အခန်း (၁၇၄၉-၁၇၅၀)
Vol. 175 Ch. 1749-1750
အခန်း (၁၇၄၉) - နင်တို့အားလုံးကို သတ်ပစ်မယ်
ဖန့်ချန် လက်ရှိရောက်ရှိနေသော ဒေသမှာ အတော်အတန် အရေးပါသော နယ်စပ်ခံတပ်တစ်ခု ဖြစ်သည်။
အဝင်အထွက်မှာ ရိုးရှင်းလွယ်ကူသော်လည်း တည်နေရာ ကူးပြောင်းရေးအစီရင် ကို အသုံးပြုမည်ဆိုပါက ရိပ်ခြေဗုဒ္ဓ အတတ်ကို အသုံးမပြုနိုင်ပေ။ ထို့ကြောင့် ဤအစီရင်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ရန်အတွက် သူ၏ အမှတ်အသား အစစ်အမှန်ကို တစ်ဖက်လူက ရိပ်မိခြင်း ရှိ၊ မရှိ ဆိုသည်မှာ အဓိက အချက်ပင် ဖြစ်သည်။
ကံကောင်းသည်မှာ သူက ဤအခြေအနေအတွက် နည်းလမ်း ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ တစ်လမ်းလုံးတွင်လည်း ဤနည်းလမ်းဖြင့်ပင် ခံတပ်များစွာကို အခက်အခဲမရှိ ကျော်ဖြတ်လာခဲ့ခြင်း ဖြစ်၏။
ရက်အနည်းငယ် ကြာပြီးနောက် ကောင်းကင်ယံတွင် တည်နေရာ ကူးပြောင်းရေးအစီရင်ကြီးတစ်ခု တဖြည်းဖြည်း ပေါ်လာတော့သည်။
ဖန့်ချန်က အိတ်ထဲမှ မိယွီကို ဆွဲထုတ်လိုက်ပြီး
"မိတ်ဆွေ မိယွီ... နိုးတော့၊ ခံတပ်ကို ဖြတ်ရတော့မယ်" ဟု ဆိုလိုက်သည်။
ရှဥ့်ပျံလေးသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာသည်။ အစပိုင်းတွင် အိပ်ချင်မူးတူး ဖြစ်နေသော်လည်း မကြာခင်မှာပင် နိုးကြားလာပြီး လူသားအသွင်သို့ ပြောင်းလဲလိုက်လေသည်။ ဖန့်ချန်က ယန်ဘူး ထဲသို့ တိုက်ရိုက်ဝင်ရောက် ပုန်းအောင်းလိုက်ပြီး မိယွီက ထိုဘူးလေးကို ယူဆောင်ကာ တည်နေရာကူးပြောင်းရေးအစီရင်ဆီသို့ ပျံသန်းသွားတော့သည်။
မသေမျိုးကျောက်တုံး များ ပေးဆောင်ခြင်း၊ အမှတ်အသား စစ်ဆေးခြင်းနှင့် ခရီးစဉ် စတင်ရန် စောင့်ဆိုင်းခြင်းများမှာ အလွန်ပင် ချောမွေ့နေသည်။
မိယွီက တစ်နေရာတွင် အေးအေးဆေးဆေး ထိုင်စောင့်နေရင်း အိတ်ထဲမှ ပိုးကောင်ကလေးတစ်ကောင်ကို ထုတ်၍ ပါးစပ်ထဲထည့်ကာ ဝါးစားနေသည်။ အနီးနားရှိ ကျင့်ကြံသူအချို့မှာ သူမ ဝါးစားနေသော ပိုးကောင်အမျိုးအစားကို မြင်သောအခါ ရွံရှာဖွယ်ကောင်းသဖြင့် ခပ်လှမ်းလှမ်းသို့ တိတ်တဆိတ် ဆုတ်ခွာသွားကြ၏။
ပတ်ဝန်းကျင်တွင် မိစ္ဆာဝင်နေသူ အချို့က ဒေသခံကျင့်ကြံသူများကို ဦးဆောင်၍ ကင်းလှည့်နေကြသည်။ လမ်းသွားလမ်းလာများ၏ အမှတ်အသားကို တစ်ခါတစ်ရံ စစ်ဆေးနေကြပြီး သံသယရှိပါက ထိုနေရာမှာပင် ဖမ်းဆီးစစ်ဆေးကြသည်။
စောင့်ဆိုင်းနေစဉ်အတွင်း မိယွီမှာ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် အမေးအမြန်း ခံခဲ့ရသော်လည်း အကြိမ်တိုင်းတွင် လိမ္မာပါးနပ်စွာ ဖြေကြားနိုင်ခဲ့သည်။ သူမသည် ဂိုဏ်း၏ အမာခံတပည့် မဟုတ်သဖြင့် ကိုယ်ခန္ဓာတွင်လည်း အစီရင်ဗဟိုချက် ၏ အငွေ့အသက် မရှိပေ။ ထို့ကြောင့် စစ်ဆေးသူများမှာ အနည်းငယ် မေးမြန်းပြီးနောက် ထွက်ခွာသွားကြသည်။
(အရင်ပိုင်းမှာတော့ မိယွီကအမာခံတပည့်တဲ့ မူရင်းအတိုင်းပဲ ပြန်မယ်နော် )
"ကျုပ်က လူစင်စစ်ပါလို့ ပြောနေတာကို ဘာလို့ တတွတ်တွတ် လိုက်မေးနေတာလဲ။ ခင်ဗျားတို့ မိစ္ဆာဝင်နေတဲ့သူတွေက ဒီလောက်တောင် ဗိုလ်ကျရသလား။ ဒီနယ်မြေတွေကို ခင်ဗျားတို့ သိမ်းပိုက်ပြီးကတည်းက ကျုပ်တို့လို သာမန်ကျင့်ကြံသူတွေ အိမ်ပြန်ပြီး ဆွေမျိုးမေ့တာတောင် မလုပ်ရတော့ဘူးလား"
"မိတ်ဆွေ... စိတ်ကို လျှော့ပါ။ မိတ်ဆွေရဲ့ အမှတ်အသား အမှန်ကန်ကြောင်း အတည်ပြုပြီးရင် ကျုပ်တို့ ထပ်မမေးတော့ပါဘူး"
"အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့။ တကယ်လို့ မသေမျိုးကျောက်တုံး လိုချင်လို့ အကြောင်းပြချက် ရှာနေတာဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ ကျုပ် ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် တစ်လမ်းလုံးမှာ လမ်းခွန် ပေးခဲ့ရတာလည်း မနည်းတော့ဘူး၊ ခင်ဗျားတို့ မိစ္ဆာမဟာမိတ်အဖွဲ့အတွက် စစ်စရိတ် ထည့်ဝင်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်"
"မိတ်ဆွေ... စကားပြောတာ အပ်နဲ့ ထိုးသလို မလုပ်ပါနဲ့"
လူအများမှာ ထိုအသံလာရာသို့ လှည့်ကြည့်လိုက်ကြရာ လူငယ်တစ်ဦးကို မိစ္ဆာဝင်နေသူ အချို့က တားဆီးစစ်ဆေးနေသည်ကို တွေ့ရသည်။ ထိုလူငယ်မှာ အလွန်ပင် စိတ်မရှည် ဖြစ်နေပြီး မိစ္ဆာမဟာမိတ်အဖွဲ့အပေါ် မကျေနပ်သည့် အမူအရာကို အတိအလင်း ပြသနေသည်။
သူ လမ်းခွန် အကြောင်း ပြောလိုက်သောအခါ ကျင့်ကြံသူအတော်များမှာ ကိုယ်ချင်းစာသွားကြပြီး ခေါင်းတိတ်တဆိတ် ညိတ်လိုက်မိကြသည်။ သူတို့လည်း တစ်လမ်းလုံးတွင် လမ်းခွန် အတော်ပေးခဲ့ရသည် မဟုတ်လား။
ထိုမိစ္ဆာဝင်နေသူများမှာ လူငယ်၏ ရိုင်းစိုင်းသော အမူအရာကြောင့် တုံ့ပြန်ခြင်း မရှိဘဲ စိတ်ရှည်စွာ ရှင်းပြပြီးနောက် အမှတ်အသားကို ဆက်လက် စစ်ဆေးကြသည်။ များသောအားဖြင့် ဘယ်ကလာသလဲ၊ ဘယ်သွားမလဲ၊ ဘယ်ဂိုဏ်းကလဲ စသည့် ပုံသေမေးခွန်းများကိုသာ ထပ်ခါတလဲလဲ မေးကြပြီး သံသယဖြစ်ဖွယ် မရှိပါက ပြန်လွှတ်ပေးလိုက်ကြသည်။
"အားလုံးပဲ... အစီရင် စတင်လို့ ရပါပြီ"
မကြာမီ လူတစ်ဦး ရောက်လာပြီး စောင့်ဆိုင်းနေသော လူအုပ်ကို ခေါင်းညိတ်ပြကာ ပြုံးလျက် ဆိုသည်။ ဤနေရာရှိ အစီရင်မှာ တစ်ကြိမ်လျှင် လူပေါင်း ၂၀၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်ပြီး အလွန်မများသော်လည်း မနည်းလှပေ။
အရင်တုန်းကဆိုလျှင် တစ်ကြိမ်စီးနိုင်ရန် ဆယ်ရက်၊ ခွဲခန့် စောင့်ရတတ်ပြီး တစ်ခါတစ်ရံ လဝက်ခန့်အထိ တန်းစီရတတ်သည်။ သို့သော် ယခုအခါ အခြေအနေမှာ ထူးခြားနေသဖြင့် လမ်းပေါ်တွင် သွားလာနေသော ကျင့်ကြံသူ အရေအတွက်မှာ အလွန်ပင် နည်းပါးသွားခဲ့သည်။ ထို့ကြောင့် မိယွီမှာ ယနေ့ ရောက်ရောက်ချင်း နာရီဝက်ခန့်သာ တန်းစီပြီးနောက် ထွက်ခွာနိုင်ပြီ ဖြစ်သည်။
လူအများမှာ မသေမျိုးကျောက်တုံး များကို ပေးဆောင်၍ အစီရင်ထဲသို့ တဖွဲဖွဲ ဝင်ရောက်သွားကြသည်။ အစီရင်က တဖြည်းဖြည်း နိုးကြားလာပြီး ကောင်းကင်မှ ရေတံခွန်တစ်ခုအလား အပြာရောင် အလင်းတန်းများ အရပ်မျက်နှာအနှံ့မှ ကျဆင်းလာသည်။
လူအများမှာ ခရီးစဉ် ချောမွေ့နေသဖြင့် စိတ်သက်သာရာ ရသွားကြသည်။ ဗဟိုနယ်မြေထဲသို့ ရောက်သွားပါက ရှေ့ခရီးတွင် ဤကဲ့သို့ ခံတပ်များနှင့် စစ်ဆေးမှုများ အလွန်အမင်း ရှိတော့မည် မဟုတ်ပေ။
သို့သော် အစီရင် စတင်ရန် တစ်ဝက်ခန့် ရောက်နေစဉ်မှာပင် အေးစက်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
"အစီရင်ကို ပိတ်လိုက်စမ်း၊ သူတို့ကို ပေးမသွားနဲ့"
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ အပြာရောင် အလင်းလွှာများမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး တည်နေရာကူးပြောင်းရေးအစီရင်မှာ ယာယီ ရပ်ဆိုင်းသွားတော့သည်။ လူအများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အသွားကြသည်။ တစ်စုံတစ်ယောက်က ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သွားတော့မယ့်ဟာကို ဘာလို့ ပေးမသွားတာလဲ"
"ခင်ဗျားတို့ တိုက်တာ ခင်ဗျားတို့ တိုက်လေ၊ ကျုပ်တို့လို သာမန်ကျင့်ကြံသူတွေနဲ့ ဘာဆိုင်လို့လဲ "
"ခင်ဗျားတို့က ထိုက်ချန်းနယ်မြေ ပိုင်ဆိုင်ခွင့်အတွက် လုနေကြတာနဲ့ ကျုပ်တို့ကို အမြဲတမ်း ဒုက္ခပေးနေရသလား "
အစောပိုင်းက စစ်ဆေးခံရသဖြင့် စိတ်မရှည် ဖြစ်နေသော လူငယ်မှာလည်း လူအုပ်ထဲတွင် ရှိနေပြီး သူကလည်း ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်ရာ အခြားသူများကလည်း ဝိုင်းဝန်း ထောက်ခံကြသည်။
"မင်းတို့ထဲမှာ ဝမ်တောက်မသေမျိုးဂိုဏ်း က သူလျှိုတွေ၊ စိတ်ဝိညာဥ်နယ်မြေ က သူလျှိုတွေ၊ နတ်ဘုရားဘုရင်နယ်မြေ က သူလျှိုတွေ ပါနေတယ်လို့ ငါ သံသယရှိတယ်။ ငါ တစ်ခေါက် ထပ်ပြီး စစ်ဆေးမယ်၊ ပြဿနာ မရှိဘူးဆိုရင်တော့ သွားလို့ရမှာပါ"
အေးစက်သော အသံနှင့်အတူ ဝတ်စုံဖြူ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကျင့်ကြံသူ အုပ်စုတစ်စုကို ဦးဆောင်၍ လေဟာနယ်ကို ဖြတ်ကာ ရောက်ရှိလာသည်။ ထိုအမျိုးသမီးမှာ အလွန်ပင် လှပသော်လည်း သူမ၏ မျက်နှာမှာ ဆီးနှင်းများအလား အေးစက်နေသည်။ သူမ၏ အကြည့်နှင့် ခဏမျှ ဆုံမိရုံဖြင့် ဦးရေပြားများ ထုံကျင်သွားပြီး ရင်ထဲအထိ အေးစိမ့်သွားစေသည်။
သူမ၏ အငွေ့အသက်မှာ လက်ရှိကာလတွင် အလွန်မပြင်းထန်လှဘဲ အဆင့် ၆ မသေမျိုးအဆင့်သာ ရှိသည်။ သို့သော် သူမ၏ နောက်တွင်မူ အဘိုးကြီးတစ်ဦးနှင့် အဘွားကြီးတစ်ဦး ရပ်နေကြသည်။ ထိုနှစ်ဦးမှာ မျက်နှာသေနှင့် ဖြစ်သော်လည်း သူတို့၏ အငွေ့အသက်မှာ နက်ရှိုင်းလှသဖြင့် ရှေးဟောင်းမသေမျိုး နှစ်ပါး ဖြစ်သည်မှာ သေချာလှသည်။
ဆူပူအော်ဟစ်နေကြသူများမှာ ဤအချက်ကို သတိထားမိလိုက်သည်နှင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားကြပြီး စစ်ဆေးမှုကို ပူးပေါင်းပါဝင်မည့် အမူအရာများ ပြသလိုက်ကြသည်။ အသံအကျယ်ဆုံး အော်ခဲ့သော လူငယ်ပင်လျှင် ကြောက်ရွံ့စွာ ပါးစပ်ပိတ်သွားသော်လည်း မနေနိုင်ဘဲ မေးလိုက်မိသည်။
"မိန်းကလေးက ဘယ်သူမို့လို့ ကျုပ်တို့ကို စစ်ချင်တိုင်း စစ်နေရတာလဲ"
"ကောင်လေး... ပါးစပ်ပိတ်ထားစမ်း၊ သခင်မလေး က စစ်ဆေးတာကို ငြိမ်ငြိမ်လေး ခံယူလိုက်။ သခင်မလေးက အခုတလော စိတ်မကြည်ဘူး ဖြစ်နေတာ၊ မင်းသာ ထပ်ပြီး စကားများနေမယ်ဆိုရင် ငါက မင်းရဲ့လျှာကို လှီးပြီး ခွေးကျွေးပစ်မယ်"
အေးစက်သော အမျိုးသမီး မပြောရသေးခင်မှာပင် သူမနောက်မှ အဘွားကြီးက လူငယ်ကို ပြုံးလျက် ပြောလိုက်သည်။ အသံမှာ အလွန်ပင် နွေးထွေးသော်လည်း ပြောလိုက်သည့် စကားမှာမူ တုန်လှုပ်ဖွယ် ကောင်းလှ၏။
"ဒါဆိုလည်း ကျုပ် စကားမပြောတော့ပါဘူး"
ဟု လူငယ်က ကြောက်ကြောက်လန့်လန့်နှင့် ဆိုလိုက်သည်။
"ငါ မေးချင်တာက ဝမ်ယဲ့ လို့ အမည်ရတဲ့ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တစ်ယောက် မင်းတို့ထဲမှာ ပါနေသလား ဆိုတာပဲ"
အေးစက်သော အမျိုးသမီးက ရုတ်တရက် ပြုံးလိုက်ပြီး လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
"ငါ့မှာ အရည်အချင်းမရှိတဲ့ မောင်လေး တစ်ယောက် ရှိခဲ့တယ်၊ သူက အဲဒီ ဝမ်ယဲ့ လက်ထဲမှာ သေသွားခဲ့တာ။ တကယ်လို့ သူက သူ့အလိုလို ထွက်လာမယ်ဆိုရင် ကျန်တဲ့သူတွေက ဘယ်သူပဲဖြစ်ဖြစ် ငါ အကုန် လွှတ်ပေးမယ်"
ဝမ်ယဲ့
ဒါက...
လူအများ၏ အမူအရာမှာ ထူးဆန်းသွားကြသည်။ သူတို့လည်း မကြာသေးမီက ထွက်ပေါ်လာသော နာမည်ကြီး ဝရမ်းပြေးအကြောင်းကို အနည်းငယ် ကြားဖူးထားကြသည်။ စစ်ဘုရင် ရဲ့ သား ယွမ်ရှူးကျဲ က ထိုဝမ်ယဲ့ လက်ထဲမှာ သေဆုံးသွားခဲ့သည် မဟုတ်လား။
"စစ်ဘုရင်ရဲ့ သား ဒါဆို ဒီမိန်းကလေးက..."
လူတစ်ဦးမှာ အမျိုးသမီးကို ကြည့်ရင်း အမူအရာ အမျိုးမျိုး ပြောင်းလဲသွားသည်။
ကောလာဟလများအရ စစ်ဘုရင်တွင် သမီးတစ်ဦးလည်း ရှိပြီး သူမ၏ ပါရမီမှာ အလွန်ပင် ထူးကဲလှသည်။ ယခု အသက် ၈၀၀ ပင် မပြည့်သေးသော်လည်း အဆင့် ၆ မသေမျိုး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူအများ ရှစ်ထောင်စုနှစ်ခန့် ကြိုးစားရမည့် လမ်းကို သူမက တိုတောင်းသော အချိန်အတွင်း လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ အနာဂတ်မှာလည်း အဆင့် ၇ တွင် ရပ်တန့်မည့်သူ မဟုတ်ဘဲ အလွန်ပင် တောက်ပနေသူ ဖြစ်သည်။
"ကျွယ်မင်နန်းတော်ရဲ့ အမာခံ ဝမ်ယဲ့ လား။ အဲဒီလူက ဒီနေ့ ကျုပ်တို့ထဲမှာ ပါနေတာလား။ မိန်းကလေး ရထားတဲ့ သတင်းက သေချာလို့လား"
ထိုလူငယ်က မနေနိုင်ဘဲ ထပ်မေးလိုက်ပြီးနောက် လူအုပ်ကို ဝေ့ကြည့်ကာ
"ဝမ်ယဲ့... မင်းဘာသာမင်း ထွက်လာစမ်းပါ၊ လူအများကို အချိန်မဖြုန်းစေနဲ့တော့။ ဒီနေ့ မင်းမထွက်လာရင် ကျုပ်တို့ ဘယ်သူမှ သွားလို့ရမှာ မဟုတ်ဘူး။ ဝမ်ယဲ့ ကို သိတဲ့သူရှိရင်လည်း ချက်ချင်း ဖော်ထုတ်လိုက်ကြ၊ ကိုယ့်လမ်းကိုယ် မပိတ်ကြနဲ့ "
ဟု အော်ဟစ်လိုက်သည်။
လူအများမှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြသော်လည်း မည်သူမှ စကားမဟကြပေ။ ထိုအခါ အမျိုးသမီးက အေးစက်စွာ ဆိုလိုက်သည်။
"ငါ ဒီနေ့ ဒီကို လာတယ်ဆိုကတည်းက နင် ဒီမှာ ရှိနေတယ်ဆိုတာ ငါ ၁၀၀ ရာခိုင်နှုန်း သေချာတယ်။ တကယ်လို့ နင် မထွက်လာဘူးဆိုရင်လည်း ငါ့မှာ နည်းလမ်းတစ်ခု ရှိသေးတယ်"
"ဘာနည်းလမ်းလဲ"
လူငယ်က စပ်စုလိုစိတ်ဖြင့် မေးလိုက်မိသည်။
အမျိုးသမီးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ဆိုလိုက်သည်။
"နင် တို့အားလုံးကို သတ်ပစ်မှာ"
"..."
လူအများမှာ ရင်တုန်သွားကြပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြတော့သည်။
အခန်း (၁၇၅၀) - ငါက ဝမ်ယဲ့ပဲ
"ကျုပ်တို့အားလုံးကို သတ်ပစ်မယ် ဟုတ်လား"
"ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲဗျ"
"မိန်းကလေး... ကျုပ်တို့က အပြစ်မရှိတဲ့ သာမန် ထိုက်ချန်းနယ်မြေ ကျင့်ကြံသူတွေပါ"
"ဟုတ်တယ် ခင်ဗျားတို့ မိစ္ဆာမဟာမိတ်အဖွဲ့နဲ့ ဝမ်တောက်မသေမျိုးဂိုဏ်းတို့ ဘယ်လောက်ပဲ အသေအလဲ တိုက်နေကြပါစေ၊ ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ"
"ခင်ဗျားတို့ကသာ ဒီလိုမျိုး လုပ်မယ်ဆိုရင် နောင်မှာ ဘယ်သူက ခင်ဗျားတို့ လက်အောက်မှာ နေရဲတော့မှာလဲ။ အကုန်လုံး ပုန်ကန်ကုန်မှာပေါ့ "
"အဲဒါကတော့..."
မိယွီက ရုတ်တရက် လက်ထောင်လိုက်ပြီး
"ကျွန်မက နတ်ဆိုးမျိုးနွယ် ပါ။ ကျွယ်မင်နန်းတော်က ဝမ်ယဲ့ မဟုတ်တာ သေချာပါတယ်။ ကျွန်မ နောက်တစ်ခေါက် အစီရင်ကို စောင့်စီးပါ့မယ်"
ပြောပြီးသည်နှင့် မိယွီက သူမ၏ ခန္ဓာကိုယ်မှ နတ်ဆိုးအငွေ့အသက်အချို့ကို သက်သေပြသည့်အနေဖြင့် တမင်တကာ ထုတ်လွှတ်လိုက်သည်။
အေးစက်သော အမျိုးသမီးက သူမကို တစ်ချက်ဝေ့ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။
"နတ်ဆိုးမျိုးနွယ် ဖြစ်တော့ရော ဘာဖြစ်လဲ။ အဲဒီ ဝမ်ယဲ့က နတ်ဆိုးမျိုးနွယ် မဟုတ်ဘူးလို့ ဘယ်သူ သက်သေပြနိုင်လို့လဲ"
"အွန်း..."
မိယွီခမျာ စကားအချိတ်အဆက် ပြတ်ကာ ဆွံ့အသွားရသည်။
"မိန်းကလေးက စစ်ဘုရင်ရဲ့ သမီး ယွမ်ရှူးရွှယ် လား"
အဘိုးအိုတစ်ဦးက ရှေ့သို့တက်ကာ လက်အုပ်ချီ ဂါရဝပြုရင်း မေးလိုက်သည်။
"တကယ်ပဲ စစ်ဘုရင်ရဲ့ သမီးလား"
"စစ်ဘုရင်ရဲ့ သမီးလို နောက်ခံမျိုးရှိတဲ့သူမို့သာ ကျုပ်တို့အားလုံးကို သတ်ပစ်မယ်လို့ ရဲရဲဝံ့ဝံ့ ပြောရဲတာနေမှာ"
ပတ်ဝန်းကျင်တွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ဆူညံသွားသည်။
ယွမ်ရှူးရွှယ်က အေးစက်စွာ ဆိုသည်
"ဒီနေ့ ကိစ္စက ငါ့အဖေနဲ့ ဘာမှမဆိုင်ဘူး။ ဒါက ငါနဲ့ ဝမ်ယဲ့ကြားက ကိစ္စပဲ။ ငါ့မှာ မောင်လေးတစ်ယောက်ပဲ ရှိတာ၊ အခုတော့ သူ့လက်ထဲမှာ သေသွားပြီ၊ ဝိညာဥ်တောင် ဘယ်ရောက်သွားမှန်း မသိဘူး။ ရှင်တို့လည်း ငါ့ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ကြမှာပါနော်"
နားလည်ပေးနိုင်စရာလား။
လူအများက စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသော်လည်း မည်သူမှ အပြင်ထုတ်မပြောရဲကြပေ။ တစ်ဖက်လူက စစ်ဘုရင်၏ သမီးဖြစ်နေခြင်းကို ထားဦး၊ ယနေ့ သူမခေါ်လာသည့် ရှေးဟောင်းမသေမျိုး နှစ်ပါးကိုပင် သူတို့ မည်သို့မှ ယှဉ်နိုင်စွမ်း မရှိကြချေ။
"ယွမ်မိန်းကလေး... အဖိုးက'ဖေးယွီ ကြယ်စုတန်းက ပိုင်ကျယ်ဂိုဏ်း ရဲ့ အကြီးအကဲ စီကျန့်ကျုန်း ပါ"
အဘိုးအိုက ထပ်မံ လက်အုပ်ချီကာ
"အဖိုးရဲ့ အမှတ်အသားက စစ်ဆေးလို့ ရပါတယ်။ အဖိုးနဲ့ အဲဒီ ဝမ်ယဲ့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာ သက်သေပြဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ယွမ်မိန်းကလေးအနေနဲ့ သေသေချာချာ စဉ်းစားပေးပါဦး"
သူက ခေတ္တရပ်ပြီး စကားဆက်သည်
"တကယ်တော့ ယွမ်မိန်းကလေးက ဝမ်ယဲ့ကို ဖမ်းချင်တာကို ကျုပ်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ဒီလို ကိစ္စမျိုးမှာ နည်းလမ်းမှန်ဖို့ လိုအပ်တယ်။ ဝမ်ယဲ့ တစ်ယောက်တည်းကို ဖမ်းဖို့အတွက် အပြစ်မဲ့တဲ့ လူပေါင်း ၂၀၀၀ ကျော်ကို သတ်ပစ်မယ်ဆိုရင်... ဒီသတင်းသာ အပြင်ကို ပျံ့သွားရင် လောကကြီးမှာ ဘယ်သူက မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အုပ်ချုပ်မှုကို နာခံတော့မှာလဲ။
ဒါကြောင့် ဒီနေရာမှာ ရှိတဲ့သူတွေကို ကိုယ့်အမှတ်အသားကိုယ် သက်သေပြခိုင်းတာက ပိုမကောင်းဘူးလား။ သက်သေပြနိုင်တဲ့သူကို လွှတ်ပေးပြီး သက်သေမပြနိုင်တဲ့သူကိုမှ ဆက်ပြီး စစ်ဆေးတာပေါ့။ ယွမ်မိန်းကလေး ဘယ်လိုသဘောရသလဲ"
"စီစီနီယာ ပြောတာ မှန်တယ် "
"စီစီနီယာ ပြောတဲ့အတိုင်းပဲ လုပ်ကြရအောင်"
လူအများက ဝိုင်းဝန်း ထောက်ခံကြသည်။ သို့သော် ယွမ်ရှူးရွှယ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး စီကျန့်ကျုန်းကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"ရှင်ကစကားတွေ အများကြီး ပြောနေပေမယ့် ရှင်ကိုယ်တိုင်က ဝမ်ယဲ့ မဟုတ်ဘူးဆိုတာကိုရော ဘယ်လို သက်သေပြမှာလဲ"
"..."
စီကျန့်ကျုန်းမှာ ခဏမျှ မှင်သက်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"ကျုပ်က ပိုင်ကျယ်ဂိုဏ်းရဲ့ ကျင့်ကြံသူ ဖြစ်ကြောင်း သက်သေပြနိုင်ရင် မလုံလောက်သေးဘူးလား"
"မလုံလောက်ဘူး။ ဝမ်ယဲ့ ကိုယ်တိုင် ထွက်မလာသရွေ့ ကျန်တဲ့သူတွေ အကုန်လုံးဟာ သံသယရှိသူတွေပဲ။ တစ်နည်းအားဖြင့် ပြောရရင် ရှင်တို့ အားလုံးက ဝမ်ယဲ့ ဖြစ်နေနိုင်တယ်"
ယွမ်ရှူးရွှယ်က လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ကလေးလက်မောင်းခန့် ရှိသော အမွှေးတိုင်တစ်တိုင် လေဟာနယ်ထဲတွင် ပေါ်လာပြီး မီးစွဲညှိသွားသည်။
"ဒီအမွှေးတိုင်က နှစ်နာရီအတွင်းမှာ အကုန်လောင်ကျွမ်းသွားလိမ့်မယ်။ အဲဒီအချိန်ကျလို့မှ ဝမ်ယဲ့ကို ငါမတွေ့ရသေးရင်... ရှင်တို့ အားလုံး သူ့နောက်ကို လိုက်သွားကြရုံပဲ"
ဟု ယွမ်ရှူးရွှယ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
လူအများမှာ ဒေါသရော ကြောက်ရွံ့မှုပါ ရောပြွမ်းသွားကြသည်။ ယွမ်ရှူးရွှယ်၏ ရည်ရွယ်ချက်မှာ ဝမ်ယဲ့ကို မဖြစ်မနေ ထွက်လာစေရန် လူအများကို ဓားစာခံလုပ်ခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ မဟုတ်လျှင် အစီရင်ထဲရှိ ပုရွက်ဆိတ်တစ်ကောင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဤကဲ့သို့သော နည်းလမ်းမှာ အလွန်ပင် ဗိုလ်ကျလွန်းလှသည်။ မိစ္ဆာမဟာမိတ်အဖွဲ့ မပေါ်ပေါက်မီက ဤကဲ့သို့သော ကိစ္စမျိုး ဗြောင်ကျကျ မဖြစ်ဖူးခဲ့ပေ။
"ကျုပ်တို့က အရပ်ရပ်က လာကြတာ၊ ဘာမှမဟုတ်တဲ့သူတွေလည်း မဟုတ်ဘူး။ ကျုပ်တို့ နောက်ကွယ်မှာလည်း နောက်ခံတွေ အသီးသီး ရှိကြတယ်။ တကယ်လို့ ယနေ့ ယွမ်မိန်းကလေးက ကျုပ်တို့အားလုံးကို သတ်ပစ်မယ်ဆိုရင်... ဒီကိစ္စကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကိုရော စဉ်းစားဖူးရဲ့လား"
ဟု စီကျန့်ကျုန်းက လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
"နောက်ဆက်တွဲလား... ငါ ဂရုမစိုက်ဘူး။ ငါ့စိတ်ထဲမှာ ဝမ်ယဲ့ တစ်ယောက်ပဲ ရှိတယ်။ တကယ်လို့ ကိစ္စပြီးသွားလို့ ငါ့အဖေ ကိုယ်တိုင် ငါ့ကို အပြစ်ပေးမယ်ဆိုရင်တောင် အဲဒါက နောက်မှဖြစ်မယ့် ကိစ္စပဲ။ ရှင်တို့ကတော့ သေပြီးသား ဖြစ်နေမှာပဲ၊ ရှင်တို့နဲ့ ဘာဆိုင်တော့မှာလဲ"
ဟု ယွမ်ရှူးရွှယ်က ပြုံးလျက် ဆိုသည်။
"..."
"ဝမ်ယဲ့... မင်းဘာသာမင်း ထွက်လာစမ်းပါကွာ။ မင်းကြောင့်နဲ့ ကျုပ်တို့အားလုံး အသေခံပေးရမှာ မတရားဘူး မဟုတ်လား"
အစောပိုင်းက စကားများနေသော လူငယ်က မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
သူက လူအုပ်ကို လိုက်လံ ကြည့်ရှုနေသကဲ့သို့ အခြားသူများကလည်း တစ်ဦးကိုတစ်ဦး ရိပ်ဖမ်းသံဖမ်း ကြည့်နေကြပြီး မည်သူက ဝမ်ယဲ့ ဖြစ်နိုင်မလဲဟု ခန့်မှန်းနေကြသည်။
ယွမ်ရှူးရွှယ်က ထိုမြင်ကွင်းကို မြင်သောအခါ ရုတ်တရက် ရယ်မောလိုက်သည်။
"ထိုက်ယီမသေမျိုးဂိုဏ်းက ရှန်ယွဲ့ကွမ်း... နင် ဒီမှာ ဘာလို့ ဟန်ဆောင်နေတာလဲ"
"ထိုက်ယီမသေမျိုးဂိုဏ်း စိတ်ဝိညာဥ်နယ်မြေက ထိုက်ယီမသေမျိုးဂိုဏ်းလား"
လူအများမှာ လန့်ဖျန့်သွားကြသည်။
ထိုလူငယ်မှာ ထိတ်လန့်တကြား အော်ဟစ်ကာ ဘေးဘီသို့ ကြည့်လိုက်သည်။
"ဘယ်သူလဲ... ဘယ်သူက ရှန်ယွဲ့ကွမ်း လဲ"
ခဏအကြာတွင် လူအများမှာ ယွမ်ရှူးရွှယ်၏ အကြည့်က လူငယ်ဆီမှာသာ ရှိနေသည်ကို သတိပြုမိသွားကြပြီး နောက်ဆုံးတွင် ထိုလူငယ်ဆီသို့ ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြတော့သည်။
"ဟူး..."
ရှန်ယွဲ့ကွမ်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး သူ၏ မျက်နှာမှ အသွင်ပြောင်းအတတ်ကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။ သူ၏ နားရွက်ဘေးရှိ ငါးပါးဟက်များမှာ အနည်းငယ် လှုပ်ရှားသွား၏။ သူက ယွမ်ရှူးရွှယ်ကို ကြည့်ကာ ခါးသက်သက် ပြုံးလျက်
"ဘယ်သူက ကျုပ်ကို သစ္စာဖောက်လိုက်တာလဲ။ ကျုပ်ရဲ့ အမှတ်အသားကို ဖုံးကွယ်ထားတာ တော်တော်လေး ကောင်းတယ်လို့ ထင်နေတာကို"
"ငါ ပြောသားပဲ... ငါ ဒီနေ့ ဒီကိုလာတာ အဆင်သင့် ပြင်ထားပြီးမှ လာတာလို့"
ယွမ်ရှူးရွှယ်က တည်ငြိမ်စွာ ဆိုသည်။
တစ်စုံတစ်ယောက်က ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"မိန်းကလေးက သူက စိတ်ဝိညာဥ်နယ်မြေက ကျင့်ကြံသူမှန်း သိနေရင် ဘာလို့ သူ့ကို မသတ်တာလဲ"
"အဲဒါက ငါ့ဘက်က ပြတဲ့ စေတနာပဲ။ ဝမ်ယဲ့သာ ထွက်လာမယ်ဆိုရင် ဒီနေ့ မင်းတို့ထဲမှာ ပါနေတဲ့ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက အမာခံတပည့် ဆယ်ဂဏန်းလောက်ကို ငါ အသက်ရှင်လျက် လွှတ်ပေးမယ်။ မင်းတို့မှာ ဘာရည်ရွယ်ချက် ရှိရှိ၊ ဘာတာဝန်တွေ ရှိရှိ ငါနဲ့ မဆိုင်ဘူး။ ငါက ဝမ်ယဲ့ တစ်ယောက်တည်းကိုပဲ လိုချင်တာ"
ဟု ယွမ်ရှူးရွှယ်က ဆိုသည်။
"တကယ်လား... တကယ်လို့ ဝမ်ယဲ့ ထွက်လာရင် ကျုပ်ကိုတောင် မသတ်ဘူးပေါ့"
ရှန်ယွဲ့ကွမ်းက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
"ငါ နင်ကို ဂရုမစိုက်ဘူး" ယွမ်ရှူးရွှယ်က ပြုံးလျက် ဆိုသည်။
"ဝမ်စီနီယာ... ဒါဆိုရင်လည်း မြန်မြန် ထွက်လာပါတော့ဗျာ။ ယွမ်မိန်းကလေးနဲ့ အာဃာတတွေကို ကိုယ့်ဘာသာကိုယ် ရှင်းပါ၊ ကျုပ်တို့ကိုပါ အဖော်မစပ်ပါနဲ့တော့"
ရှန်ယွဲ့ကွမ်းက ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
ခဏကြာသည်အထိ ဝမ်ယဲ့က ထွက်မလာသေးပေ။ ကောင်းကင်မှ အမွှေးတိုင်မှာမူ တဖြည်းဖြည်း လောင်ကျွမ်းနေဆဲ ဖြစ်သည်။
ယွမ်ရှူးရွှယ်က ထိုမြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် အမျိုးသမီး ကျင့်ကြံသူ တစ်ဦးကို ပြုံးပြလိုက်သည်။
"နင်က သွေးသားနန်းတော် က ယဲ့ချင်းချူး ပဲ"
ထိုအမျိုးသမီး ကျင့်ကြံသူမှာ မှင်သက်သွားပြီး မျက်နှာပျက်သွားသည်။ ရှန်ယွဲ့ကွမ်းလည်း အံ့အားသင့်သွားပြီး ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်မိသည်။ သူပင်လျှင် ထိုအမျိုးသမီးက ယဲ့ချင်းချူး ဖြစ်သည်ကို မသိခဲ့ပေ၊ သို့သော် ယွမ်ရှူးရွှယ်က သူမ၏ အမှတ်အသားကို အတိအကျ ထောက်ပြနိုင်ခဲ့သည်။
ဒါက တစ်ဖက်လူက အဆင်သင့် ပြင်ဆင်ထားကြောင်း၊ ခြောက်လှန့်နေခြင်း မဟုတ်ကြောင်းကို သက်သေပြနေခြင်း ဖြစ်သည်။ ထို့အပြင်... ကျွယ်မင်နန်းတော်မှ ဝမ်ယဲ့သည်လည်း ဧကန်မလွဲ ဤနေရာတွင် ရှိနေသည်မှာ သေချာလှသည်။
လူအများမှာ ဤအချက်ကို တွေးမိသည်နှင့် အမူအရာများ လေးနက်သွားကြသည်။ ယခင်က ယွမ်ရှူးရွှယ်သည် ဝမ်ယဲ့ကို ခြောက်ထုတ်နေခြင်း ဖြစ်နိုင်သည်ဟု သူတို့ တွေးခဲ့မိသော်လည်း ယခုအခါတွင်မူ သူမသည် ဝမ်ယဲ့ ဤနေရာတွင် ရှိနေကြောင်း လုံးဝ အသေအချာ သိနေခြင်း ဖြစ်သည်။ တကယ်လို့ ဝမ်ယဲ့သာ ထွက်မလာခဲ့လျှင် ယွမ်ရှူးရွှယ်သည် သူတို့အားလုံးကို သတ်ပြီး ဝမ်ယဲ့ကို အဖော်စပ်ပေးမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထို့နောက် အချိန်အနည်းငယ် ကြာတိုင်း ယွမ်ရှူးရွှယ်က လူတစ်ဦးချင်းစီ၏ အမှတ်အသားကို ထောက်ပြနေခဲ့သည်။ အမွှေးတိုင် ထက်ဝက်ခန့် လောင်ကျွမ်းသွားသောအခါ စိတ်ဝိညာဥ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေမှ အမာခံတပည့် ဆယ်ဂဏန်းခန့်မှာ ဖော်ထုတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
သူတို့အားလုံးမှာ စုစည်းလိုက်ကြပြီး ယွမ်ရှူးရွှယ်နှင့် သူမနောက်မှ ရှေးဟောင်းမသေမျိုး နှစ်ပါးကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။
"မင်းတို့ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက ကျင့်ကြံသူတွေက အားနေကြတာလား၊ ထိုက်ချန်းနယ်မြေကို ဘာလာလုပ်ကြတာလဲ။ မင်းတို့သာ မရှိရင် ထိုက်ချန်းနယ်မြေရဲ့ စစ်ပွဲတွေက အရင်ကတည်းက ငြိမ်းချမ်းနေလောက်ပြီ၊ ဒီနေ့လည်း ကျုပ်တို့ ဒီလို အကျဉ်းအကျပ်ထဲ ရောက်နေမှာ မဟုတ်ဘူး"
အချိန်စေ့ခါနီးပြီ ဖြစ်သဖြင့် တစ်စုံတစ်ယောက်က ရှန်ယွဲ့ကွမ်းတို့ အုပ်စုကို မနေနိုင်ဘဲ ဆဲဆိုလိုက်တော့သည်။
"ထားလိုက်ပါတော့... ဒီကိစ္စက သူတို့နဲ့ မဆိုင်တာ အမှန်ပဲ"
လူအုပ်ထဲမှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာပြီး ယွမ်ရှူးရွှယ်ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
"ငါက ဝမ်ယဲ့ပဲ။ ဒါပေမဲ့ ငါ တစ်ချက်တော့ ရှင်းပြချင်တယ်... နင့်မောင်လေး ယွမ်ရှူးကျဲဟာ ငါ့လက်ထဲမှာ သေတာ မဟုတ်ဘူး။ ငါ အစကတည်းက ကုတိန် ကြယ်တာရာဆီကို မသွားခဲ့ဖူးဘူး"