုပ်ပုံကြီးထဲမှ ကျနော် မနည်းရုန်းထွက်လိုက်ရပြီး ကျနော် လိုက်လံဖမ်းဆီးနေသော အရိပ်မှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ချီးပဲ..."

ထိုစဉ် ကျနော်၏ မျက်စိရှေ့တွင် လျှိုမြောင်ကြီးတစ်ခုကို မြင်လိုက်ရ၏။ လျှိုမြောင်၏ အောက်ခြေကို ကျနော် မမြင်ရချေ။

"အား..."

ကျနော်သည် နတ်ဝင်နေသည့်အလား လျှိုမြောင်ထဲသို့ စိုက်ကြည့်နေမိသည်။ ဤနေရာမှာ စာကြည့်တိုက်၏ အဆုံးသတ်ပင် ဖြစ်သည်။ ဇာတ်လမ်းအားလုံး၏ အဆုံးသတ်လည်း ဖြစ်သည်။ ကျနော်သည် ထိုနေရာကို စိုက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပစ်ချလိုက်ချင်သည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။ ကျနော် ကြာမြင့်စွာ သိချင်နေခဲ့သော အရာတစ်ခုခုကို သိနိုင်တော့မည်ဟု ခံစားလိုက်ရသည်။ အကယ်၍ ကျနော်သာ ထိုထဲသို့ ဝင်သွားနိုင်လျှင်...

ကျနော်၏ ခန္ဓာကိုယ်မှာ လျှိုမြောင်အောက်ခြေသို့ ယိုင်ကျသွားသည့် အခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ကျနော်၏ ပုခုံးကို တင်းကျပ်စွာ ဆွဲကိုင်လိုက်သည်။

「 (မင်း ပြုတ်ကျရင် သေလိမ့်မယ်။ အဲဒါက တံတိုင်းရဲ့ 'ဟိုဘက်ခြမ်း'မှာ တကယ် ရှိနေတာ) 」

ဖြန်း၊ ဖြန်း၊ ဖြန်း၊ ဖြန်း

"ထတော့"

ဖြန်း၊ ဖြန်း၊ ဖြန်း၊ ဖြန်း

"ယူဂျွန်ဟော့၊ တော်တော့။ ဒေါ့ဂျာရဲ့ မျက်နှာတစ်ခုလုံး ဖူးရောင်နေပြီ"

"ဘာတွေဖြစ်ကုန်တာလဲ"

"သူ အသက်ရှူနေတုန်းပဲ။ ဝိညာဉ်က တုန်လှုပ်မှုတစ်ခုခု ဖြစ်သွားတာ ထင်တယ်..."

ယူဆန်းအာ ၏ စကားကြောင့် ယူဂျွန်ဟော့ သည် မျက်မှောင်ကြုတ်ကာ မတ်တတ်ထရပ်လိုက်သည်။ မျက်နှာတစ်ခုလုံး ဖူးရောင်နေသော ကင်ဒေါ့ဂျာ မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေလေသည်။ ဝက်ဝံကြီးနှင့်တူသော လီဟန်းဆောင်သည် ကင်ဒေါ့ဂျာကို ပွေ့ဖက်ထားပြီး အသည်းအသန် အော်ဟစ်ငိုယိုနေသည်။

"ဒေါ့ဂျာ... ထပါဦး။ တောင်းဆိုပါတယ်..."

ဒုတိယအကျော့ ပြီးဆုံးသွားသည့် အခိုက်အတန့်မှာပင် ဒဏ္ဍာရီလာ စစ်မြေပြင်မှာ ရုတ်တရက် ပြိုကွဲပျက်စီးသွားခဲ့သည်။ ယူဂျွန်ဟော့ - ကင်ဒေါ့ဂျာ စက်မှုဇုန်မှ ပါဝင်သူများနှင့် ကူညီသူများအားလုံးမှာ စက်မှုဇုန်၏ အပျက်အစီးများရှေ့တွင် ကျန်ရစ်ခဲ့ကြသည်။

ယူဆန်းအာ သည် မိမိတို့နှင့် စခန်းတစ်ခုတည်းတွင် ရှိနေသူများကို စိုက်ကြည့်လိုက်သည်။ ခွေးနှစ်ကောင်နှင့် ချောမောသော ကောင်လေးတစ်ယောက်။ ပြီးတော့ ဟန်မြုံအို...

"ရှင် အသက်ရှင်နေတာပဲ၊ ဌာနမှူး"

"ယူ-ယူဆန်းအာ..."

ဟန်မြုံအို သည် ချွေးများပြန်လာကာ နောက်သို့ ဆုတ်လိုက်သည်။

ယူဆန်းအာ သည် ဂျန်ဟာယောင်း ကို စိုက်ကြည့်လိုက်၏။

"နင်... နင်က ငါတို့ဘက်ကလား"

"အာ…ကျုပ်က..."

ဂျန်ဟာယောင်း သည် ယူဆန်းအာ ၏ မျက်လုံးများကို ဆုံမိကာ ရှုပ်ထွေးစွာဖြင့် စကားများ ထစ်အကုန်သည်။ မိမိကိုယ်ကိုယ် မည်သို့ မိတ်ဆက်ရမည်မှန်း သူ မသိချေ။ ထို့နောက် ဂျန်ဟာယောင်း သည် ရှင်ယူဆောင်း ကို မြင်သွားတော့သည်။

"အာ…နင်က ဟိုဗီဒီယိုထဲက မဟုတ်လား..."

"...ကျမကို သိလို့လား"

ဂျန်ဟာယောင်း သည် ရှင်ယူဆောင်း ကြောင့် ၇၃ ခုမြောက် မိစ္ဆာဘုရင် ဇာတ်ဝင်ခန်းမှ မြင်ကွင်းများကို ပြန်လည်အမှတ်ရသွားပြီး သူတို့က မည်သူမည်ဝါဖြစ်ကြောင်း သဘောပေါက်သွားသည်။

"ကျုပ်က တကယ့်ပရိတ်သတ်တစ်ယောက်ပါ။ ဝိုး… ကမ္ဘာမြေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆုံရမယ်လို့ မယုံနိုင်စရာပဲ..."

ဂျန်ဟာယောင်း သည် ယူဆန်းအာ ၏ လက်ကို ဆွဲကိုင်နှုတ်ဆက်ရင်း မျက်လုံးများမှာ တောက်ပနေသည်။ ယူဆန်းအာ က အသာအယာ ပြုံးလိုက်ပြီး လေထုထဲသို့ စိုက်ကြည့်လိုက်သည်။

"ဒါနဲ့... ငါတို့က နိုင်တာလား၊ ရှုံးတာလား"

အမည်မသိ စနစ်မက်ဆေ့ချ် တစ်ခုသာ လေထုထဲတွင် ပေါ်နေသည်။

[လက်ရှိတွင် ဒုတိယအကျော့၏ အနိုင်ရအသင်းအား ဆုံးဖြတ်နေဆဲ ဖြစ်ပါသည်။]

ဂျန်ဟာယောင်း က ပြောလိုက်သည်။

"ကျုပ်ထင်တာတော့ ကင်ဒေါ့ဂျာက သူ့ကို အရင်သတ်လိုက်တာလေ။ အဲဒါဆို ကျုပ်တို့ နိုင်သင့်တာ မဟုတ်ဘူးလား"

"ဒါပေမဲ့ ငါတို့ရဲ့ စာသားက လုယူခံလိုက်ရတယ်လေ..."

ယူဂျွန်ဟော့ က ခေါင်းခါပြလိုက်သည်။

"ကင်ဒေါ့ဂျာက ပိုမြန်ခဲ့တယ်"

ခိုင်မာသော ယုံကြည်ချက်ဖြင့် ပြောလိုက်သော ထိုစကားများကြောင့် ဂျန်ဟာယောင်း နှင့် ယူဆန်းအာ တို့၏ မျက်နှာများမှာ ဝင်းပသွားသည်။ ယူဂျွန်ဟော့ က ထိုသို့ပြောလျှင် မှန်ကန်နိုင်ခြေ များလှသည်။

ထိုစဉ် လွင်ပြင်၏ တစ်ဖက်ခြမ်းတွင် ဖုန်လုံးကြီးတစ်ခု ပေါ်လာသည်။ ထိုမြင်ကွင်းမှာ အားကောင်းသော 'အရှိန်အဝါ' များဖြင့် ပြည့်နှက်နေသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ရောက်ရှိလာသူများ၏ အထောက်အထားကို မေးနေရန်ပင် မလိုတော့ချေ။

ယူဂျွန်ဟော့ သည် ကောင်းကင်ကို စိုက်ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ တင်းမာသွား၏။

[လက်ရှိတွင် ဒုတိယအကျော့၏ အနိုင်ရအသင်းအား ဆုံးဖြတ်နေဆဲ ဖြစ်ပါသည်။]

ကောင်းကင်တွင် ထိုဝါကျတစ်ခုတည်းသာ ပေါ်နေဆဲ ဖြစ်သည်။ မိနစ် ၃၀ ခန့်အထိ ထိုအတိုင်းပင် ရှိနေခဲ့သည်။

"ပြင်ဆင်ထားကြတော့"

"ဟင်"

"တစ်ခုခု မှားနေပြီ"

အဓိကဇာတ်ဝင်ခန်းတွင် အလုပ်လုပ်တာမြန်သော စီမံခန့်ခွဲရေးဌာနသည် အနိုင်ရသူကို ဆုံးဖြတ်ရန် မိနစ် ၃၀ အထိ ဘယ်သောအခါမှ အချိန်ဆွဲမည် မဟုတ်ချေ။

တစ်နည်းအားဖြင့် ပြောရလျှင် ဤအခြေအနေမှာ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ဇာတ်ဝင်ခန်းကို ဤသို့ အဆုံးသတ်သွားစေရန် အလိုမရှိချေ။

လက်ရှိ ၇၃ ခုမြောက် မိစ္ဆာနယ်မြေမှာ ဒဏ္ဍာရီလာ စစ်မြေပြင်ကြောင့် ဖြစ်နိုင်စွမ်း ပမာဏ အမြောက်အမြားဖြင့် ပြည့်နှက်နေသည်။

ယူဂျွန်ဟော့ သည် သူ၏ မဟူရာကောင်းကင်မိစ္ဆာဓါး ကို ဆွဲထုတ်လိုက်ပြီး ကြေညာလိုက်သည်။

"ဒီတစ်ခါတော့ ဒါက ဂိမ်းတစ်ခု မဟုတ်တော့ဘူး"

မိုးကြိုးစားငှက် ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံမှာ ကောင်းကင်တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။ ဂိမ်း၏ ပြစ်ဒဏ်များကို မခံယူရတော့သော နက္ခတ်များမှာ ဤနေရာသို့ လာနေကြပြီ ဖြစ်သည်။

All Chapters