← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 35 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 35 Ch. 341-342

အပိုင်း (၃၄၁)

ကောင်းကင်တာအို…

လောကတစ်ခုအတွင်းရှိ သာမန်သက်ရှိများအတွက် ယင်းသည် ပြိုင်ဘက်ကင်းသော အဆင့်အတန်း ဖြစ်၏။ သက်ရှိများနှင့် ကောင်းကင်တာအိုဆိုသည်မှာ မတူညီသော အဆင့်အတန်းရှိသည့် ဖြစ်တည်မှုနှစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သတ္တဝါများသည် ကောင်းကင်တာအိုအတွက် သေးငယ်သော အမှုန်အမွှားလေးတစ်ခု ဆဲလ်တစ်ခုမျှသာ ဖြစ်နေချိန်တွင် ကောင်းကင်တာအိုသည် ထိုသက်ရှိသတ္တဝါအားလုံး၏ မွေးဖွားရှင်သန်ရာမူလဇစ်မြစ် ဖြစ်သည်။

ဟွာထျန်းသည် ကောင်းကင်တာအို၏ ကိုယ်ပွားတစ်ခု ဖြစ်ပြီး အလွန် မြင့်မြတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားလေသည်။

ကျုံးရှန်သည်လည်း ထိုစကားကို ကြားသောအခါ ထရပ်လိုက်သည်။ သူသည် အင်္ကျီပေါ်တွင် မရှိသော ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုရှိနေသည်။

"ကောင်းပြီ"

"မင်းက ကောင်းကင်ဆိုရင်... ငါက ကောင်းကင်ကို အနိုင်ယူမဲ့သူပဲ"

"လာ... တိုက်ကြတာပေါ့"

ကျုံးရှန်၏ တိုက်ပွဲဝင်လိုစိတ်များ ဆူပွက်လာသည်။

ကျုံးရှန်၏ရှေ့မှသူသည် ကောင်းကင်တာအို၏ ကိုယ်ပွားတစ်ခုမျှသာ ဆိုသော်လည်း ထိုဖြစ်တည်မှု၏ ဆိုလိုရင်းအဓိပ္ပာယ်သည် နက်ရှိုင်းလှ၏။ လောကတစ်ခုအတွင်းရှိ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် မှ ကျင့်စဉ်၊ တန်ခိုးစွမ်းရည် ၊ သိုင်းပညာနည်းစနစ်နှင့် အမျိုးမျိုးသော တာအို စည်းမျဉ်းနိယာမတို့၏ စွမ်းအားများ အားလုံးကို ကောင်းကင်တာအိုက ထိန်းချုပ်ထားသည်။ မဟာကမ္ဘာအတွင်း၌ ကောင်းကင်တာအိုသည်သာ အရာခပ်သိမ်းကို သိမြင်နိုင်သော ဖြစ်တည်မှု ဖြစ်သည်။

ထိုသို့သော ဖြစ်တည်မှုမျိုးသည် ကျင့်ကြံခြင်းအဆင့်ကို ထည့်မတွက်လျှင်ပင် ပြိုင်ဘက်ကင်းအင်အားကြီးသူတစ်ယောက် ဖြစ်သည်။ သူသည် မည်သည့် အဆင့်မြင့် ကျင့်စဉ်ကိုမဆို အသုံးပြုနိုင်သကဲ့သို့ ကျင့်စဉ်အားလုံးကို ပြီးပြည့်စုံစွာ အပြစ်အနာအဆာကင်းအောင် ပြုပြင်နိုင်စွမ်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်တာအိုဆိုသည်မှာ စည်းမျဉ်းနိယာမအားလုံးနှင့် သတင်းအချက်အလက်များ၏ ပေါင်းစပ်မှုမှ ဖြစ်တည်လာခြင်း ကြောင့် ဖြစ်သည်။

ထို့ကြောင့် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် ကျုံးရှန်၏ ကြီးထွားမှုအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိစေပေလိမ့်မည်။ ဟွာထျန်းသည် ကိုယ်ပွားတစ်ခုပင်ဖြစ်လင့်ကစား စစ်မှန်သော အစွမ်းထက်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်၏။

"ကောင်းတယ်... လောကရဲ့ ဖောက်ပြန်တဲ့ ဖြစ်တည်မှုဆိုတာနဲ့ ထိုက်တန်ပါပေတယ်"

ဟွာထျန်း၏ ရေခဲကဲ့သို့ အေးစက်နေသော မျက်နှာအမူအရာတွင် လှုပ်ခတ်မှုအချို့ စတင်ပေါ်လာကာ သူ၏ မျက်ဝန်းအတွင်း၌ တိုက်ပွဲဝင်လိုစိတ်များဖြင့် တောက်ပလာသည်။

"မင်းရဲ့ ခန္ဓာကိုယ်က ကောင်းကင်တာအိုခန္ဓာကို ကျင့်ကြံအောင်မြင်ထားပြီးပြီပဲ"

"ကောင်းကင်တာအိုခန္ဓာရဲ့ အဓိပ္ပာယ်ကို မင်း သိလား"

"အဲဒါက ခန္ဓာကိုယ်က ကောင်းကင်တာအိုနဲ့ ရင်ပေါင်တန်းနိုင်တယ်လို့ ဆိုလိုတာပဲ"

"အခုမင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားတွေကို ခံစားမိမှာပါ"

"ဒါပေမဲ့ ငါက... ကောင်းကင်တာအို ကိုယ်တိုင်ပဲ"

ဟွာထျန်းသည် ထပ်မံ ပြောလိုက်လေသည်။

ကျုံးရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲ ဖြစ်ကာ ဟွာထျန်း၏စကားများကြောင့် မည်သည့် သက်ရောက်မှုမျှ ခံစားရခြင်းမရှိချေ။

"စကားတွေ အများကြီး ပြောမနေနဲ့တော့... လာစမ်းပါ"

ကျုံးရှန်၏စကားအဆုံးတွင် လေများ ရုတ်တရက် တိုက်ခတ်လာသည်။ ငရဲငယ်တစ်ခုလုံးသည် သူတို့နှစ်ဦးအတွက် နောက်ခံပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်သွားကာ ဟင်းလင်းပြင်၏ လည်ပတ်မှုသည်ပင်လျှင် ပုံမှန် မဟုတ်တော့ချေ။

အဝါရောင်နှင့် အဖြူရောင် အရိပ်နှစ်ခုသည် ဆဌမအထပ်တစ်ထောင်ကမ္ဘာ၏ ဟင်းလင်းပြင်မျက်နှာကျက် အတားအဆီးကိုဖြတ်၍ ချောင်းကြည့်နေကြသည်။ သူတို့သည် ကောင်းကင်တာအို တံဆိပ်တော် နှင့် တက်လှမ်းခြင်း အဖိုးအို တို့ ဖြစ်သည်။

"အဘိုးကြီးဟွမ်... ဘယ်သူနိုင်မယ် ထင်လဲ"

တက်လှမ်းခြင်း အဖိုးအိုသည် စူးစမ်းလိုသောအပြုံးဖြင့် မေးလိုက်သည်။

"မင်းကတော့လေ... မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ငါ မသိဘူး ထင်နေလား"

"ငါ ပြောလိုက်မယ်... တကယ်လို့ ဒီကောင်လေးက နဂါးမဲ့နတ်ဘုရားဘုရင်ရဲ့ စိတ်ဆန္ဒကိုအမွေဆက်ခံရယူထားသူ အစစ်အမှန် ဆိုရင် ရန်သူအားလုံး ပြာကျသွားမှာပဲ... ကောင်းကင်တာအိုတောင် ချွင်းချက် မဟုတ်ဘူး"

ကောင်းကင်တာအို တံဆိပ်တော်သည် ယုံကြည်မှုအပြည့်ဖြင့် အခိုင်အမာပြောလိုက်လေသည်။

ထိုစကားကြားသောအခါ တက်လှမ်းခြင်း အဖိုးအိုသည် လှောင်ပြုံး ပြုံးလိုက်၏။

"ဟားဟားဟား"

"မင်းက သူ့အပေါ် ဒီလောက်တောင် ယုံကြည်နေတာလား..."

"ဟွာထျန်းဆိုတာ ငရဲပြည် ကောင်းကင်တာအိုရဲ့အနှစ်သာရ မူလဇစ်မြစ်ပဲ... ကိုယ်ပွားတစ်ခု ဆိုပေမဲ့ သူက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ ဖြစ်တည်မှုမျိုးကွ"

"မဟာကမ္ဘာတစ်ခုရဲ့ ကောင်းကင်တာအိုဆိုတာ အစစ်အမှန်ကောင်းကင်တာအိုပဲလေ"

"မဟာကမ္ဘာအတွင်းက စည်းမျဉ်းနိယာမအားလုံးကို သူ ပိုင်စိုးထားတယ်... ရှေးနှစ်ပေါင်းများစွာကတည်းက ပေါ်ထွက်ခဲ့သမျှ အင်အားကြီးသူအားလုံးရဲ့ အတွေ့အကြုံတွေကို သူနားလည်စုပ်ယူထားပြီးသားပဲ"

တက်လှမ်းခြင်း အဖိုးအို၏စကားများအရသူသည် ဟွာထျန်း အနိုင်ရမည့်ဘက်ကို ပိုပြီး အလေးသာနေသည်။

"ဟမ့်... အဖိုးကြီး... မင်းထင်တဲ့ယူဆချက် တွေပဲပြောမနေနဲ့"

"ဘယ်သူမှန်မလဲဆိုတာက...နောက်ဆုံးရလာဒ်ကို စောင့်ကြည့်ရမှာပဲ"

ကောင်းကင်တာအို တံဆိပ်တော်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက်တွင် နှစ်ဦးစလုံးသည် စကားဆက်ပြောခြင်းမရှိတော့ဘဲ တိုက်ပွဲကိုသာ ဆက်လက် စောင့်ကြည့်လိုက်ကြလေသည်။

ငရဲငယ်၏ အဓိကတိုက်ကြီးတွင်ရှိသည့်တောင်ထိပ်ပေါ်တွင် ဟွာထျန်းသည် စတင် လှုပ်ရှားလာ၏။ သူသည် မည်သည့် ရတနာ လက်နက်ကိုမျှ အသုံးပြုထားခြင်းမရှိချေ။ ကောင်းကင်တာအိုအဆင့်တွင် ခန္ဓာကိုယ်သည်သာ အစွမ်းထက်ဆုံး လက်နက် ဖြစ်သည်။

"ဒီနေ့... ငါ စုဆောင်းထားတဲ့ ငရဲပြည်ရဲ့ သိုင်းပညာအားလုံးကို ပေါင်းစပ် ဖန်တီးထားတဲ့ တိဝမ်လက်သီးကို ပြပေးရတာပေါ့"

ဟွာထျန်းသည် မူလနေရာတွင် ရပ်နေဆဲဖြစ်သော်လည်း သူ၏ အသံသည် ဆဌမအထပ်တစ်ထောင်ကမ္ဘာ၏နေရာအနှံ့သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားလေသည်။

"လာစမ်းပါ"

ကျုံးရှန်သည် မည်သို့မျှ တုန်လှုပ်ခြင်း မရှိဘဲ ခြေတစ်လှမ်း လှမ်းကာ ဘေးသို့ရှောင်လိုက်သည်။

ထိုအခါ မူလကသူရပ်နေခဲ့သည့် နေရာ၏ အနောက်ရှိ ကမ်းပါးသည် လုံးဝ ကွယ်ပျောက်သွားပြီး စက်ဝိုင်း ပုံစံ အပေါက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ထိုအပေါက်ကြီးအတွင်း၌ အဖြူရောင် အလင်းတန်းများ ပေါ်ထွက်နေကာ တောင်ကမ်းပါး၊ ဟင်းလင်းပြင်နှင့် အချိန် စသည့်အရာအားလုံးကို စုပ်ယူသွားသည်။ လုံးဝ ဥဿုံ ဖျက်စီးခံလိုက်ရခြင်းပင် ဖြစ်သည်။

"မလိုအပ်ပဲ ဖျက်ဆီးနေတာပဲ"

"ကောင်းပြီလေ...မင်းကတောင်းဆိုနေတော့လည်း"

"ဝမ်ထျန်းလက်သီး (ကောင်းကင်အောင်နိုင်ခြင်းလက်သီး)"

ကျုံးရှန်သည် ဟွာထျန်း၏တိဝမ်လက်သီးမှထွက် ပေါ်လာသောဖျက်စီးအားကြောင့်မျက်ခုံး ပင့်လိုက်မိသည်။

သို့သော် သူသည်ကြောက်ရွံ့တုန်လှုပ်သွားခြင်းမရှိဘဲ လက်ဝှေ့ယမ်းကာ လက်သီးတစ်ချက်ပြန်ထိုးလိုက်လေသည်။ ထိုလက်သီးအတွင်း၌ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်၏ နိယာမသဘောတရားများပါဝင်နေ၏။ သက်ရှိသတ္တဝါအပေါင်း၏ ကောင်းကင်တာအိုအပေါ် မလျှော့သောဇွဲဖြင့် တော်လှန်လိုသည့် စိတ်ဆန္ဒ၊ အဆုံးမဲ့ စူးစမ်းလိုစိတ်နှင့် အကန့်အသတ်မဲ့ တိုးတက်လိုသည့် ပြင်းထန်သော အနိုင်ယူ ကျော်လွှားလိုခြင်းစိတ်ဓာတ်များ ကိန်းအောင်းနေသော အနှီလက်သီးချက်သည် ဟွာထျန်းဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ဟွာထျန်းသည် လက်သီးတစ်ချက်ကို ရင်ဆိုင်နေရသည်ဟု ဆိုခြင်းထက် သက်ရှိသတ္တဝါအပေါင်း၏ ကောင်းကင်ကိုပုန်ကန်တော်လှန်လိုသော အရှုံးမပေးသည့်စိတ်ဆန္ဒအတွေးများကို ရင်ဆိုင်နေရသည်ဟု ဆိုရပေလိမ့်မည်။

ကောင်းကင်ကိုတော်လှန်လိုသည့်သက်ရှိအပေါင်း၏ လက်သီးချက်။

ထို့အပြင် လက်သီးအတွင်း၌ပါဝင်သည့် သတ္တဝါအပေါင်းတို့၏ စိတ်ဆန္ဒများက သူ့ကို ပစ်မှတ်ထားနေသဖြင့် ကျုံးရှန်ကဲ့သို့ အလွယ်တကူ ရှောင်တိမ်း၍ မရဖြစ်နေလေသည်။

"အနိုင်မခံ အရှုံးမပေးလိုတဲ့ သက်ရှိအပေါင်းရဲ့လက်သီး"

"ဘယ်ဆိုးလို့လဲ"

မဟာကမ္ဘာတစ်ခု၏ ကောင်းကင်တာအိုဖြစ်သည့် ဟွာထျန်းသည်ပင် တအံ့တဩရေရွတ်ချီးကျူးလိုက်မိသည်။

ထို့နောက်တွင် လက်သီးချက်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိချေ။ သို့သော်ထူးဆန်းသော အပြောင်းအလဲများစတင်ဖြစ်ပေါ်လာသည်။

ဟွာထျန်း၏ ခန္ဓာကိုယ်သည် ငှက်နှင့် ပန်းများ ၊ သစ်ပင်များ ၊ ကျောက်တုံး ကျောက်ခဲများ ၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်နှင့် လူအိုများစသည်ဖြင့် ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲသွားသည်။ လောကအတွင်းရှိသက်ရှိသတ္တဝါအပေါင်းတို့၏ ပုံစံများသို့ တစ်လှည့်စီ အသွင်ပြောင်းလဲနေခြင်း ဖြစ်သည်။ ပြောင်းလဲမှုများ ရပ်တန့်သွားချိန်တွင် ဟွာထျန်း၏ ခန္ဓာကိုယ်တွင် အမျိုးမျိုးသော အရောင်အသွေးများ စွန်းထင်ကျန်ရစ်ခဲ့လေသည်။

ထိုအရောင်များသည် သတ္တဝါအပေါင်းတို့၏ ရှုပ်ထွေးသော အတွေးများနှင့် စိတ်အလိုဆန္ဒများကို ကိုယ်စားပြုသည်။ ကောင်းကင်တာအိုကို မသန့်စင်တော့အောင် ပြုလုပ်ခြင်း။

သန့်စင်ခြင်းသည် ပြိုင်ဘက်ကင်းခြင်း မဟုတ်ချေ။ အရာအားလုံးကို ပေါင်းစည်းနိုင်ပြီး အမှားအမှန်၊ အကောင်းအဆိုး အားလုံးကို လက်ခံနိုင်သူသာလျှင် အစစ်အမှန် ပြိုင်ဘက်ကင်းသူ ဖြစ်ပေသည်။ သို့သော် ထိုဖြစ်စဉ်သည် ခဏတာမျှသာ ကြန့်ကြာခဲ့ကာ ဟွာထျန်းသည် သူ၏ခန္ဓာကိုယ်ကို တစ်ချက် ခါယမ်းလိုက်ရုံဖြင့် စွန်းထင်းနေသည့်အရောင်အသွေးများ အားလုံးကွယ်ပျောက်သွားသည်။

သူ၏ မျက်နှာအမူအရာသည် ဆက်လက်၍ တည်ငြိမ်နိုင်ခြင်းမရှိတော့ဘဲ လေးနက်သောအရိပ်အယောင်များစတင်ပေါ်ထွက်လာသည်။ ပထမအချီတွင် နှစ်ဖက်စလုံးမှ လက်သီးတစ်ချက်စီ အပြန်အလှန် ထိုးခဲ့ကြပြီး လက်ရည်စမ်းခြင်း အဆင့်သာ ရှိသေးသည်။ ထိုလက်ရည်စမ်းမှုတွင် ဟွာထျန်းဘက်မှ အနည်းငယ် အထိနာသွားသည်မှာ ထင်ရှားလှသည်။

ယခု ဒုတိယအချီသည်သာ အစစ်အမှန် တိုက်ခိုက်မှုစတင်တော့မည့် အချိန်ဖြစ်သည်။

"အံ့ဩစရာပဲ... မင်းရဲ့ လက်သီးထဲမှာ သတ္တဝါခပ်သိမ်းရဲ့ စိတ်အလိုဆန္ဒတွေ ကိန်းအောင်းနေတယ်"

"ဒါက ငါ့ကို နားလည်မှုအသစ်တွေရလာစေတာပဲ"

"ကောင်းပြီလေ...မင်းရဲ့အစွမ်းကိုထုတ်ပြပြီးပြီဆိုတော့ ငါ့ရဲ့ တကယ့် အစွမ်းတွေကို ထုတ်သုံးရတော့မှာပေါ့"

ဟွာထျန်းသည် ကျုံးရှန်ကို ချီးကျူးစကားဆိုလိုက်ကာ ကျုံးရှန်၏ အဖြေကိုပင် မစောင့်တော့ဘဲ လေထဲသို့ ပျံတက်သွားသည်။

သူ၏ အင်္ကျီစများသည် လေမတိုက်ဘဲ တဖျပ်ဖျပ်လူးလွင့်နေကာ ဆံပင်များမှာလည်း အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ လွင့်ပျံနေသည်။

"တိဝမ်လျှို့ဝှက်ချက် အကန့်အသတ်မဲ့ မဟာကမ္ဘာ... ငရဲပြည်၏ သေခြင်းနှင့် ရှင်ခြင်း လောက သံသရာ"

သူ၏ မျက်ဝန်းများရှိအနက်ရောင်မျက်ဆံများ ပျောက်ကွယ်သွားကာ မီးခိုးရောင် ဖြစ်သွားသည်။ ထိုအခြေအနေတွင် ဟွာထျန်းသည် မိစ္ဆာတစ်ကောင်နှင့်ပင်တူနေလေ၏။ သူ၏ရွတ်ဆိုမှုအဆုံးတွင် ဘယ်ဘက်လက်ဖဝါးပေါ်၌ ငရဲမဟာကမ္ဘာ၏ ပုံစံတူစက်လုံးငယ်တစ်ခု ပေါ်လာကာ ညာဘက်လက်ဖဝါးပေါ်တွင် မီးခိုးရောင်ရှိသော ပရမ်းပတာ စွမ်းအင်စက်လုံးငယ်တစ်ခု ပေါ်လာသည်။

သူသည် လက်နှစ်ဖက်ကို ရိုက်ချလိုက်လျှင် ထိုစွမ်းအင်လုံး နှစ်ခုသည် ပေါင်းစည်းသွားကာ အလွန် ဆန်းကြယ်သော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ ငရဲမဟာကမ္ဘာ၏ ပုံရိပ်ယောင်ဖြစ်သည့်ပုံစံတူစက်လုံးငယ်သည် မတည်မငြိမ် ဖြစ်သွားပြီးအလယ်ဗဟိုတွင် အလင်းစက်လေးတစ်ခု တောက်ပလာသည်။ ထိုအလင်းသည် တဖြည်းဖြည်း ပိုမို စူးရှတောက်ပလာလျှင် ဟွာထျန်းသည်မူလနေရာမှပျောက်ကွယ်သွား၏။

ထို့နောက်တွင် ကျုံးရှန်၏ ဦးခေါင်းအထက်သို့ ရုတ်တရက် ရောက်ရှိသွားကာ စူးရှသောအလင်းတောက်ပနေသည့် ငရဲမဟာကမ္ဘာ၏ ပုံရိပ်ယောင်စက်လုံးကို ကျုံးရှန်ဆီသို့ ရိုက်ချလိုက်ပြီး အဝေးသို့ ချက်ချင်း ဆုတ်ခွာသွားသည်။ စက်လုံးငယ်အတွင်း၌ အလွန် ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေပြီး အတွင်းရှိ အလင်းစက်သည် တဖြည်းဖြည်း ပြန့်ကားလာနေသည်။

ကျုံးရှန်သည် တိုးဝင်လာသောအလင်းလုံးကို အနည်းငယ်မျှပင်ကြောက်လန့်မှု မရှိချေ။ ထိုအလင်းလုံးကို ကြည့်နေသည့် သူ၏ မျက်ဝန်းများအတွင်း၌ ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

''ဒါက ကမ္ဘာဦး ဖန်တီးခြင်း မဟာပေါက်ကွဲမှုပဲ''

''ပျက်စီးခြင်းကနေ အသစ်ပြန်လည် မွေးဖွားလာခြင်းဖြစ်တဲ့ အထူးဆန်းဆုံး လျှို့ဝှက်နည်းစနစ်ပဲ"

ကျုံးရှန်သည် သူ့ဆီသို့တိုးဝင်လာသည့် အလင်းစက်လုံးကို ရှောင်တိမ်းခြင်းမရှိသည့်အပြင် ပါးစပ်ကို ဟကာ ဗိုက်ထဲသို့ မြိုချပစ်လိုက်သည်။

ထိုအခါ သူ၏ ဝမ်းဗိုက်သည် သိသာထင်ရှားစွာ ဖောင်းကားလာပြီး ဆယ်လခန့် ကိုယ်ဝန်ဆောင်ထားသကဲ့သို့ ဖြစ်သွားသည်။

"ဒီငရဲပုံရိပ်ယောင်စက်လုံးမှာ ပါဝင်တဲ့ ကမ္ဘာဦးဖန်တီးခြင်းစွမ်းအားတွေ ပေါက်ကွဲသွားရင် ဒီကမ္ဘာရဲ့ ဟင်းလင်းပြင်တစ်ခုလုံးပြိုလဲသွားလိမ့်မယ်..."

"မင်းက ထူးခြားတယ်ဆိုပေမဲ့ အဲဒါကို မျိုချလိုက်တာကတော့ ကိုယ့်သေတွင်းကိုယ် တူးတာပဲ"

ဟွာထျန်းသည် အေးစက်သော အမူအရာသို့ပြန်လည်ပြောင်းလဲသွားလေသည်။ သူ၏ အမြင်တွင် ကျုံးရှန်သည် သေလူတစ်ယောက်နှင့် မခြားတော့ချေ။ မဟာပေါက်ကွဲမှုကို မြိုချခြင်းသည် သေခြင်းတရားကိုဖိတ်ခေါ်ခြင်းသာဖြစ်၏။

အပိုင်း (၃၄၂)

ကျုံးရှန်၏ ဝမ်းဗိုက်သည် ပိုမို ဖောင်းကားလာပြီး နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားကာ အဆုံးမဲ့ အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ဟွာထျန်းပင်လျှင် ထိုစွမ်းအားကိုအလျင်အမြန် ရှောင်တိမ်းလိုက်ရလေသည်။ သို့သော် ထိုအလင်းတန်းသည် တစ်စက္ကန့်မျှသာ လွှမ်းခြုံသွားခြင်း ဖြစ်သည်။

ထို့နောက်တွင်မူ အချိန်ကိုနောက်ပြန်လှည့်သကဲ့သို့ အလင်းစက်တစ်ခုအဖြစ်စုစည်းသွားသည်။ ကျုံးရှန်၏ ခန္ဓာကိုယ်သည် နဂိုအတိုင်း ပြန်လည်ဖြစ်တည်လာပြီး အလင်းစက်ကိုမြင်လျှင် ဖမ်းဆုပ်လိုက်ကာ တိုက်ရိုက် ဝါးမြိုပစ်လိုက်သည်။

မသေမျိုး…

မပျက်စီးနိုင်သော ထာဝရဖြစ်တည်မှု။

ဟွာထျန်းတစ်ယောက် အံ့အားသင့်သွားလေသည်။ သူ၏ရှေ့မှောက်ရှိ လောက၏ ဖောက်ပြန်သော ဖြစ်တည်မှုသည် မသေမျိုး၊ မပျက်စီးနိုင်သော ထာဝရဖြစ်တည်မှု၏သဘောတရားနိယာမကိုနားလည်သွား ခြင်းဖြစ်သည်။ ထိုမသေမျိုး ထာဝရဖြစ်တည်မှုသဘောတရားသည် အဆုံးမဲ့ကမ္ဘာကြီး၌ပင် အမြင့်ဆုံး အဆင့်အတန်းတွင်ရှိစွမ်းအား ဖြစ်သည်။

သူသည် ထိုစွမ်းအား၏ အရိပ်အယောင်အချို့ကို နားလည်သဘောပေါက်သွားခြင်းသာဖြစ်သော်လည်း လောကအတွင်းရှိ မည်သူမျှ သူ့ကို လုံးဝ သတ်ဖြတ်နိုင်တော့မည် မဟုတ်ချေ။

ကျုံးရှန်၏ မျက်နှာပေါ်မှ အပြုံးသည် ပိုမို ကျယ်ပြန့်လာ၏။

"ထာရတည်ရှိမှုဖြစ်တဲ့ မသေမျိုး စွမ်းအားက တကယ်ကို ဆန်းကြယ်လွန်းတယ်"

"တကယ်လို့ အပြည့်အဝ နားလည်ကျွမ်းကျင်သွားရင်...ဘယ်သူမှတားဆီးလို့မရတဲ့ ပြိုင်ဘက်ကင်း စွမ်းအားမျိုး ဖြစ်လာမှာပဲ"

အမှန်စင်စစ်တွင် ကျုံးရှန်သည် ဝါးမြိုခြင်းဆိုင်ရာ အထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်အတွင်း၌ သူ၏မူလခန္ဓာပျက်စီးပျောက်ကွယ်သွားချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများအားလုံးကို ပေါင်းစပ်ကာ ကောင်းကင်တာအိုခန္ဓာကို ပြန်လည်တည်ဆောက်ခဲ့သည်။ ထိုအချိန်ကတည်းကပင် ထာဝရဖြစ်တည်ခြင်းစွမ်းအား၏ အရိပ်အယောင်အချို့ကို ထိတွေ့ခဲ့ခြင်း ဖြစ်ကာ မပျက်စီးနိုင်သော ထာဝရဖြစ်တည်မှု၏စွမ်းအားအနည်းငယ်ကို သူ၏ မူလဇစ်မြစ်အတွင်း၌ ဖိနှိပ်ထားခဲ့သည်။ သို့ဖြစ်ရာ မဟာကမ္ဘာ၏ စွမ်းအားအဆင့်အတန်းဖြင့် ကျုံးရှန်ကို ချေမှုန်းရန်သည် မဖြစ်နိုင်တော့ချေ။

"သတ္တဝါအပေါင်းတို့၏ စိတ်ဆန္ဒပေါင်းစည်းခြင်း...ခပ်သိမ်းသောသက်ရှိတို့၏ နှလုံးသား"

ကျုံးရှန်၏ ပြန်လည် တိုက်ခိုက်မှု ရောက်ရှိလာလေသည်။

သူသည် သတ္တဝါအပေါင်းတို့၏ စိတ်ဆန္ဒများကို ထပ်မံ စုစည်းလိုက်ခြင်းဖြစ်သည်။ ထိုစိတ်ဆန္ဒများသည် ရှုပ်ထွေးနေကာ သန့်စင်မှု မရှိသဖြင့် ကောင်းကင်တာအိုပင်လျှင် တွက်ချက်၍ မရနိုင်ချေ။ သက်ရှိခပ်သိမ်း၏စိတ်ဆန္ဒအားလုံးသည် ကျုံးရှန်၏ လက်ထဲတွင် နှလုံးသားတစ်ခုအဖြစ် ပေါင်းစည်းသွားကာ ပထမတွင် အရောင်အသွေး အမျိုးမျိုးဖြင့် စွန်းထင်းနေသော်လည်း တဖြည်းဖြည်းနှင့် ကြက်သွေးနီရောင်သို့ပြောင်းလဲလာသည်။

နှလုံးသားတစ်ခုလုံး ကြက်သွေးနီရောင်အဖြစ်ပြောင်းလဲသွားလျှင် အသက်ရှင်နေသောလူသားတစ်ဦး၏နှလုံးတစ်ခုကဲ့သို့ ပြင်းထန်စွာ ခုန်လှုပ်လာသည်။ ခပ်သိမ်းသောသက်ရှိတို့၏နှလုံးသား။

ကျုံးရှန်သည် ထိုနှလုံးသားကို ကိုင်ဆောင်ကာ ရှေ့သို့ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဟွာထျန်း၏ ရင်ဘတ်ရှေ့၌ ကြက်သွေးနီရောင်အလင်းဖြင့် တောက်ပနေသော နှလုံးသားတစ်ခု ပေါ်လာကာ သူ၏ ရင်ဘတ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။ ဟွာထျန်း၏ ရင်ဘတ်နှင့် ထိတွေ့သွားသောခဏ၌ပင် အတွင်းသို့ စိမ့်ဝင် ပေါင်းစည်းသွားခြင်းဖြစ်သည်။

အနှီနှလုံးသားသည် နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အခြေခံအကျဆုံး အနှစ်သာရ ဖြစ်ပြီး အရာအားလုံးကို စိတ်ဆန္ဒအတိုင်း ပြုလုပ်နိုင်ကာ ပြင်ပအရာဝတ္ထုများအပေါ် မှီခိုခြင်းမရှိဘဲ ရပ်တည်နိုင်သည်။ နဂါးမဲ့နှလုံးသားကျင့်စဥ်၏ အခြေခံအနှစ်သာရ တစ်ဖြစ်လည်း သန့်စင်သော စိတ်နှလုံး စွမ်းအားသက်သက်ဖြင့်ဖွဲ့စည်းပြုလုပ်ထားသောအရာဖြစ်၏။

"အဟွတ်..."

ဟွာထျန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားကာ မိမိ၏ ရင်ဘတ်ကို ဖိလျက် ချောင်းတစ်ချက်ဆိုးလိုက်သည်။ အရာခပ်သိမ်းသောသက်ရှိတို့၏နှလုံးသား သူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ပေါင်းစည်းသွားပြီးနောက်တွင် သူ၏ တည်ရှိမှုတစ်ခုလုံး၌အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာသည်။ ဟွာထျန်း၏ခန္ဓာကိုယ်သည် အရာခပ်သိမ်းသောသက်ရှိတို့၏နှလုံးသားနှင့် လိုက်လျောညီထွေဖြစ်အောင် စတင် ပြောင်းလဲလာခြင်းဖြစ်သည်။

"ဒုတ်... ဒုတ်... ဒုတ်..."

ထိုနှလုံးသားသည် အင်အားအပြည့်ဖြင့် ခုန်လှုပ်နေသော်လည်း ဟွာထျန်း၏ ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ရီနေသည်။

"ဝုန်း"

ဤနှလုံးသားသည် ဟွာထျန်းအတွက်မူ သူ၏ မူလဇစ်မြစ်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော စွမ်းအားတစ်ခု ဖြစ်သဖြင့် သူ့ကို အလွန်အမင်း နာကျင်စေသည်။ ကောင်းကင်တာအိုသည် သက်ရှိတို့၏ နှလုံးသားနှင့် တစ်ထပ်တည်းကျရန် လုံးဝ မဖြစ်နိုင်ချေ။ ကောင်းကင်တာအိုသည် အမြင့်ဆုံးနေရာတွင် ရှိနေကာ လောကတစ်ခု၏ ထိပ်တန်းအကျဆုံး ဖြစ်တည်မှု၊ အရာအားလုံးကို ကြီးကြပ်အုပ်စိုးသော ဖြစ်တည်မှု ဖြစ်သည်။

ယင်းသည်ပြီးပြည့်စုံသော ဟန်ချက်ညီမှု စည်းမျဉ်းနိယာမနှင့် အညာအတာကင်းမဲ့မှုတို့ကို ကိုယ်စားပြုလေသည်။ သို့သော် သက်ရှိတို့သည်ကား နိမ့်ကျသော အခြေအနေမှ စတင်ကာ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အထက်သို့ အစဉ်တစိုက် တိုးတက်လိုသော စိတ်ဆန္ဒကို ကိုယ်စားပြုကြသည်။ ထို့အပြင် လူသားတို့၏ စိတ်နှလုံးတွင် ရှုပ်ထွေးလှသော ခံစားချက်ပေါင်းစုံ ရောယှက်နေပြီး ထိုသို့သော လူသားဆန်မှုကြောင့် အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေများကို ပိုင်ဆိုင်ထားသည်။

"ဟမ့်... စည်းမျဉ်းနိယာမကသာ ထာဝရတည်မြဲတာ"

"လူသားတွေရဲ့ စိတ်နှလုံးထဲမှာ ယိုယွင်းပျက်စီးမှုတွေ အရမ်းများတယ်"

"လောဘ... ကျေးဇူးတရား မသိမှု... အကန့်အသတ်မဲ့ ရယူလိုမှု..."

"ဒါတွေက လူသားတွေရဲ့ နှလုံးသားပဲ... ဒါတွေက သက်ရှိတို့ရဲ့ နှလုံးသားပဲ... ငါ ဒါကို အလိုမရှိဘူး"

ဟွာထျန်းတစ်ယောက် ဒေါသတကြီး အော်ဟစ်သောအခါ ငရဲငယ်တစ်ခုလုံး တုန်ခါသွားသည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အပြင်ဘက်ရှိ ကိုးထပ်ငရဲကုန်းမြေတိုက်၌ပင် ပြင်းထန်သော မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်လာသည်။ ထိုသည်ကား ကောင်းကင်တာအို၏ ဒေါသကို ဖော်ပြနေခြင်းဖြစ်သည်။ ထို့နောက်တွင် ဟွာထျန်းသည် မိမိ၏ ရင်ဘတ်အတွင်းသို့ အရှိန်ဖြင့်ထိုးသွင်းကာ သွေးကြောများပင် ယှက်နွယ်နေပြီဖြစ်သည့် အရာခပ်သိမ်းသောသက်ရှိတို့၏နှလုံးသားကို အတင်းအဓမ္မ ဆွဲထုတ်လိုက်သည်။

ကြက်သွေးနီရောင်တောက်ပနေသော ခုန်လှုပ်နေသည့်နှလုံးသားသည် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရ၏။ ဟွာထျန်း၏ ရင်ဘတ်တွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်လာသော်လည်း သူ၏မျက်နှာအမူအရာသည် ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားကာ နာကျင်မှု မရှိတော့ချေ။ ရင်ဘတ်ရှိအပေါက်မှ ပေးစွမ်းသော နာကျင်မှုသည် အရာခပ်သိမ်းသောသက်ရှိတို့၏နှလုံးသား ပေးစွမ်းသော နာကျင်မှု၏ တစ်သောင်းပုံ တစ်ပုံမျှပင် မရှိသောကြောင့်ဖြစ်သည်။

"နှမြောစရာပဲ... နှမြောစရာပဲ"

ကျုံးရှန်သည် သက်ပြင်းချလိုက်ကာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"အရာခပ်သိမ်းသောသက်ရှိတို့ရဲ့ နှလုံးသားက ငါ့ကို လုံးဝ မပြောင်းလဲနိုင်ခဲ့တာ....တကယ်ကို နှမြောစရာပါပဲ..."

"တကယ်လို့သာ အောင်မြင်သွားခဲ့ရင် ငါက ကောင်းကင်တာအိုရဲ့မူလဇစ်မြစ်အတွင်းမှာ မင်း စိုက်ပျိုးလိုက်တဲ့ မျိုးစေ့တစ်စေ့ ဖြစ်လာမှာပဲ"

"အဲ့အချိန်ကျရင် ငါကကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်လာပြီး အနာဂတ်မှာ ကောင်းကင်တာအိုကို ဖျက်ဆီးပစ်နိုင်မှာပေါ့"

ဟွာထျန်းသည် ရုတ်တရက် ပြောလာသည်။ ထို့နောက် သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်သောအခါ ရင်ဘတ်ရှိ ကြီးမားသော ဒဏ်ရာကြီးသည် လုံးဝ ပျောက်ကင်းသွား၏။

"မဟုတ်ဘူး... မဟုတ်ဘူး"

ကျုံးရှန်သည် ဟွာထျန်း၏ စကားကို ကြားသောအခါ ခေါင်းခါလိုက်သည်။

"ငါက မင်းကို ငါ့လက်အောက်ခံဖြစ်လာအောင် ပြောင်းလဲပစ်ချင်တာ မဟုတ်ဘူး... မင်းကို ကယ်တင်ချင်တာ"

"ကောင်းကင်တာအို တစ်ခုအနေနဲ့ မင်းက လောကတစ်ခုရဲ့ ပြီးပြည့်စုံတဲ့ စည်းမျဉ်းကို ကိုယ်စားပြုတယ်...ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒါက မင်းကိုချုပ်နှောင်ထားတဲ့ ထိပ်တုံးတစ်ခုပဲ"

"ဒါကြောင့် ကောင်းကင်တာအိုက နှစ်ပေါင်း သန်းချီကြာတဲ့အထိ မပြောင်းမလဲဘဲတည်ရှိနေတာပေါ့"

"မင်းက မင်းရဲ့တိုးတက်ရာလမ်းကြောင်း ပိတ်ပင်ခံထားရပြီး...ငါတို့သက်ရှိသတ္တဝါတွေလို အဆက်မပြတ် တိုးတက်နိုင်တဲ့ အခွင့်အရေးရှိမနေတာ အဲ့ဒါကြောင့်ပဲ"

ကျုံးရှန်သည် ရှေ့သို့ ဖြည်းညင်းစွာ လှမ်းလာပြီး ဟွာထျန်း ဖယ်ထုတ်လိုက်သည့် အရာခပ်သိမ်းသောသက်ရှိတို့၏နှလုံးသားကို ကောက်ယူလိုက်သည်။ ထိုနှလုံးသားသည် ဟွာထျန်း၏ ခန္ဓာကိုယ်ထဲမှ အလျင်အမြန် ဆွဲထုတ်ခံလိုက်ရသော်လည်း ကောင်းကင်တာအို၏ စွမ်းအင်အချို့ကို စုပ်ယူနိုင်ခဲ့သဖြင့် ထူးခြားသော အပြောင်းအလဲအချို့ ဖြစ်ပေါ်နေလေသည်။ သူသည် နှလုံးသားကို မိုးပေါ်သို့ ပစ်တင်လိုက်သောအခါ အရာခပ်သိမ်းသောသက်ရှိတို့၏နှလုံးသားသည် လေထဲတွင်အဆက်မပြတ် လည်ပတ်နေကာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် လူသားတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသူသည် ဟွာထျန်းနှင့် တစ်ပုံစံတည်း တူညီနေသော်လည်း ဟွာထျန်းထက် ပိုမို၍ သွက်လက်တက်ကြွသော အသွင်ရှိသည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ စွမ်းအားနှင့် ကောင်းကင်တာအို၏ စွမ်းအားတို့ ပေါင်းစပ်ရာမှဖြစ် ပေါ်လာသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ ထိုသူသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ဟွာထျန်းကို စိုက်ကြည့်နေပြီး မျက်လုံးများ မခွာတော့ချေ။

ဟွာထျန်းသည် အရာခပ်သိမ်းသောသက်ရှိတို့၏နှလုံးသားမှ ပြောင်းလဲသွားသော ထိုသူကို ကြည့်ကာ ပို၍ တည်ငြိမ်လေးနက်လာသည်။ ယခုအခြေအနေသည် ဟွာထျန်းအတွက်ကောင်းမွန်ခြင်းမရှိချေ။ တစ်ဖက်လူသည် ကောင်းကင်တာအိုကို ခြိမ်းခြောက်နိုင်သော အခြေခံအကျဆုံး အရာအချို့ကို နားလည်သဘောပေါက်သွားပြီဖြစ်သည်။

သက်ရှိသတ္တဝါများ၏ စိတ်ဆန္ဒနှင့် ကောင်းကင်တာအို၏ အနှစ်သာရကို ပေါင်းစပ်ကာ၀ ဖြစ်တည်မှုအသစ်တစ်ခုဖန်တီးခြင်း။

ကြောက်စရာအကောင်းဆုံးအချက်မှာ သူ၏ ရှေ့မှောက်ရှိ လောက၏ ဖောက်ပြန်သော ဖြစ်တည်မှုသည် နဂါးမဲ့နှလုံးသားကျင့်စဉ်ကို အသုံးပြုကာ ထာဝရဖြစ်တည်ခြင်း လမ်းစဉ်၏ အရိပ်အယောင်အချို့ကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ ကျုံးရှန်နားလည်သွားသည့် ထာဝရဖြစ်တည်ခြင်း တစ်နည်း မသေမျိုးလမ်းစဉ် သည် ထာဝရဖြစ်တည်ခြင်းလမ်းစဉ်၏ ပထမအဆင့်မှအရိပ်အမြွက်အနည်းငယ် သာ ဖြစ်သော်လည်း ပိုမိုမြင့်မားသည့် မသေမျိုး၊ ထာဝရဖြစ်တည်မှု၏ အနှစ်သာရကို ထိတွေ့သိမြင်နိုင်ရန် လုံလောက်နေလေသည်။ အကယ်၍သာ ငရဲမဟာကမ္ဘာ၏ကောင်းကင်တာအိုသည် မူလခန္ဓာ ဖြင့်ရောက်ရှိလာပါက အနှီလောက၏ ဖောက်ပြန်သော ဖြစ်တည်မှုကို ဖိနှိပ်နိုင်ရန် ရာနှုန်းပြည့် ယုံကြည်ချက် ရှိပေသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ကောင်းကင်တာအိုမူလခန္ဓာသည် အပြည့်အဝ ထွက်ပေါ်လာနိုင်ခြင်း မရှိချေ။ ကောင်းကင်တာအို၏ မူလခန္ဓာကိုယ်သာထွက်ပေါ်လာပါက မဟာကမ္ဘာကြီးတစ်ခုလုံးတွင် အလွန် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်ကာ သက်ရှိသတ္တဝါများကို သေကြေပျက်စီးစေနိုင်သောကြောင့်ဖြစ်သည်။ ကောင်းကင်တာအိုသည် သက်ရှိများကို လွတ်မြောက်ခွင့် မပေးသော်လည်း အကြောင်းမဲ့ ပျက်စီးသွားစေရန်လည်း ခွင့်မပြုနိုင်ပေ။

ကောင်းကင်တာအိုသည် ခန္ဓာကိုယ်ကြီး တစ်ခု ဖြစ်ပါက သက်ရှိများသည် ယင်းအတွင်းရှိ ဆဲလ်များ ဖြစ်ကြသည်။ ဆဲလ်များသည် အလွန်အမင်း ကြီးထွားလာကာ တစ်ကိုယ်လုံး၏ စွမ်းအားကို အဆုံးအစမရှိ စုပ်ယူနေပါက ယင်းသည် ကင်ဆာအကျိတ်ကဲ့သို့ပင် ဖြစ်လာသဖြင့် ဖျက်ဆီးပစ်ရန် ဘေးဒုက္ခများ လိုအပ်လာသည်။ ဆဲလ်အားလုံး ညီတူညီမျှ ဖွံ့ဖြိုးပြီး သေဆုံးသွားသော ဆဲလ်များက မူလခန္ဓာသို့ စွမ်းအားများ ပြန်လည်ပေးဆပ်ခြင်းသာလျှင် ကောင်းကင်တာအို၏ စစ်မှန်သောရှင်သန်ခြင်းလမ်းစဉ်ဖြစ်သည်။

သို့မဟုတ်ပါက အသက်ရှင်နေသော ဆဲလ်များသည် ကောင်းကင်တာအိုတစ်ခုလုံးကို ဟန်ချက်ညီစေရန်အတွက် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသဘောတရားများသည် ဟွာထျန်းနားလည်ထားသည့် ကောင်းကင်တာအိုလမ်းစဉ်ဖြစ်၏။ သို့ဖြစ်ရာ ဟွာထျန်း၏လမ်းစဉ်သည် ကျုံးရှန်၏ ခပ်သိမ်းသောသက်ရှိတို့၏ ပေါင်းစည်းခြင်းတာအိုလမ်းစဉ်နှင့် အလွန်ကွဲပြားနေကာ နားလည်ရန် လွန်စွာခက်ခဲနေလေသည်။

All Chapters