← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 35 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 35 Ch. 349-350

အပိုင်း (၃၄၉)

ကျုံးရှန်သည် သူတို့နှစ်ဦး၏ စကားကို စိတ်ရှည်စွာ နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိ၏။

'နဂါးမဲ့နှလုံးသားကျင့်စဉ်... နဂါးတံဆိပ်...' 'နဂါးမဲ့နတ်ဘုရားဘုရင် ဂူချန်ရှာ...'

'ငါ နားလည်သွားပြီ...ဒါက အကန့်အသတ်မဲ့ကုန်းမြေတိုက်ကြီးကနေ ခွဲမထွက်ရသေးခင်က ရှန့်ကျိုးပြည်နယ် ပဲ'

ကျုံးရှန်တစ်ယောက် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ယခင်က အကန့်အသတ်မဲ့ကုန်းမြေတိုက်ကြီးသည် ရှန်ကျိုးပြည်နယ်ခွဲထွက်သွားပြီးနောက်တွင် အလွန် ကျယ်ပြောသော လူ့လောကကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယခု သူ ရောက်နေသည့် နေရာမှာ အကန့်အသတ်မဲ့ကုန်းမြေတိုက်ကြီး မဖြစ်ပေါ်ခင်က ရှန်ကျိုးပြည်နယ်ပင် ဖြစ်သည်။ ထိုအချိန်တွင် ရှန်ကျိုးပြည်နယ်၏ ကောင်းကင်နှင့် မြေကြီးသည် တည်ငြိမ်မှု မရှိသေးဘဲ လူသားမျိုးနွယ်များသည် မိစ္ဆာဘေးအန္တရာယ်ကို အချိန်မရွေး ရင်ဆိုင်နေရသည်။

ကံကောင်းသည်မှာ ဂူချန်ရှာ ဦးဆောင်သော ကျင့်ရှန်းဌာနသည် အခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အခြေအနေများသည် ရှုပ်ထွေးနေကာ မိစ္ဆာနယ်မြေများသည် ဆက်လက်ပေါ် ပေါက်လာနေဆဲဖြစ်သည်။ ကျုံးရှန်ရောက်ရှိနေသောနေရာသည် နဂါးမဲ့နတ်ဘုရားဘုရင်၏ အင်အားစတင်ကြီးထွားလာခဲ့သော နေရာ ဖြစ်သလို နောက်ပိုင်းတွင် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်အတွင်းသို့ ကျရောက်လာမည့် အလယ်ပိုင်းဗဟိုနယ်မြေတစ်ဖြစ်လည်း ရှန့်ကျိုးပြည်နယ် ဖြစ်သည်။

'ကောင်းကင်တက်လှမ်းခြင်းမျှော်စင်က ရှန့်ကျိုးပြည်နယ်အသေးစားလေးကိုတောင် ပုံတူကူးထားနိုင်တာပဲ'

ယခု အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာ၏ စွမ်းအားမှာ မူလရှန့်ကျိုးပြည်နယ်ကို မမီနိုင်သော်လည်း မျှော်စင်၏ ထူးခြားချက်အရ မူလဇစ်မြစ်ပိုင်းဆိုင်ရာ အချက်အလက်အချို့ကိုမူ အမှန်တကယ် ပုံဖော်ထားနိုင်ပေလိမ့်မည်။ ကျုံးရှန် အမျှော်လင့်ဆုံး အရာသည် အဋ္ဌမအထပ်ကမ္ဘာ မဟုတ်ဘဲ နဂါးမဲ့နတ်ဘုရားဘုရင် ဂူချန်ရှာပင် ဖြစ်သည်။ အကယ်၍ ယခုနေရာ၌ ပုံစံတူ ဂူချန်ရှာ တစ်ဦးရှိနေပြီး မူလဂူချန်ရှာ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းမျှသာ ပါဝင်နေမည်ဆိုပါလျှင်လည်း ထိုသူသည် အနှိုင်းမဲ့သော အနေအထားတွင် ရှိနေလိမ့်မည်။

ဂူချန်ရှာ သို့မဟုတ် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံသည် ကမ္ဘာသစ်ကို ဖွင့်လှစ်ပေးခဲ့ကာ ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲပေးခဲ့သည်။ သူသည်မဖြစ်နိုင်သော အရာများစွာကို ဖြစ်ပေါ်စေခဲ့သူပင် ဖြစ်၏။ အကယ်၍ ကျုံးရှန်အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှ ပုံစံတူဖန်တီးထားသည့်ဂူချန်ရှာနှင့် တွေ့ဆုံခွင့်ရမည်ဆိုပါက ကြီးမားသော ကံကြမ္မာတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ကျုံးရှန်သည် ဂူချန်ရှာနှင့်တွေ့ဆုံရန် အလွန်ပင် မျှော်လင့်နေမိသည်။ သို့သော်လည်း သူသည် အလောတကြီးဖြစ်ခြင်းမရှိချေ။ ယခုအချိန်တွင် နဂါးမဲ့နှလုံးသားကျင့်စဉ်သည် အပြီးသတ် မပေါ်ပေါက်သေးသော်လည်း ကျင့်ရှန်းဌာန၏ အတွေးအခေါ်နှင့် ပြည်သူများကြားတွင် ပြန့်နှံ့နေသည့် အာဏာအရှိန်အဝါသည် သိသာထင်ရှားနေပြီ ဖြစ်သည်။

ထိုသည်မှာ နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ကျုံးရှန်သည်နဂါးမဲ့နှလုံးသားကျင့်စဉ် မပေါ်ပေါက်ခင်က အခြေအနေများကို တွေ့ကြုံနေရခြင်း ဖြစ်၏။ ယင်းမှတစ်ဆင့် သူသည် နဂါးမဲ့နှလုံးသားကျင့်စဉ်ဖြစ်ပေါ်လာပုံသမိုင်းကို မိမိ ကိုယ်တိုင်တွေ့ကြုံခံစားကာ ထိုကျင့်စဉ်၏စစ်မှန်သော အမှန်တရား ၊ ဖန်တီးမှုအဆင့်ဆင့်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ထိုအတွေ့အကြုံများသည်နဂါးမဲ့နှလုံးသားကျင့်စဉ်ကို တိုက်ရိုက် လေ့လာရခြင်းထက်ပင် ပိုမို တန်ဖိုးရှိလှပေသည်။

'စိတ်ဝင်စားဖို့တော့ကောင်းလာပြီ'

'ဒီနေ့ ကျင့်ရှန်းအစိုးရအကယ်ဒမီမှာ ဟောပြောပွဲရှိတယ်ဆိုတော့ ငါလည်း သွားပြီး နားထောင်ကြည့်ရတာပေါ့'

ကျုံးရှန်သည် ပြုံးလိုက်ကာ လူအုပ်နှင့်အတူ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလိုက်လေသည်။

သူသည် တစ်မြို့လုံးကို သူ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရှုခြင်းမရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဂူချန်ရှာကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ်မျိုးသည် သူကဲ့သို့ပုံမှန်မဟုတ်သောတည်ရှိမှုကို ရုတ်တရက် သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ပုံစံတူပင် ဖြစ်လင့်ကစား ကျုံးရှန်သည် အနှီဂူချန်ရှာကိုလျှော့တွက်ရဲခြင်းမရှိပေ။

ယခုအချိန်၌ အခြေအနေကို သေချာ မသိရသေးဘဲ ဂူချန်ရှာနှင့် ထိပ်တိုက်တွေ့ဆုံပါက မလိုလားအပ်သော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပေသည်။ သူသည် လူအုပ်နှင့်အတူ အကယ်ဒမီဆီသို့ လျှောက်လှမ်းခြင်းမှ သတင်းစကားများစွာကိုလည်း နားစွင့်နေခဲ့သည်။ ယခု သူ ရောက်နေသည့် နေရာသည် ရှန့်ကျိုးပြည်နယ် ယုံအင်ပါယာ၏ မြို့တော်ဟောင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။

ဤနေရာသည် တစ်ချိန်က ရှန့်ကျိုးပြည်နယ်၏ ကံကြမ္မာ အကောင်းဆုံးနေရာ ဖြစ်သလို ဂူချန်ရှာ ကြီးပြင်းခဲ့သည့် နေရာလည်း ဖြစ်သည်။ ထို့အပြင် နန်းတော်ဟောင်း တည်ရှိရာနေရာလည်း ဖြစ်သည်။ ထိုအချိန်ကရှန့်ကျိုးပြည်နယ်တွင် ဂူချန်ရှာထက်ပင် ပိုမို အစွမ်းထက်သော ပါရမီရှင်တစ်ဦး ရှိခဲ့သည်။

ထိုသူသည် ဂူထရှန်း ဖြစ်ကာ ဂူချန်ရှာ၏ ဖခင်တစ်ဖြစ်လည်း ယုံအင်ပါယာကို တည်ထောင်ခဲ့သည့် ဧကရာဇ် ဖြစ်၏။ ဂူချန်ရှာ၏ အောင်မြင်မှု အများစုသည် သူ၏ ဖခင်၏ လမ်းညွှန်မှုများနှင့် မကင်းပေ။ ဂူထရှန်းသည် ထိုလောက၏ စစ်မှန်သော ဖောက်ပြန်သည့်ဖြစ်တည်မှု တစ်ခု ဖြစ်သည်။

သူသည် တာအိုလမ်းစဉ်၏ အထွတ်အထိပ်ကို ရောက်ရှိရန် မည်သည့်အရာကိုမဆို စတေးနိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ ထိုကဲ့သို့ရူးသွပ်သော ကြိုးစားမှုကြောင့်လည်း လောကကြီးတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဂူထရှန်းသည် ဂူချန်ရှာ၏ အကူအညီဖြင့် အကန့်အသတ်မဲ့ကောင်းကင်တာအိုနှင့် ပေါင်းစပ်သွားခဲ့ပြီး ထူးခြားသော ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့သည်။

ကျုံးရှန်တစ်ယောက် အဘယ်ကြောင့် ထိုအကြောင်းများကို သိရှိနေသနည်း။

ယခင်က ကျုံးရှန်တစ်ယောက် နဂါးမဲ့နှလုံးသားကျင့်စဉ် ကို ရရှိခဲ့ပြီးနောက် တစ်နေ့တွင် နဂါးတံဆိပ် အမည်ရှိ စာအုပ်တစ်အုပ်ကို နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်မှ ရရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုစာအုပ်ထဲတွင် နဂါးမဲ့နတ်ဘုရားဘုရင်၏ အကြောင်းအရာ အများစုကို ရေးသားထားကာ ရှန့်ကျိုးခေတ်၏ မြင်ကွင်းများကို အသေးစိတ် ဖော်ပြထားသည်။ သူသည် လူအုပ်နောက်မှ လိုက်လာခဲ့ကာမကြာခင်တွင် ကျင့်ရှန်းအစိုးရအကယ်ဒမီ၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။

ထိုနေရာတွင် ပညာသင်ကြားလိုသူများ အလွန်များပြားလှသဖြင့် အကယ်ဒမီ၏အတွင်း၌ ထိုင်ရန် နေရာပင်မရှိတော့ချေ။ ကံကောင်းသည်မှာ တစ်စုံတစ်ရာကို အသုံးပြုကာ ကောင်းကင်ယံတွင် ကြီးမားသော အလင်းမျက်နှာပြင်တစ်ခုကို ဖန်တီးပေးထားခြင်း ဖြစ်၏။ ထိုမျက်နှာပြင်တွင် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ပေါ်လာကာ လူသားနဂါးလက်သီး ၏ အနှစ်ချုပ်များကို အသေးစိတ် သရုပ်ပြ သင်ကြားပေးနေသည်။

လူတိုင်းသည် ထိုလက်သီးနည်းစနစ်အပေါ်တွင် စိတ်ဝင်တစား နားထောင်နေကြသည်။ လူသားနဂါးလက်သီးသည် နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အခြေခံအကျဆုံး ကနဦး ပုံစံ ဖြစ်သည်။ ယင်းကို ကျင့်ကြံခြင်းဖြင့် လူတစ်ဦး၏ ပါရမီကို မြှင့်တင်နိုင်ကာ အမြင့်ဆုံးအနေဖြင့် မွေးရာပါ သူတော်စင်အဆင့်အထိ ရောက်ရှိနိုင်သည်။

ပြီးပြည့်စုံသော နဂါးမဲ့နှလုံးသားကျင့်စဉ်ကဲ့သို့ လူသားတိုင်းကို လောက၏ ဖောက်ပြန်သောဖြစ်တည်မှုများ အဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသေးသော်လည်း ကျုံးရှန်သည် ထိုသင်ကြားမှုများကို ဂရုတစိုက် နားထောင်ခြင်းမှ သိမြင်မှု များစွာရရှိနေလေသည်။ အနှီလူသားနဂါးလက်သီးသည် အခြေခံအားဖြင့် ဟုန်ဟောင်နဂါးတံခါးမှ ဆင်းသက်လာခြင်း ဖြစ်ကာ လျှို့ဝှက်နဂါးကျင့်စဉ်မှ ခွဲထွက်လာသည့် ပညာရပ်တစ်ခု ဖြစ်သည်။

နဂါးမဲ့နတ်ဘုရားဘုရင် ဂူချန်ရှာသည် ဗုဒ္ဓ၏ နက်နဲသော ဉာဏ်အလင်းအနှစ်သာရများ၊ ရှန့်ကျိုးပြည်နယ်၏ နံပါတ်တစ် မိစ္ဆာပညာရပ်ဖြစ်သော ရှန့်ကျိုးမဟာနည်းစနစ်၊ ကောင်းကင်နတ်ဆိုးစာအုပ်အတွင်းရှိ နတ်ဆိုးမျိုးနွယ်တို့၏ ထူးခြားဆန်းကြယ်သော ကျင့်စဉ်အနှစ်သာရများ၊ ပုကျိုးဧကရာဇ်၏ ပုကျိုးလမ်းစဉ်တို့နှင့် သူကိုယ်တိုင် နားလည်သဘောပေါက်ထားသော ကောင်းကင်ပြင်ဆင်ခြင်းလမ်းစဉ်၊ ကောင်းကင်တော်လှန်ခြင်းလမ်းစဉ် စသည့် များပြားလှသော ကျင့်စဉ်များ၏ အတွေးအခေါ်အနှစ်သာရများကို စုစည်းပေါင်းစပ်ကာ ထုတ်ဖော်ထားခဲ့ခြင်း ဖြစ်ပေသည်။

ထိုသည်ကို နဂါးမဲ့နှလုံးသားကျင့်စဉ်၏ ကနဦးပုံစံဟု ဆိုနိုင်သည်။ နဂါးမဲ့နှလုံးသားကျင့်စဉ်သည် သက်ရှိအားလုံး အတူတကွ ပူးပေါင်းဖော်ထုတ်ကာ ပြီးပြည့်စုံအောင် ပြုလုပ်ထားသည့် ယဉ်ကျေးမှုဆိုင်ရာ ပုံကြမ်းတစ်ခု ဖြစ်၏။ ဂူချန်ရှာသည် ထိုပုံကြမ်းကို ရေးသားသူဖြစ်ပြီး မည်သို့ အလုပ်လုပ်သည်ကို စောင့်ကြည့် လေ့လာသည့် အခန်းကဏ္ဍတွင်ပါဝင်သည်။

နဂါးမဲ့နှလုံးသားကျင့်စဉ်သည် သက်ရှိအားလုံးအတွက် ကြီးမြတ်သောကျင့်စဉ်တစ်ခုဖြစ်သည်။ သက်ရှိတို့၏ စိတ်နှလုံးသည် အလွန် သေးငယ်သောဖြစ်တည်မှုများမှ မြစ်ဖျားခံသည်ဟု ဆိုနိုင်သော်လည်း ယင်း၌ အနန္တသော ပြောင်းလဲမှုများ၊ စုံလင်လှသော အရောင်အသွေးများနှင့် အကန့်အသတ်မဲ့ ဖြစ်နိုင်ချေများ ကိန်းအောင်းနေသည်။ လောကရှိ အချိန်နှင့် ဟင်းလင်းပြင်သည် အလွန်ပင် ကျယ်ပြောလှ၏။

လောကအတွင်း၌ ကမ္ဘာများစွာ အသင်္ချေအနန္တရှိဖြစ်ပေါ်တည်ရှိနေသည်။ အကန့်အသတ်မဲ့ကမ္ဘာများ၏ အောက်တွင် မဟာကမ္ဘာများ ရှိကာ မဟာကမ္ဘာများ၏ အောက်တွင် အထပ်လတ်တစ်ထောင်ကမ္ဘာများ ရှိသည်။ အထပ်လတ်တစ်ထောင်ကမ္ဘာများ၏ အောက်တွင် အထပ်ငယ်တစ်ထောင်ကမ္ဘာငယ်များ ရှိကာ ထိုကမ္ဘာငယ်များ၏ အောက်၌ မြေမှုန်ကမ္ဘာများနှင့် သူတော်စင်ကမ္ဘာများ ရှိနေပြန်သည်။

ထိုသူတော်စင်ကမ္ဘာများသည် မြေမှုန်အဆင့်မှသည် မဟာကမ္ဘာအဆင့်အထိ အစဉ်တစိုက် တိုးတက်ပြောင်းလဲနိုင်စွမ်းရှိ လေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ထျန်းယွမ်အဆင့်သို့ ရောက်ရှိသွားပါက မိမိ၏ ကိုယ်ပိုင် အကန့်အသတ်မဲ့ကမ္ဘာကို စတင် တည်ဆောက်နိုင်လိမ့်မည်ဖြစ်ကာ ထိုကမ္ဘာများတွင် အသိဉာဏ်ရှိသော သက်ရှိများ မွေးဖွားလာနိုင်သည်။ ထို့နောက် သက်ရှိများ၏ စိတ်နှလုံးအတွင်း၌ ထူးခြားသော အတွေးအခေါ်များ ပေါ်ထွက်လာကာ ထိုတောက်ပသော အလင်းပွင့်များသည် အထွတ်အထိပ်သို့ ရောက်ရှိမည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ထပ်မံ ပေါ်ထွက်လာရန် အခွင့်အရေးများဖန်တီးလာပေလိမ့်မည်။

ထိုသည်မှာ မြက်ခင်းပြင်အတွင်း ဖုံးကွယ်နေသော မီးပွားလေးများကဲ့သို့ပင် မှန်ကန်သောအခြေအနေသို့ရောက်ရှိပါက တစ်လောကလုံးကို လောင်ကျွမ်းစေနိုင်သည့် အစွမ်းသတ္တိများ ရှိနေ၏။

နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အစွမ်းအထက်ဆုံးအချက်မှာ ယင်းကို လူတစ်ဦးတစ်ယောက်တည်းမှ ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ မရေမတွက်နိုင်သော လူသားများ၊ မရေမတွက်နိုင်သော နှစ်ကာလများနှင့် များပြားလှသော ပြောင်းလဲမှုများ၊ အတွေ့အကြုံများ၊ ခံစားချက်များကို စုစည်းထားခြင်း ဖြစ်သည်။ လူသားအားလုံး၏ စိတ်နှလုံးစွမ်းအားကို ပြီးပြည့်စုံစွာ အသုံးချကာ အမြင့်ဆုံးသော အခြေအနေသို့ တွန်းပို့ခြင်းမှ ပေါင်းစပ်ဖြစ်တည်လာသောကျင့်စဉ် ဖြစ်သည်။ သို့ဖြစ်ရာ နဂါးမဲ့နှလုံးသားကျင့်စဥ်တွင်ပါဝင်သော အဓိကကျသည့် အသင်္ချေသောအတွေ့အကြုံများ ၊ နှစ်ကာလများပေါင်းစည်းမှုမှ ဖြစ်ပေါ်လာဟောအတွေးအခေါ်သည် အလွန်ပင် တန်ဖိုးရှိလှပေသည်။

တစ်စုံတစ်ယောက်သည် မည်မျှပင် အစွမ်းထက်စေကာမူ ထိုသူ ဖော်ထုတ်လိုက်သည့် ကျင့်စဉ်သည် လုံးဝ ပြီးပြည့်စုံသည်ဟု မဆိုနိုင်ချေ။ သက်ရှိအားလုံးသည် တစ်ဦးချင်းအနေဖြင့် အားနည်းနိုင်သော်လည်း သူတို့ တစ်ဦးချင်းစီ၌ ထူးခြားသော အချက်များ ရှိကြသည်။ ထိုအချက်များကို ပေါင်းစည်းကာ ဟာကွက်အားလုံးကို ဖြည့်ဆည်းပေးခြင်းသာလျှင် စစ်မှန်သော ပြီးပြည့်စုံမှုကို ရရှိနိုင်မည်ဖြစ်သည်။

'ဒီကမ္ဘာလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ...'

'ဒါက ပုံတူကူးထားတာဆိုပေမဲ့ ဒီကမ္ဘာထဲက ဂူချန်ရှာကတော့ သူ့ရဲ့ စီမံကိန်းတွေအတိုင်း ဆက်ပြီး လှုပ်ရှားနေတုန်းပဲ...'

'တကယ်လို့ ဒီရှန့်ကျိုးအသေးစားလေးကို ဘာမှမလုပ်ဘဲ ဒီအတိုင်းလွှတ်ထားမယ်ဆိုရင် ဒီထဲက ပုံတူဂူချန်ရှာနဲ့ ကျင့်ရှန်းဌာနက နောက်ဆုံးမှာ ဒီကမ္ဘာအပြင်ဘက်ကို ကျော်လွန်သွားပြီး ပြင်ပက အချိန်စီးကြောင်းတွေကိုတောင် သက်ရောက်မှုရှိလာနိုင်မလားဆိုတာ ငါ တကယ်ကို သိချင်မိတယ်...' 'နောက်ထပ် ဒုတိယမြောက် နဂါးမဲ့နတ်ဘုရားဘုရင်တစ်ပါး ပေါ်လာတာတောင်ဖြစ်နိုင်မလားပဲ...'

ကျုံးရှန်၏ စိတ်အတွင်း၌ မြောက်မြားစွာသောအတွေးများပြေးလွှားနေသည်။

နဂါးမဲ့နတ်ဘုရားဘုရင်သည် အလွန်ပင် အစွမ်းထက်လှ၏။ အဌမအထပ်တစ်ထောင်ကမ္ဘာသည် ရှန့်ကျိုးပြည်နယ် ပုံတူကမ္ဘာဖြစ်သော်လည်း ထိုအချိန်က ရှန့်ကျိုး၏ မူရင်းဇစ်မြစ်အနှစ်သာရတစ်စိတ်တစ်ပိုင်း ပါဝင်နေခြင်းသည် အလွန် ကြီးမားသော ကိစ္စ ဖြစ်သည်။ ထိုသည်မှာ မျိုးစေ့တစ်စေ့ကို ရရှိလိုက်ပြီး သင့်လျော်သော ပတ်ဝန်းကျင်၌ လွတ်လပ်စွာ ကြီးထွားခွင့်ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

ထိုမျိုးစေ့သည် ကောင်းမွန်စွာရှင်သန်ကြီးထွားလာပါက တစ်ချိန်တွင် ကောင်းကင်အထိ မြင့်မားသော သစ်ပင်ကြီးတစ်ပင် ဖြစ်လာနိုင်လေသည်။ သို့သော်လည်း အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာငယ်သည် အလွန်ပင် ဆန်းကြယ်လှသော်လည်း ထိုခေတ်က ရှန့်ကျိုးပြည်နယ်၏ အခြေအနေအားလုံးကိုတော့ ပုံဖော်နိုင်ခြင်း မရှိသေးချေ။ဥပမာအားဖြင့် ထျန်းယွမ် အဆင့်ထက် ကျော်လွန်သည့် ဂူထရှန်း သို့မဟုတ် အကန့်အသတ်မဲ့ကောင်းကင်တာအို ကဲ့သို့သော ဖြစ်တည်မှုမျိုး ကို ပုံစံတူကူးယူနိုင်ခြင်းမရှိ‌ပေ။

အဘယ်ကြောင့်ဆို သော် ထိုဖြစ်တည်မှုနှစ်ခုစလုံးသည် အင်မော်တယ်နယ်ပယ်၏ အဋ္ဌမအဆင့်ဖြစ်သည့် ထာဝရမပျက်စီးနိုင်ခြင်း အခြေအနေတွင် ရှိနေကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် အဌမအထပ်တစ်ထောင်ကမ္ဘာငယ်၏ စွမ်းအားသည် ထျန်းယွမ်အဆင့်အောက်၌သာ ကန့်သတ်တည်ရှိ နေခြင်း ဖြစ်ပေသည်။ ကျုံးရှန်သည် စဉ်းစားတွေးတောခြင်းဖြင့် လူသားနဂါးလက်သီးနည်းစနစ် သင်ကြားမှုကို နားထောင်နေခဲ့ကာ များစွာသော ထိုးထွင်းသိမြင်မှုများကို ရရှိခဲ့သည်။

ရှေးလူတို့ လျှောက်ခဲ့သော လမ်းကို လျှောက်လှမ်းခြင်းသည် ပိုမိုမြင့်မားသောသူ၏ ပုခုံးပေါ်တွင် ရပ်နေရသကဲ့သို့ ဖြစ်သည်။ ထိုခေတ်ကစွမ်းအားကြီးပုဂ္ဂိုလ်များ တွေ့ကြုံခံစားခဲ့ရသော မြင်ကွင်းများကို မြင်တွေ့နေရခြင်းဖြစ်သဖြင့် ယခုအချိန်၌ ကျုံးရှန်အတွက် များစွာ အကျိုးရှိလေသည်။

'ဒီကမ္ဘာငယ်က အဲဒီခေတ်တုန်းက ရှန့်ကျိုးနဲ့ အရပ်လေးမျက်နှာက နယ်မြေတွေကို ပုံဖော်ထားတာပဲ...'

'ဒါပေမဲ့ အကန့်အသတ်မဲ့ ရတနာ ၃၆ ပါး၊ အထွတ်အထိပ်ကောင်းကင်အဆောင်၊ ဟုန်ဟောင်နဂါးတံခါး၊ ဟုန်မွန်သစ်ပင်၊ ဖန်ဆင်းရှင်စနစ်... ဒါတွေအားလုံး ဒီမှာ ပုံတူရှိနေမလားဆိုတာ ငါ တကယ် သိချင်မိတယ်...' ကျုံးရှန်၏ စိတ်အတွင်း၌ ပိုမို၍ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာလေသည်။ သို့သော်လည်း သူသည် အဌမအထပ်တစ်ထောင်ကမ္ဘာတစ်ခုလုံးကို သူ၏ စိတ်အာရုံဖြင့် စစ်ဆေးခြင်းမျိုး မပြုလုပ်ခဲ့ချေ။ ဂူချန်ရှာကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ်မျိုးသည် ပုံတူပင်ဖြစ်လင့်ကစား ဤကမ္ဘာတစ်ခုလုံးကို သူ၏ လက်ဖဝါးထဲတွင် ထည့်ထားနိုင်စွမ်းရှိပေလိမ့်မည်။ ထိုသူ၏ အမြင်သည် ကမ္ဘာငယ်၏ အပြင်ဘက်ကိုပင် မြင်တွေ့နေနိုင်ခြင်းမျိုး ဖြစ်နိုင်သည်။

ထိုကဲ့သို့ခန့်မှန်းချက်မျိုးသည် ကျုံးရှန်တစ်ယောက် ချဲ့ကားကောက်ချက်ချခြင်း မဟုတ်ပါချေ။ အံ့မခန်း ပါရမီရှင်နှင့် ရင်ဆိုင်ရချိန်တွင် ပုံတူဖြစ်နေလျှင်ပင် ကျုံးရှန်အနေဖြင့် ရိုသေလေးစားမှု ထားရှိကာ သတိထား ဆက်ဆံရမည်ဖြစ်သည်။ ယခု သူ၏ ပန်းတိုင်သည် ရှန့်ကျိုးအသေးစားကမ္ဘာလေးအတွင်း လှည့်လည်သွားလာခြင်းမှ သူ၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်းတာအိုလမ်းစဉ်ကို ပိုမို ပြည့်စုံအောင် ပြုလုပ်ရန်သာ ဖြစ်ပေသည်။

အပိုင်း (၃၅၀)

ဟောပြောပွဲသည် သုံးရက်နှင့် သုံးညတိုင်အောင် ကြာမြင့်သွားသည်။ မြို့တစ်မြို့လုံး၏ ကောင်းကင်ယံတွင် အလင်းမျက်နှာပြင်ကြီး ထွန်းလင်းနေကာ မြို့အတွင်းရှိ ဘီလီယံနှင့်ချီသောလူများသည် စိတ်ဝင်တစား နားထောင်နေကြသည်။ ထိုအထဲတွင် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လယ်သမားကြီးများဖြစ်သည့် သာမန်လူသားများပင် ပါဝင်လေသည်။

ကျင့်ကြံခြင်းဟူသည် လူသားနဂါးလက်သီးနည်းစနစ်မှစတင်၍ လူတိုင်းနှင့် သက်ဆိုင်သည့်အရာ တစ်ခုဖြစ်လာခဲ့သည်။ ပါရမီ နိမ့်ပါးလှသည့် သာမန်လူသားများပင်လျှင် လူသားနဂါးလက်သီးနည်းစနစ်ကို ကျင့်ကြံခြင်းဖြင့် နိယာမနယ်ပယ်အတွင်းသို့ ဝင်ရောက်ကာ ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်သည်။ မြို့အတွင်း၌ လူဦးရေ ဘီလီယံနှင့်ချီ၍ ရှိနေခြင်း ဖြစ်၏။

ယုံအင်ပါယာ မြို့ဟောင်းသည် အလွန် ကြီးမားလှသော မဟာမြို့တော်ကြီး ဖြစ်သဖြင့် အကျယ်အဝန်းသည် မိုင်ပေါင်း သန်းနှင့်ချီ၍ ရှိကာ လူဦးရေ ဘီလီယံနှင့်ချီ၍ နေထိုင်နေသည်။ လူဦးရေများပြားလာပြီး မြို့တော် စည်ကားလာသောအခါ ကျင့်ကြံသူများကို ပိုမိုဆွဲဆောင်လာသဖြင့် လူသားနဂါးလက်သီးနည်းစနစ်သည် လူသားများအတွက် ကျင့်ကြံခြင်းနယ်ပယ်အတွင်းသို့ဝင်ရောက်ရန် ဖြတ်လမ်းတစ်ခု ဖြစ်လာခဲ့သည်။ ယခင်က ကျင့်ကြံခြင်း လောကတွင် ကျင့်ကြံရခြင်းသည် အလွန် ခက်ခဲလှကာ မြင့်မားသော ပါရမီ လိုအပ်သကဲ့သို့ အစွမ်းထက်သော ကျင့်စဉ်များလည်း လိုအပ်သည်။

ထို့ကြောင့် လူသားနဂါးလက်သီးနည်းစနစ်ပေါ်ထွက်လာခြင်းသည် ရှန့်ကျိုးပြည်နယ်၏ ကန့်သတ်ချက်အချို့ကို ချိုးဖျက်လိုက်ခြင်း ဖြစ်သည်။ ကျင့်ကြံသူ ဦးရေသည် တစ်ဟုန်ထိုး တိုးပွားလာခဲ့ကာ တစ်နိုင်ငံလုံး ကျင့်ကြံကြသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ထိုအခါ လူသားများသည် သာမန်သေမျိုးတစ်ဦးထက်ပိုလွန်သောအင်အားများကို ပိုင်ဆိုင်လာကြပြီး အဝတ်အစား၊ အစားအစာနှင့် နေထိုင်ရေးတို့အတွက် အချိန်အများကြီး ပေးစရာ မလိုတော့သဖြင့် လူဦးရေ ပေါက်ကွဲလာခြင်းမှာ သဘာဝကျလှပေသည်။

ထို့အပြင် လူသားနဂါးလက်သီးနည်းစနစ် ပြန့်နှံ့သွားခြင်းသည် မျိုးစေ့များ ချလိုက်ခြင်း ဖြစ်သကဲ့သို့ ယုံကြည်မှုအသစ်တစ်ခုကို မွေးဖွားတည်ဆောက်လိုက်ခြင်းလည်း ဖြစ်သည်။ ရှန့်ကျိုးပြည်နယ်တစ်ခုလုံးတွင် လူအများအပြားသည် လူသားနဂါးလက်သီးနည်းစနစ်ကို သင်ယူကြကာ ကျင့်ရှန်းဌာန၏ ယုံကြည်သူများ ဖြစ်လာကြသည်။ သို့သော်လည်း ရှန့်ကျိုးပြည်နယ်၏ အပြင်ဘက်ရှိ အရပ်လေးမျက်နှာ နယ်မြေများသို့မူ လူသားနဂါးလက်သီးနည်းစနစ်သည် ပြန့်နှံ့ခြင်းမရှိသေးချေ။

''စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ...'' ကျုံးရှန်သည် ထပ်မံ၍ ချီးကျူးလိုက်မိသည်။

ဟောပြောပွဲ ပြီးဆုံးသွားနောက် လူအုပ်ကြီးသည် တဖြည်းဖြည်း လူစုခွဲသွား၏။ ထိုအထဲတွင် အသက်ငယ်သော်လည်း ကျင့်ကြံမှု မြင့်မားသည့် ပါရမီရှင်များစွာ ပါဝင်နေကာ ယခင်က တွေ့ခဲ့သော ပုဆိန်လွယ်လူငယ်နှင့် စာပေပညာရှင်လူငယ်တို့ကို ကျုံးရှန်တစ်ယောက် ထပ်မံ တွေ့ရှိလိုက်ရသည်။ ထိုသူနှစ်ဦးသည် နေရာတွင် ရပ်ကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

"ညီအကိုယွမ်... လူသားနဂါးလက်သီး ဟောပြောပွဲလည်း ပြီးသွားပြီ... နောက်တစ်ကြိမ် ဟောပြောပွဲက နောက်ထပ် သုံးလကြာမှ ရှိမှာ..."

"ကျုပ်တို့ ဒီအချိန်အတွင်းမှာ နီကျိုးပြည်နယ်ကို သွားပြီး ကံစမ်းကြည့်ရအောင်လား..."

စာပေပညာရှင် လူငယ်က ပြောလိုက်သည်။

"မင်း ပြောတာ မှန်တယ်... ငါလည်း အဲဒီလိုပဲ တွက်ထားတာဆိုတော့... အခုလောလောဆယ်ငါတို့နဲ့ စိတ်တူကိုယ်တူ ရှိမယ့် အဖော်အချို့ကို ရှာကြရအောင်..."

"အဲ့ကျမှ လူအင်အားတောင့်တင်းလာရင် မိစ္ဆာနယ်မြေ အနက်ပိုင်းအထိ သွားလို့အဆင်ပြေမှာမဟုတ်လား..."

မနီးမဝေးတွင် ရှိနေသော ကျုံးရှန်သည် သူတို့၏ စကားဝိုင်းကို အကုန်လုံး ကြားလိုက်ရသည်။ သူသည် ကိုယ်ခန္ဓာကို တစ်ချက် လှုပ်ယမ်းလျှင် ကျင့်ကြံမှု အဆင့်သည် နိယာမနယ်ပယ် ၁၂ အဆင့်သို့ ပြောင်းလဲသွားကာ သူတို့ရှေ့သို့ လျှောက်သွားလိုက်သည်။ ထို့နောက် ကျုံးရှန်သည် သူ့ဘက်ကစတင်၍ နှုတ်ဆက်လိုက်လေသည်။

''မိတ်ဆွေတို့က မိစ္ဆာနယ်မြေကိုသွားပြီး မိစ္ဆာတွေကို သတ်ဖို့ လုပ်နေကြတာလား...''

''ကျွန်တော်က ကျုံးမိသားစုက ကျုံးကျန်းပါ... ကျွန်တော်လည်း နီကျိုးပြည်နယ်ကို သွားဖို့ လုပ်နေတာဆိုတော့ ခင်ဗျားတို့နဲ့အတူ အဖွဲ့ဖွဲ့ပြီး သွားလို့ ဖြစ်မလား...''

ကျုံးရှန်သည် စိတ်ထဲတွင် ပေါ်လာသည့် နာမည်တစ်ခုကို အလွယ်တကူပြောလိုက်ကာ ကျုံးမိသားစုဝင် တစ်ဦးဖြစ်သည်ဟု ဆိုလျက် သူ၏ အထောက်အထားအတိအကျကို ဖုံးကွယ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ ရှန့်ကျိုးပြည်နယ်သည် ကြီးကျယ်သော ဖွံ့ဖြိုးတိုးတက်မှုခေတ်သို့ ရောက်ရှိနေသဖြင့် မျိုးရိုးအမည် အမျိုးမျိုးရှိသော မိသားစုများစွာ အပြိုင်းအရိုင်း ပေါ်ထွက်နေကာ ကျုံးမိသားစု ဟု အမည်ပေးလိုက်ခြင်းသည် ထင်ပေါ်နေခြင်းမရှိပေ။ ထိုလူငယ်နှစ်ဦးသည် အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ စာပေပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျုံးရှန်ကို မြင်တွေ့လိုက်ရသဖြင့် အလျင်အမြန်နှုတ်ဆက်လိုက်ကြသည်။ သူတို့၏ ကျင့်ကြံမှုသည် နိယာမနယ်ပယ်အဆင့် ၉ ကျောက်စိမ်းခန္ဓာအဆင့်သာ ရှိကြသေးသော်လည်း ကျုံးရှန် ပြသထားသည့် အစွမ်းသည်နိယာမနယ်ပယ်အဆင့် ၁၂ဖြစ်သော ဝိညာဉ်ဖမ်းစားခြင်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကျင့်ကြံခြင်းလောက၌ အစွမ်းထက်သူသည်သာ အဓိက ဖြစ်၏။ သူတို့နှစ်ဦးနှင့် ကျုံးရှန်အကြားတွင် အဆင့် သုံးဆင့်မျှ ကွာဟနေသဖြင့် ကျုံးရှန်သည် သူတို့အတွက် အကြီးအကဲတစ်ဦးကဲ့သို့ပင် ဖြစ်နေတော့သည်။

"စီနီယာကလည်း နီကျိုးပြည်နယ်ကို သွားပြီး စွန့်စားမလို့လား..."

"ကျွန်တော့်နာမည်က ကျန်းရှောင်... ဝူကျိုးပြည်နယ်၊ တန်ဝူမြို့ကပါ..."

"ဒါကတော့ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ယွမ်ရှုံ..."

စာပေပညာရှင် ဝတ်စုံနှင့် လူငယ် ကျန်းရှောင်သည် အလျင်အမြန်ပင်ပြန်၍ မိတ်ဆက်စကားဆိုလိုက်သည်။

"စီနီယာကို ဂါရဝပြုပါတယ်..."

ပုဆိန်လွယ်ထားသော သန်မာသည့် လူငယ် ယွမ်ရှုံကလည်း အလျင်အမြန် ဂါရဝပြုလိုက်လေသည်။ ကျုံးရှန်သည် ဖော်ရွေသော အပြုံးဖြင့် လက်ကို ခါယမ်းလိုက်သည်။

"ငါတို့က အသက်ချင်းလည်း သိပ်ကွာလှတာမဟုတ်တဲ့အတွက်...အရမ်းယဉ်ကျေးနေစရာမလိုပါဘူး"

"ငါ့ရဲ့ ကျင့်ကြံမှုက နည်းနည်း ပိုမြင့်နေတယ်ဆိုပေမဲ့ အခုခေတ်မှာ ကျင့်ကြံရတာက အရင်တုန်းကထက် အများကြီး ပိုလွယ်ကူလာတာပဲလေ..."

"ညီအစ်ကိုတွေလိုပဲ ပေါ့ပေါ့ပါးပါးပြောကြတာပေါ့...ညီလေးကျန်း နဲ့ ညီလေးယွမ်..."

ကျုံးရှန်၏ စကားကို ကြားသောအခါ သူတို့နှစ်ဦးလုံး စိတ်ထဲတွင် ရင်းနှီးမှုများ ဖြစ်ပေါ်လာသည်။ သူတို့ရှေ့ရှိ သက်တူရွယ်တူလူငယ်သည် ကျင့်ကြံမှု မြင့်မားသော်လည်း နှိမ့်ချတတ်သည့် ကိုယ်ရည်ကိုယ်သွေးရှိနေလေသည်။ ယခုခေတ်တွင် ထိုကဲ့သို့ ပါရမီရှင်မျိုးကို တွေ့ရခဲလှ၏။

ကျန်းရှောင် နှင့် ယွမ်ရှုံ တို့သည် နီကျိုးပြည်နယ်သို့ သွားရန်အတွက် အဖွဲ့တစ်ခုထဲသို့ ဝင်ရန် ရည်ရွယ်ထားသူများ ဖြစ်ကြသည်။ ယခုကဲ့သို့ နိယာမနယ်ပယ် အဆင့် ၁၂ ရှိ အစွမ်းထက်သူတစ်ဦးက အဖွဲ့ဝင်ရန် ကမ်းလှမ်းလာခြင်းသည် သူတို့အတွက် အခွင့်အရေးကောင်းပင် ဖြစ်သည်။

"ကောင်းပါပြီ..."

"အစ်ကိုကျုံးက တကယ်ကို ပွင့်လင်းတဲ့သူပဲ..."

"ဒါဆိုရင် ကျုပ်တို့ အဖွဲ့ဖွဲ့ပြီး နီကျိုးပြည်နယ်ကို အတူတူ သွားကြတာပေါ့..." "မိစ္ဆာတွေကို အတူတူသတ်ပြီး ကြွယ်ဝမှုစုဆောင်းကြရအောင်လေ..."

သုံးဦးသား သဘောတူညီမှု ရရှိသွားကြပြီးနောက်တွင် ချက်ချင်းပင် အဖွဲ့ဖွဲ့လိုက်ကာ နီးကျိုးပြည်နယ်သို့ထွက်ခွာရန်ဆုံးဖြတ်လိုက်ကြတော့သည်။

ယုံအင်ပါယာမြို့နေရာမှ နီကျိုးပြည်နယ်သို့ သွားရန်ခရီးသည် အလွန်ဝေးကွာလှ၏။ သူတို့နှစ်ဦး၏ ကျင့်ကြံမှုဖြင့် တိမ်စီးနင်းကာ သွားနိုင်သော်လည်း စွမ်းအင်ကုန်ဆုံးမှု များပြားလှကာ အရှိန်လည်း နှေးကွေးလှလေသည်။ ကံကောင်းသည်မှာ မြို့နယ်တစ်ခုနှင့်တစ်ခု၊ ပြည်နယ်တစ်ခုနှင့်တစ်ခု အကြားတွင် လေဟာနယ်ပျံသန်းရေး လေသင်္ဘော များ ရှိနေခြင်းပင် ဖြစ်သည်။

ထိုလေသင်္ဘောများသည် ဝိညာဉ်ကျောက်တုံးများကို စွမ်းအင်အဖြစ် အသုံးပြုကာ သံမဏိများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သဖြင့် ခေတ်သစ် လေသင်္ဘောများ၏ ကနဦးပုံစံနှင့် ဆင်တူလှသည်။ ထိုလေသင်္ဘောများ၏ အရှိန်သည် နိယာမနယ်ပယ်အဆင့် ၇ ရှိ တိမ်စီးနင်းခြင်းအဆင့်ကျင့်ကြံသူများ၏ ပျံသန်းနှုန်းထက် များစွာ ပိုမိုမြန်ဆန်လှကာ သာမန်ပျံသန်းရေးယာဉ်ပျံများအောက်နိမ့်ကျခြင်းမရှိချေ။ ကျုံးရှန်တို့ သုံးဦးသားသည် လေသင်္ဘောများ ဆိုက်ကပ်ရာ နေရာသို့ လမ်းလျှောက်သွားသည့်တစ်လျှောက်တွင် စကားစမြည် ပြောဆိုနေကြသည်။

ကျုံးရှန်၏ အမြင်နှင့် ဗဟုသုတများသည် သူတို့ထက် များစွာ သာလွန်နေသဖြင့် ကျန်းရှောင် နှင့် ယွမ်ရှုံ တို့မှာ စိတ်ဝင်တစားဖြင့် နားထောင်နေကြသည်။ ကျုံးရှန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားများကို ထိန်းချုပ်ထားကာ ကျင့်ကြံခြင်းဆိုင်ရာ သူ၏သိမြင်နားလည်မှုများကိုလည်း အရမ်းကာရောထုတ်ဖော်ပြောဆိုခြင်းမပြုပေ။ အကယ်၍ သူသာ တာအိုလမ်းစဉ်၏ အနက်ရှိုင်းဆုံး အချက်များကို ထုတ်ပြောလိုက်မည်ဆိုပါက အနှီလူငယ်နှစ်ဦးသည် ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားကာ တစ်ခဏအတွင်း ကျင့်ကြံမှု အဆင့်များစွာ ခုန်တက်သွားနိုင်လေသည်။

သို့သော်လည်း ကျုံးရှန်၏ ပြောဆိုဆက်ဆံပုံနှင့် ဆွဲဆောင်မှုရှိသော ပင်ကိုယ်စရိုက်ကြောင့် ခဏချင်းအတွင်းပင် သူတို့နှစ်ဦးသည် ကျုံးရှန်ကို ကြည်ညိုလေးစားသွားကြတော့သည်။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် လေသင်္ဘောဆိုက်ကပ်သည့်ကွင်းပြင်အတွင်းသို့ ရောက်ရှိသွားချိန်တွင် သူတို့သည် ညီအစ်ကိုအရင်းအချာများကဲ့သို့ ရင်းနှီးသွားကြပြီ ဖြစ်သည်။ ကျုံးရှန်သည် အကြီးဆုံး၊ ကျန်းရှောင်သည် ဒုတိယ နှင့် ယွမ်ရှုံသည် အငယ်ဆုံးအဖြစ် သတ်မှတ်လိုက်ကြ၏။

ကျုံးရှန်သည် သူတို့၏ ဖြူစင်မှုကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ ရှန့်ကျိုးပြည်နယ်ပုံတူကမ္ဘာ၏ အချိန်စီးကြောင်းအရ ယခုအချိန်သည် အေးချမ်းသာယာဆုံးသော နှစ်ကာလများ ဖြစ်ကာ ပြည်သူများသည် ရိုးသားဖြူစင်ကြပြီး တိုးတက်လိုစိတ် ပြင်းပြနေကြသည့် အချိန်ဖြစ်သည်။

လေသင်္ဘောဆိုက်ကပ်ကွင်းသည် မိုင်ပေါင်း သောင်းနှင့်ချီ၍ ကျယ်ဝန်းလှကာ အချိန်တိုင်းတွင် လေသင်္ဘောများမှာ ပြည်နယ်အသီးသီးသို့ ပျံသန်းရန် အတက်အဆင်း ပြုလုပ်နေကြသည်။ ထိုလေသင်္ဘောများသည် ရှန့်ကျိုးပြည်နယ်တစ်ခုလုံးကို အသက်ဝင်စေကာ ကူးသန်းရောင်းဝယ်ရေးနှင့် သွားလာရေးကို ချောမွေ့ လွယ်ကူစေလေသည်။

'ဆန်းကြယ်လိုက်တာ... ဒီရှန့်ကျိုးအသေးစားကမ္ဘာလေးက နဂါးမဲ့ကျင့်စဉ်ရဲ့ ကနဦးဖွံ့ဖြိုးစအချိန်ပဲ ရှိသေးပြီး...လုယက်တိုက်ခိုက်ခြင်းတွေပြည့်နေတဲ့ကျင့်ကြံခြင်း ခေတ်ကာလကနေ လုံးဝ မလွတ်မြောက်သေးဘူးဆိုပေမဲ့ အားမာန်အပြည့်နဲ့ တိုးတက်နေတာပဲ...'

ကျုံးရှန်သည် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်မှ ရရှိခဲ့သော နဂါးတံဆိပ်စာအုပ်ကို ဖတ်ရှုခဲ့ဖူးသဖြင့် ရှန့်ကျိုးပြည်နယ်၏ သမိုင်းကြောင်းကို အကြမ်းဖျင်း သိရှိထားသည်။ နဂါးမဲ့နတ်ဘုရားဘုရင် တည်ဆောက်ခဲ့သည့် စံပြနိုင်ငံတော်နှင့် ပတ်သက်၍ သူသည် အကြွင်းမဲ့ သဘောတူညီမှုမရှိသော်လည်း ထိုသူ၏စိတ်နှလုံးစွမ်းအားကို အသုံးချသည့် နည်းလမ်းများသည် သူ့အတွက် ထိုးထွင်းသိမြင်မှုများစွာ ရရှိစေခဲ့သည်။ သူတို့ စီးနင်းမည့် လေသင်္ဘောသည် ခရီးစဉ်ပေါ် မူတည်၍ ကျသင့်ငွေ တူညီမှုမရှိချေ။

နီကျိုးပြည်နယ်သို့ သွားရန်အတွက် တစ်ဦးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃ တုံး ကျသင့်ကာ သာမန်ပြည်သူများအတွက်ပင် တတ်နိုင်သည့် ဈေးနှုန်း ဖြစ်သည်။ သို့သော်လည်း လေသင်္ဘောအတွင်း၌ နေရာအဆင့်အတန်းများ ခွဲခြားထား၏။ အမြင့်ဆုံးသော အဆင့်တွင် စီးနင်းလိုပါက ဝိညာဉ်ကျောက်တုံး ထောင်နှင့်ချီ၍ ပေးရမည်ဖြစ်သည်။

ကျုံးရှန်၏ ကိုယ်ပေါ်တွင် ဝိညာဉ်ကျောက်တုံးများ မရှိသော်လည်း သူသည် ဟင်းလင်းပြင်မှ ပစ္စည်းများကို ဖန်တီးနိုင်စွမ်း ရှိသူ ဖြစ်သည်။ သူသည် ဝိညာဉ်ကျောက်တုံးများစွာကို အလွယ်တကူ ဖန်တီးလိုက်ကာ အကောင်းဆုံးသော အထူးတန်းအခန်းတစ်ခုကို ဝယ်ယူလိုက်သည်။ ထို့ပြင် သူသည် ကျန်းရှောင် နှင့် ယွမ်ရှုံ တို့ကို ဝိညာဉ်ကျောက်တုံးများ ပြည့်နှက်နေသည့် သိုလှောင်အိတ် တစ်အိတ်စီကို လက်ဆောင်အဖြစ် ပေးလိုက်သောအခါ သူတို့နှစ်ဦးသားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရတော့သည်။

ကျုံးကျန်းသည် အလွန်ပင် ရက်ရောလွန်းလှ၏။ သူတို့သည် လျှို့ဝှက်ဆန်းကြယ်လှသော ကျုံးကျန်းသည် သာမန်လူ မဟုတ်ကြောင်း သိရှိလိုက်ကြရလေသည်။ ကျုံးကျန်းသည် ရတနာများ ရရှိရန် နီကျိုးပြည်နယ်သို့ သွားခြင်း မဟုတ်နိုင်ချေ။

သို့သော်လည်း သူတို့သည် ထိုလက်ဆောင်ကို ငြင်းဆန်ခြင်း မရှိခဲ့ကြပေ။ ကျုံးရှန်၏ ထိုကဲ့သို့ ရက်ရောမှုကြောင့် သူတို့၏ လေးစားမှုမှာ ပိုမို တိုးပွားလာခဲ့သည်။ သုံးဦးသားသည် လေသင်္ဘော၏ အထူးတန်း အခန်းအတွင်း၌ ဝင်ရောက်လိုက်ကြသည်။ အထူးတန်းအခန်းသည် လုံလောက်စွာကျယ်ပြန့်ရုံသာမက သစ်သီးဝလံများနှင့် ဝိညာဉ်စမ်းရေများ စုံလင်စွာ ရှိနေသည်။

လေသင်္ဘောသည် ရက်အတော်ကြာ ပျံသန်းပြီးနောက် နီကျိုးပြည်နယ်၏ ဆိုက်ကပ်ကွင်းသို့ ရောက်ရှိသွားသည်။ ကျုံးရှန်အနေဖြင့် သူ၏ စွမ်းအားဖြင့်ဆိုပါက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်သော်လည်း သူသည် အနှီကမ္ဘာ၏ ပတ်ဝန်းကျင်ကို ခံစားလိုသဖြင့် သာမန်လူကဲ့သို့ လေသင်္ဘောဖြင့် သွားရောက်ခြင်းဖြစ်သည်။ နီကျိုးပြည်နယ်သည် ရှန့်ကျိုးပြည်နယ်၏ ဗဟိုချက်မ ဖြစ်သကဲ့သို့ မိစ္ဆာနယ်မြေနှင့် ဆက်စပ်နေသော နေရာလည်း ဖြစ်သည်။

ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အနောက်ဘက် အစွန်အဖျားတွင်လည်း နီကျိုးပြည်နယ် တစ်ခု ရှိနေသည်ကို သတိရလိုက်သည်။ ထိုနေရာသည် မိစ္ဆာသန္ဓေသား မွေးဖွားရာ နေရာလည်း ဖြစ်သည်။ သူ၏ခန့်မှန်းချက်အရ နီ ဟူသော အမည်နောက်တွင် နက်ရှိုင်းသော ကံကြမ္မာ အကြောင်းတရားများ ရှိနေကြောင်းသတိထားမိလိုက်လေသည်။

ကျုံးရှန်သည် နီကျိုးပြည်နယ်၏ မြေပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ အဌမအထပ်တစ်ထောင်ကမ္ဘာသည် ပုံတူကမ္ဘာ ဖြစ်သော်လည်း အလွန်ပင် လက်ရာမြောက်လှပေသည်။

"ညီလေးတို့... မင်းတို့ ဒီနေရာကို ခဏခဏ လာဖူးကြမှာပေါ့..."

"အမှန်အတိုင်း ပြောရရင် အကိုကတော့ ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ..."

သုံးဦးသားသည် လေသင်္ဘောဆိပ်၏ ထွက်ပေါက်တွင် ရပ်နေကာ ဝေးကွာလှသော မြို့ပြများကို လှမ်းကြည့်နေသည်။

"အစ်ကိုကျုံးကျန်းက ဒီကို ပထမဆုံးအကြိမ် လာတာလား..."

ကျန်းရှောင်နှင့် ယွမ်ရှုံ တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ မယုံနိုင်သလို ဖြစ်သွားကြသည်။

သူတို့၏ အမြင်တွင် ကျုံးကျန်း၏ ဗဟုသုတနှင့် ဉာဏ်ပညာသည် နဂါးအကယ်ဒမီမှ မွေးရာပါ သူတော်စင်များနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိသည်။ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးသည် နီကျိုးပြည်နယ်သို့ တစ်ခါမှ မရောက်ဖူးခြင်းမှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ အထူးသဖြင့်ယခုကဲ့သို့ လူတိုင်း မိစ္ဆာများကို သတ်ဖြတ်ကာ ကျင့်ကြံနေကြသည့် ခေတ်ကြီးတွင် ကျင့်ကြံသူတိုင်းသည် နီကျိုးပြည်နယ်သို့ အနည်းဆုံး တစ်ခါတော့ လာရောက် လေ့ကျင့်ကြရစမြဲ ဖြစ်သောကြောင့်ဖြစ်သည်။

Thank For Reading.

All Chapters