အခန်း (၂၆၇-၂၆၈)
Vol. 21 Ch. 267-268
အခန်း ၂၆၇
- အပိုင်း ၅၀ - ဒေါ့ဂျာ၏ ဇာတ်လမ်း (၄)
သန်မာသော လက်တစ်ဖက်က ကျနော်၏ ပုခုံးကို ဆွဲကိုင်လိုက်သည်။ ကျနော်သည် အလိုအလျောက်ပင် ကိုယ်ကိုလှည့်ကာ လက်သီးဖြင့် ထိုးလိုက်သည်။ 'ဘုန်း' ကနဲ အသံနှင့်အတူ ကျနော်၏ လက်သီးမှာ ဧရာမ လက်ဝါးကြီးတစ်ခုအတွင်း ဖမ်းဆုပ်ခံလိုက်ရသည်။
「 (အိုး၊ မင်းက တိုက်ခိုက်ဖို့ ရောက်လာတာလား) 」
အမှောင်ထုမှာ ကင်းစင်သွားပြီး ဖြူဖျော့သော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
「 (ငါ မင်းကို တစ်ခါ ကယ်ဖူးတယ်လေ။ မင်းကတော့ မေ့သွားပုံရတယ်) 」
ထိုမျက်နှာမှာ ကျနော် သိနေသော မျက်နှာတစ်ခု ဖြစ်သည်။ သေချာပေါက်ပင်... ကျနော် ကိုယ်တိုင် သတ်ခဲ့ဖူးသူ ဖြစ်၏။
"မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"
「 (…မင်းက တကယ်ပဲ မသိလို့ မေးနေတာလား) 」
ထိုမျက်နှာမှာ ယောက်ျားလား မိန်းမလား ခွဲခြားရခက်သော ဝေဝါးသည့် မျက်နှာတစ်ခု ဖြစ်သည်။ ကျနော်အား နားလည်ရခက်သော ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။ ဤတည်ရှိမှုမှာ ဤနေရာတွင် မရှိသင့်ချေ။
"နာဗားနား မိုးဘီးယပ်စ်"
လွန်ခဲ့သော အချိန်အတော်ကြာက သူသည် Fourth Wall ၏ ဝါးမြိုခြင်းကို ခံခဲ့ရသည်။
Fourth Wall ၏ ဝါးမြိုခြင်း ခံလိုက်ရသော တည်ရှိမှုများမှာ ဘာဖြစ်သွားသနည်း။ Fourth Wall က တစ်စုံတစ်ခုကို စတင်ဝါးမြိုစဉ်ကတည်းက ကျနော် ဤမေးခွန်းကို စဉ်းစားခဲ့ဖူးသည်။
「 (မင်း မြင်တဲ့အတိုင်းပါပဲ။ ဒီလို ဖြစ်သွားတာပေါ့) 」
နာဗားနား က ရယ်မောလိုက်သည်။ ကျနော်တို့ မတွေ့ဖြစ်သည်မှာ ကြာပြီ ဖြစ်သော်လည်း နာဗားနား မှာ ကျနော်တို့ ပထမဆုံး ဆုံတွေ့စဉ်ကအတိုင်းပင် ဖြစ်သည်။ ခြားနားချက်တစ်ခု ရှိသည်မှာ Ways of Survival ကို ဖွဲ့စည်းထားသော စာလုံးများမှာ သူ၏ ခန္ဓာကိုယ်တွင် ခြေကျဉ်းများကဲ့သို့ ချိတ်ဆွဲနေခြင်းပင် ဖြစ်သည်။
"မင်း ဒီမှာ တစ်ချိန်လုံး အသက်ရှင်နေခဲ့တာလား"
「 (ဒါကို အသက်ရှင်နေတာလို့ ပြောဖို့တော့ ခက်လိမ့်မယ်) 」
အနီးကပ် ကြည့်လိုက်သောအခါ နာဗားနား ၏ အသံမှာ သူ၏ ပါးစပ်မှ ထွက်လာခြင်း မဟုတ်ချေ။ ၎င်းကို အသံဟုပင် ပြော၍ မရနိုင်ချေ။ နာဗားနား သည် လေထုထဲသို့ မော့ကြည့်လိုက်သည်။
「 (ဒီချီးထုတ် ကပ်ပါးရပ်ပါး တံတိုင်းကြီးကြောင့် ငါ အသက်ရှင်နေရတာ) 」
ထိုအခိုက်အတန့်တွင် Fourth Wall ၏ သတိပေးသံမှာ ပဲ့တင်ထပ်လာသည်။
「 နာ ဗား နား စ ကား များ လွန်း တယ် 」
နာဗားနား က ရယ်မောလိုက်သည်။ သူ၏ မျက်လုံးများမှာ ခါးသီးနေသော်လည်း သူ့ထံမှ ထူးဆန်းသော မြင့်မြတ်သည့် ခံစားချက်တစ်ခုကို ရရှိနေသည်။ ကျနော်သည် နာဗားနား ၏ အကြည့်နောက်သို့ လိုက်၍ စာကြည့်တိုက်ကို ဝေ့ဝဲကြည့်လိုက်သည်။ ကမ္ဘာကြီးကို တည်ဆောက်ထားသော မရေမတွက်နိုင်သော စာလုံးပုံစံများ ရှိနေသည်။ ဤနေရာတွင် အရာအားလုံးမှာ Ways of Survival ပင် ဖြစ်သည်။
"အခုတော့ မင်း လိုချင်သမျှ အရာအားလုံးကို သိသွားပြီပေါ့"
「 (အရာအားလုံးကို သိတဲ့ တည်ရှိမှုဆိုတာ မရှိပါဘူး။ မင်းလိုပဲပေါ့) 」
နာဗားနား မှာ တကယ်ပင် လျှို့ဝှက်ဆန်းပြားသော ရသေ့ကြီးတစ်ပါးနှင့် တူလှသည်။ ကျနော် ထူးဆန်းစွာ ခံစားလိုက်ရသည်။ ပထမဆုံးအကြိမ်အဖြစ် ဇာတ်ကောင်တစ်ဦးက ဤကမ္ဘာ၏ လျှို့ဝှက်ချက်များကို သိရှိသွားခဲ့ပြီ ဖြစ်သည်။
"မင်း ဘယ်လို ခံစားရလဲ။ အခုတော့ မင်းက ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်ဆိုတာ သိသွားပြီပေါ့"
ကျနော်၏ ရန်စမှုကြောင့် နာဗားနား ၏ အမူအရာ ပြောင်းလဲသွားသည်။
「 (ဝတ္ထုတဲ့လား... မင်း တကယ်ပဲ အဲဒီလို ထင်နေတာလား) 」
နာဗားနား သည် ကျနော်ကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများမှာ အကြိမ်ကြိမ် တုန်ခါသွားသည်။ သို့သော် မည်သည့် အသံမျှ ထွက်မလာချေ။ ကျနော် စိတ်မရှည်ဖြစ်သွားသည်။
"ဘာလဲ။ အဆုံးထိ ပြောစမ်းပါ"
နာဗားနား က အသာအယာ ပြုံးလိုက်သည်။
「 (ငါ မင်းရဲ့ ဇာတ်လမ်းကို သဘောကျတယ်) 」
မမျှော်လင့်ထားသော စကားလုံးများကြောင့် ကျနော် အံ့အားသင့်သွားသည်။
「 (တိတိကျကျ ပြောရရင် မင်း ပြောင်းလဲလိုက်တဲ့ ဇာတ်လမ်းကို ငါ သဘောကျတာ။ မင်းရဲ့ ဆန္ဒတွေ ပါဝင်နေတဲ့ ဝါကျတွေ၊ မင်း ထုတ်မပြောတဲ့ အရာတွေ ပါဝင်နေတဲ့ အကြောင်းအရာတွေ...) 」
"...မင်း အခု ဘာတွေ ပြောနေတာလဲ"
ကျနော်သည် အနေရခက်စွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။ ဤမအေဘေးကို ကြည့်ရင်း သူ မသေဆုံးမီက ပြောခဲ့သော စကားများကို သတိရလိုက်သည်။
「 (ငါတစ်ယောက်တည်း မဟုတ်ဘူး။ ဒီမှာ ရှိနေတဲ့ တည်ရှိမှုအားလုံးက မင်းရဲ့ ဇာတ်လမ်းကို ချစ်ကြတာ) 」
"ဒီနေရာမှာ တခြား ဘယ်သူတွေ ရှိသေးတာလဲ"
လေထုမှာ တုန်ခါလာပြီး မျက်နှာကျက်မှ မှောင်မည်းသော အပိုင်းအစအချို့ ပြုတ်ကျလာသည်။ တုန်ခါမှုများမှာ ဧရာမ အရာတစ်ခုခုက ဤဘက်သို့ တိုးဝင်လာနေသကဲ့သို့ပင်။ နာဗားနား က အပိုင်းအစများကို ကောက်ယူလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
「 (အချိန်မရှိတော့ဘူး၊ မင်း မြန်မြန် လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်။ ဒီမှာ စကားတွေ အများကြီး ပြောနေဖို့ မကောင်းဘူး။ ကြောက်စရာကောင်းတာတစ်ခုခု ဖြစ်လာတော့မယ်) 」
ကျနော် ဘာမှ မမေးနိုင်မီမှာပင် နာဗားနား က စတင် လမ်းလျှောက်သွားသည်။ ကျနော်သည် ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သော လျှိုမြောင်ကို ပြန်ကြည့်ရင်း နာဗားနား နောက်သို့ လိုက်ခဲ့သည်။ စာကြည့်တိုက်အတွင်းမှ တုန်ခါမှုများမှာ ထိုလျှိုမြောင်ထံမှ ပျံ့နှံ့လာခြင်း ဖြစ်သည်။
"နေဦး၊ မင်း ဘယ်ကို သွားနေတာလဲ"
「 (မင်းနဲ့ အရမ်းတွေ့ချင်နေတဲ့ လူတစ်ယောက် ရှိတယ်) 」
"ဟမ်။ ဘယ်သူလဲ"
「 (၀၀၀ ကနေ စပြီး စာအုပ်စင်တွေကို စနစ်တကျ စီစဉ်ပေးခဲ့တဲ့ တည်ရှိမှုပေါ့) 」
...စာအုပ်စင်တွေကို စီပေးခဲ့တာတဲ့လား။
「 (ငါတို့က ဒီမှာ ကစားဖို့ပဲ ရှိနေတာ မဟုတ်ဘူး။ ငါတို့သာ သေချာ သန့်ရှင်းရေး မလုပ်ပေးရင် မင်း အဲဒါတွေကို မှတ်မိမှာ မဟုတ်ဘူးလေ) 」
"...နေဦး၊ အဲဒါက ဘာကို ဆိုလိုတာလဲ"
「 (မင်း နားလည်ဖို့ မလိုပါဘူး) 」
ကျနော် ကိုယ်ကို လှည့်ကြည့်လိုက်သောအခါ စာအုပ်စင်အသစ်များ ပေါ်လာသည်ကို တွေ့ရသည်။ စာကြည့်တိုက်မှာ တကယ်ပင် ကျယ်ပြောလှသည်။ Ways of Survival သည် နောက်ပိုင်းအပိုင်းများတွင် ကျော်သွားခဲ့သော နောက်ပြန်ဆုတ်မှုများကို တိုးမြှင့်ထားသည်။ ဖြစ်နိုင်သည်မှာ ဤစာကြည့်တိုက်က ထိုချန်လှပ်ထားခဲ့သမျှ အရာအားလုံးကို စီပေးထားခြင်း ဖြစ်ပေလိမ့်မည်။ ကျနော်၏ ရှေ့တွင် [၀၀၀~၁၀၀] ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခု ပေါ်လာသည်။
「 (ဒီမှာပဲ။ ကဲ… ကောင်းကောင်း စကားပြောလိုက်ကြဦး ) 」
ထောင့်ချိုးကို ကွေ့လိုက်သောအခါ ရင်းနှီးနေသော သတ္တဝါတစ်ခုကို ကျနော်မြင်လိုက်ရသည်။ အတိတ်က မြင်ခဲ့ဖူးသည်ထက်စာလျှင် 'အသေးဆုံး' အရွယ်အစား ဖြစ်သော်လည်း သေချာပေါက် ကျနော် သိသော တည်ရှိမှုပင် ဖြစ်သည်။
ကြမ်းပြင်ပေါ်ရှိ စာအုပ်များကို ကောက်ယူရန် လက်တံ ၁၂ ခုကို အသုံးပြုနေလေသည်။ ထိုလက်တံများကို ထိန်းချုပ်နေသော ကင်းမွန်ငါးသဏ္ဌာန် ခန္ဓာကိုယ်တစ်ခု ရှိ၏။ မျက်လုံးဟု ယူဆရသော အပေါက်ငယ်တစ်ခုပေါ်တွင် ကိုင်းအမည်း မျက်မှန်ကဲ့သို့သော အရာတစ်ခုကို တပ်ဆင်ထားလေသည်။
"...မင်းက ဒီမှာ ရှိနေတာကိုး"
ကင်းမွန်ငါးက ကျနော့်ဘက်သို့ လှည့်ကြည့်လာသည်။ လက်တံ ၁၂ ခုစလုံးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်သည်။
「 (စိတ်ပျက်စရာကောင်းတဲ့ အမှန်တရား ရှာဖွေသူလေး ရောက်လာပြီပဲ) 」
ထိုကင်းမွန်မှာ အိပ်မက်များကို ဝါးမြိုသူ ဖြစ်သည်။ မဟူရာရဲတိုက်တွင် ချောက်ဂျွန်ဂယောင်း နှင့် Fourth Wall တို့၏ အကူအညီဖြင့် သူ့ကို ကျနော်အနိုင်ယူခဲ့သည်။ သူသည် Fourth Wall၏ ဝါးမြိုခြင်းကို ခံခဲ့ရပြီး ဤနေရာတွင် လာရောက် အဆုံးသတ်နေခြင်း ဖြစ်လေသည်။
"မင်းက ငါ့ကို တွေ့ချင်နေတာလား"
「 (ငါက မင်းကို ကူညီချင်လို့ပါ) 」
ကင်းမွန်ငါး၏ ပါးစပ်ဟု ယူဆရသော အရာမှာ ကျေနပ်နေသော အမူအရာဖြင့်ပြုံးနေပုံရသည်။ ကွဲပြားခြားနားသော ဤမျိုးစိတ်၏ အမူအရာကို မည်သို့ တုံ့ပြန်ရမည်မှန်း ကျနော် မသိချေ။
"မင်း ရုတ်တရက်ကြီး ဘာတွေပြောနေမှန်း ငါမသိဘူး။ အခြေအနေကို နားလည်ဖို့ ငါ့မှာ အချိန်နည်းနည်း လိုသေးတယ်..."
「 (အချိန်သိပ်မရှိတော့ဘူး) 」
"မင်းက ဘာလို့ ငါ့ကို ကူညီဖို့ ကြိုးစားနေရတာလဲ"
「 (မင်းရဲ့ အကူအညီကြောင့် ငါဟာ စကြဝဠာရဲ့ အမှန်တရားဆီကို ရောက်ရှိခဲ့ပြီ။ မြင့်မြတ်တဲ့ တည်ရှိမှုတွေက သူတို့ရဲ့ ရန်ကြွေးတွေကို ပြန်ဆပ်လေ့ရှိတယ်) 」
မြင့်မြတ်တဲ့ တည်ရှိမှုများ။ အမှန်တော့ အိပ်မက်များကို ဝါးမြိုသူ က မိမိကိုယ်ကိုယ် ထိုသို့ခေါ်ဝေါ်ခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ချေ။ ဤကင်းမွန်ငါးမှာ အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသော နက္ခတ်များ ကို ဝါးမြိုပစ်နိုင်လောက်အောင် အင်အားကြီးမားလှ၏။
"ဒါဆို ငါ့မှာ မေးစရာ တစ်ခုရှိတယ်"
「 (မေးပါ) 」
"ဒီစာကြည့်တိုက်ကို ဘယ်သူ ဖန်တီးခဲ့တာလဲ"
ထိုခဏမှာပင် ပြင်းထန်သော လျှပ်စစ်မီးပွားများ ထွက်ပေါ်လာပြီး ကျနော်၏ ခန္ဓာကိုယ်မှာ စာအုပ်စင်တစ်ခုနှင့် ရိုက်မိသွားသည်။ လက်တံ ၁၂ ခုမှာ တစ်ပြိုင်နက်တည်း ဆန့်ထွက်လာပြီး ကျနော်၏ ခန္ဓာကိုယ်ကို စာအုပ်စင်တွင် ကပ်၍ ထိန်းထားလိုက်သည်။ သူသည် ပြုတ်ကျလာသော စာအုပ်များကို ကြည့်လိုက်ပြီး အိပ်မက်များကို ဝါးမြိုသူ က သူ၏ မျက်မှန်ကို ပင့်တင်လိုက်သည်။
「 (ဒါက မေးခွန်းတစ်ခုအဖြစ် အကျုံးမဝင်ဘူး။ တခြားမေးခွန်းတစ်ခု မေးပါ) 」
ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့ကာ စဉ်းစားလိုက်သည်။ Ways of Survival နှင့် သက်ဆိုင်သော မေးခွန်းများကို ယခုအချိန်တွင် မေးနေခြင်းမှာ အဓိပ္ပာယ်မရှိချေ။ ဒုတိယအကြိမ် ပြင်ဆင်ထားသော မူကို ဖတ်ရန် ဖြစ်နိုင်ချေရှိသလို၊ ဤနေရာသို့ ပြန်လာပြီး သက်ဆိုင်ရာ မေးခွန်းများကို ဖတ်ရန် နည်းလမ်းလည်း ရှိနေလေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် Ways of Survival ထဲတွင် မှတ်တမ်းမတင်ထားသော မေးခွန်းတစ်ခုကို ကျနော် မေးရမည် ဖြစ်သည်။ မေးခွန်းမှာ 'ပြင်ပနတ်ဘုရား' တစ်ပါးကသာ ဖြေကြားပေးနိုင်မည့် မေးခွန်းလည်း ဖြစ်ရမည်။ ထိုမေးခွန်းကို ရှာဖွေရန် မခက်ခဲလှချေ။
"လျှို့ဝှက်ကြံစည်သူ ဆိုတာ ဘယ်သူလဲ"
ပြင်းထန်သော လျှပ်စစ်မီးပွားများ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ကျနော်၏ ခန္ဓာကိုယ်မှာ နောက်သို့ ထပ်မံ လွင့်စင်သွားမည်ကို စိုးရိမ်မိသော်လည်း ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် မီးပွားများမှာ အားပျော့လှသည်။
「 (မင်းက ကြီးမြတ်တဲ့ ကြံစည်သူအကြောင်း သိချင်နေတာလား) 」
လက်တံများမှာ အလွန်ပင် နှေးကွေးစွာ လှုပ်ရှားနေသည်။
「 (သူဟာ ဒီစကြဝဠာထဲမှာ အစောဆုံး တည်ရှိမှုတွေထဲက တစ်ဦးပဲ...) 」
ကျနော်သည် လျှို့ဝှက်ကြံစည်သူ အကြောင်းကို ပထမဆုံးအကြိမ်အဖြစ် အချက်အလက်များ ကြားသိရခြင်း ဖြစ်သည်။
「 (စကြဝဠာမှာ အထီးကျန်ဆုံးသော တည်ရှိမှု၊ ရှေးအကျဆုံး အိပ်မက် ကို ဆန့်ကျင် တိုက်ခိုက်နေသူပေါ့) 」
"မင်း ပြောတာတွေက အမှန်ပဲလို့ ငါ ဘယ်လို သိနိုင်မလဲ။ သူ့ရဲ့ မှန်ကန်တဲ့ ဘွဲ့အမည် ကို ငါ့ကို ပြောပြပါ―"
「 (သူ့အတွက် ဘွဲ့အမည်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ မင်း အလိုရှိမယ်ဆိုရင် သူက မင်းကို ကူညီလိမ့်မယ်) 」
"ကူညီမယ်ဟုတ်လား။ ဘယ်လိုမျိုးလဲ..."
「 (သူနဲ့အတူ အခြားကမ္ဘာနဲ့ ကတိကဝတ် တစ်ခု ပြုလိုက်ပါ) 」
အခြားကမ္ဘာနှင့် ကတိကဝတ်။ ၎င်းမှာ ဘာလဲဆိုသည်ကို ကျနော် သိသည်။ ပဉ္စမမြောက် ဇာတ်ဝင်ခန်းတွင် ကျနော် ဖျက်ဆီးခဲ့သော အကြွင်းမဲ့ပလ္လင် မှာ ကတိကဝတ် အမျိုးအစားတစ်ခု ဖြစ်၏။ သို့သော် Ways of Survival ထဲတွင် ကတိကဝတ်ပြုခြင်း၏ အဆုံးသတ်မှာ ကောင်းမွန်လေ့ မရှိချေ။
"ငါ အဲဒါကို မလုပ်နိုင်ဘူး"
လက်တံအချို့မှာ ခေါင်းငြိတ်ပြသည့်အလား လှုပ်ရှားသွားသည်။
「 (ငါ ထင်ထားတဲ့အတိုင်းပဲ။ မင်းက အဆင့်မြင့် တည်ရှိမှုတွေကို မုန်းတီးတာကိုး) 」
"မင်းတို့ရဲ့ စွမ်းအားကို ငှားသုံးမယ်ဆိုရင် ငါ အလိုရှိတဲ့ ဇာတ်လမ်းကို ဖန်တီးနိုင်မှာ မဟုတ်ဘူး"
「 (မင်းဟာ အခုဆိုရင် ဘယ်သူမှ ထိန်းချုပ်လို့မရတဲ့ သူတစ်ယောက် ဖြစ်နေပြီပဲ) 」
ကျနော် ထူးဆန်းစွာ ခံစားလိုက်ရသည်။ 'ပြင်ပနတ်ဘုရား' တစ်ပါးက ဤသို့ ပြောလိမ့်မည်ဟု ကျနော် မထင်ထားခဲ့ချေ။
「 (မင်းရဲ့ အမျက်ဒေါသအကြောင်းကို ပြန်ပြီး စဉ်းစားဖို့ လိုတယ်။ အဆုံးသတ်ဆီကို ရောက်ဖို့အတွက် မင်း အသုံးပြုနိုင်တဲ့ အရာတွေကို သေချာ စဉ်းစားဖို့ လိုအပ်တယ်) 」
ဒူဒူဒူဒူ!
「 (ဒီကမ္ဘာဟာ ■■ ဆီကို ဦးတည်နေတယ်။ အဲဒါကို မရေးရသေးဘူးဆိုပေမဲ့ ရေးပြီးသားလည်း ဖြစ်နေတယ်။ မင်းဟာ မှန်ကန်တဲ့ လမ်းစဉ်ကို ရှာတွေ့နိုင်ဖို့ ကြီးမြတ်တဲ့ ကြံစည်သူက မင်းကို ကူညီနိုင်တယ်...) 」
"ငါဟာ ငါ စုဆောင်းခဲ့တဲ့ ဇာတ်လမ်းတွေကိုပဲ ယုံကြည်တယ်"
ဒူဒူဒူဒူ
တုန်ခါမှုများမှာ တဖြည်းဖြည်းနှင့် ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းလာသည်။ အိပ်မက်များကို ဝါးမြိုသူ က ကျနော်၏ ခေါင်းမာလှသော ဆန္ဒကို လက်လျှော့လိုက်သည့်အလား ပြောလိုက်သည်။
「 (…ကံမကောင်းတာက အချိန်မရှိတော့ဘူး။ ကြီးမြတ်တဲ့ ကြံစည်သူဟာ မင်းကို အမြဲတမ်း စောင့်ကြိုနေတယ်ဆိုတာကို မှတ်ထားပါ) 」
လက်တံတစ်ခုက ကျနော်၏ ခန္ဓာကိုယ်ကို ပတ်ချာလည် ဝိုင်းထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော လက်တံများမှာ စာအုပ်စင်ပေါ်တွင် တစ်စုံတစ်ခုကို လျင်မြန်စွာ ရှာဖွေနေကြသည်။ သူ ရှာတွေ့လိုက်သော စာအုပ်မှာ-
[ယူဂျွန်ဟော့၊ ၃ကြိမ်မြောက်နောက်ပြန်ဆုတ်မှု၏ ၃၈ ခုမြောက် မှတ်တမ်း]
စာမျက်နှာများမှာ လျင်မြန်စွာ လှန်သွားသည်။ ဘာတွေ ဖြစ်တော့မည်ကို ကျနော် သိလိုက်သဖြင့် အလျင်အမြန်ပင် ပြောလိုက်သည်။
"နေဦး။ ငါ့မှာ မေးစရာတွေ ရှိသေးတယ်"
「 (နှုတ်ဆက်ပါတယ် ■■ ရဲ့ တမန်တော်။ ဖြစ်နိုင်စွမ်း က ခွင့်ပြုမယ်ဆိုရင် ငါတို့ ထပ်မံ ဆုံတွေ့ကြဦးမှာပါ) 」
စာအုပ်၏ စာမျက်နှာများမှာ ပွင့်သွားပြီး စာမျက်နှာအလွတ်များပေါ်တွင် ဝါကျများမှာ အချိန်နှင့်တစ်ပြေးညီ ပေါ်ထွက်လာ၏။
「 ယူဂျွန်ဟော့ တွင် အတွေးတစ်ခု ရှိသည်။ 」
「 မြန်မြန် ထတော့၊ ကင်ဒေါ့ဂျာ 」
「 မဟုတ်ရင် အားလုံး သေကုန်လိမ့်မယ် 」
...ချီး။ ဒါကြောင့်ပဲ ငါ့ကို အတင်းအကျပ် ထွက်ခွာခိုင်းတာကိုး။ နောက်တစ်ခဏတွင် ကျနော်သည် ထိုဝါကျများ၏ အကြောင်းအရာများအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
စစ်မြေပြင်မှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ ယူဂျွန်ဟော့ သည် မြေပြင်ပေါ်ရှိ ကိုယ်စားလှယ်များ ၏ ရုပ်အလောင်းများနှင့် ချဉ်းကပ်လာနေသော နက္ခတ်များ ကို ကြည့်ရင်း သွေးစွန်းနေသော သူ၏ နှုတ်ခမ်းများကို သုတ်လိုက်သည်။
အဆင့်ကျော်လွန်သူ ခွေးမကြီး ကောင်းကင်ဖြိုခွင်းသခင် နှင့် နက္ခတ် အိုဆူး တို့၏ ပေါင်းစပ်မှုမှာ အံ့မခန်းနိုင်လှသည်။ သူတို့သည် မိမိတို့၏ ကြေမွနေသော ခန္ဓာကိုယ်များကို ဂရုမစိုက်ဘဲ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည့် သမိုင်းဝင်အဆင့် နက္ခတ်များကို ကိုက်ခဲနေကြလေသည်။
ထိုအရှိန်ကြောင့် ရှေ့ဆုံးမှ ကလီယိုပတ်ထရာ မှာ ဖရိုဖရဲဖြစ်နေပြီး အီးဒီးပပ်စ် ဘုရင် မှာလည်း တစ်ကိုယ်လုံးတွင် ဆိုးရွားသော အကိုက်အခဲဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
သမိုင်းဝင်အဆင့် နက္ခတ်များကို ရင်ဆိုင်ရာတွင် အခြေအနေကို အတော်အတန် ထိန်းထားနိုင်နေသေး၏။
[ရွံစရာကောင်းလိုက်တာ။ မင်းတို့က ဒီလိုပိုးကောင်တွေကိုတောင် မရှင်းနိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် နက္ခတ်တွေလို့ ခေါ်ရဲသေးတယ်လား]
သို့သော် နောက်တန်းမှ စောင့်ကြည့်နေသော ဒဏ္ဍာရီလာအဆင့် နက္ခတ်များ ထွက်ပေါ်လာချိန်တွင်မူ အခြေအနေမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့သည်။
ရှင်ယူဆောင်း ၏ ခိုင်မဲရာ နဂါး မှာ မိုးကြိုးစားငှက် ကြောင့် မြေပြင်ပေါ်သို့ ပျက်ကျသွားသည်။ လီဟန်းဆောင်သည် ဗာနာရာ၏ စစ်သူကြီး ၏ လက်သီးချက်ကြောင့် သူ၏ သံမဏိအသွင်ပြောင်းခြင်းမှာ ကြေမွသွားပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေရသည်။ ယူဆန်းအာ မှာလည်း အကြိမ်ကြိမ် သွေးအန်နေသော်လည်း မနည်းတောင့်ခံကာ တိုက်ခိုက်နေရသဖြင့် ဤအခြေအနေမှာ ယူဆန်းအာ၏ တောင့်ခံနိုင်စွမ်းကို စမ်းသပ်နေသလိုပင် ဖြစ်နေလေသည်။
အိုဆူး သည် လူသားမျိုးနွယ်ကို တည်ထောင်သူ ၏ ရှေးဦးလှံ ဖြင့် အထိုးခံလိုက်ရကာ မြေပြင်ပေါ်သို့ ယိုင်လဲကျသွားသည်။ အိုဆူး ၏ ကိုယ်စားလှယ်ခန္ဓာကိုယ်မှာ အထိုးခံလိုက်ရသဖြင့် ကောင်းကင်ဖြိုခွင်းသခင် မှာလည်း ယိုင်နဲ့သွားခဲ့သည်။
သူတို့သည် ၂၅ ခုမြောက် ဇာတ်ဝင်ခန်း၏ ဖြစ်နိုင်စွမ်း က ခွင့်ပြုထားသော အကန့်အသတ်များကို ဖွင့်ထုတ်လိုက်ကြသည်။ ၁၀၀% စွမ်းအား မဟုတ်သော်လည်း ထိုနေရာရှိ အဖွဲ့များ ထုတ်ဖော်လိုက်သော အားကောင်းသည့် 'အရှိန်အဝါ' များမှာ မိစ္ဆာနယ်မြေ တစ်ခုလုံးကို စူးရှတောက်ပသော အဖြူရောင် လျှပ်စစ်မီးပွားများဖြင့် ပြည့်နှက်သွားစေလေသည်။
ဤသည်မှာ နက္ခတ်ဟု ခေါ်တွင်သော တည်ရှိမှုများ၏ စွမ်းအားပင် ဖြစ်၏။ သူတို့သည် ဤကမ္ဘာ၏ အမြင့်ဆုံးနေရာမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။
ယူဂျွန်ဟော့ က မေးလိုက်သည်။
"မင်းတို့ ဘာလို့ ဒီလိုလုပ်နေကြတာလဲ"
['အမြင့်မြတ်ဆုံး အလင်းနတ်ဘုရား' နက္ခတ်က တိတ်ဆိတ်စွာ ရယ်မောနေပါသည်။]
"ပိုးကောင်တွေလက်မှာ ရှုံးနိမ့်ခဲ့ရတဲ့ သမိုင်းမျိုး မင်းတို့တွေက မရှိချင်တာ ထင်တယ်"
ထိုစကားကြောင့် သူရိယ ၏ ပါးပြင်မှာ အနည်းငယ် လှုပ်ခတ်သွားသည်။ လောကပါလ ၏ အရှိန်အဝါကို ဖွင့်ထုတ်လိုက်ခြင်းကြောင့် နက္ခတ်များ၏ အမူအရာမှာ ပြောင်းလဲသွားလေသည်။ လွန်ကဲသော စွမ်းအားကို ဖွင့်ထုတ်လိုက်သဖြင့် သူရိယ ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လျှပ်စစ်မီးပွားများ ပေါ်ထွက်လာသည်။ သို့သော် သူရိယ ကမူ အေးအေးဆေးဆေး တောင့်ခံနိုင်သည့်အလား ယုံကြည်ချက်ရှိနေပုံရသည်။
[ဂါးးးး]
သူသည် သူ၏ 'အရှိန်အဝါ' ကို ထုတ်လွှတ်လိုက်ပြီး တစ်ချက်တည်းနှင့် တိုက်ခိုက်လိုက်သည်။ သို့သော် ဤနယ်မြေတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်စီးသွားခဲ့သည်။ အနီးနားရှိ အဆောက်အအုံများမှာ ပြာအဖြစ် ပြောင်းလဲသွားပြီး ထွက်ပြေးနေကြသော ကိုယ်စားလှယ်များမှာလည်း ချေမှုန်းခံလိုက်ရသည်။ လူများမှာ လဲကျကုန်ကြပြီး ခန္ဓာကိုယ်ရှိ အပေါက်မှန်သမျှမှ သွေးများ ထွက်လာကြသည်။
[နက္ခတ်အချို့မှာ ဇာတ်ဝင်ခန်း၏ တိုးတက်မှုအပေါ် မကျေမနပ် ဖြစ်နေကြပါသည်။]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်မှာ အလွန်အမင်း ဒေါသထွက်နေပါသည်။]
['မဟာမိစ္ဆာရဲတိုက်၏ အရှင်သခင်' မိစ္ဆာဘုရင်က ကျေနပ်နေပါသည်။]
['ပဋိပက္ခဖန်တီးသူ' မိစ္ဆာဘုရင်မှာ စိတ်လှုပ်ရှားနေပါသည်။]
[နက္ခတ်အမြောက်အမြားမှာ ဤမဟာတိုက်ပွဲကြီးအတွက် စိတ်လှုပ်ရှားနေကြပါသည်။]
လီဟန်းဆောင်သည် ရှေ့ဆုံးမှ ကာကွယ်နေရင်း သူ၏ နားနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ ယူဂျွန်ဟော့ က လီဟန်းဆောင်၏ ပုခုံးကို ဆွဲကိုင်လိုက်သည်။
"နောက်ဆုတ်တော့၊ လီဟန်းဆောင်။ ဒါက မင်း ရင်ဆိုင်နိုင်တဲ့ ပြိုင်ဘက် မဟုတ်ဘူး"
လီဟန်းဆောင်သည် အလိုအလျောက် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသော်လည်း ထိုသို့လုပ်ရန်ပင် ခက်ခဲနေပုံရသည်။ ယူဂျွန်ဟော့သည် ယိုင်နဲ့နေသော လီဟန်းဆောင်ကို နောက်တွင် ထားရစ်ခဲ့ပြီး မဟူရာကောင်းကင်မိစ္ဆာဓါး ပေါ်မှ သွေးများကို သုတ်ရင်း ရှေ့သို့ လှမ်းတက်သွားသည်။
အခြေအနေက မျှော်လင့်ချက်မဲ့သော အခြေအနေတစ်ခု ဖြစ်သည်။ သူ၏ သူတော်စင်၏မျက်လုံး မှာ စစ်မြေပြင်ကို အချိန်နှင့်တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာနေသည်။ လက်ရှိ မြင်တွေ့နေရသော နက္ခတ်အရေအတွက်မှာ ၂၀ နီးပါး ရှိနေသည်။ သမိုင်းဝင်အဆင့် နက္ခတ်အချို့မှာ စစ်မြေပြင်မှ ဖယ်ရှားခံလိုက်ရသော်လည်း နက္ခတ်တွေ၏အရေအတွက်က သူ အနိုင်ယူနိုင်သည့် အရေအတွက် မဟုတ်ချေ။
「 တပည့်လေး၊ မလုပ်နဲ့။ အဲဒီစွမ်းအားကို ဖွင့်လိုက်ရင် မင်း သေလိမ့်မယ် 」
ကောင်းကင်ဖြိုခွင်းသခင် သည် ယူဂျွန်ဟော့ ဘာလုပ်တော့မည်ကို ဗီဇအရ သိမြင်လိုက်သည်။ သို့သော် ယူဂျွန်ဟော့ ၏ ဆန္ဒမှာ ခိုင်မာလှသည်။
ယူဂျွန်ဟော့ သည် သူ၏ စွမ်းအားကို ဖြည်းညှင်းစွာ မြှင့်တင်လိုက်ပြီး ဧရာမ လျှပ်စစ်မီးပွားများ ပေါ်ထွက်လာသည်။ သူသည် သူတို့၏ ပြိုင်ဘက်မဟုတ်မှန်း သိသည်။ သို့သော် အမြဲတမ်း ဤအတိုင်းပင် ဖြစ်ခဲ့သည်။
—မင်းသာ အဆင့်ကျော်လွန်ခြင်း တတိယအဆင့်ကို ရောက်သွားရင် နက္ခတ်တွေကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားကို ရလိမ့်မယ်။
သူ၏ ဆရာ ချန်ထားခဲ့သော ထိုစကားများမှာ ယူဂျွန်ဟော့ အခုအချိန်မှာ ယုံကြည်နေသည့် တစ်ခုတည်းသော နှစ်သိမ့်မှု ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် သူ၏ စွမ်းအားကို မြှင့်တင်ရန် ဖြတ်လမ်းတစ်ခုကို အသုံးပြုနေခြင်း ဖြစ်သည်။ ဖြတ်လမ်းတစ်ခုကို အသုံးပြုလိုက်သဖြင့် ထိုစွမ်းအားမှာ အတုအယောင် ဖြစ်သွားသည်ဟု မဆိုလိုချေ။
စူးရှတောက်ပသော အရှိန်အဝါများမှာ ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ နူးညံ့သော ဆံပင်များမှာ ရေတံခွန်ကဲ့သို့ စီးကျလာပြီး သူ၏ ဧရာမ ခန္ဓာကိုယ်မှာ သေးငယ်ကာ သွယ်လျသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။ သူသည် ကောင်းကင်ဖြိုခွင်းဓါးသိုင်း ၏ အမြင့်ဆုံးအဆင့်ကို ကျင့်ကြံနိုင်မည့် ပုံသဏ္ဌာန်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ယူဆန်းအာ သည် နောက်ဘက်မှနေ၍ ထိုမြင်ကွင်းကို စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"...ယူဂျွန်ဟော့"
ယူဂျွန်ဟော့ သည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး သူ၏ ရှည်လျားသော ဆံပင်များကို မဟူရာကောင်းကင်မိစ္ဆာဓါး ဖြင့် ဖြတ်တောက်ပစ်လိုက်သည်။ မျက်နှာ၏ အသွင်အပြင်များ ပြောင်းလဲသွားသော်လည်း ၎င်းမှာ သေချာပေါက် ယူဂျွန်ဟော့ ပင် ဖြစ်သည်။ မဟုတ်သေး၊ အရင်ကထက်ပင် ပို၍ ထူးခြားနေသည်။
ယူဂျွန်ဟော့ ၏ အကြည့်မှာ ကင်ဒေါ့ဂျာ ၏ မျက်နှာပေါ်တွင် ခဏမျှ ရပ်တန့်သွားသည်။
"သူ့ကို ခေါ်သွားကြတော့"
ယူဂျွန်ဟော့ က ခေါင်းကို ပြန်လှည့်လိုက်ပြီး မဟူရာကောင်းကင်မိစ္ဆာဓါး ၏ ဓါးသွားကို သုတ်လိုက်သည်။ သူ့ကို လှောင်ပြောင်နေကြသော နက္ခတ်များမှာ ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။
အီးဒီးပပ်စ် ဘုရင် က ပြောလိုက်သည်။
[မိုက်မဲတဲ့ အဆင့်ကျော်လွန်သူ။ ဒါက နက္ခတ်တွေကို ဆန့်ကျင်တဲ့အတွက် ပေးရမယ့် တန်ဖိုးပဲ။ မင်း ဒီမှာတင် သေရလိမ့်မယ်]
ယူဂျွန်ဟော့ က ဓါးသွားကို သုတ်နေဆဲမှာပင် ပြန်လည်ဖြေကြားလိုက်သည်။
"သေသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းတို့ထဲက တချို့လည်း သေရလိမ့်မယ်"
[ဟဟ၊ အပိုတွေ။ ကိုယ်စားလှယ်ခန္ဓာကိုယ်တစ်ခု ပျက်စီးသွားတာက...]
ယူဂျွန်ဟော့ က နားမထောင်တော့ချေ။ ထိုအစား သူသည် ကင်ဒေါ့ဂျာ၏ စကားများကို သတိရလိုက်သည်။
'ဒီဘဝကို လက်မလျှော့လိုက်ပါနဲ့'
"ဒါဆိုရင် နောက်ဘဝကျရင် မင်းတို့ထဲက တစ်ဝက် သေရလိမ့်မယ်"
ယူဂျွန်ဟော့ ၏ အသံမှာ စစ်မြေပြင်တစ်ခုလုံးတွင် တိတ်ဆိတ်စွာ ပဲ့တင်ထပ်သွားသည်။ ယူဂျွန်ဟော့ သည် မဟူရာကောင်းကင်မိစ္ဆာဓါးနှင့်အတူ ခေါင်းကို မော့လိုက်သည်။ နက္ခတ်များ၏ ခြေလှမ်းများမှာ ပထမဆုံးအကြိမ်အဖြစ် ရပ်တန့်သွားခဲ့သည်။ အဆင့်ကျော်လွန်ခြင်း ၏ စွမ်းအားမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ခြိမ်းခြောက်နေသည်။
"နောက်ဘဝကျရင် မင်းတို့ အားလုံး သေရလိမ့်မယ်"
မဟူရာကောင်းကင်မိစ္ဆာဓါး ၏ ဟိန်းဟောက်သံမှာ ကောင်းကင်သို့ ထိမှန်သွားသည့်အလားပင်။ ယူဂျွန်ဟော့ ၏ စကားများ အဆုံးသတ်သွားချိန်တွင် နက္ခတ်များ၏ အမူအရာမှာ တင်းမာသွားခဲ့သည်။
"မင်းတို့ ထာဝရ သေဆုံးသွားရလိမ့်မယ်"
အခန်း ၂၆၈
- အပိုင်း ၅၀ - ဒေါ့ဂျာ၏ ဇာတ်လမ်း (၅)
[ကိုယ့်အဆင့်ကိုမသိတဲ့ အဆင့်ကျော်လွန်သူကောင်။ ဘာတွေ ပေါက်ကရ လာပြောနေတာလဲ...]
တိုက်ပွဲ စတင်သည်နှင့်တစ်ပြိုင်နက် ယူဂျွန်ဟော့ လှုပ်ရှားလိုက်သည်။ နက္ခတ်များ၏ လှောင်ပြောင်မှုနှင့် အင်အားချင်း မမျှတမှုတို့မှာ လက်ရှိ ယူဂျွန်ဟော့ အတွက် အရေးမပါတော့ချေ။ တတိယအကျော့ထဲသို့ သူ စတင်ခြေချခဲ့သည့် အချိန်မှစ၍ သူ၏ အာရုံစိုက်မှုအားလုံးမှာ ရှေ့တွင်ရှိနေသော ရန်သူများကို သတ်ဖြတ်ရန်အတွက်သာ ဖြစ်ခဲ့သည်။
ယူဂျွန်ဟော့ ထံမှ အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် ရှေ့ဆုံးမှ သမိုင်းဝင်အဆင့် နက္ခတ်အချို့မှာ တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ကြသည်။ သို့သော်လည်း နက္ခတ်အများစုမှာမူ ယူဂျွန်ဟော့ ကို အထင်သေးစွာ ကြည့်နေဆဲပင် ဖြစ်သည်။
မည်မျှပင် အဆင့်ကျော်လွန်သူ ဖြစ်ပါစေ၊ သူသည် လူသားတစ်ယောက်သာ ဖြစ်သည်။ အရေအတွက်အရ အပြတ်အသတ် အသာစီးရနေသော အခြေအနေတွင် နက္ခတ်များက ရှုံးနိမ့်စရာ အကြောင်းမရှိချေ။
၎င်းမှာ ဗာနာရာ၏ စစ်သူကြီး ၏ နောက်ဆုံးအတွေး ဖြစ်သွားခဲ့သည်။
[သီးသန့်စွမ်းရည် 'ဧရာမ ခန္ဓာကိုယ် အသွင်ပြောင်းခြင်း အဆင့် ၆' အသက်ဝင်လာပါပြီ။]
ဧရာမ ခန္ဓာကိုယ် အသွင်ပြောင်းခြင်း ကို အသုံးပြုလိုက်ပြီး ယူဂျွန်ဟော့ သည် နက္ခတ်များရှိရာသို့ မျက်စိတစ်မှိတ်အတွင်း အကွာအဝေးကို လျှော့ချလိုက်သည်။ ယူဂျွန်ဟော့ သည် ဥက္ကာခဲတစ်ခုကဲ့သို့ ရှေ့သို့ တိုးဝင်သွားသည်။
ဗာနာရာ၏ စစ်သူကြီး သည် ဓါးကို သတိပြုမိပြီး သူ၏ ဧရာမ နှစ်ဖက်သွားဓါးကြီးကို အလျင်အမြန် မြှောက်လိုက်ချိန်တွင်မူ သူ၏ ခေါင်းမှာ မဟူရာကောင်းကင်မိစ္ဆာဓါး ဖြင့် အဖြတ်ခံလိုက်ရပြီး လေထဲတွင် လွင့်စင်နေပြီ ဖြစ်သည်။
[မင်းကများ ရဲတင်းလှချေလား...]
ဗာနာရာ၏ စစ်သူကြီး သည် မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းပြတ်နေသည့်တိုင် သူ၏ စစ်မှန်သောအသံ ဖြင့် ပြောလိုက်သည်။
ယူဂျွန်ဟော့ သည် လေထဲတွင် လွင့်နေသော ခေါင်းကို မဟူရာကောင်းကင်မိစ္ဆာဓါး ဖြင့် နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။
ရယ်စရာကောင်းလောက်အောင် နိဂုံးချုပ်သွားခြင်းပင်။
အလွန်အမင်း စုစည်းထားသော မှော်စွမ်းအင်များမှာ ယူဂျွန်ဟော့ ၏ သွေးများကို အရည်ပျော်စေနေသည်။ ၎င်းမှာ အဆင့်ကျော်လွန်ခြင်း တတိယအဆင့်ကို အကန့်အသတ်ထိ ဖွင့်ထုတ်လိုက်ခြင်း၏ ရလဒ်ဖြစ်သည်။ ဤအခြေအနေတွင် သူ တောင့်ခံနိုင်မည့် အချိန်မှာ အများဆုံး ၁၀ မိနစ်သာ ရှိသည်။ ဤ ၁၀ မိနစ်အတွင်း ယူဂျွန်ဟော့သည် လူတိုင်းကို အနိုင်ယူရမည် ဖြစ်၏။
"နောက်တစ်ယောက်"
ဗာနာရာ၏ စစ်သူကြီး သေဆုံးသွားခြင်းမှာ နက္ခတ်များအတွက် ကြီးမားသော ထိတ်လန့်မှု ဖြစ်သွားစေသည်။ နက္ခတ်များသည် သူတို့၏ ကိုယ်စားလှယ်ခန္ဓာကိုယ်များ ပျက်စီးသွားရုံဖြင့် ပျောက်ကွယ်မသွားချေ။
သို့သော်လည်း မည်သူကမျှ မိမိ၏ ကိုယ်စားလှယ်ခန္ဓာကိုယ်ကို အချည်းနှီး အဆုံးရှုံးမခံလိုကြချေ။ ကိုယ်စားလှယ်ခန္ဓာကိုယ် သေဆုံးခြင်းမှာ နက္ခတ်များကိုပါ ထာဝရ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။ နက္ခတ်အားလုံးမှာ တောင့်တင်းသွားကြသည်။
ယူဂျွန်ဟော့ သည် ထိုခဏတာ အချိန်ကာလကို အသုံးချကာ ဒုတိယအကြိမ် တိုက်ခိုက်မှုကို ကြိုးစားလိုက်သည်။ မဟူရာကောင်းကင်မိစ္ဆာဓါး သည် လှုပ်ရှားလိုက်စဉ် အမှောင်ရိပ်လမ်းကြောင်းတစ်ခုကို ချန်ထားခဲ့ပြီး ဧရာမ ငှက်ကြီး၏ အတောင်ပံကို ဖြတ်တောက်ပစ်လိုက်သည်။ မိုးကြိုးစားငှက် သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ထိုအခါမှ နက္ခတ်များ စတင်လှုပ်ရှားလာကြသည်။
[မင်း]
လူသားမျိုးနွယ်ကို တည်ထောင်သူ ၏ ရှေးဦးလှံ မှာ ယူဂျွန်ဟော့ ဆီသို့ ဦးတည်လာသည်။ ထိုးနှက်ချက်က သာမန် ကိုယ်စားလှယ် တစ်ယောက်ဆိုလျှင် ပြာအဖြစ် ပြောင်းလဲသွားစေနိုင်မည့် ထိုးနှက်ချက်မျိုး ဖြစ်သည်။
သို့သော်လည်း ယူဂျွန်ဟော့ က ထိုထိုးနှက်ချက်ကို ခံယူလိုက်သည်။ ရိုက်ခတ်မှုကြောင့် သူ၏ ညာဘက် လက်ဖျံကြွက်သားများ ပြတ်တောက်သွားပြီး ထိုတွန်းအားမှာ သူ၏ တစ်ကိုယ်လုံးကို ဖိအားပေးလိုက်သည်။ သူ၏ ပါးစပ်မှ သွေးများ စီးကျလာသော်လည်း ယူဂျွန်ဟော့ သည် အာရုံစူးစိုက်မှုပျက်မသွားချေ။
[အာရုံစူးစိုက်မှု လွန်ကဲခြင်းကြောင့် ဝိသေသ လက္ခဏာ ကဏ္ဍကို ချဲ့ထွင်လိုက်ပါပြီ။]
[သီးသန့် ဝိသေသ လက္ခဏာ ပျော်ရွှင်မှု၏အုပ်စိုးသူ' အသက်ဝင်လာပါပြီ။]
သူ၏ အာရုံစူးစိုက်မှုက ဇာတ်ကောင်၏ စွမ်းအားကို နိုးကြားစေလိုက်သည်။ ချဉ်းကပ်လာသော နက္ခတ်အားလုံးမှာ ဒေတာများအဖြစ် ပြောင်းလဲသွားပြီး ယူဂျွန်ဟော့ ၏ စိတ်ထဲသို့ စီးဝင်လာသည်။ ထိုခဏတွင် ဤကမ္ဘာကြီးမှာ ယူဂျွန်ဟော့ အတွက် ဂိမ်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။ ယူဂျွန်ဟော့ သည် နက္ခတ်များ၏ တိုက်ခိုက်မှုများကို ထိန်းချုပ်ထားသော လှုပ်ရှားမှုများဖြင့် ရှောင်တိမ်းကာ မှော်စွမ်းအင်များကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်လိုက်သည်။
[အား]
လူသားမျိုးနွယ်ကို တည်ထောင်သူ ၏ လက်ချောင်းများမှာ မဟူရာကောင်းကင်မိစ္ဆာဓါး ဖြင့် အဖြတ်ခံလိုက်ရသဖြင့် သူသည် အော်ဟစ်လိုက်ရသည်။
ယူဂျွန်ဟော့ ၏ မဟူရာကောင်းကင်မိစ္ဆာဓါး မှာ ထိုအဟန့်အတားအတွင်းသို့ တိုးဝင်သွားစဉ် နားကွဲလုမတတ် ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
ကောင်းကင်ဖြိုခွင်းဓါးသိုင်း။
ဖျက်ဆီးခြင်း စွမ်းရည်။
ကောင်းကင်ဖြိုခွင်း ဥက္ကာခဲ။
ဓါးမှာ မြေပြင်မှ ကောင်းကင်ယံသို့ မြင့်တက်သွားပြီး မိုးကြိုးတစ်ခုကဲ့သို့ ကောင်းကင်ကို ထိုးဖောက်လိုက်သည်။ ဓါးစွမ်းအင်၏ အကိုင်းအခက်များမှာ မှောင်မည်းသော တိမ်တိုက်များထဲတွင် ပုန်းကွယ်နေပြီး မိုးကြိုးများကို ဖန်တီးလိုက်သည်။ ညကောင်းကင်ယံမှ မိုးကြိုးများ စီးကျလာပြီး နက္ခတ်များကို ဥက္ကာခဲများကဲ့သို့ ထိမှန်သွားလေသည်။
မိုးကြိုးအစင်းပေါင်းများစွာမှာ ကောင်းကင်မှ ကျဆင်းလာပြီး နက္ခတ်များ၏ ကိုယ်စားလှယ်ခန္ဓာကိုယ်များကို ထိုးဖောက်သွား၏။ ၎င်းမှာ အဆင့်ကျော်လွန်ခြင်း တတိယအဆင့်၏ စွမ်းအား ပါဝင်သော တိုက်ခိုက်ချက်တစ်ခု ဖြစ်သည်။
[အား]
ယူဂျွန်ဟော့ သည် နာကျင်စွာ ရုန်းကန်နေကြသော နက္ခတ်များကို ကြည့်ရင်း သူကိုယ်တိုင် သေဆုံးခြင်းနှင့် နီးကပ်နေသည်ကို ခံစားလိုက်ရသည်။ တတိယမြောက် နောက်ပြန်ဆုတ်မှု၏ အတွေ့အကြုံများမှာ သူ၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားသည်။
၎င်းမှာ တိုတောင်းလှသော နောက်ပြန်ဆုတ်မှုတစ်ခု ဖြစ်သည်။ သို့သော်လည်း အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့သည်။
['ဘုရင်၏အမည်ကို ဆက်ခံသူ' ဇာတ်လမ်းက အော်ဟစ်နေပါသည်။]
သူ၏ ခံစားချက်များကို တုံ့ပြန်သည့်အလား ဇာတ်လမ်းများက စတင်စကားပြောလာကြသည်။ ဇာတ်လမ်းတိုင်းတွင် ကိုယ်ပိုင်ဆန္ဒ ရှိနေကြသည့်အတိုင်းပင်။ ၎င်းတို့ထဲမှ အများစုမှာ သူတစ်ဦးတည်း စုဆောင်းခဲ့သော ဇာတ်လမ်းများ မဟုတ်ကြချေ။
['အံ့ဖွယ်ကို ဆန့်ကျင်သူ' ဇာတ်လမ်း စတင်ပါပြီ။]
ပြန်လာသူများအကြောင်း ဇာတ်လမ်း။
['မျှော်လင့်ချက်မဲ့ခြင်း၏ သုခဘုံ' ဇာတ်လမ်း စတင်ပါပြီ။]
စွန့်ပစ်ခံ သုခဘုံကို ကာကွယ်စောင့်ရှောက်ရင်း ရရှိခဲ့သော ဇာတ်လမ်း။
['ပြင်ပနတ်ဘုရားကို တိုက်ခိုက်သူ' ဇာတ်လမ်း စတင်ပါပြီ။]
ပြင်ပနတ်ဘုရား နှင့် သူ ရင်ဆိုင်ခဲ့သည့် ဇာတ်လမ်း။
['စက်မှုဇုန်၏ အုပ်စိုးသူ' ဇာတ်လမ်း စတင်ပါပြီ။]
၎င်းမှာ ပုံမှန်ဆိုလျှင် သူ ဘယ်သောအခါမှ ရရှိနိုင်မည်မဟုတ်သော ဇာတ်လမ်းတစ်ခု ဖြစ်သည်။ လက်ရှိ အခြေအနေနှင့် မသက်ဆိုင်သော်လည်း တခြားတစ်ဦးတစ်ယောက်နှင့် သက်ဆိုင်နေသည့် ဇာတ်လမ်းတစ်ခုလည်း ဖြစ်၏။ တစ်ဦးတည်းနှင့် ဘယ်သောအခါမှ မအောင်မြင်နိုင်သည့် ဇာတ်လမ်းတစ်ခုပင်။
ဇာတ်လမ်းများမှာ တစ်ပြိုင်နက်တည်း စတင်စကားပြောလာ ကြသည်။ ဤနေရာတွင် ဇာတ်လမ်းကို အဆုံးမသတ်လိုကြသည့်အလားပင်။ ပြင်းထန်သော နာကျင်မှုနှင့်အတူ ယူဂျွန်ဟော့ ၏ ရင်ဘတ်မှ သွေးများ စီးကျလာသည်။ ဤဒဏ်ရာများကို သူ ဘယ်လိုရခဲ့မှန်းပင် သူ မသိတော့ချေ။
မြေပြင်ပေါ်တွင် လဲကျနေသော ကိုယ်စားလှယ်ခန္ဓာကိုယ် အချို့ ရှိနေလေသည်။ အမြင့်မြတ်ဆုံး အလင်းနတ်ဘုရား သူရိယ က ၎င်းကို မြင်သောအခါ ပြောလိုက်သည်။
[အံ့ဩစရာပဲ။ မင်းကို လူသားလို့ ခေါ်လို့တောင် မရတော့ဘူးပဲ၊ ကလေး]
ယူဂျွန်ဟော့ ၏ ဇာတ်လမ်းများမှာ ဖြစ်တည်မှုအစစ်အမှန်အသံ ကို တော်လှန်ပုန်ကန်နေသည့်အလား စူးရှသော အလင်းတန်းများ ထုတ်လွှတ်နေသည်။
['ကပ်ဘေးများ၏ ဘုရင်ကို အမဲလိုက်သူ' ဇာတ်လမ်းက ဟိန်းဟောက်နေပါသည်။]
ယူဂျွန်ဟော့ သည် အဆင့်ကျော်လွန်သူ တစ်ဦး ဖြစ်သည်။ ဇာတ်လမ်းများမှာ နက္ခတ်များကို ဖွဲ့စည်းထားသည့် ထူးခြားသော အစိတ်အပိုင်းများ ဖြစ်ကြသည်။ ဇာတ်လမ်းများ ရှိရုံဖြင့် လူတစ်ယောက်သည် ညကောင်းကင်ယံမှ ကြယ်များနှင့် တန်းတူဖြစ်နိုင်သည်ဟု မဆိုလိုချေ။ သို့သော်ငြားလည်း လက်ရှိ ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှ စီးကျလာသော အလင်းတန်းမှာ ထိုနေရာရှိ မည်သည့် နက္ခတ်ထက်မဆို ပို၍ တောက်ပနေသည်။
ယူဂျွန်ဟော့ သည် သူ၏ ခန္ဓာကိုယ်မှ စီးထွက်နေသော ဇာတ်လမ်းများကို ကြည့်လိုက်သည်။ အချို့မှာ သူသိပြီးသားဖြစ်သော်လည်း အချို့မှာမူ စိမ်းသက်နေသည်။ နောက်တစ်ကြိမ် ထပ်မရနိုင်တော့မည့် ဇာတ်လမ်းတစ်ခုလည်း ရှိနေသည်။
['သေအတူရှင်မတူ အပေါင်းအဖော်များ' ဇာတ်လမ်းက ဆက်သွားချင်နေပါသည်။]
သူသည် ယူဆန်းအာ နှင့် အခြားအဖွဲ့ဝင်များကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ လီဟန်းဆောင်၏ ကျောပေါ်ရှိ ကင်ဒေါ့ဂျာ ကိုလည်း သူ မြင်လိုက်ရသည်။
ယူဂျွန်ဟော့ သည် သူ၏ လက်ထဲမှ လျှောကျတော့မည့် မဟူရာကောင်းကင်မိစ္ဆာဓါး ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
...သူ သေလို့မဖြစ်သေးဘူး။ ဒီလိုနေရာမျိုးမှာ သူ သေလို့မဖြစ်ဘူး။
သူသည် သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုကာ တုန်ရင်နေသော ဓါးဖြင့် သူရိယ ကို ချိန်ရွယ်လိုက်သည်။ သူရိယ က ထိုမြင်ကွင်းကို စိတ်ဝင်စားသည့်အလား ရယ်မောလိုက်သည်။
[ဒါပေမဲ့ ဒါဟာ လူသားတစ်ယောက်ရဲ့ ဇာတ်လမ်းသက်သက်ပါပဲ]
သူရိယ သည် သူ နှစ်ပေါင်းထောင်ချီ စုဆောင်းခဲ့သော ဇာတ်လမ်းများကို အသုံးပြုကာ စူးရှသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ ခုခံ၍မရနိုင်သော အရှိန်အဝါတစ်ခုပင်။ ယူဂျွန်ဟော့ ၏ တိုတောင်းလှသော သမိုင်းကြောင်းမှာ ထိုကြီးမားလှသော နှစ်ကာလများ၏ ရှေ့တွင် တုန်လှုပ်နေသည်။
[နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားက ဘယ်လောက်ထိ မြင့်မားတယ်ဆိုတာ မသိကြတဲ့ မိုက်မဲတဲ့ လူသားတွေပဲ]
အရာအားလုံးကို အရည်ပျော်သွားစေနိုင်သည့် နေရောင်ခြည်မှာ ယူဂျွန်ဟော့ ထံသို့ စီးကျလာသည်။
နက္ခတ်များ၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံနေရသည့် စက်မှုဇုန်၏ မြင်ကွင်းမှာ ဆိုးရွားလှသည်။ ကိုယ်စားလှယ်များမှာ ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိဘဲ သေဆုံးနေကြသည်။ ရုတ်တရက် ကျရောက်လာသော ကပ်ဘေးကြောင့် မျှော်လင့်ချက် ကုန်ဆုံးနေသူအချို့၏ မျက်နှာများမှာ ဖန်သားပြင်ပေါ်တွင် အနီးကပ် ပေါ်လာသည်။ အဆိုးရွားဆုံးအချက်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး လက်တစ်ဖက် ဆုံးရှုံးထားရသည့်လူသည် ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ခြင်းပင်။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်မှာ အမျက်ချောင်းချောင်း ထွက်နေပါသည်။]
['အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ' နက္ခတ် မှာ ကိုယ်စားလှယ် 'ယူဂျွန်ဟော့' အတွက် များစွာ စိတ်မကောင်း ဖြစ်နေပါသည်။]
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က သူရဲဘောကြောင်သော နက္ခတ်များကို လက်ညှိုးထိုး ပြနေပါသည်။]
[နက္ခတ်အမြောက်အမြားမှာ စစ်မြေပြင်ရှိ နက္ခတ်များကို ပြစ်တင်ဝေဖန်နေကြပါသည်။]
နက္ခတ်များထံမှ မရေမတွက်နိုင်သော သွယ်ဝိုက်သော မက်ဆေ့ချ်များ ရောက်ရှိလာပြီး ဌာန၏ ဒိုကဲဘီများမှာ ၎င်းတို့ကို နားထောင်နေကြရသည်။ ထိုသူများထဲတွင် မိစ္ဆာဘုရင် ရွေးချယ်ပွဲ ကို တာဝန်ယူထားသည့် ဒိုကဲဘီ ဘီဟွန်း လည်း ပါဝင်သည်။
[ဒါက ဘယ်လို အဓိပ္ပာယ်လဲ]
သူသည် အလွန်တရာ ဒေါသထွက်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းမျိုး ခဲယဉ်းသော်လည်း ယခုအချိန်တွင်မူ သူ၏ ချန်နယ်ရှိ နက္ခတ်များနှင့် စိတ်ချင်း ထပ်တူကျနေသည်။
[ဒုတိယမြောက် ဂိမ်းက ယူဂျွန်ဟော့ - ကင်ဒေါ့ဂျာ စက်မှုဇုန်ရဲ့ အောင်ပွဲပဲ။ အချိန်ကွာဟချက် အနည်းငယ် ရှိခဲ့ပေမဲ့ စိုးရိမ်စရာ မရှိဘူး။ ဒါဆိုရင် ဘာလို့ အနိုင်ရသူကို မကြေညာသေးတာလဲ]
ဒုတိယမြောက် ဂိမ်းပြီးဆုံးပြီး မကြာမီမှာပင် ဘီဟွန်း သည် ဌာန၏ အတည်ပြုချက်ပေးရေးအဖွဲ့ထံ တိုက်ရိုက် ဆက်သွယ်ခဲ့သည်။ သို့သော် သူ ပြန်ရခဲ့သည့် တစ်ခုတည်းသော အဖြေမှာ 'ပြင်ဆင်နေဆဲဖြစ်သည်' ဟူ၍သာ။
နောက်ဆုံးတွင် ဘီဟွန်း ဆက်သွယ်နိုင်ခဲ့သည့် နောက်ဆုံးလူမှာ နောက်တက်မည့် မဟာဒိုကဲဘီလောင်းအဖြစ် လျာထားခြင်းခံရသူ ဘာရမ် ပင် ဖြစ်သည်။ တစီစီမြည်သံနှင့်အတူ ဘာရမ် ၏ မျက်နှာမှာ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
[ဒါက ဌာနရဲ့ ဆုံးဖြတ်ချက်ပဲ]
ဌာန၏ ဆုံးဖြတ်ချက်။ ၎င်းမှာ မှော်ဆန်သော စကားလုံးများပင်။
'ဒါက ဌာနရဲ့ ဆုံးဖြတ်ချက်ပဲ'
'ဒါက ဌာနရဲ့ ဆုံးဖြတ်ချက်ပဲ'
[ဘာရမ်။ ဒါက အဓိကဇာတ်ဝင်ခန်းလေ]
ဌာနကိုယ်တိုင်ပင်လျှင် လက်ဖျားနှင့် မထိရဲသည့် အရာအချို့ ရှိသည်။
[ဌာနက အဓိကဇာတ်ဝင်ခန်းရဲ့ တိုးတက်မှုမှာ ဘယ်တုန်းကတည်းက ဝင်ရောက်စွက်ဖက်ခဲ့လို့လဲ။ ဒါက မဟာဇာတ်လမ်းကြီး တစ်ခု ပါဝင်ပတ်သက်နေတဲ့ ဇာတ်ဝင်ခန်းနော်... ဘာရမ်၊ ခင်ဗျားသာ ဒီလိုလုပ်ရင် ဘာဖြစ်လာမလဲဆိုတာ မသိဘူးလား]
ဘာရမ် က ပြန်မဖြေချေ။
[ကျေးဇူးပြုပြီး ကျုပ်ကို ပြောပြပါ။ ဒါကို ဘယ်သူလုပ်တာလဲ။ ခင်ဗျားရဲ့ အထက်လူကြီးတွေထဲက တစ်ယောက်လား]
ဘီဟွန်း သည် ဖန်သားပြင်ပေါ်ရှိ ဒိုဂတ် ကို ကြည့်လိုက်သည်။ ဒိုဂတ်သည် ဤအခြေအနေနှင့် ဆက်စပ်နေသည်မှာ ထင်ရှားသည်။ သို့သော် ဤအခြေအနေက စီနီယာ ဒိုကဲဘီ တစ်ဦး သို့မဟုတ် နှစ်ဦးဖြင့် လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ တိတ်ဆိတ်နေသော ဘာရမ် က ပြောလိုက်သည်။
[...မင်းက အခု 'မဟာဒိုကဲဘီတွေ' ကို သံသယဝင်နေတာလား]
[သူတို့ကလွဲလို့ တခြားဘယ် ရုပ်သံထုတ်လွှင့်သူ က ဒါမျိုး လုပ်နိုင်မှာလဲ]
[ဘီဟွန်း၊ သတိထားစမ်းပါ။ သူတို့က ဘာလို့ ဒါမျိုး လုပ်ရမှာလဲ]
[ကျုပ်လည်း မသိဘူး။ မဟုတ်မှလွဲရော လာဘ်ပေးလာဘ်ယူမှု တစ်ခုခု ရှိနေလို့ ဖြစ်မှာပေါ့]
ဘာရမ် မျက်မှောင်ကြုတ်သွားသည်။
[မဟာဒိုကဲဘီတွေက ဒီလို ပုဂ္ဂိုလ်ရေးဆိုင်ရာ နားလည်မှုတွေနဲ့ မပတ်သတ်ဘူး]
[ဒါဆို ဘာလို့ ဒါမျိုးတွေ ဖြစ်နေရတာလဲ။ ဘာရမ်၊ ခင်ဗျား တစ်ခုခု သိနေရမယ်]
[ဘီဟွန်း]
ဘီဟွန်း သည် ချက်ချင်းပင် တွန့်သွားသည်။ ဘာရမ် ၏ အသံမှာ ဒေါသများ ပါဝင်နေသည်။ ဘီဟွန်း က ပြင်းထန်သော ဆူပူကြိမ်းမောင်းမှုကို မျှော်လင့်ထားသော်လည်း မမျှော်လင့်ဘဲ ဘာရမ် က ပြန်လည်တည်ငြိမ်သွားသည်။ သူသည် ဘီဟွန်း ကို နားလည်ပေးနေသည့်အလားပင်။ ဖန်သားပြင်ပေါ်ရှိ ဘာရမ်သည်လည်း မိစ္ဆာဘုရင် ရွေးချယ်ပွဲ ၏ မြင်ကွင်းများကို စောင့်ကြည့်နေလေသည်။ ဘာရမ် ၏ နှုတ်ခမ်းများ ဖြည်းညှင်းစွာ ပွင့်ဟလာသည်။
[ဟုတ်တယ်၊ မင်းပြောသလိုပဲ မဟာဒိုကဲဘီတွေထဲက တစ်ယောက်က ဒီ 'နှောင့်နှေးမှု' ကို ဖန်တီးခဲ့တာ ဖြစ်နိုင်ပါတယ်]
[ဒါဆိုရင်...]
[ဒါပေမဲ့ မဟာဒိုကဲဘီ တစ်ယောက်တောင်မှ အဲဒီအထိပဲ လုပ်နိုင်တာ။ ဒီလောက်ကြီးမားတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ဝင်ရောက်စွက်ဖက်ခြင်း ကနေ ဖြစ်ပေါ်လာမယ့် မုန်တိုင်းကို မဟာဒိုကဲဘီ တစ်ယောက်တည်းနဲ့ တောင့်ခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး]
[...ဒါဆို ဘယ်သူလုပ်တာလဲ]
ထိုခဏတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဌာန၏ မျက်နှာကြက်မှာ တုန်ခါသွားသည်။ ဧရာမ နဂါးကြီးတစ်ကောင် ဖြတ်သန်းသွားသည့်အလားပင်။ ၎င်းမှာ 'ဖြစ်နိုင်စွမ်း' လှုပ်ရှားသွားသည့် အသံပင် ဖြစ်သည်။
ဘီဟွန်း ၏ အမူအရာမှာ တင်းမာသွား၏။
[မဟုတ်မှလွဲရော... ဒီလောက် ပေါက်ကရဆန်တဲ့ အရာမျိုး...]
[အခု မင်း နားလည်ပြီလား]
ဤဖြစ်နိုင်စွမ်းကို လှုပ်ရှားစေနိုင်သော တည်ရှိမှု။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲတွင် ထိုကဲ့သို့သော တည်ရှိမှုမျိုး တစ်ခုတည်းသာ ရှိသည်။ ၎င်းကို 'တည်ရှိမှု' တစ်ခုဟု ခေါ်ဆိုသင့်သလားဆိုသည်ကိုပင် သူ မသိချေ။
ဘာရမ် က ထပ်လောင်း အတည်ပြုလိုက်သည်။
[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ရဲ့ အလိုဆန္ဒက ဒါကို လိုလားနေတာပဲ]
[ဒါက အဓိပ္ပါယ်မရှိလိုက်တာ]
[ဒါကို ရှင်းပြဖို့ တခြားနည်းလမ်း မရှိတော့ဘူး]
ဘီဟွန်း သည် ပြောစရာ စကားလုံးများ ပျောက်ဆုံးသွားပြီး ဖန်သားပြင်ကို ငေးကြည့်နေမိသည်။ ကင်ဒေါ့ဂျာ ၏ အဖွဲ့ဝင်များကို ဖန်သားပြင်တွင် မြင်တွေ့နေရ၏။
မူလကဆိုလျှင် သူတို့သည် အောင်ပွဲအတွက် စိတ်လှုပ်ရှားနေကြရမည် ဖြစ်သည်။ ယခုမူ သူတို့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီး အခြေအနေမှာ ဆိုးရွားလှသည်။
သူတို့တွေသည် နက်ဗျူလာ ၏ ပံ့ပိုးမှုကို ရရှိထားသော နက္ခတ်များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ အစကတည်းက အဓိပ္ပါယ်မရှိသော တိုက်ပွဲတစ်ခု ဖြစ်သော်လည်း အဖွဲ့သားများမှာ ကောင်းမွန်စွာ တိုက်ပွဲဝင်ခဲ့ကြသည်။ သူတို့သည် အစွမ်းထက်သော နက္ခတ်များကို ဂိမ်းတစ်ခုဖြင့် ရင်ဆိုင်ခဲ့ကြပြီး နောက်ဆုံးတွင် သူတို့ကို မဟာဇာတ်လမ်းကြီး တစ်ခု ပေးအပ်မည့် ပြိုင်ပွဲတွင် အနိုင်ရခဲ့ကြသည်။ ယခုမူ 'အနိုင်ရသူ ကြေညာချက်' မရှိခြင်းကြောင့်သာ သူတို့သည် ရှုံးနိမ့်သူများ ဖြစ်သွားရတော့မည်။
ထိုသို့ဖြစ်ရခြင်းမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု က ဤသို့ လိုလားနေခြင်းကြောင့်သာ ဖြစ်သည်။ ဒေါသနှင့် ရောယှက်နေသော မကျေနပ်ချက်များမှာ ဘီဟွန်း ၏ မျက်လုံးများတွင် ပြည့်နှက်နေသည်။
[ဒါဆိုရင်... ရုပ်သံထုတ်လွှင့်သူ တစ်ယောက်က ဘာလို့ တည်ရှိနေရတာလဲ]
ဒိုကဲဘီ တစ်ယောက် ဖြစ်လာကတည်းက ဘီဟွန်းသည် ပထမဆုံးအကြိမ်အဖြစ် အားကိုးရာမဲ့မှုကို ခံစားလိုက်ရသည်။ သူ ကိုင်တွယ်ခဲ့သည့် ဇာတ်ဝင်ခန်း အစိတ်အပိုင်းများ ပြိုလဲသွားသဖြင့် သူ၏ လက်ဖျားများ တုန်ရင်နေသည်။
[ဒီလို အဓိပ္ပာယ်မရှိတဲ့ တိုးတက်မှုကို ကျုပ်တို့ မတားဆီးနိုင်ရင်... ဒီကမ္ဘာပေါ်က ရုပ်သံထုတ်လွှင့်သူတွေက ဘာတန်ဖိုး ရှိတော့မှာလဲ]
[ဘီဟွန်း]
ဘာရမ် သည် ဘီဟွန်း ၏ ဝမ်းနည်းနေသော မျက်လုံးများကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
[ရုပ်သံထုတ်လွှင့်သူတွေကလည်း ဇာတ်လမ်းရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ]
မျှော်လင့်ချက်မဲ့နေသော ဘီဟွန်း သည် ဖန်သားပြင်ကို စိုက်ကြည့်နေမိသည်။ ယူဂျွန်ဟော့ သည် စူးရှသော နေရောင်ခြည်အောက်တွင် တဖြည်းဖြည်း အရည်ပျော်နေပြီ ဖြစ်သည်။ ယခုအခါ ဇာတ်လမ်းမှာ ရုပ်သံထုတ်လွှင့်သူ၏ လက်ထဲမှ ထွက်ခွာသွားပြီ ဖြစ်သည်။
ထို့ကြောင့် ယုံကြည်ရမည့် အရာမှာ တစ်ခုတည်းသာ ကျန်တော့သည်။
[နက္ခတ်အမြောက်အမြားမှာ နက္ခတ်တစ်ပါးတည်းကို စိုက်ကြည့်နေကြပါသည်။]
လီဟန်းဆောင်၏ ကျောပေါ်ရှိ အမျိုးသားမှာ လှုပ်ခတ်လာသည်။ ဖန်သားပြင်ပေါ်တွင် ထိုအမျိုးသားသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။