အခန်း (၁၇၄၇-၁၇၄၈)
Vol. 175 Ch. 1747-1748
အခန်း (၁၇၄၇) - သူက မဝံ့ရဲတာ
"တားမြစ်ထားတဲ့ အတတ်ပညာကို ရုပ်သိမ်းပေးရမယ်"
လန်တောက်ချွန်း၏ မျက်နှာထက်တွင် ရုတ်တရက် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းခါယမ်းလိုက်သည်။
"ဒီအတတ်ပညာကို တစ်ခါသုံးလိုက်ပြီဆိုရင် ငါတို့လိုလူတွေက ရုပ်သိမ်းချင်တိုင်း ရုပ်သိမ်းလို့ရတဲ့ အရာမျိုး မဟုတ်တော့ဘူး။ အဲဒီတုန်းက ဒီအတတ်ပညာကို ဘယ်သူ သုံးခဲ့တာလဲဆိုတာ မင်းသိလား"
"ခင်ဗျားတို့... မိစ္ဆာမျိုးနွယ်ရဲ့ ကောင်းကင်ဘုံနိယာမလား"
ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
"မှန်တယ်... မင်းကို နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ပြောပြဦးမယ်။ ငါတို့မျိုးနွယ်ရဲ့ ရှေ့ဆောင်လမ်းပြတွေ လူ့လောကနယ်မြေကိုးခုထဲ ခြေချနိုင်ခဲ့တာဟာ တကယ်တော့ နတ်ဆိုးမျိုးနွယ်ရဲ့ ကောင်းကင်ဘုံနိယာမနဲ့လည်း မကင်းဘူး"
လန်တောက်ချွန်းက အေးအေးဆေးဆေးပင် ဆိုသည်။
"အဲဒီအရှင်က ပါဝင်ခဲ့လို့သာ ငါတို့ ဒီကို လာဖို့ အခွင့်အရေး ရခဲ့တာ"
သူက ခေတ္တမျှ ရပ်နားလိုက်ပြီး
"ဒါကြောင့် ရှေးယခင် သုံးလောက ပျက်စီးခဲ့တဲ့ မုန်တိုင်းတွေဆိုတာ တကယ်တော့ နတ်ဆိုးမျိုးနွယ်ရဲ့ ကောင်းကင်ဘုံနိယာမက ငါတို့မျိုးနွယ်ရဲ့ လက်ကို ငှားပြီး သူတို့အမြင်မှာတော့ ပြင်ပလမ်းစဉ် ဖြစ်နေတဲ့ မင်းတို့ကို ရှင်းလင်းခိုင်းတာပဲ"
"နတ်ဆိုးကောင်းကင်ဘုံနိယာမက ဘာလို့ ကိုယ်တိုင် ဝင်မစွက်ဘဲ ခင်ဗျားတို့ လက်ကို ငှားရတာလဲ"
ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်။
ဤသို့ဆိုလျှင် ထိုစဉ်က သုံးလောကတိုက်ပွဲ၏ အဆင့်မြင့်အင်အားစုများကြား ကစားပွဲမှာ မည်သို့ရှိမည်ကို သူ ခန့်မှန်းကြည့်နိုင်သည်။ မိစ္ဆာကောင်းကင်ဘုံနိယာမက တားမြစ်အတတ်ကို သုံးသည်၊ နတ်ဆိုးကောင်းကင်ဘုံနိယာမကမူ ဘေးထိုင်ကြည့်နေသည်၊ ထို့ကြောင့် ခုခံသူများမှာ လူသားမျိုးနွယ်မှ ရှေ့ဆောင်လမ်းပြကြီးများသာ ကျန်တော့၏။
ထို့ကြောင့်လည်း တိုက်ပွဲအပြီးတွင် မိစ္ဆာမျိုးနွယ်များ အသာစီးရခဲ့ပုံပေါ်သည်။ နတ်ဘုရားလောကနှင့် ယင်လောကတို့မှာ ရိုက်ခွဲခံလိုက်ရပြီး လူ့လောကနယ်မြေကိုးခု၏ အင်အားမှာလည်း ထိုးကျသွားခဲ့ရသည်။ ထိုရှေ့ဆောင်လမ်းပြကြီးများသည်လည်း အမှတ်ရစရာများ တစ်ခါတစ်ရံ ပျောက်ဆုံးကာ လူအများ၏ လှောင်ပြောင်ခြင်းကို ခံရသည့် ထူးခြားသူများ ဖြစ်သွားခဲ့ရသည်။
"အဲဒါကတော့ မင်းတို့ လူသားမျိုးနွယ်မှာ မဟာပညာရှိ သူတော်စင်ကြီးများ ရှိနေလို့ပဲ"
လန်တောက်ချွန်းက သက်ပြင်းချရင်း ပြောသည်
"ဒီလို မဟာပညာရှိ သူတော်စင်ကြီးတွေဟာ တကယ်တော့ ကောင်းကင်ဘုံနိယာမရဲ့ ရာထူးကို ရယူနိုင်စွမ်း ရှိနေခဲ့ကြပြီ။ ဒါပေမဲ့ ဒီလောကမှာ ကောင်းကင်ဘုံနိယာမ ရှိနှင့်နေပြီးသားမို့ သူတို့ အဲဒီနောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ခဲ့ကြတာ။
တကယ်လို့ နတ်ဆိုးကောင်းကင်ဘုံနိယာမကသာ ကိုယ်တိုင် ဝင်စွက်ခဲ့ရင် ကောင်းကင်ဘုံနိယာမရဲ့ ဟန်ချက်ပျက်သွားပြီး အက်ကြောင်းတွေ ပေါ်လာနိုင်တယ်။
အဲဒီအခါကျရင် မင်းတို့ လူသားမျိုးနွယ်ရဲ့ မဟာပညာရှိ သူတော်စင်ကြီးတွေက အဲဒီအပေါက်ကို သုံးပြီး ကောင်းကင်ဘုံနိယာမအဖြစ် တက်လှမ်းသွားနိုင်တာပေါ့။ ဒါကြောင့် သူက သူကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ဘယ်လိုလုပ်ပြီး ကိုယ်တိုင် ဖျက်ဆီးဝံ့မှာလဲ၊ သူ့ရဲ့ အခြေခံအုတ်မြစ်ကို ဘယ်လိုလုပ်ပြီး အပျက်ခံဝံ့မှာလဲ"
သူက ခေတ္တရပ်ပြီး
"ဒီလို မဟာပညာရှိ သူတော်စင်ကြီးတွေက မင်းတို့ လူသားမျိုးနွယ်မှာ တစ်ယောက်တည်းတင် မကဘူး။ အရင်မျိုးဆက် ငရဲမင်းဆိုတာလည်း သူတို့ထဲက တစ်ယောက်ပဲ"
"မဟာပညာရှိ သူတော်စင်ကြီး "
ဖန့်ချန် စိတ်လှုပ်ရှားသွားသည်
"ခင်ဗျား ပြောတာက ကောင်းကင်ဘုံနိယာမ တစ်ပိုင်း ကို ဆိုလိုတာလား"
"အဲဒီလို နားလည်လို့လည်း ရပါတယ်။ မဟာပညာရှိ သူတော်စင်ကြီးဆိုတာက ငါတို့ဘက်က အခေါ်အဝေါ်ပါ"
လန်တောက်ချွန်းက ခေါင်းညိတ်ပြသည်။
"ဒါပေမဲ့ နောက်ဆုံးမှာတော့ နတ်ဆိုးကောင်းကင်ဘုံနိယာမက ကိုယ်တိုင် ပါဝင်လာခဲ့ပြီး လူ့လောကနယ်မြေကိုးခုမှာ သွေးမြေကျပြီး သေဆုံးသွားခဲ့တာပဲ မဟုတ်လား"
ဖန့်ချန်က တိုးတိုးလေး မေးလိုက်သည်
"ဒါကိုရော ဘယ်လို ရှင်းပြမလဲ"
"အဲဒါကတော့ အခြေအနေတွေက သူ ထိန်းချုပ်လို့ မရတော့တာကို သိသွားလို့ပဲ။ ငါတို့မျိုးနွယ်ရဲ့ ကောင်းကင်ဘုံနိယာမက သူ့ကိုပါ ဝါးမျိုသွားလိမ့်မယ်လို့ သူ ခံစားလိုက်ရတဲ့အခါကျမှ နောက်ဆုံးမှာ ပါဝင်လာပြီး ငါတို့ရဲ့ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်ခဲ့တာ။ ငါတို့မျိုးနွယ်ရဲ့ ကောင်းကင်ဘုံနိယာမနဲ့ အတူတူ သေဆုံးသွားခဲ့တာပဲ"
လန်တောက်ချွန်းက သက်ပြင်းချလိုက်သည်
"တကယ်လို့ သူသာ နောက်ဆုံးအထိ သည်းခံနိုင်ခဲ့ရင် ဒီနေ့ ဒီကမ္ဘာမှာ လူသားမျိုးနွယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
"လူသားမျိုးနွယ် မရှိဘဲ ခင်ဗျားတို့ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေပဲ ကျန်ခဲ့ရင် လက်ရှိ အခြေအနေထက် ပိုဆိုးသွားနိုင်ပါတယ်။ အခုလို သုံးပွင့်ဆိုင် အခြေအနေ ဖြစ်နေလို့သာ မျိုးနွယ်တိုင်း အသက်ရှူပေါက် ရနေကြတာပါ"
ဖန့်ချန်က အေးဆေးစွာပင် ဆိုသည်
"ခင်ဗျားရဲ့ စိတ်ရင်းကို နားလည်ပါပြီ။ ခင်ဗျားက ထိုက်ချန်းနယ်မြေ တိုက်ပွဲဟာ ခင်ဗျားတို့မျိုးနွယ် ဒီမှာ အခြေချဖို့အတွက် ဘာမှ အကျိုးမရှိဘဲ ခင်ဗျားတို့ရဲ့ နောင်ရေးကိုပဲ ထိခိုက်စေမှာကို စိုးရိမ်နေတာပေါ့။ ဒါကြောင့် ကျုပ် နဲ့ ပူးပေါင်းချင်နေတာ။ ခင်ဗျားက ကျုပ်ဆီကနေ ငရဲမင်းရဲ့ ဆက်ခံမှုကို တိုက်ရိုက် လုယူပြီး ခင်ဗျားတို့မျိုးနွယ်ကပဲ ယင်လောကကို သိမ်းပိုက်ဖို့ မစဉ်းစားဘူးလား"
"မစဉ်းစားတာ မဟုတ်ပါဘူး..."
လန်တောက်ချွန်းက သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။
"သူက မဝံ့ရဲတာပါ"
အသံတစ်သံမှာ သူတို့နှစ်ဦး၏ နားထဲတွင် ဟိန်းထွက်လာသည်။
ဖန့်ချန်နှင့် လန်တောက်ချွန်းတို့၏ အမူအရာများ ပြောင်းလဲသွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။ ဟင်းလင်းပြင်ကြီးထဲတွင် အက်ကြောင်းတစ်ခု ပေါ်လာ၏။
ထိုအက်ကြောင်းထဲမှ လူသုံးဦး ဘေးချင်းယှဉ်၍ ထွက်လာကြပြီး သူတို့နောက်တွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် အယောက် ၄၀-၅၀ ခန့် ပါလာကြသည်။
"အဖိုး ဆရာ စီနီယာ ယွမ်ချွဲ"
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ပြည့်နှက်သွားပြီး ချက်ချင်းပင် သူတို့ရှေ့သို့ သွားကာ ရိုရိုသေသေ ဂါရဝပြုလိုက်သည်။
လန်တောက်ချွန်းက နှာခေါင်းကို တစ်ချက်ပွတ်လိုက်ပြီးနောက် လက်အုပ်ချီ၍ ဆိုသည်။
"မျိုးဆက်သစ်ဖြစ်တဲ့ ကျွန်တော်မျိုးက မဟာပညာရှိ သူတော်စင်ကြီး သုံးပါးကို ဂါရဝပြုပါတယ်"
"ဘာ မဟာပညာရှိ သူတော်စင်ကြီးလဲ၊ ငါတို့က အခု ဘာမှမဟုတ်တော့တဲ့ သူတွေပါ။ မင်းတို့လို လူငယ်တွေနဲ့ မယှဉ်နိုင်ပါဘူး"
ယွမ်ချွဲ က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ဖန့်ကျန့်ထျန်းနှင့် ယွမ်ဟယ် တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ပြုံးလိုက်ကြသည်။ သူတို့နှစ်ဦးမှာ လန်တောက်ချွန်းကို ဂရုမစိုက်ဘဲ ဖန့်ချန်ကိုသာ လူကြီးမိဘများက သားမြေးကို ဂရုစိုက်သကဲ့သို့ မေးမြန်းနေကြ၏။
လန်တောက်ချွန်းမှာတော့ ဘေးတွင် နေရခက်စွာ ရပ်နေရပြီး စကားထဲ ဝင်ပြောခွင့် မရပေ။ သူတို့နောက်က ပါလာသည့် လူအုပ်ကြီးမှာလည်း ဖန့်ချန်ကို ဝိုင်းကြည့်ရင်း ရယ်မောကာ မေးကြသည်။
"ဒီလူငယ်လေးက လက်ရှိ ငရဲမင်းပေါ့ ဟုတ်လား"
"မှန်တယ်... ငါ့မြေးရဲ့ အရည်အချင်းက ဘယ်လိုလဲ"
ဖန့်ကျန့်ထျန်းက ဂုဏ်ယူစွာဖြင့် ပြုံးလျက် မေးလိုက်သည်။
"အရည်အချင်းကတော့... အခုချက်ချင်း မသိနိုင်သေးဘူး။ ဒါပေမဲ့ ခုနက ဒီကောင်ရဲ့ ကတိကို အလွယ်တကူ လက်မခံခဲ့တာကို ကြည့်ရင်တော့ စိတ်ဓာတ်ပိုင်းကတော့ ပြဿနာ မရှိပါဘူး"
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ယွမ်ဟယ်က ပြုံးလျက်
"သူက ငါ့တပည့်ပဲ၊ စိတ်ဓာတ်ကတော့ လွဲစရာ မရှိပါဘူး။ အားလုံး သေသေချာချာ မှတ်ထားကြဦး၊ နောက်နောင် အပြင်မှာ သူ အကူအညီ လိုနေတာတွေ့ရင် ဝိုင်းကူကြဦးနော်"
ဟု ဆိုသည်။
ထိုလူအုပ်ကြီးမှာ ဖန့်ချန်ကို တကယ်ပင် အလေးအနက်ထား၍ စိုက်ကြည့်ကြပြီး သူ၏ ရုပ်သွင်နှင့် အငွေ့အသက်ကို မှတ်သားနေကြသည်။
ဖန့်ချန်မှာတော့ စိတ်ထဲမှ ခါးသက်သက် ပြုံးလိုက်မိသည်။ ဒီယန်နတ်ဘုရားကြီးတွေဟာ အခု မှတ်ထားတယ် ဆိုပေမယ့် ခဏနေရင် ပြန်မေ့သွားကြဦးမှာပဲ မဟုတ်လား။
"ချန်အာ... ခုနက ဒီလူပြောတာတွေက အမှန်တွေပဲ။ မိစ္ဆာမျိုးနွယ်ဘက်က တားမြစ်အတတ်ဆိုတာ ဖြေရှင်းဖို့ မလွယ်ဘူး။ ဒါပေမဲ့ ငါတို့ကသာ အဆုံးထိ တောင့်ခံထားမယ်ဆိုရင် အရင်ဆုံး ပြိုလဲသွားမှာက သူတို့ပဲ ဖြစ်ရမယ်"
ဖန့်ကျန့်ထျန်းက ပြောရင်း လန်တောက်ချွန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"အဖိုး... ဆရာ... လူသားမျိုးနွယ်အနေနဲ့ မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းဖို့ လိုအပ်တယ်လို့ ထင်ပါသလား"
ဖန့်ချန်က အခွင့်ကြုံခိုက် မေးလိုက်သည်။ ယခု မမေးလိုက်လျှင် နောက်တစ်ခါ ဤပုဂ္ဂိုလ်ကြီးများနှင့် မည်သည့်အချိန်မှ ပြန်တွေ့မည်ကို မသိနိုင်ပေ။
"စီနီယာကြီးတို့... ကျွန်တော်မျိုး ခုနက ပြောခဲ့တာတွေက စိတ်ရင်းမှန်နဲ့ ပြောခဲ့တာပါ။ စီနီယာကြီးတို့ သေသေချာချာ စဉ်းစားပေးကြဖို့ မျှော်လင့်ပါတယ်"
လန်တောက်ချွန်းက လက်အုပ်ချီ၍ ဆိုသည်။
"မင်းတို့ မိစ္ဆာမျိုးနွယ်တွေတောင် ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်သေးတာ၊ ငါတို့နဲ့ ပူးပေါင်းဖို့ ဘာအရည်အချင်း ရှိလို့လဲ"
ဖန့်ကျန့်ထျန်းက အေးစက်စွာ ဆိုသည်။
လန်တောက်ချွန်း၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။
ယွမ်ဟယ်ကမူ ပြုံးလျက်
"အဖိုးကြီးဖန့်... အဲဒီလိုလည်း မပြောနဲ့လေ။ မိစ္ဆာမျိုးနွယ်တွေ အခက်တွေ့နေတာ မှန်ပေမယ့် လူ့လောကနယ်မြေကိုးခုမှာ သူတို့ဆီက အဆင့် ၉ မိစ္ဆာတွေ အများကြီး ပေါ်လာတာတော့ အမှန်ပဲ။ ဒီအင်အားကို လျစ်လျူရှုလို့ မရဘူး။ နတ်ဘုရားစာရင်း နဲ့ နတ်ဘုရားရှေးဟောင်းမှန် ကို ထိန်းချုပ်ဖို့ဆိုရင် သူတို့ရဲ့ အကူအညီ လိုဦးမှာပဲ"
'နတ်ဘုရားစာရင်း' နဲ့ 'နတ်ဘုရားရှေးဟောင်းမှန်' ကို ထိန်းချုပ်ဖို့လား
ဖန့်ချန် စိတ်ထဲမှ တွေးလိုက်မိသည်။
'ကြည့်ရတာ အဖိုးတို့က နတ်ဆိုးတွေရဲ့ ဘေးရန်ကို ပိုစိုးရိမ်နေကြတာပဲ။ ဟုတ်ပါတယ်... တကယ်လို့ နတ်ဘုရားစာရင်းနဲ့ နတ်ဘုရားရှေးဟောင်းမှန်သာ ပူးပေါင်းသွားရင် အဆင့် ၉ တစ်ပိုင်း နတ်ဘုရားလမ်းစဉ် ကျွမ်းကျင်သူတွေကို သူတို့ အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်လိမ့်မယ်။ အရေအတွက် များလာရင်တော့ သုံးလောကလုံးရဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်တယ်'
"စီနီယာတို့က ကျွန်တော်တို့မျိုးနွယ်ကို နတ်လမ်းစဥ်ဂိုဏ်း ရဲ့ နတ်ဘုရားစာရင်းကို တားဆီးခိုင်းစေချင်တာလား"
လန်တောက်ချွန်းက ခေတ္တစဉ်းစားပြီးနောက် ဖန့်ချန်ကို ကြည့်လိုက်သည်။
"ဖန့်ငရဲမင်း... မင်းရဲ့ သဘောထားကရော ဘယ်လိုလဲ"
"ငါ့ဆရာတို့ရဲ့ သဘောထားဟာ ငါ့ရဲ့ သဘောထားပဲ"
ဖန့်ချန်က အေးဆေးစွာပင် ပြောလိုက်သည်။
"ဒီအချက်ကတော့..."
လန်တောက်ချွန်းက အတော်ကြာအောင် စဉ်းစားပြီးမှ ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်သည်။
"ကျွန်တော် လက်ရှိမှာတော့ ကတိမပေးနိုင်သေးဘူး"
"ဒါဆိုရင်တော့ မင်းမှာ စိတ်ရင်းမရှိဘူးပဲ၊ မြန်မြန် ထွက်သွားတော့"
ဖန့်ကျန့်ထျန်းက အေးစက်စွာ နှင်ထုတ်လိုက်သည်။
"စီနီယာ... ကျွန်တော့်ရှင်းပြတာကို နားထောင်ပါဦး"
လန်တောက်ချွန်းမှာ စိတ်မဆိုးဘဲ စိတ်ရှည်စွာ ရှင်းပြသည်။
"ကျွန်တော်က လက်ရှိမှာ ကတိမပေးနိုင်တာပါ၊ နောက်ပိုင်းမှာ မပေးနိုင်ဘူးလို့ မပြောပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ မိစ္ဆာမျိုးနွယ်ထဲမှာ အုပ်စုတွေ အများကြီး ကွဲနေလို့ပါ။ နတ်လမ်းစဥ်ဂိုဏ်းနဲ့ ပူးပေါင်းနေတဲ့ အဆင့် ၉ မိစ္ဆာတွေက အင်အားပိုကြီးတဲ့ အုပ်စုထဲမှာ ပါနေတယ်။
သူတို့ကို မစည်းရုံးနိုင်ရင် ကျွန်တော့်လက်ထဲက အင်အားနဲ့ နတ်ဘုရားစာရင်းကို တားဆီးဖို့ မလုံလောက်ဘူး။ အဲဒီစာရင်းနဲ့ မှန်ကြီးက ကောင်းကင်ဘုံနိယာမ တစ်ပိုင်း လောက်ကို အစွမ်းထက်တာပါ"
အခန်း (၁၇၄၈) - စေတနာအရင်းခံ
နိုးထလာသော မိစ္ဆာမျိုးနွယ်များမှာ အင်အားစုအုပ်စုကြီးနှင့် အုပ်စုငယ်ဟူ၍ ကွဲပြားသွားပြီလား။
ဖန့်ချန်၏ စိတ်အာရုံမှာ လှုပ်ရှားသွားသော်လည်း အလွန်အမင်း အံ့သြခြင်းတော့ မရှိပေ။ ယခုတွေ့ရှိနေရသော အရိပ်အယောင်များအရ မိစ္ဆာမျိုးနွယ်အတွင်း၌ သဘောထားကွဲလွဲမှုများ ရှိနေသည်မှာ ထင်ရှားလှသည်။
"ဘာလဲ... ခင်ဗျားက ခင်ဗျားတို့ဘက်က အင်အားစုအုပ်စုကြီးကို စည်းရုံးသိမ်းသွင်းပြီးမှ ကျုပ်တို့နဲ့ ပူးပေါင်းမယ်လို့ ပြောချင်တာလား"
ဖန့်ကျန့်ထျန်းက အေးစက်စွာ ပြုံးလိုက်ပြီး
"ဒါက ဘယ်လောက်တောင် ကြာဦးမှာလဲ။ တကယ်လို့ မင်းတို့က လမ်းခုလတ်မှာ စိတ်ပြောင်းသွားရင် အဲဒီအချိန်တွေက အလဟဿ ဖြစ်ကုန်မှာပေါ့။ ငါတို့မှာ စောင့်ဖို့ အချိန်မရှိဘူး၊ စောင့်လည်း မစောင့်ချင်ဘူး။ မင်းမှာ စေတနာအရင်းခံ ရှိတယ်ဆိုရင် ဒီထက်ပိုပြဖို့ လိုလိမ့်မယ်"
"ဒါကြောင့်လည်း ကျွန်တော်မျိုးက ဖန့်ငရဲမင်းနဲ့ ပူးပေါင်းချင်တာပေါ့ စီနီယာ။ ဖန့်ငရဲမင်းရဲ့ နောက်ကွယ်မှာ ကျွယ်မင်နန်းတော်၊ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေတွေ ရှိနေတယ်။ တကယ်လို့ အခု ထိုက်ချန်းနယ်မြေ တိုက်ပွဲမှာသာ အင်အားစုအုပ်စုကြီးဘက်က ရှုံးနိမ့်သွားမယ်ဆိုရင် သူတို့ထဲက တချို့ ပုဂ္ဂိုလ်တွေဟာ ကျွန်တော်မျိုးရဲ့ အကြံပြုချက်ကို စိတ်ရှည်လက်ရှည် ထိုင်နားထောင်လာကြလိမ့်မယ်"
လန်တောက်ချွန်းက ရယ်မောလျက် ဆိုသည်
"ဖန့်ငရဲမင်းသာ ကျွန်တော်မျိုးနဲ့ ပူးပေါင်းဖို့ သဘောတူပြီး ကတိတစ်ခု ပေးမယ်ဆိုရင် ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေ ချက်ချင်း စတင် လှုပ်ရှားပါတော့မယ်။ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေတွေ လိုက်လံရှာဖွေနေတဲ့ ကောင်းကင်ဘုံနိယာမ လူဝင်စား တွေထဲက အနည်းဆုံး ခုနစ်ပုံပုံ သုံးပုံလောက်ဟာ သူတို့ သွားလိုတဲ့ ပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားစေရမယ်"
"အင်အားစုအုပ်စုကြီးဘက်မှာ မော်ထျန်းဌာန ရှိတယ်၊ နတ်လမ်းစဉ်ဂိုဏ်း ရှိတယ်။ ကျွန်တော်မျိုး အတိအကျ ပြောရဲတာ တစ်ခုကတော့... တကယ်လို့ ကျွန်တော်မျိုးသာ လက်ရှောင်နေမယ်ဆိုရင် ဒီတစ်ခါ ထိုက်ချန်းနယ်မြေ တိုက်ပွဲမှာ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေတို့ဟာ သေချာပေါက် ရှုံးလိမ့်မယ်၊ အနိုင်ရဖို့ အခွင့်အရေး တစ်စက်ကလေးတောင် မရှိဘူး"
ဟု လန်တောက်ချွန်းက ဆိုသည်။
"ဒါဆို မိစ္ဆာဘေးဆိုးကရော... ဒီနည်းလမ်းက မင်း ဖန်တီးထားတာ မဟုတ်လား"
ယွမ်ဟယ်က ပြုံးလျက် ပြောသည်
"ဒီလို နည်းလမ်းမျိုးကို သုံးနိုင်တယ်ဆိုကတည်းက မင်းဟာ မင်းပြောတဲ့ 'မဟာပညာရှိ သူတော်စင်ကြီး' အဆင့်ကို ရောက်နေပြီဆိုတာ ထင်ရှားပါတယ်။ မင်းက မိစ္ဆာမျိုးနွယ်ရဲ့ အရှင်သခင် အဆင့်အတန်းနဲ့ မိစ္ဆာဘေးဆိုးကို ကြားခံနယ်အဖြစ် သုံးပြီး လူတိုင်းရဲ့ စိတ်နှလုံးထဲကို စိတ်ကြိုက် ဝင်ထွက်နေတာပဲ။ မင်းရဲ့ ရည်မှန်းချက်က မိစ္ဆာမျိုးနွယ်အတွက် နယ်မြေတစ်ခု ရဖို့တင် မကဘူးထင်တယ်"
"မင်းက တကယ်ပဲ မိစ္ဆာအရှင်သခင် ဖြစ်နေတာကိုး"
ဖန့်ချန် စိတ်ထဲမှ မှတ်ချက်ပြုမိသည်။
ဆရာယွမ်ဟယ်၏ လန်တောက်ချွန်းအပေါ် ဆုံးဖြတ်ချက်ကို သူ ယုံကြည်သည်။ တစ်ဖက်လူက မိမိ၏ တည်နေရာကို အတိအကျ သိနေသည်မှာလည်း မဆန်းတော့ပေ။
ကောင်းကင်ဘုံနိယာမ တစ်ပိုင်း အဆင့်ရှိသော ပညာရှင်ဖြစ်ပြီး ကောင်းကင်ဘုံနိယာမများသာ အသုံးချနိုင်သည့် 'သဘာဝဘေးဆိုး' အတတ်ကိုပါ စတင်ပိုင်ဆိုင်ထားသူ မဟုတ်လား။
အခုကြည့်လျှင် တစ်ဖက်လူက အေးအေးဆေးဆေး စကားပြောနေပြီး အင်အားကြီး ပညာရှင်တစ်ဦး၏ မာန်မာနမျိုး မပြသသော်လည်း သူ၏ အဆင့်အတန်းမှာ လူ့လောကနယ်မြေကိုးခု၏ အမြင့်ဆုံး အထွတ်အထိပ်တွင် ရှိနေသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
"ဒီအတတ်ကို ခင်ဗျား တတ်မြောက်ထားတယ်ဆိုရင် ခင်ဗျားရဲ့ လက်ထဲမှာလည်း 'ကောင်းကင်ဘုံနိယာမ လူဝင်စား' တွေ အများကြီး ရှိနေမှာပေါ့"
ဖန့်ချန်က ဆက်မေးသည်။
"မိစ္ဆာဘေးဆိုး အတတ်ဆိုတာက စီနီယာတို့ရဲ့ နည်းလမ်းတွေက အရမ်းကို ထူးကဲလွန်းတာကြောင့် ကျွန်တော်မျိုးဘက်က အကျပ်အတည်းကို ဖောက်ထွက်ဖို့ သုံးရတဲ့ နည်းလမ်းပါ။ ကျွန်တော်မျိုး နှစ်ပေါင်းများစွာ စဉ်းစားခဲ့ပြီးမှ ဒီနည်းလမ်းတစ်ခုတည်းသာ အလုပ်ဖြစ်မယ်လို့ တွေ့ခဲ့ရတာ။
ဒါကြောင့် ဒီအတတ်ပညာဟာ နောင်မှာလည်း ဆက်ပြီး ပေါ်ပေါက်နေဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်မျိုး ကတိပေးနိုင်တာ တစ်ခုကတော့ နောင်ဖြစ်လာမယ့် မိစ္ဆာဘေးဆိုးတွေဟာ အရင်တုန်းကလိုပဲ ရွှေအမြုတေ နဲ့ အထက်အဆင့် ကျင့်ကြံသူတွေမှာပဲ ပေါ်လာပါလိမ့်မယ်။ သာမန်လူသားတွေဆီမှာ ဒီဘေးဆိုး မကူးစက်စေရဘူး"
ဟု လန်တောက်ချွန်းက ပြုံးလျက် ဆိုသည်။
"မင်းရဲ့ စကားကို ငါတို့က တစ်ဝက်ပဲ ယုံနိုင်မယ်။ ထိုက်ချန်းနယ်မြေ တိုက်ပွဲ ပြီးသွားမှ ငါတို့ ဆက်ပြောကြတာပေါ့"
ယွမ်ဟယ်က အေးဆေးစွာ ဆိုလိုက်သည်။
"တကယ်လို့ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေဘက်က ရှုံးသွားခဲ့ရင်ကော"
လန်တောက်ချွန်းက စမ်းသပ်သည့်အလား မေးလိုက်သည်။
"တကယ်လို့ အဲဒီလို အခြေအနေ ရောက်သွားရင်တော့ တချို့အရာတွေက ပြန်ပြင်လို့ မရတော့ဘူးနော်"
"ရှုံးရင်လည်း ရှုံးတာပေါ့။ မင်းတို့ မိစ္ဆာမျိုးနွယ်တွေ လူ့လောကမှာ ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ တကယ်ပဲ မသေနိုင်ဘူးလို့ ထင်နေတာလား။ ယင်လောကထဲ ရောက်လာရင်တော့ ဘယ်သူက အမိန့်ပေးမှာလဲ။
မင်းလည်း ဒါကို ကြိုမြင်လို့ ငါတို့ကို လာစမ်းနေတာ မဟုတ်လား။ ဒီတစ်ခါက ရှေးယခင် တိုက်ပွဲတွေနဲ့ မတူတော့ဘူး။ မင်းတို့ မိစ္ဆာမျိုးနွယ်ပဲ ဖြစ်ဖြစ်၊ နတ်ဆိုးမျိုးနွယ်ပဲ ဖြစ်ဖြစ် ယင်လောကကို ရိုက်ခွဲနိုင်တဲ့ အရည်အချင်း မရှိတော့ဘူး။ ချန်အာရဲ့ ငရဲမင်း ရာထူးကတော့ ခိုင်ခိုင်မာမာ ရှိနေမှာပဲ"
ဟု ယွမ်ဟယ်က ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူက ဖန့်ကျန့်ထျန်းကို ကြည့်လိုက်ပြီး
"အဖိုးကြီးဖန့်... ငါ အစကတည်းက ပြောသားပဲ၊ ချန်အာကို ငါ့လမ်းစဉ်အတိုင်း ပေးလျှောက်ရမှာလို့။ ခင်ဗျားကမှ ဟိုဟာစီစဉ်၊ ဒီဟာစီစဉ်နဲ့ ရှုပ်နေတာ။ အခုတော့ သူ့ကို မသေမျိုးရေစင်ကန် ဆီ တစ်ခေါက်လောက် ခေါ်သွားသင့်ပြီ မဟုတ်လား"
မသေမျိုးရေစင်ကန်
ဖန့်ချန် ခေတ္တ မှင်သက်သွားသည်။ သူ စကားမဟရသေးခင်မှာပင် ဖန့်ကျန့်ထျန်းက အေးဆေးစွာ ဆိုသည်။
"ဘာလို့ အလျင်စလို လုပ်နေရမှာလဲ။ ငါ့ရဲ့ လမ်းစဉ်ကကော မကောင်းလို့လား။ တကယ်လို့ သူ့မှာသာ ငါ့ရဲ့ အရင်တုန်းက နည်းလမ်းတွေ ရှိနေရင် လူတစ်ယောက်၊ ဓားတစ်လက်တည်းနဲ့တင် သုံးလောကလုံးကို နှိမ်နင်းလို့ ရတယ်"
ထို့နောက် ဖန့်ကျန့်ထျန်းက လန်တောက်ချွန်းကို ကြည့်ကာ
"ကြားတယ် မဟုတ်လား။ မင်းတို့ လူ့လောကမှာ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါစေ၊ နောက်ဆုံးတော့ သံသရာထဲကိုပဲ ဝင်ရမှာပဲ။ ပူးပေါင်းဖို့၊ မပူးပေါင်းဖို့ ဆိုတာက မင်းတို့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။
အဲဒီ ဆုံးဖြတ်ပိုင်ခွင့်က ငါတို့ လက်ထဲမှာပဲ ရှိတယ်။ ဒါကို မင်း သေသေချာချာ နားလည်ထားဖို့ လိုမယ်။ မင်းဘက်က စေတနာအရင်းခံကို အရင်ပြပါ၊ အဲဒီကျမှ ဒီကောင်လေးဆီက ကတိလာတောင်း။ ငါ အာမခံရဲတာ တစ်ခုကတော့ သူ့ရဲ့ ကတိဟာ ငါတို့ရဲ့ ကတိပဲ"
ယွမ်ဟယ်က ခေါင်းညိတ်ပြသည်။
ယွမ်ချွဲသည်လည်း ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ် လိုက်လေသည်။ ကျန်ရှိနေသော ယန်နတ်ဘုရား အယောက် ၄၀-၅၀ ခန့်မှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဖန့်ကျန့်ထျန်း၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။
ထိုအချိန်တွင် ဖန့်ချန်၏ နောက်ကွယ်၌ ရပ်နေကြသော ယန်နတ်ဘုရား အုပ်စုကြီးမှာ လန်တောက်ချွန်း၏ မျက်လုံးထဲတွင် မြင့်မားလွန်းလှသော တောင်တန်းကြီးများအလား ထင်မှတ်နေရသည်။ တစ်ချိန်က သူ၏ နောက်ကွယ်တွင်လည်း ဤကဲ့သို့သော တောင်တန်းကြီးများ ရှိခဲ့ဖူးပါ၏။
လန်တောက်ချွန်း စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး လက်အုပ်ချီကာ တည်ကြည်စွာ ဆိုသည်။
"ဒါဆိုရင်တော့ ကျွန်တော်မျိုးဘက်က စေတနာအရင်းခံကို အရင်ပြပါ့မယ်။ စီနီယာတို့ စောင့်ကြည့်နေကြပါ။ ထိုက်ချန်းနယ်မြေ တိုက်ပွဲ ပြီးတာနဲ့ ကျွန်တော်တို့မျိုးနွယ်အတွက် ဖန့်ငရဲမင်းဆီက ကတိတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ပြောပြီးနောက် သူက ကျောက်တံခါးဆီသို့ လှည့်ထွက်သွားသည်။ ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
"ဒီကျောက်တံခါးက ဝိညာဥ်ရတနာစာရင်း ထဲက ငရဲတံခါးဝ လား"
"မှန်ပါတယ်" လန်တောက်ချွန်း၏ မျက်ဝန်းထဲတွင် သတိထားရိပ်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားသည်။
"ဒါက... အရင်တုန်းက ယင်လောကထဲမှာ ရှိရမှာ မဟုတ်လား"
ဟု ဖန့်ချန်က ဆိုသည်။
ယွမ်ဟယ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည်
"ဒါက အရင်တုန်းက ယင်လောကမှာ ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ငါတို့ လူသားမျိုးနွယ်တွေ ယင်လောကကို စတင် ထိန်းချုပ်တဲ့ အချိန်မှာတင် ဒါက ပျောက်ကွယ်သွားခဲ့ပြီ။ အခုကြည့်ရတာ နတ်ဆိုးမျိုးနွယ်တွေက ဒါကို အရင်ဆုံး ဝှက်ထားခဲ့ပြီး နောက်ပိုင်းကျမှ မင်းလက်ထဲ ဘယ်လိုရောက်သွားလဲ မသိဘူးပေါ့"
"စီနီယာတို့က အမြင်စူးရှလှပါတယ်"
လန်တောက်ချွန်း စိတ်ထဲမှ သက်ပြင်းချနိုင်သွားသည်။ ထို့နောက် ဖန့်ချန်က ထိုအရာကို ပြန်တောင်းမည်ကို ကြောက်သည့်အလား ကျောက်တံခါးထဲသို့ အမြန်ပြေးဝင်သွားပြီး ကျောက်တံခါးနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
"ဆရာ... အခု အခြေအနေကို ဘယ်လိုမြင်ပါသလဲ။ ကျုပ် နောက်ထပ် ဘာကို အဓိကထားပြီး လုပ်သင့်သလဲ"
လန်တောက်ချွန်း ထွက်သွားသည်နှင့် ဖန့်ချန်က ယွမ်ဟယ်တို့ကို အလျင်အမြန် မေးမြန်းလိုက်သည်။
"မင်း စိတ်ထဲမှာ အဖြေရှိပြီးသားပဲကို၊ ဘာလို့ ထပ်မေးနေသေးတာလဲ။ မိစ္ဆာမျိုးနွယ်တွေ နောက်ပိုင်းမှာ လိမ္မာတယ်ဆိုရင် သူတို့ကို နယ်မြေတစ်ခု ပေးလိုက်လည်း ကိစ္စမရှိပါဘူး။ ယင်လောကသာ ငါတို့ လက်ထဲမှာ ရှိနေသရွေ့ အားလုံးက အဆင်ပြေပါတယ်။ အခု မင်း စိုးရိမ်ရမှာက နတ်ဆိုးမျိုးနွယ်၊ ကျဆုံးမသေမျိုးတွေနဲ့ အဲဒီ မော်ထျန်းဌာန ပဲ"
ယွမ်ဟယ်က ပြုံးလျက်
"မင်းရဲ့ ကျင့်ကြံမှု အဆင့်က မလုံလောက်သေးဘူးနော်၊ အမြန်ဆုံး တိုးတက်အောင် လုပ်ဦး။ မင်းအတွက် အချိန် သိပ်မကျန်တော့ဘူး"
"ကျွန်တော့်အတွက် အချိန် သိပ်မကျန်တော့ဘူး ဟုတ်လား"
ဖန့်ချန် ကြောင်သွားသည်။ သူ ထပ်မေးရန် ပြင်လိုက်သော်လည်း သူ၏ ရှေ့မှ ပုံရိပ်များမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။ ခဏချင်းအတွင်းမှာပင် ယန်နတ်ဘုရား အယောက် ၄၀-၅၀ လုံး ထွက်သွားကြပြီး တစ်ယောက်မှ ကျန်မနေတော့ပေ။
"တကယ်ပဲ လာတုန်းကလည်း အမြန်၊ ပြန်တော့လည်း အမြန်ပါလား။ အဖိုးကလည်း ငါ့ကို ဘာမှ ထပ်မှာမသွားဘူး၊ အနည်းဆုံးတော့ ငါ့အဖေနဲ့ အမေတို့ရဲ့ အခြေအနေလောက်တော့ ပြောပြသွားသင့်တာပေါ့..."
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ယွမ်ဟယ်၏ စကားကို ပြန်တွေးမိပြီး စိတ်ထဲတွင် လေးလံသွားရသည်။
'ဆရာယွမ်ဟယ်က ငါ့အတွက် အချိန် သိပ်မကျန်တော့ဘူးလို့ ပြောတာက အခု လက်ရှိ အခြေအနေကို ပြောတာလား၊ ဒါမှမဟုတ် သူတို့ရဲ့ သက်တမ်း ကိစ္စမှာ ပြဿနာ တစ်ခုခု ကြုံနေရလို့လား။ ကြည့်ရတာ သူတို့က လက်ရှိ အခြေအနေအပေါ် သိပ်ပြီး အကောင်းမမြင်ကြဘူးပဲ။ 'နတ်ဘုရားစာရင်း' နဲ့ 'နတ်ဘုရားရှေးဟောင်းမှန်' က အဲဒီလောက်တောင် ရင်ဆိုင်ရ ခက်ခဲတာလား'
'ထားလိုက်ပါတော့... အခု အခြေအနေက အနည်းဆုံးတော့ ကောင်းတဲ့ဘက်ကို ဦးတည်နေတာပဲ'
ဖန့်ချန် ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် ခေါင်းမော့ကာ ဖြူဖွေးသော မြူထုကြီးထဲသို့ တည့်တည့် လှမ်းဝင်လိုက်သည်။
ဤနေရာရှိ ယင်လောကမှာ ယခင်အတိုင်းပင် ခြောက်ကပ်နေဆဲဖြစ်ပြီး ဝမ်ချွမ်းမြစ် ထဲတွင် လူသားဝိညာဥ်များစွာ နစ်မြုပ်နေကြသည်။ ထိုဝိညာဥ် 'မျိုးစေ့' များကို ယင်ဘူး ထဲသို့ အကုန်သိမ်းဆည်းပြီးနောက် ဖန့်ချန်သည် လူ့လောကသို့ ပြန်လည် ထွက်ခွာခဲ့ပြီး ဤနယ်မြေရှိ တည်နေရာကူးပြောင်းရေးအစီရင်ဆီသို့ ဦးတည် ခရီးဆက်ခဲ့လေတော့သည်။