အခန်း (၃၄၅-၃၄၆)
Vol. 35 Ch. 345-346
အပိုင်း (၃၄၅)
ယခုအခါ အတိတ်နှင့်နှိုင်းယှဉ်ပါက ကျုံးရှန်၏ စွမ်းအားများသည် ပိုမို တိုးတက်လာပြီဖြစ်သည်။ ကံတရားကျိန်စာ၏ ချုပ်နှောင်မှုများကို ချိုးဖျက်နိုင်ခဲ့သည်သာမက လွတ်မြောက်ခြင်းအဆင့်ရှိ ရတနာများဖြင့် ရင်ဆိုင်ရလျှင်ပင် ယင်းတို့ကို အလွယ်တကူဖိနှိပ်ရယူ နိုင်စွမ်း ရှိနေလေသည်။ ထို့အပြင် သူ၏ ရှေ့ရှိနံရံပုံစံရတနာသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အစွမ်းဖြင့်ပြုလုပ်ထားသည့် ပုံတူတစ်ခုမျှသာ ဖြစ်သည်။
ကျုံးရှန်သည် နံရံကို လေထဲသို့ မတင်လိုက်ကာ ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး နံရံပေါ်သို့ ဖွဖွလေး ဖိချလိုက်သည်။ ပုံတူတစ်ခုသာ ဖြစ်သော်လည်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စွမ်းရည်ဖြင့် အနှီလွတ်မြောက်ခြင်းအဆင့် ရတနာအပိုင်းအစကို လွတ်မြောက်ခြင်းအဆင့်၏ စစ်မှန်သောစွမ်းအင်အချို့ ကိုပိုင်ဆိုင်စေရန် ပြုလုပ်ထားမည်မှာ မလွဲဧကန်ဖြစ်သည်။ သို့ဖြစ်ရာ သူသည် အတိတ်က မလုပ်ဆောင်နိုင်ခဲ့သော စမ်းသပ်မှုအချို့ကို စတင်ပြုလုပ်လိုက်သည်။
ပထမစမ်းသပ်မှုအနေဖြင့် ကျုံးရှန်သည် နံရံအတွင်းသို့ မတူညီသော စွမ်းအားများကို တစ်လှည့်စီစတင် ထည့်သွင်းလိုက်သည်။ ဝိညာဉ်စွမ်းအင် သူ၏ကိုယ်တွင်းရှိသန့်စင်သောစွမ်းအင်များအမျိုးမျိုးကို တစ်လှည့်စီ ပြောင်းလဲထည့်သွင်းလိုက်ခြင်းဖြစ်သည်။သို့သော်လည်း မည်သည့်အပြောင်းလဲမှုမျှ ဖြစ်ပေါ်လာခြင်းမရှိချေ။
သူသည် စိတ်နှလုံးစွမ်းအားကို ထည့်သွင်းကြည့်လိုက်သော်လည်း တုံ့ပြန်မှု မရှိသေးပေ။ သို့နှင့်နောက်ဆုံးတွင် သူ၏ အစွမ်းထက်ဆုံး လျှို့ဝှက်စွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ကျုံးရှန်သည် ခပ်သိမ်းသောသက်ရှိတို့၏စိတ်နှလုံးစွမ်းအားမှ ထုတ်ယူထားခဲ့သည့် မသေမျိုးအနှစ်သာရ စွမ်းအင်ကို စတင် ထည့်သွင်းလိုက်သည်။
ထိုအနှစ်သာရစွမ်းအင်သည် သူ့ထံတွင် အများအပြား မရှိသဖြင့် သေးငယ်သော အမျှင်တန်းလေး တစ်ခုကိုသာ သတိထား၍ ထည့်သွင်းလိုက်လေသည်။ သို့သော် ထိုမျှ သေးငယ်သော အမျှင်တန်းလေး တစ်ခုသည်ပင် နံရံပေါ်၌ တုံ့ပြန်မှု ဖြစ်ပေါ်လာစေသည်။ နံရံတစ်ခုလုံးရှိ နဂါးပုံစံ သင်္ကေတများသည် အသက်ဝင်လာကာ နဂါးပုံစံ စာလုံးများသည်လည်း စတင် ပေါင်းစပ်လာသည်။
ထိုနဂါးပုံစံအမှတ်အသားများသည် နံရံပေါ်မှတစ်ဆင့်လေထဲသို့ ပျံသန်းထွက်ပေါ်လာကာ ကျုံးရှန်ကို ဝိုင်းရံပြီး ဟိန်းဟောက်လိုက်ကြသည်။ ရှေးကျသော အသိစိတ်တစ်ခု ကျုံးရှန်၏ စိတ်ထဲတွင် ပေါ်ထွက်လာသည်။
ကမ္ဘာဦး နဂါးနန်းတော်…
ထို့နောက်တွင် ကျုံးရှန် ထည့်သွင်းထားသော မသေမျိုးအနှစ်သာရစွမ်းအင်များအားလုံး ကုန်ခမ်းသွားကာ နံရံသည်လည်း မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ ကျုံးရှန်၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လွင်နေ၏။
'ကမ္ဘာဦး နဂါးနန်းတော်လား... ကြည့်ရတာ သာမန်မဟုတ်တဲ့ ဖြစ်တည်မှုတစ်ခုပဲ...'
'ရှန့်ကျိုးပြည်နယ်ရဲ့ မှတ်တမ်းတွေထဲမှာတောင်ရှာမတွေ့ဘူးဆိုတော့... အကန့်အသတ်မဲ့ ကုန်းမြေတိုက်ကြီးက အင်အားစု မဟုတ်တာ သေချာတယ်... ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးရဲ့ အင်အားစု ဖြစ်ဖို့ဆို ပိုတောင် မဖြစ်နိုင်သေး' 'ဒီပုံတူလေးကို အသက်သွင်းဖို့တောင်မသေမျိုးအနှစ်သာရစွမ်းအင်ကို စုပ်ယူဖို့ လိုအပ်နေပြီး... မသေမျိုးအနှစ်သာရစွမ်းအင် အမျှင်တန်းလေး တစ်ခုက တစ်စက္ကန့်လောက်ပဲ အသက်သွင်းနိုင်တယ်...'
'ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးရဲ့ ချင်းထျန်းတောင်ထွတ်အောက်က ဖိနှိပ်ထားတဲ့ အစစ်အမှန်နံရံကို အသက်သွင်းဖို့ဆိုရင် မသေမျိုးအနှစ်သာရစွမ်းအင် ဘယ်လောက်တောင် လိုအပ်မလဲဆိုတာ မှန်းဆရခက်တာပဲ...'
'ဒါက နံရံတစ်ခုတည်းပဲရှိသေးတယ်... အဲဒါတောင်မှ နတ်ဘုရားရတနာအဆင့်ကိုကျော်လွန်ပြီး လွတ်မြောက်ခြင်းအဆင့်ကို ရောက်နေပြီ... ကမ္ဘာဦးနဂါးနန်းတော် တစ်ခုလုံးသာဆိုရင် အထွတ်အထိပ် အချိန်က ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထက်တောင် ပိုပြီး ကြောက်စရာကောင်းလိမ့်မယ်' ကျုံးရှန်သည် မူလနေရာတွင်ပင် ရပ်နေခဲ့ကာ စိတ်ထဲတွင် များစွာ တုန်လှုပ်မိသွားသည်။
အချိန်အနည်းငယ်မျှ အံ့ဩတုန်လှုပ်မိပြီးနောက်တွင် ကမ္ဘာဦးနဂါးနန်းတော်၏ ပုံတူနံရံကို သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ပုံတူနံရံမျှသာ ဖြစ်သော်လည်း အနာဂတ်တွင် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးရှိ အစစ်အမှန် နဂါးနန်းတော် နံရံကို သိမ်းယူသောအခါ များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။ ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက်တွင် ကျုံးရှန်သည် ကောင်းကင်သို့ တစ်ဖန် ပျံတက်သွားသည်။
ကောင်းကင်ပေါ်မှနေ၍ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး တစ်ခုလုံးအပါအဝင် ပုံတူကူးယူထားသော အလယ်အလတ်ကမ္ဘာ၊ အထပ်တစ်ထောင် ကမ္ဘာငယ်များကို ငုံ့ကြည့်လိုက်လေသည်။ ဤနေရာတွင် တစ်စုံတစ်ခုကိုရှာဖွေရသည်မှာ ပြင်ပလောကထက် များစွာ ပိုမို လွယ်ကူလှပြီး သက်ရှိ များလည်း ဖြစ်တည်ခြင်းမရှိသေးသဖြင့် မည်သည့် အနှောင့်အယှက်၊ တားမြစ်ချက်မျှ ရှိမနေချေ။ အထူးသဖြင့် ယခုအချိန်တွင် ကျုံးရှန်၏ စွမ်းအားသည် ထာဝရအရှင်အဆင့် အင်အားကြီးသူများကိုပင် ဖိနှိပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ နတ်ဘုရားအာရုံသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ရှာဖွေမှုစတင်လိုက်သည်။သတ္တမအထပ် တစ်ထောင်ကမ္ဘာသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ ပုံစံငယ် ဖြစ်သဖြင့် ယင်းနေရာတွင် ရှာဖွေတွေ့ရှိနိုင်သော ထူးခြားသည့် အဖိုးတန်ရတနာများနှင့် ရှေးဟောင်းအပျက်အစီးနယ် မြေများကို ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးတွင်လည်း ထပ်တူ ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။ ထို့ကြောင့် ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်ကို အောက်ခြေအထိ မွှေနှောက်ရှာဖွေရန် ဆုံးဖြတ်ထားသည်။
ရတနာများ ရှိသည့် နေရာများကို မှတ်သားထားပြီး ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်သို့ ပြန်ရောက်သောအခါ အစစ်အမှန် ရတနာများကို သွားရောက် ရှာဖွေမည် ဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံသည် မည်သည့် နေရာလွတ်ကိုမျှ ချန်ရစ်ခြင်းမရှိဘဲ ဝမ်ရှန့်နတ်ဘုရားကုန်းမြေငယ်တစ်ခုလုံးကိုစစ်ဆေးရှာဖွေလိုက်သည်။ ရေနွေးတစ်အိုးဆူပွက်ချိန်ခန့်ကြာပြီးနောက်တွင် ပစ်မှတ်ပေါင်း ရာနှင့်ချီ၍ ရှာတွေ့ခဲ့လေသည်။
ထိုပစ်မှတ်များသည် သူ၏ စိတ်ထဲတွင် ပုံရိပ်ယောင် မြေပုံတစ်ခုအဖြစ် ပေါ်လာသည်။ မြေပုံပေါ်ရှိ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အလင်းစက် ရာပေါင်းများစွာ ရှိနေပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။ သူသည်ထိုနေရာများကို ဂရုတစိုက် မှတ်သားလိုက်ကာ နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်၏ အရှေ့ဘက်အစွန်ဆုံးဒေသသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် ဗောဓိဓာတ်တော်စေတီ တစ်ဆူ ရှိနေကာ ဗုဒ္ဓဂိုဏ်း၏ လက်ရာတစ်ခု ဖြစ်ပုံရပေသည်။ စေတီတွင် ထူးခြားသောအချက်များစွာရှိနေသော်လည်း နဂါးနန်းတော်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုများရှိမနေချေ။ ကျုံးရှန်သည် နည်းလမ်းအချို့ အသုံးပြု၍ ပုံတူ စေတီကို သိမ်းဆည်းလိုက်ပြီး အနောက်ဘက်သို့ ဆက်လက် ထွက်ခွာလိုက်လေသည်။
....
အနောက်ဘက်နယ်စပ်။
နီကျိုးပြည်နယ်။
အနှီနေရာသည် မိစ္ဆာချောက်နက်နှင့် နီးကပ်သောနေရာ၌ တည်ရှိနေကာ ကြမ်းတမ်းသောတောင်ကြားလမ်းများလည်း ရှိနေသည်။ နေရာတိုင်းသည် ကျောက်တုံးကျောက်ဆောင်များဖြင့် ပြည့်နှက်နေသော တောင်ကုန်းများ ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးထဲတွင် ဤနေရာသည် လူသားများ ရှင်သန်ရန် မသင့်တော်သော ပြည်နယ် အနည်းငယ်ထဲမှ တစ်ခု ဖြစ်ကာ ဝိညာဉ်စွမ်းအင် အနည်းငယ်မျှပင် ရှိမနေသလို မြက်တစ်ပင်မျှလည်း ပေါက်ရောက်ခြင်းမရှိချေ။
ဝိညာဉ်ကျောက်တွင်းများ မရှိသည်သာမက မိစ္ဆာသားရဲများပင် ရှင်သန်ရန်ခက်ခဲသောနေရာဖြစ်သည်။ သို့သော် ထိုမျှ အသက်မဲ့နေသော နေရာ၌ ကျုံးရှန်သည် ကြောက်စရာကောင်းသော ဖြစ်တည်မှုတစ်ခုကို တွေ့ရှိခဲ့သည်။
အိပ်မောကျနေသော မိစ္ဆာသန္ဓေသားလောင်း။
ထိုမိစ္ဆာသန္ဓေသား၏ ဆိုးယုတ်မှုအရှိန်အဝါသည် ငရဲပြည်ရှိ ငရဲမိစ္ဆာများ နှင့် မိုကျူးမိစ္ဆာမျိုးနွယ်များထက်ပင် ပို၍ ကြောက်စရာကောင်းလှ၏။ ကျုံးရှန်သည် သူ၏ဖြူဖွေးသန့်စင်သော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျောက်တုံးများကို ဖယ်ရှားလိုက်ပြီး မြေကြီးကို ပေထောင်ချီ၍ တူးဆွလိုက်သည်။ မိစ္ဆာသန္ဓေသား လောင်း ပေါ်ထွက်လာသည်။
ယင်းသည် တစ်ကိုယ်လုံး မည်းနက်နေသော ကလေးငယ် တစ်ဦး ဖြစ်ကာ ခန္ဓာကိုယ်ပေါ်ရှိ ချက်ကြိုးသည် မြေကြီးနှင့် ဆက်သွယ်ထားသည်။ ကလေးငယ်လေးသည် အိပ်မောကျနေဆဲ ဖြစ်ကာ မွေးဖွားလာမည့် အချိန် မရောက်သေးသည်မှာ ထင်ရှားလှသည်။ မိစ္ဆာသန္ဓေသားလောင်းသည် ကြောက်စရာကောင်းသော ဆိုးယုတ်သည့် စိတ်ဆန္ဒများ ပေါင်းစည်းမှုမှ ဖြစ်တည်လာသောအရာဖြစ်ကာ အနားသို့ ချဉ်းကပ်ရုံဖြင့်ပင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံရနိုင်လေသည်။
"ဟမ်... ဒါက သက်ရှိသတ္တဝါတွေရဲ့ ကိုယ်တွင်း မိစ္ဆာတွေနဲ့ ဆိုးယုတ်တဲ့ အတွေးတွေ ပေါင်းစပ်ပြီး မွေးဖွားလာတဲ့ မိစ္ဆာသန္ဓေသားလား"
ကျုံးရှန်သည် အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။
သူ၏ ရှေ့ရှိမြေကြီးထဲမှမိစ္ဆာသန္ဓေသားသည် သက်ရှိသတ္တဝါတို့၏ မကောင်းသောစိတ်ဆန္ဒအတွေးများနှင့် ကိုယ်တွင်းမိစ္ဆာများမှ မွေးဖွားလာသော ဖြစ်တည်မှုတစ်မျိုးဟု ဆိုနိုင်သည်။ သက်ရှိသတ္တဝါတို့၏ စိတ်နှလုံးသည် အလွန် ရှုပ်ထွေးလှ၏။ ယင်းအတွင်း၌ မဆုတ်မနစ် ကြိုးစားအားထုတ်မှု၊ စူးစမ်းရှာဖွေလိုစိတ်၊ အချစ်၊ ခင်မင်မှု၊ မိသားစု သံယောဇဉ် စသည့် အဖိုးတန် အရည်အသွေးများ ရှိနေသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟ၊ အမုန်းတရား၊ မနာလိုမှု၊ သတ်ဖြတ်လိုစိတ်၊ ကြမ်းကြုတ်မှု စသည့် ဆိုးယုတ်သော ခံစားချက်များလည်း ရှိနေလေသည်။
မိစ္ဆာသန္ဓေသားသည် သက်ရှိသတ္တဝါအားလုံး၏ စိတ်နှလုံးရှိ ဆိုးယုတ်သော စိတ်ဆန္ဒများပေါင်းစည်းမှုမှ မွေးဖွားလာခြင်း ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်ရှိ မိစ္ဆာသန္ဓေသားသည် ပုံတူမျှသာ ဖြစ်သော်လည်း အနီးသို့ ကပ်သွားသောအခါ များပြားလှသော အဆိုးမြင် စိတ်နှလုံးစွမ်းအားများ သူ့ဆီသို့ တိုးဝင်လာသည်ကို ကျုံးရှန် ခံစားလိုက်ရသည်။ သူသည် မူလကပင် သက်ရှိသတ္တဝါတို့၏ စိတ်နှလုံးနှင့် ပတ်သက်၍ တုံ့ပြန်လွယ်သူ ဖြစ်သဖြင့် မိစ္ဆာသန္ဓေသား၏ အစွမ်းထက်မှုကို ချက်ချင်းသတိထားမိလိုက်လေသည်။
အရေးအကြီးဆုံးအချက်မှာ မိစ္ဆာသန္ဓေသားသည် ပုံတူမျှသာ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း သန်းရှစ်ဆယ်ခန့် အစောဆုံး ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ အခြေအနေကို ပုံတူကူးယူထားခြင်း ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်ထဲတွင် သက်ရှိသတ္တဝါများ မရှိသကဲ့သို့ မိစ္ဆာသန္ဓေသားကို ရှင်သန်ကြီးထွားစေရန် အဆက်မပြတ် ဖြည့်တင်းပေးမည့် ဆိုးယုတ်သော စိတ်နှလုံးစွမ်းအားများလည်း မရှိချေ။ သို့သော် ထိုသို့သော အခြေအနေမျိုး၌ပင် ပုံတူ မိစ္ဆာသန္ဓေသားသည် လောကကြီးကို ဒုက္ခပေးနိုင်လောက်သည့် အရှိန်အဝါမျိုး ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ကျုံးရှန်အတွက် မတွေးဝံ့စရာ ဖြစ်နေသည်မှာ အစစ်အမှန် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်တွင် ရှိနေမည့် ထိုမိစ္ဆာသန္ဓေသားသည် လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်းများစွာအတွင်း လူသားတို့၏ ယုတ်ညံ့သော စိတ်စွမ်းအားများကို စုပ်ယူကာ မည်မျှအထိ ကြီးထွားနေမည်နည်း ဟူသည်ပင်ဖြစ်သည်။ ယင်းသည် နှစ်သန်းပေါင်းများစွာအတွင်း ရှင်သန်ကြီးထွားခဲ့သည့် မရေမတွက်နိုင်သော လူသားတို့၏ ဆိုးယုတ်မှုများ စုဝေးနေသည့်ဖြစ်တည်မှုတစ်ခု မလွဲဧကန်ဖြစ်နေပေမည်။ ယခုအချိန်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်တာအို ပင်လျှင် သူ့ကို ဖိနှိပ်နိုင်စွမ်း ရှိမည် မဟုတ် တော့ချေ။
"ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အရာကြီး ပုန်းအောင်းနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"အခုအချိန်က ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးရဲ့ ကောင်းကင်တာအို ကမောက်ကမဖြစ်နေတဲ့ အချိန်ဆိုတော့....မကြာခင်မှာ...ဒီမိစ္ဆာသန္ဓေသားက အပြည့်အဝ မွေးဖွားလာတော့မှာပဲ"
"အချိန်ကျလာရင် သူက ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်က သက်ရှိအားလုံးနဲ့ ရှိသမျှ အရာအားလုံးကို ဝါးမျိုဖျက်ဆီးပစ်လိမ့်မယ်"
" မဟာကမ္ဘာတစ်ခုလုံး မကြာခင် သေချာပေါက် ဖျက်ဆီးခံရတော့မှာပဲ..."
အပိုင်း (၃၄၆)
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်ကို စူးစမ်းရှာဖွေခြင်းသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ အနက်ရှိုင်းဆုံးသော လျှို့ဝှက်ချက်များကို သွယ်ဝိုက်သောနည်းဖြင့် ရှာဖွေနေခြင်းပင် ဖြစ်သည်။ ယခုအချိန်တွင် ကျုံးရှန်အနေဖြင့် ထိုလျှို့ဝှက်ချက်များကိုသာ အပြည့်အဝ နားလည်သဘောပေါက်ထားမည်ဆိုပါက ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးသို့ ပြန်လည်ရောက်ရှိချိန်တွင် သူသည် အားလုံးထက် ခြေတစ်လှမ်းသာနေပေလိမ့်မည်။ ဥပမာအားဖြင့် မိစ္ဆာသန္ဓေသားလောင်းကို ချက်ချင်း အမြစ်ပြတ်ချေမှုန်းပစ်ရမည် ဖြစ်သည်။
ယင်းသည် သက်ရှိသတ္တဝါတို့၏ စိတ်နှလုံးအတွင်းရှိ ဆိုးယုတ်မှုများဖြင့် ဖြစ်တည်လာသော အရာ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားတို့၏ စိတ်နှလုံးစွမ်းအား၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်၏။
အလွန်အမင်း ယုတ်ညံ့ဆိုးယုတ်သော အစိတ်အပိုင်းတစ်ခု။
မိစ္ဆာသန္ဓေသားသည် အရာရာတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင်ဟူသော ဆန့်ကျင်ဘက် နှစ်ဖက်ရှိကြောင်းကို ကိုယ်စားပြုနေသည်။ ကျုံးရှန်အနေဖြင့် ယင်းကို သန့်စင်စုပ်ယူနိုင်မည်ဆိုပါက သူ၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ် ကို ပြီးပြည့်စုံသွားစေကာ လူသားတို့၏ စိတ်နှလုံးအတွင်းရှိ စွမ်းအားများကို အဆုံးစွန်အထိ ဖော်ထုတ်နိုင်မည် ဖြစ်သည်။ လူသားတို့၏ စိတ်နှလုံးအတွင်း၌ ကောင်းမွန်သော စွမ်းအားများသာမက ဆိုးယုတ်သိမ်ဖျင်းသော စွမ်းအားများလည်း ရှိနေတတ်သည်။
ထိုအရာအားလုံးသည် စိတ်နှလုံးစွမ်းအား၏ အရေးကြီးသော အစိတ်အပိုင်းများပင်ဖြစ်သည်။ အကယ်၍ ကျုံးရှန်သည် မိစ္ဆာသန္ဓေသားအတွင်း၌ စုစည်းနေသော လူသားတို့၏ ဆိုးယုတ်မှုကို နားလည်သဘောပေါက်သွားမည်ဆိုပါက သူ၏ လမ်းစဉ်တွင် လိုအပ်နေသော နောက်ဆုံးကွက်လပ်ကို ဖြည့်ဆည်းနိုင်ပေလိမ့်မည်။
ကောင်းခြင်း နှင့် ဆိုးခြင်း။
အဖြူ နှင့် အမဲ။
ချီးကျူးမှု နှင့် ကျိန်ဆဲခြင်း။
ချစ်ခြင်းမေတ္တာနှင့်ရက်စက်ကြမ်းကြုတ်မှု။
ထိုအရာအားလုံးကို နားလည်သဘောပေါက်ကာ အပြည့်အဝပေါင်းစည်းပြီး စစ်မှန်သော မသေမျိုးအနှစ်သာရ စွမ်းအားများအဖြစ် ပြောင်းလဲပစ်နိုင်မည်ဖြစ်သည်။
သို့သော်လည်း မိစ္ဆာသန္ဓေသားကို ထိန်းချုပ်ရန်သည် အလွန် ခက်ခဲလှ၏။ နှစ်ပေါင်း သန်းချီ၍ စုဆောင်းလာခဲ့သော လူသားတို့၏ ဆိုးယုတ်မှုများသည် မိစ္ဆာသန္ဓေသားအတွင်း၌ အနှိုင်းမဲ့သော ကြောက်မက်ဖွယ်ရာများကို သိပ်သည်းဖြစ်တည်စေနေပြီဖြစ်သည်။ ထိုသည်မှာ မဟာကမ္ဘာတစ်ခု၏ စွမ်းအားဖြင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။
ကံကောင်းစွာဖြင့် ကျုံးရှန်သည် ယခုအခါ ထိုပြဿနာကိုဖြေရှင်းနိုင်မည့်အခွင့်အရေးကို ကြိုတင်သိရှိသွားခြင်း ဖြစ်သည်။ အကယ်၍ သူသာ မည်သည်ကိုမျှသိရှိခြင်းမရှိဘဲ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ပြန်သွားပြီး သူ၏ အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်နေမည်ဆိုလျှင် အရေးကြီးဆုံးအချိန်၌ မိစ္ဆာသန္ဓေသား ရုတ်တရက် ပေါက်ကွဲထွက်လာသောအခါ သူ၏ အစီအစဉ်အားလုံး ပျက်စီးသွားပေလိမ့်မည်။ ယခုမူ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်အတွင်း၌ မိစ္ဆာသန္ဓေသားကို ကြိုတင်တွေ့ရှိခဲ့သဖြင့် ယင်းကို သူ၏ အစီအစဉ်အတွင်းသို့ ထည့်သွင်းထားနိုင်ပြီ ဖြစ်သည်။
ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်သောအခါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပေတော့မည်။ မိစ္ဆာသန္ဓေသားသည် နှစ်ခြိုက်စွာ အိပ်မောကျနေသော သာမန်ကလေးငယ်တစ်ဦးနှင့် တူလှသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မည်းနက်သော မိစ္ဆာသင်္ကေတများနှင့် အဆက်မပြတ် ထွက်ပေါ်နေသော ဆိုးယုတ်သည့် အငွေ့အသက်များသာ မရှိပါက အပေါ်ယံကြည့်ရုံဖြင့် မည်သူ့ကိုမျှ ထိခိုက်အန္တရာယ်မပြုမည့် ကလေးငယ်တစ်ဦးနှင့် အတူတူပင် ဖြစ်၏။
သူ၏ ချက်ကြိုးသည် မြေကြီးနှင့် ဆက်သွယ်ထားကာ မြေကမ္ဘာ၏ ကလေးငယ်တစ်ဦးအလားပင်။
ကျုံးရှန်၏ရှေ့ရှိ ထိုမိစ္ဆာသန္ဓေသားသည် ပုံတူမျှသာ ဖြစ်သဖြင့် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးရှိ အစစ်အမှန် မိစ္ဆာသန္ဓေသားထက် အဆပေါင်း သောင်းချီ၍ အစွမ်းနိမ့်ကျလှသည်။ ထို့ကြောင့် ကျုံးရှန်သည် ယခုနေရာ၌ပင် မိစ္ဆာသန္ဓေသား၏ အစွမ်းကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကာ မိစ္ဆာသန္ဓေသားကို ပစ်မှတ်ထား၍ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ ထိုလက်ဝါးသည် ဖြူစင်သန့်ရှင်းကာ အညစ်အကြေးကင်းစင်နေပြီး သက်ရှိသတ္တဝါတို့၏ စိတ်နှလုံးစွမ်းအားများ ပါဝင်ကိန်းအောင်းနေသည်။
ထိုစွမ်းအားတွင် ကောင်းကင်တာအိုကို အောင်နိုင်လိုသော ဆန္ဒနှင့် မဆုတ်မနစ် ကြိုးစားလိုသည့် ဇွဲလုံ့လတို့ ပါဝင်သည်။ ထိုစိတ်ဆန္ဒများသည် လူသားတို့၏ အပေါင်းလက္ခဏာဆောင်သောကောင်းမွန်သည့် စိတ်နှလုံးစွမ်းအားပင် ဖြစ်သည်။ ကျုံးရှန်၏ လက်ဝါးဆန့်ထုတ်လိုက်သည်နှင့် မိစ္ဆာသန္ဓေသားတွင် တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ဆိုးယုတ်မှုနှင့် ကောင်းမြတ်မှုတို့သည် လူသားတို့၏ စိတ်နှလုံးအတွင်းရှိ စွမ်းအားများ ဖြစ်ကာ မူလဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသော စွမ်းအင်ပုံစံခွဲ နှစ်မျိုးသာ ဖြစ်သည်။
"ဒုတ်... ဒုတ်... ဒုတ်..."
မိစ္ဆာသန္ဓေသား၏ နှလုံးငယ်သည် အဆက်မပြတ် ခုန်လှုပ်လာကာ ပါးလွှသောအရေပြားကို ဖောက်ထွင်း၍ မည်းနက်နေသော နှလုံးသားကိုပင် မြင်တွေ့နေရ၏။
ကျုံးရှန်၏ လက်ဝါး နီးကပ်လာလျှင် မိစ္ဆာသန္ဓေသားသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထိုမျက်လုံးအစုံသည် အံ့ဩစရာကောင်းလောက်အောင် ကြည်လင်နေခဲ့ကာ ရွှံ့နွံထဲမှ ပေါက်ဖွားလာသော ကြာပန်းတစ်ပွင့်အလား ညစ်ပေခြင်းကင်း၍ စင်ကြယ်လွန်းလှသည်။ ထိုသည်မှာ ကျုံးရှန်၏ ခန့်မှန်းချက်ကို ကျော်လွန်သွားပြီဖြစ်သည်။
ထိုမျှ ကြည်လင်သော မျက်လုံးအစုံသည် ဆိုးယုတ်မှုများ၏ အစုအဝေး မည်သို့ဖြစ်နိုင်မည်နည်း။
နိုးထလာသော မိစ္ဆာကလေးငယ်သည် မည်သည့် တိုက်ခိုက်မှုကိုမျှ ပြုလုပ်ခြင်းမရှိချေ။ သူသည် စင်ကြယ်သော အကြည့်များဖြင့် ကျုံးရှန်ကိုစိုက်ကြည့်နေသည်။
"ဖေ... ဖေ..."
ကျုံးရှန်သည် မိစ္ဆာကလေးငယ်ထံသို့ပစ်မှတ်ထား ရိုက်ချလိုက်သော လက်ကို ရပ်တန့်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်ကာ ထိုနေရာ၌ပင် ရပ်၍ အတန်ကြာအောင် အကဲခတ်နေမိ၏။ ထိုအချိန်အတွင်း၌ မိစ္ဆာကလေးငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ မည်းနက်သော မိစ္ဆာသင်္ကေတများ အားလုံး ပျောက်ကွယ်သွားကာ နှလုံးသားရှိရာသို့ စုစည်းသွားသည်။
မိစ္ဆာကလေးငယ်၏ တစ်ကိုယ်လုံးသည် ဖြူဖွေးစင်ကြယ်သွားကာ သာမန်ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်သွားပြီး မြေကြီးနှင့် ဆက်သွယ်ထားသော သူ၏ ချက်ကြိုးသည်လည်း အလိုအလျောက် ပြုတ်ကျသွားသည်။ ကျုံးရှန်သည် လက်ကို ဆန့်ထုတ်ကာ ထိုမိစ္ဆာကလေးငယ်ကို သူ၏ လက်မောင်းအတွင်းသို့ ထွေးပွေ့လိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ ကလေးကစားစရာပလုတ်တုတ်ငယ်တစ်ခုကို ထုတ်ယူလိုက်၏။
"ဒေါင်... ဒေါင်... ဒေါင်..."
သူသည် ပလုတ်တုတ်ငယ်ကို လှည့်၍ မိစ္ဆာကလေးငယ်ကို ချော့မြူလိုက်သည်။
မိစ္ဆာကလေးငယ်သည် ပျော်ရွှင်စွာဖြင့် ဟားတိုက်ရယ်မောနေကာ သာမန်ကလေးငယ်တစ်ဦးနှင့် မည်သို့မျှ ခြားနားခြင်းမရှိချေ။ ကျုံးရှန်သည် မျက်လုံးများကို မှိတ်လိုက်ကာ ရင်ခွင်ထဲရှိ မိစ္ဆာကလေးငယ်၏ အနာဂတ်ကို စတင်တွက်ချက်ကြည့်လိုက်သည်။ ထိုအခါ ပုံရိပ်များစွာ သူ၏ မျက်စိထဲ၌ ပေါ်လာသည်။
ထိုနေရာသည်ကား အစစ်အမှန် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးပင် ဖြစ်၏။ အချိန်ကာလသည် အနာဂတ်နှစ်ပေါင်းသိန်းတစ်သောင်းခန့်အကြာတွင်ဖြစ်သည်။ အနောက်ဘက် အစွန်ဆုံးဒေသ ဖြစ်သော နီကျိုးပြည်နယ်၌ အကြောင်းအရင်းမသိရသော ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာကာ အစွမ်းထက်သော ကျင့်ကြံသူ အမြောက်အမြား ထိုနေရာ၌ တိုက်ခိုက်နေကြသည်။
ကံကြမ္မာ ကြောင်းကျိုးဆက်နွယ်မှုများ ဝေဝါးနေသဖြင့် ထိုကျင့်ကြံသူများ၏ မျက်နှာကို ကျုံးရှန်တစ်ယောက် သဲကွဲစွာမမြင်ရချေ။ သူတို့၏ တိုက်ခိုက်မှုကြောင့် တောင်တန်းများစွာ ပြိုလဲသွားပြီး မြေအောက်အနက်ပိုင်းမှ မြေလွှာများ ပေါ်ထွက်လာသည်ကိုသာ မြင်တွေ့နေရသည်။ ထိုအချိန်တွင်မိစ္ဆာသန္ဓေသား ပေါ်ထွက်လာ၏။
မိစ္ဆာသန္ဓေသားသည် နိုးထရန် အချိန်ကျရောက်သဖြင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူ၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် ထိုနေရာတွင် တိုက်ခိုက်နေကြသည့်ကျင့်ကြံသူများအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။ သူတို့အားလုံးသည် မိစ္ဆာသန္ဓေသားထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် ဆိုးယုတ်သည့် အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် တိုက်ပွဲကို ခေတ္တရပ်တန့်လိုက်ကြသည်။
ကျင့်ကြံသူများသည် မိစ္ဆာသန္ဓေသား၏ အနီးသို့ ဆင်းသက်လိုက်ကြကာ သူတို့ထဲမှ တစ်ဦးသည် အံ့ဩငေးမောနေသောအကြည့်များဖြင့် နိုးထတော့မည့် မိစ္ဆာသန္ဓေသားကို လက်ဖြင့် ထိတွေ့လိုက်သည်။ သို့သော် ခဏချင်းအတွင်း၌ပင် ထိုသူ၏ သွေးသားစွမ်းအင်များ အားလုံး မိစ္ဆာသန္ဓေသား၏ စုပ်ယူခြင်းခံလိုက်ရကာ ခြောက်ကပ်နေသော အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက်တွင် မိစ္ဆာသန္ဓေသားသည် ထိုကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်၌ နိုးထလာ၏။
ယခုကျုံးရှန်၏ ရင်ခွင်ထဲ၌ ရှိနေသကဲ့သို့ပင် ဆိုးယုတ်မှုနှင့် မိစ္ဆာသင်္ကေတများ အားလုံး နှလုံးသားထဲသို့ စုစည်းသွားကာ ကြည်လင်သော မျက်လုံးအစုံဖြင့် နိုးထလာခြင်းဖြစ်သည်။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သူတို့ရှေ့ရှိအနှီ မိစ္ဆာသန္ဓေသားသည် လူတစ်ဦး၏သွေးသားစွမ်းအင်အားလုံးကိုခြောက်သွေ့အောင် စုပ်ယူပစ်သည်ကို မြင်တွေ့ထားပြီးဖြစ်သဖြင့် မည်သူမျှ အနားမကပ်ရဲကြချေ။ သူတို့သည်ယင်းကို ကပ်ဘေးတစ်ခုအဖြစ် မှတ်ယူလိုက်ကြကာ နည်းလမ်းမျိုးစုံကို အသုံးပြု၍ မိစ္ဆာကလေးငယ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
ထိုတိုက်ခိုက်မှုများသည် မိစ္ဆာကလေးငယ်ကို ထိခိုက်မှုမပေးနိုင်သော်လည်း ကလေးငယ်လေးသည် မြောက်မြားစွာသောသက်ရှိများ၏ ရန်လိုစွာတိုက်ခိုက်မှုကို ခံလိုက်ရသည်။ မိစ္ဆာကလေးငယ်လေးသည် ပြန်လည် တိုက်ခိုက်ခြင်းမရှိဘဲ သူတို့၏ တိုက်ခိုက်မှုများကို ငြိမ်ခံနေခဲ့ကာ သနားစဖွယ် အဆက်မပြတ် ငိုကြွေးနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ တိုက်ခိုက်သူများ ပိုမို များပြားလာသည်။
ဂိုဏ်းကြီးအချို့သည် အင်အားအလုံးအရင်းဖြင့်ပင် ရောက်ရှိလာကြကာ အစွမ်းထက်သော အစီအရင်များဖြင့် မိစ္ဆာကလေးငယ်ကို အပြင်းအထန် တိုက်ခိုက်နေကြသည်။နောက်ဆုံးတွင် တိုက်ခိုက်မှုတစ်ခုသည် မိစ္ဆာကလေးငယ်ကို နာကျင်စေခဲ့ကာ သူ၏ နှလုံးသားသည် ပြင်းထန်စွာ ကျုံ့သွားပြီး နှလုံးသားထဲတွင် သိမ်းဆည်းထားသော ဆိုးယုတ်သည့် စွမ်းအားများ အားလုံး ပေါက်ကွဲထွက်လာလေသည်။