အခန်း (၁၇၄၁-၁၇၄၂)
Vol. 175 Ch. 1741-1742
အခန်း (၁၇၄၁) - မအောင်မြင်တာ သုံးကြိမ်မကတော့ဘူး
ချူယွဲ့ လုပ်ဆောင်ခဲ့သလိုမျိုး လုပ်ရပ်တစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။
ကျိရှန့်နှင့် အခြားသူများမှာ ဒေါသနှင့် ထိတ်လန့်မှုများ ရောယှက်နေကြပြီး သူတို့အုပ်စုထဲတွင် အတွင်းလူ မည်မျှများများ တိုးဝင်ပုန်းအောင်းနေသနည်းဆိုသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
တစ်ချိန်တည်းမှာပင် သူတို့ အလွန်သိချင်နေသည်မှာ... တစ်ဖက်လူ သတ်ချင်နေသောသူသည် မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်နေ၍နည်း။ ဤမျှ များပြားသော သေနတ်စာ များကို စေလွှတ်ရန် တန်ဖိုးရှိနေရခြင်းမှာ အဘယ်ကြောင့်နည်း။
သူတို့ သေချာ မစဉ်းစားရသေးခင်မှာပင် လူတိုင်း ယန်ဘူးထဲမှ ထပ်မံ အသွန်ချခြင်း ခံလိုက်ရပြန်သည်။
ထိုအတွင်းလူသည် ဖန့်ချန်ကို အောင်နိုင်သူတစ်ယောက်ကဲ့သို့ အသာစီးဖြင့် ကြည့်နေခဲ့သော်လည်း ဖန့်ချန်၏နောက်တွင် နောက်ထပ် လူငယ်လေးတစ်ဦး ထပ်မံပေါ်လာသည်ကို မြင်လိုက်ရသောအခါမှသာ ဒေါသနှင့် မရေရာမှုများ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။
"စီနီယာဝမ်... ဒီလူက အတွင်းလူပါ"
ကျိရှန့်က အတွင်းလူကို လက်ညှိုးထိုးပြရင်း လေးနက်သော အသံဖြင့် ဆိုသည်။
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြပြီး ထိုအမာခံတပည့်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်။ အခြားအကျိုးအမြတ်တွေကို ထားပါဦး၊ ဒီတစ်ခေါက် မင်ဝမ်ကြယ်ခရီးစဉ်မှာတော့ ပျက်စီးနေတဲ့ အစီရင်ဗဟိုချက် တွေနဲ့ ရှေးဟောင်းမသေမျိုး မှတ်တမ်း တွေကိုတော့ အဝအပြဲ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
"အရင်နှစ်ယောက်လုံးက ကိုယ်ပွားတွေပါ၊ အခု မြင်နေရတဲ့ လူငယ်လေးကမှ ငါ တကယ် ကာကွယ်ပြီး ခေါ်သွားရမယ့်သူ"
ဖန့်ချန်က အားလုံးကို ပြုံးပြလိုက်သည်
"အတွင်းလူဆိုတာကတော့ မလွဲမသွေ ရှိနေမှာပဲ၊ အားလုံးပဲ စိတ်ထဲ မထားကြပါနဲ့။ ဖော်ထုတ်ပြီး ဖယ်ရှားလိုက်ရင် ရပါပြီ"
နှစ်ယောက်လုံးက... ကိုယ်ပွားတွေပဲလား...
ရောက်ရှိနေသော အမာခံတပည့်များ၏ မျက်နှာမှာ တစ်မျိုးကြီး ဖြစ်သွားကြသည်။
ထို့နောက် သူတို့သည် ဖန့်ချန်၏ ယန်ဘူးထဲသို့ ထပ်မံ အသိမ်းခံလိုက်ရပြန်ပြီး ထိုလူငယ်လေးသည်လည်း သူတို့နှင့်အတူ ပါလာခဲ့သည်။
ဒီတစ်ကြိမ်တွင်တော့ လူငယ်လေးအနားကို ဘယ်သူမှ မကပ်ကြတော့ပေ။ ကျိရှန့်ပင်လျှင် အဝေးသို့ ရှောင်နေခဲ့သည်။ အားလုံးက တစ်ဦးကိုတစ်ဦး အကဲခတ်နေကြပြီး ကျန်ရှိနေနိုင်သေးသည့် အတွင်းလူ ထပ်မံတိုက်ခိုက်လာမည်ကို စောင့်ဆိုင်းနေကြသည်။
"ဟိုလေ... တကယ်လို့ မင်းတို့ထဲမှာ အတွင်းလူ ကျန်သေးရင် အခုပဲ တိုက်ခိုက်လိုက်လို့ ရပြီနော်။ ဒီတစ်ယောက်က မင်းတို့ သတ်ချင်တဲ့သူ အစစ် ဖြစ်နိုင်တယ်"
ကျိရှန့်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
"စီနီယာကျိ... မင်းကိုယ်တိုင်ကလည်း အတွင်းလူ ဖြစ်နိုင်တာပဲ"
တစ်ယောက်က နှုတ်ခမ်းမဲ့ကာ ပြောသည်
"မင်းကျတော့ ဘာလို့ မတိုက်ခိုက်တာလဲ"
"ငါက မူလကတည်းက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ပါ၊ ဘယ်လိုလုပ် အတွင်းလူ ဖြစ်နိုင်မှာလဲ"
ကျိရှန့်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဒါဆိုရင်... ငါတို့ကြားမှာ အတွင်းလူ မရှိတော့ဘူး ထင်ပါတယ်။ တစ်ဖက်က အတွင်းလူ နှစ်ယောက်အထိ စီစဉ်ထားတယ်ဆိုတာကပဲ အကန့်အသတ် ဖြစ်နေလောက်ပြီ"
နောက်တစ်ယောက်က ဆိုသည်။
"အဲဒါလည်း မသေချာဘူး၊ တတိယမြောက် အတွင်းလူ တကယ် ရှိနေနိုင်သေးတယ်။ ဒါပေမဲ့ သူ အခု မတိုက်ခိုက်ရဲသေးတာ ဖြစ်မှာပေါ့။ ဘယ်သူ သိမှာလဲ... ဒီတစ်ယောက်ကော သူသတ်ချင်တဲ့သူ ဟုတ်၊ မဟုတ်ဆိုတာ "
တစ်ယောက်က လှောင်ပြောင်သရော်သည့် အမူအရာဖြင့်
"တကယ်လို့ မဟုတ်ဘဲနဲ့ တိုက်ခိုက်လိုက်ရင် ကိုယ့်အသက်လည်း အလကား ဆုံးရှုံးရမယ်၊ တာဝန်လည်း မအောင်မြင်ဘဲ ဖြစ်သွားမှာပေါ့"
"မင်းတို့ ပြောကြည့်စမ်း... မိစ္ဆာမဟာမိတ်အဖွဲ့က သတ်ချင်နေတဲ့သူက ဘယ်သူမို့လို့လဲ ဘယ်လို နောက်ခံမျိုးမို့လို့ ဒီလောက်အထိ အကွက်ဆင်နေရတာလဲ ငါ အခုမှ သဘောပေါက်တော့တယ်။ ငါတို့တွေကို ဒီမှာ အဖမ်းခံခဲ့ရတာဟာ တကယ့်တော့ ဒီလို တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့အတွက်ပဲ ဖြစ်လိမ့်မယ်"
"တကယ်ကြီး အဲဒီလို ဖြစ်နိုင်တယ်..."
အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရသည်။
ထို့နောက်တွင်တော့ မည်သူမျှ စကားမပြောကြတော့ဘဲ ငြိမ်သက်စွာ နေထိုင်ကြတော့သည်။
ယန်ဘူးထဲတွင် အချိန်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ ချင်းမင်ဟင်းလင်းပြင်ထဲတွင် ခရီးနှင်နေရသကဲ့သို့ပင်။
ဆယ်ရက်ခန့် ကုန်ဆုံးသွားပြီဟု အားလုံးက ခံစားလိုက်ရသည်။ အခြေအနေအရဆိုလျှင် သူတို့ မင်ဝမ်ကြယ်မှ တကယ် ထွက်ခွာလာနိုင်ပြီ ဖြစ်သည်။
သို့သော် ရုတ်တရက်ဆိုသလို တစ်နေ့တွင် နောက်ထပ် လူတစ်ယောက်က ထိုလူငယ်လေးကို အသေအလဲ တိုက်ခိုက်လိုက်ပြန်သည်။
ထိုလူငယ်လေးကို သတ်ပြီးနောက်တွင် သူသည် ကျိရှန့်ကို လှည့်ကြည့်ကာ အေးစက်စွာ ဆိုသည်။
"ဒီတစ်ယောက်ကတော့ အစာ မဟုတ်တော့ဘူးမလား"
ကျိရှန့်က သက်ပြင်းချလိုက်သည်
"ဘယ်သူ သိမှာလဲကွာ"
အားလုံးက တိုက်ခိုက်သူကို ကြည့်လိုက်ကြပြီး ခေါင်းခါကာ သက်ပြင်းချလိုက်ကြသည်။ တကယ်ပင် တတိယမြောက် အတွင်းလူ ရှိနေခဲ့ပြန်ပြီ။
မကြာမီမှာပင် သူတို့ ယန်ဘူးထဲမှ ထွက်လာကြရပြန်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မင်ဝမ်ကြယ်မှ ထွက်ခွာသွားခြင်း မရှိဘဲ ကျောင်းတော် ထဲတွင်သာ ရှိနေဆဲ ဖြစ်သည်။
တိုက်ခိုက်သူသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲမှ မကောင်းတော့ဘူး ဟု ရေရွတ်လိုက်မိသည်။ ထို့နောက် ဖန့်ချန်က လူငယ်လေးတစ်ဦးကို ခေါ်ဆောင်ကာ ပေါ်လာသည်ကို မြင်လိုက်ရပြန်သည်။
"မင်း အဆုံးမသတ်နိုင်တော့ဘူးလား "
တိုက်ခိုက်သူသည် ဒေါသနှင့် နာကျည်းမှုများ ရောယှက်စွာဖြင့် ဖန့်ချန်ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
"ထုံးစံအရဆိုရင်တော့ မအောင်မြင်တာ သုံးကြိမ်မက လို့ ပြောကြတယ်။ ငါ့အထင်တော့ အတွင်းလူက အများဆုံး သုံးယောက်ပဲ ရှိနိုင်မယ် ထင်တယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ အားလုံးကို ငါ ထပ်ပြီး စမ်းသပ်တော့မှာ မဟုတ်ပါဘူး"
ဖန့်ချန်က အားလုံးကို ပြုံးပြလိုက်သည်။ ထို့နောက်တွင်တော့ ကျင့်စဉ်အဆင့် ၃ သာရှိသော ထိုအတွင်းလူကို လက်ဝါးဖြင့် ရိုက်သတ်လိုက်ပြီး အားလုံးကို ယန်ဘူးထဲသို့ ထပ်မံ သိမ်းဆည်းလိုက်ပြန်သည်။
ယန်ဘူးထဲရှိ လေထုမှာ အလွန်ထူးဆန်းနေပြီး မည်သူမျှ စကားမပြောကြပေ။
အတန်ကြာမှ တစ်ယောက်က မိမိ၏ နှုတ်ခမ်းကို ပြန်စမ်းကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ဆိုလိုက်သည်။
"ငါ့နှုတ်ခမ်းတွေတောင် စူထွက်လာပြီလို့ ခံစားရတယ် (ငါးမျှားခံရသလို ဖြစ်နေတာကို ဆိုလိုခြင်း)"
လူတိုင်းက ထိုစကားကို ထောက်ခံကြသည်။ သူတို့တွေ ဤအကြိမ်များစွာမှာ လုံးဝကို ငါးမျှားသလို အသုံးချခံလိုက်ရခြင်း ဖြစ်သည်။
"ဒါကြောင့် အချိန်မဖြုန်းကြပါနဲ့တော့။ တကယ်လို့ စတုတ္ထမြောက် အတွင်းလူ ရှိသေးရင်လည်း အခုပဲ တိုက်ခိုက်လိုက်ပါ။ ဒီတစ်ယောက်က မင်းတို့ သတ်ချင်တဲ့သူ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ ရလဒ်က နှစ်မျိုးပဲ ရှိတယ်၊ တတိယမြောက် ရလဒ် ရှိလာမှာ မဟုတ်ဘူး"
တစ်ယောက်က ဆိုသည်။
ဤအကြံပြုချက်ကို အားလုံးက သဘောတူကြသည်။
"ဟုတ်တယ်၊ တိုက်ခိုက်ရင် အခုပဲ တိုက်ခိုက်လိုက်၊ ငါတို့ အချိန်တွေကို မဖြုန်းပါနဲ့တော့"
"..."
အလွန်ရှည်လျားသော တိတ်ဆိတ်မှုကြီး ဖြစ်ပေါ်နေပြီး မည်သူမျှ စကားမပြောကြပေ။
မကြာမီတွင် လူတိုင်း ခေါင်းမူးသွားသလို ခံစားလိုက်ရပြီး ယန်ဘူးထဲမှ အသွန်ချခံလိုက်ရပြန်သည်။
သို့သော် ထူးဆန်းသည်မှာ ယခုတစ်ခေါက်တွင် ထိုလူငယ်လေး သေဆုံးသွားခြင်း မရှိသလို၊ အတွင်းလူလည်း ထွက်ပေါ်မလာခဲ့ချေ။
ရလဒ်အနေဖြင့် ဖန့်ချန်က နောက်ထပ် လူငယ်လေးတစ်ဦးကို ထပ်မံခေါ်ဆောင်လာပြီး အရင်လူငယ်လေးနှင့် လဲလှယ်လိုက်သည်ကို မြင်လိုက်ရသည်။
"..."
အားလုံးက စိတ်ထဲမှ တိုးတိုးလေး သက်ပြင်းချလိုက်ကြတော့သည်။
တစ်လကြာပြီးနောက်။
နောက်ထပ် အတွင်းလူ နှစ်ယောက်ကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့ပြန်သည်။
လူတိုင်း စိတ်ထဲမှ တအံ့တဩ ရေရွတ်မိကြသည်။ အတွင်းလူ ဤမျှ များပြားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ပို၍ မထင်မှတ်ထားသည်မှာ ဤ ဝမ်စီနီယာ က တူညီသော နည်းလမ်းကို ဤမျှ အကြိမ်ကြိမ် အသုံးပြုလိမ့်မည်ဟု ဖြစ်သည်။ နောက်ပိုင်းမှ ပေါ်လာသော အလွန်သတိကြီးလှသည့် အတွင်းလူ နှစ်ဦးပင်လျှင် ဤအကွက်ထဲသို့ သက်ဆင်းသွားခဲ့ကြသည်။
"အားလုံးပဲ... ဒါက ကုတိန်ကြယ် ရဲ့ တည်နေရာပဲ။ တကယ်တော့ ကုတိန်ကြယ်က မင်ဝမ်ကြယ်နဲ့ သိပ်မဝေးပါဘူး။ မင်းတို့တွေ မသေမျိုးလှေကို မောင်းသွားရင် နှစ်အနည်းငယ်အတွင်းမှာ ရောက်ပါလိမ့်မယ်။ အဲဒီကို ရောက်ရင်တော့ ဝမ်သောက်မသေမျိုးဂိုဏ်း က ကျင့်ကြံသူတွေနဲ့ ဆုံနိုင်ပါလိမ့်မယ်"
ဖန့်ချန်သည် ကြယ်တာရာပြေပုံပေါ်မှ ကုတိန်ကြယ် တည်နေရာကို မသေမျိုးလှေ တစ်စင်းပေါ်သို့ ရွှေ့ပြောင်းပေးလိုက်သည်။
အားလုံးကို အတန်တန် မှာကြားပြီးနောက်တွင် သူတို့ မသေမျိုးလှေကို မောင်းနှင်ကာ မင်ဝမ်ကြယ်မှ ထွက်ခွာသွားသည်ကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။
နောက်ဆုံးမှ ဖော်ထုတ်ခံလိုက်ရသော အတွင်းလူမှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩမှင်တက်ကာ ပြောလိုက်သည်။
"မင်းက ငါတို့ကို တစ်ခါတည်း ခေါ်သွားဖို့ လုံးဝ စိတ်မကူးခဲ့ဘူးပေါ့ "
"ဘာလို့ ခေါ်သွားရမှာလဲ အဲဒါက သိပ်ပြီး အန္တရာယ်များလွန်းတယ်လေ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"မင်း တစ်နေ့နေ့မှာတော့ ဝဋ်လည်ပါလိမ့်မယ်"
"မင်းက ကောင်းကင်ဘုံနိယာမမှ မဟုတ်တာ၊ မင်းပြောတာ မအောင်မြင်ပါဘူး။ မင်းဘာသာမင်း လမ်းဆုံးသွားမလား၊ ဒါမှမဟုတ် ငါကပဲ ပို့ပေးရမလား"
"ငါ့ဘာသာ ငါပဲ သွားမယ်"
ထိုသူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီးနောက်တွင် ဖန့်ချန်က သူ၏ ဝိညာဉ်ကို ယင်ဘူးထဲသို့ သိမ်းလိုက်သည်။ ထို့နောက်မှသာ အစစ်အမှန် ကျန်းရှောက်မင်ကို ယန်ဘူးထဲသို့ ပြန်လည် ထည့်သွင်းလိုက်တော့သည်။
"အားလုံးပဲ... မင်းတို့လည်း လူစုခွဲလို့ ရပါပြီ"
ဖန့်ချန်က အရှင်မြတ် လေးပါးကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။
"အရှင်... လိုအပ်တာရှိရင် အချိန်မရွေး ခိုင်းစေနိုင်ပါတယ်"
လေးဦးလုံးက ခေါင်းညိတ် ဝန်ခံလိုက်ကြပြီးနောက် သန်းနှင့်ချီသော ယင်စစ်သည် များနှင်အတူ မြူနှင်းများကြားထဲတွင် ပျောက်ကွယ်သွားကြတော့သည်။
ဖန့်ချန်သည် ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်လိုက်ရာ သူ၏ အမြင်အာရုံမှာ ဟင်းလင်းပြင်အထပ်ထပ်ကို ဖြတ်ကျော်၍ ရှန့်နင် တရားထိုင်နေသော နေရာသို့ ကျရောက်သွားသည်။
တစ်ဖက်လူသည် ရှေးဟောင်းမသေမျိုးမှတ်တမ်း ကို လက်ခံရရှိထားပြီးဖြစ်ကာ အစောပိုင်းကတည်းက ပြင်ဆင်ထားသော မသေမျိုးဆေးဝါးကို သောက်သုံးလျက် နောက်ဆုံးအဆင့် အသွင်ပြောင်းလဲမှုကို ပြုလုပ်နေပြီ ဖြစ်သည်။
ထိုအသွင်ပြောင်းလဲမှု အောင်မြင်သွားလျှင် ရှေးဟောင်းမသေမျိုး အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး သက်တမ်းမှာလည်း အကြီးအကျယ် တိုးတက်လာမည် ဖြစ်သည်။
'ရှန့်နင် အတွက်တော့ ဒီအဆင့်က အင်မတန် အရေးကြီးတယ်။ အောင်မြင်ရင်တော့ ခန္ဓာကိုယ်အသစ်နဲ့ နောက်တစ်သက် ထပ်ရှင်ရသလို ဖြစ်သွားမယ်။ မအောင်မြင်ရင်တော့ နောက်နှစ်အနည်းငယ်အတွင်းမှာ သက်တမ်းကုန်ဆုံးပြီး ယင်မသေမျိုး လမ်းစဉ်ကိုပဲ လျှောက်ရတော့မှာပေါ့'
ထိုသို့ တွေးတောရင်း ဖန့်ချန်သည် သူ၏ ရင်ဘတ်အိတ်ကပ်ကို တစ်ချက်ကြည့်လိုက်သည်။ မိယွီ မှာ အိပ်မောကျနေဆဲ ဖြစ်ပြီး ပြင်ပက အပြောင်းအလဲ မှန်သမျှကို မသိရှိပုံရပေ။
"သွားရမယ့် အချိန်ရောက်ပြီ"
ဖန့်ချန်က ပြုံးလိုက်ပြီးနောက် တည်နေရာ ကူးပြောင်းခြင်း အစီရင် ရှိရာသို့ ပျံသန်းသွားတော့သည်။
ယခုအချိန်တွင် သူသည် မင်ဝမ်ကြယ်၏ အစောင့်အရှောက် ဖြစ်သဖြင့် ထိုအစီရင်ကို ဖွင့်၊ မဖွင့်မှာ သူ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။
မကြာမီမှာပင် ဖန့်ချန်သည် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိသွားသည်။ အစီရင်ထဲသို့ လှမ်းဝင်ရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံရှိ တိမ်တိုက်များ လိပ်တက်သွားပြီး တောင်တန်းနှင့် မြစ်တိမ်တိုက်ပုံ တစ်ခု ရုတ်တရက် ပေါ်လာသည်။
ဖန့်ချန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
ထိုပုံထဲက မြင်ကွင်းမှာ အထင်အရှားပင် သုံးလောကတောင် ဖြစ်နေတော့သည်။
အခန်း (၁၇၄၂) - ကောင်းကင်ယံမှ ထူးဆန်းသော နိမိတ်ပုံ
ထိုအခိုက်အတန့်တွင် မင်ဝမ်ကြယ် တစ်ခုတည်းသာမက ထိုက်ချန်းနယ်မြေ ရှိ ကြယ်စင်တိုင်း၏ ကောင်းကင်ယံထက်တွင် ဤပုံရိပ်လွှာတစ်ခု ပေါ်ထွက်လာနေသည်။
ထိုမျှမကသေးဘဲ စိတ်ဝိညာဥ်နယ်မြေ နှင့် နတ်ဘုရားဘုရင်နယ်မြေ တို့တွင်လည်း အလားတူ မြင်ကွင်းမျိုးများ ပေါ်ပေါက်နေ၏။ ဥပမာအားဖြင့် နန်ချင်းကြယ်စု ၊ လင်းကွေ့ကြယ်စု နှင့် ကျွယ်မင်ကြယ် စသည်တို့တွင်လည်း ဖြစ်သည်။
ထိတ်လန့်ဖွယ်ရာ ကောင်းလှသော တန်ခိုးရှင် အသီးသီးတို့သည် ကောင်းကင်ဟင်းလင်းပြင်ဆီသို့ မော့ကြည့်လိုက်ကြသည်။ ထိုအထဲတွင် ထိပ်တန်းအင်အားစုကြီးများ၏ ဝါရင့်အကြီးအကဲများ၊ အမာခံတပည့်များသာမက သာမန်ကျင့်ကြံသူများနှင့် သာမန်လူသားများပင် ပါဝင်နေကြ၏။
တစ်ချိန်တည်းမှာပင် မှောင်မည်းနေသော ဟင်းလင်းပြင်ကြီးအတွင်း၌ မျက်ဝန်းအစုံများ တစ်ခုပြီးတစ်ခု ပွင့်လာကြသည်။ ဤမျက်ဝန်းအစုံတို့၏ ပိုင်ရှင်များသည် လောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြပြီး သုံးလောက၏ တကယ့် အထွတ်အထိပ် ပညာရှင်များ ဖြစ်ကြသည်။ သူတို့သည်လည်း ကောင်းကင်ယံကို စိုက်ကြည့်နေကြ၏။
မြေဝက်ဝံကြယ် ၊ မဟာရှနိုင်ငံ
မြို့တော်
နှစ်ပေါင်း တစ်ထောင်နီးပါး ဧကရာဇ်အဖြစ် အုပ်ချုပ်လာခဲ့သော ရှရွှမ်းကျီ သည် ယခုတိုင် အိုမင်းရင့်ရော်ခြင်း မရှိသေးပေ။ သူသည် နန်းဆောင်အတွင်းမှ ထွက်လာပြီး အခြားသူများနည်းတူ ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ ရုတ်တရက် ပေါ်ပေါက်လာသော ထို တောင်တန်းနှင့် မြစ်တိမ်တိုက်ပုံ ကို မြင်တွေ့လိုက်ရသည်။
"ဒါက... သုံးလောကတောင် ပါလား"
ရှရွှမ်းကျီသည် တိုးတိုးလေး ရေရွတ်မိရင်း သူ၏ မျက်ဝန်းထဲတွင် သံသယများ ရိပ်ယောင်သွားသည်။ သုံးလောကတောင်၏ မြင်ကွင်းက ဘာကြောင့် ကောင်းကင်ပေါ်မှာ ရုတ်တရက် ပေါ်လာရတာလဲ။
ချက်ချင်းဆိုသလိုပင်...
"သတ်ကြ"
ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ထိုပုံရိပ်လွှာအတွင်းမှ လှိုင်းလုံးကြီးများကဲ့သို့ လိပ်တက်ထွက်ပေါ်လာသည်။ ဤပုံကို ကြည့်နေကြသော ကျင့်ကြံသူဖြစ်စေ၊ သာမန်လူဖြစ်စေ အားလုံးသည် ထိုနေရာသို့ ကိုယ်တိုင်ရောက်ရှိနေသကဲ့သို့ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။
မဟာရှမင်းနိုင်ငံ၏ စစ်သည်တော်များသည် လှိုင်းလုံးကြီးများသဖွယ် ချီတက်သွားကြပြီး ချင်းစုန်းနိုင်ငံ မှ ရှောင်လန်စစ်သူကြီး ဦးဆောင်သော ဝံပုလွေစစ်တပ်ကို ထိုးစစ်ဆင်နေကြသည်။
"ဒါက..."
ရှရွှမ်းကျီ၏ ပါးစပ်မှာ ဟသွားပြီး သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။ ဤမြင်ကွင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာရှမင်းနိုင်ငံကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သော သုံးလောကတောင် တိုက်ပွဲ အစစ်အမှန်ပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ကွင်းတစ်ခုသည် ဘာကြောင့် ယနေ့ယခုအချိန်တွင် ကောင်းကင်ပေါ်၌ ရုတ်တရက် ပေါ်လာရသနည်း။
"အဲဒီကောင်လေး လက်ချက်များလား ဒါပေမဲ့ ဘာဖြစ်လို့လဲ "
ရှရွှမ်းကျီ စဉ်းစားမရ ဖြစ်နေတော့သည်။
ထိုက်ချန်းနယ်မြေ၊ မသိရသောအရပ်၊ နဂါးနက်လှေ
ရှဲ့အာမန် နှင့် တိုက်ပွဲတစ်ရာမသေမျိုး တို့သည် ကောင်းကင်ယံမှ မြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေကြသည်။
"ဒီလို နည်းလမ်းမျိုးကို သုံးနိုင်တဲ့ ကျင့်ကြံသူကတော့ သေချာပေါက် အားနည်းမှာ မဟုတ်ဘူး"
တိုက်ပွဲတစ်ရာမသေမျိုး က သက်ပြင်းချရင်း ဆိုလိုက်သည်။
သူသည် အနီးနားရှိ ဒေသတစ်ခုလုံးကို ကိုယ်တိုင် ရှာဖွေကြည့်ပြီးသော်လည်း ဤပုံရိပ်၏ အရင်းအမြစ်ကို ရှာမတွေ့သကဲ့သို့ နောက်ကွယ်မှ ကြိုးကိုင်သူကိုလည်း မတွေ့ရချေ။ ဆိုလိုသည်မှာ ဤအတတ်ပညာကို သုံးသူ၏ ကျင့်စဉ်အဆင့်သည် သူ၏အောက် လုံးဝနိမ့်ကျမည်မဟုတ်ပေ။
"ဒါက ရုတ်တရက် ပေါ်လာတာ ဘာအဓိပ္ပာယ်ရှိလို့လဲ"
ရှဲ့အာမန်က ပုံရိပ်ထဲမှ စစ်တပ်နှစ်ခု တိုက်ခိုက်နေပုံကို စိုက်ကြည့်ရင်း ပြုံးလျက် မေးလိုက်သည်။
"အဲဒီ သတ်ဖြတ်လိုတဲ့ အငွေ့အသက်ကိုတော့ ငါ ခံစားမိတယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေအတွက်တော့ သိပ်ပြီး ထိခိုက်မှု မရှိပါဘူး။ အဆိပ်ခတ်တာမျိုးလည်း မဟုတ်သလို မှော်ဝင်မျက်လှည့်အတတ်ရဲ့ အစပျိုးပုံစံနဲ့လည်း မတူဘူး။ ဒီမှာ အသေအလဲ တိုက်နေကြတဲ့ စစ်သည်တွေကလည်း သာမန်လူသားတွေပဲ မဟုတ်လား"
တိုက်ပွဲတစ်ရာမသေမျိုး က မိမိလည်း နားမလည်ကြောင်း ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ အကြည့်မှာ ရပ်တန့်သွားသည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ... အဲဒါ ကိုးယောက်မြောက် အမာခံတပည့် မဟုတ်လား "
"နံပါတ်ကိုး လား "
ရှဲ့အာမန် မော့ကြည့်လိုက်သောအခါ သိန်းနှင့်ချီသော စစ်သည်တော်များ၏ အလယ်တွင် မြင့်မားသော စင်မြင့်ထက်၌ ရပ်နေသည့် လူငယ်လေးတစ်ဦးကို မြင်လိုက်ရသည်။ သူသည် တစ်ချက်မျှ လက်ဖျားမလှုပ်ဘဲ ရပ်ကြည့်နေ၏။ ထိုလူငယ်၏ မျက်နှာတွင် ကလေးကလား အမူအရာများ မပျောက်သေးသလို သူ၏ မျက်ဝန်းများသည်လည်း မီးခိုးဖြူရောင် မဟုတ်ဘဲ အသက်ဝင်လှုပ်ရှားနေသော အကြည့်များ ရှိနေသည်။
"တကယ်ကြီး နံပါတ်ကိုး ပဲ။ ဒါပေမဲ့ အခု သူ့မျက်ဝန်းတွေက မီးခိုးဖြူရောင်ဖြစ်ပြီး သေနေတဲ့ ရေကန်လို ငြိမ်သက်နေတာ။ ပုံထဲက သူကတော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ တကယ်လို့ သူ မျက်လုံးသာ မမှိတ်ထားရင် မှတ်မိဖို့တောင် မလွယ်ဘူး"
ရှဲ့အာမန်၏ မျက်နှာတွင် အံ့ဩမှုများ ပေါ်လာသည်။ သူမ၏ အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးသော်လည်း ထူးခြားမှုကို မတွေ့ရချေ။ ထို့ကြောင့် မျက်မှောင်ကြုတ်လျက် ကောင်းကင်မှ ပုံရိပ်ကိုသာ ကြည့်နေမိတော့သည်။ ဤပုံရိပ် ပေါ်လာရခြင်းက ဘာကို ဆိုလိုချင်တာလဲ။
ကျွယ်မင်ကြယ်
"သေချာတယ်၊ ဒါ သူပဲ"
ချန်အင်းရွှယ် သည် ယင်မသေမျိုး ခန္ဓာကိုယ်ဖြင့် လူ့လောကသို့ ဆင်းသက်လာပြီး အမာခံတပည့်များကြားတွင် ရပ်နေသည်။ ယခုအချိန်တွင် ရှဲ့အာမန်နှင့် ဝမ်ယဲ့တို့ မရှိသဖြင့် ရောက်ရှိနေသော အမာခံတပည့်များထဲတွင် သူမက အမြင့်ဆုံး ဖြစ်သည်။
ချန်အင်းရွှယ် က အပိုင်တွက်ထားသည့်ပုံစံဖြင့် ပြောသည်။
"ဒါ သေချာပေါက် နံပါတ်ကိုး ပဲ။ အခု သူ့မျက်လုံးတွေက လက်ရှိ နံပါတ်ကိုး ထက် အများကြီး ပိုကြည့်ကောင်းတယ် "
"တကယ်ကြီး နံပါတ်ကိုး အမာခံတပည့်လား..."
အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထူးဆန်းသော အမူအရာများ ရှိနေကြသည်။ ဒါက နံပါတ်ကိုး ရဲ့ ငယ်ဘဝ အတွေ့အကြုံတွေလား ဒါပေမဲ့ ဘာလို့ သူ့အတွေ့အကြုံတွေက ကျွယ်မင်ကြယ်ရဲ့ ကောင်းကင်ယံထက်မှာ ပေါ်နေရတာလဲ။
ဤနေရာသည် သာမန်နေရာမဟုတ်ဘဲ ကျွယ်မင်နန်းတော် တည်ရှိရာ ဖြစ်သည်။ သာမန်အချိန်တွင် မည်သူက ဤကဲ့သို့ နည်းလမ်းမျိုးကို သုံးပြီး နှောင့်ယှက်ရဲသနည်း။
အနီးနားတွင် အမာခံတပည့်များသာမက ဝါရင့်အကြီးအကဲ အချို့လည်း ရှိနေသည်။ အကြီးအကဲ တစ်ဦးမှာ အဝေးမှ ပျံသန်းပြန်ရောက်လာပြီး အားလုံးကို ပြောပြသည်။
"စစ်ဆေးပြီးပြီ။ ကျွယ်မင်ကြယ်ကို ရန်သူတွေ ကျူးကျော်ဝင်ရောက်တာ မရှိဘူး။ ဒီပုံရိပ်က အကြောင်းပြချက် မရှိဘဲ ပေါ်လာသလိုမျိုးပဲ။ ငါတို့ရဲ့ နည်းလမ်းတွေနဲ့တောင် ဒါကို ဖျက်ဆီးလို့ မရဘူး"
တစ်ယောက်က စမ်းသပ်သည့်အနေဖြင့် မသေမျိုးစွမ်းအားဖြင့် လက်ဝါးကြီးတစ်ခု ဖန်တီးကာ ပုံရိပ်၏ ထောင့်တစ်နေရာကို ဖျက်ရန် ကြိုးစားသော်လည်း ဖျက်လိုက်သည့်နေရာမှာ ချက်ချင်း ပြန်လည် ပြည့်စုံသွားသည်ကို တွေ့လိုက်ရသည်။
"တကယ် ဖျက်လို့မရဘူးပဲ၊ ထူးဆန်းတယ်။ နံပါတ် ၃... အဲဒါ တကယ်ကြီး နံပါတ် ၉ လား"
ထိုအကြီးအကဲက ချန်အင်းရွှယ် ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်သည်။
"သေချာပေါက် သူပဲ"
ချန်အင်းရွှယ် က ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြသည်
"သူ့ရဲ့ အမူအရာကို ကြည့်ပါဦး၊ ဒါက အတုလုပ်လို့ မရဘူး။ သူဖြစ်တာ သေချာတယ်"
"နံပါတ် ၉ က ထိုက်ချန်းနယ်မြေကို သွားတာ မဟုတ်လား အခု ဒီလို ထူးဆန်းတဲ့ နိမိတ်ပုံတွေ ပေါ်လာတယ်ဆိုတော့ သူ ထိုက်ချန်းနယ်မြေမှာ တစ်ခုခု အန္တရာယ်ကြုံနေလို့လား "
အကြီးအကဲ တစ်ဦးက စိုးရိမ်တကြီး မေးသည်။
"အန္တရာယ်ရှိ၊ မရှိတော့ ငါ မသိဘူး။ ဒါပေမဲ့ တစ်ခုတော့ ငါ နားလည်သွားသလိုပဲ... တစ်ယောက်ယောက်က နံပါတ် ၉ ရဲ့ နောက်ကြောင်းကို လိုက်နေတာ"
ချန်အင်းရွှယ် က ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်ပြီး ကောင်းကင်မှ မြင်ကွင်းကို အရသာခံ ကြည့်နေသည်။
"ကြည့်ကြစမ်း၊ အဲဒီအချိန်မှာ နံပါတ် ၉ က ကျင့်စဉ် မစရသေးဘူး ထင်တယ်။ သူ့ကိုယ်ပေါ်မှာ ကျင့်ကြံသူတစ်ယောက်ရဲ့ အငွေ့အသက် လုံးဝမရှိဘူး။ သူက စစ်သူကြီးဘဝကနေ လာတာပဲ"
"ဟုတ်ပုံရတယ်"
အားလုံးက အတန်ကြာ စူးစမ်းကြည့်ပြီးနောက် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
"နံပါတ်ကိုး အမာခံတပည့်က ငယ်ငယ်တုန်းက လူ့လောကက နိုင်ငံတစ်ခုရဲ့ မင်းစိုးမင်းနွယ် ဖြစ်ပုံရတယ်။ ဒီလောက် ငယ်ငယ်လေးနဲ့ စစ်သည် သိန်းနဲ့ချီပြီး အုပ်ချုပ်နိုင်တာက တကယ့်ကို ရှားပါးတဲ့ အရည်အချင်းပဲ"
"ဒါ ဘယ်နေရာလဲဆိုတာ သိတဲ့သူ ရှိလား"
"မသိဘူးလေ၊ နံပါတ်ကိုး ပြန်လာမှပဲ မေးကြည့်ရမှာပေါ့။ ဒါပေမဲ့... ဒါက သိပ်မမေးသင့်တဲ့ ကိစ္စပဲ၊ အထင်လွဲခံရနိုင်တယ်"
"ဟုတ်တာပေါ့"
ကျွယ်မင်ကြယ်၊ တုန်းရှန့်နိုင်ငံ
ဖန့်ကျစ်ရွှယ် သည် ကောင်းကင်ပေါ်မှ ပုံရိပ်ကို အသက်ရှူရပ်မတတ် ငေးကြည့်နေမိသည်။ သူမသည် မှင်တက်သွားသလို ဖြစ်နေပြီး လှုပ်ရှားရန်ပင် မေ့လျော့နေ၏။
ဖန့်ရှောင်ပန်း က ထိုအခြင်းအရာကို မြင်သောအခါ လန့်သွားပြီး သူမ၏ လက်မောင်းကို လှုပ်ယမ်းလိုက်သည်။
"အစ်မ နှစ်... ဘာဖြစ်လို့လဲ"
"အဲဒါ... အစ်ကိုကြီးပဲ"
ဖန့်ကျစ်ရွှယ်က ကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်သည်။
ဖန့်ရှောင်ပန်း သေချာ စိုက်ကြည့်လိုက်သောအခါ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိပြီး ဖန့်ချန်ကို ချက်ချင်း မှတ်မိသွားတော့သည်။
"ဒါ အစ်ကိုကြီး သုံးလောကတောင်မှာ တိုက်ပွဲဝင်ခဲ့တဲ့ မြင်ကွင်းတွေပဲ။ သူက ဒီတိုက်ပွဲမှာပဲ မျက်လုံးနှစ်လုံးစလုံး ကွယ်ခဲ့ရတာ။ အဲဒီနောက် ငါးနှစ်လုံးလုံး မဟာရှနန်းတွင်းက ဖယ်ကြဉ်တာ ခံခဲ့ရသလို၊ လူတွေရဲ့ ကဲ့ရဲ့တာ၊ ဆဲဆိုတာတွေကိုလည်း နားမခံသာအောင် ကြားခဲ့ရတာ..."
ဖန့်ကျစ်ရွှယ် တိုးတိုးလေး ရေရွတ်မိသည်။ ဤအခိုက်အတန့်တွင် သူမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုနေ့တစ်နေ့ဆီသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုနေ့က သူမနှင့် ဖန့်အိမ်တော်က လူများအားလုံး ပြင်းထန်စွာ ဒဏ်ရာရလာသော ဖန့်ချန်ကို ကြိုဆိုခဲ့ကြရသည်။
ဖန့်ချန်၏ မျက်ဝန်းများတွင် သူငယ်အိမ် ပျောက်ကွယ်သွားပြီး မီးခိုးဖြူရောင်သာ ကျန်ရစ်တော့သည်ကို တွေ့လိုက်ရချိန်၌ သူမ၏ နှလုံးသား မည်မျှ နာကျင်ခဲ့ရသည်ကို သူမ မမေ့နိုင်ပေ။ ယနေ့အချိန်တွင် အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း ထိုအချိန်က မြင်ကွင်းများကို သူမ ဘယ်တော့မှ ပြန်မတွေးချင်ခဲ့ပေ။ ပြန်တွေးမိတိုင်းလည်း ရင်ထဲတွင် တုန်လှုပ်ချောက်ချားမှုကို ခံစားရမြဲ ဖြစ်သည်။
"ဒါပေမဲ့ အခု... ဘာဖြစ်လို့... ကောင်းကင်မှာ ဒီလို နိမိတ်တွေ ပေါ်လာရတာလဲ..."
ဖန့်ကျစ်ရွှယ် တတွတ်တွတ် ရေရွတ်နေမိသည်။
"ဒါ အစ်ကိုကြီး ငယ်ငယ်တုန်းကလား"
ဖန့်ရှောင်ပန်း အံ့ဩသွားပြီး တစ်ခုခု လွဲချော်သွားမှာ စိုးသည့်အလား ကောင်းကင်ယံသို့ အမြန် မော့ကြည့်လိုက်သည်။
ထိုစဉ်တွင် အမျိုးသမီးငယ် တစ်ဦးသည် ခုန်ဆွခုန်ဆွဖြင့် ပြေးဝင်လာသည်။ သူမသည် မိန်းကလေး နှစ်ဦး၏ နောက်သို့ တိတ်တဆိတ် ကပ်လာပြီး တစ်ခုခု လုပ်ရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံမှ ထူးဆန်းသော မြင်ကွင်းကြောင့် ရပ်တန့်သွားသည်။
သူမသည် အံ့ဩတုန်လှုပ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေရင်း ရုတ်တရက်ဆိုသလို ပုံရိပ်ထဲမှ ပုံသဏ္ဌာန်တစ်ခုကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ အဘယ်ကြောင့်မှန်းမသိဘဲ ထိုသူကို သူမ အလွန် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
မင်ဝမ်ကြယ်
ဖန့်ချန်သည် ကောင်းကင်ယံမှ ထူးဆန်းသော နိမိတ်ပုံကို ကြည့်နေရင်း သူ၏ မျက်မှောင်များမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားတော့သည်။