အခန်း (၁၇၄၃-၁၇၄၄)
Vol. 175 Ch. 1743-1744
အခန်း (၁၇၄၃) - ဖွင့်ချခြင်း
ကောင်းကင်ယံမှ ထူးဆန်းသော နိမိတ်ပုံကို ကြည့်ရင်း ဖန့်ချန်၏ ပထမဆုံး အတွေးမှာ တစ်စုံတစ်ယောက်က မိမိကို သတိပေးနေခြင်း ဖြစ်သည်ဟု ထင်လိုက်မိသည်။
သို့သော်လည်း နိမိတ်ပုံများက အဆုံးမသတ်ဘဲ ဆက်လက် ဖြစ်ပေါ်နေပြီး ၎င်းထဲတွင် သူ၏ ပုံရိပ်များပါ ပေါ်ပေါက်လာသောအခါမှ ဒါဟာ သတိပေးရုံတင် မကတော့မှန်း ဖန့်ချန် သိလိုက်ရသည်။
'ဘယ်လို လူမျိုးကများ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်နီးပါးက ဖြစ်ရပ်တွေကို ဒီလို ပုံစံနဲ့ ကောင်းကင်ယံထက်မှာ ထင်ဟပ်ပြသနိုင်တာလဲ'
'ဒီလူက... နေမင်းထဲက အဲဒီ မသေမျိုးနတ်သမီး ရှိနေတာကိုကော သိနေမလား'
'ဒါမှမဟုတ်... ဒါက ငါ့ကို ရည်ရွယ်တာ မဟုတ်ဘဲ သုံးလောကတောင်မှာ အိပ်မောကျနေတဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ကြီးကို ရည်ရွယ်တာလား'
ဖန့်ချန်က ကောင်းကင်ယံကို စိုက်ကြည့်နေရင်း သူ၏ ကျုံ့ဝင်နေသော မျက်မှောင်များမှာ တဖြည်းဖြည်း ပြေလျော့သွားသည်။ သူ၏ မျက်ဝန်းထဲတွင်တော့ အေးစက်သော လှောင်ပြောင်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
တစ်ဖက်လူက မည်သို့သော ရည်ရွယ်ချက် ရှိရှိ၊ သူကတော့ အခြေအနေကို ကြည့်ပြီး တုံ့ပြန်သွားရုံသာ ရှိသည်။
ယင်လောက၊ အထက်မြို့တော်
ရှကျီ သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ ဘေးတွင် စစ်သူကြီး ရှောင်လန်၊ ရှယွန်းရှင်း တို့ ရှိနေကြသည်။ ဤနေရာသည် ယင်လောက ဖြစ်ပြီး လူ့လောက မဟုတ်သော်လည်း ဤအရပ်၏ ကောင်းကင်ယံတွင်လည်း လူ့လောကမှာကဲ့သို့ ထူးဆန်းသော မြင်ကွင်းများ ပေါ်ပေါက်နေသည်။
ရှကျီက လေးနက်သော အမူအရာဖြင့် ကောင်းကင်ကို မျက်တောင်မခတ်တမ်း ကြည့်နေ၏။ မကြာမီမှာပင် 'လျှို့ဝှက်စောင့်ရှောက်ရေးအဖွဲ့ မှ လက်အောက်ငယ်သားများ တစ်ယောက်ပြီး တစ်ယောက် အပြေးအလွှား ရောက်လာကြသည်။
"အရှင်... ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ နေရာအနှံ့မှာ ဒီလို ထူးဆန်းတဲ့ မြင်ကွင်းတွေ ပေါ်နေတာပါ။ ချွင်းချက်မရှိပါဘူး"
"တကယ်ပဲ တစ်နေရာမှ မကျန်ဘူးလား"
ရှကျီက မျက်မှောင်ကြုတ်လျက် မေးသည်။
စစ်သူကြီး ရှောင်လန်၏ မျက်နှာမှာလည်း ပျက်ယွင်းသွားသည်။ ထိုနေရာများသည် တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာလှသော်လည်း ဤမြင်ကွင်းမျိုး ပေါ်နေသည်ဆိုခြင်းမှာ အဘယ်ကြောင့်နည်း။
ဘာကြောင့် လွန်ခဲ့သော သုံးလောကတောင် တိုက်ပွဲက မြင်ကွင်းတွေဟာ နေရာအနှံ့မှာ နိမိတ်ပုံအဖြစ် ပေါ်နေရတာလဲ။
"ဖန့်ကြီး ဘက်မှာ တစ်ခုခု ပြဿနာတက်နေတာလား"
ရှကျီ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ဤမြင်ကွင်းများသည် ဖန့်ချန်၏ မှတ်ဉာဏ်ထဲမှ လာခြင်း ဖြစ်နိုင်မလား။
ဘယ်လို အခြေအနေမျိုးမှာ ဖန့်ချန်ရဲ့ မှတ်ဉာဏ်တွေက အထုတ်ယူခံလိုက်ရတာလဲ။
ရှကျီသည် ရင်ထဲမှ မချိတင်ကဲဖြစ်မှုကို အောင့်အီးထားရင်း နိမိတ်ပုံကို ဆက်ကြည့်နေသည်။ မကြာမီမှာပင် တောင်တန်းနှင့် မြစ်တိမ်တိုက်ပုံ ထဲတွင် ဖန့်ချန်ကိုယ်တိုင် သူ၏ ကိုယ်ရံတော်တပ်ကို ဦးဆောင်ကာ စစ်သူကြီး ရှောင်လန်နှင့် တိုက်ခိုက်နေသည့် မြင်ကွင်း ပေါ်လာသည်။
ရှောင်လန်က ထိုမြင်ကွင်းကို မြင်သောအခါ မျက်ဝန်းထဲတွင် ခံစားချက်များစွာ ဖြတ်ပြေးသွားသည်။ ထိုတိုက်ပွဲအပြီး ယနေ့ယခုအချိန်တွင် သူသည် ယင်လောက၏ တရားဝင် နတ်ဘုရားတစ်ပါး ဖြစ်လာကာ အာဏာကို လက်ဆုပ်လက်ကိုင် ပြုထားနိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"ရှောင်အမတ်... ကြည့်ရတာ မင်းက ဖန့်ကြီးရဲ့ ပြိုင်ဘက် မဟုတ်ဘူးပဲ"
ရှကျီက ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်။
နိမိတ်ပုံထဲတွင်တော့ ဖန့်ချန်က ရှောင်လန်ကို အသာစီးရနေသည်မှာ အမှန်ပင်။
ရှောင်လန်က ပွင့်ပွင့်လင်းလင်းပင် ပြုံးလျက် ဝန်ခံသည်။
"အဲဒီအချိန်တုန်းက ဖန့်စစ်သူကြီးရဲ့ နည်းလမ်းတွေက ကျွန်တော့်အတွက်တော့ တကယ့်ကို နားလည်ရ ခက်ခဲလွန်းပါတယ်။ ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလို ကျင့်စဉ်အဆင့်မျိုး ရှိနေတာက ကျွန်တော့်ထက် အများကြီး သာလွန်ခဲ့တာပါ။ သုံးလောကတောင်မှာ သူနဲ့ အသေအလဲ တိုက်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ကျွန်တော့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေ ရှိနေလို့ပါ။ အဲဒီလိုသာ မဟုတ်ရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အသေခံဖို့ သွားမှာ မဟုတ်ဘူး"
သူက ခေတ္တမျှ ရပ်နားလိုက်ပြီး
"ဒါပေမဲ့ အဲဒီအချိန်တုန်းက ချင်းစုန်းနိုင်ငံထဲက လေထုက တစ်မျိုးကြီး ဖြစ်နေတာကို ကျွန်တော် ခံစားမိတယ်။ တစ်စုံတစ်ယောက်က အရာအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်မောင်းနှင်နေသလိုပဲ"
"မင်းလည်း တော်တော်လေး အကဲခတ်တာ မြန်တာပဲ။ အဲဒီအချိန်ကတည်းက ဝိညာဥ်နတ်ဘုရားဂိုဏ်း ရဲ့ တည်ရှိမှုကို ရိပ်မိနေခဲ့တာလား"
ရှကျီက ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။
တကယ်ပင် ခဏအကြာတွင် ပညာရှင်တစ်ဦး ရုတ်တရက် ပေါ်လာသည်။ ထိုသူမှာ အဆင့် ၈ အင်ပါယာ မှ လာသူဖြစ်ပြီး ကျင့်စဉ်မှာ လူသားလျှို့ဝှက်ချက်အဆင့် ထက် များစွာသာလွန်သော မြေကမ္ဘာလျှို့ဝှက်ချက်အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ တိုက်ခိုက်မှုကြောင့် ဖန့်ချန်မှာ လုံးဝ မခုခံနိုင်တော့ဘဲ နှစ်ကွက်၊ သုံးကွက်အတွင်း ရှုံးနိမ့်သွားတော့သည်။ သို့သော် ထိုသူက အသက်ဘေး အန္တရာယ် ပေးရန် ပြင်လိုက်သောအခါတွင် ရှောင်လန်က ဝင်ရောက်တားဆီးခဲ့သည်။
"သူ ရှင်နေတာက သေတာထက် ပိုပြီး ခံရခက်လိမ့်မယ်"
ဒါက ရှောင်လန် ပေးခဲ့တဲ့ အကြောင်းပြချက် ဖြစ်ပြီး အဆင့် ၈ အင်ပါယာက ပညာရှင်ကလည်း လက်ခံခဲ့သဖြင့် ဖန့်ချန်ကို မသတ်ခဲ့ပေ။
"တစ်ခုခုတော့ မှားနေပြီ"
ရှောင်လန်က ရုတ်တရက် ပြောလိုက်သည်။
ရှကျီလည်း သတိထားမိသွားပြီး သူ၏ အမူအရာ လှုပ်ရှားသွားသည်။
"ငါ မှတ်မိသလောက်တော့ ဖန့်ကြီးရဲ့ မျက်လုံးတွေက ဒီတိုက်ပွဲမှာ ကွယ်ခဲ့တာ မဟုတ်လား။ မင်းက ဘာလို့ သူ့မျက်လုံးတွေကို မဖျက်ဆီးခဲ့တာလဲ"
နိမိတ်ပုံထဲတွင်တော့ ဒဏ်ရာအပြင်းအထန် ရနေသော ဖန့်ချန်ကို သူ၏ နဂါးစစ်သူကြီး လေးဦးထဲမှ တစ်ဦးဖြစ်သော ဟွမ်စီဟိုင် က ကိုယ်ရံတော်တပ်နှင့်အတူ ကယ်ထုတ်သွားသည်။ ထိုအချိန်အထိ ဖန့်ချန်၏ မျက်လုံးများမှာ ကွယ်ခြင်း မရှိသေးပေ။
"ဖန့်စစ်သူကြီးရဲ့ မျက်လုံးတွေကို ကျွန်တော် လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် မှတ်မိတာကတော့ အဲဒီအချိန်မှာ သူက ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်တယ်၊ အဲဒီနောက်မှာပဲ သူငယ်အိမ်ထဲက အနက်ရောင်တွေက တဖြည်းဖြည်း မှေးမှိန်သွားပြီး မီးခိုးဖြူရောင်တွေပဲ ကျန်တော့တာပါ"
ရှောင်လန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
"အခြား အသေးစိတ်တွေကော"
ရှကျီက အမြန် မေးလိုက်သည်။
"အခြား အသေးစိတ်တွေကတော့... ကျွန်တော့် မှတ်ဉာဏ်ထဲကအတိုင်းပါပဲ"
ရှောင်လန်က ပြောသည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့... တော်သေးတာပေါ့၊ ဟားဟား"
ရှကျီက စိတ်သက်သာရာရစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။
တကယ်လို့ ဒါဟာ ဖန့်ချန်ရဲ့ မှတ်ဉာဏ်အစစ်အမှန်ဆိုရင် ဒီလို အသေးစိတ် လွဲချော်မှုမျိုး ရှိလာမှာ မဟုတ်ပေ။ ဒါက သူအစိုးရိမ်ဆုံးဖြစ်တဲ့ ဖန့်ချန်ရဲ့ မှတ်ဉာဏ်တွေ အခိုးခံရတဲ့ အခြေအနေ မဟုတ်မှန်း သက်သေပြနေသည်။
ချက်ချင်းဆိုသလိုပင် နိမိတ်ပုံထဲမှ မြင်ကွင်းက ပြောင်းလဲသွားသည်။ အရှိန်မြှင့်ပြသနေသကဲ့သို့ ဖန့်ချန်၏ ထိုငါးနှစ်တာ ကာလ၊ မဟာရှမြို့တော်က ဘဝတွေကို ပြသနေတော့သည်။
မင်ဝမ်ကြယ်
ဖန့်ချန်၏ မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။ တစ်ဖက်လူက နေမင်းထဲက မသေမျိုးနတ်သမီး ရှိနေတာကို မရိပ်မိဘူးဆိုခြင်းမှာ ဤအတတ်ပညာကို သုံးသူသည်လည်း အလုံးစုံကို သိမြင်နိုင်သူ မဟုတ်ကြောင်း ပြသနေသည်။
ထို့နောက်တွင်တော့ သူသည် ထိုငါးနှစ်တာ အတိတ်ကို ပြန်လည် မြင်ယောင်ရန် စိတ်ရှည်လက်ရှည်ဖြင့် ကောင်းကင်ကို ကြည့်နေမိသည်။ ဒါဟာ တကယ့်ကို ထူးခြားတဲ့ ခံစားမှုတစ်ခုပင်။
သူ သိချင်နေသည်မှာ တစ်ဖက်လူက ယွမ်ဟယ် ဆရာသခင်အကြောင်းကို သိနေမလား ဆိုခြင်းဖြစ်သည်။ ထိုစဉ်က ဆရာသခင်က သူ့ကို အတတ်ပညာ တာအိုသုံးထောင်ကျင့်စဥ် သင်ကြားပေးစဉ်က သူတို့နှစ်ဦးမှာ ဝိညာဉ်ခန္ဓာ များဖြင့်သာ ဆက်သွယ်ခဲ့ကြခြင်း ဖြစ်သည်။
တကယ်လို့ တစ်ဖက်လူက ဒါကိုပါ သိနေတယ်ဆိုရင်တော့ သူ၏ နည်းလမ်းတွေကို အသစ်ပြန်လည် တွက်ချက်ရတော့မည်။
မကြာမီမှာပင် ငါးနှစ်တာ ကာလ ကုန်ဆုံးသွားသည်။ နိမိတ်ပုံက ထပ်မံ ပြောင်းလဲသွားပြန်သည်။
၎င်းမှာ တာ့ချန်နိုင်ငံ ထဲက မြင်ကွင်း ဖြစ်သည်။ သွေးဝိညာဥ်ဂိုဏ်း က တကန်နိုင်ငံကို သွေးမျိုးဆုံးသတ်ဖြတ်ပြီး သွေးဝိညာဥ်နတ်ဆေး ဖော်စပ်ရန်အတွက် ၎င်း၏ လက်အောက်ခံ ယွီယိုးနယ်မြေ ကို စစ်မီးတောက်စေခဲ့သည့် အချိန် ဖြစ်သည်။
ရှကျီသည် ရင်းနှီးနေသော ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ အမူအရာမှာ မလွဲမသွေ ပျက်ယွင်းသွားသည်။ အချိန်တွေ ဤမျှ ကြာမြင့်သွားသော်လည်း တာ့ချန်နိုင်ငံက အတွေ့အကြုံတွေကို သူ မမေ့နိုင်သေးပေ။ မိမိ၏ ဆရာသခင်ကိုယ်တိုင်က သစ္စာဖောက်ခဲ့သည့် နာကျင်မှုကို သာမန်လူတွေ နားလည်နိုင်မည် မဟုတ်ပေ။
နိမိတ်ပုံထဲတွင်တော့... ဖန့်ချန်သည် လူတစ်ယောက်၊ ဓားတစ်လက်ဖြင့် စံချိန်တင်တိုက်ပွဲ ကို ဆင်နွှဲနေသည်။ သူ၏ နုပျိုသော လူငယ်ဘဝမှသည် အသက်တစ်ရာကျော် အိုမင်းရင့်ရော်သည်အထိ ဓားဖြင့် ခုတ်ပိုင်းနေပြီး နောက်ဆုံးတွင်တော့ အိုမင်းကာ သေဆုံးသွားတော့သည်။
ကျွယ်မင်ကြယ်
ရောက်ရှိနေသူအားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အဲဒီအချိန်က ဖန့်ချန်ဟာ သူ၏ သက်တမ်းကုန်ဆုံးသွားခဲ့တာကို သူတို့ အထင်အရှား မြင်လိုက်ရသည်။ သူခုတ်လိုက်တဲ့ ဓားချက်တိုင်းဟာ သူ၏ သက်တမ်းတွေ ဖြစ်နေသည်။
တကယ်လို့ အဲဒီအချိန်မှာ သက်တမ်းကုန်သွားခဲ့တယ်ဆိုရင် ဖန့်ချန်ဟာ သေဆုံးသွားခဲ့ရမှာ မဟုတ်လား။ ဒါဆို ဘာဖြစ်လို့ အခုအချိန်မှာ သူက ကျန်းကျန်းမာမာနဲ့ ရှိနေရုံတင်မက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တောင် ဖြစ်နေရတာလဲ။
"ဒါက... နံပါတ်ကိုး အမာခံတပည့် မဟုတ်လောက်ဘူး ထင်တယ်။ ကြည့်ပါဦး... သူ့မျက်လုံးတွေက ကောင်းနေတာပဲ..."
တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။
ချန်အင်းရွှယ်၏ စိတ်မှာ လှုပ်ရှားသွားပြီး ဖန့်ချန်၏ ထိုအသက်ဝင်လှုပ်ရှားနေသော မျက်ဝန်းများကို အမှန်ပင် မြင်လိုက်ရသည်။
"ဒါဆို... ဒါက နံပါတ်ကိုး ရဲ့ အမြွှာညီအစ်ကိုများလား"
ချန်အင်းရွှယ်က တိုးတိုးလေး ရေရွတ်မိသည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူမ မျက်မှောင်ကြုတ်ကာ ထိုအတွေးကို ပယ်ဖျက်လိုက်သည်။ ထိုအမူအရာ၊ ထိုဟန်ပန်တွေက သေချာပေါက် တစ်ဦးတည်းသောသူ ဖြစ်ပြီး အခြားသူ ဖြစ်နိုင်စရာ မရှိပေ။
"ဒီလူက နံပါတ်ကိုး ရဲ့ နောက်ကြောင်းကို တကယ်ကြီး လိုက်နေတာပဲ။ ဒါပေမဲ့ ဒီလောက်နဲ့တော့... ဘာမှ ထိခိုက်မှာ မဟုတ်ပါဘူး"
ချန်အင်းရွှယ်က မျက်မှောင်ကြုတ်လျက် တွေးနေမိသည်။
"ဒီကောင်လေးက ဘယ်သူ့ကို သွားပြီး ရန်စမိလိုက်တာလဲ။ ဒီအတိုင်းသာ ဆက်ပြီး ဖွင့်ချနေရင် သူဟာ ငရဲမင်း ဖြစ်နေတာကို တစ်လောကလုံး သိသွားတော့မှာ မဟုတ်လား"
ဝမ်ချုံစန်း က မျက်လုံးအပြူးသားဖြင့် ကောင်းကင်က နိမိတ်ပုံကို စိုက်ကြည့်နေပြီး သူ၏ မျက်မှောင်များမှာလည်း ကျုံ့ဝင်နေသည်။
တကယ်ပင်... နိမိတ်ပုံထဲက မြင်ကွင်းတွေက အရှိန်မြှင့်ပြီး ပြသနေသည်။
ဖန့်ချန် ဖြတ်သန်းခဲ့ရသော တိုက်ပွဲငယ်၊ တိုက်ပွဲကြီး မှန်သမျှကို တစ်ခုပြီးတစ်ခု ဖွင့်ချနေတော့သည်။ ဤအထဲတွင် အချို့မှာ ဝိညာဥ်နတ်ဘုရားဂိုဏ်း နှင့် သက်ဆိုင်ပြီး အချို့မှာ ဝိညာဥ်သုတ်သင်ခြင်းဌာန နှင့် သက်ဆိုင်သည်။
သို့သော်လည်း ချွင်းချက်မရှိသည်မှာ ဤမြင်ကွင်းများတွင် ဖန့်ချန်၏ ဝိညာဉ်ခန္ဓာနှင့် ပတ်သက်သော ထူးခြားချက်များကိုတော့ လုံးဝ ထုတ်ဖော်ပြသခြင်း မရှိပေ။
ရုတ်တရက်ဆိုသလို မြင်ကွင်းက ပြောင်းလဲသွားပြန်သည်။ ၎င်းမှာ လင်းကွေ့ကြယ်စု ထဲက မြင်ကွင်း ဖြစ်သည်။ ဖန့်ချန် တောင်တန်းကို သိမ်းပိုက်ပုံ၊ ကြာနီနတ်မိမယ် နှင့် သိကျွမ်းပုံတို့ ပေါ်လာသည်။
ထို့နောက်တွင်တော့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ပြီး ကျွယ်မင်နန်းတော်၏ အပြင်စည်းကျင့်ကြံသူ ဖြစ်လာပုံကို ပြသသည်။
မြင်ကွင်းက ထပ်မံ၍ အရှိန်အဟုန်ဖြင့် ပြောင်းလဲသွားပြန်ရာ တာ့လေယင် သို့ ရောက်ရှိသွားတော့သည်။
"ဒါ... မိစ္ဆာမျိုးနွယ် တွေရဲ့ လက်ချက် မဟုတ်ဘူး"
ဝမ်ချုံစန်းသည် ထိုနေရာအထိ မြင်လိုက်ရသောအခါမှ နောက်ဆုံးတွင် ကောက်ချက်ချလိုက်တော့သည်။
အခန်း (၁၇၄၄) - မင်းတိုက်ချင်ရင် ငါအဖော်လုပ်ပေးမယ်
"ဒါဟာ မိစ္ဆာမျိုးနွယ် တွေရဲ့ နည်းလမ်းမဟုတ်ဘူး၊ သူတို့နောက်ကွယ်မှာ ရှိနေတဲ့ ကောင်းကင်ဘုံနိယာမကို အသုံးချထားတာပဲ"
ဝမ်ချုံစန်း၏ အကြည့်များမှာ ပိုမိုလေးနက်လာပြီး သူ၏ဘေးတွင် ရှိနေသော လူငယ်တစ်ဦးကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ ထိုလူငယ်လေးသည်လည်း ကောင်းကင်ယံမှ ထူးဆန်းသော နိမိတ်ပုံကို စူးစမ်းလိုစိတ်အပြည့်ဖြင့် မော့ကြည့်နေ၏။
"ကောင်းကင်ဘုံနိယာမကို သုံးပြီး ဒါတွေကို တွက်ချက်ဖော်ထုတ်နိုင်တယ်၊ ပြီးတော့ အဲဒီကောင်လေးကိုပဲ ပစ်မှတ်ထားတယ်ဆိုတော့ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က အခုဆိုရင် အထင်အရှားကြီး ဖြစ်နေပြီ"
ဝမ်ချုံစန်းသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ၏ နည်းလမ်းများဖြင့်ပင် ဤအရာအားလုံး ဖြစ်ပျက်နေသည်ကို တားဆီးရန် မစွမ်းသာပေ။
'ကောင်လေး... နောက်နောင် ဖြစ်လာမယ့် ကိစ္စတွေကိုတော့ မင်းဘာသာမင်းပဲ တာဝန်ယူ ဖြေရှင်းရတော့မယ်...'
ထိုအချိန်တွင် အထက်သုံးနယ်မြေ ဖြစ်စေ၊ အောက်ခြေခြောက်နယ်မြေ ဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ၊ သာမန်လူဖြစ်စေ၊ မိစ္ဆာဖြစ်စေ၊ လွတ်လပ်သောမသေမျိုး ဖြစ်စေ... အားလုံးက ကောင်းကင်ယံမှ ထူးဆန်းသော နိမိတ်ပုံကို အလေးအနက်ထား၍ စိုက်ကြည့်နေကြသည်။
အတိုင်းအဆမရှိ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီး ထဲ၌ မသေမျိုးလှေ အစီအစဉ် များစွာ တည်ရှိနေကြ၏။ ထိုမြင်ကွင်းက အောက်ခြေခြောက်နယ်မြေမှ ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်စေသည်။ ချီသန့်စင်ခြင်းအဆင့် မှသည် အဆင့် ၆ မသေမျိုး အထိ အားလုံးက မျက်လုံးအပြူးသား ဖြစ်နေကြ၏။
သူတို့အတွက် မသေမျိုးလှေဆိုသည်မှာ မစိမ်းသော်လည်း၊ မသေမျိုးလှေ ထောင်နှင့်ချီ၍ ဖွဲ့စည်းထားသော လှေအစီရင် ကြီးကိုမူ အောက်ခြေခြောက်နယ်မြေမှ အတွေ့အကြုံအရင့်ဆုံး အဆင့် ၆ မသေမျိုးများပင် တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးခဲ့ကြချေ။ ဤမသေမျိုးများသည် ယခုအခါတွင် အသိအမြင် ကျဉ်းမြောင်းလှသော တောသားများကဲ့သို့ ဖြစ်သွားကြသည်။ မသေမျိုးလှေများကို ဤကဲ့သို့ အသုံးချနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးဖူးခဲ့ကြပေ။
ကျွယ်မင်နန်းတော် ၏ အလွန်ကြီးမားလှသော နဂါးနက်အစီရင် များ၊ တာ့လေယင် ၏ လောကသို့ ဗုဒ္ဓကြွမြန်းလာသကဲ့သို့ ခန့်ညားလှသော လက်တစ်ထောင်အစီရင် များသည် သူတို့၏ စိတ်ဝိညာဉ်ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
နိမိတ်ပုံများက ထပ်မံ၍ အရှိန်မြှင့်ပြသရာ ဖန့်ချန် စင်မြင့်ထက်သို့ တက်လာသည့်အချိန်သို့ ရောက်ရှိလာသည်။ လူအများက ဖန့်ချန်သည် နဂါးနက်အစီရင်ကို ထိန်းချုပ်ကာ ထိတ်လန့်ဖွယ်ကောင်းသော အစီရင်မသေမျိုးအတတ် များကို အသုံးပြုပြလိုက်ချိန်တွင် အောက်ခြေခြောက်နယ်မြေမှ ကျင့်ကြံသူ အများအပြားမှာ မိမိတို့၏ စိတ်ဓာတ်များ အက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
အချို့မှာ ကောင်းကင်ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ အမှတ်မထင် လှမ်းကြည့်လိုက်ကြမိပြီး၊ ထိုအချိန်ကျမှသာ အချို့သော ကျင့်ကြံသူများသည် ဟင်းလင်းပြင်ထက်တွင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိနေကြပြီဖြစ်ကြောင်း သတိပြုမိကြတော့သည်။ ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် သူတို့မှာ ရွှံ့နွံထဲက လယ်သမားများကဲ့သို့ပင်။
တာ့လေယင် တိုက်ပွဲက မကြာမီမှာပင် ပြီးဆုံးသွားသည်။
ထို့နောက် မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားပြန်၏။
ယင်ဓာတ်များက လှိုင်းလုံးကြီးများကဲ့သို့ လိပ်တက်နေပြီး အဆုံးမရှိသော ဝမ့်ချွမ်းမြစ် ထက်တွင် လူတစ်ယောက်သည် ကျူးလုံ ၏ ဦးခေါင်းပေါ်တွင် ရပ်လျက် လှိုင်းစီး၍ ချီတက်နေသည်။
"ကျူးလုံလား လောကမှာ ကျူးလုံ တကယ်ရှိတာလား "
"ရှေးဟောင်းကာလတုန်းက ဒီလို ထူးဆန်းတဲ့ သတ္တဝါ ရှိခဲ့တယ်လို့ ကြားဖူးပေမယ့်၊ ဒါက ဒဏ္ဍာရီမဟုတ်ဘဲ တကယ်ရှိနေတာပဲ..."
တစ်ချိန်တည်းမှာပင် ရှဲ့အာမန်၊ ချန်အင်းရွှယ်၊ ဝမ်ချုံစန်း၊ ရှကျီ နှင့် ဖန့်ချန်နှင့် ရင်းနှီးသူအားလုံး၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
ကျွယ်မင်ကြယ်
ဟို့ဝါရင့်အကြီးအကဲ သည် မည်သည့်အချိန်က ရောက်လာသည်မသိဘဲ အားလုံး၏ရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်ကြည့်နေ၏။ သူ၏ မျက်ဝန်းထဲတွင် ထူးခြားသော အလင်းတန်းများ လျှပ်ပြေးနေပြီး
"ဒဏ္ဍာရီအရ ကျူးလုံဟာ မျက်လုံးတစ်ဖက်က လူ့လောကကို ကြည့်ပြီး၊ နောက်မျက်လုံးတစ်ဖက်က ငရဲပြည်ကို ကြည့်တယ်တဲ့။ ယင်နဲ့ ယန် နှစ်လောကကို စိတ်ကြိုက် ကူးသန်းသွားလာနိုင်ပြီး ယင်လောကကို အမြဲတမ်း စောင့်ကြပ်နေတဲ့ ငရဲမင်း ရဲ့ လက်အောက်က ပထမဆုံးသော ယင်နတ်ဘုရား ပဲ"
"ဒါဆိုရင် ဒါက..."
အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ သူတို့သည် ကျွယ်မင်နန်းတော်၏ ဝါရင့်အကြီးအကဲများ၊ အမာခံတပည့်များ ဖြစ်ကြသဖြင့် လောကအတွေ့အကြုံ မနည်းကြပေ။ သို့သော်လည်း ယနေ့တွင်မူ သူတို့၏ စိတ်အခြေအနေမှာ မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ လှိုင်းလုံးကြီးများ ထကြွနေတော့သည်။
"နံပါတ်ကိုးဟာ... လက်ရှိ ငရဲမင်းရဲ့ ဆက်ခံသူ ဖြစ်ဖို့ များတယ်။ ဒီအတတ်ပညာကို သုံးတဲ့သူဟာ သူ့ရဲ့ အဆင့်အတန်းကို တစ်လောကလုံး သိအောင် ဖွင့်ချချင်နေတာပဲ"
ဟို့ဝါရင့်အကြီးအကဲ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွားသည်။
"ကျွယ်မင်ကြယ်ရဲ့ စောင့်ရှောက်ရေး အင်အား ငါးပုံပုံ တစ်ပုံကို ထပ်ပြီး ထုတ်နုတ်လိုက်၊ ထိုက်ချန်းနယ်မြေကို သွားကြမယ်"
"ဘာအတွက် သွားရမှာလဲ အကြီးအကဲ"
အကြီးအကဲတစ်ဦးက အမှတ်မထင် မေးလိုက်သည်။
ဟို့ဝါရင့်အကြီးအကဲက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"နံပါတ်ကိုးကို သွားကြိုဖို့"
ထိုအခါမှ အားလုံးက သဘောပေါက်သွားကြသည်။
ချန်အင်းရွှယ်က ချက်ချင်းပင်
"ကျွန်မလည်း လိုက်ခဲ့မယ်"
"မင်းက ယင်မသေမျိုးပဲ။ လူ့လောကမှာ အကြာကြီး နေတာက မင်းရဲ့ ကျင့်စဉ်ကို ထိခိုက်လိမ့်မယ်"
ဟို့ဝါရင့်အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။
"မကြောက်ပါဘူး။ ကျွန်မ ယင်မသေမျိုး ဖြစ်တာ မကြာသေးတော့ ခဏလောက်တော့ ခံနိုင်ပါသေးတယ်။ ကျွန်မက အဆင့် ၈ ယင်မသေမျိုး ပဲ၊ ကျွန်မ ကူညီပေးရင် နံပါတ်ကိုးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်ဖို့ ပိုသေချာမှာပါ"
ချန်အင်းရွှယ်က ဆိုသည်။
"ကိုးခုမြောက် အမာခံတပည့် အခုတော့ အန္တရာယ်ရှိသွားပြီ"
တိုက်ပွဲတစ်ရာမသေမျိုး၏ မျက်ဝန်းထဲတွင် လေးနက်မှုများ ပြည့်နှက်နေပြီး ရှဲ့အာမန်ကို အမှတ်မထင် လှမ်းကြည့်လိုက်သည်။
"ငရဲမင်း ဆက်ခံသူတဲ့လား... နံပါတ်ကိုးကတော့ တော်တော်လေး နှုတ်လုံတာပဲ။ ဒီလိုမျိုး ဖွင့်ချမခံရရင် ငါလည်း အခုထိ သိမှာ မဟုတ်ဘူး။ ကြည့်ရတာ အရင်တုန်းက ကိစ္စတော်တော်များများကို သူက တကယ်တမ်း သေချာ သိနေခဲ့တာပဲ"
ရှဲ့အာမန်က တိုးတိုးလေး ရေရွတ်ရင်း ရုတ်တရက် ရယ်မောလိုက်သည်။
"ငါတို့တွေ အများကြီး စုပေါင်းပြီး ငရဲမင်းရဲ့ ဆက်ခံမှုကို နေရာအနှံ့မှာ လိုက်ရှာပေမယ့် ဘာမှ မတွေ့ခဲ့ရဘူး။ အခုတော့ ငရဲမင်း ဆက်ခံသူက ငါတို့ ကျွယ်မင်နန်းတော်မှာ ရှိနေတယ်ဆိုတာ ဘာကို ဆိုလိုတယ်လို့ မင်းတို့ ထင်သလဲ "
တိုက်ပွဲတစ်ရာမသေမျိုး နှင့် အခြားသူများမှာ ခေတ္တမျှ မှင်တက်သွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေကြသည်။
"မင်းတို့ကလည်း ညံ့လိုက်တာ။ ဒါက ငါတို့ ကျွယ်မင်ယင်လောက ဟာ တရားဝင် လမ်းစဉ် ဆီကို ပြန်လှည့်နိုင်ဖို့ မျှော်လင့်ချက် ရှိလာပြီလို့ ဆိုလိုတာပေါ့။ အဲဒီ ပေးဆပ်မှု အရမ်းများတဲ့ ယင်မသေမျိုး လမ်းစဉ်တွေကနေ ယင်လောကရဲ့ တရားဝင် နတ်ဘုရားတွေအဖြစ် ပြောင်းလဲသွားနိုင်တော့မယ်"
ရှဲ့အာမန်က ပြုံးလျက် ဆိုလိုက်သည်။
တိုက်ပွဲတစ်ရာမသေမျိုးတို့ အားလုံး သဘောပေါက်သွားကြပြီး ထိုအကျိုးကျေးဇူးကို သေချာ စဉ်းစားကြည့်ကာ ယခင်က ကြားဖူးခဲ့သော ယင်လောက နတ်ဘုရားများအကြောင်းနှင့် ဆက်စပ်ကြည့်လိုက်ရာ ကိုယ်ခန္ဓာတစ်ခုလုံး တုန်လှုပ်သွားကြတော့သည်။
"နံပါတ်ကိုးဟာ အခု ဖေးယွီကြယ်စု ဆီကို သွားနေတဲ့ လမ်းမှာ ရှိနေလောက်ပြီ။ ဒါပေမဲ့ ကြားထဲမှာ အနှောင့်အယှက် ခံရမလားဆိုတာပဲ။ ငရဲမင်းဆိုတဲ့ အဆင့်အတန်း ပေါ်သွားပြီဆိုတော့... မိစ္ဆာတွေတင် မကဘူး၊ မိစ္ဆာမျိုးနွယ်တွေ၊ နတ်ဘုရားလောက အကြီးအငယ်တွေနဲ့ အထက်သုံးနယ်မြေက အင်အားစု အသီးသီးက လူလွှတ်ပြီး သူ့ကို ရှာကြတော့မှာ။
တချို့ အင်အားစုတွေက ငါတို့နဲ့ မဟာမိတ် ဖြစ်နေလို့ ပေါ်ပေါ်ထင်ထင် မလုပ်ရဲရင်တောင် နောက်ကွယ်မှာတော့ သေချာပေါက် တစ်ခုခု လုပ်ကြလိမ့်မယ်"
ရှဲ့အာမန်က စဉ်းစားလျက် ဆိုသည်။
အားလုံးက ထိုစကားကို ကြားသောအခါ စိုးရိမ်မှုများ ပိုတိုးလာကြသည်။
"အစ်မကြီး... ကျွန်တော်တို့ သွားကြိုသင့်သလား"
ဘေးက နဂါးနက်အစီအစဉ်ပေါ်မှ လီရှမ်းဇီ ၏ အသံ ထွက်ပေါ်လာသည်။
"ကြိုစရာ မလိုဘူး။ ငါတို့မှာ ဒါထက် ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်။ နံပါတ်ကိုး ကိစ္စကတော့... သူက အဲဒီလောက် ချောချောမွေ့မွေ့နဲ့ အဖမ်းခံရမယ့်သူ မဟုတ်ဘူးလို့ ငါထင်တယ်။ အခုဆိုရင် နေရာအနှံ့ကအဆင့် ၉ တွေလည်း ဘယ်သူမှ အားနေကြတာ မဟုတ်ဘူး မဟုတ်လား"
ရှဲ့အာမန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။
ယင်လောက
ရှကျီ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ချက်ချင်းပင် စစ်သူကြီး ရှောင်လန်ကို စေလွှတ်၍ ဌာနအသီးသီးမှ အကြီးအကဲများကို ခေါ်ခိုင်းလိုက်သည်။ ထိုအကြီးအကဲများသည်လည်း အခြေအနေ မကောင်းမှန်း ရိပ်မိနေကြသဖြင့် အားလုံး၏ မျက်နှာမှာ လေးနက်နေကြသည်။
"ငရဲမင်းရဲ့ အဆင့်အတန်း ပေါ်သွားပြီ။ မကြာခင်မှာပဲ ယင်လောကကို ကျူးကျော်လာမယ့် ယင်လောကကူးသန်းသူ တွေ အများကြီး ရှိလာလိမ့်မယ်။ မင်းတို့ ဌာနတိုင်းက တံခါးတွေကို သေချာ စောင့်ကြပ်ရမယ်"
သူက ခေတ္တမျှ ရပ်နားလိုက်ပြီး ရှန်းထူချန်း ကို ကြည့်လိုက်သည်။
"ရှန်ထူအရှင်... မင်းတို့ ဇောင်ယင်းဌာန ကတော့ ပိုပြီး ဂရုစိုက်ရလိမ့်မယ်"
ရှန်ထူချန်းက ခပ်ဖွဖွ ခေါင်းညိတ်ပြသည်
"ယင်လောကထဲကို ဝင်လာနိုင်တဲ့ ကူးသန်းသူတွေက သိပ်ပြီး အင်အားမကြီးပါဘူး။ ကျွန်တော် အောက်ခြေအထိ အကြောင်းကြားလိုက်ပါမယ်၊ နေရာတိုင်းကို တင်းတင်းကျပ်ကျပ် စစ်ဆေးခိုင်းလိုက်မယ်"
"ဒီတစ်ခါ ကိစ္စကို ပေါ့ပေါ့တန်တန် မတွေးနဲ့။ အရင်က လာတဲ့သူတွေက ကျင့်စဉ်အဆင့် အောက်သုံးဆင့်ပဲ ရှိကြတာ မှန်ပေမယ့်၊ ဒီကိစ္စပြီးရင်တော့... အင်အားကြီး မျိုးနွယ်စုတွေက သူတို့ရဲ့ မျိုးဆက်သစ်တွေကို ယင်လောကထဲ လွှတ်လာကြလိမ့်မယ်။ အဲဒီလူတွေရဲ့ နည်းလမ်းတွေက အရင်လူတွေနဲ့ လုံးဝ တူမှာ မဟုတ်ဘူး"
ရှကျီက မျက်မှောင်ကြုတ်လျက် ဆိုသည်။
ရှန်ထူချန်း မှင်တက်သွားပြီးမှ လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ"
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ နိမိတ်ပုံက ရုတ်တရက် ထပ်မံ ပြောင်းလဲသွားပြန်သည်။
ဖန့်ချန်သည် ငရဲမင်းနန်းဆောင် ရှေ့တွင် ရပ်နေပြီး နှစ်လောကကြားက တံတိုင်းကြီးဆီသို့ သူ၏ ယင်သက်တမ်း များကို အဆက်မပြတ် ဖြည့်သွင်းပေးနေသည်ကို မြင်လိုက်ရသည်။ ပါးလွှာနေသော တံတိုင်းကြီးမှာ တဖြည်းဖြည်း ခိုင်မာလာ၏။ ထိုအလုပ် ပြီးသွားသောအခါ မြင်ကွင်းက ထပ်မံ ပြောင်းလဲသွားပြန်သည်။
ဖန့်ချန်သည် ငရဲမင်းနန်းဆောင်၏ အလယ်တည့်တည့်ရှိ ငရဲမင်းပလ္လင်ထက်တွင် ထိုင်နေသည်။ သူ၏ အသက်ဝင်လှုပ်ရှားနေသော မျက်ဝန်းအစုံမှာ ရုတ်တရက် မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကြီးဆီသို့ စိုက်ကြည့်နေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသော လူအပေါင်းမှာ ထိုမီးခိုးဖြူရောင် မျက်ဝန်းအစုံက မိမိတို့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ကိုယ်ခန္ဓာတစ်ခုလုံး ကြက်သီးမွှေးညင်းများ ထသွားကာ ရင်ထဲတွင် အေးစိမ့်သွားကြတော့သည်။
နောက်ဆုံးတော့... ရှေ့တွင် မြင်နေရသူမှာ ဒဏ္ဍာရီလာ ငရဲမင်း ဖြစ်နေသည် မဟုတ်လား။ ငရဲမင်း၏ စိုက်ကြည့်ခြင်းကို ခံရသည်မှာ သိပ်တော့ မင်္ဂလာမရှိလှပေ...
ထိုစဉ်မှာပင် မြင်ကွင်းက ပြောင်းလဲသွားပြန်ရာ၊ မည်သူမှန်း သေချာ မမြင်ရသော ပုံရိပ်တစ်ခုက နိမိတ်ပုံတစ်ခုလုံးကို နေရာယူလိုက်သည်။ သူ ပေါ်လာသည်နှင့် လူအပေါင်းမှာ ရင်ဘတ်ထဲတွင် တောင်ကြီးတစ်လုံးဖြင့် ဖိထားသကဲ့သို့ မွန်းကျပ်သော ခံစားချက်ကို ရလိုက်ကြသည်။
"မင်း တိုက်ချင်ရင်... ငါ အဖော်လုပ်ပေးမယ်"
သူက ဆိုသည်။
မြင်ကွင်းမှာ ထိုနေရာတွင်ပင် ရုတ်တရက် ရပ်တန့်သွားတော့သည်။
နေရာအနှံ့အပြားရှိ ကောင်းကင်ယံများမှာ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားကြပြီး၊ ခုနက မြင်ခဲ့ရသမျှမှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုသဖွယ် ပျောက်ကွယ်သွားတော့သည်။