အခန်း (၂၆၉-၂၇၀)
Vol. 21 Ch. 269-270
အခန်း ၂၆၉
- အပိုင်း ၅၀ - ဒေါ့ဂျာ၏ ဇာတ်လမ်း (၆)
[ဘတ်။ ဘတ်။ ဘတ်]
ပါးတွေ နာလိုက်တာ။
[ဘတ်]
နာကျင်မှုက ပိုသိသာလာသည်။ ကျနော့် ရင်ခွင်ထဲမှာ တစ်ခုခုက ပြင်းပြင်းထန်ထန် လှုပ်ခတ်နေတာကို ခံစားလိုက်ရသည်။ မြေပြင်ကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာတဲ့ အချိန်မှာပဲ ကျနော် မျက်လုံးပွင့်လာခဲ့သည်။ ကျနော် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်တော့ စူးရှတောက်ပသော အလင်းတန်းတွေကို မြင်လိုက်ရ၏။ ကောင်းကင်ယံက ဖြစ်နိုင်စွမ်း၏ လျှပ်စစ်မီးပွားတွေဟာ မိစ္ဆာနယ်မြေ တစ်ခုလုံးကို မိုးကြိုးပစ်သလိုမျိုး အနှံ့အပြား ကျဆင်းနေလေသည်။
"ဒေါ့ဂျာ"
ယူဆန်းအာ၏အသံကို ကြားလိုက်ရတဲ့ အခါမှာ ကျနော် နိုးသွားခဲ့သည်။ ပြတ်တောက်သွားသော လျှပ်စစ်စီးကြောင်းတစ်ခု ပြန်ဆက်သွားသလိုမျိုး အတွေးတွေက ကျနော့်ခေါင်းထဲမှာ စီးဆင်းလာ၏။
နေရာအနှံ့မှာ ပျက်စီးနေသော ကိုယ်စားလှယ်ခန္ဓာကိုယ်တွေ ရှိနေသည်။ ဒါဟာ ဘယ်လိုကြည့်ကြည့် ဒဏ္ဍာရီလာ စစ်မြေပြင် မဟုတ်ချေ။ လဲကျနေတဲ့ ရုပ်အလောင်းတွေ အားလုံးက သက်ရှိလူသားတွေ ဖြစ်ကြလေသည်။ မိုးကြိုးစားငှက်၏ ဖျက်ဆီးမှုကို ခံနေရသော စက်မှုဇုန်ကိုလည်း မြင်တွေ့နေရ၏။
"နက္ခတ်တွေ ရောက်လာပြီလား"
တစ်ခုခု ပြောဖို့ ပြင်နေသော ယူဆန်းအာ က သူ၏ သွေးစွန်းနေသည့် ပါးပြင်ကို သုတ်လိုက်ပြီး ခေါင်းငြိမ့်ပြသည်။
"...ဟုတ်ကဲ့"
အဖွဲ့ဝင်တွေ အားလုံး ဖရိုဖရဲ ဖြစ်နေချိန်မှာပဲ စနစ်မက်ဆေ့ချ် တစ်ခုက လေထဲမှာ ပေါ်နေလေသည်။
"အနိုင်ရသူကို အခုထိ မကြေညာသေးဘူးပဲ"
ဒါက စာကြည့်တိုက်ထဲမှာ တွေ့ခဲ့သော ယူဂျွန်ဟော့၏ နောက်ဆုံးမက်ဆေ့ချ်ကြောင့် ကျနော် ကြိုတင်မျှော်လင့်ထားတဲ့ အခြေအနေမျိုး ဖြစ်လေသည်။ သို့ပေသိ အခြေအနေက ဒီလောက်ထိ ဆိုးရွားလိမ့်မယ်လို့တော့ မထင်ခဲ့မိချေ။
"အ..."
လီဟန်းဆောင်က ညာဘက်နံဘေးမှာ ပြင်းထန်သော ဒဏ်ရာရထားပြီး ယိုင်နဲ့နေသည်။ လီဟန်းဆောင်၏ ကျောပေါ်ကနေ ကျနော် အမြန်ဆင်းလိုက်ပြီး ဒိုကဲဘီ အိတ် ထဲကနေ ပြန်လည်ကုသရေး ပစ္စည်းအချို့ကို ဝယ်လိုက်သည်။
မဟာပြန်လည်ရှင်သန်ခြင်းဆေးလုံး ကို ဒဏ်ရာအပြင်းထန်ဆုံး ရထားသော လီဟန်းဆောင်နှင့် ယူဆန်းအာ တို့ကို ကျနော် ပေးလိုက်သည်။ ရှင်ယူဆောင်း ကတော့ ဒဏ်ရာမရှိသော်လည်း မှော်စွမ်းအင်တွေ ကုန်ခမ်းနေသောကြောင့် အဆင့်မြင့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး ကို ပေးလိုက်လေသည်။ ဒဏ်ရာကုဆေးတွေကိုတော့ ဟန်မြုံအို၊ ကောင်းကင်ဖြိုခွင်းသခင်နှင့် ဂျန်ဟာယောင်း တို့ကို ပေးလိုက်၏။ ဒါဟာ ဒင်္ဂါး ၄၀၀,၀၀၀ ကျော် ကုန်ကျသွားသော်လည်း ယခုအချိန်က ဒါတွေကို တွက်ကပ်နေရမယ့် အချိန်မဟုတ်တော့ချေ။
"ဦးလေး..."
ရှင်ယူဆောင်း က ဆေးရည်ကို သောက်လိုက်ပြီး ကျောက်ဆောင်ကို မှီရင်း ကျနော့်ကို မော့ကြည့်လာသည်။ ကျနော် ရှင်ယူဆောင်း ကို ခဏလောက် ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။
"နင် ဒီမှာပဲ နားနေဦး။ ဒါနဲ့..."
အဝေးတစ်နေရာကနေ နက္ခတ်တွေ၏ နားကွဲလုမတတ် ဟိန်းဟောက်သံတွေက မြေပြင်ကို တုန်ခါစေနေလေသည်။ သူတို့၏ 'အရှိန်အဝါ' ကို ကြည့်ရုံနဲ့တင် အရေအတွက်က ၁၂ ပါးထက် ကျော်လွန်နေမှန်း သိနိုင်သည်။ ထိုခဏ၌ ကျနော့်စိတ်ထဲ နိမိတ်မကောင်းတဲ့ ခံစားချက်တစ်ခု ရလာသည်။
...နက္ခတ်တွေ စုဝေးနေတာကို အဖွဲ့ဝင်တွေက ဒီနေရာအထိ ဘယ်လိုဖြစ်ပြီး ထွက်ပြေးလာနိုင်တာလဲ။
"ယူဂျွန်ဟော့..."
အဖွဲ့ဝင်တစ်ယောက်မှ ပြန်မဖြေကြချေ။ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားနေတဲ့ စစ်မြေပြင်ကို ကျနော် ကြည့်လိုက်သည်။ ယူဂျွန်ဟော့ ကလွဲလို့ လူတိုင်း ဒီမှာ ရှိနေကြ၏။ ထို့အပြင် တစ်စုံတစ်ယောက်က နက္ခတ်တွေကို ရင်ဆိုင်တိုက်ခိုက်နေလေသည်။
[ 'Fourth Wall' က အနည်းငယ် တုန်ခါနေပါသည်။]
"အဲဒီ ငတုံးကောင်ကတော့ကွာ..."
"ဦးလေး။ မသွားပါနဲ့"
ကျနော် ရှေ့ကို ပြေးဖို့ ကြိုးစားလိုက်တဲ့အခါ ရှင်ယူဆောင်း က ကျနော့်ခါးကို ဖက်တွယ်ထားသည်။
"ဦးလေး သေသွားလိမ့်မယ်။ အဲဒီကိုသွားရင် သေလိမ့်မယ်"
ရှင်ယူဆောင်းဟာ အမြဲတမ်း ပွင့်လင်းပြီး သတ္တိရှိတဲ့ ကလေးမလေး ဖြစ်သည်။ ထိုကလေးမလေးရဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေသည်။ ကျနော် ရှင်ယူဆောင်းကို ခွာထုတ်လိုက်သောအခါ ရှင်ယူဆောင်း က ငိုချလိုက်သည်။ ကစဉ့်ကလျား ဖြစ်နေသော စစ်မြေပြင်ထဲတွင် မျက်ရည်တွေဟာ ဖုန်မှုန့်တွေလို လွင့်စင်နေလေသည်။ ဤသည်က လူသားတွေ ဘယ်တော့မှ မကျော်လွှားနိုင်သော မဟာဇာတ်လမ်းကြီး၏ ကြောက်ရွံ့မှုပင်။
"ယူဆောင်း ကို စောင့်ရှောက်ပေးပါ"
အခြေအနေ ကောင်းနေသေးသော ဂျန်ဟာယောင်း ဆီမှာ ရှင်ယူဆောင်း ကို အပ်ထားခဲ့ပြီး လေ၏လမ်းစဉ် ကို အသက်သွင်းလိုက်သည်။ နောက်ကနေ ကျနော့်ကို လှမ်းခေါ်သည့် အသံတွေကို ကြားနေရသော်လည်း လှည့်ကြည့်ဖို့ အချိန်မရှိတော့ချေ။
ကျနော် ရှေ့ကို တိုးဝင်သွားလေ စစ်မြေပြင်၏ ဗဟိုကနေ ပေါက်ကွဲထွက်နေတဲ့ 'အရှိန်အဝါ' ရဲ့ ဖိအားတွေက ပိုပြင်းထန်လာလေ ဖြစ်သည်။ ကျနော် တစ်ခါမှ မကြုံဖူးတဲ့ ကြောက်မက်ဖွယ် မှော်စွမ်းအင် မုန်တိုင်းကြီးပင်။ အဆိုပါ ဗဟိုချက်မှာ ယူဂျွန်ဟော့ ရှိနေတာ သေချာသည်။
「 ကင်ဒေါ့ဂျာ တွေးလိုက်မိသည် - နည်းလမ်း ရှိနိုင်မလား။ 」
Ways of Survival ၏ စာမျက်နှာတွေက ကျနော့်ခေါင်းထဲမှာ လက်ခနဲ ပေါ်လာသည်။
「 ဒါက မဖြစ်နိုင်ဘူး။ 」
「 အဲဒီနည်းလမ်းက အတော်လေး အဓိပ္ပာယ်မရှိလွန်းတယ်။ 」
ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ကျနော် ခန့်မှန်းခဲ့သည်။ သို့ပေသိ အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီး ကျနော် အိပ်ပျော်နေခဲ့တာ အရမ်းကြာသွားခဲ့လေသည်။
ကျနော် နောက်ကျသွားပြီဖြစ်သည်။ ယူဂျွန်ဟော့ က အဝေးကြီးမှာ ရှိနေသေးပြီး လေကလည်း ကျနော့်ဘက်မှာ မရှိချေ။ ဒိုကဲဘီ အိတ် ထဲကနေ စွမ်းရည်အသစ်တစ်ခု ဝယ်နိုင်သော်လည်း ဝယ်လိုက်သည့်စွမ်းရည်ကို အသုံးချနိုင်ဖို့ ကျနော် အာမမခံနိုင်ချေ။
နောက်ဆုံးမှာတော့ ကျနော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ငါ့ရဲ့ ခွန်အား၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ လျှင်မြန်မှု နဲ့ မှော်စွမ်းအင် တွေထဲကို ဒင်္ဂါး သုံးသန်း ရင်းနှီးမြှုပ်နှံမယ်"
[သင်၏ စွမ်းရည်အလုံးစုံမှာ ပုံမှန်မဟုတ်သော အခြေအနေထိ တိုးတက်လာပါပြီ။]
[သင် ရင်းနှီးမြှုပ်နှံလိုက်သော ဒင်္ဂါးများကြောင့် ဇာတ်ဝင်ခန်း၏ စွမ်းရည်အကန့်အသတ်ကို ကျော်လွန်သွားပါပြီ။]
[ပိုမိုပြည့်စုံသော ဖြစ်နိုင်စွမ်း က ဤဇာတ်ဝင်ခန်းအတွက် စွမ်းရည်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးပါမည်။]
[ရင်းနှီးမြှုပ်နှံထားသော ဒင်္ဂါးများနှင့် နှိုင်းယှဉ်လျှင် စွမ်းရည်တန်ဖိုး တိုးတက်မှုမှာ ကျပန်း ချိန်ညှိခံရမည် ဖြစ်သည်။]
ကျနော်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် လျှပ်စစ်မီးပွားတွေ ထွက်ပေါ်လာသည်။ ကျနော့် ကြွက်သားတွေ ပြတ်တောက်ပြီး ကြီးထွားလာသလို ခံစားလိုက်ရသည်။ အရိုးသိပ်သည်းဆတွေ ပြောင်းလဲသွားသော ခံစားချက်နှင့်အတူ ပြင်းထန်သော နာကျင်မှုက ကျနော့်ဆီ ရောက်လာသည်။
"အဟွတ်..."
အကျိုးအမြတ် ပြန်ရမှု နည်းခြင်းတာကြောင့် ယခုအချိန်ထိ ဒါကို မလုပ်ဘဲ ထားခဲ့တာ ဖြစ်သော်လည်း တခြားနည်းလမ်း မရှိတော့ချေ။
[သင်၏ စိတ်သည် ဆင့်ကဲတိုးတက်နေသော ကိုယ်စားလှယ်ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပါ။]
[သီးသန့်စွမ်းရည် 'Fourth Wall' အသက်ဝင်လာပါပြီ။]
[သင်၏ ကိုယ်စားလှယ်ခန္ဓာကိုယ်သည် အဆင့်သစ်တစ်ခုသို့ ဆင့်ကဲတိုးတက်နေပါပြီ။]
စောစောပိုင်း ဇာတ်ဝင်ခန်းတွေကတည်းက 'စွမ်းရည်အလုံးစုံ' ဟာ တိုက်ပွဲတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းတွေ၊ အထူးစွမ်းရည်တွေနှင့် စွမ်းရည်တွေကသာ ပိုပြီး လွှမ်းမိုးမှု ရှိခဲ့သောကြောင့် ဖြစ်၏။
ထို့အပြင် အဆင့် ၁၀၀ နောက်ပိုင်းမှာ အဆင့်တစ်ခု တိုးဖို့အတွက် သုံးရသည့် ဒင်္ဂါးပမာဏက အဆမတန် များပြားလာတာကြောင့် ဒင်္ဂါးပမာဏ တူတူကို စွမ်းရည်တစ်ခု ဝယ်တာက ပိုပြီး အကျိုးရှိလေသည်။ ယခုတော့ အခြေအနေက ကွဲပြားသွားပြီဖြစ်သည်။
[သင်၏ စွမ်းရည်များ အားလုံး ၂၀၀ ထက် ကျော်လွန်သွားပါပြီ။]
[သင်၏ ကိုယ်စားလှယ်ခန္ဓာကိုယ်သည် ပိုမိုကြီးမားသော 'အရှိန်အဝါ'ကို ထိန်းချုပ်နိုင်စွမ်း ရှိလာပါပြီ။]
ကျနော့်အတွက် လိုအပ်တာက အစွမ်းထက်သော စွမ်းရည် မဟုတ်ဘဲ ကြံ့ခိုင်သော ခန္ဓာကိုယ် ဖြစ်သည်။
[သင်၏ လျှင်မြန်မှုက လေထု၏ ခုခံမှုကို လျှော့ချပေးလိုက်ပါပြီ။]
[မှော်စွမ်းအင်က ပိတ်ဆို့နေသော သွေးကြောများကို ပွင့်စေပါပြီ။]
ဒင်္ဂါးအမြောက်အမြားက ကျနော့် ကိုယ်စားလှယ်ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲပေးနေလေသည်။
[သင်၏ ခွန်အားက ပေါက်ကွဲထွက်မတတ် ပြောင်းလဲမှုကို ဖြစ်ပေါ်စေပါပြီ။]
ကျနော့် ခြေလှမ်းအကြိမ်ရေနဲ့ မြင်ကွင်းထဲက ရှုခင်းတွေ ဖြတ်သန်းသွားသော အရှိန်နှုန်းက သိသိသာသာ ပြောင်းလဲသွားသည်။
"ယူဂျွန်ဟော့"
လက်ရှိအဆင့်မြှင့်တင်လိုက်မှုဖြင့် နက္ခတ်တွေ ဒါမှမဟုတ် အဆင့်ကျော်လွန်သူတွေကို သာလွန်သွားဖို့ဆိုတာ မဖြစ်နိုင်တာတော့ မှန်သည်။ သို့သော်လည်း သူတို့ကို ခဏလောက် ရင်ဆိုင်ဖို့အတွက်တော့ လုံလောက်ပေသည်။
[နက္ခတ်အမြောက်အမြားမှာ သင်၏ ကိုယ်စားလှယ်ခန္ဓာကိုယ်ကို မနာလိုဖြစ်နေကြပါသည်။]
တောရိုင်းမြေပြင်ကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ကျနော် ဖြတ်ကျော်လာခဲ့ရာ နောက်ဆုံးမှာတော့ စစ်မြေပြင်၏ ဗဟိုချက်ကို လှမ်းမြင်လိုက်ရသည်။ အဆိုပါ ဗဟိုချက်မှာ သေအံ့ဆဲဆဲ လူတစ်ယောက်ကို ကျနော် မြင်လိုက်ရ၏။
"ငတုံးကောင်။ မင်း ဘာတွေလုပ်နေတာလဲ"
သူရိယ၏ တောက်ပသော အလင်းတန်းတွေ ရှေ့မှာ ယူဂျွန်ဟော့ ဟာ သေလုမြောပါး ဖြစ်နေလေသည်။ သူ၏ ဘယ်ဘက်လက်က ဘယ်ရောက်သွားမှန်း မသိတော့ဘဲ မီးလောင်ကျွမ်းထားသော သူ့ခန္ဓာကိုယ်ကနေ အငွေ့တွေ ထွက်နေ၏။ ဒါတောင်မှ ယူဂျွန်ဟော့သည် မဟူရာကောင်းကင်မိစ္ဆာဓါး ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။ ယူဂျွန်ဟော့၏ ခေါင်းက ကျနော့်ဘက်ကို ဖြည်းဖြည်းချင်း လှည့်လာသည်။ နှုတ်ခမ်းကို ဟဖို့တောင် ခွန်အားမရှိတော့သလိုမျိုး သူ့ဆီက အသံထွက်မလာချေ။
[ 'Fourth Wall' က အလွန်အမင်း တုန်လှုပ်နေပါသည်။]
ထုတ်လုပ်ရေး လုပ်ငန်းရှင် ပြောခဲ့တဲ့ စကားတွေက ခေါင်းထဲမှာ ပေါ်လာသည်။ နက္ခတ်တွေ ဆိုတာကလည်း ဒီမဟာဇာတ်လမ်းကြီး၏ အစိတ်အပိုင်းတစ်ခုပင်။ သူတို့လည်း အထီးကျန်နေကြတာကြောင့် ဒါမျိုးတွေကို လုပ်နေကြရခြင်းသာ။
...အဓိပ္ပာယ်မရှိတာ။
[လစ်လိုက်စမ်း]
လူသားမျိုးနွယ်ကို တည်ထောင်သူ က ကျနော့်ရှေ့မှာ ရပ်လိုက်ပြီး ရှေးဦးလှံ ကို ဝှေ့ယမ်းလိုက်သည်။
[သီးသန့်စွမ်းရည် 'လျှပ်စစ်ဓါတ် အားဖြည့်ခြင်း' အဆင့် ၁၂ (+၂) အသက်ဝင်လာပါပြီ။]
ကျနော့် လက်သီးကနေ အဖြူရောင်လျှပ်စီးတွေ ပေါက်ကွဲထွက်သွားပြီး စစ်မြေပြင်တစ်ခုလုံး အပြာရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်သွား၏။
[အား]
လွင့်ထွက်သွားသော မနူး ကို နက္ခတ်တွေက ကြောင်စီစီဖြင့် ဝိုင်းကူကြပြီး သူတို့၏ အရှိန်အဝါကို မြှင့်တင်လိုက်ကြလေသည်။ မှော်စွမ်းအင်တွေက ကျနော့်ဆီကို ဆူနာမီလှိုင်းလုံးကြီးလို စီးဝင်လာသည်။ ကျနော့်၏ သန်မာလာသော ခန္ဓာကိုယ်က နက္ခတ်တွေ၏ အစွမ်းထက်တဲ့ အစွမ်းကို တောင့်ခံထားလိုက်သည်။
လက်သီးက အရေပြားတွေ ကွဲအက်ပြီး သွေးတွေ စီးကျလာသော်လည်း တောင့်ခံနိုင်သေးသည်။ ဖုန်မှုန့်တွေ ငြိမ်သွားသောအခါ နက္ခတ်တွေဟာ မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ ကျနော့်တွင် ဤမျှလောက်အထိအစွမ်းရှိမယ်လို့ သူတို့ မထင်ထားကြသောကြောင့် တုန်လှုပ်သွားကြ၏။
[သူ့ကို တားကြစမ်း]
အပြာနုရောင် စွမ်းအင်တစ်ခုက နက္ခတ်တွေဆီကို ပျံသန်းသွားသည်။ တစ်ခဏအတွင်းမှာပင် ကျနော့် ကျောကုန်းနှင့် ပေါင်တွေ၌ ပွန်းပဲ့ဒဏ်ရာတွေ ရသွားသလို နံဘေးကိုလည်း အထိုးခံလိုက်ရသည်။
"ယူဂျွန်ဟော့"
ကျနော့် အော်ဟစ်သံက သူ့ဆီ သေချာမရောက်သွားချေ။ ယူဂျွန်ဟော့သည် ဒူးထောက်လဲကျနေပြီး သူ့၏ သက်စောင့်ဓာတ်ဟာ တဖြည်းဖြည်း မှိန်ဖျော့နေပြီ ဖြစ်သည်။ သူ့ဆီကနေ ဘာမှော်စွမ်းအင်မှ ခံစားလို့မရတော့ချေ။ ယူဂျွန်ဟော့ သေတော့မည်ပင်။
ကျနော် အသက်ကို အောင့်ထားလိုက်ပြီး ဖြစ်နိုင်သမျှ အကျယ်ဆုံးသော စစ်မှန်သောအသံဖြင့် အော်ဟစ်လိုက်သည်။
[အက်စ်မိုးဒီအက်စ်]
စစ်မှန်သောအသံ ပေါက်ကွဲထွက်သွားတာကြောင့် နက္ခတ်တွေဟာ ခဏလောက် နားကို ပိတ်ထားလိုက်ကြရသည်။ သမိုင်းဝင်အဆင့် နက္ခတ်တွေကတော့ မရပ်တန့်နိုင်သလို ကျနော့်မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာသည်။ ကျနော် ထပ်ပြီး အော်လိုက်၏။
[မင်းက မိစ္ဆာဘုရင် ဆိုရင် မင်းရဲ့ ကတိကို တည်စမ်း]
အခြေအနေက အရမ်းကြီးမားလွန်းတာကြောင့် ကျနော် သိပ်တော့ မမျှော်လင့်ထားချေ။ သူက လည်တဲ့ကောင်ဖြစ်သည့်အတွက် ယခုအချိန်မှာ ကျနော့်ဘက်ကနေ ရပ်တည်ပေးဖို့ဆိုတာ ဘယ်လောက် အန္တရာယ်များသလဲဆိုတာ သူ သိပေလိမ့်မည်။ သို့ပေသိ အက်စ်မိုးဒီအက်စ်က တခြားသူများနှင့်မတူချေ
စောင့်နေခဲ့သလိုမျိုးပဲ ကောင်းကင်က ကြယ်တစ်ပွင့်က လက်ခနဲ လင်းသွားသည်။ မုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး တစ်ခုခုက ဆင်းသက်လာ၏။
['ရာဂနှင့်အမျက်ဒေါသနတ်ဆိုး' မိစ္ဆာဘုရင် ဤကမ္ဘာသို့ ရောက်ရှိလာပါပြီ။]
ကြီးမားသော ဖြစ်နိုင်စွမ်းတွေ စီးဆင်းလာပြီး ဧရာမ ဖြစ်တည်မှုကြီးတစ်ခုက ကျနော့်မျက်စိရှေ့မှာ ကိုယ်စားလှယ်ခန္ဓာကိုယ် အဖြစ် ပေါ်လာသည်။ မဟူရာ အရှိန်အဝါတွေ ဝန်းရံထားသော မိန်းကလေးငယ်လေးက ခေါင်းကို မော့လိုက်သည်။
သူဟာ အဆင့်ကျော်လွန်သူ ယူဂျွန်ဟော့ ကို ချက်ချင်း နှိမ်နင်းနိုင်ခဲ့သော မိစ္ဆာနယ်မြေ၏ ဘုရင်ပင်။ နောက်ပိုင်းမှာတော့ သူသည် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည့် 'အဆုံးသတ်ကို ရှာဖွေသူများ'တွင် အဖွဲ့ဝင်ဖြစ်လာပေလိမ့်မည်။
[မိ-မိစ္ဆာဘုရင်]
၃၂ ပါးမြောက် မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ် က စတင်သောင်းကျန်းတော့သည်။
[ဟားဟားဟားဟား]
သူက ရယ်မောလိုက်ပြီး မိစ္ဆာဘုရင်ရဲ့ လက်ချောင်းတွေဆီမှာ ဧရာမ ထွန်ခြစ်ကြီးတစ်ခု ပေါ်လာသည်။ အက်စ်မိုးဒီအက်စ် ၏ 'သွေးစွန်းသော ဆွဲခြစ်မှု' က ဤနေရာတစ်ခုလုံးကို ကုတ်ခြစ်ဖျက်ဆီးပြီး နက္ခတ်တွေကို ဆွဲဖြဲပစ်လိုက်သည်။
[အား]
[ရူးသွပ်နေတဲ့ မိစ္ဆာဘုရင်ပဲ]
[ဘာတွေလဲကွာ]
နက္ခတ်တွေက ကျနော့်ဘက်ကို လှည့်ကြည့်လာကြတာကြောင့် ကျနော်က ယူဂျွန်ဟော့ ကို ချီဖို့အတွက် လေ၏လမ်းစဉ် ကို အသက်သွင်းလိုက်သည်။
[သူ့နောက်ကို လိုက်ကြ]
နက္ခတ်တွေက စတင်ပြေးလွှားလာကြသော်လည်း သန်မာလာသည့် ကျနော့် ကိုယ်စားလှယ်ခန္ဓာကိုယ်က သူတို့ထက် အနည်းငယ် ပိုမြန်နေလေသည်။ ယူဂျွန်ဟော့ ကို ပခုံးပေါ်ထမ်းပြီး ကျနော် အစွမ်းကုန် ပြေးလိုက်သည်။
"ကျေးဇူးပြုပြီး အားတင်းထားစမ်းပါဦး"
ယူဂျွန်ဟော့သည် အသက်ရှူရုံလေးပဲ ရှိတော့သည်။ သူ့၏ ကိုယ်အလေးချိန်က ပုံမှန်ထက် ပိုပေါ့နေ၏။ သူသည် ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသောကြောင့် သူ၏ အရိုးဖွဲ့စည်းပုံတောင် ပြောင်းလဲသွားသလို ခံစားရသည်။ သူ၏ တဖြည်းဖြည်း မှိန်ဖျော့သွားတဲ့ နှလုံးခုန်သံကို နားထောင်ရင်း ကျနော်အော်လိုက်၏။
"ဟေ့၊ လာနောက်မနေနဲ့။ မင်း ပြန်ကောင်းလာနိုင်တယ်လေကွာ။ တစ်ခုခု လုပ်စမ်းပါဟ"
သို့သော် ယူဂျွန်ဟော့ က မလှုပ်ချေ။ ကျနော် ဘီယူ ကို လှမ်းခေါ်လိုက်ပြီး မဟာပြန်လည်ရှင်သန်ခြင်းဆေးလုံး တွေကို ထပ်ဝယ်လိုက်သည်။ ကျနော့် ဘယ်ဘက်လက်က သူ့ကိုယ်ကို ထိန်းထားပြီး ညာဘက်လက်က ဆေးလုံးတွေကို ယူဂျွန်ဟော့၏ ပါးစပ်ထဲ လောင်းထည့်လိုက်သည်။
ဘာထူးခြားမှုမှ မရှိချေ။ သူ့ထံတွင် ဆေးကို မျိုချဖို့တောင် ခွန်အား မရှိတော့ချေ။ သူ၏ အသက်ရှူသံက နှေးကွေးလာပြီး ဝေးကွာသွားသည်။ ယူဂျွန်ဟော့၏ ခြေဖျားတွေက ကွဲအက်လာပြီး သူ့ရဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်တော့ပေမည်။
ကျနော် လေ၏လမ်းစဉ် ကို အသုံးပြုပြီး အပိုင်းအစတွေကို မလွင့်စင်သွားအောင် ဝန်းရံထားလိုက်သည်။ ဒါတောင်မှ သူ၏ နှလုံးသားကနေ ထွက်ပေါ်လာတဲ့ မှိန်ဖျော့ဖျော့ အလင်းတန်းကို ကျနော် မတားဆီးနိုင်ချေ။
ဒီဖြစ်စဉ်ကို ကျနော် ကောင်းကောင်း သိသည်။ ကျနော် ဒီမြင်ကွင်းကို အကြိမ်ပေါင်း ရာနဲ့ချီ ဖတ်ခဲ့ဖူးတာကြောင့် ဒါဟာ ဘာလဲဆိုတာ ကျနော် သိသည်။
「 ယူဂျွန်ဟော့ တွေးလိုက်သည် - 」
"အဲဒါကို မတွေးနဲ့"
「 ဒီဘဝကတော့ ဒီမှာတင် ပြီးဆုံးပြီ။ 」
"လီးပဲလေ။ အဲဒါကို မတွေးနဲ့ဟ"
ဇာတ်လမ်း အပိုင်းအစတွေက ယူဂျွန်ဟော့၏ ပါးပြင်ကနေ ကျဆင်းလာသည်။ ကျနော် ဒီဇာတ်လမ်းကို ကြောက်သောကြောင့် သူ့ပါးကို ရိုက်လိုက်ပြီး လေထဲကို အော်ဟစ်လိုက်သည်။
"လီးပဲ။ နောက်ပြန်မဆုတ်နဲ့။ မအေဘေး ထောက်ပံ့သူ။ ယူဂျွန်ဟော့ကို နောက်ပြန်ဆုတ်အောင်မလုပ်နဲ့"
[ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ၏ ထောက်ပံ့သူ က သင့်ကို စိုက်ကြည့်နေပါသည်။]
"မင်း ရှင်သန်နိုင်သေးတယ်။ ဒီအလှည့်က မပြီးသေးဘူး။ ဒီကောင်ကို မင်း ပြန်တိုက်ခိုက်နိုင်တယ်။ ငါ မင်းကို ကယ်နိုင်တယ်"
ယူဂျွန်ဟော့၏ ထောက်ပံ့သူက တိတ်ဆိတ်နေသည်။ ဒီကောင်က အမြဲတမ်း ဒါမျိုးပဲ လုပ်နေကျပင်။ သူဟာ ယူဂျွန်ဟော့ သေလုမြောပါး ဖြစ်နေတာကို ထိုင်ကြည့်နေခဲ့သည်။ သူဟာ မျှော်လင့်ချက် ကုန်ဆုံးပြီး ပျက်စီးနေတဲ့ လူတစ်ယောက်၏ ဝိညာဉ်ကို အတိတ်၏ ကမ္ဘာ့မျဉ်းကြောင်းဆီကို ပြန်ပို့တော့မည်ဖြစ်သည်။
[အထူးစွမ်းရည် 'နောက်ပြန်ဆုတ်ခြင်း အဆင့် ၃' အသက်ဝင်လာပါပြီ။]
ဒါက ရက်စက်လွန်းတယ်။ တကယ်ပဲ ဒီလို အဆုံးသတ်သွားတာလား။ ငါ ဒီနေရာကို ဘယ်လိုရောက်လာခဲ့တာလဲ။ ယူဂျွန်ဟော့ က တကယ်ပဲ ဒီနေရာမှာ သေသွားတော့မှာလား။
ထိုအချိန်တွင် စာတစ်ကြောင်း ပေါ်လာသည်။
[ကိုယ်စားလှယ် 'ယူဂျွန်ဟော့' က သူ၏ ထောက်ပံ့သူ ကို စိုက်ကြည့်နေပါသည်။]
"...ယူဂျွန်ဟော့"
မှတ်မိလို့တောင် မရတော့သည်အထိ ဖရိုဖရဲ ဖြစ်နေသော ယူဂျွန်ဟော့သည် သွေးစွန်းနေသည့် မျက်လုံးတစ်ဖက်တည်းဖြင့် သူ၏ ထောက်ပံ့သူကို စိုက်ကြည့်လိုက်သည်။ ပျောက်ကွယ်တော့မယ့် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်မှာ လျှပ်စစ်မီးပွားတွေ ပေါ်လာသည်။
[ကိုယ်စားလှယ် 'ယူဂျွန်ဟော့' က သူ၏ ထောက်ပံ့သူ ကို တော်လှန်နေပါသည်။]
[ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ၏ ဇာတ်လမ်းများ အားလုံးက သေဆုံးခြင်းကို တော်လှန်နေပါသည်။]
ဒါဟာ ဘယ်အလှည့်မှာမှ ကျနော် မမြင်ဖူးခဲ့တဲ့ အရာပင်။
[ကိုယ်စားလှယ် 'ယူဂျွန်ဟော့' က နောက်ပြန်ဆုတ်ဖို့ ငြင်းဆန်လိုက်ပါပြီ။]
အခန်း ၂၇၀
- အပိုင်း ၅၀ - ဒေါ့ဂျာ၏ ဇာတ်လမ်း (၇)
ယူဂျွန်ဟော့ ၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေသည်။
「…ငါ သေလို့ မဖြစ်ဘူး။ 」
「 ငါ ဒီမှာ ဘယ်တော့မှ အသေမခံနိုင်ဘူး။ 」
ယူဂျွန်ဟော့ ၏ ပြတ်သားသော ဆန္ဒများမှာ အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် မှတစ်ဆင့် စီးဝင်လာသည်။
"ဟေ့... မင်း..."
ဒီတစ်ခါ ယူဂျွန်ဟော့ ကတော့ 'နောက်ပြန်ဆုတ်ခြင်း' ကို ငြင်းဆန်လိုက်ပြီ ဖြစ်သည်။
[ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ၏ ထောက်ပံ့သူ က သူ၏ ကိုယ်စားလှယ် ကို စိုက်ကြည့်နေပါသည်။]
ဒီလို အခြေအနေမျိုး ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခြင်းကြောင့် ယူဂျွန်ဟော့ ၏ ထောက်ပံ့သူမှာ တိတ်ဆိတ်နေသည်။ ထိုတိတ်ဆိတ်မှုမှာ ထူးဆန်းလှသည်။ အမျက်ထွက်နေသလိုမျိုးလည်း ရှိသလို၊ ဝမ်းနည်းနေသလိုလည်း ခံစားရသည်။ သို့မဟုတ်လျှင်လည်း ဘာတုံ့ပြန်မှုမှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ မကြာခင်မှာပင် ယူဂျွန်ဟော့ ကို စိုက်ကြည့်နေသည့် အကြည့်များမှာ ပျောက်ကွယ်သွားတော့သည်။
[အထူးစွမ်းရည် 'နောက်ပြန်ဆုတ်ခြင်း အဆင့် ၃' ကို ပယ်ဖျက်လိုက်ပါပြီ။]
ရူးချင်စရာပဲ၊ ဒီလိုမျိုး ဖြစ်နိုင်တာပဲလား။
အထူးစွမ်းရည်၏ အလင်းတန်းများ ပျောက်ကွယ်သွားပြီး ယူဂျွန်ဟော့ မှာ တစ်ဖန် ပြန်လည်ပျော့ခွေသွားသည်။ သူ ခက်ခက်ခဲခဲ ဖွင့်ထားသည့် မျက်လုံးများမှာ ပြန်မှိတ်သွားပြီး ပါးစပ်မှလည်း တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ်နေ၏။ သူ၏ ပြင်းပြသော ရှင်သန်လိုစိတ်ကို ကျနော် ခံစားလိုက်ရသည်။ ဤသည်က မည်သို့ပင်ဖြစ်စေ ရှင်သန်ရန် ကြိုးစားနေသည့် ယူဂျွန်ဟော့ ၏ ထူးခြားသော စိတ်ဓာတ်ပင် ဖြစ်သည်။
ယူဂျွန်ဟော့ ၏ အတွေးများမှာ ကျနော့်ခေါင်းထဲသို့ ပဲ့တင်ထပ်လာသည်။
「ငါ မျိုချလို့ရအောင် ချေပေးဦး 」
ကျနော် မဟာပြန်လည်ရှင်သန်ခြင်းဆေးလုံး နောက်တစ်လုံးကို ထုတ်ယူကာ အမှုန့်ဖြစ်အောင် ချေလိုက်ပြီးနောက် သူ၏ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။ ထိုအခါ ပြိုလဲနေသည့် လူသား၏ ဇာတ်လမ်းများမှာ ပြိုလဲပျက်စီးနေခြင်းမှ ဖြည်းဖြည်းချင်း ရပ်တန့်သွားတော့သည်။
"...အဆင်ပြေသွားမှာပါ"
ယူဂျွန်ဟော့ သည် ဤတစ်ကြိမ်ကို သူ၏ ရှိရှိသမျှအရာရာတိုင်းဖြင့် လောင်းကြေးထပ်ထားခြင်း ဖြစ်သည်။ အကြိမ်အနည်းငယ် ရှုံးနိမ့်လည်း အဆင်ပြေသည်ဟူသော အချက်ကို စွန့်လွှတ်ကာ ဤကမ္ဘာမှာပင် ဆက်လက်နေထိုင်ရန် သူ ဆုံးဖြတ်ခဲ့ခြင်းပင်။ သတိမေ့သွား၍လား မသိသော်လည်း ယူဂျွန်ဟော့ မှာ ဘာမှ ထပ်မပြောတော့ချေ။ ထိုအစား ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော ဇာတ်လမ်းများမှာ တောက်ပစွာ လင်းလက်လာသည်။
['သေအတူရှင်မကွဲ အဖော်များ' ဇာတ်လမ်းက ဆက်လက်ရှင်သန်လိုနေပါသည်။]
သေအတူရှင်မကွဲ အဖော်များမှာ မူရင်းဝတ္ထုထဲရှိ ယူဂျွန်ဟော့ အတွက် မရှိခဲ့ဖူးသော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။
「 "ယူဂျွန်ဟော့ နဲ့ မင်းက ဘာတော်တာလဲ"
"ကျုပ်တို့က သေအတူရှင်မကွဲ အဖော်တွေလေ" 」
ထိုအဖြစ်အပျက်မှာ ချွန်မူရို တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ဂုံဖီဒူ နှင့် ကျနော် ပြောခဲ့သော စကားများဖြစ်ကြောင်း အသေအချာ သိလိုက်ရသည်။ ကျနော် မရယ်ဘဲ မနေနိုင်တော့ချေ။ ယခုတော့ ကျနော်တို့ တကယ်ပဲ အတူရှင်သန် သို့မဟုတ် အတူသေကြရတော့မည်။
ကျနော် ယူဂျွန်ဟော့ ကို တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ထားရင်း ပြေးလာခဲ့သည်။ အဝေးမှ လှမ်းအော်နေကြသော ကျနော့်အဖွဲ့ဝင်များကို မြင်လိုက်ရသည်။
ကျနော့်နောက်ကျောတွင် ပြင်းထန်သော အပူရှိန်ကို ခံစားလိုက်ရ၏။ ကြောက်မက်ဖွယ် လေပြင်းများနှင့်အတူ မီးလုံးများမှာ ကျနော့်ခေါင်းပေါ်ကို သီသီလေး ဖြတ်သန်းသွားသည်။ လိုက်လံတိုက်ခိုက်နေသော နက္ခတ်များမှာ ကျနော့်နောက်သို့ ကပ်လျက် ရောက်ရှိနေပြီ ဖြစ်သည်။
[မင်းက မိစ္ဆာဘုရင် ကို ခေါ်လိုက်တာလား။ မင်း ဘာလုပ်လိုက်လဲဆိုတာရော သိရဲ့လား။]
နက္ခတ်များမှာ ဟိန်းဟောက်လိုက်ကြပြီး ခန့်မှန်းရခက်သော အရှိန်အဝါများမှာ ကျနော့်ဆီသို့ စီးဝင်လာသည်။
[ငတုံးကောင်။ အခုတော့ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ပျက်စီးတော့မယ်။]
ကျနော် သူတို့ကို ပြန်မဖြေတော့ဘဲ ရှေ့ရှိ လီဟန်းဆောင် ကိုသာ လှမ်းအော်လိုက်သည်။
"လီဟန်းဆောင်"
ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ပျံတက်သွားပြီး လီဟန်းဆောင် က ဖမ်းယူလိုက်သည်။ ထိုအချိန်မှာပင် ကျနော် နောက်သို့ လှည့်ကာ လက်သီးဖြင့် အလိုအလျောက် ထိုးလိုက်သည်။ ပြေးလာနေသော နက္ခတ်တစ်ပါးမှာ ကျနော်နှင့် တိုက်မိသွားပြီး အော်ဟစ်သွားသည်။
လျှပ်စစ်ဓါတ် အားဖြည့်ခြင်း က ဆာကတ် ၏ အမြီးကို ရိုက်ခတ်သွားပြီး ယုံကြည်မှုဓါးက မိုးကြိုးစားငှက် ကို ခုတ်ပိုင်းလိုက်သည်။ ယုံကြည်မှုဓါး မှာ စွမ်းအင်များကို စုပ်ယူကာ တောက်ပစွာ လင်းလက်လာသည်။ သွေးများ စင်ထွက်သွားပြီး လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ၏ စွမ်းအားအကုန်ဖြင့် ကျနော် ထုတ်လွှတ်လိုက်သည်။
ကျနော့်နောက်သို့ လိုက်လာသော နက္ခတ်အရေအတွက်မှာ ခုနစ်ပါး ဖြစ်သည်။ ထိုအရေအတွက်မှာ ကျနော် တစ်ယောက်တည်း ရင်ဆိုင်နိုင်သော အရေအတွက် မဟုတ်ချေ။ ပိုဆိုးသည်မှာ လေထဲရှိ မဟူရာတိမ်တိုက်များမှာ ပိုမိုထူထပ်လာခြင်းပင်။ နိမိတ်မကောင်းသည့် အလား မဟူရာတိမ်တိုက်များ စုရုံးလာကြပြီး ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ဆီသို့ လင်းလက်နေသော ကြယ်များမှာ တစ်စပြီးတစ်စ ပျောက်ကွယ်သွား၏။
အမှန်စင်စစ် ဤအချက်ကြောင့်ပင် ကျနော် ယခုအချိန်ထိ အက်စ်မိုးဒီအက်စ် ကို မခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ယံမှ မဟူရာလျှပ်စီးတန်းများ ဆက်တိုက် ကျဆင်းလာသဖြင့် ကြောက်ရွံ့သွားသော နက္ခတ်များမှာ နောက်သို့ ဆုတ်ခွာသွားကြသည်။ လေထဲတွင် လျှပ်စစ်မီးပွားများ လွင့်စင်သွားပြီး မိစ္ဆာဘုရင်များ ဆင်းသက်လာကြသည်။
အက်စ်မိုးဒီအက်စ် ရောက်ရှိလာပြီ ဖြစ်ရာ အခြားမိစ္ဆာဘုရင်များကိုလည်း တားဆီးထားနိုင်စွမ်း မရှိတော့ချေ။ ကံမကောင်းသည်မှာ ထိုမိစ္ဆာဘုရင်များမှာ ကျနော့်ဘက်တော်သားများ မဟုတ်ကြခြင်းပင်။
['သဘောထားကွဲလွဲမှုဖန်တီးသူ' မိစ္ဆာဘုရင်က မိစ္ဆာနယ်မြေသို့ ရောက်ရှိလာပါပြီ။]
['ရုပ်အလောင်းများအပေါ် ဒဿနပညာရှင်ဆန်သော ဧကရာဇ်' မိစ္ဆာဘုရင်က မိစ္ဆာနယ်မြေသို့ ရောက်ရှိလာပါပြီ။]
၎င်းတို့၏ ကိုယ်စားလှယ်ခန္ဓာကိုယ်များကို ဆင့်ခေါ်ခြင်းကပင် အခြားနက္ခတ်များကို ကျော်လွန်နေသယောင် ရှိ၏။ ယခုတော့ ကျနော့်ကို ကူညီနိုင်မည့်သူ တစ်ယောက်မှ မရှိတော့ချေ။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေ က သင်၏ ဇာတ်လမ်းကို တုံ့ပြန်နေပါသည်။]
ကျနော် ယုံကြည်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကျနော် တည်ဆောက်ခဲ့သည့် ဇာတ်လမ်းများသာ ဖြစ်သည်။
"အားလုံး၊ နောက်ဆုတ်လိုက်ကြ။ ကျနော် အချိန်ဆွဲပေးထားတုန်း ခင်ဗျားတို့ရဲ့ ခွန်အားတွေကို ဖြစ်နိုင်သမျှ ထိန်းထားကြ"
ထိုအချိန်တွင် အဖွဲ့ဝင်တစ်ဦးမှာ စတင် သောင်းကျန်းတော့သည်။ ကျနော့်ဘေးမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။
"ဌာနမှူး။ ဘာဖြစ်လို့..."
ဟန်မြုံအို သည် ခြေတစ်ဖက်မြင်းမြန် ကို အသက်သွင်းကာ တစ်နေရာရာသို့ ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် စတင် ပြေးထွက်သွားတော့သည်။ ထိုနေရာမှာ ကျနော် လာခဲ့သည့် လမ်းကြောင်း ဖြစ်သော မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ် ရှိရာ နေရာပင်။
[ဟားဟားဟားဟား]
မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ် က မြူးကြွစွာ ရယ်မောလိုက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် အလင်းမြားများ ထိမှန်ထားပြီး ပြတ်ရှနေသော လက်မောင်းမှ သွေးများ စီးကျနေသည်။ သို့သော်လည်း ထိုမိန်းကလေးငယ်၏ မျက်နှာပေါ်တွင်မူ ပျော်ရွှင်ကြည်နူးမှု အရိပ်အယောင်များကိုသာ မြင်တွေ့ရသည်။
[ငါ ပျော်တယ်။ ဒါက တကယ်ကို ပျော်စရာကောင်းတာပဲ]
နက္ခတ်အမြောက်အမြားမှာ သွေးစွန်းသော ဆွဲခြစ်မှု ကြောင့် သူတို့၏ ကိုယ်စားလှယ်ခန္ဓာကိုယ်များ ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ကျန်ရှိနေသော နက္ခတ်များစွာ ရှိနေသေးသည်။
အခြေခံအားဖြင့် မိစ္ဆာဘုရင်များမှာ ဒဏ္ဍာရီလာအဆင့် နက္ခတ်များနှင့် အဆင့်တူညီသော တည်ရှိမှုများ ဖြစ်ကြသည်။ သာမန်နက္ခတ်များမှာ မည်သို့ရှိမည်မသိသော်လည်း လောကနတ် တစ်ပါးဖြစ်သော သူရိယကို အက်စ်မိုးဒီအက်စ် အနိုင်ရရန် အခွင့်အရေး မရှိချေ။
သူရိယ က နားမလည်နိုင်သလိုမျိုး ပြောလိုက်သည်။
[ရာဂနှင့်အမျက်ဒေါသနတ်ဆိုး၊ ငါတော့ တကယ်ကို သိချင်မိတယ်]
အဝေးတစ်နေရာမှ ဧရာမ စည်တော်ကြီး တစ်လုံး ပေါက်ကွဲသွားသံကို ကြားလိုက်ရသည်။ မဟုတ်မှလွဲရော ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် နောက်ကို လိုက်နေကြသည့် နက္ခတ်များမှာ နောက်ဆုံး တိုက်ပွဲကို ဆင်နွှဲနေကြပြီ ထင်သည်။
သူရိယ မှာ နားမလည်နိုင်အောင် ဖြစ်နေသည်။
ဘာကြောင့် ဒီလူသားတွေက အခုထိ တော်လှန်နေကြတာလဲ။ ဘာကြောင့် မိစ္ဆာဘုရင် တစ်ပါးက လူသားတစ်ယောက်ဘက်ကနေ ရပ်တည်ပေးနေရတာလဲ။
အက်စ်မိုးဒီအက်စ် က အနည်းငယ် နုံးချည့်နေသလိုမျိုး ပြုံးလိုက်သည်။ သူရိယ က သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ နက္ခတ်များ၏ တိုက်ခိုက်မှုများ ရပ်တန့်သွားသည်။
[အက်စ်မိုးဒီအက်စ်၊ မင်းက ဘာလို့ အနှစ်မရှိတဲ့ လူသားတွေဘက်ကနေ ရပ်တည်နေရတာလဲ]
[ရပ်တည်တယ်ဟုတ်လား... ငါက ဘယ်သူ့ဘက်ကမှ မရပ်တည်ပါဘူး]
အက်စ်မိုးဒီအက်စ် က သူ၏လက်ပေါ်ရှိ သွေးများကို လျက်ရင်း ပြုံးလိုက်သည်။
[ဒါက ပျော်စရာကောင်းပုံရလို့ပါ]
[...ပျော်စရာကောင်းတယ်ဟုတ်လား]
[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ရဲ့ ဇာတ်လမ်းက ဘာလဲဆိုတာကို မင်း မသိပါဘူးကွာ]
[ငါလည်း မြင်ခဲ့တာပဲ။ ဒါက သာမန် ဇာတ်လမ်းတစ်ပုဒ်ပဲလေ]
ထိုစကားကြောင့် အက်စ်မိုးဒီအက်စ် က တဟားဟား အော်ရယ်တော့သည်။
[ဟားဟားဟား။ သူရိယ။ မင်းကတော့ ထွက်ပေါ်နေတဲ့ အလင်းတန်းတွေကြောင့် မျက်စိကွယ်သွားပြီ ထင်တယ်။ ငါ မင်းကို အရင်က ပြောခဲ့ဖူးသားပဲ။ ဇာတ်လမ်းတွေကို အကြာကြီး ခံစားချင်တယ်ဆိုရင် မင်းရဲ့ အမြင်အာရုံကို သေချာ ဂရုစိုက်ပါလို့]
[...အဲဒီ ကလေးက ကြယ်သစ်တွေထဲမှာ တော်တဲ့တစ်ယောက်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ ဒါက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲမှာတော့ သာမန်အဆင့်ပဲ ရှိသေးတာလေ။ သူ့မှာ ဒဏ္ဏာရီလာ အဆင့်ရှိတဲ့ ဇာတ်လမ်းတောင် မရှိသေးဘူး]
သူရိယ က သူ၏ အရှိန်အဝါကို ဖြန့်ကြက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
အက်စ်မိုးဒီအက်စ် က ရယ်နေတုန်းပင်။
[ဒဏ္ဏာရီလာ အဆင့်ရှိတဲ့ ဇာတ်လမ်း... မင်းက သက်တမ်းကြာရှည်စွာ နေထိုင်လာခဲ့တာတောင် ဇာတ်လမ်းတွေကို အဲဒီလိုပဲ အကဲဖြတ်နေတုန်းလား]
[ဒါက လူသားတွေရဲ့ သမိုင်းသက်သက်ပဲ။ ဘာအကဲဖြတ်မှုမှ မလိုဘူး]
[ဇာတ်လမ်းအားလုံးဟာ နောက်ဆုံးမှာ သမိုင်းထဲကနေ ခွဲထွက်သွားကြတာချည်းပဲ]
[...အက်စ်မိုးဒီအက်စ်၊ မင်းက စားတော်ဆက်အသင်း ထဲမှာ လျှောက်ကစားနေခဲ့ပြီးမှ အခုကျမှ ဒါတွေကို လာပြောနေတာလား။ ဒါဆို မင်း ဆက်သွားချင်သေးတာလား။ နောက်ဆုံးမှာ မင်းရဲ့ ကိုယ်စားလှယ်ခန္ဓာကိုယ် ဆုံးရှုံးသွားလိမ့်မယ်နော်]
[ကောင်းပါပြီ၊ ငါလည်း သိပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ...]
နက္ခတ်များက တစ်လှမ်းချင်း တိုးကပ်လာချိန်တွင် အက်စ်မိုးဒီအက်စ်က ရုတ်တရက် ပြောလိုက်သည်။
[ဒါနဲ့ သူရိယ၊ မင်းက ဘာလို့ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ကို ဒီလောက်ထိ စွဲလမ်းနေရတာလဲ]
[...စွဲလမ်းတယ်ဟုတ်လား။ မင်း ဘာကို ဆိုလိုတာလဲ]
[မင်းတစ်ယောက်ထဲ မဟုတ်ဘူး၊ နက်ဗျူလာ တွေပါ ပါဝင်နေတာလေ။ မဟုတ်ဘူးလား]
[မျက်စိကွယ်နေတာက မင်းပဲ ဖြစ်ပုံရတယ်]
[မင်းပြောသလိုဆိုရင် အလွန်ဆုံးရှိလှ လူသားသမိုင်းပဲပေါ့။ ဒါပေမဲ့ မင်းနဲ့ ဝေဒ က ဘာလို့ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ကို ဆွဲဆောင်ဖို့ ကြိုးစားနေကြတာလဲ။ မင်းတို့ မအောင်မြင်တော့ အခု သူ့ကို သတ်ဖို့ ကြိုးစားနေကြပြန်ပြီ။ ဒါက ဧရာမ နက်ဗျူလာ တစ်ခု လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး]
[...]
[ဒီအချက်မှာ ငါ တစ်ခုလောက် မေးချင်တယ်။ မင်း ဘာလို့ ဒါမျိုးတွေ လုပ်နေရတာလဲ]
သူရိယ မှာ တစ်ခဏမျှ ဆွံ့အသွားသည်။ သူ၏ မျက်နှာပေါ်တွင် သိမ်မွေ့သော ခံစားချက်တစ်ခု ပေါ်လာသည်။ သူရိယ က သူ၏ ခံစားချက်များကို ဖုံးကွယ်ရန်အတွက် သူ၏ ညာဘက်လက်ကို အလျင်အမြန် မြှောက်လိုက်သည်။ ၎င်းမှာ နက္ခတ်များ တိုက်ခိုက်ရန် အချက်ပေးခြင်းပင်။ ထိုအချိန်မှာပင်…
အက်စ်မိုးဒီအက်စ် က ပြောလိုက်သည်။
[ခဏလေး။ ဟားဟား... ဟားဟား။ ငါ သိပြီ။ သူရိယ...]
[...]
[မင်း...... စားတော်ဆက်အသင်း မှာ ဘာဖြစ်ခဲ့သလဲဆိုတာ ငါ ကြားပြီးပြီ]
မြှောက်ထားသော သူရိယ ၏ လက်မှာ ရပ်တန့်သွားသည်။
[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် က 'နောက်ဆုံးဇာတ်ဝင်ခန်း' ကို လိုက်လံရှာဖွေနေတာ။ အဲဒါကြောင့် မင်းက သူ့ကို မုန်းနေတာလေ။ မဟုတ်ဘူးလား]
သူရိယ ၏ လက်ချောင်းများမှာ တုန်ယင်လာပြီး သူ၏ စိတ်မငြိမ်မသက်မှုကို ဖော်ပြနေသည်။ အက်စ်မိုးဒီအက်စ် က ထိုတုန်ယင်မှုကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
[ဘာလို့လဲဆိုတော့ မင်းက အဆုံးသတ်ကိုရရှိနိုင်တဲ့ အရည်အချင်းကို မရရှိနိုင်လို့ပဲ]
အလင်းလှံ တစ်စင်းက အက်စ်မိုးဒီအက်စ် ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ အလင်းလှံများဖြင့် ဆက်တိုက် ထိုးဖောက်ခြင်း ခံနေရသော်လည်း အက်စ်မိုးဒီအက်စ် ၏ နှုတ်ခမ်းများတွင် နက်ရှိုင်းသော လှောင်ပြောင်မှုများ ရှိနေဆဲပင်။
သွေးများ စီးကျလာ၏။ အရေးပေါ် အသက်သွင်းထားသော ကိုယ်စားလှယ်ခန္ဓာကိုယ်မှာ ပုံမှန်ထက် များစွာ အားနည်းနေလေသည်။ အက်စ်မိုးဒီအက်စ် က ပြတ်ရှနေသော အရေပြားများကြားမှ ထွက်ကျလာသည့် အူများကို ဖိကိုင်ထားလိုက်သည်။
[...လူသားရဲ့ ခန္ဓာကိုယ်က တကယ်ကို သက်သောင့်သက်သာ မရှိတာပဲ]
အက်စ်မိုးဒီအက်စ် က ချဉ်းကပ်လာသော နက္ခတ်များကို လျစ်လျူရှုကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ မဟူရာတိမ်တိုက်များ ကြားမှ ကြယ်များကို မြင်တွေ့ရသည်။ ကောင်းကင်ပေါ်ရှိ အလင်းနှင့် အမှောင်မှာ တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေကြသည်။
၇၃ ခုမြောက် မိစ္ဆာနယ်မြေ ကို ဝန်းရံထားသော သန်မာသည့် တည်ရှိမှုများမှာ စတင် လှုပ်ရှားနေကြချေပြီ။ အက်စ်မိုးဒီအက်စ် မှာ သက်တမ်းကြာရှည်စွာ နေထိုင်လာခဲ့သော်လည်း ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ယနေ့တွင် မိစ္ဆာနယ်မြေ ထဲ၌ ကြီးကျယ်ခမ်းနားသော အရာတစ်ခု ဖြစ်ပျက်နေပြီဖြစ်၏။ သူရိယ ၏ အလင်းလှံမှာ လှုပ်ရှားသွားပြီး နက္ခတ်များက အက်စ်မိုးဒီအက်စ် ဆီသို့ မှော်စွမ်းအင်များကို လောင်းထည့်လိုက်ကြသည်။ အက်စ်မိုးဒီအက်စ် ၏ ကိုယ်စားလှယ်ခန္ဓာကိုယ် သေဆုံးတော့မည့် အချိန်တွင်….
ဒူ ဒူ ဒူ ဒူ ဒူ
ဖုန်မှုန့်လုံးကြီးတစ်ခုက နက္ခတ်များ၏ အမြင်အာရုံကို ဖုံးကွယ်သွားသည်။ အံ့အားသင့်သွားသော နက္ခတ်များမှာ ခဏမျှ ရပ်တန့်သွားကြပြီး တစ်စုံတစ်ယောက်က အက်စ်မိုးဒီအက်စ် ၏ သေးငယ်သော ခန္ဓာကိုယ်ကို ပွေ့ပိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် အက်စ်မိုးဒီအက်စ် ကိုယ်တိုင်ပင် အံ့သြသွားရသည်။ သူသည် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်၏ ကယ်တင်ခြင်းကိုမှ တစ်ခါမှ မခံခဲ့ရဖူးချေ။
[မင်းက...]
ဟန်မြုံအို က သူ့ကို ချီပိုးထားရင်း ပြေးနေခြင်း ဖြစ်သည်။ နက္ခတ်များ၏ တိုက်ခိုက်မှုကြောင့် ဟန်မြုံအို ၏ ဘယ်ဘက်လက်မောင်း တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အက်စ်မိုးဒီအက်စ် က ကြောင်စီစီ မျက်နှာပေးဖြင့် ရေရွတ်လိုက်သည်။
[ဘာလို့လဲ...]
သူသည် ဤလူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိသော်လည်း ဤလူက ဘာကြောင့် ဤနေရာကို ရောက်လာသလဲဆိုတာကိုတော့ အက်စ်မိုးဒီအက်စ် နားမလည်နိုင်ချေ။ ဟန်မြုံအို သည် သူ၏ အစေအပါး တစ်ယောက်ဟုခေါ်ဆို၍ရနိုင်သော်လည်း ဤသစ္စာရှိမှုကတော့...
ဟန်မြုံအို က ဘာမှပြန်မပြောဘဲ အက်စ်မိုးဒီအက်စ် ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ အသိဉာဏ်မဲ့သော်လည်း ကြီးမားသော နှလုံးသားတစ်ခုကို ခံစားလိုက်ရ၏။ ထိုခံစားချက်များမှာ အက်စ်မိုးဒီအက်စ် ဆီသို့ ဦးတည်နေခြင်း မဟုတ်ချေ။
ဟန်မြုံအို ၏ ရင်ခွင်ထဲတွင် အက်စ်မိုးဒီအက်စ် က ပြုံးလိုက်သည်။
[တကယ်ကို ဒီဇာတ်ဝင်ခန်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ...]
"အားလုံးကို တောင်းပန်ပါတယ်။ ကျနော်နဲ့အတူ တိုက်ပွဲဝင်ပေးကြရမယ် ထင်ပါတယ်"
ကင်ဒေါ့ဂျာ က ထိုသို့ပြောလိုက်သည့်အခါ လီဟန်းဆောင် က ပထမဆုံး မတ်တပ်ရပ်လိုက်သည်။
"စောင့်နေခဲ့တာပါ"
ယူဆန်းအာ နှင့် ကောင်းကင်ဖြိုခွင်းသခင် တို့က နောက်မှ လိုက်လာကြပြီး ကြောက်လန့်နေသော ရှင်ယူဆောင်း ကလည်း လက်သီးများကို တင်းတင်းဆုပ်ထားသည်။ ပူးကောင် အရွယ်အစားသာရှိသော အိုဆူး ကလည်း ဟောင်လိုက်သည်။
နိမ့်ကျသော စိတ်ဓါတ် စွမ်းအားတစ်ခုဖြစ်သော်လည်း သူတို့အားလုံးကတော့ စိတ်ပိုင်းဖြတ်ထားကြ၏။ လူသားများသည် နက္ခတ်များ၏ 'အရှိန်အဝါ' ရှေ့မှောက်တွင် နောက်မဆုတ်ခဲ့ကြချေ။
ပေါက်ကွဲသံတစ်ခုနှင့်အတူ တိုက်ပွဲက စတင်လေတော့သည်။ တစ်ချက်ထိုးလျှင် အရိုးများကျိုးကာ၊ နှစ်ချက်ထိုးလျှင် နက်ရှိုင်းသော ဒဏ်ရာရပြီး၊ သုံးချက်မြောက်မှာမူ သူတို့၏ အသက်ရှင်သန်မှုကို အာမမခံနိုင်တော့ချေ။
မိစ္ဆာဘုရင်များက အခြေအနေကို ပို၍ ပို၍ ရှုပ်ထွေးအောင် ပြုလုပ်နေကြသည်။ မိစ္ဆာဘုရင်များသည် ပြတ်တောက်သွားသော ကြိုးများအလား လေထဲတွင် ပျံသန်းနေကြသည်။
"အ"
ပထမဆုံး လဲကျသွားသူမှာ လီဟန်းဆောင် ဖြစ်သည်။
ခိုင်မဲရာ နဂါး သည်လည်း ၎င်း၏ အတောင်ပံများ ကျိုးသွားသဖြင့် အော်ဟစ်နေလေသည်။
ဂျန်ဟာယောင်းက ထိုင်ချလိုက်ပြီး ထိုမြင်ကွင်းအားလုံးကို ကြည့်နေမိသည်။
"အား... အား... အား..."
ဂျန်ဟာယောင်း သည် အတိုင်းအဆမဲ့သော အားကိုးရာမဲ့မှုဒဏ်ကို ခံစားလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။ ဂျန်ဟာယောင်း သင်ယူခဲ့သော ကောင်းကင်ဖြိုခွင်းဓါးသိုင်း မှာ အလွန်ပင် အားနည်းလွန်းနေသည်။ တံတိုင်းမှတစ်ဆင့် သူသင်ယူခဲ့သော နည်းစနစ်များသည် နက္ခတ်များကို ရင်ဆိုင်ရန် မလုံလောက်ခဲ့ချေ။
ဂျန်ဟာယောင်း သည် မိစ္ဆာဘုရင်၏ တိုက်ခိုက်မှု ခံထားရသော နေရာကို ဖိကိုင်ထားရင်း တိုက်ပွဲဝင်နေသည့် ကင်ဒေါ့ဂျာ ကို စိုက်ကြည့်နေမိသည်။
သူ အကြာကြီး တွေ့ဆုံချင်ခဲ့သော ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် မှာ ရုန်းကန်နေရသည်။
သူ၏ နံရိုးများနှင့် ညာဘက်လက်မောင်းမှာ ကျိုးနေပြီ ဖြစ်သည်။ ဂျန်ဟာယောင်း သည် အတူတကွ တိုက်ခိုက်ချင်သော်လည်း ကောင်းကင်ယံရှိ ကြယ်တာရာများမှာမူ မည်သည့်ကရုဏာမျှမရှိဘဲ တောက်ပနေကြ၏။ ကြယ်များစွာ ရှိနေပါလျက်နှင့် ဘာကြောင့် သူတို့ကို ဘယ်သူမှ မကူညီကြသနည်း။
[သီးသန့်စွမ်းရည် 'အမည်မသိတံတိုင်း' အသက်ဝင်လာပါပြီ။]
အမှန်စင်စစ် သူသည် အကြိမ်များစွာ ကြိုးစားခဲ့ပြီးပြီ ဖြစ်သည်။ ကင်ဒေါ့ဂျာ ပြောပြခဲ့သော ဘွဲ့အမည် ပိုင်ရှင်များထံသို့ မက်ဆေ့ချ်များ အကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ချေ။ သို့သော်လည်း ဂျန်ဟာယောင်း သည် နက္ခတ်များထံသို့ အဖြေမရှိသော ဆုတောင်းစာများကို ဆက်တိုက် ပေးပို့နေခဲ့သည်။
'ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး တစ်ယောက်လောက်ပဲ ဖြစ်ဖြစ် ပြန်ဖြေပေးပါ'
[အမည်မသိတံတိုင်း က "သင် တကယ်ပဲ ကူညီချင်တာလား" ဟု မေးမြန်းနေပါသည်။]
တံတိုင်းမှာ အနည်းငယ် တုန်ခါနေသည်။
[အမည်မသိတံတိုင်း က "သင် တကယ်ပဲ ကူညီချင်တာလား" ဟု မေးမြန်းနေပါသည်။]
သူ ခေါင်းငြိမ့်လိုက်သည်။
'ကူညီချင်တာပေါ့။ ဘယ်လိုပေးဆပ်မှုမျိုးကိုမဆို ကျုပ် လက်ခံနိုင်ပါတယ်။ တောင်းဆိုပါတယ်'
နောက်တစ်ခဏတွင် ဂျန်ဟာယောင်း ၏ မျက်စိရှေ့၌ မက်ဆေ့ချ်များစွာ ပေါ်လာတော့သည်။
—နေကောင်းကြရဲ့လား။ ကင်ဒေါ့ဂျာ ကို သိကြပါသလား။ သူက နက္ခတ်တွေကို ရှာနေတာပါ...
—နေကောင်းပါစေ နက္ခတ်တို့။ ခင်ဗျားတို့ ကျုပ်ကို မသိပေမဲ့ အကူအညီတစ်ခု တောင်းပါရစေ... ကင်ဒေါ့ဂျာ သာ...
—နက္ခတ်တို့၊ ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါ။ ကင်ဒေါ့ဂျာ အန္တရာယ်ရှိနေပါတယ်...
—ကျေးဇူးပြုပြီး ကူညီပေးကြပါ။ တောင်းဆိုပါတယ်...
...
ဂျန်ဟာယောင်း သည် သူ၏ရှေ့မှောက်တွင် ပေါ်လာသော ရာနှင့်ချီသည့် မက်ဆေ့ချ်များကို ကြောင်စီစီဖြင့် ဖတ်နေမိသည်။
၎င်းတို့မှာ သူကိုယ်တိုင် ပေးပို့ခဲ့သော မက်ဆေ့ချ်များ ဖြစ်ကြသည်။
[လက်ရှိ ပေးပို့ရန် စောင့်ဆိုင်းနေသော မက်ဆေ့ချ်ပေါင်း ၁၂၄ စောင် ရှိပါသည်။]
အတိအကျပြောရလျှင် သူပေးပို့ပြီးပြီဟု ထင်မှတ်ထားခဲ့သော မက်ဆေ့ချ်များပင် ဖြစ်သည်။
"ဘာ... ဘာလို့လဲ..."
သူ၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထသွားသည်။ ဤသည်က နက္ခတ်များစွာထံမှ အဘယ်ကြောင့် အကြောင်းပြန်ချက် မလာခဲ့ရသလဲဆိုသည့် အကြောင်းရင်းပင်။
[အမည်မသိတံတိုင်း က "မပို့ဖို့ ငါ့ကို ပြောထားတာ" ဟု ဆိုပါသည်။]
"ဘယ်သူကလဲ"
[အမည်မသိတံတိုင်း က "ငါ့ထက် မြင့်မြတ်တဲ့ တည်ရှိမှုတစ်ခုပါ" ဟု ဆိုပါသည်။]
ထိုသူမှာ မည်သူဖြစ်သည်ကို သူ မသိချေ။ သို့သော်လည်း ဂျန်ဟာယောင်း သည် အခု သူ ဘာလုပ်ရမလဲဆိုတာကို မြင်လိုက်ရပြီ ဖြစ်သည်။
"ပို့လိုက်စမ်း။ အခုချက်ချင်းပို့တော့။ အားလုံးကို ပို့လိုက်"
အမည်မသိတံတိုင်း မှာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
[အမည်မသိတံတိုင်း က "နောင်တမရပါနဲ့" ဟု သက်ပြင်းချလိုက်ပါသည်။]
နောက်တစ်ခဏတွင် သူ၏ ဦးခေါင်းမှာ နာကျင်မှုကြောင့် ပေါက်ထွက်မတတ် ဖြစ်သွားသည်။
[မက်ဆေ့ချ် ၁၂၄ စောင်ကို ပေးပို့လိုက်ပါပြီ။]
ဆည်မှ ရေများ လွှတ်လိုက်သကဲ့သို့ ဂျန်ဟာယောင်း ထံမှ မက်ဆေ့ချ်များစွာမှာ လွတ်ထွက်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ အချိန်တွေ ကုန်ဆုံးသွားသည်။ တစ်မိနစ်၊ နှစ်မိနစ်... ဂျန်ဟာယောင်း သည် မျှော်လင့်ချက်အမျှင်တန်းလေးကို မလွှတ်ဘဲ ကောင်းကင်ယံသို့ စိုက်ကြည့်နေမိသည်။
['မျက်စိတစ်ဖက်တည်းရှိသော မေတ္တေယျ' နက္ခတ်က ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]
ထိုစဉ် တစ်စုံတစ်ယောက်က အဖြေပေးလိုက်၏။ ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ ချန်နယ်သို့ ဝင်ရောက်လာသံများမှာ မရပ်မနား ထွက်ပေါ်လာသည်။
['ရဲတင်းသော ရွှံ့နွံသားရဲ' နက္ခတ်က ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]
['ဆောအဲအီဖီ' နက္ခတ်က ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]
['ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ' နက္ခတ်က ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]
['ဂိုလျော၏ ပထမဆုံးသော ဓား' နက္ခတ်က ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]
[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ် က ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]
ကောင်းကင်ယံရှိ ပျက်ယွင်းနေသော ဟန်ချက်မှာ ပြောင်းလဲသွားပြီး ဂျန်ဟာယောင်း သည် ပျော်ရွှင်မှုနှင့်အတူ စိတ်ပျက်အားငယ်မှုများ ရောပြွမ်းနေသည့် မက်ဆေ့ချ်အားလုံးကို နားထောင်နေမိသည်။
['လျှို့ဝှက်ကြံစည်သူ' နက္ခတ်က ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]