အခန်း (၃၄၇-၃၄၈)
Vol. 35 Ch. 347-348
အပိုင်း (၃၄၇)
ဆိုးယုတ်မှုအရှိန်အဝါများသည် မိစ္ဆာကလေးငယ်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ ကြည်လင်နေခဲ့သော သူ၏မျက်လုံးအစုံသည် မည်းနက်သွား၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် မိစ္ဆာသင်္ကေတများ ပေါ်ပေါက်လာကာ ရုတ်တရက် မတ်တပ်ထရပ်၍ ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့နောက် မြင်ကွင်းများ တဖန် ပြောင်းလဲသွားပြန်သည်။
ထိုမြင်ကွင်းတွင် ကောင်းကင်နှင့် မြေကြီးသည် ပျက်စီးနေကာ အလောင်းများ တောင်ပုံရာပုံ ဖြစ်နေပြီး သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည်။ လူ့ယဉ်ကျေးမှုအားလုံး ဖျက်ဆီးခံလိုက်ရပြီး မဟာကမ္ဘာကြီးသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားကာ ကောင်းကင်တာအိုလည်း ပျက်သုဉ်းသွားလေသည်။ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် သေခြင်းနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
သက်ရှိတို့၏ အသက်ဓာတ်များ အားလုံး ချုပ်ငြိမ်းသွားကာ ကမ္ဘာတစ်ခုလုံး မီးခိုးရောင် သေခြင်းတရားများဖြင့် ဖုံးလွှမ်းနေသည်။ ထိုအချိန်တွင် အသက် ၆ နှစ်အရွယ်ခန့် ရှိသည့် မိစ္ဆာကလေးငယ်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ အလယ်ဗဟို၌ ရပ်နေခဲ့သည်။ ထို့နောက်တွင် သူသည် ပိုင်ရွှီနယ်မြေ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
ထိုသည်မှာ ကျုံးရှန် တွက်ချက်တွေ့ရှိလိုက်သော မိစ္ဆာသန္ဓေသားလောင်း၏ အနာဂတ် ဖြစ်သည်။ ထိုပုံရိပ်များထဲတွင် ကျုံးရှန် ကိုယ်တိုင် ပါဝင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်တာအိုခန္ဓာကို ကျင့်ကြံအောင်မြင်ထားသဖြင့် သူနှင့် ပတ်သက်သည့် ကံကြမ္မာနှင့် အကြောင်းအကျိုးများအားလုံးကို မည်သူမျှ တွက်ချက်နိုင်ခြင်းမရှိပေ။
ထိုအနာဂတ်သည် ကျုံးရှန်မရှိခဲ့လျှင် ဖြစ်ပေါ်လာမည့် အနာဂတ်ဖြစ်ကာ မိစ္ဆာသန္ဓေသား နိုးထလာပြီးနောက်တွင် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးကို ဖျက်ဆီးပစ်မည့် အကျိုးဆက် ဖြစ်သည်။
"ဟူး...ထွေးပွေ့မှုလေးတစ်ခုပေးရုံနဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စကို..."
ကျုံးရှန်သည် အတွေးများကို ရုပ်သိမ်းလိုက်ကာ သူ၏ ရင်ခွင်ထဲမှ လိမ္မာလွန်းလှသော မိစ္ဆာကလေးငယ်ကို ငုံ့ကြည့်လိုက်သည်။ ဆိုးယုတ်သော စွမ်းအားများ အားလုံး အပြင်သို့ ထွက်မလာခြင်းသည် မိစ္ဆာကလေးငယ်၏ ဗီဇတုန့်ပြန်မှုအရ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ကျုံးရှန်သာ ကောင်းမွန်စွာ သင်ကြားပြသပေးမည်ဆိုပါက မိစ္ဆာကလေးငယ်သည် ဆိုးယုတ်သော စွမ်းအားများကို သူ၏စိတ်ဆန္ဒအတိုင်း ထိန်းချုပ်လာနိုင်ပေလိမ့်မည်။
အထူးသဖြင့် ကျုံးရှန်၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်ကို ကျင့်ကြံစေမည်ဆိုပါက လူသားတို့၏ စိတ်နှလုံးအတွင်းမှ တိုးတက်လိုသော စွမ်းအားများကို ထုတ်ယူကာ ဆိုးယုတ်သော စွမ်းအားများနှင့် ပေါင်းစပ်စေနိုင်မည်ဖြစ်သည်။ ထိုအခါ အင်အားအကြီးမားဆုံးသော စိတ်နှလုံးစွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သဖြင့် မိစ္ဆာကလေးငယ်သည် အနာဂတ်တွင် အကန့်အသတ်မရှိ ကြီးထွားလာပေလိမ့်မည်။ ထို့ပြင် ပုံတူ မိစ္ဆာကလေးငယ်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးရှိ အစစ်အမှန် မိစ္ဆာသန္ဓေသားနှင့် မူလဇစ်မြစ် တူညီနေ၏။
ထို့ကြောင့်ကျုံးရှန်အနေဖြင့် ယခုကလေးငယ်ကို သူ၏ အတွေးအခေါ်များ သင်ကြားပေးကာ ပြုစုပျိုးထောင်ပေးပြီး သူ ကြီးပြင်းလာပါက မျိုးစေ့တစ်ခုအဖြစ် အသုံးချ၍ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးရှိ အစစ်အမှန် မိစ္ဆာသန္ဓေသားနှင့် တစ်သားတည်း ပေါင်းစပ်သွားစေမည် ဖြစ်သည်။ ထိုအခါ တစ်ကမ္ဘာလုံးရှိ ဆိုးယုတ်မှုများ၏ အစုအဝေးကို အချိန်တိုအတွင်းပင် ထိန်းချုပ်နိုင်ပေလိမ့်မည်။
ကျုံးရှန်သည် အတွေးများစွာဖြင့်စဥ်းစားပြီးနောက်တွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်။
"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ဒုတိယမြောက် တပည့်ပဲ"
"ငါ့ရဲ့ ပထမဆုံးတပည့်က ရွေ့ဝူတီ... သူ့ကို ကံကောင်းပြီး အနှိုင်းမဲ့ပုဂ္ဂ်ိလ်တစ်ဦးဖြစ်လာစေချင်လို့ အဲဒီနာမည် ပေးခဲ့တာ"
"မင်းကိုတော့... ရှန်ဝူရှန်း လို့ နာမည်ပေးမယ်"
"မင်းက ဆိုးယုတ်မှုတွေကြားက မွေးဖွားလာတာ မှန်ပေမဲ့... အဲဒီဆိုးယုတ်မှုကို ထိန်းချုပ်ပြီး ကောင်းမြတ်တဲ့သူ... လူသားတွေအတွက် အကျိုးပြုတဲ့သူ ဖြစ်လာစေဖို့ ငါ မျှော်လင့်တယ်"
ကျုံးရှန်သည် တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
မိစ္ဆာကလေးငယ်သည် ကျုံးရှန်၏ စကားကို နားလည်ပုံရကာ သူ၏ လက်ကလေးများကို လှုပ်ယမ်းပြီး မပီမသအသံလေးဖြင့်တုန့်ပြန် လေသည်။ ကျုံးရှန်သည် ကလေးကစားစရာ ပလုတ်တုတ်လေးကို သူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သစ်သားပြားတစ်ခုကို ထုတ်ယူကာ လက်ချောင်းဖြင့် ရှန်ဝူရှန်း ဟူသော စာလုံးသုံးလုံးကို ထွင်းလိုက်သည်။
ထိုနာမည်ပြားကို အနီရောင်ကြိုးလေးဖြင့် သီကုံးကာ ကလေးငယ်၏ လည်ပင်းတွင် ဆွဲပေးလိုက်၏။ ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ကမ္ဘာငယ်တစ်ခုကို ဖန်တီးလိုက်ကာ သက်ရှိများ၊ တိရစ္ဆာန်ငယ်များနှင့် ပန်းမန်သစ်ပင်များကို ဖြစ်ပေါ်လာစေပြီး ခြံဝင်းငယ်လေးတစ်ခုကိုလည်း တည်ဆောက်လိုက်သည်။
ယင်းနောက် ရှန်ဝူရှန်းကို ထိုကမ္ဘာငယ်အတွင်းသို့ခေါ်ဆောင်သွားကာ သူ၏ မူလစွမ်းအားတစ်စိတ်တစ်ပိုင်းဖြင့် ကိုယ်ပွားတစ်ခု ဖန်တီးပြီး ရှန်ဝူရှန်းကို ပြုစုစောင့်ရှောက်ရန်နှင့် သင်ကြားပြသရန်အတွက်ထားရှိခဲ့သည်။ ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက်တွင် ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်ကို ဆက်လက် စူးစမ်းရှာဖွေလိုက်ပြန်သည်။သတ္တမအထပ်တစ်ထောင်ကိုစူးစမ်းရှာဖွေခြင်းသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ လျှို့ဝှက်ချက်အားလုံးကို သိရှိနိုင်မည့် အဖိုးတန်သော အခွင့်အရေးပင် ဖြစ်၏။
အမှန်စင်စစ်တွင် ငရဲငယ် တွင်လည်း ထိုကဲ့သို့ ရှာဖွေနိုင်ရန် အခွင့်အရေးရခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဟွာထျန်းနှင့် ကျုံးရှန်တို့၏ တိုက်ပွဲကြောင့် ငရဲငယ်သည် ပျက်စီးသွားခဲ့ရသည်။ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်အတွင်း၌ ကျုံးရှန်သည် ရတနာများနှင့် ရှေးဟောင်း အပျက်အစီးနေရာပေါင်း ရာနှင့်ချီ၍ တွေ့ရှိခဲ့က ထိုအရာများသည် ပုံစံအမျိုးမျိုး ရှိကြသည်။
အထူးသဖြင့် ကျုံးရှန်သည် သိပ္ပံနှင့် နည်းပညာ ထွန်းကားသော ကမ္ဘာမှ ထွက်ပေါ်လာသည့် ထူးဆန်းသော ပုံစံရှိသည့် ပျံသန်းရေးယာဉ်ငယ်တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ရလေသည်။ ထို့ပြင် ရတနာအများစုသည် ရှေးဟောင်းနေရာများမှ အပိုင်းအစများ ဖြစ်သဖြင့် ကျုံးရှန် တစ်ခါမျှ မမြင်ဖူး၊ မကြားဖူးသည့် ယဉ်ကျေးမှုများ၏ အကြွင်းအကျန်များစွာ ပါဝင်နေသည်။ ထိုအထဲ၌ ကြယ်များ၏ အပိုင်းအစများလည်း ရှိနေကာ ထိုကြယ်အပိုင်းအစများသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးပေါ်ရှိ ကြယ်များ မဟုတ်ဘဲ ဟင်းလင်းပြင်အတွင်းရှိ ကမ္ဘာများစွာ၏ အပိုင်းအစများ ဖြစ်ကြသည်။
သို့ဖြစ်ရာ ရှေးဟောင်းနေရာ အပိုင်းအစ အများစုသည် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်၏ပြင်ပမှ ရောက်ရှိလာခြင်း ဖြစ်ပြီး ကျုံးရှန်၏ စွမ်းအားဖြင့်ပင် ယင်းတို့၏ ဝေးကွာလှသောနေရာရှိဇစ်မြစ်ကို တွက်ချက်ရန် ခက်ခဲလှသည်။ ထိုအချက်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးသည် မတူညီသော ကမ္ဘာများ ၊ ဟင်းလင်းပြင်လမ်းကြောင်းများ ဆုံစည်းရာ နေရာတစ်ခု ဖြစ်ကြောင်း ထပ်မံသေချာစေသည့် သက်သေတစ်ခု ဖြစ်သည်။ သို့မဟုတ်ပါက ထိုမျှ ထူးဆန်းသော အရာများအားလုံး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတည်ရှိရာနေရာသို့ ကျရောက်လာမည် မဟုတ်ချေ။
ကျုံးရှန် ကိုယ်တိုင် အပါအဝင် အခြားသော ကမ္ဘာကူးပြောင်းလာသူများ ထိုနေရာသို့ ရောက်လာခြင်းသည်လည်း ထိုအချက်ကြောင့်ပင် ဖြစ်နိုင်သည်။ ကျုံးရှန်သည် မိစ္ဆာသန္ဓေသားလောင်း အပြင် စိတ်ဝင်စားစရာကောင်းသော အခြား သက်ရှိများကိုလည်း တွေ့ရှိခဲ့ကာ ဖီးနစ်ဥများနှင့် နဂါးဥများပင် ပါဝင်နေသည်။ ထိုအရာများသည် စစ်မှန်သော နတ်ဘုရားသားရဲများ၏ အနွယ်အဆက်များ ဖြစ်ကြသည်။
ယင်းတို့သည် သက်ရှိတို့၏စိတ်နှလုံးအတွင်းရှိ ဆိုးယုတ်မှုများမှ ပေါက်ဖွားလာသော မိစ္ဆာသန္ဓေသားလောင်းလောက် အစွမ်းထက်ခြင်းမရှိသော်လည်း အလွန် ထူးခြားသည့် ဖြစ်တည်မှုများ ဖြစ်ကြသည်။ ထိုဥများကို စုဆောင်းကာ အကောင်ပေါက်အောင် ပြုစုပျိုးထောင်မည်ဆိုပါက ဂိုဏ်း၏ အစွမ်းထက်ဆုံးသော အစောင့်အရှောက် သားရဲများ ဖြစ်လာပေလိမ့်မည်။ ဖီးနစ်သွေး အနည်းငယ်သာ ရှိသော ရွှယ်ဖုန်းအာပင်လျှင် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်တွင် ရှိနေသည်ဆိုပါက စစ်မှန်သော ဖီးနစ်တစ်ကောင် နိုးထလာသောအခါ လောကကြီးကို အုပ်စိုးနိုင်မည်မှာ မလွဲဧကန်ဖြစ်သည်။
ကျုံးရှန်သည် ထိုရတနာများကို တစ်ခုချင်းစီ လိုက်လံသိမ်းဆည်းကာနေရာများကိုအတိအကျမှတ်သားခဲ့သည်။ သတ္တမအထပ်တစ်ထောင်ကမ္ဘာရှိ အရာအားလုံးသည် ပုံတူများ ဖြစ်ကြသော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ အစစ်အမှန်ရတနာများနှင့် မူလဇစ်မြစ် တူညီကြသဖြင့် အနာဂတ်တွင် ထိုရတနာများကို သိမ်းယူသောအခါ များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ သို့သော်လည်း နှစ်သန်းပေါင်းများစွာ ကုန်လွန်သွားပြီ ဖြစ်သဖြင့် ရာနှင့်ချီသော ထိုရတနာများထဲမှ မည်မျှကျန်ရှိနေသေးမည်ကို ကျုံးရှန် မသိရချေ။
အများစုသည် နှစ်ကာလများစွာအတွင်း ကျင့်ကြံသူများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရပေလိမ့်မည်။ သို့သော်လည်း ထိုကိစ္စသည် အရေးကြီးခြင်းမရှိပေ။ အကြောင်းမှာယခုဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ငယ်၌ ရရှိခဲ့သော အတွေ့အကြုံများကြောင့် အနာဂတ်တွင် အစစ်အမှန်ရတနာများနှင့် တွေ့ဆုံရပါက အလွယ်တကူ သိမ်းယူနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျုံးရှန်သည် မည်သည့် ရတနာကိုမျှ လက်လွတ်မခံဘဲ ပုံတူရတနာအားလုံးကို သိမ်းဆည်းရန် ဆုံးဖြတ်လိုက်ကာ ၃လခန့်ကုန်လွန်သွားသည်။ သူသည် ထို၃လအတွင်း ပုံတူရတနာ အားလုံးကို သိမ်းယူခဲ့ကာ တစ်ခုချင်းစီ၏ ထူးခြားချက်များနှင့် ဇစ်မြစ်များကို လေ့လာခဲ့သည်။ ထိုအရာများ၏ လျှို့ဝှက်ချက်အားလုံးကို သူ အပြည့်အဝ နားလည်သွားခဲ့ကာ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်ပါက ထိုရှေးဟောင်းနေရာများနှင့်ရတနာ အစစ်အမှန်များကို စတင်ရှာဖွေပေတော့မည်။
အကယ်၍ ရတနာအားလုံးကိုသာ စုဆောင်းနိုင်မည်ဆိုပါက ကြီးမားသော အင်အားအထောက်အပံ့တစ်ခု ဖြစ်လာပေလိမ့်မည်။ ဥပမာအားဖြင့် ချင်းထျန်းတောင်ထွတ်အောက်ရှိ ကမ္ဘာဦးနဂါးနန်းတော်နံရံသည် အနှိုင်းမဲ့ ကာကွယ်ရေးရတနာတစ်ခု ဖြစ်သည်။ ကျုံးရှန် ကိုယ်တိုင်အတွက် လိုအပ်ခြင်းမရှိသော်လည်း သူ၏ သူတော်စင်ကမ္ဘာကို ကာကွယ်ရန်အတွက် အသုံးချမည်ဆိုပါက အလွန် ထိရောက်ပေလိမ့်မည်။
ယင်းသည် နဂါးနန်းတော်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း အလွန် အစွမ်းထက်လှသည်။ အတိုချုပ်ပြောရလျှင် ၃လကြာရှာဖွေမှုအတွင်း ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်တစ်ခုလုံးကို အောက်ခြေအထိ မွှေနှောက်ရှာဖွေခဲ့ကာ လျှို့ဝှက်ချက်အားလုံးကို သိရှိခဲ့ပြီ ဖြစ်သည်။ ယခုသိမ်းယူခဲ့သောရတနာများသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး စတင် ဖြစ်တည်စအချိန်တွင် ပိုင်ရွှီနယ်မြေ၏ ဖရိုဖရဲ ဟင်းလင်းပြင်အတွင်းမှ ကျရောက်လာသော အပိုင်းအစများ ဖြစ်ကြသည်။
ထိုအချိန်က ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးပေါ်ရှိ သက်ရှိများသည် အလွန် အစွမ်းနိမ့်ကျလှသဖြင့် ထိုရတနာ အပိုင်းအစများကို မတွေ့ရှိခဲ့ကြချေ။ နှစ်ပေါင်းများစွာအတွင်း ထိုအရာများသည် မြေလွှာများအောက်တွင် ဖုံးလွှမ်းသွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရတနာများသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ အရှိန်အဝါနှင့် ကံကြမ္မာ ကြောင်းကျိုးဆက်နွယ်မှုများ ရရှိခဲ့သဖြင့် သဘာဝအလျောက် ဖြစ်တည်နေသော အစီအရင်များအောက်တွင် ပုန်းကွယ်နေခဲ့ကြသည်။
ယခုအခါတွင်မူ ပြင်းထန်သော တိုက်ပွဲများကြောင့် မြေမျက်နှာသွင်ပြင် ပျက်စီးသွားမှသာ ထိုရတနာများ၏ အရိပ်အယောင်ကို မြင်တွေ့နိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက ထျန်းယွမ် အဆင့်ရှိသော ကျင့်ကြံသူများပင်လျှင် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အသေးစိတ် စစ်ဆေးနိုင်စွမ်း ရှိမည် မဟုတ်ချေ။ ထို့ကြောင့် ကျုံးရှန်သည် သတ္တမအထပ်တစ်ထောင်ကမ္ဘာဖြစ်သည့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ငယ်အတွင်း၌ အလွန် ကြီးမားသော အခွင့်အရေးကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုအချက်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ၏ စွမ်းအားမှာ ထျန်းယွမ်အဆင့်ထက် များစွာ သာလွန်နေကြောင်း သွယ်ဝိုက်၍ သက်သေပြနေ၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်နှင့် ငရဲငယ်တို့ကို ပုံတူဖန်တီးနိုင်ရန်မှာ ထိုကမ္ဘာနှစ်ခုလုံးကို အပြည့်အဝ စစ်ဆေးနိုင်မည့် စွမ်းအားရှိသောဖြစ်တည်မှုတစ်ခု ဖြစ်ရပေမည်။
အပိုင်း (၃၄၈)
ကျုံးရှန်သည် အထပ်အမြင့်များဆီသို့ ပို၍တက်လှမ်းလာသည်နှင့်အမျှ သူ ထိတွေ့ရသော ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်သည် ပိုမိုနက်ရှိုင်းကာ နားလည်ရ ခက်ခဲလာသည်ဟု ခံစားရသည်။ မျှော်စင်၏ ဖိအားများသည် ယခုအချိန်တွင် သူ၏ ကောင်းကင်တာအိုခန္ဓာကို လုံးဝဟန့်တားနိုင်ခြင်းမရှိတော့ချေ။ ကောင်းကင်တာအိုခန္ဓာသည် ရုပ်ပိုင်းဆိုင်ရာ၏ အမြင့်ဆုံးအဆင့်တွင် ရှိနေကာ ထာဝရ တည်တံ့သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယင်းခန္ဓာကိုယ်ဖြင့် မည်သည့်နေရာမဆို အတားအဆီးမရှိ သွားလာနိုင်ပေသည်။ သို့သော်လည်း ကျုံးရှန်တွင် ထိုခန္ဓာကိုယ်နှင့်လိုက်လျောညီထွေရှိသောကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအင်မျိုးရှိမနေပေ။ သူ၏ ဝိညာဉ်စွမ်းအင် နှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အရည်အသွေးတို့သည် သူ၏ ကောင်းကင်တာအိုအဆင့်ခန္ဓာဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအရည်အသွေးနှင့်နှိုင်းယှဉ်ပါက အလွန်နိမ့်ကျနေ၏။
သူ၏ စွမ်းအားနှင့် ဝိညာဉ်သည် မဟာကမ္ဘာအတွင်းရှိ ကျင့်ကြံသူများထက် များစွာ သာလွန်နေသော်လည်း ကောင်းကင်တာအို၏ အဆင့်အတန်းနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသော ကွာဟချက် ရှိနေသေးသည်။ ထိုအချက်ကို ကျုံးရှန်ကိုယ်တိုင်လည်း နားလည်ထားလေသည်။ ထို့ကြောင့်ပင် သူသည် မျှော်စင်ကိုဆက်လက်၍ တက်လှမ်းရန် လိုအပ်နေသေးဟုဆုံးဖြတ်ထားသည်။
ယခုအခါ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ငယ်အတွင်းရှိ အရာအားလုံးကို ရှာဖွေခဲ့ကာ အပျက်အစီးနေရာများနှင့် ရတနာအားလုံးကိုလည်း သိမ်းယူခဲ့ပြီးဖြစ်သည်။ ထိုရတနာများသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးပေါ်ရှိ ရတနာအားလုံး မဟုတ်သော်လည်း အများစု ပါဝင်နေသည်။ မျှော်စင်က ပုံတူကူးယူခဲ့ပြီးနောက်ပိုင်း ကုန်လွန်သွားသော နှစ်ပေါင်း သန်းချီအတွင်း အခြားသော ရတနာများ ထပ်မံရောက်ရှိလာနိုင်သော်လည်း သတ္တမအထပ်တစ်ထောင်ကမ္ဘာသည် ကျုံးရှန်အတွက် များစွာ အကျိုးရှိခဲ့ပေသည်။
ကျုံးရှန်သည် ပုံတူရတနာအားလုံးကို သိမ်းဆည်းပြီးနောက်တွင် နေရာကူးပြောင်းခြင်းတံခါးဆီသို့ လျှောက်လှမ်းသွားကာ သတ္တမအထပ်တစ်ထောင်မှ ထွက်ခွာခဲ့လိုက်သည်။ ထို့နောက်သူသည် အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာရှိသည့် လှေကားထစ်များဆီသို့ ဆက်လက် ဦးတည်တက်လှမ်းလိုက်သည်။ ကောင်းကင်တက်လမ်းခြင်းမျှော်စင်၏လှေကားများကို ဆက်လက်တက်လှမ်းလာသည်နှင့်အမျှ ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုများ ပိုမို ရရှိလာသည်။
ထိုလမ်းစဉ်သည် ဆန်းကြယ်လွန်းလှသဖြင့် ကျုံးရှန်အတွက် စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။ အဓိကအချက်မှာ ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်သည် သူ၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ် နှင့် အနည်းငယ် ဆင်တူနေခြင်းဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်းလမ်းစဥ်သည် ခြေလှမ်းတစ်လှမ်းချင်းစီကို အချိန်ယူ နင်းလျှောက်ပြီး မှန်ကန်သောအရှိန်ဖြင့် တည်ငြိမ်စွာ အထက်သို့ ဆန်တက်ရသည်။
ကြိုးစားသလောက် အကျိုးရလဒ်ကို ခံစားရကာ တိုးတက်ခြင်း၏ သဘောတရားများ ကိန်းအောင်းနေသည်။ ခြေလှမ်းတစ်လှမ်းချင်းစီကို တောင်ကြီးတစ်လုံးကဲ့သို့ တုန်လှုပ်မှုမရှိခိုင်မာမြဲမြံစွာဖြင့် လျှောက်လှမ်းရသည်။ ထိုခရီးစဉ်သည် ခရုတစ်ကောင်ကဲ့သို့ နှေးကွေးနိုင်သော်လည်း မိမိ၏ ပန်းတိုင်ဆီသို့ ယိုင်လဲပြိုကျခြင်းမရှိဘဲ ခိုင်မာသောဇွဲ ၊ မလျော့သောလုံ့လတို့ဖြင့်လျှောက်လမ်းခြင်းကို ကိုယ်စားပြုသည်။
မည်သည့် အရာမဆို စိတ်နှလုံးကို ဖျားယောင်းသိမ်းသွင်းနိုင်ခြင်းမရှိဘဲ ကောင်းကင်၏ အထွတ်အထိပ်သို့ ရောက်သည်အထိ တက်လှမ်းရခြင်း။
ထိုသည်မှာ ဇွဲလုံ့လ၏လမ်းစဉ် ဖြစ်သကဲ့သို့ ဖြောင့်မတ်မှန်ကန်သူတို့လျှောက်လမ်းရာလမ်းစဉ်တစ်ခုလည်း ဖြစ်သည်။
ထိုလမ်းစဉ်နှင့် နှိုင်းယှဉ်ပါကကျုံးရှန်၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်သည် ပိုမို ရဲတင်းပြတ်သားလှ၏။ ယင်း၌ လူသားတို့၏ အကန့်အသတ်မရှိ ထက်သန်သော တိုးတက်လိုစိတ်များ ကိန်းအောင်းနေသည်။
လူသားဆန်သော တိုးတက်လိုမှု။
စစ်မှန်သောအကန့်အသတ်မဲ့သည့် အလားအလာများ။
ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း လမ်းစဉ်သည် စိတ်နှလုံးအတွင်းရှိ မဆုတ်မနစ်သော ဇွဲ ၊ ထက်သန်သည့် လုံ့လ တို့ကို အစဉ်တစိုက် ဖော်ထုတ်ရခြင်း ဖြစ်သည်။ မည်သူမျှ ထိုစိတ်ဓာတ်ကို မဖိနှိပ်နိုင်ချေ။ ကောင်းကင်တာအိုပင်လျှင် လူသားတို့၏ စိတ်နှလုံးကို ချုပ်ကိုင်နိုင်ခြင်းမရှိဘဲ ရည်မှန်းချက်ကြီးစွာဖြင့် တိုးတက်လိုသော ထိုစိတ်ဓာတ်ကို မတားဆီးနိုင်ပေ။
ထိုသည်မှာ အနိုင်မခံအရှုံးမပေးသော လူသားတို့၏ စိတ်ဝိညာဉ် လမ်းစဉ်ပင်ဖြစ်သည်။ အဆုံး မရှိ၊ ပြန်လမ်း မရှိဘဲ ကောင်းကင်ထက် ခြေတစ်လှမ်း သာလွန်သည်အထိ ကြိုးစားရခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်သည် ကျုံးရှန်အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ပေသည်။
ခြေလှမ်းတစ်လှမ်းချင်းစီမှ နက်ရှိုင်းသောသဘောတရားများသည် သူ၏ ကိုယ်ပိုင် တာအိုလမ်းစဉ်အတွင်းရှိ အစွန်းရောက်သော အစိတ်အပိုင်းများကို မျှတသွားစေကာ သက်ရှိအားလုံး ကျင့်ကြံနိုင်သော အဆင့်အထိ ပြီးပြည့်စုံသွားစေလေသည်။
အကောင်းဆုံးသော ကျင့်စဉ်နည်းစနစ်ဆိုသည်မှာ တာအိုလမ်းစဉ် ဖြစ်သည်။ ယင်းသည် ယိမ်းယိုင်ပြိုလဲခြင်းမရှိသော အမှန်တရားတစ်ခု ၊ သက်ရှိအားလုံး အတူတကွ လျှောက်လှမ်းနိုင်ရမည့်လမ်းစဉ်ဖြစ်သည်။ ထို့နောက် သက်ရှိအားလုံး၏ ကျင့်ကြံမှု အတွေ့အကြုံများမှတစ်ဆင့် မတူညီသောအနှစ်သာရများကို ထုတ်ယူကာ ထိုအမှန်တရားကို ပိုမို ကောင်းမွန်အောင် ပြုပြင်ရမည်။
ထိုသည်မှာ ကျုံးရှန်၏ အန္တိမ ပန်းတိုင် ဖြစ်သည်။ သူသည် သူ၏ တာအိုလမ်းစဉ်ကို အမှန်တရားတစ်ခုအဖြစ် ပြောင်းလဲပစ်ကာ သက်ရှိအားလုံးကို ထိုလမ်းစဉ်အား ကျင့်ကြံစေပြီး စစ်မှန်သော လွတ်မြောက်မှုကို ရရှိစေလိုသည်။ သူကိုယ်တိုင်မှာမူ သက်ရှိအားလုံးထံမှ အတွေ့အကြုံများကို စုစည်းကာ သူ၏ လမ်းစဉ်ကို အစဉ်တစိုက် မြှင့်တင်သွားမည် ဖြစ်သည်။
သက်ရှိအားလုံး၏ အတွေ့အကြုံများကို အသုံးချကာ မည်သူမျှ မရောက်ဖူးသော အမြင့်သို့ တက်လှမ်းခြင်း။
ထိုသည်မှာ သက်ရှိအားလုံး၏ စုပေါင်းအင်အားဖြင့် ကျင့်စဉ်တစ်ခုကို ဖော်ထုတ်ရန်ကြိုးစားခြင်း ဖြစ်၏။ ထိုလမ်းစဉ်သည်သာ လောက၏ အစွမ်းထက်ဆုံးသော လမ်းစဉ် ထာဝရ တည်တံ့သော လမ်းစဉ်နှင့် ယဉ်ကျေးမှုအသစ်ကို တည်ဆောက်နိုင်ပေလိမ့်မည်။ ကျုံးရှန်တစ်ယောက် ထိုကဲ့သို့ ကြီးမားသော သိမြင်မှု ရရှိခြင်းသည် နဂါးမဲ့နှလုံးသားကျင့်စဉ် အပေါ် နားလည်မှုကြောင့်လည်း ပါဝင်ပေသည်။
သို့သော်လည်း သူသည်နဂါးမဲ့နတ်ဘုရားဘုရင်၏ လမ်းဟောင်းကို လျှောက်လှမ်းနေခြင်း မဟုတ်ချေ။ နဂါးမဲ့နတ်ဘုရားဘုရင်၏ လမ်းစဉ်သည် မူလကပင် အဆုံးမရှိသော လမ်းစဉ် ဖြစ်သဖြင့် သူသည် ထိုလမ်းစဉ်တွင်အရှေ့သို့ အနည်းငယ် ပိုရောက်နေခြင်းသာ ဖြစ်သည်။ ထိုလမ်းစဉ်၏ အဆုံးသတ်မှာ မည်သည့်နေရာဖြစ်သည်ကို မည်သူမျှ မသိနိုင်ပေ။
ကျုံးရှန်သည် မိမိ၏ အတွေးအခေါ် ၊ မိမိ၏ နည်းလမ်းဖြင့်သာ ထိုလမ်းမကြီးပေါ်သို့ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ကျုံးရှန်၏ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အထက်သို့တက်လှမ်းနေသောခြေလှမ်းများသည် ရပ်တန့်ခြင်း မရှိသကဲ့သို့ သူ၏ စိတ်အာရုံသည်လည်း အဆက်မပြတ်တွေးတောနေလေသည်။ လှေကားထစ်တစ်ထစ် တက်ပိုပြီးမြင့်တက်လာတိုင်းတွင် သူ၏ တက်လှမ်းခြင်းလမ်းစဉ်အပေါ် သိမြင်မှုများလည်း တစ်ဆင့် ပိုမြင့်လာသည်။
ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်အပေါ် နားလည်မှု ပိုမို နက်ရှိုင်းလာကာ အတွေးအမြင်အသစ်များစွာ ရရှိလာခြင်းဖြစ်သည်။ ထိုသိမြင်မှုများကို ထပ်မံ သန့်စင်ကာ သူ၏ တာအိုလမ်းစဉ်အတွင်းသို့ ဖြည့်ဆည်းလိုက်သည်။ ထိုအခါ သူ၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်သည် ပိုမို၍ပင်ပြီးပြည့်စုံလာ သည်။
သူသည် ထိုကဲ့သို့ စိတ်နှစ်ကာ ကျင့်ကြံနေခြင်းမှ သတိပြန်ဝင်လာလျှင် အဋ္ဌမအထပ်တစ်ထောင်၏ နေရာကူးပြောင်းခြင်းတံခါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် အရည်အသွေးသည်လည်း စစ်မှန်သော နဂါးအဆင့်၏ ပထမအလွှာသို့ မြင့်တက်သွားခဲ့ပြီ ဖြစ်၏။ စစ်မှန်သော နဂါးအဆင့်ဝိညာဉ် စွမ်းအားသည် မွေးရာပါ သူတော်စင်များသာ ပိုင်ဆိုင်နိုင်သည့် စွမ်းအားမျိုး ဖြစ်ပေသည်။
သို့သော်လည်း ကျုံးရှန်မှာမူ ပါရမီ၏ အတားအဆီးကို စောစီးစွာကပင် ချိုးဖျက်ထားခဲ့ပြီး ဖြစ်သည်။ ယခုအခါ မျှော်စင်၏ စွမ်းအင်မှုန်များကို အသုံးချကာ သူ၏ စွမ်းအားကို စစ်မှန်သောနဂါးအဆင့် ပထမအလွှာ သို့ ရောက်ရှိသွားလေသည်။ ထိုသည်မှာ ကောင်းကင်တာအိုအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်း နီးကပ်သွားခြင်းပင် ဖြစ်၏။
ထို့ကြောင့် သူ၏ အစွမ်းသည် သိသိသာသာ တိုးတက်လာခဲ့ကာ အားနည်းချက်များကို ဖြည့်ဆည်းလိုက်နိုင်သဖြင့် သိသာထင်ရှားစွာပင် ပိုမို မြင့်မားလာသည်။
ကျုံးရှန်သည် သူ၏ ရှေ့ရှိ တံခါးကို ကြည့်ကာ စိတ်ထဲမှ အကြမ်းဖျင်း ခန့်မှန်းပြီးနောက် တံခါးအတွင်းသို့ ဝင်ရောက်လိုက်သည်။ အချိန်နှင့် အာကာသများ အဆက်မပြတ် တွန့်လိမ်ပြောင်းလဲသွားပြီးနောက် ကျုံးရှန်သည် အလွန် စည်ကားလှသော မြို့တစ်မြို့အတွင်းသို့ ရောက်ရှိသွားသည်။
ပတ်ဝန်းကျင်၌ လူများသည် တိုးမပေါက်အောင် များပြားနေကာ လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများတွင်လည်း ကုန်သည်များနှင့် ဈေးဝယ်သူများ အဆက်မပြတ် ဝင်ထွက်နေကြသည်။ ထိုအထဲတွင် ထူးခြားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဓားများကို လွယ်ထားသည့် အစွမ်းထက်သော ကျင့်ကြံသူများကို မြင်တွေ့နိုင်ပေသည်။ သူတို့အားလုံးသည် တက်ကြွလန်းဆန်းကာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြ၏။
ယခုမြို့သည် အလွန်ပင် ထူးခြားလှသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းခေတ်၏ ယဉ်ကျေးမှုနှင့် သိပ္ပံနည်းပညာ ယဉ်ကျေးမှုတို့ ရောယှက်နေသည့် လက္ခဏာများ ရှိနေသောကြောင့်ဖြစ်သည်။ ကောင်းကင်ယံတွင် ငွေရောင် သတ္တုပျံသန်းရေးယာဉ်များ နှင့် ကျင့်ကြံသူများ၏ ရတနာများကို စီးနင်း ဖြတ်သန်းသွားလာနေသော မြင်ကွင်းများ ရှိနေသည်။
မြို့အတွင်း၌ ရှေးခေတ်ဗိသုကာလက်ရာရှိသော အဆောက်အအုံများအပြင် ကြည်လင်သော မှန်ပြတင်းပေါက်များစွာ တပ်ဆင်ထားသည့် မိုးမျှော်တိုက်ကြီးများကိုလည်း မြင်တွေ့နေရသည်။ ထိုသည်မှာ လေးထောင့်ကျကျ တည်ဆောက်ထားသော အစစ်အမှန် မိုးမျှော်တိုက်ကြီးများပင် ဖြစ်သည်။ ထို့ပြင် ကျုံးရှန်သည် လူအုပ်အတွင်း၌ ယခင်ဘဝမှ စက်ရုပ်လူသား နှင့် ဆင်တူသော သတ္တုဝတ်စုံများကို ဝတ်ဆင်ထားသည့်သူများကိုလည်းတွေ့ရှိခဲ့ရလေသည်။
"စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ္ဘာပဲ"
သူသည် မျက်မှောင်ကြုတ်ကာ နွေးထွေးသော အပြုံးဖြင့် ရေရွတ်လိုက်သည်။
သူ၏ ပုံစံကို ချက်ချင်း ပြောင်းလဲလိုက်ကာ စာပေပညာရှင် လူငယ်တစ်ဦးအသွင်ဖြင့် လူအုပ်အတွင်းသို့ ရောနှောဝင်ရောက်လိုက်လေသည်။
"ညီအကိုကျန်း... ကြားပြီးပြီလား... အစိုးရရဲ့ ကျင့်ရှန်းဌာန ပိုင်တဲ့ ကုန်သွယ်ရေးအသင်းက လူသားနဂါးဝတ်စုံ ဆိုတဲ့ ပစ္စည်းအသစ်ကို ထုတ်လိုက်ပြီတဲ့"
"အဲဒါကို ဝတ်လိုက်တာနဲ့ တစ်ခဏအတွင်းနိယာမနယ်ပယ် ၁၈ အဆင့်ဖြစ်တဲ့ ရွှေအမြုတေအဆင့်အစွမ်းကို ရနိုင်တယ်ဆိုပဲ" ကျုံးရှန်၏ ရှေ့တွင်လျှောက်လှမ်းနေသော လူငယ်နှစ်ဦးသည်အပြန်အလှန်စကားပြောဆိုနေသည်။ သူတို့၏ ကျင့်ကြံမှုသည် နိယာမနယ်ပယ် ၉ အဆင့်တွင် ရှိကြကာ ပုဆိန်ကြီးကို လွယ်ထားသော လူငယ်မှ စတင် ပြောလိုက်ခြင်း ဖြစ်သည်။
"အဲဒီအကြောင်း သိပြီးသားပါ လူသားနဂါးဝတ်စုံက ကောင်းတော့ ကောင်းပါတယ်"
"ဒါပေမဲ့ ဈေးကြီးလွန်းတယ်...ကျုပ်တို့လိုလူတွေ ဝယ်နိုင်တဲ့အရာ မဟုတ်ဘူး"
"တွက်ကြည့်ရရင် နိယာမနယ်ပယ် ၁၄ အဆင့်ရှိတဲ့ မိစ္ဆာအကောင် ၂၀ လောက်ကို သတ်နိုင်မှ အဲဒီဝတ်စုံကို ဝယ်နိုင်မှာလေ"
"ကျုပ်တို့က အခုမှ အဆင့် ၉ ပဲ ရှိသေးတာပဲ ဝယ်ဖို့ မဖြစ်နိုင်သေးပါဘူး"
စာပေပညာရှင် ဝတ်စုံနှင့် လူငယ်သည် သက်ပြင်းချကာ ပြန်ပြောလိုက်သည်။ ထိုအခါ ပုဆိန်လွယ်ထားသော လူငယ်သည် မတူညီသောခေါင်းစဉ်ကို ပြောင်း၍ ပြောလာသည်။
"ငါတို့ အစိုးရအကယ်ဒမီမှာ သင်ပေးတဲ့ လူသားနဂါးလက်သီး ကို ကျင့်နေတာ အတန်ကြာပြီ... တကယ်ကို နက်ရှိုင်းတဲ့ နည်းစနစ်ဆိုတာ လက်ခံပါတယ်...ဒါပေမဲ့ကွာ...အဲ့လက်သီးသိုင်းရဲ့ တိုးတက်မှုက မိစ္ဆာနယ်မြေတွေ ပေါ်လာတဲ့ အရှိန်ကို မမီဘူးဖြစ်နေတယ်"
"အခုဆို နီကျိုးပြည်နယ်ထဲက အနန္တမိစ္ဆာပင်လယ်မှာရှိတဲ့ ပထမအလွှာမိစ္ဆာနယ်မြေတွေ အကုန် ပွင့်ကုန်ပြီလေ"
"အဆင့်နိမ့် မိစ္ဆာတွေက အပြင်မထွက်ရဲကြတော့တဲ့အတွက် ငါတို့ သတ်ဖို့ မိစ္ဆာတွေကလည်း နည်းသထက် နည်းလာပြီ"
"ကြားတာတော့ ထျန်းကုန်းအဖွဲ့အစည်း မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်ဆိုပဲ"
"ဥပမာ မျိုးရိုးဗီဇဆေးရည်ပေါ့...အဆင့် ၁ မျိုးရိုးဗီဆဆေးရည်ကတောင် နိယာမ ၃ အဆင့် အစွမ်းမျိုး ရနိုင်တယ်တဲ့"
"အဆင့် ၆ ဆေးရည်ကိုသာ ဝယ်နိုင်ရင် နိယာမနယ်ပယ် ၁၈ အဆင့် အစွမ်းကို ရနိုင်မှာပဲ"
"အဓိကအချက်က အဲဒီဆေးရည်ဈေးနှုန်းက လူသားနဂါးဝတ်စုံရဲ့ ၁၀ ပုံ ၁ ပုံပဲ ရှိတာ.... ငါတို့သာသေချာ ကြိုးစားမယ်ဆိုရင် ဝယ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်"
ထိုလူငယ်သည် ထျန်းကုန်းအဖွဲ့အစည်းကို အလွန် အထင်ကြီးနေပုံရပေသည်။
သို့သော်လည်း စာပေပညာရှင် ဝတ်စုံနှင့် လူငယ်သည် ခေါင်းယမ်းလိုက်၏။
"ညီအကိုယွမ်... ခင်ဗျား အဲဒီလို ပြောလို့ မရဘူး"
"ထျန်းကုန်းအဖွဲ့အစည်းရဲ့ မျိုးရိုးဗီဇဆေးရည်က ဈေးပေါပေမဲ့ အားနည်းချက်က အလွန်ကြီးတယ်"
"အဓိကအချက်က အဲဒါကို သောက်ပြီးရင် ခန္ဓာကိုယ်က လုံးဝ ပြောင်းလဲသွားပြီး သွေးကြောနဲ့ စွမ်းအင်ပင်လယ်တွေ အကုန် ပျက်စီးသွားတာပဲ.. နောက်ထပ် ကျင့်စဉ်တွေ ကျင့်လို့ မရတော့ဘူး"
"အဆင့်တက်ချင်ရင် ထျန်းကုန်းအဖွဲ့အစည်းဆီက အဆင့်မြင့်ဆေးရည်တွေကိုပဲ ဆက်တိုက် ဝယ်နေရတော့မှာ... ဒါက ရေရှည်လမ်းစဉ် မဟုတ်ဘူးလေ"
"ကျုပ်တို့လို လူတွေက ခြေလှမ်းမှန်မှန်နဲ့ ဖြေးဖြေးခြင်း ကျင့်ကြံသင့်တယ်... အနည်းဆုံးတော့ ကိုယ့်ရဲ့ တိုးတက်မှုကို ကိုယ့်လက်ထဲမှာပဲ ထိန်းချုပ်ထားနိုင်တာပေါ့"
စာပေပညာရှင်၏ စကားကို ကြားသောအခါ ပုဆိန်လွယ်ထားသော လူငယ်လည်း ခေါင်းညိတ်လိုက်လေသည်။
"မင်း ပြောတာမှန်တယ်...ကောင်းပြီ မြန်မြန်သွားကြစို့"
"ဒီနေ့က အကယ်ဒမီမှာ ဟောပြောပွဲရှိတဲ့နေ့ပဲ...ငါတို့နောက်ကျလို့ မဖြစ်ဘူး"
ထိုသို့ပြောပြီးနောက် လူငယ်နှစ်ဦးသည် ခြေလှမ်းကို အရှိန်မြှင့်ကာ ထွက်သွားကြသဖြင့် နောက်တွင် ရှိနေသော ကျုံးရှန်နှင့် ဝေးကွာသွားကြတော့သည်။