← Chapters

အခန်း (၃၄၃-၃၄၄)

Vol. 35 Ch. 343-344

အခန်း (၃၄၃-၃၄၄)

Vol. 35 Ch. 343-344

အပိုင်း (၃၄၃)

သို့သော် ကျုံးရှန်ပြောသည့်စကားများသည်လည်း မှားယွင်းခြင်းမရှိချေ။ ကောင်းကင်တာအိုမူလခန္ဓာ အစွမ်းကုန် ထိန်းသိမ်းထားသော ဟန်ချက်ညီမှုဆိုသည်မှာ မိမိကိုယ်ကို ပြန်လည် ချုပ်နှောင်ထားခြင်းသာ ဖြစ်သည်။ ယင်းချုပ်နှောင်မှုသည် မပျက်စီးနိုင်သော ထာဝရဖြစ်တည်မှုအဖြစ် ရှင်သန်နိုင်သည့်အခွင့်အရေးကို ပေးစွမ်းသော်လည်း ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးစေခဲ့သည်။

မဟာကမ္ဘာ၏ကောင်းကင်တာအို၏ အထက်တွင် အဆုံးမဲ့ ကမ္ဘာ၏ကောင်းကင်တာအို ရှိနေသေးကာ အဆုံးမဲ့၏ အထက်တွင် မည်မျှပို၍မြင့်မား သောဖြစ်တည်မှုများရှိနိုင်မည်နည်း။

အထက်သို့ ဆက်လက် ကြိုးစားရှာဖွေရန် ရပ်တန့်လိုက်သူသည် ရေတွင်းထဲမှ ဖားသူငယ်ကဲ့သို့ အပြင်ဘက် လောကကို တစ်သက်လုံး မြင်တွေ့နိုင်မည် မဟုတ်ချေ။သို့သော် ကြိုးစားအားထုတ်ခြင်းသည်လည်း အန္တရာယ်နှင့် ယှဉ်တွဲနေတတ်လေသည်။ ဥပမာအားဖြင့် အစွမ်းထက်ဆုံးသူ တစ်ယောက် ဖြစ်လာရန်အတွက် ကျုံးရှန်၏ အကြီးမားဆုံးသော ရန်သူမှာ ကောင်းကင်တာအို ဖြစ်သည်။

သူ့အတွက်ကောင်းကင်တာအိုကို ကျော်လွှားနိုင်မှသာလျှင် ပိုမို မြင့်မားသော နေရာသို့ တက်လှမ်းနိုင်မည် ဖြစ်၏။

"ကြည့်ရတာ... ငါတို့ရဲ့ ခံယူချက်တွေက ညှိနှိုင်းလို့ မရတော့ဘူးပဲ... ဒါဆိုရင်လည်း မင်း စိတ်အေးအေးထားပြီး သေလိုက်တော့"

"မင်းရဲ့ ဒီကိုယ်ပွားလေးမှာ ရှိတဲ့ စွမ်းအင်အားလုံးက သက်ရှိသတ္တဝါတွေနဲ့ ကောင်းကင်တာအို ပေါင်းစပ်ထားတဲ့ ဖြစ်တည်မှုအတွက် အာဟာရ ဖြစ်လာလိမ့်မယ်"

ကျုံးရှန်၏ အသံသည် တည်ငြိမ်နေသော်လည်း ဟွာထျန်းသည် ထိုအထဲမှ အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များကို ခံစားနေရသည်။

"ကောင်းကင်ကို အနိုင်ယူတဲ့ တာအိုလမ်းစဉ်ဆိုတာ ဘာလဲဆိုတာ ငါ မင်းကို ပြမယ်"

ကျုံးရှန်၏ စကားသံသည် နတ်စောင်းသံကဲ့သို့ ဟွာထျန်း၏ နားတွင် ပဲ့တင်ထပ်သွားသည်။

ထို့နောက်ရုတ်တရက် သူ၏ မျက်ဝန်းအစုံမှ တောက်ပသော အလင်းတန်း နှစ်ခု ပစ်ထွက်လာသည်။ ထိုအလင်းတန်းများသည် အမည်းရောင်နှင့် အဖြူရောင် ရှိကာ တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး သက်ရှိအပေါင်း၏ အော်ဟစ်ကြံဝါးသံများနှင့် သက်ရှိသတ္တဝါများ၏ စိတ်ဆန္ဒများ စုစည်းပါဝင် နေသည်။ ခမ်းနားကြီးကြယ်လှသောကောင်းကင်တာအို၏ စိတ်ဆန္ဒပင်လျှင် ထိုအလင်းတန်းများနှင့် နှိုင်းယှဉ်ပါက သေးငယ်သွားသကဲ့သို့ ခံစားရစေလေသည်။

ကျုံးရှန်သည် ယခုအခါ သူ၏ စိတ်နှလုံးအတွင်းမှ များပြားလှသော စွမ်းအားများကို ထုတ်ယူသုံးစွဲနိုင်ပြီ ဖြစ်သည်။ စွမ်းအားဟူသမျှသည် အကန့်အသတ်ဖြင့်သာ ထုတ်ယူသုံးစွဲနိုင်ခြင်းဖြစ်သည်။ ထိုစွမ်းအားအမျိုးအစားများထဲတွင် စိတ်နှလုံး၏ စွမ်းအား တစ်ခုတည်းသာလျှင် အဆုံးအစမရှိ အကန့်အသတ်မဲ့ ဖြစ်၏။

သို့သော်လည်း လူအများစုသည် ယင်းစွမ်းအားကို ဖော်ထုတ်နိုင်စွမ်း မရှိကြသကဲ့သို့ မည်ကဲ့သို့အသုံးပြုရမည်ကိုလည်း သိရှိခြင်းမရှိကြချေ။ ကျုံးရှန်သည် ထိုစွမ်းအင်ကိုအသုံးပြုရန်အတွက် နည်းစနစ်အချို့ကို နားလည်သဘောပေါက်ထားကာ ယခုပစ်လွတ်လိုက်သော အလင်းတန်း နှစ်ခုသည် သူ၏ စိတ်နှလုံးစွမ်းအားကို ကိုယ်စားပြုလေသည်။ ဟွာထျန်းသည် မိမိဆီသို့တိုးဝင်လာနေသည့် အလင်းတန်း နှစ်ခုကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လျှင် သူ၏လက်အတွင်း၌အမည်းရောင် မိုးကြိုး များထွက်ပေါ်လာသည်။

ထိုမိုးကြိုးများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အတားအဆီးများကို ဖောက်ထွင်း၍ ဆဋ္ဌမအထပ်တစ်ထောင် ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်လာသည့် မိုးကြိုးများဖြစ်သည်။

ငရဲမိုးကြိုး…

ငရဲပြည်ရှိ ကြောက်စရာအကောင်းဆုံးသော မိုးကြိုး ဖြစ်ကာ အရာခပ်သိမ်းကို ဖျက်ဆီး ချေမှုန်းပစ်နိုင်ပြီး မဟာကမ္ဘာ၏ အတားအဆီးကိုပင် ပေါက်ထွက်သွားစေနိုင်သော စွမ်းအား ရှိလေသည်။ ငရဲမိုးကြိုးတစ်ခုချင်းစီသည် အလယ်အလတ်ကမ္ဘာ တစ်ခုစာမျှရှိသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထျန်းယွမ်အဆင့် အောက်၌ရှိသည့် မဟာကမ္ဘာ၏ စွမ်းအားကို နားလည်သဘောပေါက်ပိုင်ဆိုင်ထားခြင်းမရှိသူများအနေဖြင့် ယင်းငရဲမိုးကြိုးများကိုတားဆီးနိုင်မည် မဟုတ်ချေ။

ဟွာထျန်းသည် လက်နှစ်ဖက်ကို ခါယမ်းကာ ငရဲမိုးကြိုးများကို ကျုံးရှန်ရှိရာသို့အားကုန် လွှဲပေါက်လိုက်သည်။ ထိုအရာအားလုံးသည် လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ငရဲမိုးကြိုးနှင့် စိတ်နှလုံးအလင်းတန်းတို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ငရဲကမ္ဘာငယ်၏ကောင်းကင်ကြီးတစ်ခုလုံးလင်းထိန်သွားကာ ရုတ်တရက် မှောင်မိုက်သွားပြန်သည်။ အချိန်၊ ဟင်းလင်းပြင်နှင့် အတိုင်းအတာများ အားလုံး ပျောက်ဆုံးသွားပြီး ဆဌမအထပ်တစ်ထောင်ကမ္ဘာဖြစ်သည့်ငရဲငယ်တစ်ခုလုံး သန့်စင်ခြင်းခံလိုက်ရသကဲ့သို့ အရာအားလုံး ဗလာနတ္ထိ အခြေအနေသို့ ရောက်ရှိသွားကာ ကမ္ဘာဦး မူလအစသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်သည်။ ထိုဗလာနယ်မြေ၏ ဟင်းလင်းပြင်သည် ရုတ်တရက် လှုပ်ခတ်လာကာ လူရိပ် နှစ်ခု ထွက်ပေါ်လာသည်။

ပထမဆုံးထွက်ပေါ်လာသူသည် ကျုံးရှန် ဖြစ်ပြီး ဒုတိယထွက်ပေါ်လာသူသည် အရာခပ်သိမ်းသောသက်ရှိတို့၏နှလုံးသားနှင့် ကောင်းကင်တာအို၏ အနှစ်သာရတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်သော ဟွာထျန်း အသစ် ဖြစ်သည်။ ဟွာထျန်း အဟောင်းသည် ပျောက်ကွယ်သွားပြီ ဖြစ်ကာ သူရှိခဲ့သော နေရာတွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသော စွမ်းအင်လုံးတစ်ခုသာ လွင့်မျောကျန်ရစ်ခဲ့သည်။ ကျုံးရှန်သည် လက်ကို ဆန့်ထုတ်ကာ ထိုစွမ်းအင်လုံးကို လှမ်းယူလိုက်သည်။

ထို စွမ်းအင်အနှစ်သာရလုံးသည် ဟွာထျန်း တစ်နည်းအားဖြင့် ကောင်းကင်တာအိုကိုယ်ပွား ပျက်စီးသွားပြီးနောက် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။ ကျုံးရှန်သည် အနည်းငယ်မျှ အာရုံခံကြည့်လိုက်ရုံဖြင့် ထိုအရာသည် သာမန်မဟုတ်ဘဲ ယင်းအတွင်း၌ ငရဲမဟာကမ္ဘာ တစ်ခုလုံးရှိ စွမ်းအားအနှစ်သာရ၏ တစ်ထောင်ပုံ တစ်ပုံ ပါဝင်နေသည်ကို အံ့ဩဖွယ် တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် သူသည် ထိုစွမ်းအင်လုံးကို ဟွာထျန်းအသစ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်ပေးလိုက်လေသည်။

"သခင်"

"အခုကစပြီး မင်းက ငရဲပြည် ကောင်းကင်တာအိုထဲကို ငါ ရိုက်သွင်းလိုက်တဲ့ သံမှိုတစ်ချောင်းဖြစ်လာလိမ့်မယ်"

"ငါ မင်းကို နာမည်တစ်ခု ပေးမယ်... မင်းနာမည်က ကျုံးဟွာပဲ"

ကျုံးရှန်သည် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ နာမည်တစ်ခု ပေးလိုက်သည်။

သူသည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ အထက်ဟင်းလင်းပြင်သို့ တစ်ချက်ထိုးလိုက်လျှင် အံ့ဩစရာကောင်းစွာပင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် မှအပြင်သို့ထွက်နိုင်မည့် ယာယီလမ်းကြောင်းတစ်ခု ပွင့်လာသည်။ ကျုံးရှန်သည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ကျုံးဟွာကို အပြင်လောကသို့ ပို့လွှတ်လိုက်သည်။ ထို့နောက်တွင် ဟင်းလင်းပြင်လမ်းကြောင်းသည် ချက်ချင်း ပြန် ပိတ်သွားသည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်က အလိုလျောက် ပြန်လည် ပြုပြင်လိုက်ခြင်းဖြစ်သည်။ ငရဲမဟာကမ္ဘာ၏ ကိုယ်ပွားဖြစ်သည့် ဟွာထျန်းနှင့်တိုက်ပွဲကြောင့် ကျုံးရှန်၏ ကောင်းကင်ကို အနိုင်ယူခြင်း တာအိုလမ်းစဉ်သည် ပိုမို ပြည့်စုံလာကာ ယင်းတွင် ပါဝင်သော ကောင်းကင်တာအိုကို အနိုင်ယူနိုင်မည့် သဘောတရားသည်လည်း ပိုမို နက်ရှိုင်းလာသည်။ ယခုအချိန်တွင် ဆဋ္ဌမအထပ်တစ်ထောင် ဟင်းလင်းပြင်အတွင်းရှိ အရာအားလုံး လုံးဝ ရှင်းလင်းခံလိုက်ရပြီ ဖြစ်ကာ နောက်အလွှာသို့တက်လှမ်းမည့် နေရာကူးပြောင်းခြင်း တံခါးပေါက်သည်ပင် ပျောက်ကွယ်သွားသည်။ ကျုံးရှန်သည် နောက်ဆုံးအနေဖြင့် ဆဌမအထပ်တစ် ထောင်ကမ္ဘာတစ်ခုလုံးကိုတစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ လက်နှစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ အထက်အလွှာများသို့ဆက်လက်တက်လှမ်းခဲ့လေသည်။

မျှော်စင်၏ တက်ခြင်း စည်းမျဉ်းနိယာမများမှ ဖိအားသည် သူ့အပေါ်တွင် သက်ရောက်မှု မရှိသလောက် နည်းပါးသွားပြီ ဖြစ်သည်။ ကျုံးရှန်သည် မျှော်စင်အတွင်းရှိ မည်သည့် အတားအဆီးကိုမဆို စိတ်ကြိုက် ဖြတ်ကျော်ကာ ခြေတစ်လှမ်းတည်းဖြင့်ပင် ထိပ်ဆုံးသို့ တိုက်ရိုက် သွားနိုင်နေပြီဖြစ်သည်။ သို့သော် ကျုံးရှန် နားလည်ထားသည်မှာ အကယ်၍ သူသာ ထိုသို့လုပ်ဆောင်လိုက်ပါက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် သူ့ကို မျှော်စင်ထဲမှ နှင်ထုတ်ကာ ပျောက်ကွယ်သွားပေလိမ့်မည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စွမ်းအားဖြင့်သာ ထွက်ပြေးမည်ဆိုပါက ကျုံးရှန်အနေဖြင့် ယင်းကို ခြေရာခံနိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် တစ်ဆင့်ချင်းစီ တက်လှမ်းခြင်းကသာ အလုံခြုံဆုံး ဖြစ်၏။

……

ကျုံးရှန် ထွက်ခွာသွားပြီးနောက် ဗလာနတ္ထိ ဖြစ်သွားသော ဆဋ္ဌမအထပ်တစ်ထောင်ကမ္ဘာ၏ ဟင်းလင်းပြင်အတွင်း၌ လူရိပ်တစ်ခု ဖြည်းညင်းစွာ ထပ်မံ ပေါ်ထွက်လာသည်။ ထိုသူသည် ငရဲမဟာကမ္ဘာ၏ကိုယ်ပွား ဟွာထျန်းပင် ဖြစ်ကာ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။

"ငရဲပြည်ရဲ့အနှစ်သာရ စွမ်းအားကို မျိုချဖို့အဲဒီလောက် လွယ်မယ် ထင်နေလား"

"ငရဲပြည်ထဲမှာ ငါ့ကို အနိုင်ယူချင်တာက ရူးနှမ်းတဲ့ အိမ်မက်ပဲ"

"အဲဒီ ငရဲ မျိုးစေ့လေးက ငါ ချထားတဲ့ ငါးစာ ဖြစ်သွားပြီး... မကြာခင်မှာ ငါ့အတွက် အံ့ဩစရာတွေ ပေးလာလိမ့်မယ်လို့ ယုံကြည်တယ်"

ဟွာထျန်းသည် ကျုံးရှန်၏စွမ်းအားကြောင့်ပျောက်ကွယ်သွားခြင်း မရှိဘဲ ပရိယာယ်တစ်ခုကို အသုံးချခဲ့ခြင်းသာ ဖြစ်လေသည်။ နောက်တစ်စက္ကန့်တွင် ဟွာထျန်း၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းမှထွက်ခွာသွားသည်။ ထို့နောက်တွင်မူ သူသည် ငရဲပြည် ကောင်းကင်တာအို၏ မူလခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ပေါင်းစည်းသွားတော့၏။

အထက်သို့ တက်လှမ်းနေသော ကျုံးရှန်သည် မည်သည့်အရာကိုမျှ သတိထားမိပုံ မပေါ်ချေ။ သူ၏ ခြေလှမ်းများသည် အထက်သို့ လျင်မြန်စွာတက်လှမ်းနေဆဲဖြစ်သည်။ သို့သော် သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခုရှိနေသည်။

'ဟားဟားဟား... စိတ်ဝင်စားစရာပဲ' 'ကောင်းကင်တာအိုရဲ့ တွက်ချက်နိုင်စွမ်းက နံပါတ်တစ်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်'

'ဒါပေမဲ့ ငါက အဲ့ဒါကို ကြိုသိနေခဲ့တာ ကြာပြီ'

'အောင်နိုင်သူက ဘယ်သူလဲဆိုတာ အဆုံးသတ်ကျမှ သိရမှာပေါ့...'

ကျုံးရှန်သည် ပြုံးရွှင်စွာဖြင့် ဆက်လက် တက်လှမ်းနေသည်။ သူ၏ စိတ်ထဲရှိ အတွေးများကို သူ တစ်ယောက်တည်းသာ သိရှိလေသည်။

ကောင်းကင်တာအိုခန္ဓာကို ကျင့်ကြံအောင်မြင်ပြီးနောက်တွင် သူသည် ကံကြမ္မာ ကြောင်းကျိုးဆက်နွယ်မှုနှောင်ကြိုးများ အားလုံးကို ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။ သူ၏ အနာဂတ်ကို မည်သည့် ဖြစ်တည်မှုကမျှ လှုပ်ခတ်နိုင်ခြင်း သို့မဟုတ် ပြောင်းလဲနိုင်ခြင်း မရှိတော့ချေ။ ယင်းသည် စစ်မှန်သောလွတ်လပ်ခြင်းပင် ဖြစ်သည်။

ထို့အပြင် သူ၏ ကောင်းကင်ကို အနိုင်ယူခြင်း တာအိုလမ်းစဉ်လည်း ရှိနေသေးကာ ထိုလမ်းစဉ်သည် ပြီးပြည့်စုံသော စိတ်နှလုံး တာအိုလမ်းစဉ် ဖြစ်လေသည်။

စိတ်နှလုံးဆိုရာတွင် အကန့်အသတ်မဲ့ ဖြစ်နိုင် ချေများ ရှိနေသည်။ စိတ်နှလုံးသည် ကောင်းကင်ထက်ပင် ကြီးမားကာ မဟာကမ္ဘာ၏ ကောင်းကင်တာအိုပင်လျှင် သူ၏ အတွေး၊ ဖြစ်တည်မှုနှင့် အစီအစဉ်များကို တွက်ချက်နိုင်စွမ်း မရှိတော့ချေ။ ထိုသည်ကသာ သူ၏ အစစ်အမှန် ယုံကြည်ချက် ဖြစ်သည်။

သို့မဟုတ်ပါက အရာအားလုံးကို တွက်ချက်နိုင်သော ကောင်းကင်တာအိုကို မည်သို့မျှ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။ ကျုံးရှန်၏ လက်ရှိ အဆင့်တွင် စွမ်းအားချင်းယှဥ်ပြိုင်ခြင်းထက် ဉာဏ်ရည်ပိုင်းဆိုင်ရာယှဥ်ပြိုင်မှုသည် ပို၍ အရေးပါလေသည်။ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးသည်ပင် သူ၏ အစီအစဉ်များထဲတွင် ပါဝင်နေ၏။

……

တက်လှမ်းခြင်းမျှော်စင်အတွင်း။

ကျုံးရှန်သည် ခရီးတစ်ဝက်ကျော် ဖြတ်သန်းလာခဲ့ပြီး သတ္တမအထပ်တစ်ထောင် လှေကားထစ်များဆီသို့ ဆက်လက် တက်လှမ်းနေသည်။ ကောင်းကင်တာအိုတံဆိပ်တော်မှ ပြောင်းလဲလာသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် တက်လှမ်းခြင်း အဖိုးအိုနှင့် အတူရှိနေကာ တစ်ခုခုကို တိုင်ပင်ဆွေးနွေးနေသည်။

"ဒီကောင်လေးရဲ့ အနာဂတ်က အကန့်အသတ် မရှိဘူး"

"အဲဒီခေတ်က နဂါးမဲ့နတ်ဘုရားဘုရင်ကို ကျော်လွန်သွားနိုင်ခြေ တကယ် ရှိတယ်"

"သူ့ဆီမှာ အမြင့်ဆုံး ကံကြမ္မာတွေ စုစည်းနေတဲ့အတွက် ကောင်းကင်တာအိုကို ရင်ဆိုင်နိုင်တဲ့ ကြီးမားတဲ့ အခွင့်အရေးနဲ့ လျှို့ဝှက်ချက်တွေ ရှိနေမှာသေချာပေါက်ပဲ"

ကောင်းကင်တာအိုတံဆိပ်တော်သည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

သူ၏ဘေးရှိ တက်လှမ်းခြင်း အဖိုးအိုကမူ မည်သည့်စကားမျှ ပြန်လည်ဖြေကြားခြင်းမရှိချေ။ သူ၏ စိတ်သည် လေးလံနေခဲ့ကာ ယခင်က ရေးဆွဲထားသော အစီအစဉ်များအားလုံးသည် အတွေးထဲ၌ပင်ပျက်စီးသွားပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျုံးရှန်၏ စွမ်းအားသည် သူ၏ တွေးထင်ထားမှုထက် လုံးဝ သာလွန်နေသောကြောင့်ဖြစ်သည်။

ကျုံးရှန်သည် ဟွာထျန်းကို အလွယ်တကူ အနိုင်ယူသွားခဲ့သည်။ ဟွာထျန်းသည် ကောင်းကင်တာအို၏ စိတ်ဆန္ဒဖြစ်သဖြင့် ကျုံးရှန်ကို အနိုင်ယူရန်အတွက် အစီအစဉ်တစ်ခု ချထားခဲ့မည်ဟု သူ ယုံကြည်သော်လည်း ကျုံးရှန်သည် ကောင်းကင်တာအိုကို ခြိမ်းခြောက်နိုင်လောက်သည့် စွမ်းအားမျိုးကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

တက်လှမ်းခြင်းအဖိုးအိုသည်ကျုံးရှန်သာ မျှော်စင်ထိပ်သို့ ရောက်သွားပါက သူ့ကို နှင်ထုတ်ကာ မျှော်စင်၏ ထိန်းချုပ်မှုအခွင့်အာဏာကို ရယူရန် ကြံစည်ခဲ့သည်။သူ၏မူလအစီအစဉ်တွင် မျှော်စင်ကိုပြန်လည်ထိန်းချုပ်နိုင်ပါက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်နှင့်အတူ ပိုင်ရွှီနယ်မြေအကြားတွင် လှည့်လည်သွားလာကာ မျှော်စင်ကို တဖြည်းဖြည်း ပြုပြင်ပြီး စစ်မှန်သော လွတ်လပ်ခွင့်ကို ရယူရန် ရည်ရွယ်ထားသည်။

တက်လှမ်းခြင်း အဖိုးအိုသည် ထျန်းယွမ် အဆင့်ရှိ အင်အားကြီးသူ တစ်ယောက် ဖြစ်၏။ ထို့ကြောင့်ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ မူလအဆင့်အတန်းသည်လည်း အလွန် မြင့်မားကာ ပြုပြင်မှု ပြီးစီးသွားပါက မည်သည့် မဟာကမ္ဘာမျှ သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ဘဲ အဆုံးမဲ့ ကမ္ဘာကြီးထဲတွင်ပင်လျှင် ဘုရင်တစ်ပါးကဲ့သို့ စိုးစံနိုင်ပေလိမ့်မည်။ ထို့နောက်တွင် စစ်မှန်သော လွတ်မြောက်မှု၊ လွတ်လပ်မှု နှင့် ပျော်ရွှင်မှုကို ရရှိမည် ဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ထိုအစီအစဉ်များအားလုံး ပြောင်းလဲပစ်ရတော့မည် ဖြစ်သည်။ ကျုံးရှန်၏ စွမ်းအားသည် အလွန် ကြီးမားနေသဖြင့် ထိုအချိန်ရောက်လျှင် မုချဧကန် အပြောင်းအလဲများ ဖြစ်ပေါ်လာပေမည်။ သူကိုယ်တိုင်ပင်လျှင်ကျုံးရှန်ကို မနှင်ထုတ်နိုင်ဘဲ ကျုံးရှန်၏ သန့်စင်မှုကို ခံရမည့် အန္တရာယ် ရှိနေလေသည်။

ကျုံးရှန်တစ်ယောက် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကိုအပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် တက်လှမ်းခြင်း အဖိုးအို ပိုင်ဆိုင်ထားသည့် ထိန်းချုပ်မှုအာဏာကိုပြန်လည်သိမ်းယူရန်လည်း လိုအပ်သည်။ ထို့ထက်ပို၍ ကျုံးရှန်၏ စွမ်းအားသည် လုံလောက်စွာ အစွမ်းထက်မည်ဆိုပါက တက်လှမ်းခြင်း အဖိုးအိုကို တိုက်ရိုက် ဖိနှိပ် သန့်စင်ပြီး မျှော်စင်၏ မူလဝိညာဉ်အဖြစ် ပြောင်းလဲကာ တက်လှမ်းခြင်းမျှော်စင်၏ စွမ်းအားများကို ပြန်လည် ပြုပြင်ပေးနိုင်လေသည်။

ထိုသို့ဖြင့် ကျုံးရှန်သည် ခြေတစ်လှမ်းတည်းဖြင့်ပင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည်ဖြစ်ကာ တက်လှမ်းခြင်းမျှော်စင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပေလိမ့်မည်။

အပိုင်း (၃၄၄)

"ဘယ်လိုပဲဖြစ်ဖြစ်... အစီအစဉ်တွေ ပြောင်းလဲသွားတာတော့အမှန်ပဲ... ငါ တခြားထွက်ပေါက်တစ်ခုကို ရှာဖို့ လိုအပ်နေပြီ" တက်လှမ်းခြင်း အဖိုးအိုသည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

"ဟားဟားဟား"

ဘေးဘက်ရှိ ကောင်းကင်တာအိုတံဆိပ်တော်မှ ပြောင်းလဲလာသော အဝါရောင်ဝတ်ရုံနှင့် လူသည် လှောင်ပြောင်ရယ်မောလိုက်၏။

"အဖိုးကြီး အဖိုးကြီး... လောကရဲ့ ဖောက်ပြန်တဲ့ ဖြစ်တည်မှုမျိုးကိုတောင် မင်းက အကြံအစည်ထုတ်ရဲသေးတယ်... ငါ မင်းကို စောစောကတည်းက ပြောခဲ့သားပဲ"

"တစ်နည်းက သူ့ဆီမှာ ခိုလှုံဖို့... မဟုတ်ရင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို စွန့်လွှတ်လိုက်ဖို့ပဲ... မင်းမှာ ဒီကနေ လွတ်မြောက်နိုင်တဲ့ စွမ်းရည်ရှိနေတာ ကြာပြီဆိုတာကို ငါ သိတယ်"

"တကယ်လို့ မင်းက သူနဲ့ ကံကြမ္မာ ကြောင်းကျိုးဆက်နွယ်မှုနှောင်ကြိုးတွေ ရှိနေခဲ့ပြီး ဘယ်ဘက်မှမပါဘူးဆိုရင် မင်းရဲ့ အနာဂတ်က မတွေးရဲစရာပဲ"

ကောင်းကင်တာအိုတံဆိပ်တော်သည် မည်သည့်အရာကိုမျှ ချုပ်ထိန်းထားခြင်းမရှိဘဲ ဂရုမစိုက်စွာ ပြောလိုက်သည်။

ထျန်းယွမ်အဆင့်ရှိသော တက်လှမ်းခြင်း အဖိုးအိုကို သူနှင့် ရင်းနှီးသည့်မိတ်ဆွေတစ်ဦးအနေဖြင့် အဆင့်အတန်းတူညီစွာ ဆက်ဆံနေခြင်း ဖြစ်သည်။

"လူအိုကြီးဟွမ်... မင်း ဒီလိုပြောတာက အရမ်း ရက်စက်ရာကျလွန်းတယ်"

"မင်း သူ့ဆီမှာ ခိုလှုံချင်ရင်တောင် ငါ့ကို ဆွဲမသွင်းစမ်းပါနဲ့"

"ဒါ့အပြင် အထွတ်အထိပ်ကောင်းကင်အဆောင်ရဲ့ နောက်တစ်ဝက်ဖြစ်တဲ့ နတ်ဘုရားဘုရင်တံဆိပ်တော်ကို ငရဲပြည်က ချောက်နက်မိစ္ဆာအရှင် ဆိုတဲ့ကောင် သိမ်းယူသွားတာ မဟုတ်ဘူးလား"

တက်လှမ်းခြင်း အဖိုးအိုသည် ဒေါသမထွက်ဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

သူနှင့် ကောင်းကင်တာအိုတံဆိပ်တော်တို့၏ဆက်ဆံရေးသည် နှစ်ပေါင်းများစွာကြာမြင့်သည့် ရင်းနှီးသောမိတ်ဆွေဆက်ဆံရေးပင် ဖြစ်သည်။

"နတ်ဘုရားဘုရင်တံဆိပ်တော်မှာ သူ့ရဲ့ ကိုယ်ပိုင်အတွေးနဲ့ စိတ်ဆန္ဒ ရှိတယ်... ငါနဲ့ သူက မူလဇစ်မြစ်တစ်ခုထဲကနေဆင်းသက် လာပေမဲ့ သူက နတ်ဘုရားဘုရင်ရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုပြီး ငါက အဆုံးမဲ့ ကောင်းကင်တာအိုရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုတယ်လေ"

"သေချာတာပေါ့... ငါနဲ့ သူ့ရဲ့ အဓိက ရည်မှန်းချက်က နဂါးမဲ့နတ်ဘုရားဘုရင်ရဲ့ အမွေဆက်ခံသူကို ရှာဖွေဖို့ပဲ"

"သူ့မှာလည်း ကိုယ်ပိုင် အစီအစဉ် ရှိနေတာ သေချာတယ်... မဟုတ်ရင် ချောက်နက်မိစ္ဆာအရှင်ဆိုတဲ့ ကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်...အခုထက် အဆပေါင်း ထောင်ချီ တိုးတက်လာရင်တောင် နတ်ဘုရားဘုရင်တံဆိပ်တော်ကို အပြည့်အဝသန့်စင်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

အဝါရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းသည် မာနထောင်လွှားစွာဖြင့် ပြောလိုက်သည်။

ကောင်းကင်တံဆိပ်တော်၏စကားများအရ အထွတ်အထိပ်ကောင်းကင်အဆောင်သည် နှစ်ပိုင်းကွဲသွားသော်လည်း လူအများ ထင်ထားသကဲ့သို့ စွမ်းအားများ ပြင်းထန်စွာ ဆုံးရှုံးသွားခြင်း မရှိချေ။ အနည်းဆုံးအနေဖြင့် ထျန်းယွမ်အဆင့်ရှိသော မိစ္ဆာအိုကြီး ဖြစ်သည့် တက်လှမ်းခြင်း အဖိုးအိုနှင့် တူညီသောအဆင့်အတန်းတွင် ရှိနေဆဲ ဖြစ်၏။ ချောက်နက်မိစ္ဆာအရှင်ကဲ့သို့ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ရှိသူ တစ်ယောက်အနေဖြင့် အလွယ်တကူ ထိန်းချုပ်နိုင်မည့် အရာမျိုး ဟုတ်မနေခဲ့ပေ။

"ငါ့ကို ထပ်ပြီး စဉ်းစားခွင့် ပေးပါဦး"

"တကယ်လို့ သူက မင်းပြောသလို လောကရဲ့ ဖောက်ပြန်တဲ့ ဖြစ်တည်မှု... တကယ်ပဲ အဲဒီခေတ်က နဂါးမဲ့နတ်ဘုရားဘုရင်လိုမျိုး ကြီးမြတ်တဲ့ လုပ်ဆောင်ချက်ကို လုပ်နိုင်စွမ်းရှိမယ်ဆိုရင်... ငါ သူ့နောက်ကို လိုက်ဖို့ဝန်လေးနေမှာမဟုတ်ဘူး"

တက်လှမ်းခြင်း အဖိုးအိုသည် တည်ငြိမ်စွာ ဖြင့် ပြောလိုက်သော်လည်း သူ၏ လေသံတွင် ရှုပ်ထွေးနေသော ခံစားချက်များ ပါဝင်နေသည်။

ထို့နောက် သူတို့ နှစ်ယောက်သည် စကားအနည်းငယ် ထပ်မံ ပြောဆိုကြပြန်သည်။ သူတို့၏ အသံများသည် တဖြည်းဖြည်း တိုးဝင်သွားကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေသည်။

……

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ကျုံးရှန်တစ်ယောက် အေးအေးဆေးတည်ငြိမ်စွာ တက်လှမ်းနေသည်။ ထိုအရှိန်အဟုန်ဖြင့် သိပ်မကြာမီခင်၌ပင် သတ္တမအထပ်တစ်ထောင်သို့ ရောက်ရှိသွား၏။ သူ၏ ဝိညာဉ်စွမ်းအင် အရည်အသွေးသည် ကျောက်စိုင်အဆင့်၏ နဝမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ကာ စစ်မှန်သောနဂါးအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ထိုအဆင့်သို့ဝင်ရောက်ပါက သူ၏ စွမ်းအားသည် လျင်မြန်စွာဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ကာ ဝိညာဉ်စွမ်းအင်နှင့် ရုပ်ခန္ဓာ၏စွမ်းအင်အချိုးကျမှုသည် ပိုမို လိုက်လျောညီထွေမှုရှိလာပေမည်။ ထိုအခါ ကောင်းကင်တာအိုခန္ဓာ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရန် အခွင့်အရေးရရှိလာမည်ဖြစ်သည်။ ကျုံးရှန်သည် သူ၏ ရှေ့ရှိ နေရာကူးပြောင်းခြင်းတံခါးပေါက်ကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေသည်။

သူသည် တံခါးပေါက်အတွင်းသို့ အလျင်စလို ဝင်ရောက်သွားခြင်း မရှိချေ။ယင်းသည် အနှီသတ္တမအထပ်တစ်ထောင်ကမ္ဘာအတွင်း၌ သူ ကြောက်ရွံ့သည့် အရာများ ရှိနေသောကြောင့် မဟုတ်ဘဲတံခါးပေါက်၏ တစ်ဖက်ရှိ ကမ္ဘာသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ပင်မကုန်းမြေတိုက်ကြီးအပါအဝင် အထပ်တစ်ထောင် ကမ္ဘာငယ်များ၊ အလယ်အလတ်ကမ္ဘာများ အားလုံး စုံလင်စွာ ရှိနေလေသည်။ ဆဋ္ဌမအထပ်တစ်ထောင် ကမ္ဘာဖြစ်သည့် ငရဲငယ်ကဲ့သို့ပင် သတ္တမအထပ်တစ်ထောင်ကမ္ဘာသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ ပုံစံငယ်လေး ဖြစ်နေသည်။

အစစ်အမှန် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးထက် အဆပေါင်း သန်းချီ၍ သေးငယ်သော်လည်း ရှုခင်းများ၊ တောင်တန်းများနှင့် ရေကန်များအပါအဝင် ကုန်းမြေတိုက်အားလုံး အပြည့်အစုံပါ ရှိနေခြင်းဖြစ်သည်။

"ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ အထပ်တစ်ထောင် ကမ္ဘာတိုင်းက မဟာကမ္ဘာတစ်ခုကို ပုံတူကူးယူထားပုံပဲ"

"သူ့ရဲ့ ရည်ရွယ်ချက်က ငရဲပြည်ရဲ့ ပြန်လည်တည်ဆောက်ထားတဲ့ ကိုးထပ်ငရဲဘုံနဲ့ ဆင်တူတဲ့ ပုံစံမျိုး ရှိနေတယ်"

"ဒါပေမဲ့ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ မဟာကမ္ဘာကို ပုံတူကူးယူထားတာက တစ်ထပ်ထဲကျတယ်လို့ဆိုရမှာပဲ... အရွယ်အစား ကွာခြားတာကလွဲရင် ရှုခင်းတွေအပါအဝင် အရာအားလုံးကအသေးစိတ် အတိအကျကို ပြန်လည် ဖန်တီးထားတယ်"

ကျုံးရှန်သည် နေရာကူးပြောင်းခြင်းတံခါးပေါက်အပြင်ဘက်တွင် ရပ်နေကာ ခေါင်းညိတ်၍ ချီးကျူးလိုက်သည်။

သူသည် မျှော်စင်၏ ထိပ်ပိုင်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အပေါ် နားလည်မှု ပိုမို နက်ရှိုင်းလာသည်ဟု ခံစားရသည်။ ကျုံးရှန်သည် သာမန်လူများ မသိရှိနိုင်သော အနှီမျှော်စင်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တဖြည်းဖြည်း ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ကောင်းကင်နှင့်မြေကြီး၏ သာမန်မဟုတ်သော အဖိုးတန်ရတနာတစ်ခု ဖြစ်ကြောင်း ဝန်ခံရပေမည်။

သူ၏ မဟာကမ္ဘာများကိုအသေးစိတ်ပုံစံငယ်အဖြစ်ပုံတူပွားတည်ဆောက်နိုင်ခြင်းသည်ပင် သာမန်မဟုတ်ချေ။ အထွတ်အထိပ်တွင်ရှိပါက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် မဟာကမ္ဘာတစ်ခုကို ထမင်းစား ရေသောက်သကဲ့သို့ အလွယ်တကူဖျက်ဆီးနိုင်ပေလိမ့်မည်။ မဟာကမ္ဘာ၏ ကောင်းကင်တာအိုပင်လျှင် တားဆီးနိုင်စွမ်း ရှိမည် မဟုတ်ပေ။

တံခါးပေါက်ရှေ့တွင် အချိန်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက်တွင် ကျုံးရှန်သည် နေရာကူးပြောင်းခြင်းတံခါးအတွင်းသို့ ဝင်ရောက်သွားတော့၏။

"ရွှပ်"

ပတ်ဝန်းကျင်တွင် တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး အချိန်နှင့် ဟင်းလင်းပြင် တွန့်ခေါက်ဝေဝါးသွားသည်။ နောက်တစ်စက္ကန့်တွင် ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်၏ အလယ်ဗဟိုနေရာသို့ ပေါ်လာလေသည်။ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်သည် ငရဲငယ်ကဲ့သို့ပင် အလွန် ရှေးကျသော မူလအသွင်အပြင်ဖြင့် ရှိနေသည်။

ကုန်းမြေတိုက်တစ်ခုလုံး၏ ဗဟိုတွင် ရှန့်ကျိုးပြည်နယ် ရှိမနေချေ။ အဘယ်ကြောင့်ဆိုသော်ထိုအချိန်က ရှန့်ကျိုးပြည်နယ်သည် ဆင်းသက်လာခြင်း မရှိသေးဘဲ မူလ နေရာသည် စီရင်စု ခြောက်ခုခန့် ကြီးမားသော ရေကန်ကြီး တစ်ခုသာဖြစ်သည်။ ထိုသည်ကား ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ အစောဆုံးသော အလယ်ပိုင်းဒေသ ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်သည် ငရဲငယ်ကဲ့သို့ပင် သက်ရှိသတ္တဝါများ မွေးဖွားလာခြင်း မရှိသေးချေ။ သို့သော်လည်း စူးစမ်းရှာဖွေရန် ထိုက်တန်သော နေရာများစွာ ရှိနေဆဲ ဖြစ်သည်။ ကျုံးရှန်၏ နတ်ဘုရားအာရုံသည် မျက်စိတစ်မှိတ်အတွင်း ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ပစ်မှတ်တစ်ခုကို ရှာတွေ့သွားသည်။

ထို့နောက် အသက်တစ်ရှိုက်အချိန်အတွင်းပင် နန်ယန်ပြည်နယ်အတွင်းသို့ ရောက်ရှိသွား၏။

အင်မော်တယ်တစ်သန်းတောင်တန်း။

ထိုနေရာရှိ သန်းချီသောတောင်တန်းများသည် အပြင်လောကထက် သိသိသာသာ ပို၍ နိမ့်ကျနေသည်။ ကျုံးရှန်သည် ထိုတောင်တန်းများအတွင်း၌ လှည့်ပတ်ကြည့်ရှုလိုက်လျှင် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ အစောဆုံး မူလအသွင်အပြင် ဖြစ်သောကြောင့် ချင်းထျန်းတောင်ထွတ်ကို တွေ့ရှိခြင်းမရှိချေ။ သို့သော်လည်း ထို သန်းချီသောအင်မော်တယ်တောင်တန်းများ၏ အောက်တွင် လွတ်မြောက်ခြင်းအဆင့် အဖိုးတန်ရတနာတစ်ခု ရှိနေသည်။

အပြင်လောကတွင် ထိုစဉ်က ကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်မလုံလောက်ခဲ့သဖြင့် ယင်းရတနာကို ယူဆောင်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ထိုရတနာကို ဖိနှိပ်ထားရန်အတွက် ချင်းထျန်းတောင်ထွတ်ကို အင်မော်တယ်တစ်သန်းတောင်တန်းများအတွင်း၌ ထားရှိခဲ့သည်။ ယခုအချိန်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်အတွင်း၌ စူးစမ်းရှာဖွေရန်အချိန် ဖြစ်သည်။

ထိုရတနာသည် ရတနာတစ်ခုခု၏အပိုင်းအစငယ်တစ်ခု ဖြစ်ကာ ကျုံးရှန်သည် ယင်းအပေါ်တွင် နဂါးပုံစံ သင်္ကေတများနှင့် စာလုံးအချို့ကို တွေ့ရှိခဲ့ဖူးသည်။ အပိုင်းအစငယ် တစ်ခုသာ ဖြစ်သော်လည်း ယင်း၏ အဆင့်သည် လွတ်မြောက်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အလွန် ရှေးကျသော အရှိန်အဝါများကိုပိုင်ဆိုင်ထားသဖြင့် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးထက်ပင် ပိုမို ရှည်ကြာသောသမိုင်းကြောင်းရှိနေနိုင်လေသည်။

ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်ရှိ အင်မော်တယ် တစ်သန်းတောင်တန်းများ၏ အထက်တွင် လွင့်မျောနေသည်။ ထို့နောက် သူသည်ရုတ်တရက် လက်ကိုမြှောက်ကာ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လျှင် အလင်းတန်းသည် တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် မိုင်ပေါင်း သန်းချီ၍ ကျယ်ပြန့်သွားကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ အင်မော်တယ်တစ်သန်းတောင်တန်းများ အားလုံး အကြွင်းမဲ့ ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။

မြေကွက်လပ်ငယ်တစ်ခုသာ ကျန်ရစ်ခဲ့၏။ ထိုအချိန်တွင် အင်မော်တယ်တစ်သန်းတောင်တန်းများ၏ အလယ် မြေပြင်အောက်မှ နံရံတစ်ခု ပေါ်ထွက်လာသည်။ ထိုသည်ကား လွတ်မြောက်ခြင်းအဆင့်ရှိ အဖိုးတန်ရတနာ၏ မူလအသွင်အပြင် ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ယင်း၏ပုံစံကိုပါ ပုံတူကူးယူထားလိမ့်မည်ဟု ကျုံးရှန်မျှော်လင့်ထားခြင်းမရှိခဲ့ချေ။

ထိုနံရံပေါ်တွင် ဆေးရောင်စုံဖြင့် နဂါးပုံစံ သင်္ကေတများနှင့် များပြားလှသော လျှို့ဝှက်ဆန်းကြယ်သည့် နဂါးပုံစံ စာလုံးများကို ရေးဆွဲထားကာ နန်းတော်တစ်ခု၏နံရံပုံစံမျိုးဖြစ်သည်။ ကျုံးရှန်သည် ထိုမြေကွက်လပ်သို့ဖြည်းညင်းစွာ ဆင်းသက်လိုက်ပြီး နံရံအနီးသို့ လျှောက်သွားလိုက်သည်။ သူသည် လက်ကိုမြှောက်ကာ အကြွင်းမဲ့ ခွန်အားကို အသုံးပြုပြီး နံရံကို မြေပြင်ပေါ်မှမတင်လိုက်သည်။

အတိတ်တွင် ပြင်ပလောကရှိထိုနံရံကို ကျုံးရှန်သည် နည်းမျိုးစုံ အသုံးပြုခဲ့သော်လည်း အနည်းငယ်မျှပင် ရွှေ့နိုင်ခြင်းမရှိခဲ့ပေ။ နံရံတစ်ခုမျှသာ ဖြစ်သော်လည်း ဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်မာလွန်းလှပြီး ခုခံကာကွယ်မှုပိုင်းတွင် လွတ်မြောက်ခြင်းအဆင့်ရှိသော ရတနာတစ်ခုနှင့် ညီမျှနေ၏။ ထိုအချိန်က ကျုံးရှန်သည် မှတ်တမ်းအမြောက်အများကို ရှာဖွေဖတ်ရှုခဲ့ကာ ရှန့်ကျိုးပြည်နယ်၏ မှတ်တမ်းများကိုပင် ရှာဖွေခဲ့သော်လည်း ထိုရတနာ၏ ဇာစ်မြစ်ကို မတွေ့ရှိခဲ့ချေ။

ထို့ကြောင့် သူသည် အင်မော်တယ်တစ်သန်းတောင်တန်းရှိ တောင်ထွတ်တစ်ခုကို ကျပန်း ရွေးချယ်ခဲ့ကာ နတ်ဘုရားယန္တရား နေရာပြောင်းရွှေ့ခြင်းအစီအရင်ပြား ၊ နတ်ဘုရားအနှစ်သာရအဆင့် သလင်းကျောက်နှင့် မရေမတွက်နိုင်သော ရတနာများကို အသုံးပြု၍ အစားထိုးတောင်ထွတ်တစ်ခုတည်ဆောက်ခဲ့သည်။ ထိုသို့ဖြင့် ချင်ထျန်းတောင်ထွတ်ကို ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးအတွင်းရှိ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းနေရာအဖြစ် ပြောင်းလဲပစ်ခဲ့ကာ တစ်ဖက်တွင်လည်း ထိုရတနာ၏ အငွေ့အသက်နှင့် ကံကြမ္မာကို ဖိနှိပ်ထားနိုင်ခဲ့သည်။ ကျုံးရှန်သည်ကံတရားကျိန်စာကို ကျော်လွှားနိုင်ပြီးနောက်မှသာ ထိုနံရံကိုဆက်လက် လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ယခုအခါ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ယင်း၏ ပုံစံတူကို လေ့လာခွင့်ရလာသဖြင့် ကံကြမ္မာဟုပင် ဆိုရပေမည်။

All Chapters